Tuesday, March 30, 2010

ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၁၄)

ကိုး

အိမ်ပေါက်ဝတွင် ထိုင်ရင်း ၀မ်လန်းမှာ အင်းတခုခုတော့ လုပ်မှဘဲ'' ဟုတကိုယ်တည်း ပြောဆိုလေ၏၊ ဘာမျှ မရှိတော့သော အိမ်တွင်ဆက်လက် နေထိုင်၍မဖြစ် နေလျှင် သေကြဘို့သာရှိတော့၏၊ မသေဘဲ နေနိုင် အောင် အကြံတခုကို ဆုံးဖြတ်ပြီးဖြစ်ရာ ထိုဆုံးဖြတ်ချက်မှာ တနေ့တခြား ပိန်လှီကျချုန်း လာသော ခန္ဓာကိုယ် အတွင်းတွင် စွဲမြဲလျက်ရှိလေ၏။

လူလားမြောက် လာပြီဖြစ်မှ ခံစားသင့် ခံစားထိုက်သော လူ့အခွင့်အရေး ကို ဆိုးသွမ်းသော ကြမ္မာ၏  လုယူ တိုက်ခိုက်ခြင်း ကို မခံလိုပေ၊ ဘယ်လိုဘယ်ပုံ ဟူ၍၄င်း၊ ကိုယ်တိုင်ပင် ဖေါ်မပြနိုင်သော ဒေါသမှာ စိတ်ထဲ တွင် ကိန်းအောင်းလျက် ရှိလေ၏၊ ထိုဒေါသမှာ တခါတရံ အမှိုက်ပုံအောက် မှ မြွေဟောက် ခေါင်းပြူ ၍ ထွက်သလို ထွက်လျက် ၀မ်လန်းကို အဆိပ်ဖြင့် မှုတ်လေရာ ထိုအခါမျိုးတွင် ၀မ်လန်းမှာ တလင်းပြောင် ထဲသို့ ပြေးထွက်မိကာ တိမ်တိုက်တိမ်ခိုးတွေ ကင်းစင်လျက် အပြောရောင် ပြေးနေသော ကောင်းကင်ကို လက်သီးနှစ်လုံး ဖြင့် ထောင်ပြ လှုပ်ရှား ချိန်ရွယ်ရင်း။
''အင်း...မင်းအင်မတန် ကောက်ကျစ်စဉ်းလဲ လှပါကလားကွ ဟင် ကောင်းကင်က အဘိုးကြီးရဲ့'' ဟု သွေးရူး သွေးတန်း ဟစ်အော် ရေရွတ်မိလေ၏၊ သို့သော် ဟစ်မိရင်းက ရုတ်တရက် ထိပ်လန့်ကြောက်ရွှံ့ သွားပြန် သကဲ့သို့ '' အင်းလေ ငါအခုခံနေရတဲ့ ဒုက္ခထက်တော့ ပိုဆိုးလာမှာမဟုတ်ပါဘူး''ဟု ပြောဆို ပြန်လေ၏။

တခါတွင်လည်း အင်အားခန်းခြောက်နေပြီဖြစ်သော ခန္ဓာကိုယ်ကြီးကို မသယ်ချင့် သယ်ချင် ခြေလှမ်းများ ဖြင့်ဒရွတ်တိုက် ရွေ့လှမ်းရင်း မြေ၀သုန် နတ်ကွန်းသို့ ရောက်သွားလေရာ ကြင်ယာတော် နတ်သ္မီးနှင့် ယှဉ်ထိုင် နေသော နတ်ရုပ်၏ မျက်နှာကို နတ်ဝတ်တန်ဆာ များ စုတ်ပြတ်လျက် ဖင်ပေါ်ပေါင်ပေါ် ဖြစ်နေကြ လေ၏၊ အမွှေးတိုင်များ အပူဇော်ကင်းမဲ့ နေသည်မှာလည်း လပေါင်း အတန်ကြာခဲ့ ပြီဖြစ်၏၊ ၀မ်လန်း သည် နတ်ရုပ်များကိုသွားဖြဲ၍ ပြပြီး အိမ်သို့ ပြန်လာခဲ့လေရာ အားအင် ကုန်ခန်းခြင်းဖြင့် ညည်းထွား ကာ အိမ်ရာပေါ်တွင် လဲလေ၏။

တအိမ်လုံး လဲ၍ နေကြလေ၏၊ အစာရေစာ မစားရသဖြင့် အိပ်စက် လဲလျောင်း၍ သာနေကြလေ၏၊ စပါးကောက်လှိုင်း အူတိုင်များ ကို အခြောက်လှမ်းလျက် စားသောက်ခဲ့ကြ၏၊ သစ်ခေါက် တွေကိုခွာလျက် စားကြရ၏၊ တရွာလုံးရှိ လူများမှာလည်း ဆီးနှင်းဖုံးသော တောင်တန်းများပေါ်တွင် တွေ့ရသမျှ မြက်ပင် များကို ရှာဖွေနှုတ်ယူ စားသောက်ခဲ့ကြရ၏၊ တိရိစ္ဆာန် ဆို၍လည်း တကောင်တမြည်း မျှမရှိ ကြတော့ပေ၊ လူတယောက် မှာ ရက်ပေါင်းများစွာ အနှံ့အပြားလျှောက်၍ ရှာဖွေသည့်တိုင်-နွားသော်၎င်း၊ မြင်းသော်၎င်း၊ ကြက်,ငှက်,များကို သော်၎င်း၊ မတွေ့ရှိ နိုင်ပေ။

ခလေးများ၏ ၀မ်းဗိုက် မှာ လေခိုလျက် အဟောင်းသားဖြစ်နေကြ၏၊ ထိုအခါများတွင် ရွာလမ်းများ ပေါ်၌ ကစား ခုန်ပေါက် နေသော ခလေး ဆို၍ တဦးတလေမျှ မမြင်တွေ့ရတော့ ၀မ်လန်း ၏ သားကလေး ၂-ယောက်ကား အိမ်ပေါက်ဝသို့ လေးဘက်ထောက်၍ တွားလာကြပြီး အညှာအတာ ကင်းကာ ပူပြင်း လှသည့် နေရှိန် အောက်တွင် ငြိမ်သက်စွာ ထိုင်နေကြလေ၏၊ ယခင်က အိအိစက်စက် ၀၀ဖိုင့်ဖိုင့် ရှိခဲ့သော ကိုယ်ကလေး များမှာ ယခုမှ အရိုးပြိုင်းပြိုင်း ပိန်ချပ်ချပ် နှင့် ဖြစ်နေ၏၊

အငယ်ဆုံး သမီး မိန်းကလေးမှာ တကိုယ်တည်း ထိုင်နိုင်လာသည့် အရွယ်သို့ရောက်လာပြီ ဖြစ်စေကာမူ ထိုင်နေသည် ဟူ၍ မရှိ စောင်ကလေး တထည်ပေါ်တွင် ပက်လက် ကလေးသာ ရှိနေလေ၏၊ ပဋ္ဌမ၌ ဆာလောင် ငတ်မွတ်လှသည် ဖြစ်၍ တအိမ်လုံးမှာ ၄င်း၏ စူးယှသော ငိုသံဖြင့် အော်ဟစ် ဆူညံ၍ နေခဲ့ သော်လည်း ယခုမူ ခလေးမကလေး မှာ  ၄င်း၏ ပါးစပ်ထဲသို့ ဘာကလေး တခုခု ပင် ထည့်လိုက် ထည့်လိုက် အသံမထွက်ဘဲ အငန်းမရတမ်း ကိုင်စုတ်၍ သာနေလေ၏၊ ၄င်း၏ မျက်နှာကလေးမှာ မျက်တွင်း ကလေး ဟောက်ဟောက် ပါးသွယ်နားသွယ် ကလေးကျကျ နှင့် နှုတ်ခမ်းကလေး များမှာလည်း သွားမရှိသော အမယ်အိုပါးစပ်လို ပိန်ခွက်၍၀င်ပြီး နက်လှောင်နိမ့်ဝင်နေသည့် မျက်လုံးကလေး နှစ်လုံးမှာ ကြောင် တောင်တောင် ကလေး ရှိနေလေသတည်း။

အသက် အရွယ်နှင့် မမျှ ခံစားနေရသော ခလေးမကလေး၏ ဒုက္ခမှာ ဘခင်၏စိတ်ကို သိမ်းကြုံး ဆွဲငင်ခြင်း ပြုလေ၏၊ ၀မ်လန်းမှာ တခါတခါ ဒုက္ခသယ် သမီးကလေးကို ကြည့်ရင်း ''အမိုက်မ ကလေး အမိုက်မ ကလေး'' ဟုတီးတိုး ရေရွတ်မိလေ၏၊ တခါတွင်လည်း သမီးကလေးက သွားမရှိသော ပိန်ခွက်နေသည့် ပါးစပ် ကလေးဖြင့် ၄င်းအား ပြုံးပြုံးကလေး ကြည့်နေလေရာ ၀မ်လန်းမှာ မျက်ရည်ရည် တွေစီးကျ လာလျက် သမီးကလေး ၏ အရိုးပြိုင်းပြိုင်း ထနေသော လက်ကလေးကို ၄င်း၏ အသားအရေ ခြေက်ခန်း နေသည့် လက်ဖြင့် ဘမ်းကိုင် ဆုတ်ဖျစ် ထားလေ၏၊ ထိုနောက် ကြုံလှီသော ကိုယ်ကလေးကို မ,ယူလိုက်ပြီး ဘခင်၏ ရင်ငွေ့ကို ပေးသောအားဖြင့် ရင်ခွင် ထဲသို့ ဆွဲသွင်းထားလေ၏။

အဘိုးကြီး အတွက်ကား ၀မ်လန်းသည် သူများတကာထက်ပို၍ အရေးယူ ဂရုစိုက်၏၊ စားစရာရှိလျှင် ရင်သွေး ကလေးမျုား ကိုပင် အငတ်ထားလျက် အဘိုးကြီးအား ကျွေး၏ သို့ဖြင့် ''သေရမဲ့ဆဲဆဲ တောင် အဖေကို မမေ့တဲ့သား'' ဟု လူအများ ချီးမွမ်းပြောဆိုကြမည်ကို ၀မ်လန်း ဂုဏ်ယူလေ၏၊ ၄င်းမှာဘခင် ဖြစ်သူက သူ့အသားကို စားချင်သည်ဟုပြောလျှင် လှီးဖြတ်၍ ကျွေးမည့်သူဖြစ်၏၊ အဘိုးကြီးကား  နေ့ရောညရော အိပ်လျက်၊ အစာ လာကျွေးလျှင် ထ၍စားခြင်းဖြင့် အားအင် မယုတ်လျော့ သေးဘဲရှိ၏ ၄င်းမှာ အခြားသူများထက် လန်းလန်း ဆန်းဆန်း ရှိနေကာ တနေ့တွင် ၀ါးရုံပင်မျုားကို ဖြတ်သန်းမြူးတူး လာသော လေ၏ တိုက်ခတ်သံဖြင့် တုန်တုန်ချိချိ ပြောဆိုသည်မှာ။

''ဒါထက်ဆိုးတဲ့ ခေတ် ရှိပါသေးတယ်ကွာ အခုထက် ဆိုးတဲ့ခေတ် ကြုံခဲ့ ရပါသေးတယ်၊ တခါတုန်း ကများ လူတွေဟာ သားသမီး တွေကိုတောင် သတ်စားခဲ့ရတယ်''။
''ကျုပ်အိမ်မှာ ဒါမျိုးဘယ်တော့မှ မဖြစ်ရဘူး'' ဟုဝမ်လန်းက ကြီးစွာသော ထိတ်လန့်ခြင်းဖြင့် ပြန်၍ ဟစ်အော် လေ၏။
တနေ့သ၌ ၀မ်လန်း၏ အိမ်နီးချင်း ''ချင်း'' သည် ၀မ်လန်းထံသို့ ရောက်လာလေ၏၊ ၄င်းမှာလူနှင့် မတူတော့ အောင်ပင် ပိန်ချုံးချိနဲ့ ၍ နေလေ၏၊ ၄င်းက ချောက်သွေ့လျက် မဲနက်နေပြီဖြစ်သော နှုတ်ခမ်း များကို လှုပ်ကာ လေသံဖြင့်။

''မြို့ထဲမှာ ခွေးတွေ သတ်စား နေရပီ ဒိပြင်နေရာတွေမှာလဲ မြင်းတွေကော အကောင်းမျိုးစုံ တွေကော သတ်စား နေကြသတဲ့ ကျုပ်တို့ဆီမှာတော့ ကျုပ်တို့နဲ့ ရွံ့ထဲဘက် ရုန်းခဲ့ရတဲ့ နွားတွေကို သတ်စားရပီ မြက်တို့ သစ်ခေါက်တို့ လဲ စားနေရပီ၊ အခု ဘာစားဘို့ရှိတော့လဲ'' ဟု ပြောလေ၏။
ဝမ်လန်းမှာ မျှော်လင့်ချက် လုံးဝကင်းမဲ့သော အမူအယာဖြင့်  ခေါင်းကို ခါလေ၏၊ ၄င်း၏ ရင်ခွင်ထဲ၌ ကမ္မဌာန်း ရုပ်ပေါက်ကာ အရိုးကောင် ကလေးလိုဖြစ်နေသော သမီးကလေး ကို ပိုက်လျက်သား ရှိလေသည်။ ၄င်းသည် သနားစဖွယ် မိမိအား စိုက်ကြည့်နေသော သမီးကလေး၏ မျက်နှာကို ငုံ့ ကြည့်လေ၏၊ ဤသို့ ငုံ့ကြည့် လိုက်သောအခါ ခလေး၏ မျက်နှာကလေးမှာ ပြုံးလာလေ၏၊ ၀မ်လန်းကား.. အသဲနှလုံး ပြတ်ကြွေ လုမတတ် ဖြစ်သွားလေ၏။

''ချင်း'' က ၄င်း၏ မျက်နှာကို ၀မ်လန်း အနီးသို့ကပ်လျက်။
အခုရွာထဲမှာ လူသားတွေစားနေကြပီဗျ၊ ကျုပ်ကြားတော့ မင့်ဦးလေးနဲ့ သူ့မိန်းမတဲ့ သူ့တို့ပေါ့ စားနေကြတယ် ဆိုတာ လူသားမစားရင် သူတို့ ဘာသား သွားစားနေမလဲ အခုထက်ထိ ဟိုဟိုဒီဒီ လမ်းလျှောက် နေနိုင်ကြတုန်း ဗျ၊ အစက စားစရာဆိုလို့ ဘာမှမရှိတဲ့ လူတွေဟာ'' ဟု တီးတိုး ပြောလေ၏။
ဝမ်လန်း ကား စကားပြောရင်း တဖြည်းဖြည်း နီးကပ်လာသော လူသေ မျက်နှာလို မျက်နှာကြီး မှ နောက်သို့ ဆုတ်ခွာ လိုက်မိ၏၊ နီးကပ်စွာရှိနေသော ချင်း ၏ မျက်လုံးကြီးများကို ၀မ်လန်းကြောက်၍ သွားလေ၏၊ စဉ်းစား တွေးခေါ်၍ မရသော အကြောင်းဖြင့် ကြီးစွာ တုန်လှုပ်ချောက်ချား နေလေ၏ ပေါ်ပေါက် နီးကပ် နေပြီ ဖြစ်သော အန္တရာယ် မှ ရှောင်ခွာ ဆုတ်ကန် ဘိသကဲ့သို့ ထိုင်ရာမှ ရုတ်တရက် လျင်မြန်စွာ ထလိုက် လေ၏။

''ဒီနေရာက သွားကြမှဘဲ အောက်ရပ် ကို သွားကြရအောင် လောကကြီး တခုလုံးမှာ လူတွေငတ်ကြ
မွတ်ကြ ဖြစ်ကြတာဘဲ၊ ဒါပေမဲ့ တပြိုင်နက် စုငတ်အောင်တော့ ဘုရားသခင် မလုပ်လေတန်ပါဘူး''   ဟု ပြောလေ၏။
''ချင်း'' ကား ၀မ်လန်း ကို သနားကရုနာ သက်စွာဖြင့် ကြည့်လျှက် ''အင်း-မင်းက အသက် အများကြီး ငယ်သေးတယ်၊ ကျုပ်တော့ကြီးပီ မင့်ထက်ကြီးပီ ကျူပ်မိန်းမလဲ ကြီးလှပီ၊ ကျုပ်တို့မှာ သမီးတယောက် ဘဲရှိတာ ကျုပ်တို့ သေပျော်ပါပီ'' ဟု ၀မ်နည်းပန်းနည်း ပြောလေ၏။

''ခင်ဗျားဟာ ကျုပ်ထက်ကံကောင်းတယ်၊ ကျုပ် မှာ အဘေကြီးနဲ့ ဟောဒီ ကလေးတွေရှိသေးတယ် နောက်လဲ တယောက် မွေးလိမ့်အုံးမယ်၊ ကျုပ်တို့ သွားမှဘဲ နို့မို့ရင် လူစိတ်တွေ ပျောက်ပီး ခွေးရိုင်းတွေလို တယာက် အသား တယောက် ပြန်စားမိကြလိမ့်မယ်'' ဟုဝမ်လန်းက ပြန်ပြောလေ၏။
သို့ ပြောလေရာက မိမိ ပြောမိသော စကားမှာ ဟုတ်မှန် လှသကဲ့သို့  အိပ်ရာထဲတွင် ရက်ပေါင်းများစွာ ခွေလဲ နေရှာသော ဇနီးသည် အိုလင်အား လှမ်းခေါ်လေ၏။
''လာဟေ့ မိန်းမရေ ဒို့ အောက်အရပ်ဒေသကို သွားကြစို့'' ဟု ပြောလိုက်သော အသံမှာ ရွှင်ပျလန်းဆန်း လျှက်ရှိပြီး ထိုအသံမျိုးကို မကြားရသည်မှာ လပေါင်း အတန်ပင် ကြာရှိပြီဖြစ်ရကား ခလေးများသည် ၄င်းအား ဆပ်ကနဲ မော်ကြည့်ကြလျက် အဘိုးကြီးလည်း အိမ်ရာထဲမှ ယိုင်တိ ယိုင်တိုင် နှင့် ထွက်လာကာ အိုလင် လည်း အားအင်ချိနဲ့ လှစွာဖြင့် အိမ်ရာမှထခဲ့၍ အခန်းဝသို့ လျှောက်လာပြီး တံခါးဘောင်ကို မှီလျက်။

''အဲဒါကောင်းတယ် လမ်းလျှောက်ရင်း၊ သေရတာက ပိုကောင်းတယ်'' ဟုပြောဆိုလေ၏။
''အိုလင်'' ဆောင်ထားရသော ပဋိသန္ဓေကား ကြုံလှီသေးသိမ်လှသော ကိုယ်တွင် သစ်သီးတလုံးကို ဆွဲ ချိတ် ထားသလို ဖြစ်လေ၏၊ မျက်နှာတွင် အသားတွေခြောက်ခန်း ပိန်ချုံး၍ ကျနေလေရာ အရိုးများမှာ အရေ အောက်တွင် ကျောက်ဆောင် ကျောက်တုံးကြီး တွေလို ငေါပြူထွက်နေလေ၏၊ ၄င်းက-
''မနက်ဖြန် အထိသာ စောင့်ပါ ဒီတော့ ကျုပ်လဲ မျက်နှာမြင်ပီးရောပေါ့ မြင်ကာလဲနီးပါပီ'' ဟုပြောဆို လေ၏။

''ဒါဖြင့် မနက်ဖြန်ပေါ့ကွယ်...''
ဝမ်လန်းသည် ဇနီးသယ်၏ မျင်နှာကို ကြည့်မိရာ တခါဘူး မှ မဖြစ်ပေါ်ဘူးသော သနားကရုနာ မေတ္တာဓာတ် သည် နှလုံးကို လာ၍ ခိုက်လေ၏၊ ''မင်းဘယ်လို လျှောက်နိုင်ပါ့မလဲ ဒုက္ခသယ်မရဲ့'' ဟု အပြင် မထွက်သော အသံဖြင့် ညည်းထွားမိရင်း တံခါးဘောင် ၌ မှီ၍ ရပ်လျက်ပင် ရှိနေသေးသော ''ချင်း'' အားမတောင်းချင်တောင်းချင်ဖြင့်-
''ဗျာ-ခင်ဗျားဆီမယ် စားစရာကလေး နဲနဲပါးပါးများကျန်ရင် ဟောဒီခလေးအမေရဲ့ အသက်ကို ကယ်ဆယ် တဲ့ သဘော နဲ့ လက်တဆုပ်လောက် မျှစမ်းပါဗျာ ဟိုတလောက ခင်ဗျား ကျုပ်အိမ်ကို ၀င်လုတဲ့ ကိစ္စ ကျုပ် မေ့ဖျောက် ပစ်ပါ့မယ်'' ဟုပြောလေ၏။

ချင်းမှာ ၀မ်လန်းအား ရှက်ကြောက်ခြင်း ကြီးစွာဖြင့် ကြည့်လျက် '' ကျုပ်လဲ အဲဒီနေ့က စပီး စိတ်ထဲမယ်နဲနဲ ကလေးမှ မချမ်းသာတော့ဘူး မောင့်အိမ်မှာ စားစရာ သောက်စရာတွေ လှောင်ထားတာ ရှိတယ်လို့ ကျုပ်တို့ကို လာတွန်းတဲ့ ခွေးကောင်ကြီးဟာ တခြားလူတော့မဟုတ်ဘူး မောင့်ဦးလေးဘဲ ရက်စက်လှတဲ့ ဟောဒီ လောကကြီးမှာ ကျူပ်ကျိန်ပြောလိုက်မယ် ကျူက်အိမ် ဘိနပ်ချွတ်အောက် မှာ ပဲနီစေ့ အနည်းငယ် လောက် မြှုပ်ထားတာတော့ ရှိတယ်။

အဲဒါဟာ ကျုပ်တို့ သားအမိ သားအဘ တတွေ သေရတော့မဲ့ နောက်ဆုံးအချိန် ကျတော့ ၀မ်းထဲမယ် အစာကလေး နဲနဲ သွတ်ရက် နဲ့ သေသွားကြရအောင် ကျုပ်တို့ လင်မယားမြှုပ်ထားတဲ့ ဟာဘဲ ဒါပေမဲ့ ဒီအထဲက နဲနဲတော့ ကျုပ်မောင့်ကို ပေးမယ် မနက်ဖြန် ကျတော့ကာ အောက်အရပ်ဒေသကို သွားနိုင်ကြရင် သွားကြ ပေတော့ ကျုပ်တော့ကျုပ်အိမ်နဲ့ ကျုပ် ဒီမှာဘဲ နေရစ်ခဲ့မယ် ကျူပ်က မောင့်ထက် အသက်ကြီးပီ သားလဲ မရှိဘူး ဒီတော့က သေသေရှင်ရှင် ဘာမှအရေး မဟုတ်ဘူး။
ထိုနောက် ၀မ်လန်းထံ မှ ထွက်သွားလေ၏၊ ခဏကြာ၍ ပြန်လာသောအခါ အ၀တ်ကလေး တခုနှင့် ထုပ်လျက်ဖုတ်တွေ နှင့် အလူးလူးရှိသော ပဲနီစေ့ ကလေး လက်နှစ်ဆုတ်ခန့် ပါလာလေ၏၊

ဆက်ရန်

.

2 comments:

Anonymous said...

အမရယ်..ငတ်တာ..အဲဒီလောက်တောင်ပဲလားဟင်
စိတ်မကောင်းလိုက်တာ..
ကိုယ်ကထမင်းစား၇င်းဖတ်နေချိန်မှာ သူတို့က စားစ၇ာမ၇ှိတဲ့..
ဆက်စားလို့မ၇တော့ဘူး..စိတ်မကောင်းလို့


မြတ်နိုး

မေဓာဝီ said...

ဟုတ်ပါရဲ့ မိုးမင်းကြီး ဖြူစင်မြတ်နိုး ပြောသလိုပဲ ထမင်းစားရင် ဖတ်တာ ရင်နင့်သွားတယ်။ ရင်ထဲ တနင့်နင့်နဲ့ပဲ ထမင်းကို ကုန်အောင်တော့ စားလိုက်ပါတယ်။ သူတို့တောင် ပဲစေ့လေးတွေ စားနေရတာမဟုတ်လား။ ကိုယ်က ပေါများတဲ့နေရာမှာဆိုပြီး အလဟဿ မဖြစ်ချင်ဘူးလေ။

အစာရေစာ ငတ်မွတ်ခေါင်းပါးတဲ့ ဒုဗ္ဘိခန္တရကပ်၊ ပြီးရင် သတ္ထန္တရကပ်၊ ရောဂန္တရကပ်တွေပါ ဆက်လာမလား မသိဘူး။ မြန်မာပြည်က အဲလောက်ထိ ဆိုးဆိုးဝါးဝါး မဖြစ်တာ ရတနာ သုံးပါး ဂုဏ်ကျေးဇူးကြောင့်ပဲနော်။