Friday, March 5, 2010

မြန်မာပြည်၏ ဟယ်လင် အပိုင်း (၃၄)

သူ့ကို အမျိုးမျိုး အဖုံဖုံ ဒုက္ခပေးကြသော်လည်း သူက အပြုံး မပျက် ဘုရားဆုပန်ထားလေသလား မသိပါ။ သူ၏ ပစ္စည်းများကို ကလေးများက ခိုးဝှက်ထားခဲ့လျှင် သူက ပြန်ပေးရန် တောင်းပန်တတ်သည်။ ထိုအခါ ကလေးများက သူတို့တွင် လုံးဝ အပြစ်ကင်းစင်သော အမူအရာများနှင့် ပြုံးရယ်နေကြသည်။ 

သူတို့တတွေ၏ ပြုမူ ဆက်ဆံပုံမှာ ပျော်စရာ ပြက်စရာနှင့် မတူပါ။ သူတို့၏ ဆရာအပေါ်တွင် ရက်စက်ရာ ကျသည်ဟု မြင်ပါသဖြင့် ကျွန်မ၏ ထမ်းပိုးနှင့် ကလေးများကို ရိုက်နက် ဆုံးမ ရတော့သည်။ ထိုအခါများတွင် သူကိုယ်တိုင် အရိုက်ခံနေရသလို သူ၏ မျက်နှာတွင် အထင်းသား ပေါ်နေပါသည်။

ကလေးများသည် တိုတောင်းသော ကာလအတွင်း ဂျပန်စာကို အတတ်မြန်ကြပါသသည်။ ကျွန်မကလည်း ကလေးများထံမှ တစ်ဆင့် ပြန်လည်သင်ယူပြန်ရာ တိုတောင်းသော အချိန်အတွင်းမှာပင် ဂျပန်စကားကို ရေလည်စွာ ပြောနိုင်လာပါသည်။
 
ကျွန်မထက် သင့်လျော်သူ မရှိတော့၍လားမသိပါ။ ကျွန်ကို စခန်း၏ ဂျပန်စကားပြန်အဖြစ် ခန့်ထား လိုက်ပါသည်။ ထိုအခါကျမှ စောစောကတည်းက သင်ထားလိုက်ရင် ပိုကောင်းမှာပဲဟု တွေးမိလာပါသည်။ ဂျပန်များက သူတို့၏ ဘာသာ စကားဖြင့် ဆက်ဆံပြောဆိုသည့် အခါများ၌ ပိုမို၍ လိုလိုလားလား ရှိကြောင်း တွေ့ရပါသည်။ သူတို့ကို ရန်လိုသူများဟု မထင်တော့ပါ။

ကျွန်မက စခန်းသန့်ရှင်းရေး ကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားခဲ့ရာ အကျိုးအမြတ် ဖြစ်ထွန်းလာသည်ကို တွေ့ရပါသည်။ လူတွေ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် ရှိလာကြပါသည်။ အဆောင်တစ်ခုနှင့် တစ်ခုကြား တွင် ရှိသော လမ်းများသည် အမှိုက်သရိုက်မရှိ ပြောင်ပြောင်စင်စင် ရှိပြီး အိမ်နီးချင်းကောင်း ပီသစွာ  ဆက်ဆံကြသည်။

ညနေခင်းတွင် အမျိုးသမီးများနှင့် သူတို့၏ သားသမီးများသည် သူတို့အချင်းချင်း တစ်စု တစ်ဝေး ပျော်ပျော် ပါးပါး နေကြရန် သို့မဟုတ် ဘုရားရှစ်ခိုးကြရန်အတွက် ကိုယ်လက်သန့်စင်ကြသည်။ ယောက်ျား များ ကလည်း အချင်းချင်းတွေ့ဆုံ၍ ယခင်က ရွှေထီးဆောင်းခဲ့ရသည်တို့ကို စားမြုံ့ပြန်ရင်း အနာဂါတ်အတွက် စီမံကိန်း များချမှတ်ကြသည်။

တစ်ချိန်က တစ်ကိုယ်ကောင်းဆံမှုများသည် ကွယ်ပျောက်သွားခဲ့ပြီး တစ်ဦးနှင့် တစ်ဦး ကူညီ ရိုင်းပင်း လိုကြ သော စိတ်ဓါတ်များ ရှိလာကြသည်။ အားလုံးတော့လည်း စင်းလုံးမချောနိုင်ပါ။ စုန်းပြူးများကတော့ ကျန်မည် သာ ဖြစ်ပါသည်။
ဂျပန်များက ကျွန်မတို့ အမျိုးသမီးများအား အနှောင့် အယှက် မပေးတော့သဖြင့် ကံကောင်းသည်ဟု ဆိုရပါမည်။ ၎င်းပြင် ဂျပန်များအား ဖျော်ဖြေရန် ကိုရီးယား အမျိုးသမီးများ ရောက်လာကြပါသည်။ ကျွန်မ သည် သူတို့အတွက် စိတ်မကောင်းဖြစ် မိသော်လည်း သူတို့ရှိနေသည်ကိုတော့ ကျေးဇူးတင်မိပါသည်။

အချိန်များ အား ရလာသည့်အတွက် မန္တလေးတွင် ကျွန်မ အဖမ်းခံနေရစဉ်က ကျွန်မအား စစ်မေး ခဲ့သည်တို့ကို ပြန်ပြောင်း၍ သတိရနေမိသည်။
ဂျပန် အရာရှိက စစ်မေးရာ၌ အင်္ဂလိပ် စပိုင်အဖွဲ့တစ်ဖွဲ့ရှိကြောင်း ၎င်းအဖွဲ့တွင် ပါဝင်သူများမှာ မည်သူ မည်ဝါ ဖြစ်ကြောင်း ၎င်းသူများနှင့် ကျွန်မဆက်သွယ်ရမည်ဖြစ်ကြောင်း ဖြင့် ထပ်ခါတလဲလဲ စွပ်စွဲခဲ့ပါသည်။ ထိုနာမည် များသည် ကျွန်မ၏ ဦးခေါင်းထဲ၌ စွဲပြီး ကျန်နေရစ်ခဲ့ပါသည်။

ကျွန်မအနေဖြင့် ၎င်းသူများနှင့် အဆက်အသွယ် လုပ်နိုင်ပါမည်လား မြို့ထဲသို့ သွားသည့်အခါများ၌ ဂျပန်စစ်တပ်များ၏ သွားလာ လှုပ်ရှားမှုများကို ကျွန်မက သိနေပါသဖြင့် အကူအညီပေးရလျှင် ကောင်းလေ မည်လား ဟု တွေးခေါ်နေမိပါသည်။
သတင်းရရန်အတွက် စပိုင်တစ်ယောက်ကို အထူးတလည် လိုက်လံစုံစမ်းနေရန် မလိုပါ။ သတင်းများကသာ ကျွန်မ ထံသို့ အလိုလို ရောက်လာကြပါသည်။

ပြင်ဦးလွင် သည် အမြင့်ပေ ၃၀၀၀ကျော်တွင် ရှိနေ၍ ရှေ့တန်း၌ စစ်ပန်းလာကြသော ဂျပန်များအတွက် အနားယူ အပန်းဖြေ ဒေသဖြစ်လာသည်။ ညဘက် အချိန်များ၌ ရထားအသွားအလာ အလွန် များပြား လှသည်။ ဂျပန်များက မီးရထားကိုသာ အားကိုးအားထား ပြုကြသည်။ 

မီးရထားဌာနတွင် စစ်ကြိုခေတ်က အများဆုံး လုပ်ကိုင်နေကြသူများ မှာ ကုလားနှင့် အင်္ဂလိပ် ကပြားများ မြန်မာ နှင့် အင်္ဂလိပ်ကပြားများ ဖြစ်ကြသည်။ သူတို့ကိုပင် ယခု အချိန်၌ ဆက်လက် အသုံးပြုနေကြသည်။ သူတို့သည်လည်း ကျွန်မနှင့် ရင်းနှီး ခင်မင်သူများ ဖြစ်ကြပါ၍ တပ်အင်အား စုစည်းမှု ရှေ့တန်းသို့ ချီတက်မှု ဆုတ်ခွာလာမှု စသည့် အဖိုးတန် သတင်း များကို ကျွန်မအား ပေးကြပါသည်။

ကျွန်မ၏ ဦးနှောက်ထဲတွင် ရောက်နေသော နာမည်ပိုင်ရှင် များနှင့် ဆက်သွယ်မှုရရန် ကြိုးစား ကြည့်သော် လည်း အချည်းအနှီး ပင်ဖြစ်ပါသည်။ သူတို့နှင့် အဆက်အသွယ်ရလိမ့်မည်ဟု ထင်နေသည်ကပင် ကျွန်မ 'အ' ရာ 'န' ရာ ကျပါသည်။ ဂျပန်များပင် သူတို့တွင် ရှိနေသော အဆက်အသွယ်များ နှင့် ရှာမရခဲ့သည်ကို ကျွန်မ အနေဖြင့် အောင်မြင်ရန် မည်သို့လျှင် လမ်းစ ရှိနိုင်ပါမည်နည်း။

ဂျပန်များနှင့် ပတ်သက်ပြီး ကျွန်မရရှိသော သတင်းကို အသုံးချ၍ ရမည်မဟုတ်တော့ဟု စိတ်နှလုံး တုံးတုံး ချမိပါသည်။ ထိုအခွင့်အရေး ကို လက်လွတ်လိုက်တော့မှ မမျော်လင့်သော တစ်နေရာမှ ယင်း အခွင့်အရေး ကို ရရှိခဲ့ပါသည်။
ကျွန်မ၏ အသက်ကို ကယ်တင်ခဲဖူးသော ဘရားတီးယားရွာမှ စကားပြန်ဗဟာဒူးသည် တစ်ညနေတွင် စခန်းသို့ ရောက်လာ ပြီးကျွန်မအား အရးကြိးသောစကား ပြောလိုကြောင်းဖြင့် အစောင့်ထံခွင့်ပန်ပါသည်။ ကျွန်မ အား စခန်း၏တံခါးဝသို့ ခေါ်လာ ပြီးမဟာဒူး ပြောမည့်စကားကို အစောင့်က ဂရုစိုက်ပြီး နားစွင့် နေပါသည်။

ကျွန်တော့်မိန်းမ နေ့စေ့လစေ့ဖြစ်နေပြီး၊ အဲဒါမီးဖွားခါနီးလို့ အကူအညီလာတောင်းတာပါဟု ဗဟားဒူးက ပြောပါ သည်။
ကျွန်မ ချက်ချင်း လိုက်ခဲ့ပါ့မယ်ဟု ကတိပေးလိုက်ပါသည်။ ထိုစကားများကို ကြားရဖန်များနေပြီး ဖြစ်သော ကြောင့် အစောင့် သည်ဆက်လက်နားထောင်ခြင်း မရှိတော့ပဲတစ်နေရာသို့ ထွက်ခွာသွားပါသည်။ ထိုအခါ ကျမှ တကယ့် အရေးကြီးသော စကားကိုဗဟာဒူးက ပြောပါသည်။

ဒီအနီးအနားမှာ ဗြိတိသျှအရာရှိတစ်ဦး ရောက်နေတယ်၊ ရေလှောင်ကုန်နားမှာ ဖျားနေတယ်၊ သူ့မှာ စားစရာလည်း မရှိဘူး၊ အဆက်အသွယ်လည်း မရသေးဘူးဟု ဗဟာဒူးက တိုးတိုးပြောပါသည်။
ကျွန်မ အိမ်ပြန်ယူစရာ ရှိတာယူပြီးဒီနေရာကို ပြန်လာပါ့မယ်၊ ရှင်နဲ့မိနစ် အနည်းငယ်အတွင်းမှာ ပြန်တွေ့ မယ်, ဟုပြောလိုက် သည်။ တစ်ချိန်က ဗဟာဒူးအပေါ် ဂျပန်တို့၏ ကြေးစားအလိုတော်ရိဟု ထင်မြင်မိ ခဲ့သည်တို့ကို သတိရပြီး လိပ်ပြာမလုံ သလိုရှိပါသည်။

မဟာဒူးက "ဆေးဝါးနှင့် စားစရာများကို ယူခဲ့ရန်နှင့် သူ့အားစခန်းနှင့် မလှမ်းမကမ်း တောတွင်းတစ်နေရာ၌ လာတွေ့ပါရန်" တိုးတိုးတိတ်တိတ် မှာကြားသွားပါသည်။
"ဟိုနေရာက နှစ်မိုင်လောက် ဝေးသေးတယ်၊ ခင်ဗျာနဲ့ကျွန်တော်အတူတူသွားလို့ မဖြစ်ဘူး၊ ကျွန်တော်က ရှေ့က သွားနှင့် မယ်၊ လမ်းစချန်ထားမယ်၊ ခင်ဗျားနောက်က လိုက်ခဲ့ပါ"ဟု ဗဟားဒူးက ပြောပါသည်။
ညဘက် မှောင်စပျိုးချိန်၌ သူ့နောက်ကလမ်းစရှာပြီး လိုက်ရသည်မှာ မလွယ်လှပါ။ သို့ရာတွင် သူ့ကို မီလာခဲ့သည်။ ကွက်လပ် တစ်နေရာတွင် ကျွန်မကို စောင့်နေပါသည်။ ကျွန်မ ရောက်သွားသော အခါ လက်တစ်ချောင်း ကို သူ့နှုတ်ခမ်းတွင် တေ့ကာငှက်အော်သံကဲ့သို့ အသံပြု၍ အချက်ပေးပါသည်။

မိနစ်ပေါင်းများစွာ ကုန်လွန်သွားပြီးနောက် အမှောင်ထုထဲမှ ပန်ခြောက်နေသော လူရိပ်တစ်ခု ပေါ်ထွက် လာခဲ့ပါသည်။ ကျွန်မ တို့လက်ဆွဲနှုတ်ဆက်ကြသည်။ လူစိမ်းက "သူသည် ကပ္ပတိဝါ့ဒ် ဖြစ်ကြောင်း" ပြောပါသည်။ သူကရက်အတော်ကြာကပင် အသံလွှင့်စက်နှင့်အတူ လေထီးနှင့် ဆက်သက်လာခဲ့ကြောင်း၊ သူ့အား ဖက်ဆစ်ဆန့်ကျင်ရေး လုပ်နေသော အဖွဲ့အစည်းတစ်ခုခုနှင့် ဆက်သွယ်ပြီး ဂျပန်စစ် တပ်များ၏ သွားလာ လှုပ်ရှားမှုများကို သတင်းပို့ရန်ညွှန်ကြားထားကြောင်း ပြောပြပါသည်။

သူသည် ပေးအပ်လာသော တာဝန် ကို မည်သို့မည်ပုံ ဆောင်ရွက်ရမည် ဖြစ်ကြောင်း သဘောပေါက် ဟန်မတူပါ။ သူတို့၏ စစ်ဆင်မှုသည် အပျော်တမ်းလို ဖြစ်နေပါသည်။
သူသည် အလွန်အမင်း ဆာလောင်မွတ်သိပ်နေပါသည်။ ကျွန်မယူလာခဲ့သော အလွန်မာကျောနေသည့် 'ချာပါတီ' ကိုပင် အမဲသားဆီပြန်ဟင်း စားရသလို အားရပါးရစားနေပါသည်။ သူ့တွင် ငှက်ဖျားရောဂါ စွဲကပ် နေကြောင်း၊ ငှက်ဖျားတတ် လားသောအချိန်များ၌ သတိလစ်သွားပြီး သူပို့ခဲ့သော သတင်းများကိုပြန်လည် မမှတ်မိ တော့ကြောင်း ဖြင့်ပြောပြပါသည်။

သူသည် ခိုက်ခိုက်တုန်နေသောကြောင့် ကျွန်မ ယူဆောင်လာခဲ့သော အမ်င်္ဘီ၆၉၃ ဆေးလုံးများ၊ ၀မ်းကိုက် ပျောက်ဆေးလုံး များ၊ ပတ်တီစများ၊ အနာထည့်သော ဆေးများကို ပေးလိုက်ပါသည်။
ကျွန်မ နောက်တစ်ခေါ အလာမှာ စောင်ယူလာခဲ့မယ်ဟုကတိပေးခဲ့ပါသည်။

ကျွန်မတို့သည် မှောင်ရိပ်မည်းမည်ထဲ၌ ထိုင်၍စကားတိုးတိုးပြောကြပါသည်။ သူ့အား အကူအညီ ပေးမည့်သူ နှင့် အဆက် အသွယ် ရပြီဖြစ်၍ အားတက်နေဟန်ရှိပါသည်။ ကျွန်မက" အဖိုးတန် သတင်း များကို ရရှိ ပါက သူ့ထံကိုသတင်းပို့ပေးမည် ဖြစ်ကြောင်း၊ အစားအစာနှင့်ဆေးဝါးများကို ရက်သတ္တပတ် လျှင် တစ်ကြိမ် မှန်မှန်ပို့ပေးရန် ကြိုးစားမည်ဖြစ်ကြောင်း" ပြောခဲ့ ပါသည်။
ဗဟာဒူး ကလည်း သူယူဆောင်လာသော ကြက်ဥပြုတ်များကို ပေးပါသည်။ ကျွန်မတို့ပြန်ရန် ပြင်ဆင် နေချိန်ဝယ် ကပ္ပတိန် ၀ါ့ဒ်မှစိတ်ဓာတ် တက်ကြွနေပါသည်။
အပြန်ခရီး တွင် စိတ်လှုပ်ရှားနေသော ဗဟာဒူးက အစောင့်ကို ဘယ်လိုပြန်ပြောမလဲ ဟုမေးပါသည်။

စိတ်မပူးပါနဲ့၊ စကားပြောဖို့ကျွန်မတာဝန်ထားပါဟု ပြန်ပြောလိုက်ပါသည်။
ကျွန်မ၏ တစ်ပတ်လျှင် တစ်ကြိမ်ကျပုန်းခိုနေသော ကပ္ပတိန်ဝါ့ဒ်ကို သွားရောက်တွေ့ဆုံကာ ကျွန်မ စုဆောင်း ရရှိသော သတင်းများကို ပေးပါသည်။ အစောင့်အား ကလေးမျက်နှာမြင်ရန် အကြောင်းပြ၍ အပြင်သို့ ထွက်ရပါသည်။ သားဖွားပေးရန်ဟု မှန်မှန်ဆင်ခြေပေးသော်လည်း အစောင့်စစ်သားမျာက သားဖွားနှုန်း ရုတ်တရတ် တိုးတက်လာသည်ကို အံ့အားသင့်ခြင်းမရှိပါ။
သူ့ရည်စားနဲ့ ချိန်းပြီးတွေ့နေတာကို တို့ကပဲ ငနုံငအတွေမို့မသိဘူးလို့များ ထင်နေသလားဟု ထင်ကောင်း ထင်နေကြ ပါလိမ့်မည်။ ထိုသို့ဆိုလျှင် နောက်ဆုံး ရယ်ရမည့်သူမှာ မည်သူဖြစ်သည်ကို ကျွန်မ က သိနေပါသည်။

ဆက်ရန်
.

1 comment:

မောင်မောင် said...

ဖတ်ရတာ အင်မတန်ကောင်းလာပါတယ်။ ဆက်တိုက်များ
ဖတ်ရယင်ဖြင့် သိပ်ကောင်းမှာပါပဲ။ ရေးသောသူမှာကား
လက်ညောင်းလတ္တံ့ တည်း။
( မရွှေစင်ဦး လက်ညောင်းခံ ရိုက်ပေးတာကျေးဇူးတင်ပါ၏။)


ခင်မင်သော
မောင်မောင်