Monday, March 15, 2010

မြန်မာပြည်က ဟယ်လင် အပိုင်း (၄၃)

အထဲ၌ ဘာမျှ မရှိပါ။ ဆေးဖြူသုတ်ထားသော နံရံများ ရှိနေပြီး လက်ဝါးကပ်တိုင် တစ်ခုကို နံရံပေါ် တွင် ချိတ်ထားပါသည်။ ထိုသို့ ထိုင်နေစဉ် ကျွန်မ၏ နားထဲတွင် အသံတစ်သံ ကြားရပြီး ရင်တွင်း ၀ယ် အေးချမ်းမှု ခံစားလာရပါသည်။ ကျွန်မ၏ ရှေ့လုပ်ငန်းများကို လုပ်ကိုင်ရန် အင်အားများ၊ အကူ အညီများ၊ ကျွန်မ၏ ကိုယ်တွင်း၌ လွှမ်းခြုံသွားသည်ဟု ခံစားမိပါသည်။
ကျွန်မသည် ဘုရားကျောင်းအတွင်း၌ မည်မျှကြာအောင် ထိုင်နေမိသည်ကို မသိပါ။ သီလရှင် တစ်ပါးက နောက်ဆုံး၌ လာရောက်ခေါ်ယူခဲ့ပါသည်။ သူမက လက်နှစ်ဖက်ဖြင့် ကျွန်မကို ပွေ့ဖက် ၍ စားစာရာများ တည်ခင်းထားသော အခန်းတစ်ခုထဲသို့ ခေါ်ဆောင်သွားပါသည်။

ကျွန်မသည် ဘရင်ဂျီ ဘာသာဝင်ကောင်းတစ်ဦး မဟုတ်ပါ။ ယုတ်စွအဆုံး ခရစ်ယာန်ဘာသာဝင် ကောင်းတစ်ဦးပင် မဟုတ်ပါ။ သို့သော် ဘာသာတရားကို အစဉ်တစိုက် ယုံကြည်ခဲ့သူတော့ ဖြစ်ပါ သည်။ ယင်းကဲ့သို့ ယုံကြည်ကိုးကွယ်ခဲ့သော်လည်း ဒုက္ခပေါင်းစုံကို မြင်တွေ့ခဲ့ရသည်။ ခံစားခဲ့ရ သည်။ ဘုရားသခင်သည် အမှန်ပင် ရှိပါသည်။ ကျွန်မတွင် မျှော်လင့်ချက် ယုံကြည်ထမ်းဆောင်နိုင် သော အင်အားထက် ပို၍ ကြီးလေးသော တာဝန်ကို ပေးမည် မဟုတ်ပါ။

ကျွန်မသည် ရောင့်ရဲတင်းတိမ်မှု ဟူသော ကိုယ်ကျင့်တရားကို ကျင့်သုံးနိုင်သည်အထိ သီလရှင်များ နှင့် နေထိုင်ပြီးနောက် ကာလကတ္တားမြို့သို့ သွားရန် စီစဉ်ပါသည်။
မိတ္ထီလာမြို့မှ လေယာဉ်စီးပြီး ကာလကတ္တားမြို့ပေါ် ခြေချမိသည်နှင့် ဖခင်၏သင်္ချိုင်းကို စုံစမ်းရန် ဖခင် တက်ရောက်ခဲ့သော ဆေးရုံသို့ တန်း၍ သွားပါသည်။ သင်္ချိုင်းအတွင်း၌ ဂူအမှတ်အသားမရှိဘဲ မြေပုံပေါ်၌ နာမည်နှင့် နံပါတ်ပြားကိုသာ တွေ့ရပါသည်။ ခါးသီး ခံပြင်းမှုများ မခံစားရတော့ပါ။ ဖခင်သည် နောက်ဆုံး၌ အေးချမ်းစွာ ရှိနေပါပြီ။

ကျွန်မသည် ၁၉၄၅ခု၊ ဇူလိုင်လ ၁ရက်နေ့တွင် ဘန်ဂလိုမြို့ ကန်တော်မင် ဘူတာရုံ၌ မီးရထားပေါ်မှ ဆင်းသက်လာခဲ့ပါသည်။ လက်မှတ်သိမ်းသော အပေါက်ဝနားတွင် မိခင်က ကျွန်မအား စောင့်ကြို နေပါသည်။ ကြမ်းတမ်းလှသော ဘ၀၏ခရီးလမ်းကို လျှောက်လှမ်းလာခဲ့ရရှာသူ မိခင်အား ပြုံးပြုံး ရွှင်ရွှင် တွေ့ရပါသည်။

ကျွန်မတို့နှစ်ယောက်သည် တစ်ဦးကို တစ်ဦး ပွေ့ဖက်ပြီး ပျော်ရွှင်လွန်း၍ မရှက်မကြောက်နိုင်ဘဲ ငို ယိုကြပါသည်။ ကျွန်မတွင် ပါလာသော လက်ဆွဲအိတ်ကို သူမ၏ စက်ဘီးပေါ်သို့ တင်၍ "အိမ်ကို ပြန်ကြပါစို့ မေမေ"ဟု ပြောလိုက်ပါသည်။

နောက် လပေါင်းအတန်ကြာသောအခါ ဟိုက်ဒရောဘတ်မြို့၌ အလုပ်လုပ်နေခိုက် တောင်ကြီးမြို့ တွင် ရှိစဉ် ထမ်းဆောင်ခဲ့သော လုပ်ငန်းများအတွက် ကျွန်မအား 'ဂျော့တံဆိပ်' ချီးမြှင့်သည်ဟု ကြားသိရပါသည်။

ကျွန်မ မည်သည့်အရပ်တွင် ရောက်နေသည်ကို ရှာဖွေကြပါသည်။ နောက်ဆုံး ကျွန်မကို တွေ့ရှိ သောအခါ မြန်မာပြည် ဘုရင်ခံ ဆာရယ်ဂျီနယ် ဒေါ်မန်စမတ်ထံမှ ဆုတံဆိပ်ကို လက်ခံယူရန် ရန်ကုန်သို့ သွားရမည့်အကြောင်း ဖိတ်ကြားခြင်း ခံရပါသည်။ ကျွန်မက ငြင်းလိုက်ပြီး ဆုတံဆိပ်ကို ကျွန်မထံသို့ စာတိုက်မှ တစ်ဆင့် ပို့ပေးရန် အကြောင်းကြားလိုက်ပါသည်။
ကျွန်မသည် ဆာရယ်ဂျီနယ်နှင့် တွေ့လိုသော ဆန္ဒမရှိပါ။ ကျွန်မတို့ကို မြန်မာနိုင်ငံတွင် ချောက်ချ သွားသူဟု ယူဆထားပါသည်။ ကျွန်မတို့အား မိမိ၏ အလုပ်ခွင်တွင် နေကြရန် တိုက်တွန်းပြီး သူကိုယ်တိုင်ကတော့ သီးသန့်လေယာဉ်ပျံနှင့် ထွက်ခွာသွားခဲ့သည်။

ကျွန်မအနေနှင့် ဆာရယ်ဂျီနယ်အပေါ် ထားရှိသော သဘောထားသည် မှန်ကန်မှု ရှိချင်မှ ရှိမည် ဖြစ် သော်လည်း မြန်မာပြည်တွင် ရှိသော အတွေ့အကြံ ရင့်ကျက်သည့် ပုဂ္ဂိုလ်အများက ကျွန်မ၏ သဘောထားအတိုင်း ခံယူကြပါသည်။ ကျွန်မ၏ ခံယူချက်မှာ သင်္ဘောတစ်စင်း နစ်မြုပ်သွားသော အခါ မာလိန်မှူးသည် ပထမဦးဆုံး သင်္ဘောကို စွန့်ခွာသူ မဖြစ်ရပါ။ နောက်ဆုံးတစ်ယောက်တည်း ကျန်မှ စွန့်ခွာရမည် ဖြစ်ပါသည်။

ဆုကို ကျွန်မထံသို့ ပို့ပေးရန် မေတ္တာရပ်ခံခဲ့သော်လည်း မပို့ခဲ့ပါ။ ပင်စင်ယူရန် နီးနေပြီဖြစ်သော အုပ်ချုပ်ရေးအရာရှိ ဆာအာသာလိုသီယံ၏ စန်ဒြဘတ် စံအိမ်တော်သို့ ပေးပို့လိုက်ပါသည်။ ထင်ရှားကျော်ကြားသော ၀တ်လုံတော်ရ ဆာဝါလ်တာမော့(ခ)တန်က ထိုအချိန်တွင် နိုင်ငံစော်ဘွား ၏ ဥပဒေ အကြံပေးအရာရှိ ဖြစ်နေရာ သူက အစိုးရစံအိမ်တွင် ကျင်းပမည့် ဆုချီးမြှင့်ပွဲသို့ တက် ရောက်ရန် ပြောပါသည်။

ပထမတွင် ကျွန်မက ငြင်းဆန်လိုက်ပါသည်။ ဂျပန်များ ညှဉ်းဆဲနှိပ်စက်ခံရသူများအပေါ် အစိုးရ၏ သဘောထား မမှန်ကန်သည့်အပြင် ၎င်းတို့အား ခွင့်လွှတ်နိုင်ခြင်းမရှိဟု ကျွန်မ ယူဆပါသည်။
ဗိုလ်ချုပ် ဘရောင်းနင်းက ကျွန်မအား လာပြောပါသေးသည်။ ကျွန်မ စိတ်မ၀င်စားပါ။ ကျွန်မအား ကြီးကျယ်သော ဂုဏ်ပြုခြင်းတစ်ရပ်ဟု နားလည် သဘောပေါက်ပါသော်လည်း ကျွန်မသည် ဆုတံဆိပ်ကို မျှော်ကိုး၍ တာဝန်ထမ်းဆောင်ခဲ့ခြင်း မဟုတ်ပါ။ အလုပ်တာဝန်ရှိနေ၍ နေရစ်ခဲ့ခြင်း သာ ဖြစ်ပါသည်။ ဆုတံဆိပ်များသည် အသုံးဝင်သောပစ္စည်း ဖြစ်သည်ဟု ကျွန်မ မယူဆပါ။

နောက်ဆုံးတွင် ဗိုလ်ချုပ်ကြီး လော့(ဒ်)လူဝီ မောင့်ဘက်တန်ထံမှ စာတစ်စောင် ရောက်လာပါ သည်။ ဗိုလ်ချုပ်ကြီး၏ စာတွင် "ဆုချီးမြှင့်ပွဲသို့ ကျွန်မ ကိုယ်တိုင် တက်ရောက်ခြင်း မရှိပါက မကြာမီ အနားယူတော့မည် ဆာအာသာလိုသီယံကို ဂရုမစိုက်ရာ ရောက်သွားမည်ဖြစ်၍ တက်ရောက်သင့် ကြောင်း" ရေးသားထားပါသည်။

၁၉၄၂ ခုနှစ်၊ မေလ၊ ၈ရက်နေ့စွဲနှင့် လန်ဒန်ဂေဇက်၌ သတင်းထုတ်ပြန်ရာတွင် ဖော်ပြချက်မှာ…
"မစ္စ ဟယ်လင့်ရော့ဒရစ်၊ သူနာပြုချုပ်၊ ပြည်သူ့ဆေးရုံ၊ တောင်ကြီးမြို့၊ မြန်မာပြည်၊ ဂျပန်ဗုံးကြဲ လေယာဉ်ပျံများက တောင်ကြီးမြို့ကို နှစ်သုတ်ခွဲ၍ တိုက်ခိုက်ရာ၌ မစ္စရော့ဒရစ်သည် ပြောင်မြောက်သော ရဲစွမ်းသတ္တိနှင့် တာဝန်ကို လေးလေးစားစား ထမ်းဆောင်သွားခဲ့သည်။ စစ်ဆေးရုံဗုံးကြဲခံရစဉ် ထမ်းစင် သယ်သူများ မရှိသောအချိန်၌ လူနာများကို သူမကိုယ်တိုင် ကျောပေါ်တွင် ထမ်းပိုး၍ ဘေးကင်း လုံခြုံရာသို့ သယ်ယူပေးခဲ့သည်။

ထိုကဲ့သို့ အလွန်ရဲရင့်သော တာဝန်ကို ဆောင်ရွက်နေခိုက် သူမမှာ ဗုံးကြဲစက်သေနတ်နှင့် ပစ်ခြင်း ခံခဲ့ရသည်။ သူမသည် ဆေးရုံသို့ ပြန်သွားခဲ့ပြီး ခွဲစိတ်ကုသမှုများ ပြုလုပ်ခဲ့သည့်အပြင် လေးနေ့နှင့် လေးည တိုင်တိုင် မအိပ် ဘဲ တာဝန်များကို ထမ်းဆောင်ခဲ့သည်။ သူမ၏ ရဲရင့်မှု၊ ဦးစီးခေါင်းဆောင်မှုနှင့် မိမိ၏ လုံခြံမှုကို လုံးဝ အလေးဂရုမထားမှုတို့သည် သူနာပြုသမိုင်းတွင် အမြင့်ဆုံး အစဉ်အလာများပင် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ကျွန်မ၏ နာမည်ကို စာလုံးပေါင်းရာတွင် အမှားအယွင်းရှိသည်မှအပ ကျွန်မအပေါ်တွင် သာသာ ထိုးထိုး ချီးကျူးထားပါသည်။ ကျွန်မသည် ဂုဏ်ယူဝင့်ကြွားမိသော်လည်း ကျွန်မကို ဆုချီးမြှင့်ခံရ အောင် မည်သူက ထောက်ခံလိုက်သည်ကို ယနေ့တိုင် မသိရပါ။ ဗိုလ်မှူးကြီး ဘရာ့ကယ်ဟပ်(စ်) မကွယ်လွန်မီအချိန်က ထောက်ခံသွားသည်ဟု ထင်မြင်ယူဆပါသည်။
ဆုချီးမြှင့်ပွဲမှာ အလွန် ခမ်းနားလှပါသည်။ လူတိုင်း ၀တ်စုံအပြည့် ၀တ်ဆင်လာကြပြီး စားပွဲထိုးများ ကလည်း ခမ်းနားသော အ၀တ်အစားများ၊ ရောင်စုံ ဗောင်းထုပ်များ၊ ခါးစည်းများကို ၀တ်၍ တက် ရောက်လာသူများ၏ အနီးအနားတွင် အသင့်ောင့်ပေးနေကြပါသည်။ ကုလားစော်ဘွားများ ကောင်းစားချိန်နှင့် ဆင်ဆင် တူနေပါသည်။

ကျွန်မကလည်း သူနာပြု ဆရာမကြီး၏ ၀တ်စုံကို ၀တ်၍ ဆုယူပါသည်။ နောက်မှ ကပွဲတွင် ကနိုင် ရန် ဇာနက်များဖြင့် အပေါ်မှ သီချုပ်ထားသော လေထီးပိုးစ ၀တ်ရုံနှင့်လဲ၍ ၀တ်ဆင်ပါသည်။
ရှန်အရက်များကို သောက်ကြသည်။ ယင်းနောက် ဆာအာသာက ရောက်နေတဲ့အတွက် ခင်ဗျားတို့ အားလုံးဟာ ဂုဏ်ယူဝင့်ကြွားကြမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" ဟု စကားအနည်းငယ် ပြော ရာ ပရိသတ် က လက်ခုပ်တီးကြပါသည်။

ယင်းနောက် ကပွဲ ကျင်းပပါသည်။ ကျွန်မသည် ဆာအာသာနှင့် ပထဦးဆုံး တွဲကပါ သည်။ နောက်တစ်ကြိမ်တွင် ဆာဝါလ်တာမော့(ခ်)တန်နှင့် တွဲကရာ ကျွန်မ၏ ပိုးစ၀တ်ရုံကို အလွန်အကျွံ ချီးမွန်း နေပါသည်။ ထိုဝတ်ရုံ၏ ပိုးစသည် မကြာသေးမီ ကာလက မဟာမိတ်စစ်သားတစ်ဦးကို မြန်မာ့စစ်မြေပြင်သို့ ချပေးရသော လေထီးမှ အစဖြစ်ကြောင်း သူသိဟန် မတူပါ။
များမကြာမီ မြန်မာပြည်အစိုးရ၏ နယ်ခြားဒေသ အုပ်ချုပ်ရေးဌာနနှင့် စည်ပင်သာယာရေးဌာန၊ ရန်ကုန်မြို့မှ စာတစ်စောင်သည် ရန်ကုန်မြို့ စာရင်းစစ်မင်းကြီးရုံးမှ တစ်ဆင့် ကျွန်မထံသို့ ကံကောင်း ထောက်မစွာ မမျှော်လင့်ဘဲ ရောက်လာပါသည်။

ထိုစာ၌ ကျွန်မ တောင်ကြီးမြို့၌ နေထိုင်ခဲ့သော ကာလများကို ဖော်ပြ၍
"ရှမ်းပြည်နယ်ကို အုပ်ချုပ်သူ ၀န်ရှင်တော် မင်းကြီးနှင့် တောင်ကြီးမြို့ကို တာဝန်ယူရသော စစ်ဘက်ဆိုင်ရာ အရာရှိများက မြို့မှ ဆုတ်ခွာရန် ပြင်းပြင်းထန်ထန် တိုက်တွန်းခဲ့သော်လည်း သူမသည် ဒဏ်ရာရသူများကို ပြုစုကုသရန်အတွက် ဤနိုင်ငံ၌ နေရစ်ခဲ့ပါသည်။ သူနာပြုချုပ်သည် ပဋိပက္ခများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ဗြိတိသျှတပ်များ ပြန်လာသည်အထိ ကောင်းမြတ်သော အလုပ်များကို ဆက်လက် လုပ်ကိုင်ခဲ့ပါသည်။

ကျွန်မသည် စာကြောင်းများကို ဆက်၍ ဖတ်လာရာ နောက်တစ်ပိုဒ်ရောက်သောအခါ "ကျွန်ုပ်သည် သူမ ချီးကျူးဖွယ်ရာ ဆောင်ရွက်မှုမျာကို အသိအမှတ်ပြုသောအားဖြင့် မြန်မာပြည်ဆိုင်ရာ အတွင်းဝန်၏ ကြိုတင်ခွင့်ပြုချက်အရ မြန်မာပြည် ဘုရင်ခံက သူမအား ရူးပီးငွေ ၅၀၀၀တိတိကို ချီးမြှင်ရန် ခွင့်ပြုလိုက်ကြောင်းကို ပြောလိုပါသည်။ မစ္စရော့ဒရစ်က ၁၉၄၅ ခုနှစ်တွင် ထုတ်ယူခဲ့ သော ရူးပီးငွေ ၉၀၀ကို ယင်းငွေ ၅၀၀၀ထဲမှ နုတ်၍ ရူးပီးငွေ ၄၁၀၀တိတိကိုသာ သူမအား ဆောလျင်စွာ ထုတ်ပေးရန် ကျွန်ုပ်က မေတ္တာရပ်ခံလိုပါသည်" ဟု စာတွင် ဖော်ပြထားပါသည်။

ကျွန်မသည် အစိုးရဌာနဆိုင်ရာ စာရေးသား သုံးနှုန်းထားပုံကို ဖတ်ပြီး တိုးတိုးရယ်မိပါသည်။ ဆာရယ်ဂျီနယ် အား ကောင်းချီး သုံးကြိမ်ပေးလိုက်ပါသည်။ စာရေးသူသည် ကျွန်မက ရရန်ရှိသော ငွေကြေးထက် တစ်ပြားတစ်ချပ်မှ ပိုမသွားစေရန် စိုးရိမ်ကြောင့်ကြနေပါသည်။ သို့သော်လည်း ထိုစာသည် ကျွန်မအတွက် နှစ်ပေါင်း များစွာအတွင်း မင်္ဂလာအရှိဆုံး သတင်းပင် ဖြစ်ပါသည်။

နက်ဖြန် ဇာတ်သိမ်း မယ်
.

1 comment:

မောင်မောင် said...

မနေ့ကဖတ်ဖို့ မအားလို့ ဒီနေ့ ၄၃ နဲ့ ၄၄ ကို ဖတ်ရှု့သွားကြောင်းပါ။
ဂျော့ရှ် ဆုတံဆိပ် ကို လော့မောင့်ဘက်တန် က စာရေးမှ တက်ယူတယ် ဆိုတာ သိလို့ ပိုချီးကျူးမိပါတယ်။
လေးစားဂုဏ်ပြုထိုက်တဲ့ ဟယ်လင်ပါပဲ။

ခင်မင်သော
မောင်မောင်