ကာမသူရဲကြီး၏ လျှိုဝှက်ဇာတ်လမ်း
ရွေးကောက်ပွဲ ပြီးစအခါသို့ ရောက်လာပါသည်။ အချိန်မှာ ၁၉၆၀-ခု တပေါင်းလဆန်း ဖြစ်ပါသည်။ နွေရာသီအမှီ အပန်းဖြေရန် ငပလီကမ်းခြေတွင် အိမ်ဆောက်လုပ် ပြီးစီးနေပြီ ဖြစ်သောကြောင့် ကျမသည် နာအေး၊ မျက်စိအေး တနွေလုံး သွားရောက် နေထိုင်ရန် စီမံလျက် ရှိပါသည်။
ကြိုတင်စီစဉ်ထားသော ကိစ္စများမှာလည်း ငပလီကမ်းရိုးတန်းတ၀ိုက်ရှိ မဇင်၊ ဇီးဖြူကုန်း၊ ငပလီစသာ ရွာများမှ သူတပါးသားများကို ရသလောက် စုဆောင်း၍ ရှင်ပြုပေးရန်နှင့် ရဟန်းခံရန် ပဉ္စင်း တတ်မည့်သူများကိုလည်း ရသလောက်စုဆောင်း၍ ရဟန်းခံ အလှူပြုရန် ဖြစ်ပါသည်။ ရှင်ပြု ရဟန်းခံ အလှူ ကိစ္စအပြင် ငပလီကမ်းခြေရှိ ငါအောင်တောင်ထိပ်တွင် စေတီတဆူ တည်ထား ကိုးက်ွရန် ကိစ္စလည်း ပါဝင်ပါ သေးသည်။
ငပလီကမ်းခြေသို့ သွားနေတော့မည် ဆိုလျှင်ပင် အိမ်သားများ၊ အလုပ်တိုက် သားများနှင့် အပြင် အပမှ အသိ မိတ်ဆွေများကလည်း လိုက်ကြဘို့ အသင့်ပြင်လျက် ရှိသည်။ အချို့က တပါတည်း လိုက်ကြမည်ဖြစ်၍ တချို့က တသုတ်စီ တသုတ်စီ ခွဲကြလာရန် စီမံ ပေးရသည်။ ရွေးကောက်ပွဲ တုန်းက ခါတော်မှီ ၀င်၍ နွှဲလိုက်ကြသော ထမီဝါရဲမေနှင့် သန့်ရှင်းလက်ပါးစေအချို့ကလည်း မန္တလေးမှ ကပြာကရာ အပြေးလာ၍ ငပလီကို တခေါက်မက နှစ်ခေါက်အထိ လိုက်လာကြသည်။
ဤထမီဝါထည်းမှာ တူဝမ်းကွဲ၏မိန်းမ ကလေး ၄-၅ယောက် မိခင်ဖြစ်သူ ထမီဝါက ခေါင်းဆောင် သည်။ သူ့ကိုအကြောင်းပြုလျက် အခြားထမီဝါအမျိုးသမီးများ တနွယ်ငင် တစဉ်ပါလာကြခြင်း ဖြစ် ပါသည်။ ၎င်းထမီဝါ၏ ဘကြီးတော် ၀က်မစွတ်မောင်မောင်ကြီး၏မြေး ဖြစ်ပါသည်။
သူတို့တ၀ါသိုက်သည် သန့်ရှင်း အနိုင်ရသည့် အချိန်ကစပြီး ရန်ကုန်နှင့်မန္တလေးကို အိမ်ဦးနှင့် ကြမ်းပြင်လို ရေအိုးနှင့် ရေမှုတ်လို ပြန်ချည်သွားချည် ၀င်ချည် ထွက်ချည် နေကြသည်။ ကျမတို့ အိမ်မှာ တစုတဝေးကြီး လာရောက်တည်းခိုသောအခါလည်း ရှိသည်။ အခြားတွင် တည်းခိုသော အခါလည်း ရှိသည်။
