ရဟန်းခံပြီးနောက်အစီအစဉ်သစ်များ
နေ့စဉ်ဇရပ်မှ ဆွမ်းကိစ္စအတွက်ကို ဆောင်ရွက် ကြသည်။ သီလရင် ဆရာကြီးများကလည်း ထုံးစံအတိုင်း ဆွမ်းစားကျောင်း၌ ဆွမ်းကိစ္စ ဆောင်ရွက်ကြသည်။ မြို့ပေါ်မှ ဆိုင်ရာ ဆိုင်ရာ တို့ကလည်း နည်းများ မဆို လာရောက် ပို့လှူကြသည်။ ရဟန်းတော် များသည် တရားအားထုတ်နေ ကြောင်း သိရှိရပါသည်။
အချို့ ဒုလ္လဘ ရဟန်းများက ၎င်းတို့အလုပ်ကိစ္စများကြောင့် ခုနှစ်ရက်လောက်သာ သင်္ကန်းနှင့် နေနိုင်မည် ဖြစ်သည်။ ရဟန်းကြီးကတော့ အလုပ်ကိစ္စတွေ ပြန်မကြည့်သော်လည်း ဖြစ်သည်။ သို့အတွက် နိဗ္ဗိန္ဒ ချောင်မှာ အနည်းဆုံး တလလောက် သင်္ကန်းဝတ်နှင့် တရားအားထုတ်စေလို ကြောင်းပြောထားရသည်။ နေဦးမည်ဟုလည်း ၀န်ခံပါသည်။ ကျမကနောက်ထပ် အစီအစဉ် ပြုထားသည်မှာ နီဗ္ဗိန္ဒချောင်မှာ တရား အားထုတ်ပြီးသောအခါ သင်္ကန်းဝတ်နှင့်ပင် ရန်ကုန်သို့ပြန် လာပြီးနောက် မန္တလေးသို့သွားကြမည်။ မန္တလေး ကို ဗဟိုပြုလျက် မုံရွာ ဖိုးဝင်းတောင် ဘက်သို့ ၎င်း၊ ပုပ္ပါး ကျောက်ပန်းတောင်း ဘက်သို့၎င်း၊ ကလော၊ ပင်းဒယ စသည့်အလှူကောင်းမှု ပြုထားသမျှ မြို့များသို့ ကားလမ်း တလျှောက်မှ သွားကြဖို့ ဖြစ်ပါသည်။
ထိုမြို့ရွာဒေသတို့မှ အသိမိတ်ဆွေများကလည်း ရဟန်းဝတ်နှင့်ဦးပဉ္စင်းကြီးကို ကြည်ကြည်ညိုညို ဖူးမျှော် ကန်တော့ လိုကြပါသည်ဟု ဆိုသည်။ ကျမက ဤသို့ အမြို့မြို့လှည့်သည် သွားလာနေခြင်း အတွက် ရက်ညောင်း ၍ သင်္ကန်းဝတ်ဘ၀နှင့် တလမှ နှစ်လသုံးလသို့ တိုင်ရောက်လာအောင် ဆွဲဆောင် ပေးလိုသော ရည်ရွယ် ချက်ကြောင့် လည်းဖြစ်ပါသည်။
ထို အစီအစဉ်များ ပြီးသောအခါ ကျမနှင့် အတူပါလာသော မိန်းမဖေါ်များမှာ အလုပ်တာဝန် ကိုယ်စီ နှင့် ဖြစ်ကြသော ကြောင့် ရဟန်းခံ ကိစ္စပြီး၍ ၄-၅ရက်ကြာသောအခါ ရန်ကုန်သို့ပြန်လာခဲ့ ရပါသည်။ သို့ရာ တွင် ဦးပဉ္ဇင်းကြီး တရားအားထုတ် နေဦးမည်ဆိုသော တလအတွင်းမှာ သီတင်းတပါတ်လျှင် တကြိမ် လောက် ပြည် နှင့် ရန်ကုန်သို့ ကူးချည်, သန်းချည် ပြုနေမည် ဖြစ်ပါသည်။

ကျမ ပြန်လာသော အခါ နိဗ္ဗိန္ဒချောင်ဇရပ်မှာ နေရစ်သော လူများအတွက် ချက်ပြုတ်စားသောက်ရန် မှအစ ဆွမ်းကွမ်း ကိစ္စများ ကိုပါ လိုလေသေးမရှိ စီမံလွှဲအပ် ထားခဲ့ပါသည်။ ပြန်လာသော အခါက ကျမနှင့် မိန်းမဖေါ် သုံးဦးနှင့် ကားနီကြီးကို (၇)နှစ် အလုပ်သက် ရှိနေသူ ဒရိုင်ဘာ က မောင်းပါသည်။ ကားတစီးနှင့် မိန်းမ တွေချည်း ပြန်လာရသော်လည်း ကြောက်ရွံ့စိတ်ဟူ၍ စိုးစဉ်းမျှမရှိခဲ့ပါ။
ရွှေတောင်နှင့်ပေါင်းတည်ကြား တောင်တန်း တောအုပ်မှာ နာမည်ကြီးလှသော နေရာဖြစ်ပါသည်။ မကြာ ခဏ ဒမြတိုက် လုယက်မှု ပစ်ခတ်မှု တွေများသော နေရာ ဖြစ်စေကာမှု ကားအဖေါ်အုပ်စု မပါပဲ အေးဆေး စွာ ဖြတ်ကျော် လာခဲ့ပါသည်။
ကောင်းမှုကုသိုလ်တရားပွားများဝမ်းမြောက် လာခြင်းအတွက် လမ်းပန်းခရီးမှာ စိုးရိမ်ကြောင့်ကြမှု စိတ်များ အလျဉ်း မ၀င်လာပဲ ရှိသည်။ မတော်တဆ တွေ့ရမည့်ရန်ကို ကြိုတင်ပူပင်ရမှန်း ပင် သတိမရစေကာမှု အတွင်း ရန်သူမှန်း မသိရသေးသော သူတယောက်က ကားရှေ့ထဲမှာပဲ ပါခဲ့လေသည်။ သို့သော် ထိုအချိန် ထိုအခါမှာ မကြံသာသေး၍ နေးသေးသပ ချုံထဲကဆိုသော ဥပမာကဲ့သို့ ဖြစ်နေပုံရ ရပါသည်။ ညနေ ၄-နာရီလောက် မှာတော့ ရန်ကုန်အိမ်သို့ ပြန်ရောက်ခဲ့ပါ သည်။
ရဟန်းခံ ကိစ္စနှင့်ပတ်သက်၍ သတင်းစာမှပါရှိတွေ့မြင်ရသူ အသိမိတ်ဆွေများက လာရောက်မေး ကြ မြန်းကြ သည်။ နောက်တခါပြည်သွားလျှင် သူတို့, သူတို့က လိုက်ပါရစေဆိုလာသည်။ တချို့က ဘယ်တော့ ပြန်လာမည်ဆိုသည်ကို လာမေးပါသည်။ ကျမက တလလောက် တရား အားထုတ်နေ လိမ့်ဦး မည်ဟု ဆိုသောအခါ သာဓုအနုမောဒါနာ ပြုကြပါသည်။ ကောင်းသောသတင်းနှင့် ကောင်းသောသာဓု ခေါ်သံ များကို ကြားရသော ကျမအဖို့ နှစ်နှစ် ချိုက်ချိုက် ကြေနပ် လိုက်မိပါ သည်။
အလုပ်တိုက်အဖွဲ့ အယ်ဒီတာ အဖွဲ့ကလည်းနောက်တစ်ကြိမ် ကျမသွားလျှင် သူတို့ အလှည့်ကျ လိုက်ပါ ရစေ ဟု ဆိုသည်။ သူတို့ဆရာကို ကြည်ညိုလိုကြသည်။ ကျမ ပြန်ရောက်သော နေ့ရက်မှစ ၍ ပြည်မြို့မှ အမြဲ သတင်းစာတိုက် ကို သတင်းပို့သည့် အထည်း မှာ ဦးပဉ္ဇင်းကြီး ပြည်မြို့ထည်းမှာ ဆွမ်းခံကြွသည်၊ ဆွမ်းစား ကြွသည်၊ ဘယ်နေ့, ဘယ်ရက်မှာ တရားပွဲ ကျင်းပမည်။ စသည်- စသည်ဖြင့် သတင်းများ ရောက်လျက် ရှိပါသည်။ အချိန်ရှိခိုက် တည်တည်- ငြိမ်ငြိမ် တရားအားထုတ် နိုင်သမျှ ကုသိုလ် ဖြစ်ရမည် ဆိုပြီး ရက်ရှည်ရှည် နေနိုင်သလောက် တရားအားထုတ် စေလိုသော ဆန္ဒအတိုင်း ဤ အသိုင်းအ၀ိုင်း နှင့် ဆိုလျှင် နိဗ္ဗိန္ဒချောင် မှာ တလှမျှသော အချိန်အခါသည် ဘယ်လောက်မျှ ကြာလိမ့်မည် မထင်ခဲ့ပါ ကျမက နောက်သီတင်းပတ် မှာ ပြည်ကိုတခေါက်သွားဖို့ ပင် ရာထားပြီးပါပြီ၊ လိုက်မည့်သူကိုလဲ စီစဉ်ဆဲဖြစ် ပါသည်။
လှူဒါန်းရန်ရည်မှန်းထားသော ပစ္စည်း
ယင်းသို့ကျမက နောက်သီတင်းပတ်တွင် ပြည်မြို့သို့သွားမည်ဟု ရည်ရွယ်ထားဆဲမှာပဲ နိဗ္ဗန္ဒချောင်နှင့် မလှမ်း မကမ်းမှာ တည်ရှိသော ပါဒကြီး ဘုရားပျက်စီးနေသည်ကို ပြုပြင်တည်ထား လှုဒါန်းရန် စီမံဖို့ ကိစ္စ ကလည်း ခေါင်းထဲမှာ ၀င်လာပြန်ပါသည်။
ဤမျှ မကသေးပါ၊ အနှစ်နှစ် အလလ က ကျမ ရည်စူးထားခဲ့သော လှူဒါန်းရေး ကိစ္စကြီး ကိုပါ ထည့်သွင်း စဉ်းစားလျက် အပြီးအစီး ပြုလုပ်ရန် ဆုံးဖြတ်ချက် ချလိုက် မိပါသည်။ ထိုကိစ္စ များမှာ ယခုမှ အကြံရခြင်း မဟုတ်ပဲ စီမံကိန်း ရေးဆွဲ ညှိနှိုင်းဆဲ ကိစ္စကြီးလည်းဖြစ်ပါသည်။ အပြည့်အစုံဖေါ် ပြရမည်ဆိုလျှင် ကျမ အသက် ထင်ရှား ရှိနေစဉ် အချိန်ကပင် ကျမနှင့် စပ်ဆိုင်သမျှ ပစ္စည်း အ၀၀တို့ ကို ကုသိုလ်ပြုဖို့ စီမံ ခဲ့လိုခြင်း ဖြစ်ပါသည်။
ယခု ကျမနေထိုင်လျက် ရှိသောအမှတ် ၄-၅ ဘောင်ဒရီ လမ်းရှိ သုံးဧကကျယ်သော ဥယျဉ်ခြံမြေနှင့် အဆောက်အဦး အိမ်ကြီးအား သံဃာတော်များအတွက် ကျောင်းအဖြစ်သော်၎င်း၊ ဆေးရုံအဖြစ်သော်၎င်း၊ သို့တည်းမဟုတ် ပြည်သူလူထုနှင့် ဘာသာရေး ဆိုင်ရာနှစ်မျိုးလုံးပါဝင်သည့် စာကြည့်ပိဋကတ်တိုက် အဖြစ်သော်၎င်း၊ လှူဒါန်းခဲ့ချင်သည်။ သတင်းစာတိုက် စာပုံနှိပ်တိုက်နှင့် စပ်ဆိုင်သမျှ လုပ်ငန်းများမှ ကျမ ပိုင်ဆိုင် သမျှ တန်းဖိုး ထက်ဝက် ကိုလည်းသီးသန့် ခွဲထားစေလျက် နှစ်စဉ် ထွက်သမျှ အမြတ်ငွေများ မှ ဗမာပြည် အရပ်ရပ်ရှိ ကျမပြု ထားသော ကုသိုလ်ကောင်းမှု များကို ပြုပြင် ထိန်းသိမ်းသွားရန် ကျန် အမြတ်ငွေ ထက်ဝက် ကို ဒိုးတူဘောင်ဘက် စီးပွားဘက်ဖြစ်ကြသော တိုက်ရှိအလုပ်သမားအား လုံးတို့အား နှစ်စဉ် နှစ်တိုင်း အပိုဆုငွေ အဖြစ်ထုတ်ပေးသွားရန် ရည်သန်ထားခဲ့ခြင်း ဖြစ်ပါသည်။
၎င်းပြင် စိန်ဈေး အဆမတန် ကောင်းစဉ်က ပိုလျှံနေသော စိန်ထည် ပစ္စည်းကြီးများကို ထုတ်ရောင်းလျက် အရပ်ရပ်မှာ သာသနာအဆောက်အဦး အဖြစ်လှူဒါန်းခဲ့ပြီး နောက်ဆုံးလက် ကျန်ဖြစ်သော ကိုယ်နှင့် ထိကိုင် သုံးစွဲခဲ့ဘူးသည့် ပစ္စည်းများကိုတော့ စိန်ဈေးသည်မကောင်းတော့ သဖြင့်ရောင်းချ လှူဒါန်းခြင်း မပြုတော့ပဲ ရွှေတိဂုံစေတီတော်ကြီး၏ ထီးတော်ငှက်မြတ်နား စိန်ဖူးမှာ ရတနာပန်ခွေကြီး ပြုလုပ် ထပ်ဖြည့် လှူဒါန်း လိုက်ပါတော့မည်ဟု ရည်စူးရေစက်ချလျက် လွန်ခဲ့သော ၃-၄နှစ် က စ၍ လုံးဝ ၀တ်ဆင်ခြင်း မပြုတော့ပဲ လုံခြုံရေး ဘဏ်ထဲ၌ အပ်နှံထားပြီး ဖြစ်ပါသည်။ ရွှေတိဂုံဘုရား ဘဏ္ဍာတော်ထိန်းအဖွဲ့ဝင် ပုဂ္ဂိုလ်ကြီးများ နှင့်လည်း စကားကမ်းလှမ်း လှူဒါန်းပြီးသားဖြစ်ရာ ရတနာပန်းခွေ ကြီးပြုလုပ်ရန် အတိုင်း အထွာ များ ရှာဖွေနေကြဆဲဖြစ်ပါ၏။ အထက်ပါအတိုင်း ကျမ၏ ရည်ရွယ်ချက်များ အကောင်အထည် ပေါ်လာစေရန် စီမံမှု ဆွေးနွေးမှုများ အခါမပြတ်ပြုခဲ့ဘူးရာ စိန်ကျောက် ရတနာများ လှူထားရာတွင် လွယ်ကူ သလောက် အလုပ်အကိုင် ငွေပင်ငွေရင်း ခွဲခိုင်းရာ၌ ကြန့်ကြာခဲ့ရသည်။
အိမ်နှင့်ခြံ အလှူ မှာလည်း သတင်းစာတိုက် အလုပ်တိုက် နှင့် ရောနှော နေခြင်းကြောင့် ပြတ်ပြတ် သားသား ခွဲခြားဖို့ရာ မလွယ်ကူ သေးပဲ အချိန် ဆွဲလာခြင်းခံခဲ့ရသည်။ နောက်တကြောင်း မှာလည်း အိမ်နှင့် သတင်းစာတိုက်ကို မြေနယ်နိမိတ် ခွဲခြားသတ်မှတ်ထားနိုသည့် အချိန်တိုင်အောင် အိမ်ကြီး ကို ဘုန်းကြီးကျောင်း အဖြစ်လှူဒါန်းလိုက် ပါက ဗုဒ္ဓဘာသာတရားတော်၌ ကျောင်းထိုင် ဘုန်းတ်ာကြီး များသည် ၀ိနည်းတော် အရ ကျောင်သင်္ကန်း ဆွမ်းဆေး စသည်တို့ကို ထိန်းသိမ်း စောင့်ရှောက်ခြင်း လုပ်လျှင် ခုံမင်စွဲလန်းမှု ပြူသကဲ့ရှိ၍ ရှောင်ကြဉ် ရသည်။ ဥပေက္ခာ ပြုရသည် ဆိုထားသည်။
အချို့မှာ အဖိုးတန် မှန်စီရွှေချ ကျောင်းဆောင်ကြီးများ၊ ခေတ်အလျောက် ဆောက်လုပ် လှူဒါန်း ကြသော အုတ်ကျောင်း၊ တိုက်ကျောင်းကြီးများမှာ ပင့်ကူအိမ်များ၊ ခိုသိုက်ငှက် သို့ စာကလေးသိုက် များနှင့် ကြပ်ခိုးများ ပေရေ ညစ်ပတ် နေသည်တိုင်အောင် သူ့အသိုက်အအုံ မဖျက်ဆီးရ ဆိုထားသော ၀ိနည်း ပညတ် တော်များအရ ဘုန်းကြီးများက လှဲကျင်း သုတ်သင်ရန် ကိုယ်တိုင်လည်း မကြိုးစားရ။ တပည့်တပန်း ကျောင်းသား ကပ္ပိယများ ကိုလည်း မခိုင်းစေရ၊ ကျောင်းသား ကပ္ပိယနှင့် တကာ၊ တကာမ၊ များက အလိုက်သိစွာ ဆရာတော်များ မျက်ကွယ်တွင် သန့်ရှင်းရေးလုပ်၍ သုတ်သင်လှဲကျင်းခြင်း ပြုကြမှသာ အဖိုးတန် အဆောက်အအုံ ကျောင်းဆောင်ကြီးမှာ ကြည့်သာရှု့သာ သန့်ရှင်းစင်ကြယ် လာမည် ဖြစ်ပါသည်။
ကျမရည်ရွယ်ချက်က အနိစ္စသဘောကို မတွေးမိ၍ မဟုတ်သော်လည်း အတော်အသင့် နှစ်ကြာထာဝရ တည်စေ လိုသည်။ အမွေခံအမွေစားသား ထောက်သမီးခံ အများအပြား ကျန်ရစ်ခဲ့သောကျောင်းအမ၊ ဇရပ်အမ၊ ဘုရားအမ၊ တန်ဆောင်းအမ စသူအလှူရှင်တွေပင်လျှင် သူတို့ကွယ်လွန် အနိစ္စ ရောက်သွား သော အချိန်ကာလ၌ မိဘလက်ငုတ်ဖြစ်သော အလှူအတန်းဖြစ်သည့် ဘုရားကျောင်း ဇရပ်များ ကို သားသ္မီးမြေးမြစ်များက လေးစားသမှု ဆက်လက် ပြုပြင်ထိန်းသိမ်းမှုမရှိ တတ်ကြပုံတွေကို တွေ့မြင် နေရ သေးသည်။ ကျမကဲ့သို့ အကိုင်းအခက် အဆက်အနွယ် မကျန်ရစ်ခဲ့သူ အဖို့မှာ ပြောဖွယ်ရာ မရှိတော့ပါ။
လောကုတ္တရာ ကောင်းကျိုးရှေ့ရှုပြီ ဆက်ရန်
.

No comments:
Post a Comment