Friday, March 12, 2010

မြန်မာပြည်က ဟယ်လင် အပိုင်း (၄ဝ)

ဗြိတိသျှတပ်များ ရောက်လာပြီး မကြာမီတစ်နံနက်ခင်းတွင် ကျမသည် အိပ်ယာကုတင်ထက်၌ ထိုင်နေစဉ် အပေါ်မှ ပျံသန်းသွားသော လေယာဉ်ပျံသံနှင့် စက်သေနတ်သံများကို ကြားရပါသည်။
တိုက်ပွဲများ မရှိတော့၍ ကိစ္စအ၀၀ပြီးဆုံးသွားပြီဟု အယူအဆလွဲမှားရန် ပိုမိုလွယ်ကူစေပါသည်။ ပစ်ခတ်သံ များသည် အတိတ်တွင်ကျန်ရစ်ခဲ့ပြီဟု ကျွန်မက ထင်မှတ်ခဲ့ပါသည်။ ယခုမူ ကျွန်မအနေနှင့် လွတ်လပ် သော နယ်မြေ၌ ရောက်နေစေ ကာမူ စစ်ကြီးက မပြီးဆုံးသေးပါ။

အနီးပတ်ဝန်းကျင်၌ လက်နက်မချဘဲ ဇွဲနပဲကြီးစွာနှင့် ခုခံနေသော ဂျပန်အကြွင်းအကျန်များကို ဗြိတိသျှ တပ်က လိုက်လံသုတ်သင်နေသဖြင့် ပစ်သံခတ်သံများ ထွက်ပေါ်လာခြင်းဖြစ်နိုင်ပါသည်။ ဗြိတိသျှ လေယာဉ် ပျံများ က တစ်နေရာရာမှ  သဲသဲမဲမဲ ခုခံနေသော ဂျပန်များအား စက်သေနတ်နှင့် ပစ်သည်လည်း ဖြစ်နိုင် ပါသည်။

ခပ်လှမ်းလှမ်းမှ ဗုံးပေါက်ကွဲသံများပါ ကြားနေရရာ ဂျပန်စစ်တပ်များအနေနှင့် အလူးအလဲ ခံနေရပြီဟု တွေးမိပြီး စိတ်တုန် လှုပ် မိပါသည်။ မကြာမီ သွေးပျက်မတတ် ဖြစ်နေသော အိန္ဒိယ အမျိုးသားတစ်ဦးသည် ကျွန်မတို့ စခန်းသို့ အပြေးအလွှား ရောက်လာကာ ဒဏ်ရာ ရသူများကို ကူညီရန် လူများကို လာခေါ်ပါသည်။

မြို့၏ မြောက်ဘက် ၆မိုင် ရမိုင်ခန့် ဝေးသော နေရာတွင် ရွာသစ်တည်၍ နေထိုင်ကြသူများကို ရန်သူဟု အထင်မှားပြီး ဗုံးကြဲ စက်သေနတ်နှင့် ပစ်၍ လူပေါင်းများစွာ ထိခိုက်သေဆုံး ကုန်ကြောင်းသိရပါသည်။ ဤနေရာတွင် အထင်မှားပြီး ဟု ရေးရ သည်မှာ အိန္ဒိယအမျိုးသားက ဗြိတိသျှလေယာဉ်ပျံဟု ပြောနေ၍ ဖြစ်ပါသည်။ ကျွန်မတို့စခန်းမှ လူများအားလုံးမှာ မည်သည့် ဘက်က လေယာဉ်ပျံဟူ၍ မည်သူမျှ သဲသဲကွဲကွဲ မမြင်လိုက်ရပါ။ ကျွန်မကမူ ဂျပန်လေယာဉ်ပျံများက နောက်ဆုံးအကြိမ် ရမ်းကားသွားခြင်း ဖြစ်နိုင်သည်ဟု ထင်ပါသည်။

ကျွန်မသည် ဆေးဝါးပစ္စည်းများကို စုဆောင်း၍ အကူအညီများပေးကြမည့် သူများနှင့်အတူ ရွာသစ်သို့ ထွက်လာခဲ့ပါသည်။ ဗြိတိသျှတပ်များမှာ ရန်သူဂျပန်များနှင့် ရင်ဆိုင်နေရဆဲဖြစ်၍ သူတို့ထံမှ ယာဉ်အကူ အညီ တောင်း၍ မဖြစ်နိုင်ပါ။ ခပ်လှမ်းလှမ်း တစ်နေရာမှ မီးခိုးလုံးကြီးများ ကောင်းကင်ယံသို့ ထိုးတက် နေ သဖြင့် ရွာကို အထူးတလည်ရှာဖွေရန် မလိုတော့ပါ။

ထိုရွာသစ်နှင့် ပတ်သက်၍ ကျွန်မသည် ကောလာဟလ သတင်းများ အမှတ်မထင် ကြားခဲ့ရသည်။ ငွေကြေး ချောင်လည် သော ဟိန္ဒူ၊ မြန်မာ၊ တရုတ်၊ မွတ်စလင်စစ်ပြေးများသည် မိမိတို့ကိုးကွယ်သော ဘာသာနှင့် ယဉ်ကျေးမှုတို့ကို ဘေးချိတ်၍ စိုက်ပျိုးမွေးမြူရေးကို စုပေါင်းလုပ်ကိုင်လျက် ရှိကြသည့် သတင်းပင် ဖြစ်ပါသည်။

မီးလောင်ပျက်စီးနေသော ရွာအတွင်းသို့ ၀င်ရောက်သွားသောအခါ မြေကြီးထဲမှ ထွက်ပေါ်လာသည့် ရှည်လျား သော ညည်းညူသံကြီးကို ကြားရပါသည်။ မီးလောင်ပြင်ဖြစ်နေသော သူတို့အိမ်များအောက်၌ လူများပိတ် နေပြီဟု ကျွန်မနားလည် သွားသည်။

လူအများအပြားသည် မီးလောင်နေသော ပျဉ်ပြား ကြမ်းခင်းများ ကို ဖယ်ရှား၍ ပိတ်မိနေသူများကို ကယ်တင် ရန် ကြိုးစားနေ ကြပါသည်။ လေထဲတွင် အသားများ မီးလောင်သော ညှော်နံ့မှာ ပျံ့နှံ့လျက် ဖုန်တထောင်း ထောင်း ထနေသော လမ်းများပေါ်၌ မြင်းသေ နွားသေ ကြောင်သေနှင့် လူသေအလောင်းများဖြင့် ပြန့်ကြဲ နေပါသည်။

တုန်လှုပ်ဝမ်းနည်းနေဟန်ရှိသော ရွာသားတစ်ဦးက သူတို့အားလုံးပင် ကြမ်းပြင်အောက်၌ ဗုံးခိုကျင်းများ တူးထားကြပြီး လျှို့ဝှက် တံခါးဖြင့် ကျင်းထဲ ၀င်ကြကြောင်း ယင်းသို့ဖြင့် ရန်သူ လေယာဉ်ပျံများလာသောအခါ အိမ်ကို စွန့်ခွာသွားရန် မလိုတော့ကြောင်း ပြောပြပါသည်။ သို့သော် ယခုကဲ့သို့ အိမ်ခေါင်မိုး တည့်တည့်သို့ ဗုံးများ ကျလာသောအခါ ဗုံးခိုကျင်းများ ပိတ်ကုန်ပြီး လူတွေ ထွက်ပေါက်မရှိတော့ပါ။

ကျွန်မသည် ဒဏ်ရာ မရသူများ ဒဏ်ရာ ရစေကာမူ လုပ်နိုင်ကိုင်နိုင် ရှိသူများအား ပိတ်စများ ဒိုတီ ဆာရီ အိပ်ယာခင်း စသော ပစ္စည်းများပါ မကျန် ရနိုင်သမျှ ရအောင် စုဆောင်းပေးရန်နှင့် ရွာအတွင်း အိမ်အသီး သီး၌ ကျန်နေသော ဆီအားလုံး ပဲဆီ ကြက်ဆူဆီများပါ မကျန် ယူလာရန် ညွှန်ကြားပါသည်။

ကျွန်မသည် ရွာသားများကို မီးဖိုစေ၍ အိုးများတွင် ရေနှင့်ဆီထည့်ကာ ကျိုစေပါသည်။ ပိတ်စများ ရောက်လာ သောအခါ ရေနှင့် ရောနေသော ဆီအိုးထဲသို့ အ၀တ်စများ ကို ပြန်ယူ၍ အအေးခံပါသည်။
မီးလောင်ပြင်ထဲမှ ဆွဲထုတ်လာသော လူနာများကို မြေကြီးပေါ်တါင် တန်းစီ၍ သိပ်ထားစေပါသည်။ စစ်ကြီး အတွင်း နှစ်ပေါင်းများစွာ သူနာပြုလုပ်ငန်းကို တစိုက်မတ်မတ် လုပ်ကိုင်ခဲ့ရာ အလုပ်တစ်ခုကို လုပ်နေပြီ ဆိုပါက ထိုအလုပ်ထဲမှ လွဲ၍ စိတ်ကို အပြင်မရောက်ရန် ထိန်းသိမ်းထားနိုင်ခဲ့သော အလေ့အကျင့် ရနေပါပြီ။ သို့ပါသော် လည်း ဤရွာကလေးအတွင်း၌  ကယ်ပါ ယူပါ တစာစာနှင့် ညည်းညူနေကြသော အသံများကိုမူ ကျွန်မ စိတ်မည်မျှပင် ခိုင်မာသော်လည်း နားထဲမှ မထွက် တော့ပါ။

မီးလောင်ခံရသော ကလေးများကို စတင် ကုသပေးပါသည်။ ဤမျှပြင်းထန်သော မီးလောင်ဒဏ်ရာမျိုးကို ယခင်က ကြုံခဲ့ဖူးခြင်း မရှိပါ၍ ဖျားချင်သလိုလို ဖြစ်လာသော စိတ်ကို အားတင်း၍ ထိန်းချုပ်ခဲ့ရပါ၏။ နံရံတွင် ကပ်ထား သော စက္ကူများ ကွာကျနေဘိသကဲ့သို့ သူတို့၏ လက်များ၊ ခြေထောက်များ၊ ရင်ဘတ်များ၊ မျက်နှာ များမှ အရေခွံများ အချပ်လိုက် တွဲလောင်းကျနေပါသည်။ လူများ၌ ခြေဖ၀ါးနှင့် လက်ဖ၀ါးနေရာများတွင် အရေခွံ အထူဆုံး ဖြစ်စေကာမူ ၎င်းနေရာများ၌ မီးလောင်ထားသည်မှာ အရိုးပေါ်သည်အထိ ဖြစ်ပါသည်။

အဖတ်လိုက် ကွာကျနေသော အရေခွံများကို ကတ်ကြေးနှင့် ဖြတ်၍ ဖြတ်စများကို ပုံးတစ်ပုံးအတွင်းသို့ ထည့်ရပါ သည်။ ယင်းသို့ ပြုလုပ်ပြီးသော လူနာများကို ဆီ စိမ်ထားသော ပတ်တီးစများနှင့် မီးလောင်သော နေရာ များကို စည်းပေးရ ပါသည်။ အချို့တစ်ကိုယ်လုံး မီးလောင်ထားသူများကို ပတ်တီးစည်း ပေးပြီးသောအခါ အီဂျစ်ပြည်မှ မံမီရုပ်တုများနှင့် ဆင်တူ ဖြစ်သွားကြပါသည်။ ကျွန်မ၏ အနီးမှ လူအချို့မှာ မကြာ ခဏ သတိလစ်သွားကြသဖြင့် ရမ် အရက်နှင့် ရေကို ရော၍ တိုက်ပေးနေရပါသည်။

ကျွန်မက လူနာများကို ဆက်လက်၍ ပတ်တီးစည်းပေးနေရာ ပင်ပန်းလွန်းလှ၍ အားပြတ်ပြီး လဲကျလုလု အခြေ အနေသို့ ရောက်လာပါသည်။ ကလေးများကို ပထမ၊ အမျိုးသမီးများကို ဒုတိယ ဦးစားပေးပြီးမှ ယောက်ျား များဘက်သို့ အလှည့်ပေးပါသည်။

မီးလောင်ခံထားရသော မြင်းများက နာကျင်စွာ အဆက်မပြတ်ဟီနေကြသည်။ အိမ်တွင် မွေးထားသော တိရစ္စာန် များကလည်း ဖုတ်တောထဲတွင် လူးလိမ့် ညည်းညူနေကြသည်။ သူတို့ကို ကျွန်မက မည်သို့မျှ မကုသ ပေးနိုင်သောကြောင့် သူတို့တစ်တွေ ကြာရှည်ဝေဒနာ ခံစားရခြင်း မရှိစိမ့်သောငှာ ရွာသားများအား လက်စတုံး ပစ်ရန် ညွှန်ကြား ရပါသည်။

ဗုံးခိုကျင်းထဲမှ မထွက်နိုင်ဘဲ မီးလောင်ခံရသူများမှာ သေဆုံးကုန်ကြပါသည်။ ကျွန်မက ရွာသားများအား ကျင်းကြီးကြီး တစ်ခု တူးစေပြီး အလောင်းများကို စုပေါင်း မြှုပ်နှံပါသည်။ အချို့သော အလောင်းများ မှာ မမှတ်မိ နိုင်တော့ပါ။ သို့သော် မဟာမေဒင် လူမျိုးများကိုတော့ သီးခြားရွေးထုတ်မြှုပ်ပေးရပါသည်။ လူတွေက မီးလောင် ခံထားရ၍ ရုပ်ပျက်ဆင်းပျက် ဖြစ်နေကြရာ တချို့က မီးသွေးတုံးနှင့် ခြားနားခြင်း မရှိတော့ပါ။

ည မိုးချုပ်၍ အလုပ်ဆက်လုပ်ရန် မဖြစ်သောအခါ ကျွန်မနှင့်တကွ လိုက်ပါ ကူညီကြသူများကို သူကြီးက နွားလှည်းဖြင့် စခန်းသို့ ပြန်ပို့ပေးပါသည်။ သူကြီးက နောက်တစ်နေ့တွင် သူတို့ထံသို့ ပြန်လာပါရန် အကူအညီတောင်းသဖြင့် ဤမျှဝေးသော ခရီးသို့ ခြေကျင် မလျှောက်နိုင်ကြောင်း ပြန်ပြောပါသည်။ အကူ အညီ လိုခဲ့လျှင် သူတို့သည် ယာဉ်တစ်ခုခုကို စီစဉ်ပေးသင့်ပါသည်။

မီးလောင်ခံရသော ဒဏ်ကြောင့် ငိုကြွးနေကြသူများ၏ အသံကို တစ်လမ်းလုံး ကြားယောင်နေပါသည်။ သူတို့သည် တစ်နေ့နေ့တွင် စစ်ကြီးပြီးသွားလိမ့်မည် ဟူသော မျှော်လင့်ချက်ရောင်ခြည်ဖြင့် အားအင်များ ရှိလာကြပြီး ဤအချိန်ထိ ကြံ့ကြံ့ခံ၍ အသက်ရှင်နေကြပါသည်။ ဒုက္ခများ ကင်းဝေးသွားပြီဟူ၍ ယုံကြည် ထင်မှတ်နေသော အချိန်သို့ ရောက်ချမှ သူတို့၏ ဘ၀ အစတေးခံရခြင်းဖြစ်ပါသည်။ သူတို့၏ ဘ၀ နိဂုံးချုပ် ရပုံမှာ ၀မ်းနည်းကြေကွဲဖွယ်ရာအတိဖြစ်ပါ၏။

မိုးလင်း သည်နှင့် တစ်ပြိုင်နက် ရွာသစ်မှ မြင်းလှည်းတစ်စီး ရောက်လာရာ ကျွန်မနှင့် ကူညီမည့်သူများ လိုက်သွား ကြပါသည်။ ကျွန်မ ရောက်သွားသောအခါ မီးဖိုများ ဖိုပြီးပါပြီ။ ရေနှင့်ဆီ ရော၍ မီးဖိုပေါ် ၌ ကျိုနေကြပါပြီ။ နေပူရှိန်အောက်၌ ကျွန်မ ခက်ခပင်ပန်းစွာ လုပ်ကိုင်ခဲ့သည်ကို တွေ့မြင်ခဲ့ကြသဖြင့် နေရိပ် အောက်၌ အလုပ်လုပ်နိုင်ရန် ရွာသားများက လေးတိုင်စင်ထိုး၍ အမိုးမိုးပေးကြပါသည်။ အမြော်အမြင် ရှိကြပုံမှာ ကျွန်မ ကုန်းကုန်းကွကွ မဖြစ်စေရန် လူနာတင် စားပွဲရှည် မျောမျော တစ်ခု လုပ်ပေးထား ခြင်းဖြစ်ပါသည်။

ကျွန်မ အလုပ်ထတွင် ရာခိုင်နှုန်းအပြည့် အာရုံစူးစိုက်ကာ တစ်မနက်ခင်းလုံး လူနာများကို ကုသပေးပါသည်။ ယင်းအာရုံစူးစိုက်မှုမှာ မည်သည့်အတွက် ပျက်ပြားသွားရသည်ကို မတွေးဆ တတ်တော့ပါ။ ချက်ချင်း ကြောက်စိတ်များ ၀င်လာပြီး ကျွန်မ၏ အတွင်းစိတ်ဓာတ်၏ စေ့ဆော်မှုဖြင့် မြေကြီးပေါ်သို့ ရုတ်တရက် လှိမ့်ချ လိုက်ပါသည်။

ယင်းသို့ လှိမ့်ချလိုက်စဉ် ကျွန်မ၏ ခေါင်းပေါ်မှ ကျည်ဆန်က တ၀ီဝီ ဖြတ်ကျော်သွားပါသည်။ ကျွန်မကို ရိုင်ဖယ်နှင့် ပစ်သွားသူ နောက်သို့ ရွာသားများ ၀ိုင်းအုံ လိုက်သွားကြသဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့၏။ သူတို့က ထိုလူအား ဖမ်းမိလာပြီး ကျွန်မံသို့ ခေါ်လာခဲ့ပါ၏။ သူကြီးက ထိုလူမှာ လူစိမ်း တစ်ဦးဖြစ်၍ အခြား ဒေသမှ ဖြစ်ကြောင်း ပြောပြပါသည်။

"ကျွန်မကို မည်သည့်အတွက် သေနတ်နှင့် ပစ်ရသနည်း" ဟု မေးမြန်းသောအခါ ထိုလူက "ဒဏ်ရာ ရသူများကို ကုသပေးသူမှန်သမျှ ပစ်သတ်ရမည်" ဟုပြန်ပြောခ့၏။ ဤသည်မှ တစ်ပါး အခြားဘာမျှ မေး၍ မရပါ။

ထိုအတွေ့အကြုံက ကျွန်မအား ကြောက်စိတ်များ ၀င်လာပြီး တုန်တုန်ယင်ယင် ဖြစ်လာစေပါသည်။ ယင်းအားနည်း မှုကို မေ့ပျောက်အောင် ကြိုးစား၍ လူနာများအား ဆက်လက် ကုသပေးခဲ့ပါသည်။ ဤအတော အတွင်း ရွာသားများက ထိုလူအား တောထဲသို့ ဆွဲခေါ်သွားကြပါသည်။ ထိုလူ၏ ကံကြမ္မာကို တွေးမနေ တော့ပါ။

မီးလောင်သည့် သတင်းကို စစ်တပ်မှ ကြားသိသွားသောအခါ မော်တော်ကားများ စေလွှတ်၍ ဒဏ်ရာ ရသူများကို ပြင်ဦးလွင် စစ်ဆေးရုံသို့ သယ်ယူသွားကြပါသည်။ သူတို့တစ်တွေ ရင်ဆိုင်တွေ့ကြုံရသော ကံကြမ္မာဆိုးရွားပုံကို ကျွန်မ ပြန်ပြောင်းစဉ်းစားနေမိသည်။ ဗြိတိသျှများ ပြန်အလာကို သုံးနှစ် သုံးမိုး စောင့်မျှော်နေရပြီးမှ သူတို့၏ မတိမ်းမစောင်းသော သစ္စာရှိမှုကို ဆုချီးမြှင့်လိုက်သလို ဖြစ်ပါသည်။ ခံရသူများ အနေနှင့် ခါးခါးသီးသီး ဖြစ်နေသည်ကို နားလည် ခွင့်လွှတ်နိုင်စေ ချင်ပါသည်။

ဗြိတိသျှ စစ်တပ်များသည် ပြင်ဦးလွင် ပတ်ဝန်းကျင်တွင် ရန်သူအကြွင်းအကျန်များကို သုတ်သင် ရှင်းလင်း ပြီးနောက် ကျွန်မတို့ထံ ရောက်လာကြပါသည်။ ကျွန်မတို့နှင့် ပတ်သက်သမျှသော နာမည်၊ နေရပ်လိပ်စာ၊ အိန္ဒိယသို့ ရောက်သွားကြ သော ဆွေမျိုးများနှင့် အခြား အချက်အလက်များကို ပထမ အဆင့်အနေဖြင့် ရေးမှတ်ယူကြပါသည်။

ယင်းသို့ စာရင်း ကောက်ယူနေခိုက် မစ္စတာ နီကိုလတ်(စ်)နှင့် ကျွန်မတို့သည် စခန်းအတွင်း၌ လှည့်ပတ် ကြည့်ရှု စစ်ဆေးသည်။ တစ်ယောက်တလေမျှ မကြွင်းကျန်ရစ်စေရန် ဖြစ်ပါသည်။
ကမန်မတို့ စခန်းကို ကာရံထားသော ၀င်းခြံ အပြင်ဘက်ဆီမှ အပုပ်နံ့များ ပျံ့လွင့်လာသည်ကို သတိထား မိပါသည်။ ကျွန်မတို့ သွားရောက်စုံစမ်းကြည့်ရှုရာ မိမိ၏ ဦးခေါင်းကို သေနတ်နှင့်ပစ်ပြီး သေဆုံးသွားသော ပုပ်ပွ နေသည့် ကပ္ပတိန် မူရန်နို၏ ရုပ်အလောင်းကို ခလုတ်တိုက်မိမလို ဖြစ်သွားခဲ့ပါသည်။

ခရစ်ယာန် သချိုင်း၌ သူ့အား ကောင်းမွန်စွာ သင်္ဂြိုလ်ရန် ဆုံးဖြတ်ကြပါသည်။ သူသည် အလွန်တရာမျှတသူ တစ်ဦး ဖြစ်ရုံမက တောင်းဆိုသမျှကို အထူးသဖြင့် ကလေးနှင့် လူကြီးများအပေါ် လိုက်လျောတတ်သူ ဖြစ်ပါသည်။ ကျွန်မတို့အား ကိုယ်စွမ်းရှိသမျှ ကူညီခဲ့သူ တစ်ဦးအပေါ်တွင် ကျွန်မတို့၏ ကျေးဇူးတုံ့ပြန်မှုက အသေး အဖွဲပါ။
ထိုနေ့ညနေတွင် ကျင်းပမည့် ကပွဲသို့ အမျိုးသမီး ၃၀ ခန့် တက်ရောက်ပါရန် လာရောက် ဖိတ်ကြားသော ဗြိတိသျှ စစ်သားများ ရောက်လာခိုက် ကျွန်မတို့က ကပ္ပတိန် မူရန်နို၏ ရုပ်ကလာပ်ကို ထမ်းစင်ပေါ်သို့ တင်နေစဉ် လူချင်း ဆုံမိကြ ပါသည်။   

ဆက်ရန်
.

No comments: