စလေသူမဇာတ်လမ်းစပြီ
ဤပရိယာယ်ကြော့ကွင်းမျိုး နားမလည်သူမှာ ဖြူခါပြာခါကျသွားအောင် ခံရတတ်မြဲ ဓမ္မတာဖြစ်ပါသည်။ ဘိလိယက်ခုံမိတ်ဆုံဌာနထဲမှ တချို့က တ၀တပြဲသောက်စားပြီး အိပ်ထဲသို့ ဈေးသုံးကို ရွှင်ရွှင် ထည့်ပေးခြင်း ခံရသည့်အပြင် ၄င်းတို့ လုပ်ချင်သော ကိစ္စများကို ဆရာမွေးသလိုလိုနှင့် မြှောက်ပင့်ခိုင်း၍ ရသောအခါ ဒီငနဲကြီးက အမြှောက်ကြိုက်ကြီးပါကွာ၊ မြှောက်သာပေးလိုက် မိုးဒူးနဲ့ ထတိုက်တာဘဲ ဟူသော ချီးကျူး တောပနာ စကားလုံးနှင့် ကွယ်ရာတွင် ပြုံးပြုံးရွှင်ရွှင် ၀ါဒဖြန့်ကြလေသေးသည်။
နာလည်းနာ နံလည်းနံဆိုသော စကားပုံပမာ ဘေးလူတစ်ဦး၏ အမြင်၌ ရင်နင့်စရာ အတော်ကောင်း နေသော်လည်း ကာယကံရှင်၏ အမြင်မှန်မရသမျှကာလပတ်လုံး တပြုံးပြုံးစား၍၊ ၀ါး၍ ကောင်းလျက် ရှိကြ ပါသည်။ ထိုအချိန်မှာ ကျွန်မက နေထိုင်မကောင်းဖြစ်နေပြန်ပါသည်။ ခရီးထွက်နေလျင် ကျန်းကျန်း မာမာ ရှိသည်။ အိမ်ပြန်ရောက်၍ ၄-၅-၁၀ရက်လောက် ရှိလျှင် ဆရာဝန်ခေါ်ရမြဲ ဖြစ်၏။ ရောဂါဇစ်မြစ်ကို ရှာသော အခါလည်း အစာမကြေခြင်း၊ လေနာခြင်းမှအစ သွေးတိုးရောဂါဟု ဆရာဝန်များ အမည် ပေးသော ရောဂါ အမျိုးမျိုးဘဲဖြစ်ပါသည်။
ဆေးများကိုလည်း စားရလွန်းသဖြင့် ဆရာဝန်နှင့် ပေးဆေးအမျိုးမျိုးအပေါ်မှာ အထင်အမြင်ပင်သေး၍ နေမိပါသည်၊ သို့သော် တနေ့ ဇာတ်ရည်လည်လာသောအခါ ဆရာဝန် မတော်၍ မဟုတ်၊ ဆေးများမစွမ်း၍ မဟုတ် ကြောင်း၊ ကျွန်မ အိမ်ထဲမှာ ခိုကိုးရာမဲ့ဖြစ်၍ ကြည့်္ဂ့စောင့်ရှောက်ထားမိသော မိန်းမတယောက်နှင့် ဒါရိုက်တာ ဇာတ်ဆရာ တယောက်တို့ ပူးပေါင်း၍ မကောင်းကြံစည် ခံရခြင်းဖြစ်ကြောင်း တွေ့မြင် သိရှိ ရပါတော့သည်။
ခိုကိုးရာမဲ့ မိန်းမတယောက် ဆိုသည်ကား အခြားမဟုတ်ပါ။ ယခင်ရေးသားအစ ဖော်ထားခဲ့သော စလေ ရာဇ၀င် ပင်ဖြစ်ပါသည်၊ လွန်ခဲ့သော နှစ်နှစ်ကျော်ခန့်အချိန်က ကျွန်မထံသို့ ခြေတဘက်ဆပ်နေသော အောက်နှုတ်ခန်း တွဲတွဲ မိန်းမတယောက်ရောက်လာသည်။ ထိုမိန်းမကို ကျွန်မ မသိသော်လည်း စလေမြို့က သင်္ဘောကြီး ပေါ် လာတွေ့ကြဘူးသော စလေသားတစု၏ မွေးချင်းပေါက်ဖော်ဟုဆိုသည်၊ ဆင်းရဲဒုက္ခ ရောက်လာ သည်ဟု ငိုယိုကာ အကူအညီတောင်းသည်၊ အဖော်အဖြစ် လိုက်ပို့သော အိမ်နီးချင်း အဒေါ်ကြီး တယောက် ကလည်း ထောက်ခံသည်။
ထိုမိန်းမက ပညာရေးဌာနအတွင်းဝန် ဦးပု၏ တူမလည်းတော်သည်၊ သူ့ဦးလေးထံသွားပြီး အပူမကပ်ဘဲ တခါမှမမြင်ဘူးသူ ကျွန်မထံလာ၍ အကူအညီတောင်းသည်မှာ ကျောက်ပန်းတောင်းနှင့် စလေက သိုက်စာ ချနည်းအတိုင်း ရောက်လာရသည်ဟု တွေးစရာရှိပါသည်။ ဦးဒုက္ခက ဘယ်လိုဒုက္ခမျိုးနည်းဟု သိလို၍ မေးမြန်း စမ်းကြည့်သောအခါ စလေမှာ သူ့လင်(ရဲသား) စိတ်နောက်နေ၍ အရူးထောင်မှာ ထားရသည်။
ဝမ်းရေးခက်သောကြောင့် ရန်ကုန်ရှိသူ၏ အမထံလာရောက်ခုကိုးနေရသည်။ အမယောက်ျားမှာ သာမည စစ်သား တယောက်ဖြစ်၍ သူတို့ရသော လခကြေးငွေနှင့် လူပိုတယောက် တင်ကျွေးမထားနိုင်သဖြင့် အမက နေ့စဉ်နှင့်အမျှ မကြည်မသာဖြစ်နေသည်။ ညူစူဆောင့်အောင့်နေပါသည်။ ထမင်းတနပ်စာအတွက် မျက်ရည်မကျရသော နေ့မရှိသဖြင့် ၀မ်းစာအတွက် အလုပ်တခုခုတင်ပေးပါ။ ရသောဝင်ငွေနှင့်အမထံမှာ ထမင်းလခ ပေး၍ စားလိုပါသည်ဟုဆိုသည်၊ တောသူဖြစ်၍ အင်္ဂလိပ်စာမတတ်၊ ဗမာစာအနည်းအပါးတတ်၍ လက်နှိပ်စက် သင်ရလျှင် ၃ လ နှင့်အပြီး အငြိမ်းတတ်ပါမည်၊ ကျောင်းလခတလ ၃၀ိ ပေးရပါမည်ဆိုသည်။
ကျွန်မက ထုံးစုအတိုင်း ဒုက္ခသည်ကယ်တင်ချင်တဲ့ဝါသနာ အလျောက် လက်နှိပ်စက်သင်ဘို့ ကျောင်းလခနှင့် အလုပ် မရခင် သုံးလစာ ထမင်းဘိုးပေးစားရန် တလ ၁၅ိ ထောက်ပံ့မည်ဟု ၀န်ခံလိုက်သည်၊ ထိုအချိန်ကစ၍ တလ ၄၅ိ အမြဲလာထုတ်ယူသည်၊ သုံးလစေ့သောအခါ လက်နှိပ်စက်ရိုက်တတ်ပြီဟုလာပြောသည်၊ တတ်လျှင် ညည်းဦးလေးအတွင်းဝန် ဦးပုဆီမှာ အလုပ်သွားတောင်းချေ၊ ဒို့တိုက်မှာတော့ လက်နှိပ်စက် ရိုက်သော ဘက်မှာ ယောက်ျားစာရေးတွေရှိပြီး ဖြစ်နေ၍ လူမလိုဟုဆိုသော်လည်း သူ့ဦးလေးထံမှ အလုပ် တော်တော် နှင့်ရှာမရ၍ ကျွန်မတိုက်မှာ သင့်တော်ရာကခိုင်းပါဟု အပူကပ်ပြန်ပါသည်။
သည်အချိန်က ဗမာ့ခေတ် သတင်းစာတိုက်မှ မိုနိုစာစီ ဌာနတွင် အိမ်ထောင်သည် မိန်းခလေးနှစ်ယောက် အလုပ်လုပ်လျက် ရှိပါသည်၊ ၎င်းမိန်းကလေးများကိုလည်း မိုနိုစက်မရောက်မီ တိုက်ကအလုပ်သင်ပေးပြီးမှ ခိုင်းရခြင်း ဖြစ်ပါသည်။ နောက်ထပ် လူမလောက်၍ တယောက်ဖြည့်လိုကြောင်း သိရသဖြင့် ထိုစလေသူမကို မိုနိုစာစီ ဌာန၌အလုပ်သင်အဖြစ် (၁)လ (၂)လထားပေးလိုက်ရသည်။ အလုပ်သင် ဖြစ်၍ လခမရသေး၊ မိုနိုစက်မှာ ညည့်ဘက်မှ အလုပ်လုပ်ကြရ၍ အလုပ်သင်မကိုလည်း ည၊ ညမှ သင်စေရသည်၊ ဤတွင် သွားရေး ပြန်ရေးနှင့် စာရေးသောက်ရေးကခက်ပါသည်၊ဒီအိမ်မှာပဲ တခါတည်း နေလာပါရစေဟု အခွင့် တောင်းပြန်၏။
လူတယောက် အတွက် တိုး၍ မထူးသောကျွန်မအိမ်မှာ တာဝန်မလေးပါ၊ သို့ရာတွင် ထိုအချိန်က အိမ်ပေါ်၌ အတူ နေလူပိုများမရှိ၊ မောင်နှစ်ဝမ်းကွဲတယောက် ဓါတ်ပုံဌာန၌ လုပ်သူတစ်ဦးရှိ၍ ကျွန်မ၏ ဝေယျာဝစ္စ လုပ်ကိုင် ပေးနေသူ လုပ်သက် (၈)နှစ်ခန့် ကြာပြီဖြစ်သော အိမ်ဖော်အမျိုးသမီးသားအမိ နှစ်ယောက်သာ ရှိကြ ပါသည်။
တောသူမ၀န်ထုပ်အပြင်၌ဖြည်သည်
သို့ကြောင့် အိမ်ပေါ်မှာ လူနေအတော်ချောင်ပါသည်၊ တခါ တခါ အိမ်ဦးခန်းမှာ လာရောက်တည်းခိုသော ရဟန်း တော်များ မန္တလေးမှ သတင်းစာကိုယ်စားလည် စသော ယောက်ျား ဧည့်သည်များ မပြတ် မပြတ် ရှိသည်။ မိုးမများနေသော အခန်းမှာလည်း အမျိုးသမီး ဧည့်သည်များ မပြတ် လာရောက် တည်းခိုလေ့ ရှိသောကြောင့် အတူနေ အိမ်သူ အိမ်သားများ နည်းသွားသည် တိုင်အောင် ၃-၄ရက် စ လာရောက် တည်းခိုသူ များက တစ်ဦးဆင်း တစ်ဦးတက်ပင် ဖြစ်ကြပါသည်။
မန္တလေးမှ ယောက်ျား ဧည့်သည်များ အချိန်မတော် မီးရထားနှင့် ပါလာသောအခါ အိပ်ယာ၊ ခြင်ထောင်၊ စောင်များ ထုတ်ပေးရသော အလုပ်က အိမ်အပေါ်ထပ်ရှိ သားအမိက တာဝန်ယူရသည်။ အကျွေး အမွေ ကိစ္စမှာ အောက်ထပ် ထမင်းစားခန်းတွင် အလုပ်လုပ်သူများက တာဝန်ယူရပါသည်။ ဟင်းကိစ္စက မီးဖိုဘက်ဆိုင်ရာ အလုပ်လုပ်သူတို့က တာဝန်ယူရသည်။ သို့ သူ့လူနှင့်သူ ဆိုင်ရာ ဆိုင်ရာ ရှိကြသော်လည်း မီးဖိုခန်း မှာလည်းကောင်း၊ ထမင်းစားခန်းမှာလည်းကောင်း၊ အိမ်ပေါ်ရှိ အလုပ် ၀တ္တရား ဆောင်ရွက်သူများအထဲတွင်လည်းကောင်း၊ မိုနိုစာစီသင်သူမက ၀င်ရောက်စွက်ဖက် လုပ်ကိုင်စပြုသည်။
အလုပ်တာဝန် ခံရသူများမှာ ယင်းသို့ မဆိုင်သူက ၀င်ရောက်စွက်ဖက်လာသည်ကို မနှစ်သက်ကြပါ။ ရိုးရိုး သားသား ကူညီလျှင် လက္ခံချင် လက္ခံကြမည်ဖြစ်သော်လည်း နယ်ချဲ့သော သဘောနှင့် သြဇာပေးခြင်းကိုမူ ဘယ်သူမှ နှစ်ချိုက်ကြမည်မဟုတ်ပေ၊ ကျွန်မအိမ်မှာ အိမ်အတွက် အလုပ်ဝတ္တရား ဆောင်ရွက် နေသူများ သည် ခုတွေ့ ခုငှားထားသော အိမ်ဖော်များမဟုတ်ကြပါ။ လုပ်သက် နှစ်ရင့်သူများ ဖြစ်သည်။ (၈)နှစ်မှ (၁၀)နှစ်အထိ ရှိကြ၍ စားပွဲခန်းမှာ အလုပ်လုပ်သူဆိုလျှင် ကျွန်မ အရိပ် အောက်မှာပင် အိမ်ထောင် ရက်သားချပေး၍ ခလေးသုံးလေးယောက်ရရှိသည်အထိ လုပ်ကိုင်လျက် ရှိပါ သည်။
ဤမျှ အိမ်အလုပ်လုပ်သက် ၀ါရင့်လာသော လူဟောင်းများက အနိုင်ကျင့်မှုကို မခံလိုသောအခါ၊ အိမ်တွင်း၌ တိတ်တဆိပ် ပဋိပက္ခဖြစ်နေကြပါသည်။ သို့ရာတွင် ကျွန်မ၏ တပည့်ဟောင်းများသည် ကျွန်မ စိတ်ကို အနှောင့်အယှက် မပြုလိုသော ညှာတာမှုကြောင့်၊ သူတို့ပြဿနာကို သူတို့ဘာသာ ကြိတ်ခါ ရှင်း၊ ရှင်းနေကြ တာကများသည်။ အလွန့်အလွန် အကြိမ်များလာသောအခါမျိုးမှာမှ ကျွန်မနားသို့ သန့်သန့်မျှ ကြားရမြဲ ဖြစ်ပါသည်။
တောသူမသည် အိမ်ဖော်များအပေါ် ဗိုလ်ကျလာရုံနှင့် ကိစ္စကမပြီးသေးဘဲ၊ တည်းခိုရန် ရောက်လာသော ဧည့်သည်များနှင့်လည်း ပလူးပလဲ လုပ်လေ့ရှိသည်။ မိန်းမ ဧည့်သည်ကို အရောတ၀င် ပြုခြင်းမှာ မထောင်းတာလှသော်လည်း ယောက်ျားဧည့်သည်များနှင့် ပရောပယိ လုပ်လာသောအခါ ကိစ္စ များရန် အကြောင်း ပေါ်လာလေသည်၊ ညအလုပ် ဆင်းရသူ မိန်းမတယောက်သည်၊ ညဥ့်အချိန်မတော်တွင် အဆင်း ဧည့်သည်တစ်ဦးနှင့် ပလူးမိကြသည်တွင် ပြဿနာ နာမပြေသော ကိစ္စတရပ်ဖြစ်ပေါ်လာသည်။
အလုပ်တိုက်မှ လူတွေက ထိုကိစ္စကို အကုန်သိနေကြသော်လည်း၊ လူကြီးအဖြစ်နှင့် ကျွန်မနားသို့ ပေါက်ကြား ပါက မသင့်တော်ဟု ယူဆကာ အားလုံးသိုသိပ်၍ ထားလိုက်ကြပါသည်။ နောက်ပိုင်းမှာတော့ မန္တလေးက ထိုဧည့်သည်မှာ ရန်ကုန်သို့ ရောက်သော်လည်း၊ ဗမာ့ခေတ်မှာ မတည်းခိုတော့ဘဲ အပြင် အပမှာသာ တည်းခိုပါတော့သည်။ ဆက်ဆံစရာရှိလျှင် အပြင်မှာ ဆက်ဆံတွေ့ဆုံကြပြီး ရှင်းလင်း စရာများရှိလာသောအခါမှာလည်း အပြင်အပ ခရီးထွက်ဟန်ဆောင်၍ မပြေလည်သော ပြဿနာ များ ပျောက်ပျက်သွားအောင် ဖျက်ဆီး ဖြေရှင်းလိုက်ကြသည်။ အိမ်ထဲမှာ ဤသို့ မသဒီစရာ အကြောင်းတွေ ရှိနေသည် ကို ကျွန်မဘာမှ မသိပါ။ တယောက်နှင့် တယောက် မျက်နှာကြော မတဲ့နေကြသူ အိမ်ဖော် များကတောင် သည်သူငယ်မအကြောင်း အရိပ်ပြအကောင်ထင်မပြောကြပါ။
ကျွန်မက ဘာမှန်းမှ မသိရသူဖြစ်သည့်အတိုင်း သွားစရာရှိလျှင် အပြင်အပသို့ အများနည်းတူ ခေါ်သွား မိသည်။ ခရီးဝေးသွားရာမှာလည်း အခြားအမျုးသမီးများနှင့် ရောနှော ခေါ်သွားမိသည်။ အိမ်ထဲ မှာ လာရောက် ခိုကိုးပြီး အိမ်ရှင်၏ ဂုဏ်ကျက်သရေ ညိုးနွမ်းအောင် ပြုမူနေသူဟူ၍လည်း မရိပ်မိသော ကြောင့်သာ အများနှင့်ရောနှော လိုက်ပါနေရခြင်းဖြစ်ပါသည်။ ကျွန်မအိမ်မှာ အကျင့်စာရိတ္တ မကောင်းသူကို မလိုလား မထားချင်သဖြင့် ယခင်အကြိမ်များကပင် ရှင်းလင်းပြီးသားဖြစ်ရာ ယခုတဖန် အခြေအနေ စုပ်သူ ဖြစ်၍ ကုပ်ကုပ် လုပ်စားနေလိမ့်မည် ထင်သော်လည်း တကဲ့ဇာတ်ရှုပ် ခင်းