Wednesday, March 10, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆၀ အပိုင်း (၄၁)

ဂဏှာမငြိမ်သောအမျိုးသမီး

ပုဂံဘုရားများ ဖူးရန်အတွက် ညောင်ဦးဗိုလ်တဲတွင် (၃)ရက်ခန့် တည်းခိုနေစဉ် ဗိုလ်တဲတစ်ခုလုံး အိမ်ဦးနှင့် အိမ်တွင်း ပရိသတ်ပြည့်ညပ် နေရုံမက အစောင့်အရှောက် အကူအညီ ထည့်လိုက်သော သူများ၏ လော်ရီကားကြီးမှ လူများပါ ဗိုလ်တဲ၏ ခြံဝိုင်းအတွင်း ပတ်လည်တွင် အလှည့်သင့်ရာ အိပ်ကြ သည်။ နေ့ဆိုလျှင်လည်း ပုဂံမြို့ အစွန်အဖျားရှိ လောကနန္ဒာဘုရား၊ ငှက်ပစ်တောင် သမီးဝှက်ဂူများအထိ သွားလေရာရာ လိုက်ပါ စောင့်ရှောက်ပေးကြရပါသည်။ ထိုအချိန်အခါက ၄င်းနယ်၌ အစွန်အဖျားကျသော နေရာအစိတ်အပိုင်းတို့တွင် စိတ်မချရသေးသော အခါဖြစ်၍ ဤသို့ စောင့်ရှောက်ကြ ကူညီကြခြင်း ဖြစ်ပါသည်။

ဗိုလ်ပေါ်ရှိ အခန်းများတွင် မိန်းမများသာ တစုတဝေး အိပ်ကြ၍ ယောက်ျားများက အပြင်ခန်းများတွင် အိပ်ကြရသည်။ ကျွန်မနောက်တွင် ပါလာသူ အမျိုးသမီးများမှာ အိမ်ထောင်သည်များထက် အပျိုအရွယ်တွေကပို၍ များပြားလှပါသည်။ အိမ်ဖော်မိန်းခလေးများ၊ ဆွေသား မျိုးသားထဲမှ ခေါ်ထားသော မိန်းခလေးများအပြင် ယုဝတီအယ်ဒီတာ အဖွဲ့ဝင်နှင့် အမျိုးသမီးကလောင်ရှင် အဖွဲ့ဝင်များမှာလည်း အပျိုအရွယ်တွေချည်း လိုလိုဖြစ်ပါသည်။ သူတို့ မိဘများသည် ကျွန်မက မိခင်သဘွယ် သွားလေရာ လိုက်ပါကြတိုင်း၊ စောင့်ရှောက်ထိန်းသိမ်း၍ ခေါ်သွားလေ့ရှိသဖြင့် ကျွန်မကို ယုံကြည် စိတ်ချသော ကြောင့်သာ သူတို့၏ ပျိုရွယ်သူ သမီးငယ်များကို စိတ်ချ လက်ချ ထည့်ကြခြင်းဖြစ်ရာ ကျွန်မမှာလည်း ခေါ်လာလေ သမျှတိုင်းကို ရေကြည်တပေါက်မျှ အစွန်းအထင်း မခံရအောင် ထိန်းသိမ်းခဲ့ သည်။ အသွား အလာ၊ အနေအထိုင်၊ အစားအသောက်မှစ၍ လိုလေသေးမရှိရ၊ ကျန်းမာရေးအထိ ကြည့်္ဂှု စောင့်ရှောက်ခါ တာဝန် ယူခဲ့သူ ဖြစ်ပါသည်။

ဒါကြောင့်လည်း သူတို့တတွေမှာ ကျွန်မသွားလေရာ ပျော်ပျော်ပါးပါး လိုက်ခဲ့ကြသလို ကျန်ရစ်သူ လူကြီးမိဘ များကလည်း စိတ်ချ လက်ချ ပူပင်သောကမရှိ ထည့်လိုက်ကြပါသည်။ မိန်းခလေးများ ဆိုသော်လည်း စာပေနှင့် မွေ့လျော်နေသူ၊ ရေးသားနေကြသူတွေ အမှားအမှန် ဆင်ခြင်နိုင်ကြသူတွေ၊ ဗဟုသုတရှိ၍ မိမိဂုဏ်သိက္ခာကို စောင့်သိတတ်ကြသူတွေဖြစ်ရာ၊ စိုးရိမ်မကင်း၍သာ လူကြီးဝတ္တရား အတိုင်း ငယ်ရွယ်သူ တွေဖြစ်၍ စောင့်ရှောက်ရခြင်းဖြစ်ပါသည်။ တကြိမ်တခါမျှ တဦး တယောက်ကမှ ကျွန်မစိတ်ကို အနှောင့် အယှက် ပေးခြင်း မပြုခဲ့ကြပါ၊ သို့ရာတွင် (မင်းကြီးတာကထွက်) သောကိစ္စတစ်ခုမှာ ကျွန်မ ရန်ကုန်ပြန် ရောက်သောအခါ၌ ထိုစဉ်က အတူပါလာသော အရာရှိကတော် တယောက်က ပြောပြမှ သိရပါသည်။

ညောင်ဦး ဗိုလ်တဲမှာ မိန်းမ၊ ယောက်ျား လူပေါင်း ငါးဆယ်ကျော် တည်းခိုနေစဉ် အချိန်မှာ ကျွန်မ အိမ်က ပါလာသော (ယုဝတီနှင့် ကလောင်အဖွဲ့မှမဟုတ်) သူ မိန်းခလေး တယောက်မှာ ညဥ့်သန်းခေါင်     ၂-နာရီ ခန့် အချိန်တိုင်း ခြေဖျားထောက်၍ အပြင်ဘက်သို့ ခိုးထွက်သွားသည်။ ဘုရားဖူးအဖွဲ့မှာ အတူပါလာသော (၁၀)တန်းကျောင်းသား ကလေးတစ်ယောက်နှင့် ခုတွေ့၊ ခုကြိုက်ပြီး ရည်းစားစကား ထပြောကြသည်ကို သူတို့သိခဲ့ကြောင်း။ ဤခလေးမမှာ အကျင့်မကောင်း ဂဏှာမငြိမ်သဖြင့် အိမ်မှာ ကြာကြာ ထားလျှင် မသင့်လျော်ကြောင်း သတိပေးခံရသည်။ ကျွန်မက သည်အကြောင်းကို ခရီးသွားနေဆဲ မှာ မသိခဲ့သေးဘဲ အိမ်ပြန်ရောက်မှ ထိုမင်းကတော်ပြောပြ၍ သိရှိရပါသည်။

သတိပေးသူ မင်းကတော်သာမက၊ အတူပါလာကြသော လူကြီးပိုင်းက အမျုးသမီးများကလည်း သိကြသည်။ သူတို့ချင်း နှီးနှော၍ရန်ကုန်မြို့ ပြန်ရောက်မှဘဲ ပြောဘို့ ပိုင်းဖြတ်ထားကြောင်း သိရပြန်ပါသည်။ ထိုကျောင်းသား ငယ်မှာလည်း ရန်ကုန်မှ အတူါပလာသူမဟုတ်ဘဲ ပုဂံပုပ္ပါးစသည်များသို့ ဘုရားဖူး လှည့်တော့မှ မြို့ခံပရိသတ်နှင့်အတူ ရောပါလာသောသူငယ်ဖြစ်ရာ၊ ညောင်ညိုပင်စခန်းကဘဲ လမ်းခွဲပြန် ကြရမည်ဖြစ်၍ စိုးရိမ်စရာ မရှိတော့သောကြောင့် ရန်ကုန်ထိအောင် ညည်ကိစ္စကို မျှောယူ လာကြခြင်း ဖြစ်ပါသည်။

ကျွန်မတို့၏ နောက်ဆုံး အစီအစဉ်မှာ ညောင်ဦးမြို့မှနေပြီး ရန်ကုန် အရောက် ပြန်ကြရန် ဖြစ်ပါသည်။ အပြန်မှာ သင်္ဘောနှင့် ပြည်အရောက်သွားပြီး မီးရထားနှင့် တဆင့်ကူးရသော ကိစ္စက ကသီလင်တ နိုင်လွန်းသည်။ အမျိုးသမီးတွေချည့်ဖြစ်၍ ညောင်ဦးမြို့မှ စာပို့ သင်္ဘောကြီးနှင့် ရန်ကုန်ဆိပ်ကမ်းအရောက် အေးအေးဆေးဆေး စုန်ဆင်းကြမည်ဟု ပိုင်းဖြတ်လိုက်ကြပါသည်။ ယောက်ျားပိုင်းကတော့ ကိစ္စတစ်ခုရှိသည်ဆို၍ ညောင်ဦးမှ မန္တလေးသို့ ကူးတို့သင်္ဘောနှင့် ဆန်တက်ခွဲ ထွက်သွားကြသည်။

မန္တလေးကနေပြီးမှ ရန်ကုန်သို့ မီးရထားနှင့်ဖြစ်စေ၊ လေယာဉ်ပျံနှင့်ဖြစ်စေ ပြန်နှင့်ကြမည်ဟုဆိုသည်။ ထို့ကြောင့် ကျွန်မ ခေါင်းဆောင်သော မိန်းမတစ်စုက အစုန်စာပို့ သင်္ဘောကြီးနှင့် တစုတဝေး တပျော် တပါးလိုက်ကြသည်၊ ဘုရားဖူးအဖွဲ့ထဲမှာ ထိုစာပို့ သင်္ဘောကြီးတွင် ဦးစီးသော မာလိန်းမှူး၏ ဇနီးက ပါနေသဖြင့် နေရာထိုင်ခင်းကို ကြိုတင်စီစဉ်ထားနိုင်သောကြောင့် လူ ၃၀-ခန့်မှာ တနေရာတည်း စုစု စည်းစည်း လိုက်ပါလာခဲ့ရပါသည်။

လေသံကြားနှင့်တရားနာ

ညောင်ဦးမြို့ဆိပ်ကမ်းမှ အစုန်စာပို့ သင်္ဘောကြီးခွာထွက်လာသောအခါ ရန်ကုန်ပြန် ကျွန်မတို့ လူတစုမှာ အေးချမ်းပျော်ရွှင်စွာ လိုက်ပါလာကြပါသည်။ လူ ၃၀-ခန့် တစုတရုံးတည်း နေနိုင်သော စာပို့သင်္ဘော အောက်ထပ် ဦးပိုင်းမှာ နေရာကျယ်ကျယ်ရသည်။ သွားရေး လာရေးလည်း လွယ်ကူသည်။ ကျွန်မ တစ်ယောက်စာအတွက် ရှေ့ပိုင်းမှ အခန်းငယ်ကလေး တစ်ခုနှင့်နေရန် အကာအကွယ် လုပ်ပေးထား ပါသည်။

သူလူတသိုက်လုံးအတွက် သင်္ဘောအထက်တန်း အခန်းများငှား၍ မရ၊ ရသလောက်နှင့် လူစုခွဲနေ ဘို့ရာကလည်း တရားမည်မဟုတ်ပါ။ နောက်ဆုံး ကျန်းမာရေးကို ဦးစားပေးသောအနေနှင့် ကျွန်မ တဦးတည်း ခွဲထွက်ခါ အထက်တန်းအခန်းသို့ သွားမနေလိုတော့ဘဲ သူတို့နှင့် မခွဲဟုဆိုကာ သာတူညီမျှ စံနစ်ဖြင့် ကျွန်မပါ သင်္ဘောကြီး အောက်ထပ်တွင် အတူလိုက်လာခဲ့ခြင်းဖြစ်ပါသည်။

လူပေါင်း နှစ်ဆယ်ကျော် သုံးဆယ်အတွက် နေ့စဉ် အစားအသောက်ကိစ္စကို သင်္ဘောပဲ့ပိုင်းမှာ ရှိသော ဆိုင်တွင် ရန်ကုန်မရောက်မခြင်း ကန်ထရိုက်စာချုပ်သလို သိမ်းချုပ်မှာထားရပါသည်။ မိန်းမတွေ ချည်း ဖြစ်သောကြောင့် လူသုံးဆယ် ထမင်းဝိုင်းမှာ ကိုယ့်နေရာတွင်ပင် တပျော်တပါး ၀ိုင်းဖွဲ့စားစေရန် ကျွေးမွေး လာခဲ့ရပါသည်။ အမျိုးသမီးတွေဖြစ်သောကြောင့် သင်္ဘောဆိုက်လေရာ မြို့တိုင်း၌ အစုလိုက် ဆင်းကြ၊ ဆိုင်ရာအသိမိတ်ဆွေများက လာရောက်တွေ့ကြ၊ ၀ယ်လိုရာတွေ ၀ယ်ကြနှင့် ပျော်ကြသည်။

ထမင်းဟင်းလျာစားသောက်စရာအတွက် ဆိုင်မှာ တာဝန်ငြိမ်း ငွေပေးထားသည်တိုင်အောင် သင်္ဘောဆိုက်ရာ အရပ်တွင် မြင်မြင်ကရပေါလှသည်ဆိုပြီး ဟင်းသီးဟင်းရွက်များ ဆင်းဝယ်ကြသည်။ တတောင်းတရွက်ကြီး ၀ယ်လာသမျှ မကုန်ဘူးထင်သော်လည်း စားမည့်လူအုပ်ကများသဖြင့် ရန်ကုန် မရောက်ခင် ၂-ရက်လောက်ကပင် ပြောင်သလင်းခါသွားပါသည်၊ ကျွန်မသည် ဤပရိသတ်ကိုသာမက စာပို့သင်္ဘောကြီး၌ အလုပ်လုပ်ကြသော သင်္ဘောသား မြန်မာအမျိုးသားကလေးများကိုလည်း ခရီး တလျှောက် မှာ သိကျွမ်းခင်မင်လာသဖြင့် သူတို့အလုပ်ဝတ္တရား ဆောင်ရွက်ရပုံ၊ သူတို့တတွေ စားသောက် နေထိုင် ရပုံများကို သတိထားမိသည်။

ရှေးအခါက သင်္ဘောနှင့် ရေလမ်း ခရီးသွားလျှင် သင်္ဘော အလုပ်သမားများမှာ စစ်တကောင်း ပြည်သားများ (ခေါ်တောကုလား ခေါ်ကြသည်) သာလုပ်ကိုင်လေ့ရှိသော နေရာတွင် ယခုလွတ်လပ်ရေးခေတ်၌ မြန်မာ အမျိုးသားကလေးများ အစားဝင်ထိုးလုပ်ကိုင်ကြသည်ကို ဤတကြိမ်သာ တွေ့မြင်လေ့လာခြင်းပြုမိပါသည်။ သူတို့ အခက်အခဲများကိုလည်း တွေ့မြင်ရသည်။ ခရီးသည်တို့၏ အခက်အခဲများကိုလည်း သိရှိရသည်။ သင်္ဘောသား ကလေးများမှာ လူနှစ်ဆယ်ကျော်ခန့်ရှိပြီး ကုလားကဲ့သို့ ပဲဟင်းကိုသာ အမြဲချက်စားကြရရှာ သည်။ သူတို့ရသော လခငွေထဲမှ မရောက်မခြင်း နေ့တိုင်းဟင်းကောင်းချက်စားကြစေရန် ကျွန်မက တကာခံ၍ ကုသိုလ် ပြုလာခဲ့မိပါသည်။ သို့နှင့် ညောင်ဦးမြို့မှ စတင်ထွက်ခွာလာသောအချိန်ကစပြီး စာပို့ သင်္ဘောကြီး တစ်ခုလုံးမှ လူအများနှင့် တအိမ်တည်းသားများပမာ ချစ်ခင်ပျော်ရွှင်စွာရှိခဲ့ကြပါသည်။

ညောင်ဦးက ထွက်လာပြီး ရောက်လာသမျှ ချောက်မြို့၊ ရေနံချောင်းမြို့၊ စလေ၊ မိချောင်းရဲ၊ ဆင်ဖြူကျွန်း စသည့်မြို့များသို့ သင်္ဘောဆိုက်တိုင်း မြို့ခံ အသိမိတ်ဆွေများနှင့် ဆွေတစ၊ မျိုးတစများက ကျွန်မ ပါလာမှန်း ကြိုတင်သိကြ၍ လာတွေ့ကြသည်။ သူတို့ အညာထွက်ပစ္စည်း ဟင်းလျှာများကို ကျွန်မ နောက်ကပါလာသော လူအုပ် လူသိုက်နှင့်ညီမျှအောင် အများအပြား သယ်ယူလာကြပါသည်။

ကျွန်မကို သိပြီး၊ မြင်ပြီး လူများက လာတွေ့ကြသလို တခါမှ မသိမမြင်ဘူးသေးသော ရပ်ဆွေ ရပ်မျိုးတွေကလည်း လေသံကြားနှင့် တရားနာသလို လာတွေ့ကြသည်မှာ အတော်ကြောင်သော အလုပ်ဖြစ်ပါသည်။ သူတို့က နယ်သံနှော၍ ပြောသည်ကို နားထောင်ပြီးမှ ဘယ်သူ၊ ဘယ်ဝါဆိုသည်ကို သိရခြင်း ဖြစ်ပါသည်။ သည်တော့မှ သူတို့လာတွေ့ကြတဲ့ ဆန္ဒ အပြုအစု၊ အထောက်အပံ့ ခံလိုသော ရည်ရွယ်ချက် ကို တတ်နိုင် သလောက် ပြည့်ဝစေခဲ့ရပါသည်။

ဤနည်းအတိုင်း စလေမြို့ဆိပ်ကမ်းသို့ စာပို့သင်္ဘောကြီး ဆိုက်မိသောအခါ စလေဇီးသီး တောင်းကြီး တတောင်းနှင့် တက်လာသော လူတသိုက်ကို တွေ့ရပါသည်။ သူတို့ကိုလည်း ကျွန်မတို့ လူတသိုက်ကမသိ၊ သူတို့ကလည်း ကျွန်မတို့ကို မြင်လျက်နှင့်မသိ၊ တောင်ကြည့်၊ မြောက်ကြည့်နှင့်တစုံ တဦးကို လိုက်လံရှာဖွေကြည့်ရှုနေကြသည်။ အပေါ်ထပ်တက်သွားလိုက်ကြ၊ အောက်ထပ် ဆင်းလိုက်ကြနှင့် အတော်ဒုက္ခဖြစ်နေပုံရသည်။ ကျွန်မတို့လူအုပ်ကလည်း သင်္ဘောကြီးပေါ် တက်ပြီး ရောင်းလာသမျှ ဈေးသည် များကို တဦးမကျန်ရအောင် ခေါ်ကြသည်။ စလေဇီးသီး၊ ပုံးရေကြီးမှအစတောင်းပလုံးနှင့် လက်စေ့ အညာပြန်လက်ဆောင်ပေးရန် ၀ယ်ယကြရသောအလုပ်ကို ရှုပ်နေကြဆဲဖြစ်ပါသည်။

ဒါနပါရမီမှာ စေတနာသာပဓါန ဆက်ရန်

.

No comments: