Thursday, March 25, 2010

ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၉)

နှစ်သစ်ကူးသည့်နေ့၌၊ ဦးလေးဖြစ်သူနှင့် အိမ်နီးနားချင်းများ အိမ်သို့ တပြုံတခေါင်းကြီးရောက်လာ ကြကာ စားကြ သောက်ကြ မူးယစ်ကြ နှင့် သူ့အဖေနှင့်သူ့အား နှစ်သစ်ကူးဆုတောင်း အမျိုးမျိုး တောင်းကြ ပေးကြသည်ကိုလည်း ၀မ်းလန်းမှာ အကြီးအကျယ် စိတ်နောက်ကျိမိလေ၏၊ ဆေးဆိုးထား သော လမုန့် များအား ထိုလူသိုက်ကဲ့သို့သော သာမန်လူများကို ထုတ်ကျွေးနေရမည် စိုးသဖြင့်လည်း လုံလုံခြုံခြုံ မမြင် ကွယ်ရာ သို့ သွားဝှက်ထားလေ၏။ ဤသို့ ၀ှက်ထားရင်းကလည်း ထုတ်ကျွေးသော အဖြူသက်သက် လမုန့် ရိုးရိုး တို့ကိုပင် " အရသာရှိပါပေသည် ကောင်းလှပါပေသည်" စသည်ဖြင့် ချီးမွမ်းထောပနာ ပြုသံကြားရသော အခါ၌ "အရောင်နဲ့ မုန့်တွေလဲစားကြည့် ကြစမ်းပါအုံး ဗျာတို့"ဟု မကြွားလိုက်မိအောင် မနည်း စိတ်ထိမ်း ပါးစပ်ပိတ်ထားရလေ၏။

မိန်းမတွေ တယောက်အိမ်တယောက် သွားရောက်လယ်ပတ်ကြသည့် နှစ်ဆန်း ၂-ရက်နေ့သို့ ရောက်လာ ခဲ့သော အခါ၌ကား ယမန့်နေ့က ကောင်းကောင်းစား၍ ကောင်းကောင်းမူးခဲ့သော ၀မ်းလန်း မှာ မယား နှင့် အတူ မနက်အစောကြီး အိပ်ရာမှထလျက် သူငယ်မက ခလေးအား သူကိုယ်တိုင် ချုပ်လုပ်ပေးထားသော ကုတ်အင်ကျီ အနီကလေးကို၎င်း  ကျားပါးစပ်ဘိနပ် ကလေးကို၎င်း ၀တ်စားဆင်ပြင်ပေးကာ နှစ်သစ် မကူး ခဲ့မီ တနေ့က ၀မ်လန်း ကိုယ်တိုင် ခေါင်းရိပ် ပေးထား၍ ပြောင်နေသော ခလေး၏ ခေါင်းတွင်လည်း ရွှေရောင် ဘုရား ရုပ်ပွားတော်ကလေး တဆူပုံ ဇာအပ်နှင့်ထိပ်တွင် ထိုးပေးသည့် ဦးထုတ်ကလေးကို စွပ်ပေးပြီးလျှင် ခလေးအား အိပ်ရာပေါ်၌ ချထားလိုက်လေ၏။

ထို့နောက် အိုလင်သည် ရည်လျားနက်ပြောင်သော သူ့ဆံပင်များကို ဘီးတခုဖြင့် ဖီးရင်း နောက်တွဲ ကလေး ထုံးလျက် သူ့ချစ်လင် ၀ယ်ပေးထားသော ငွေရေပွတ် ကြေးဆံထိုး တချောင်းဖြင့် ထိုးစိုက်လိုက်ကာ အထည်ဆိုင် က အတောင်ကောင်းသဖြင့် ပိတ် ၂၄တောင်ဝယ်ရာတွင် ၂တောင် ပို၍ပါလာသော ပိတ်စမှ တ၀က်ကို လင့်အတွက် ကုတ်အကျီတထည်ချုပ်ပြီး သူ့အတွက် ချုပ်ထားသည့် ပိတ်အကျီအနက် ကို ၀တ်ဆင်နေစဉ် ၀မ်လန်း ကလည်း ခလေးကိုချီလျက် သူငယ်မ က မုန့်ဆွဲခြင်းကို ဆွဲပြီး အိမ်မှ ထွက်ကြ လျက် လယ်ကန်သင်းတွေ အတိုင်း လျှောက်လာခဲ့ကြ လေသတည်း။

ဟွမ်၏ အိမ်ဝင်းဝသို့ ရောက်သွားကြသော အခါ ၀မ်လန်း မှာ ဆုထူးတခု နှင့် တွေ့နေလေ၏ ။ အကြောင်းမူ ၎င်းတို့ အားမြင်လျှင်ပင် တံခါးစောင့်သည် ပါးပေါ်ရှိ မှဲ့ကြီးမှ ပေါက်နေသည့် မင်းမွေး များကို လက်နှင့် လိမ်ကျစ်ရာမှ။
"အား... လယ်သမား ၀မ်ပါလားဟေ့ ဒီတခါတော့ တယောက်တည်းမဟုတ်တော့ဘဲ သုံးယောက် တောင်ဖြစ်နေ မှကိုး"ဟု ပြောဆိုရင်း ၎င်းတို့ချီလာသည့်သား ယောကျာ်းကလေးကို၎င်း ၀တ်စား ဆင်ပြင် လာသည့် အ၀တ်သစ်အစားသစ် များကို၎င်း ကြည့်ပြန်ကာ" မင်းတို့ရဲ့ ဇာတာစန်းလာဘ် က တက်ပြီး ဖြစ်နေတော့ အခုနှစ်အတွက် အထွေထွေထူးထူး ဆုတောင်းနေဘို့တောင် မလိုတော့ပါဘူးကွာ"ဟု ပြောဆို ပြန်လေ၏ ။

ထိုအခါ ၀မ်လန်းက အဆင့်အတန်းချင်း မကွာလှသော ဂုဏ်ရည် တယောက်အား ပြန်ပြောပုံမျိုး အရေုး မစိုက် ဟန်နှင့်ပင်။
"အရောင်းအ၀ယ်ကထပွလို့ပေါ့ဗျာ ထပွလို့ပေါ့"ဟု ပြောဆိုရင်းဝင်းထဲသို့ရဲရဲဝံ့ဝံ့ စိတ်ချလက်ချနှင့် လှမ်းဝင်လိုက်လေ၏
တံခါးစောင့်လည်း သဘောကျသွားလျက် ၀မ်လန်းအား "ငါမင့်မိန်းမနဲ့မင့်သားကလေးအထဲခေါ်သွားတုံး မင်း ငါ့အခန်းစုတ် ကလေးထဲမှာ နေရစ်ခဲ့တာ ပေါ့"ဟု ပြောဆိုလေရာ ၀မ်လန်းသည် ထိုနေရာတွင်ပင် ခေတ္တ ရပ်လျက် အိမ်ရှင်မကြီးကိုပေးရန် လက်ဆောင်တွေနှင့် ဘုံဆောင်တွေ တဆောင်ပြီးတဆောင် ဖြတ်သန်း ရင်း ၀င်သွားနေကြသော သားအမိနှင့် တံခါးစောင့်အား မျှော်ကြည့်နေလေ၏။ ဤကား သူ ဂုဏ်တက်ဘို့ပင်တည်း လမ်းကလေးအတိုင်း ဘုံဆောင်တွေအောင် တဆောင်ပြီးတဆောင်ဖြတ်ကာ ၀င်သွားနေသော လူတွေ တဘက်သို့ချိုး၍ ကွယ်ပျောက်သွားမှ ၀မ်လန်းသည် တံခါးစောင့်၏ အိမ်သို့ လျှောက်ခဲ့လေရာ တံခါးစောင့်ကတော် ကျောက်ပေါက်မာ နှင့် မဟ၀ါက ဧည့်ဝတ်ကျေပွန်စွာဖြင့် အလယ်ခန်း ၌စာပွဲတလုံးဘေးတွင် နေရာ ထိုင်ခင်းများ ပေးလေ၏။

ထို့နောက် လဘက်ရည်တခွက် ပင် ဖျော်၍ တည်လေသေးသည်ကို ၀မ်လန်းသည် ခေါင်းကလေး ညိမ့်သည်ဆိုယုံညိမ့်၍ လဘက် ရည်ပုဂံကို လှမ်းယူပြီး ရှေ့တွင် ချထားလိုက်လေ၏။ သို့သော် လဘက်ခြောက် ပင် ညံ့နေသလိုလို မသောက်ဘဲ ဟိတ်ဟန်နှင့်နေလေ၏။

အချိန် အတော်ပင် ကြာသွားသလိုလို ရှိမှသားအမိ ၂ယောက် နှင့် တံခါးစောင့်သည် ပြန်ရောက်လာ၏ ၀မ်လန်းသည်ချောချောမောမော မှ ရှိလာပါရဲ့လားဟု မယားသည်၏ မျက်နှာကို အတန်ကြာနီးနီးကပ် ကပ် သေချာ အကဲခတ်၍ ကြည့်နေမိလေ၏။ သို့ကြည့်မိခြင်းမှာ ဘယ်လောက်ပင်ဆိုဆိုဆဲဆဲ မျက်နှာမပျက် အရေထူထူ နှင့် ခံနိုင်ရည်ရှိသော ဇနီးသည်၏ ရိုးသားလှသည့်မျက်နှာကလေးမှာ  ယခုအခါ အနည်းငယ် ထူးခြား ပြောင်းလဲ၍ လာခြင်းကို အကဲခတ်မိသောကြောင့်ပင် ဖြစ်လေ၏။ သူငယ်မ၏ အမူအယာမှာ စိတ် လေးလေးပင်ပင်  ရှိလာသည့် အသွင်ကို ဆောင်နေရကား ယခုကိစ္စ နှင့် လာခဲ့ရာ၌ မိမိကိုယ်တိုင် ၀င်လိုက်မသွားနိုင်ခဲ့သော အိမ်ထဲတွင် ဘာတွေဖြစ်လာသည် မယားထံမှ မကြားမသိရမီ အတွင်း စိတ်မရှည်နိုင်အောင် ယားကျိကျိ ဖြစ်လာလေ၏။

တံခါးစောင့် နှင့် သူ့ဇနီး ကျောက်ပေါက်မာ နှင့် မဟ၀ါအား ခတ်မြန်မြန်ပင် ဦးညွှတ်နှုတ်ဆက်လျက် အိပ်ပျော်နေကြပြီဖြစ်သော ခလေးကိုချီရင်း မယားသည်အိုလင်အား ခေါ်၍ ခြေကုန်သုတ် ထွက်လာခဲ့ရာမှ။
"ဘယ်နှယ့် လဲဟေ့"ဟု နောက်မှတကောက်ကောက် လိုက်လာနေသည့် ဇနီးသည်အား လည်ပြန်ကြည့်ရင် စလိုက်လေ၏ သို့သော် နှေးကွေးအေးစက်လှသော ဇနီးကိုကြည့်ရင်း စိတ်မရှည်နိုင်အောင် ဖြစ်ရ ပြန်လေ၏။ သူ့ဇနီးကား အနားရောက်အောင် အနည်းငယ် ကပ်လာပြီး လေသံဖြင့် "မေးလို့ရှိမှ ကျုပ်တော့ ဒီနှစ် သူတို့တတွေ နဲနဲပမ်းနေပြီလို့ ထင်တာဘဲ"ဟု ဆင်းရဲဒုက္ခ ရောက်သူ နတ်အား ရိုးမယ်ဖွဲ့၍ ထိတ်ထိတ် လန့်လန့်နှင့် ပြောသံမျိုး ပြောလေ၏။ "မင့်ဟာက ဘာအဓိပ္ပာယ်လဲကွ" ဟု ၀မ်လန်းက ပြန်မေးလေ၏။

သို့သော်သူငယ်မကား မြန်မြန်ထက်ထက် မရှိ စကားတလုံးနှင့်တလုံး မနည်းစဉ်းစား၍ ပြောနေရသ ကဲ့သို့။
"သခင်မကြီး ဒီနှစ်ဒီအင်ကျီဘဲ ခါးကမချွတ်ဘူး ဒါမျိုး တခါမှမတွေ့ခဲ့ရဘူးဘူး ခိုင်းတဲ့ ကောင်မတွေလဲ အ၀တ်သစ် အစားသစ် နဲ့ မဟုတ်ကြဘူး"
တဖန် စကားရပ်သွားပြီးနောက် ဆက်လက်၍-
"ခိုင်းတဲ့ ကောင်မတွေဆို ဘယ်ဟာမှ ကျုပ်လောက်တောင် အ၀တ်အစားမပြောင်လှဘူး"
အနည်းငယ် ရပ်ပြီးနောက် ဆက်လက်၍  ....
"ပီးတော့ သခင်ကြီးနဲ့ အပျော်မယားတွေက မွေးခဲ့တဲ့ ခလေးတွေဆိုရင်လဲ ကျုပ်တို့သားကလေး လောက် လှတာရော အ၀တ်အစားပြောင်တာရော ကို တယောက်မှ မတွေ့ခဲ့ရဘူး"ဟု ပြောလေ၏။ သို့ပြောရင်းက သူငယ်မ ၏ မျက်နှာမှာ ပြုံးရောင်ရောင် ဖြစ်လာသည်ကို တွေ့ရလေရာ ၀မ်လန်းလည်း ကျယ်လောင်စွာ ရယ်မိသွားလျက် သားကလေး ကို မြတ်နိုးလှစွာ ရင်ခွင်တွင်အပ်၍ ထားလိုက်လေ၏။

"တယ်တော်တဲ့သားကွ...တယ်တော်တဲ့သား"
အလွန်အကြူး ဘ၀င်မြင့်သွားရာမှ ရုတ်တရက် ထိတ်လန့်သွားမိပြန်လေသည်။
သားချောသားလှ ကလေးကို ပိုက်၍ တစ္ဆေမှင်စာ တွေ အနားက ဖြတ်၍ သွားခိုက်နှင့်များ ကြုံလျှင် မြင် သွားအောင် လမ်းလယ်ခေါင်ကြီး အကာအကွယ်မရှိ လျှောက်နေကြခြင်းမှာမည်မျှ မိုက်မဲ အဆင် အခြင် ကင်းလှဘိ သနည်း။

ကုတ်အင်ကျီ ကျယ်သီးကို ကဗျာကသီ ဖြုတ်လိုက်ပြီး ခလေး၏ ခေါင်းကလေးကို အင်ကျီအောက်သွင်း လျက် ရင်ခွင်နှင့် အပ်ထားလိုက်ရင်း အသံကျယ်ကျယ်ပြုကာ...
"ကွာ လူတိုင်းကအော့နှလုံးနာ နေတဲ့ ကျောက်ပေါက်မာဘရဖြစ်နဲ့ ဒို့သမီးကလေး ဘယ်လောက် သနားစရာ ကောင်းလိုက်ပါဘိ မြန်မြန်သေသွားအောင် ဒို့ဆုတောင်းလိုက်ကြပါစို့ကွာ"ဟု ပြောလိုက် လေ၏။
"ဟုတ်တယ်ဟေ့.. ဟုတ်တယ်" ဟု ဇနီးကလည်း ဘယ်လိုသဘောနှင့်ပြောလိုက်သည်ကို ခတ်ရေးရေးမျှ ရိပ်မိ လာရင်း ရှေ့လောကြီးနိုင်သမျှ ရှေ့လောကြီးကြီးနှင့် ပြန်ပြောလိုက်လေ၏။
ခလေးအတွက် ဤသို့အကာအကွယ်များ ပြုလုပ်လိုက်ပြီး နောက်စိတ်သက်ရာရသွားကာ ၀မ်လန်း က "သူတို့ဘာပြုလို့ စီးပွားလျော့သွားတယ်ဆိုတာ မင်းစုံစမ်း မကြည်ခဲ့ဘူးကွ"ဟု ထပ်၍မေးပြန်လေ၏
"အရင်က ကျုပ် သူ့လက်အောက်မှာ အလုပ်လုပ်ခဲ့ရဘူးတဲ့ ထမင်းချက်ကြီး တယောက်နဲ့တော့ နှစ်ယောက်ချင်း တိုးတိုး ပြောခဲ့ရတယ်။

သူက ဘာပြောသလဲ ဆိုတော့ သားငါးယောက်က တခြား နိုင်ငံမှာသွားပြီး ငွေတွေ ရေလို ဖြုန်း မယားတွေ တယောက်ပီး တယောက်ယူ အီလာရင်တယောက် ပြီးတယောက် ကန်ထုတ် သခင်ကြီးကလဲ အိမ်မှာ အပျော်မယားတွေ တနှစ် တယောက် တိုးလိုက် နှစ်ယောက် တိုးလိုက် သခင်မကြီးကလဲ တနေ့ တနေ့ဘိန်းရှုလိုက်တာက ရွှေတွေ ခြေကျင်းဝတ် မြုပ်လောက်အောင်ကုန်နေတော့ ဒီအတိုင်းသာ ဆိုရင် ဒီအိမ်ဟာ ကြာကြာ မခံတော့ဘူးလို့ ပြောလိုက်တာဘဲ" "တကယ်ဘဲလားကွ" "နောက်ပီး တတိယ သမီးတယောက် လဲ အခု မိုးတွင်း မှာ လက်ထပ်တော့မလို့တဲ့" ထိုနောက် ဆက်လက်ကာ "ပီး သူတို့တင်ရမဲ့ ခန်းဝင်ပစ္စည်းကလဲ မင်းသားတပါး ပြန်ပေးလုပ်တဲ့ ငွေလောက် မြို့ကြီးပြကြီး မှာ အစိုးရရာထူး တခုခု ၀ယ်ယူနိုင်တဲ့ ငွေလောက်များသတဲ့၊ သတို့သ္မီးကလဲ အကောင်းဆုံး ပိုးဖဲတွေ က လွဲလို့ဘာမှ မ၀တ်ဘူးတဲ့ စူချောင် နဲ့ဟန်ချောင်မှာ ဆိုးတဲ့ပန်းပွင့်ပန်းခက်တွေ နဲ့မှ သုံးသတဲ့ နောက်ပြီးတော့ ရှံဟဲ က စက်ချုပ်တဲ့ လူကိုလဲ သူ့နောက်လိုက် နောက်ပါ တပည့်တပန်းတွေနဲ့ နိုင်ငံခြား က မိန်းမတွေဝတ်တဲ့ အ၀တ်အစားမျိုးထက် ခေတ်နောက်မကျအောင် ခေါ်ယူပြီး ချုပ်ခိုင်းမတဲ့"
"နေပါအုံးကွာ ဒါလောက်တောင် အကုန်ကျခံပြီးတော့ ဘယ်သူနဲ့များ လက်ထပ်မှာတဲ့လဲကွ"ဟု ၀မ်လန်းမှာ ငွေတွေဒလဟော အကုန်ခံမည်ဆိုခြင်းကို ချီးမွမ်းခြင်းထိတ်လန့်ခြင်း ရောပြွမ်းလျက် မေးလိုက်မိလေ၏။

"ရှံဟဲက တရားသူကြီးတယောက်ရဲ့ ဒုတိယမြောက်သားနဲ့တဲ့"ဟု သူငယ်မက ဖြေဆိုကာ အတန်ကြာပင် စကားပြတ် သွားပြီးနောက်မှ ဆက်လက်၍...
''သူတို့တော့ ဆင်းရဲသည်ထက်ဆင်းရဲတော့မှာဘဲ ဘာပြုလို့လဲဆိုတော့ သခင်မကြီး ကိုယ်တိုင် ကျုပ်ကို ပြောလိုက်တယ်၊ သူတို့ ဟိုအိမ်တောင်ဘက်က ဟို..မြို့ဝင်တံခါးရှိတယ်မဟုတ်လား အဲဒီမြို့တံခါး အပြင်ဘက်နားက လယ်တွေကိုရောင်းပစ်တာ့မတဲ့ ဒီလယ်တွေဟာ နှစ်တိုင်းစပါးစိုက် နေတဲ့လယ်တွေ မြို့ရိုးနားကကျုံးနဲ့နီးတော့ ရေကောင်းကောင်းရတဲ့ လယ်တွေပေါ့'' ဟုပြောလေ၏။
''ဘာ... လယ်တွေ ရောင်းပစ်တော့မယ်'' ၀မ်လန်းမှာ လိပ်ပတ်လည်၍  လာလေ၏၊ ဒါဖြင့်ရင် သူတို့တကယ် ဆင်းရဲလာတာပေါ့ လယ်ဆိုတာဟာ လူတယောက်ရဲ့ အသွေးနဲ့အသား'' ဟုပြောလေ၏။
အတန်ကြာ ဆက်လက် လျှောက်လာခဲ့ကြရာမှ ရုတ်တရက် အကြံတခုပေါ်လာဘိသကဲ့သို့ လက်ဝါးဖြင့် ခေါင်းကိုပွတ်ရင်း။

''ငါမစဉ်းစား မိဘူးကွာ''ဟု အော်လျက် ဇနီးသည်ဘက်သို့လှည့်ပြီး ဒို့ ဒီလယ်ကိုဝယ်မယ်'' ဟုပြောလေ၏။
ထိုနောက် တယောက်မျက်နှာကို တယောက်စိုက်ကြည့်နေကြလေ၏ သူကား ၀မ်းသာ အားရနှင့် သူငယ်မ မူ စိတ်အိုက်လျက်....
'''ဒါပေမဲ့ ဒီလယ်ကဒီလယ်.....''
သူငယ်မမှာ ရှေ့မဆက်နိုင်။
''ငါဝယ်မယ်လကွာ ငါ-ဟွမ်အိမ်က ၀ယ်ယူလိုက်မယ်ကွ'' ဟု ၀မ်လန်းက သခင်သံ အထက်သံ ဖြင့် အော်ပြောလိုက်ပြန်၏၊
''သိပ်ဝေးလွန်းတယ်တော့ နေ့တ၀က်လောက် လျှောက် မှ ရောက်မှာ'' ဟု သူငယ်မ က တွန့်ဆုပ်တွန့်ဆုပ် နှင့် လုပ်နေ၏။

အို-ဝယ်မယ်ကွာ
မိခင်က တားသည့်အခါ စိတ်ကောက်ကောက် နှင့် ပြန်ပြောသော ခလေးငယ်လို ဝမ်လန်းက ဇွတ်တိုး၍ ပြောပြန် လေသည်။
လယ်ဝယ်တယ် ဆိုတာ က ကောင်းသပေါ့နော် ပိုက်ဆံတွေ မြေကြီး ထဲ မြုပ်ထားတာ ထက်တော့ အားကြီး ပိုကောင်း သပေါ့ ဒါပေမဲ့ တော့် ဦးလေး လယ်တွေထဲ ကတော့ ဘာပြုလို့မဝယ်သလဲတော့် ဦးလေး က ကျုပ်တို့ အခု ရှိတဲ့ ဟိုအနောက် ဘက်ကွင်းတွေနားက သူ့လယ်ကို ရောင်းချင်လွန်းလို့ နံ့နံ့ တက်နေတဲ့ ဥစ္စာ ဟု သူငယ်မက စကားပြေ ထိုးလေ၏။
"ငါ့ဦးလေး လယ်လား ၀ယ်ချင်ပါဘူး အနှစ် ၂၀-လုံးလုံးဟာ လယ်ထဲ နှောက်ချေး မှ ခင်းဖေါ်မရ နှမ်းဖတ် မှ ဖြန်းပေါ်မရ စပါးသာတရိတ်ထဲ ရိတ်ယူနေတာ မြေတွေဟာ ထုံးခြောက်ခဲ ဖြစ်နေပြီ ဟင့်အင်း ငါ့တော့ ဟွမ် လယ်ဘဲဝယ်မယ်"ဟု ၀မ်လန်းကျယ်လောင် ကျယ်လောင် ပြန်ပြော၏။

သို့ပြောရာဆို၌ "ဟွမ်-လယ်" ဟူသော စကားများကို သူ့ အိမ်နီးချင်းလယ်သမား "ချင်းရဲ့လယ်" ဟူ၍ ပေါ့ပေါ့ဆဆတွေ အရမ်းဖြုန်းတည်းပစ်နေသည့် လူသော့သွမ်းများ၏ အိမ်ကြီးက လူတွေ ထက်ပင် အတန်းမြင့်နေသလိုလို အောက်မေ့နေ နေ၏။ လယ်ထဲတွင် ငွေတွေကိုင်လျက် ထိုအိမ်ကြီးသို့ သွားရောက်ပြီး ခတ်ပြောင်ပြောင် ခတ်ဘွင်းဘွင်းနှင့်ပင် "ကျုပ်မှာ ငွေရှိတယ် ခင်ဗျား တို့ ရောင်းချင်တဲ့လယ်က အဘိုးဘယ်လောက်လဲ" ဟု သူဌေးကြီးရှေ့၌ မိမိပြောနေသည့်ဟန် ထို့နောက် သူဌေးကိုယ်စားလှယ်အားလည်း "ကျုပ်ကို ဒီပြင်လူတွေလိုဘဲ သဘောထားလေဗျာ ဈေးချိုချိုဆိုစမ်း ကျုပ်မှာ ငွေရှိပါတယ်ဗျ"ဟု ပြောနေသလိုလို ကြားယောင် မြင်ယောင်နေလေ၏။

မယားသည်မှာလည်း အစပဌမက အဆိုပါ ၀င့်ဝါပလွှား ငါတကားကား ခဲ့ကြသည့် အိမ်သူအိမ်သား များ၏ မီးဖိုချောင် ကျွန်မကလေး အဖြစ် ကျွန်ခံလာခဲ့ရသည့် ဘ၀မှ ထိုအိမ်ကြီး ကြီးပွားချမ်းသာ အောင် နှစ်ပေါင်း များစွာ စွမ်းဆောင်လာခဲ့သော လယ်တွေ အနက်က တကွက်သော လယ်ကွက် ကလေး၏ ပိုင်ရှင် လယ်ပိုင်ရှင် ကတော် ဖြစ်ရတော့မည့် အရေးကို တွေးမိသော အခါ လင့်စိတ်ဓာတ် တွေပါ ကူးလာလျက် မ၀ယ်ဘို့ရန် တားမြစ်နေခြင်းကို တခါတည်း "ဂလောက်ဂျိတ်" ပါးစပ်စေ့ကနဲ ပိတ်လိုက်ပြီးနောက်။

"ဒါဖြင့် ၀ယ်ကြစို့လေ နောက်ဆုံးမတော့ လယ်ကလဲ လယ်ကောင်း ကျုံးနဲ့ကလဲနီးတော့ နှစ်တိုင်း နှစ်တိုင်း ရေ လွယ်လွယ်ကူကူ နဲ့လဲ ရနိုင်တာပေါ့ အဲဒါတော့ မုချ" ဟု ပြောလေ၏။
ထိုနောက် တဖန် ပြုံးယောင်ယောင် အမူအရာ ကလေးသည် သူငယ်မ၏ မျက်နှာပေါ်တွင် ယှက်သန်း၍ လာပြန်လေသည်။ သို့သော် အဆိုပါ ပြုံးယောင်ယောင် အမူအရာ ကလေးမှာ အမြဲ သဖြင့် ထိုင်းမှိုင်း လေးလန်နေပုံရသော နက်မှောင် ကျဉ်းမြောင်လှသည့် မျက်လုံးကလေး များကိုကား တောက်ပြောင် အရောင်မြူးလာစေရန် စွမ်းဆောင်ခြင်း မပြုနိုင်ပေ။ အတန်ကြာ ငြိမ်သက်နေပြီး နောက် သူငယ်မက -
"ဟိုနှစ်တုန်းက ဒီအချိန်မျိုးဆို ကျုပ် သူတို့အိမ်မှာ ကျွန်အလုပ် နဲ့ နေရတုန်းပေါ့" ဟု ပြောလေ၏။ ထိုနောက် နှစ်ယောက်သား ထိုအကြံကို တွေးရင်း တိတ်တိတ် ဆိတ်ဆိတ် လျှောက်၍ သွားကြလေ၏။

ဆက်ရန်
.

1 comment:

မေဓာဝီ said...

မရွှေစင်ရေ ... မြေပဒေသာ မဖတ်ဖူးသေးဘူး တင်ပေးတာ ကျေးဇူးတင်ပါတယ်။ အမှီလိုက်ဖတ်နေပါတယ်။
ကွန်မန့်ထဲမှာ word verification မရှိတော့လို့ ကျေးဇူးတင်တယ်။ ဒါပေမဲ့ အခုတလော
မရွှေစင်ဘလော့ကိုလာရင် ကြော်ငြာစာမျက်နှာတွေ ပေါ်ပေါ်နေလို့၊ အဲဒါဘာကြောင့်လဲ မသိဘူး။ ကျမစက်ကြောင့်ပဲလား။ တခြားလူတွေရောဖြစ်လား။ ဖြုတ်လို့ရော ရသလား ...။ မေးခွန်းတွေ များနေပြီ အားလဲနာတယ်။ ခင်လဲ ခင်တယ်နော်။ :P အဲဒါကြီးက သိပ်အနှောက်အယှက်ဖြစ်လို့ပါ။ စာမျက်နှာကို ကလစ်နှိပ်တိုင်း ပေါ်ပေါ်လာတယ်။ မပေါ်အောင် ဘယ်လို လုပ်ရမလဲဟင်။