Friday, March 12, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆၀ အပိုင်း (၄၃)

အမှန်တရားကို ဖုံးကွယ်၍မရ

ရန်ကုန်မြို့သို့ပြန်ရောက်၍ ၃-၄ရက်လောက်ရှိသောအခါ၊ ညောင်ဦးမြို့မှ မျှောယူလာခဲ့သော သတင်းမှာ ကျွန်မ နားသို့ ပေါက်ကြားပါသည်။ ညောင်ဦးဗိုလ်တဲ၌ ညည့်သန်းခေါင်အချိန် ခြေဖျားထောက်၍ အပြင် ထွက်သူသည်ကား အခြားမဟုတ်၊ မန္တလေးမြို့မှ အမ၀မ်းကွဲ ဒေါ်ခင်ခင်ဆွေက ခေါ်သွားပါဆိုသူ သူ၏ အဖေတူ အမေကွဲ ညီမ ကျွန်မဘကြီးတော် ၀က်မစွတ် မောင်မောင်ကြီး၏ သမီးဖြစ်သည်။

ကျွန်မသည် ထိန်းသိမ်းမရမည့် မိန်းခလေးမျိုးကို အိမ်တွင် မထားလိုပါ၊ နေအိမ်မှာလည်း သတင်းစာတိုက်နှင့် တ၀ိုင်းတည်းရှိ၍ အလုပ်သမားယောက်ျားတွေ အလွန်များသည်။ ဂဏှာမငြိမ်သူ မိန်းခလေးများအတွက် အရှက် တကွဲဖြစ်ရမည်ကို ကြိုတင်စိုးရိမ်မိသည်။ ယခင် ၃-၄နှစ် ဆီကလည်း ကျွန်မ မောင်ဝမ်းကွဲ၏ သမီး တယောက်ကို သားသမီးပမာ အစစ တာဝန်ယူမွေးပြီး ကျောင်းထားပေးခဲ့သည်။ ထိုသူငယ်မသည် ကျောင်းသွား သော ဂါဝန်ပြာကြီး ၀တ်လျက်၊ လင်စိတ်၊ သားစိတ် ပေါက်ခါ၊ အလုပ်တိုက်မှ လူတယောက်နှင့် တိတ်တဆိတ် ကျူးလွန်ချက် ကျွန်မ မျက်နှာ အိုးမဲသုတ်ခဲ့ဘူးရာ လူသိရှင်ကြား ပေးစားလိုက်ရပါသည်။

တဖန် အခြားသော မောင်ဝမ်းကွဲတယောက်၏ သမီးမှာလည်း အိမ်ထောင်ရေး ပြဿနာ အရှုပ်အထွေး ကိစ္စကြီး ရုံးပြင်ကန္နားအထိ ရောက်ခဲ့ကြရာ ကျွန်မအိမ်မှာဘဲ ဗဟိုရ်ပြု၍ နေထိုင်သွားကြသဖြင့် တိုက်က သက်သေ ပါခဲ့ရသေးသည်။ ဤသို့သော အကြောင်းများကြောင့် ကိုယ့်သားသမီးမဟုတ်ပါဘဲ သူတပါး သမီးများ ခေါ်ထားမိ၍ မြို့ဝန်အတွက် င၀က်ကပူသော ဥပမာ အရှက်ရစရာတော့ လူကြီးဖြစ်သူမှာ တာဝန် ပိုရပါသည်။ သို့ကြောင့် ထိုသူငယ်မကိုလည်း အမြန်ဆုံးနည်းနှင့် မန္တလေးသို့ ပြန်ပို့လိုက်ရပါသည်။

ထိုသို့ ပြန်ပို့ပြီးတော့လည်း ကိစ္စက မပြီးသေးဘဲ အမြှင်တန်းလန်းဖြစ်လာပြန်ပါသည်။ မန္တလေး ဗမာ့ခေတ် ကိုယ်စားလည်နှင့် ဆက်သွယ်မိကာ ၁၉၅၈-ခုနှစ်လောက်တွင် ကျွန်မ မသိရဘဲ ရန်ကုန်နှင့် အဆက် အသွယ် ပြုလျက် ဇာတ်ကွက်ဇာတ်လမ်း တတ်တဆိပ် ဖော်ပေးကြပါသည်။ ၄င်းဇာတ်လမ်းကို မန်နေဂျာ ကအစ ဒရိုင်ဘာအဆုံး ခိုးသားလေးဆယ် အမည်တပ်ခံရသူ ပါတီဝင်တစုံလုံး သိရှိကြသည်။ ထိုမျှမက ကျွန်မအိမ်တွင် ထွက်ဝင်သွားလာနေကြသော အမျိုးသမီးပိုင်းကလည်း သိရှိကြပါသည်။ သို့ရာတွင် သူတို့ တတွေမှာ ကျွန်မ သိသင့် သိထိုက်သော ကိစ္စမှန်သမျှ ဘာမျှ မပြော၊ ရေငုံနှုတ်ပိတ်လျက် ရှိသည်။

ကျွန်မအပေါ်တွင် ဤပရိသတ်တစုက ၀ိုင်း၍ သစ္စာဖေါက်ပြီး တယောက်တည်းော သူ၏ အလိုကျ ဖုံးကြ ကွယ်ကြ သည်မှာ စဉ်းစားစရာ တရပ်ဖြစ်ပါသည်။ တကယ်ဆိုတောာ့လည်း တတ်တိတ်နေခြင်းသည် အလိုတူ အလိုပါ အားပေးနေခြင်းဖြစ်ပါသည်။ ကျွန်မ၏ ကျေးဇူး မကင်းမှုများက ဤသို့ တဘက်သတ် ပြုနေ သော် လည်း အမှန်တရားကြီးသည် တနေ့သောအခါ၌ ဘွားဘွားပေါ်လာစမြဲဖြစ်ပါသည်။     ဤကိစ္စနှင့် ပတ်သက်၍ ၁၉၆၀-ခုနှစ် သြဂုတ်လဆန်း ပထမ ရက်သတ္တပါတ် အတွင်းမှာဘဲ လျှို့ဝှက်မှု မှောင်ချမှု အ၀၀ တို့သည် ကျွန်မ မျက်မှောက်သို့ အမှန်တရားကြီးက ရောက်အောင် ပို့လိုက်ခြင်းဖြစ်ပါသည်။ သို့ရာတွင် ၄င်းကိစ္စ ကို ဤမျှသာရေး၍ နောက်ပိုင်းမှ အသေးစိပ် ဖော်ပြရဦးမည် ဖြစ်ပါသည်။

၁၉၅၇-၅၈ နောက်ပိုင်း အချိန်များမှာ ကျွန်မသည် အိမ်ပေါ်၌ ရှိနေသော သူတပါး သမီးပျိုများကို လက်ခံ မထားတော့ပါ။ လက်ခံထားရန်လည်း လက်ကျန်မရှိတော့ဘဲ၊ စာမေးပွဲအောင်၍ အလုပ်ရသွားသူများ၊ အိမ်ထောင် ကျ၍ ယောက်ျားနောက် ပါသွားသူများကြောင့် လူပါးသွားသည်။ ကျွန်မကလည်း ခရီးသွားမြဲ သွားလျက် ရှိရာ၊ ဤအချိန်အခါက ပုသိမ်ခရိုင် မော်တင်စွန်းဘုရား၊ လိပ်ကျွန်း စသည်များသို့ ယုဝတီနှင့် ကလောင်ရှင် အသိုက်အ၀န်းတို့ဖြင့်သွားခဲ့သည်။ လိပ်ကျွန်းမှာ အလောင်းမင်း တရားကြီး၏ ဘုရားပျက်တဆူ တွေ့မြင် ခဲ့ရသဖြင့် စေတီအသစ် ပြုပြင်တည်ထားလှူဒါန်းခဲ့သည်။

မန္တလေး တောင်မြို့ ပုထိုးတော်ကြီး ဘုရားထီးတော် ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးမြေခသည်ကို တွေ့မြင် ရသော အချိန်အခါက ကျွန်မက တီးတော်သစ် လှူဒါန်းလိုသော စေတနာဆန္ဒပြင်းပြသဖြင့် လှူဒါန်းရန် တကာ ခံ ယူခဲ့သည်။ ယင်းသို့ လှူရာမှာလည်း၊ စင်ယြယ် သန့်ရှင်းစွာ ပို၍စေတနာ မြောက်စေခြင်းငှာ၊ ၁၅-နှစ်ခန့်က ပွဲနေပွဲထိုင်များရှိလျှင် ၀တ်ဆင်လေ့ရှိသော ကျွန်မ၏ စိန်နားကပ်ကြီးတစ်စုံကို မ၀တ်ဘဲ သိမ်းထား ခဲ့သည်။ ၄င်းကို စေတနာပြဌာန်းလျက် ရေစက်ချ၍ ရောင်းပြီး ထီးတော်ကြီး ၀ယ်ယူ လှူဒါန်း လိုက်ပါသည်။

ထိုမျှမက ထီးတော်ကြီး၏ စိန်ဖူးမှာလည်း ကျွန်မ ငယ်စဉ်က ၀တ်လေ့ရှိသော လက်ဝတ်လက်စား အရောင် မျိုးစုံ တို့ကို၊ န၀ရတ်ကိုးပါး ပန်းခိုင်များပြုလျက် ပန်းခိုင်ကိုးခိုင်အား၊ ထိုပုထိုးတော်ကြီးဘုရား၏ ထီးတော် များမှ စိန်ဖူးတော်တွင် တပ်ဆင်လှူဒါန်းခဲ့ပါသေး သည်။ ကျွန်မက စင်ကြယ်သန့်ရှင်းလှသော ပစ္စည်းများနှင့် သဒ္ဓါတရား ထက်သန်စွာ လှူသော ကိစ္စမှာလည်း တနည်းတဖုံ လူများအထင်မှားဘွယ်ရာ ကြုံခဲ့ရသေး၏။

ပုထိုးတော်ဘုရားကြီး ထီးတော်တင်ပွဲ


မန္တလေးမြို့၏ တောင်ဘက်မှာရှိသောကြောင့် အမရပူရ မြို့တော်ဟောင်းကို တောင်မြို့ဟု၎င်း၊ မြို့ဟောင်း ဟု၎င်း၊ အလွယ်ခေါ်ကြသည်။ သို့သော် တောင်မြို့ဟူ၍ အခေါ်အသုံးများကြပါသည်။ အမရပူရမြို့ဟောင်း တောင်သမန် အသင်း၏ ထိပ်တွင် ဘကြီးတော်ဘုရား ကောင်းမှုဖြစ်သော ပုထိုးတော်ကြီး ဘုရား ထီးတော် တင်ပွဲမှာ ကုန်းပွဲ ရေပွဲစုံ၍ အထူးစည်ကား သည်တွင် လှေပွဲမှာ အလောင်း အစား အတော်များ ကြသည်။ ဤတွင် မန္တလေး ကိုယ်စားလည်နှင့် မြို့ခံမိတ်ဆွေများ ရွှေကြက်ယက်နယ် တ၀ိုက်က လူများသည် ရန်ကုန်က ခေါ်လာသည့် အောက်သားများလှော်သော လှေဘက်ကနေ၍ နိုင်ကြပြီး၊ အထက်သားတို့လှေက ရှုံးသွားသည်။ လောင်းကြေးမှာ စုစုပေါင်း သိန်းချီ၍ ရှိသည်ဟု နားစွန်နားဖျား ကြားရသည်။ ၅ ကျပ် ၁၀ိမှ ငါးရာ-ငါးထောင် တသောင်းအထိ စုပေါင်း လောင်းကြရာ နိုင်ကြေးကိုလည်း အချိုးကျ ခွဲဝေယူကြသည်ဟု တဆင့် စကား ကြားရပါသည်။

သို့သော် သူတို့ဟာ သူတို့လောင်းကစား၍ နိုင်ကြ ရှုံးကြရာတွင် ကျွန်မနှင့် မဆိုင်သော်လည်း၊ ပုထိုးတော်ကြီး ထီးတကာ က လှေပွဲမှာ သိန်းနှင့်ချီ၍ နိုင်သွားသည်။ ထီးတော်အလှူဘိုး ကြေသွားရုံမက အမြတ်ပင် ရရှိ သွားပြီး တောင်မြို့နယ်က မရှိဆင်းရဲသားများတော့ လှည်းပေါင်၊ နွားပေါင်နှင့် မွဲကျန်ရစ်ကြပြီဟူသော သတင်း က ရှင်းရခက် မရှင်းရအခက်နှင့် အတော် စိတ်ပျက်စရာ ကောင်းလှပါသည်။ ကျွန်မက စေတနာ သန့်ရှင်း မွန်မြတ်စွာ အဘိုးတန် ရတနာများ ထုခွဲရောင်းချ လှူဒါန်းပါသည်။

အလောင်းအစားနှင့် ကြားက၀င်၍ အမြတ်ထုတ်သူက ဘယ်လောက် ပွကြသည်တော့ တိတိကျကျ မသိပါ။ ကိုယ်စားလည် ထံမှ ငွေနှစ်ထောင်သာ နိုင်သည်ဆိုပြီး ရန်ကုန်မှ ပါလာသူတွေက ဆူကြ၊ ပူကြ၍ ရှမ်းပြည်မှ ပါလာသူတွေက ဆူကြ၊ ပူကြ၍ ရှမ်းပြည်သွားလည်ဘို့ဆိုပြီး သူတို့အား ကလော၊ တောင်ကြီး၊ ညောင်ရွှေ၊ ပင်းဒယ၊ အင်းလေးစသည်များ သွားရောက်လည်ပတ်ကြဘို့ စရိတ် ထုတ်ပေးခိုင်းသည်။ မန္တလေးမှ မြို့ခံ လူများပါ လူပေါင်း အစိတ်သုံးဆယ်မျှ အသွားအပြန် မီးရထား ဘတ်စ်ကား စရိတ်အစုံနှင့် စရိတ်သုံးထောင်မျှ ကုန်ကျ၍ ကျွန်မက တထောင်မျှ အပိုဆောင်း ထုတ်ပေးလိုက်ရပါသေးသည်။

ပုထိုးတော်ကြီး ထီးတော်တင်ပွဲမှာ ကမန်မရှိနေဆပင်၊ တောင်သမန်အင်း၏ တဘက်ကမ်းမှ လှမ်းမြင် နေရသည့် ထီးတော်မရှိ ငုံးတိတိ ဖြစ်နေသော ဘိုးတော်ဘုရားကောင်းမှု ကျောက်တော်ကြီးဘုရားကြီးအား ထီးတော် အသစ် လှူရန် စေတနာပေါက်လာပြန်ပါသည်။ သို့ကြောင့် ကျောက်တော်ကြီးဘုရားမှ ဘုရားလူကြီး များအား တွေ့ဆုံကာထီးတော်လှူရန် အတိုင်းအထွာများ ပေးရန်၊ ၎င်း အတိုင်းအထွာကို ရရှိပါက ပုထိုးတော်ကြီး ထီးတော်လုပ်ပေးဘူးသော ဌာနကို မှာကြား အပ်နှံရန်စီမံလွှဲအပ်ခဲ့ပါသည်။

သည်အချိန်နှင့် တစ်နှစ်တည်းမှာ ဆယ်ရက်ဘဲ မန္တလေးမြို့ ယိုးဒယားဈေး ရဲဌာန၀င်းအတွင်း၌ စစ်ဒဏ်ကြောင့် ပျက်စီးသွားသော ဓမ္မာရုံကို အသစ်ပြန်လည် ဆောက်လုပ် လှူဒါန်းရန် အခွင့်ရခဲ့သဖြင့် လွန်ခ့သော နှစ်ကစ၍ ရဟန်းပျို အဖွဲ့ဘုန်းတော်ကြီး ဦးကုသလက ကျွန်မအတွက် ကမကထပြုခါ ဓမ္မာရုံ ပြီးသည် အထိ ကြည့်ရှုစီမံ ဆောက်လုပ်ပေးပါသည်။

၎င်း ဓမ္မာရုံကို ကျွန်မက ဆောက်လုပ် လှူဒါန်းရသည့် ရည်ရွယ်ချက်မှာ ယိုးဒယားဈေး ရပ်ကွက်မှာ လပြည့် လကွယ် ဥပုသ်သီတင်းနေ့များ၌ သီလယူ တူရားနာ ၀တ်တက်ရန် ဓမ္မာရုံမရှိသောကြောင့် တကြောင်း၊ စစ်ကြိုခေတ်က ရှိပြီး ဓမ္မာရုံမှာ ဗုံးထိ ပျက်စီး၍ မြေပုံကြီး ဖြစ်နေသည်ကို မမြင်လိုသည်တကြောင်း၊ ၎င်းပြင် ကျွန်မ ငယ်စဉ်က နေထိုင်ခဲ့ဖူးသော ယိုးဒယား ဈေးဝင်းမှာ ဤ ဓမ္မရုံနှင့် ၀င်းပေါက်ချင်း မျက်နှာရင်ဆိုင် ရှိနေသဖြင့် ကွယ်လွန်သူ မိခင်နှင့် အဘိုးဝက်မစွတ်မြို့စား မင်းကြီးတို့အတွက် အထိမ်းအမှတ်အဖြစ် သီးသန့်ရည်မှန်း လှူဒါန်းသော ကုသိုလ်ကောင်းမှုတစ်ခု ပြုလိုသောကြောင့် တကြောင်း၊ ငွေ ၄ သောင်းကျော် အကုန် အကျခံကာ ကျွန်မပိုင် လက်ဝတ်လက်စားအချို့ကို ရောင်းချ၍ လှူဒါန်းလိုက်ပြန် ပါသည်။

ထိုဓမ္မာရုံကိုလည်း ပြီးမြောက်၍ ၎င်းနှစ်ထဲမှာပင် ရေစက်သွန်းချ လှူဒါန်းရပါသည်။ (ကွယ်လွန်သူ ၀က်မစွတ် မြို့စားမင်းကြီး မင်းတင်မဟာစည်သူနှင့် သမီး ခင်ခင်လတ်ကြီးတို့ ကောင်းမှု)ဟူ၍ ဓမ္မာရုံကြီး၌ ဆိုင်းဘုတ် ကမ္ဗည်း တပ်ထားပါသည်။ ထူးခြားသည်မှာ ထိုဓမ္မာရုံဘကီးထဲမှ ဘုရားရုပ်ပွားတော်နှင့် မှန်စီရွှေချ ကျောင်းဆောင်၊ အိန္ဒလိဒ္ဓနှင့် ဟနုမာန် စစ်ထိုးနေဟန် ခေါင်းလောင်းထမ်း ရုပ်များသည် လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော်ခန့်က ၀က်မစွတ်မြို့စားမင်းကြီး ကိုယ်တိုင် လှူဒါန်းထားခဲ့သော ပစ္စည်းများ ဖြစ်ပါသည်။

ထိုဘုရား ကျောင်းဆောင်နှင့် အရုပ်များသည် စစ်မဖြစ်မီ ကပင် မင်းတုန်းမင်း ကောင်းမှု မြို့ရှေ့တိုက် တော်ကျောင်းကြီး တွင်ထားရာ စစ်အတွင်းက ဗုံးကျပြီး ကျောင်းဆောင်ကြီး မီးလောင်သွားသည်။ ၀က်မစွတ် မြို့စား မင်းကြီး ၏ စာပေ ပုရပိုဒ်များထားသော ပိဋကတ်တိုက်လည်း မီးထဲ ပါသွားသည်ဟု အဆိုပြု ထားပါလျက် မပျက်မစီး ဤဘုရား ရုပ်ပွားတော်နျင့် မှန်စီရွှေချ ကျောင်းဆောင်၊ ခေါင်းလောင်းထမ်း အရုပ် များကို ဓမ္မာရုံရေစက်ချခါနီး အချိန်မှာမှ တနေရာ၌ အကောင်းပကတိအတိုင်း ပြန်တွေ့ရသည်။ ၀က်မစွတ် မြို့စားမင်း ကောင်းမှုဟု ကျောင်းဆောင်မှာ စာတမ်းပါ၍သာ သိရခြင်း ဖြစ်ပါသည်။ ၎င်း ဘုရားနှင့် ကျောင်းဆောင် အရုပ်များကို လက်ရှိ ပုဂ္ဂိုလ်ထံမှ အလှူငွေပူဇော်၍ ပြန်ပင့်ခဲ့ရခြင်းဖြစ်ပါသည်။

ကိုယ့်စရိတ် နှင့် ကြားဝင်၍ အမုန်းခံမှု ဆက်ရန်
.

1 comment:

Anonymous said...

ဘုရားတွေ တန်ဆောင်းတွေလှူတာတော့ ကုသိုလ်ရပါတယ်။
ဒါပေမဲ့.. ဘာလို့လှူတာလဲ ..စိတ်ရောသန့်ရဲ့လား..ပေါ်ထင်ချင်လို့လှူတာလားတွေးနေမိတယ်။ ဘာလို့ဆို... အလှူရှင်နာမည်မှာတောင် ..မွေးသဖခင်အဖေကိုမထည့်တာအံ့သြမိလို့ ဆက်စပ်တွေးမိတယ်။

ပီးတော့လဲ .. လူတွေနဲ့ အုပ်လိုက်သင်းလိုက် သွားရတာ..ငယ်ငယ်က ဘ၀အတိုင်းအခြေအရံများများနဲ့နေချင်သွားချင်လို့ပဲလို့မြင်တယ်။ မကောင်းဘူးဆိုတာသိနေသားနဲ့ လူအထင်ကြီးခံချင်လို့ စိတ်သဘောထားကြီးကြောင်းပြချင်လို့ လုပ်ဆောင်နေတယ်လို့ပဲမြင်တယ်။ သူတကယ်တမ်းလှူချင်ရင် အမျိုးတွေ အဆွေတွေ လူတွေလူမဲ့အစား.. အဲ့ဒီထဲကရှိတဲ့ ကန်တော်လေးက ဒေါ်ဦးဇွန်းလူအိုရုံတွေမှလှူပေါ့။ ကုသိုလ်ဖြစ်ဆေးရုံတွေမှာလှူပေါ့..

အစကတော့ စစ်မဖြစ်ခင်တုန်းကတော့ သူ့လုပ်ဆောင်ချက်တွေက အားရစရာကြီးပဲ။
ဒါပေမဲ့..သေချာပြန်စီစစ်ရင်...
သူသာ..တကယ်လို့သဘောကောင်းတယ် စိတ်ထားပြည့်တယ်ဆို အခုလိုငယ်ကျိုးငယ်နာပြန်မဖော်ဘူးလို့ထင်မိတာပဲ။


မြတ်နိုး