Wednesday, March 24, 2010

ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၈)

အမှုမဲ့ အမှတ်မဲ့နှင့် နေလာခဲ့ရာမှ သူငယ်မကား လယ်ထဲသို့ပြန်၍ အလုပ်ဆင်းနေပြီကို တွေ့ရပေ၏၊ စပါးရိတ်ချိန် ကျော်လွန်လာခဲ့လျက် ယခုအခါ အိမ်နှင့်မနီးမဝေး တလင်းထဲတွင် စပါးနယ်လျက် ရှိကြလေပြီ၊ ဇနီးမောင်နှံ နှစ်ယောက်ကား ကောက်ရိုက်တုတ် ကိုယ်စီဖြင့် တဘုံးဘုံး ရိုက်နေကြလေ၏၊ ကောက်လှိုင်းမှ အသီးတွေ ကျွေကုန်သောအခါ လှေ့စင်တွင်တင်၍ ၀ါးစကာဖြင့် လှေ့ကြရာ စပါးဖျဉ်း  စပါးဖုံတို့သည်၊ တိမ်ခိုး တွေလို လေထဲတွင် လွင့်ပါ ကုန်ကြပြီး စပါးတို့သည် တလင်းတဘက်တွင် ကျကြကုန်၏၊

လယ်ကွင်းတွေလည်း ဆောင်းရာသီ ဂျုံစေ့တွေပျိုးကြံရန် အသင့်ရှိနေကြပြန်ပြီ၊ သူကထွန်တုံး တလက်ဖြင့် လယ်တွေကို ထွန်ယက်သည့်အခါ သူငယ်မက ပေါက်တူးပြား တလက်ဖြင့် နောက်ကလိုက်လျက် ထယ်ကြောင်း တွေကို အချေသပ်လေ၏။

သူငယ်မမှာ တနေ့လုံး လယ်ထဲတွင် တကုန်းကုန်း လုပ်ကိုင်နေရစဉ် ခလေးငယ် ကား မြေကြီးပေါ်၌ ဂွမ်းစောင်စုတ် ကလေး တထည်ပေါ်တွင် အိပ်ပျော် နေရှာ၏၊ ခလေးနိုး၍ ငိုလျှင် သူငယ်မသည် အလုပ်ကို ရပ်၍ ပြေးလာပြီး မြေပေါ်တွင် အပြားသားထိုင်လျက် ခလေးအား နို့ချိုတိုက် လေ၏။ ကုန်လုနီး နွေရာသီ၏ မပြူချင့် ပြူချင် ထိုးပြူ နေသော နေရောင်ခြည်သည် သားအမိ ၂-ယောက်အပေါ်သို့ ပူပြင်းစွာ ကျရောက် လျက် ရှိလေ၏၊ သားအမိ ၂-ယောက်ကား မြေရောင်လိုလို ညိုမှောင်နေကြလျက် မြေရုပ်တွေလို မိုးမိုးမားမား ရှိကြလေ၏။ မိခင်၏ ဆံပင် တွင်၎င်း-ခလေးငယ် ၏ နူးညံ့နက်မှောင် သည့် ဦးပြည်း တွင်၎င်း ဖုတ်မြူ အလိမ်းအလိမ်း ကပ်နေကြလေ၏။

သို့သော် သူငယ်မ၏ ကြီးမား၍ ညှိုရောင်ပြေးနေသော သားမြတ်တို့မှ ခလေးငယ်အတွက် စီးထွက်နေသော နို့ရည် တို့သည်ကား မိုးဃ်းပွင့် များကို ဆွပ်ဆွပ်ဖြူ လျက်နေ၏၊ ခလေးငယ် သည် တဘက်သော အမိ၏ နို့ကို စို့သည့်အခါ အခြားတဘက် မှလည်း နို့ရည်တို့သည် ပန်း၍ ထွက်နေကြ ကုန်၏၊ သူငယ်မ ကား၊ မပိတ်မပင် ပန်း၍ ထွက်မြဲထွက်စေလေ၏၊ ခလေးငယ်မှာ ငန်းငန်းတက် လောဘတကြီးဖြစ်နေသည့်တိုင် နို့ရည်တို့မှာ ၎င်းတယောက်အတွက်သာမက၊ ခလေးတွေ တပြုံတခေါင်းကြီးအတွက်ပင် ဖူလုံခြင်း ရှိပေရကား၊ သူငယ်မမှာ ငါနို့ရည် ပေါသားဘဲ ဟူသော သဘောဖြင့် ပန်းထွက် နေသည်ကို ဂရုမစိုက် နေလေ ၏။