သို့နှင့် အိမ်မှာတည်းခိုသည် ဖြစ်စေ၊ တခြားမှာ တည်းခိုသည် ဖြစ်စေ၊ စားရေ အိမ်သောက်ရေအိမ်ပမာ အကျွမ်းတ၀င် ထွက်ဝင်နေကြသည်။ သန့်ရှင်းမှ ပထမအထိ ရာထူးခွဲဝေ ရေးကိစ္စ၌လည်း ဆိုင်ရာဆိုင်ရာမှ သူ့ထက်ငါရာထူး ရရှိရန် ထက်သန်ရာ နီးစပ်ရာတို့နှင့် ခေါင်းချင်း ဆိုင်ကာ ဆွေးနွေးညှိနှိုင်းကြသော အချိန်အခါလည်း ဖြစ်ပါသည်။ သို့ရာတွင် ဤကိစ္စမှာ ခါတော်မှီ ကိုယ်ကျိုးကြည့်တွေကလည်း နိုင်ငံနှင့် အ၀ှမ်း အလွန်များနေဆဲ ဖြစ်ပါသည်။ သောက်၊ သောက်လဲ ရရှိခဲ့သည့် မဲဆန္ဒများနှင့် အားလုံး၏ အလိုဆန္ဒကို ဖြည့်စွမ်းပေးဘို့ ကိစ္စမှာ ပထစ ခေါင်းဆောင် ပိုင်း၌ ဦးဏှောက်ခြောက်လုခမန်း အကြပ်ရိုက် နေဆဲအခါလည်း ဖြစ်ပါသည်။
မန္တလေးရွှေဝါရောင် ဧည့်သည် အသိုက်မှာလည်း အိမ်မှာဝင်ကာထွက်ကာနှင့် ထိုကိစ္စ၊ ဤကိစ္စ အ၀၀တို့ကို နှီးနှောကြသည်။ အကူအညီ ယူကြသည်ဟု သိရသော်လည်း ကျမမှာ ဖါသိ ဖာသာဘဲ နေမိပါသည်။ အထူးသဖြင့် ခေါင်းဆောင်လုပ်သူ တူဝမ်းကွဲ၏ မိန်းမက မန္တလေးမြို့အတွက် ဗမာ့ ခေတ်သတင်းစာကို ကိုယ်စားလှည် လုပ်ပါရစေဟု မကြာခဏ ကျမကို ပူဆာခံရပါသည်။
ယခင်ကိုယ်စားလည်ဟောင်းမှာ ငွေရေး၊ ကြေးရေးကြောင့် ပြန်လည်ရုပ်သိမ်းပြီး အလုပ်တိုက်မှ တိုက်ရိုက် လူခန့်ထားလျက် မန္တလေးမြို့အတွက် ဗမာ့ခေတ်သတင်းစာကို ဖြန့်ချီနေစေသောအခါ လည်း ဖြစ်ပါသည်။
ကိုယ်စားလည်ပေးဘို့ ကိစ္စ၌ ကျမက ရုတ်တရက်အာမ မခံ ခေါင်းမညိတ်သေးဘဲ နေခဲ့သည်။ အလုပ် တိုက်မှာ စုံစမ်းကြည့်သောအခါလည်း ကိုယ်စားလည်ထားသော နည်းစံနစ်ထက် ယခု အတိုင်း တိုက်မှ တိုက်ရိုက် ခန့်ထားသော စံနစ်က ပို၍ ကောင်းသည်ဟု ဆိုပြနေသည်။ ဤအတိုင်း ပင် တိုက်ပိုင်ရှင်ကြီး အမည်ခံ ယူထားသော ဒါရိုက်တာကလည်း ပြောသည်။ ရွှေဝါမသည် ဒါရိုက်တာကြီးကို တလှည့်ကပ်လိုက် တခါ တခါ ကျမကို လာကပ်လိုက်နှင့် ပြာလောင်ခတ်နေ သည်။

ဒါရိုက်တာက ကျမအား တီးတိုးပြောထားသည်ကလည်း ရှိ၏။ ကိုယ်စားလည် ပေးထား လျှင် သူတို့ စားသွားမည်။ ယခုလခစားနှင့် ထားခြင်းက ကျန်သမျှ အမြတ်ကော်မရှင်သည် တိုက်ထဲသို့ ပြန်ဝင်သည်။ ဒါကြောင့်အသာ ညာထားသည်ဟု ပြောသည်။ ဒါပေမဲ့ လာတိုင်း လာတိုင်း ဦးလေးအနားကပ်၍ တိုးတိုး တိုးတိုး လုပ်လွန်းသည်ကို မြင်ရသည်။ ကိုယ်စားလည်ရလို မှုသာ ပြောတာဘဲဟု ကျမကလဲ မှတ်ချက်ချထားသူ ဖြစ်ပါသည်။
ထိုအခိုက်အတန့်မှာ ရှိရင်းစွဲ အရှုပ်အပွေတွေသာမက ရွေးကောက်ပွဲ အရှိန်နှင့် အိမ်တွင် အပြင် လူတွေ နေ့ရော၊ ညရော အ၀င်အထွက် ကြက်ပျံမကျ ရှိနေသာအခါ ရပ်စပြူတင် ကာမသူရဲကြီး၏ လျှို့ဝှက် ဇာတ်လမ်းတွေမှာလည်း အခန်းကဏ္ဍခွဲလျက် ရှေးကထက် ကျယ်ကျယ် ပြန့်ပြန့်ကြီးကပြ အသုံးတော် ခံနေကြပြိ ဖြစ်ပါသည်။ ကျမကတော့ ဘုမသိဘမသိဘဲ တပေါင်းလဆန်းထဲက ငပလီသို့ ထွက်လာခဲ့ပါပြီ။
ရပ်စပြူတင်ကြီးနှင့် သောင်းကျန်းကြပုံ
ငပလီသို့ ရောက်သည်ဆိုင်လျှင်ဘဲ ကျမသည် ဘ၀သစ်ကို ရောက်လာသလို နောက်ပိုင်း အိမ်နှင့် အလုပ်တိုက် သံယောဇဉ် ပစ္စည်းဥစ္စာ သံယောဇဉ်တွေကို လုံးဝမေ့ပစ်လိုက်ပြီး ဖြစ်ပါသည်။ ဘာသံသယ ဘယ်စိုးရိမ် ကြောင့်ကြမှုမှလည်း ခေါင်းထဲတွင် လက်ခံမထားပါ။ လှူစရာတန်းစရာနှင့် ရှင်ပြုပဉ္ဇင်းခံကိစ္စ၊ ရပ်ရွာ ဓလေ့ ထုံးစံအတိုင်း အကျွေးအမွေး ကိစ္စတို့၌ စိတ်ဝင်စား နေပါတော့ သည်။
အလုပ်တိုက်မှ အယ်ဒီတာအစ တခြားအလုပ်ဌာနဆိုင်ရာတို့တွင် လုပ်ကိုင်နေကြသူများကိုလည်း ငပလီလာလိုသူ ရောက်လို သူတို့အား အိမ်သူနှင့်အတွဲ လိုက်သော၎င်း၊ ကယောက်ချင်းသော်၎င်း၊ အလှည့်ပေးကာ ရောက်လာစေပါသည်။ ရန်ကုန်အိမ်ကြီးပေါ်တွင် စောင့်ရှောက်နေရစ်သူများမှာ ရှိရင်းစွဲ အိမ်ဖေါ်အလုပ်လုပ်သူများဖြစ်သူ မီးဖိုတာဝန်ခံများ စားပွဲခန်း တာဝန်ခံများ၊ အိမ်အပေါ်ထပ်၌ ရှင်းလင်းသုတ်သင်ရသူ ကရင်မကလေးနှစ်ယောက်က နေ့စဉ်လုပ်နေကျ အလုပ်တာဝန်များကို လုပ်ရသည်။ အိမ်ပေါ်မှာ အပိုနေသူများက မိုနိုစာစီ စလေသူမနှင့် စာအုပ် ရောင်းတာဝန်ခံ စာရေးမ တယောက် ရှိသည်။ ထိုပြင် မန္တလေးမှ ခေတ္တလာရောက်နေထိုင်သူ ဓာတ်ပုံဆရာမောင်ဝမ်းကွဲ၏ အမများ လည်း ရှိလေသည်။
အိမ်ရှင်မရှိသော်လည်း ရှိစဉ်အခါလိုဘဲ အိမ်သူအိမ်သားများနှင့်တကွ အပြင်ကလာရောက် လည်ပတ်ဝင်ထွက် စားသောက်နေသူများ၊ ဘိလိယက်ခုံက ပရိသတ်များနှင့် မပြတ် မပြတ် ရောက် လာ တည်းခိုတတ်သော အဝေးရောက် ဧည့်သည်များနှင့် တအုံးအုံးတရုံးရုံးဖြစ်နေရာ အိမ်အလုပ် တာဝန်ခံတို့မှာ အိမ်ရှင် ကျမ မရှိသော်လည်း နားရသည် မရှိအောင် ဧည့်ဝတ်တွေကြောင့် အလုပ် များမြဲများလျက် ရှိပါသည်။
ငပလီကမ်းခြေရှိ ကျမနေသော အိမ်မှာလည်း ပါလာရင်း လူများနှင့် အလှည့်ကျ ရောက်လာသော ဧည့်သည်များမှာ အမြဲတန်းသုံးဆယ်ခန့်ရှိ၍ ထိုပရိသတ်အတွက် လုံလောက်အောင် ကျွေးမွေးပြုစု ရန် သံတွဲမြို့မှ မီးဖိုအလုပ်ဆောင်ရွက်သူ သုံးလေးယောက်ငှား၍ ထားရသည် တိုင်အောင်မလုံ မလောက် ဖြစ်ရ ပါသေးသည်။
ထိုအချိန်က ကျမသည် ငပလီ၌ အလှူကိစ္စ ရှင်ပြုပဉ္ဖင်းခံကိစ္စနှင့် ဘုရားတည်ရန်ကိစ္စများ ဆွေးနွေး စီမံ၍နေသည်၊ တန်ခူးလ၌ အလှူပြီးသော်လည်း မိုးတွင်းနယုန်လကုန်အထိ ငပလီမှာဘဲ အေးချမ်း တိတ်ဆိတ် စွာ နေထိုင်ခဲ့ပါသည်။ ရန်ကုန်သို့ တခေါက်တလေမှ မပြန်ခဲ့ပါ။ သို့ရာတွင် ဒါရိုက်တာ အလုပ် တိုက်ကိစ္စ ဘာကိစ္စ အကြောင်းပြလျက် ၄-၅ရက် တကြိမ်ပြန်သည်။ တနွေလုံး တမိုးလုံး ရန်ကုန်မှာ သီတင်း တပါတ်လောက် နေလိုက်၊ ငပလီမှာ ၄-၅ရက်နေလိုက် ရှိသည်ဖြစ်ရာ ဗမာ့ ခေတ် အလုပ်တိုက်နှင့် အိမ်ကြီးပေါ်ရှိ လူများသည် ကြောင်မရှိတိုင်း ကြွက်မြူးကြသည်။ တိတ်တဆိပ် ပုန်းလျှိုး၊ ကွယ်လျှိုး ပြုနေကျကိစ္စများကိုပင် ပေါ်ပေါ်လွင်လွင် မဖုံးနိုင် မဖိနိုင် ရှိနေကြ သည်။
ထိန်းမနိုင်သိမ်းမရ လက်လွတ် ခြေလွတ် ဖြစ်ပြီး ရပ်စပြူတင်ကြီးနှင့် ၎င်း၏ဂိုဏ်းဝင် အယုတ် အလတ် သာမိက အသာမိကမရွေး မယ်ကာမတို့၏ ထကြွသောင်းကျန်းမှုမှာ နေ့တရုံးရုံး ညဥ့်တရုံးရုံး ဣနြေ္ဒသိက္ခာ လုံးလုံးကြီး မဲ့လျက် ရှိကြကြောင်း နောင်သောအခါ၌ သိရပါသည်။ အိမ်မှာမည်မျှ သောင်းကျန်း နေသော်ငြားလည်း ငပလီရောက်နေသော ကျမနားသို့ မည်သူမှ သတင်းကြားအောင် ပေးမည့်သူ မရှိပါ။
သောင်းကျန်းပုံ သောင်းကျန်းနည်းမှာလည်း မီးကုန်းယမ်းကုန်ကြဲနေကြပါပြီ၊ အိမ်ခံရှိပြီး ရပ်စ ပြူတင် ဆရာကြီး ၏ အသုံးတော်ခံများအပြင် ဧည့်သည်အသွင်ဆောင်၍ ညဥ့်အိပ် ညဥ့်နေလာ ရောက်တည်းခိုသူ အမြှူ အမြှိုက်နှင့် ငွေသိုက်တူသးသည့် မိန်းမသာမိကတို့လည်း ည ညတိုင်း အိပ်ရာထည်းမှ ရှိန်းဆာယာ ပိုမောက်ပြီး ကိုယ်ပျောက်ပျောက် သွားကြသည်။ အိမ်ရှိအိမ်ေ်ဖ်ါတို့နှင့် အခြားသူများက ကိုယ်ပျောက် မယ်များ ဘယ်အခန်းရောက်နေသည်ဟု သူတို့သိကြသည်၊ ခေတ္တ လာနေသော ဓာတ်ပုံဆရာ၏ အမများ ကလည်း တခန်းတည်း အိပ်သော မိန်းမဖေါ် ဧည့်သည်က ည ညထပျောက်၍ ဘယ်အခန်း ရောက်သွား သည်ဟု သိကြသည်။
သို့ရာတွင် သူတို့ သူတို့သည် အာစေးထည့်ထားသလို နှုတ်လုံကြသည်။ မပြောဝံ့ကြဟု ဆိုသည်၊ ဘာကြောင့် မပြောဝံ့သည်ဆိုဒါ တွေး၍ မရပါ၊ ကျမအား ပြောသင့် ပြောထိုက်လျက် မပြောခြင်းမှာ မကောင်းမှု ပြုနေသူတို့ကို တိုး၍ ပြုရဲအောင် အားပေးရာ ရောက်သည်။ သို့မဟုတ် စိတ်တူ သဘောတူ အလိုတူ ဝေစုရကြလို့ဘဲဟု ယူဆရန်မှတပါး အခြားဆင်ခြင်နှင့် ကာကွယ်စေကာမူ လုံလောက်သော ဆင်ခြေဟူ၍ လက္ခံသင့်သည် မဟုတ်ပါ။
မိုးသည်းထန်သော နယုန်လတလလုံး ငပလီကမ်းခြေရှိ အိမ်မှာ ကျမနှင့် အဖေါ် အချို့တို့သာ နေရစ်ပါသည်။ အဖေါ်ပါလာသူအချို့မှာ ရန်ကုန်အိမ်၌ သောင်းကျန်းနေကြသူ "ရပ်စပြူတင်" ဂိုဏ်းအကြောင်းကို ခေါင်းချင်း ဆိုင်၍ တီးတိုးပြောနေလေ့ ရှိကြသည်။ ကျမ ခြေသံကြားလျှင် သူတို့ စကားကို ဖြတ်လိုက်ကြသည်။
ရပ်စပြူတင် ဂိုဏ်းဝင် ယောက်ကျားရှာ ဆက်ရန်

.
No comments:
Post a Comment