ပန်းထွက်နေသော နို့ရည်တို့ကား တစ ထက်တစများ၍သာလာလေ၏ တခါတခါသူငယ်မသည် အ၀တ် အစားများ အစိုသက်သာရန် သားမြတ်ကိုမ၍အပြင်သို့ ပန်းထွက်စေလေရာ နို့ရည်တို့သည် မြေကြီး ထဲသို့စိမ့်ဝင်ပြီး နက်မှောင် ပြော့ပြောင်းသောအကွက်ကလေး တခုဖြစ်သွားလေ၏ ။ ခလေးငယ် ကား ၀လည်းဝ သဘောလည်းကောင်း မိခင် တိုက်ကျွေးသော မကုန်မခမ်းနိုင်သည် နို့ချိုရည် ကို သောက်စို့ လျက် နေ လေ၏။

မိန်ရာသီ မှ ဟေမန္တသို့ ကူးပြောင်းခဲ့လေရာ ထိုရာသီအတွက် အသင့်ပြင်ဆင်ပြီးသား ရှိကြလေ၏ ဤသို့သော အသီးအနှံပေါ်ချိန်မျိုးကို တခါဘူးမျှမကြုံဘူးခဲ့ကြ အခန်း ၃ ခန်းရှိသော အိမ်ကလေး တခုလုံး မှာ ပြည့်လျှံ၍ နေလေ၏ သက်ကယ်မိုး၏ ထုတ်ရောက်များတွင် ကြက်သွန်ဖြူ ကြက်သွန်နီများကို ကြိုးတွေနှင့် ချိတ်ဆွဲထားလျက် အလယ်ခန်း တ၀ိုက်အဘိုးကြီး၏ အခန်းနှင့် သူတို့၏အခန်းများတွင်လည်း ကြူပင်တို့ဖြင့်ယက်၍ ပြုလုပ်ထားသော ကျီကြီးတို့ဖြင့် ဆန်တွေ ဂျုံတွေအပြည့် ရှိနေလေ၏ အားလုံး လိုလိုပင် ရောင်းချရန်ဖြစ်စေကာမူ ၀မ်လန်းမှာစေ့စပ်သေချာ မြောက်မြင်ဥာဏ်ဖြင့်ပြည့်စုံသူ တစ်ဦး ဖြစ်ရကား အခြားရွာသားများကဲ့သို့ အလောင်းအစားတွင် အချိန်မကုန်ဘဲ၊ စပါးပေါ် ပေါက်ခြင်း လည်း ဈေးနည်းနည်း နှင့် မရောင်းချမှု၍ စပါးနှင့်ဂျုံများကို လှောင်ထားကာ ဆောင်းရာသီ နှင့်ပွင့်တွေ တဖွေးဖွေး ဖြစ်လျက် ဈေးကလေးလှုပ်လာမှသော်၎င်း၊ သို့မဟုတ်နှစ်သစ်ကူးလာမှသော်၎င်း၊ မြို့က လူတွေ ဘယ်ဈေးနှင့် ဖြစ်ဖြစ် ပေး၍ စားသောက်ကြ သည့်အခါမှ ထုတ်၍ ရောင်းချလေ့ရှိ၏။

၎င်း၏ ဦးလေးဖြစ်သူကား အစဉ်သဖြင့် လိုလိုပင် စပါးတွေ မမှည့်ဝင်းမရိပ်ဖြစ်ရမီကပင် သူ့စပါးများ ကိုရောင်းပစ်လေ့ ရှိလေသည်၊ တခါတရံ ၎င်း၏ လက်ထဲတွင် ငွေကလေး အသုံးလို လာတိုင်းပင် ရောင်းပစ်သည် သာများ၏ ၎င်း၏မယားမှာ မိန်းမလိမ်မာတယောက် မဟုတ်မူ၍ လူဝသလောက် မိုက်မဲ အပြင်း ထူကာ ဟိုဒင်းစားချင် ဒီဒင်းစားချင်နှင့် ပါးစပ် အငြိမ်မနေ လျှာသရေယို သည်ကတစ်မျိုး ဘိနပ် အသစ် ကလေးများ ပေါ်လျှင် ၀ယ်စီးလိုက်ချင်သည့် အာသာက တဖုံ အမျိုးစုံအသုံးဖွာသည့် မိန်းမ တယောက် ဖြစ်ပေ၏ ၀မ်လန်၏ ဇနီးသည်ကား လင့်အတွက်ရော ယောက္ခမအတွက်ရော သူ့အတွက်ရော ခလေး အတွက်ရော စီးဘို့ဘိနပ်များကို သူကိုယ်တိုင် ချုပ်ရှာ၏။

သို့သော် မယား သယ် က  ဘိနပ် ဝယ်စီးချင်သည် ဟူ၍ ပူစာလျှင် သူဗျာများနေမည်မှာမလွဲပေ။
သူ့ဦးလေး ၏ အိမ်အို အိမ်မင်းကြီး၌ကား ထုတ်ရောက်များတွင် ဘာတစ်ခုမျှ ဆွဲချိတ် ထားဘူးသည် မရှိပေ၊ သူ့အိမ်တွင်မူ တခါက သူ့အိမ်နီးချင်းချင်း၏ ၀က်တကောင် အနာတခုရ၍ သေအံ့တော့ ဆဲဆဲ သတ် ရောင်းသည်ကို ၀ယ်ယူစားလိုက်သည့် ၀က်ပေါင် တပေါင်ပင် ရှိနေပေသေး၏ ၀က်မှာ အသားမလျော့မီ အသတ်ခံ ရခြင်းဖြစ်ရကား ၀က်ပေါင်မှာ အတော်ပင်ကြီးလျက် "အိုလင်" သည် ဆားနယ်ပီး အခြောက် လှမ်းထားခြင်း ဖြစ်ပေသည်။

ထို့နောက်လည်း အိမ်က ကြက်နှစ်ကောင်ကို သတ်၍ အမွေးမနုတ်ဘဲ အူနှုတ်ဆားသိပ်ခါ အခြောက် လှမ်းထား သည်လည်း ရှိသေး၏။
သို့ဖြစ်လေရာ ဆောင်းလေတွေမြူးလျက် တဖြည်းဖြည်း အဧဓါတ်ဝင်လာသော ဆောင်းတွင်းသို့ ရောက် စေကာမူ သူတို့မှာ စားဘို့ သောက်ဘို့ အတွက် မပူမပင်ရဘဲ စားနပ်ရိက္ခာတွေ အပြည့်ရှိ နေသော အိမ်ထဲတွင် ဧချမ်းစွာ နေထိုင် စားသောက် ကြရလေ၏။

သူတို့သား ကလေးပင်လည်း ထိုင်နိုင်စ ပြုလာလေ၏ ခလေးအသက် တလတိတိပြည့်သော မွေးနေ့တွင် ခလေး အသက်ရာကျော် ရှည်ပါစေ ဟူသော ဆုတောင်းအထိမ်းအမှတ် အဖြစ်ဖြင့် သူတို့ လက်ထပ်သည့် ညက ဘိတ်ခေါ် ကျွေးမွေး ခဲ့သူများအား တဖန် ထပ်၍ ဘိတ်ခေါ်ပြီး ဖက်ထုပ်များ ကျွေးကာ တဦးလျှင် ဆေးနီ ထိုးထား သည့် ဘဲဥ ၁၀လုံး စီကမ်းလေ၏၊ လာရောက်လယ်ပတ် စကားကောင်းဆိုကြသော အခြား ရွာသူရွာသား များကိုလည်း တဦးလျှင် ဘဲဥ ၂လုံး စီ ကမ်းသေး၏၊ လာရောက် ကြသူ တိုင်းကလည်း ၀၀ ဖိုင့်ဖိုင့် လမင်းကြီး လို ၀ိုင်းဝိုင်း စက်စက် မျက်နှာကြီးနှင့် သူ့အမေလို မေးရိုးကြီးကြီး ရှိသော ခလေး ကို ကြည့် ကာ ၀မ်လန်းကို အားကျ၍ လာကြလေ၏။

ယခုအခါ ချမ်းဧလာပြီဖြစ်ရာ၊ မြောက်ဘက်ကလေရူးက မည်သို့ပင် မြူးဝှေ့၍ ခေါင်းနှင့်တအားတိုက် စေကာမူ အိမ်အုဌ်ထရံကြီးက  နင့်လောက်လား ငါ့လောက်လား၊ အင်အား နှင့် ခြေကန်၍ တောင့်ခံ ပြီးသား ရှိနေရကား၊ ဧရမုန်းပင်မသိတော့ နေရောင်ခြည် ၀င်စေဘို့ တောင်ဘက်က တံခါး ကို ဖွင့်ထားရာ၌လည်း နေရောင်ခြည် က လိုလိုချင်ချင်နှင့်ပင် ထိုးပြူ ၀င်ရောက်နေပြန်သည့် အတွက် အနွေး ဓာတ်နှင့် အလင်းရောင် အား နှစ်အားဆောင်ကာ ရရှိပြန်လျက် ၀မ်လန်းမှာ ဂွမ်းစောင် ဖြင့် ခင်းအပ်သော မြေကြမ်းပြင် အထက်တွင် မကြောင့်မကျ မပူမပင် နေထိုင်လေ၏။
အိမ်တစက်မြိတ်နားက စွန်ပလွံပင် နှင့် လယ်စောင်းက မိုးမခပင် မက်မုံးပင် များသည် ရွက်ဟောင်း တွေ ကျွေကျပြီ ဖြစ်၏၊ အိမ်အရှေ့ဘက်က ၀ါးရုံပင် ခတ်ကြဲကြဲ ကလေးမှ ၀ါးရွက်များသာ လေအဟုန် က အားသစ်လောင်း ၍ တအား တိုက်ချွေသည့်တိုင် အညှာမကျွေ တွဲလောင်းပင် နေကြ လေ၏။

ဤမျှ ချောက်သွေ့ နေသော လေဖြင့်၊ ကွင်းထဲတွင် ပျိုးကျဲ ထားသော ဂျုံစေ့ များမှာ အညှောင့်ထွက် ဘို့ ခဲယဉ်း လှပေရာ ၀မ်လန်း မှာ မိုးအရွာကိုသာ တကြောင့်ကျကျ စောင့်မျှော်နေကာ ထောင် တက်လာသည့် နေ့တစ်နေ့တွင် လေပြင်းကလေး ခက်သွက်ငြိမ်သက်သွားပြီးနောက် အငွေ့ဖြင့်နွေးလာလေရာ တအိမ်လုံးမှာ နေသာထိုင်သာရှိလာကြလျက်၊ ဒလဟောအားသွန်ကာ ဖြောင့်ဖြောင့်တန်းတန်းကြီး ကျဆင်း နေသော မိုးရေတွေ လယ်ကွက်တွေထဲသို့ ငုတ်လျှို့တိုးဝင် နေကြသည်ကို၎င်း၊ အိမ်တစ် စက်မြိတ်မှ တဖြုန်းဖြုန်း ကျဆင်းလာနေသော မိုးပေါက်များကို ၎င်း ကြည့်ကာ ပီတိလျှပ်စစ် ပတ်ရစ် လှိုက်ဆူ နေကြလေ၏။

ခလေးငယ် ကား ကြီးစွာသော အံ့ကြခြင်းဖြင့် လက်ကလေးများကို ဆန့်တန်းလျက် ငွေပြားတွေပမာ ကျဆင်း လာသည့်မိုးရေတို့ကို ကိုင်တမ်းလေ၏ ထို့နောက် ရယ်လေ၏ ထိုအခါ လူကြီးများပါ အတူ ရော ကာ ရယ်ကြလေ၏။ အဘိုးကြီးက ခလေးအနီးကြမ်းပေါ်တွင် ဆောင့်ကြောင့်ထိုင်လိုက်ရင်း။
"ဒီခလေးလို ခလေး ဒီပြင်ရွာတွေ တဒါဇင်မှာတောင် မရှိဘူးကွကြည့်စမ်း ငါ့ညီရဲ့သားသမီးတွေများ ဖြင့် လမ်းမလျှောက်နိုင်ခင် ဒီအရွယ်မှာ ဘာဆိုဘာမှ သိကြတာမဟုတ်ဘူး" ဟု ပြောလေ၏
ဤသို့ဖြင့် လယ်ကွက် တွေထဲတွင် ဂျုံစေ့များမှာ အညှောက်တွေ ပေါက်လျက် နုထွဋ်သော အစို့စိမ်း စိမ်းကလေး များပင်လည်း စွတ်စို ညိုမှောင်သော မြေမှ လှံသွားများ ပမာ ထိုးထိုးထောင်ထောင် ထွက်ပေါက်၍ လာကြလေ၏။

ထိုအချိန်မျိုး၌ အိမ်တိုင်း လိုလိုပင် ဧည့်မပြတ် အောင်ရှိလေ၏ အကြောင်းမူ လယ်လုပ်သားတိုင်း ၏ စိတ်၌ "ဘုရားမလို့မိုးရွာတာဘဲ" ဟု အလွန်အကြူး ၀မ်းမြောက်ခြင်း ဖြစ်နေကြလျက် ယခုအချိန်မှာ လယ်တွေ ရေလိုချိန် ဖြစ်သည့် အတိုင်း မိမိတို့ကိုယ်တိုင် ကျောရိုး ကျိုးလုမတတ် ရေထမ်း၍ မလောင်းရဘဲနှင့် လယ်တွေ အလိုလို ရေ၀အံကိုက် အဆင်ပြေ သွားခြင်းကြောင့် ဆီစိမ်စက္ကူထီးကြီး များကို ဆောင်းကာ လယ်ကန်သင်း တွေပေါ်တွင် လူးလာတုံ့ပြန် တအိမ်ဝင် တအိမ်ထွက် လဘက်ရည် ကြမ်းဝိုင်း ထိုင်လိုက်နှင့် ပျော်မြူး နေကြသည်ဖြစ်၍ အိမ်တိုင်းတွင် ဧည့်စီကားနေကြလေ၏။
ဝမ်လန်း ဇနီးသည်ကား အိမ်ထဲမှာပင် ကုပ်နေလျက် ဘိနပ်များချုပ်ရင်း အကျီတွေ ဖါထေးရင်း နှစ်သစ်ကူး အတွက် အကျွေးအမွေး လုပ်ရန် စိတ်ကူးကြံစည် ၍သာ နေလေသတည်း။

ဝမ်လန်တို့ ဇနီးမောင်နှံကား သူများတွေလို မကြာခဏ အိမ်လည်ပတ်ခြင်း မပြုကြပေ၊ အိမ်စု ကလေး ၆အိမ် လောက်ရှိသော ရွာကလေး တွင် သူတို့ အိမ်လောက် နေခင်းထိုင်ခင်းသာလျက် သူတို့အိမ် လောက် ပြည့်စုံကြွယ်ဝ သော အိမ်ဟူ၍ တအိမ်တလေမျှ မရှိရကား ၀မ်လန်းမှာ အခြားသူများ နှင့် အလွန်အကြူး ခင်မင်ရင်းနှီး သွားမိလျှင် အချေးအငှား ထူလာမည်ကိုလည်း စိုရိမ်မိလေ၏၊ နှစ်သစ်ကား ကူးတော့အံ့၊ သူလိုချင် သော အ၀တ်သစ် အစားသစ် များနှင့် သူကျွေးချင်သော စားဘွယ်သောက်ဖွယ် များအတွက် သူကဲ့သို့ မည်သူသည် ငွေကုန်ခံနိုင် လိမ့်မည်နည်း။

ဝမ်လန်းမှာ အိမ်ထဲတွင်သာ ကုတ်နေလျက် ဇနီးသယ်က အကျီဘောင်းဘီတွေ ဖါထေးချုပ်လုပ်နေ သည့် အချိန်တွင် သူကထွန်ခြစ်ကို ယူပြင်၏ ကြိုးတွေပြတ်နေသည်ကိုတွေ့လျှင် သူ့ခြံမှထွက်သော ပိုက်ဆံကြိုးဖြင့် အသစ်တခုကို သတ်ရိုက်၍ထည့်လေ၏၊ သူကလယ်နှင့်စပ်ဆိုင်သော ကိရိယာတွေ ကိုပြုပြင် မွမ်းမံ နေသည့်အချိန်၌ သူ့ဇနီး "အိုလင်"က အိမ်မှုကိစ္စ အ၀၀ကို မလပ်အောင်ပြုလုပ်လေ ၏၊ စဉ့်အိုး ပေါက်နေလျှင် အခြားသော အိမ်သူများကဲ့သို့ လွှင့်ပစ်ပြီး အသစ်တလုံး ထပ်ဝယ်ရန် စိတ်မကူး မြေကြီးနှင့် မြေစေး ကို စရနယ်၍ အပေါက်တွင် ဖါထေးကာ မီးကလေးပြလိုက်ရုံမျှနှင့် အသစ်နှင့် မခြား ပြန်၍ အသုံးပြုနိုင်လာ၏။

ဤသို့ဖြင့် ဇနီးမောင်နှံ နှစ်ယောက်တို့မှာ အိမ်ထဲကအိမ်ပြင်မထွက် အိမ်တွင်းပုန်းများလုပ်နေလျက် တယောက် က ပြောသည်ကိုလည်း တယောက်ကနာခံလိုက်လျောခြင်းဖြင့် နေထိုင်လာကြရာ၌ ပြောကြ ဆိုကြ သော စကားများမှာလည်း ထူးထူးထွေထွေ ဆန်းဆန်းပြားပြားများ မဟုတ်လှ။

"မင်းဟိုကျီကြီးထဲက ပျိုးကျဲဘို့ မျိုးယူထားလိုက်သေးသလား"ဟူ၍ ၎င်းသို့မဟုတ်မူ-
"ဒို့ကောက်ရိုးတွေ ရောင်းပစ်ပြီးပဲကိုင်းခြောက်တွေ ထင်းစိုက်ပစ်ရအောင်"ဟူ၍ ၎င်း၊ သို့တည်း မဟုတ်ပြန် မူ ၀မ်လန်းက-
"ဒီနှစ်ကျမတို့ ဆန်မှုံ့ကောင်းကောင်းရတာကိုး"ဟူ၍ပြေပြေပြစ်ပြစ် ဖြေလိုက်ခြင်းဖြင့်သာ စကား အချီအချ ပြီးဆုံး သွားကြသည်ဖြစ်၏။

ထိုနှစ်အတွက် လယ်ထွက်သီးနှံ အားလုံးရောင်းရသောငွေမှာ သူတို့တောင့်တခြင်းထက်ပင် ပိုနေလျက် ဒေါ်လာ ဒင်္ဂါး လက်တဆုတ်ခန့်ပင် ရရှိပိုက်မိရကား ၀မ်လန်းမှာလက်ထဲတွင် မထားရဲ အောင် စိတ်ချောက် လာလျက် မယားမှတပါး မည်သူ့အားမျှ အသိမပေးရဲအောင် ရှိနေလေ၏။ လင်မယား ၂ယောက် ခေါင်းချင်းရိုက်လျက် နောက်ဆုံးတွင် သူငယ်မက အကြံရကာ သူတို့ အိပ်ရာ ခြေရင်း ထရံနား၌ တွင်းတခု တူးလျက် ပိုက်ဆံများကိုမြုပ်ပြီးအပေါ်က မြေထပ်ဖို့ထားလိုက်သည်တွင် နေရာမပျက်မြေပြင်အတိုင်း ထိုနေရာ ကလေးမှာ တိတ်တိတ်ပုံး ချမ်းသာခြင်းကို ဖေါ်ပြနေလေ၏၊ သို့ဖြစ်လေရာ လိုသထက် ပိုနေသော ငွေကလေး ရည်တတ်လာခြင်းအတွက် ၀မ်လန်းမှာ သူငယ်ချင်း အပေါင်းအဖော်တွေ အကြားသို့ လျှောက်သွား မိသည့် အခါများတွင် စိတ်ပေါ့ကိုယ်ပေါ့နှင့် စိတ်ဧလက်ဧ လျှောက်နိုင် လာလေ တော့ သတည်း။

ငါး

နှစ်သစ်ကူးပွဲ တဖြည်းဖြည်း နီးကပ်လာပြီဖြစ်၍ အိမ်တိုင်း၌ပင် ပွဲတော် အတွက် ဆင်ပြင်လုပ်ကိုင် နေကြလေ၏၊ ၀မ်လန်းသည် မြို့ကိုတက်ခဲ့ပြီး ဖယောင်းတိုင်ဆိုင်မှ "ကိုယ်စိတ်နှစ်ဖြာသော စာလုံးများကို ရွှေမှင် ဖြင့် ရေးထားသည့် စာရွက်နီများ ဖွင့်ဖြိုးတိုးတက်ပါစေတော့ဟု လယ်နှင့်စပ် ဆိုင်သော ပစ္စည်း ကရိယာ များ အပေါ်၌ လျှောက်ကပ် ထားလေ၏၊ ထွန်တုံးပေါ်တွင်၎င်း နွားတံပို့ပေါ် တွင်၎င်း ထိုစာရွက်နီ များကို တခုစီ လျှောက်၍ ကပ်လေ ထိုနောက် အိမ်တံခါး များတွင်လည်း မှတ်သား ဖွယ် စကား လင်္ကာကလေးများ ကို၎င်း၊ သူ့အခန်းဝ၌လည်း စက္ကူပန်းနီရဲရဲကြီးကို၎င်း ကပ်ပြန်၏။

၎င်းပြင် နတ်ရုပ်များအတွက် ၀တ်လဲတော် အသစ်ဆက်ရန် စက္ကူနီများလည်း ၀ယ်ယူခဲ့လေရာ သူ့အဖေက တုန်ချိ နေပြီဖြစ်သော လက်များဖြင့် ကျွမ်းကျင်စွာ ကိုက်ဖြတ် ကော်ကပ် ပြုလုပ်ပေး သည်ကို ယူလျက် နတ်ကွန်း သို့သွားပြီး ဆက်လေ၏ ထို့နောက် နှစ်သစ်ကူးအတွက် အမွေးတိုင် အနည်းငယ်ဖြင့်လည်း ပူဇော် ခဲ့ပေ သေး၏ အိမ်အတွက်မူ အလယ်ခန်း ထရံတွင် ကပ်ထားသည့် ဘုရားကား၏ အောက်မှ စားပွဲပေါ် တွင် ဖယောင်းတိုင် အနီကလေး ၂တိုင်စိုက်ကာ ထွန်းညှိပူဇော် ပြန်လေသည်။"

ထို့နောက် ၀မ်လန်းသည် မြို့ကိုတက်ပြန်ပြီး ၀က်ဆီခေါက်နှင့် သကြားများ ၀ယ်ယူပြန်ရာ ဇနီးသယ် က ၀က်ဆီခေါက် ကို အမွေးတွေ စင်အောင်နှုတ် ဖြူဖွေးလာအောင် ပြုပြင်လျက် အိမ်ကမောင်းဆုံ တွင် ထည့်၍ ထောင်းသော ဆန်မှုန့်ထဲ၌ အဆိုပါ ၀က်ဆီနှင့် သကြား ကို ထည့်၍ စရနယ်ကာ ဟွမ်၏ အိမ်ကြီး တွင် အမြဲစားလေ့ ရှိသော လမုန့် များကို နှစ်သစ်ကူး အတွက် ပြုလုပ်လေ၏၊
မုန့်များကို ဖုတ်ပြီး လှီး၍ စားပွဲပေါ်၌ တင်ထားသောအခါ ၀မ်လန်း၏ စိတ်ထဲတွင် သွေးများပင်ကြီး လျက် ၀မ်းသာလုံး ဆို့သွားလေ၏၊

သူဌေးစား မင်းစား ဆင်းရဲသား ပမွှားများဆိုလျှင် လားလားမျှ မစား နိုင်သော ဤမုန့်မျိုးကို သူ့ဇနီးကဲ့သို့ ကင်နိုင် ဖုတ်နိုင် ကျွမ်းကျင်စွာ လုပ်နိုင်သူ ဤရွာထဲတွင် တယောက်မျှ မရှိဟုလည်း ထင်မိလေ၏၊ သူငယ်မ ကား အချို့သောမုန့်များ၏ မျက်နှာတွင် ဆေးနီ အတန်း ကလေးများဆိုးလျက် စပျစ်သီးချောက် များဖြင့် ပန်းပွင့် ပန်းကွက် ကလေးများဖြစ်အောင် ချယ်စီထားလေ၏။
"စားတောင် မစားရက်ပါဘူးကွာ"ဟု ၀မ်လန်းကပြောလိုက်လေ၏ ။

အဘိုးကြီးမှာလည်း တောက်ပဆန်းကျယ် ရောင်စုံတွေ ချယ်ထားသည်ကိုမြင်ရ၍ အူမြူးနေသော ခလေးငယ် ပမာ စာပွဲဘေး ပတ်ပတ်လယ် ပတ်ချာလှည့် လျက်။
"ဟေ့ မင်းဦးလေး နဲ့ သူ့ခလေးတွေ ခေါ်လိုက်စမ်းပါအုံးကွာ သူတို့လဲကြည့်ကြပါစေ"ဟု ပြောလေ၏၊
သို့သော် စီးပွားအနည်းငယ် တက်လာခြင်းမှာ ၀မ်လန်အား အရာရာ စိတ်မချနိုင်အောင် ဖြစ်နေစေ လေ၏ မုန့်လုပ်ခြင်း ကို ကြည့်ဘို့ရန် ကိစ္စကလေး အတွက် ဆင်းရဲသား လူဆာလောင် တို့အား အိမ်ထဲ ခေါ်မသွင်း လိုပေ။

"နှစ်မဆန်းခင် မုန့်တွေ လူမြင်တာ နိမိတ်မကောင်းပါဘူး အဘရ"ဟု ကမန်းကတန်း ပြောလိုက်လေ၏၊ ထိုအခါ လက်နှစ်ဘက် စလုံးတွင် ဆန်မှုံ့တွေ ၀က်ဆီတွေ စေးကပ် ပေကျံ နေသော သူငယ်မက။
"ဒါတွေက ကျုပ်တို့စားဘို့ မဟုတ်တော့ဘူး ဟောဟိုဆေးမဆိုးတဲ့ မုန့်ရိုးရိုးထဲက တခုနှစ်ခု လောက်ဟာ ဧည့်သည် တွေ မြီးချင်မြီးကြ ပါစေဆိုပီး လုပ်တာ၊ ဒီ ၀က်ဆီတို့ သကြားတို့နဲ့ လုပ်တဲ့ မုန့်မျိုး လဲကျုပ်တို့နဲ့မတန်သေးပါဘူး၊ ကျုပ်လုပ်နေတာက  ဟိုအိမ်ကြီးက ကျုပ်သခင်မကြီး စားဘို့ လုပ်နေတာ နှစ်ဆန်း ၂ရက်နေ့မှာ ကျုပ်သားကလေးနဲ့ ကျုပ်ဒီမုန့်တွေကို သခင်မကြီးဆီ သွားပေးပြီး လက်ဆောင် ပေးမလို့တော့"ဟု ပြောလေ၏။

သို့ဖြစ်လေရာ မုန့်များမှာ မူလထက်ပင် ပို၍အရေးပါအရာရောက်လာပြန်လျက် ၀မ်လန်းမှာ ယခင် တလော က မိမိကြောက်ကြောက်ရွံ့ရွံ့နှင့် ရပ်နေခဲ့ရသော ထိုအိမ်ကြီး၏ အခန်းကြီးထဲသို့ ယခုအခါ မိမိ၏ ဇနီးသယ် သည် သားကလေးကို ပိုက်လျက်အ၀တ်အစား နီနီရဲရဲများကို ၀တ်ဆင်ပြီး သော် အကောင်းဆုံး ဆန်မှုံ့ များ သကြားများ ၀က်ဆီများဖြင့်  ပြုလုပ်သည့် လမုန့်တို့ကိုလည်း လက်ဆောင် ပေးရင် ဧည့်သည် တဦးအနေ သွားရောက်ရမည့်အဖြစ်ကို  တစိမ့်စိမ့်တွေးရင်း ၀မ်းသာအားရ ပီတိ ဟုန်ကြွ ၍ နေလေ၏။

နှစ်သစ်ကူးနှင့် စပ်လျဉ်းသော ကျန်ကိစ္စဟူသမျှမှာ ထိုအိမ်ကြီးသို့ အလယ်အပတ် သွားရမည့် ကိစ္စ ပေါ်ပေါက် လာသည်နှင့် တပြိုင်နက် ကျားအပေါ်လာ နွားအော်ကာ ပြေးရသကဲ့သို့ မြုပ်ကွယ် ပပျောက် ကုန်ကြလေ၏၊ အိုလင်ကိုယ်တိုင် ချုပ်ပေးထားသော ဖျင်ကုတ်အင်္ကျီအနက်ကြီး ကို ၀တ်ကြည့်ရင်းလည်း ၀မ်းလန်းမှာ "ငါသူတို့ကို ဟိုအိမ်ကြီး လိုက်ပို့တဲ့ အခါကျမှ ၀တ်မယ်"ဟု ကြုံးဝါး နေလေ၏။

ဆက်ရန်
.

No comments: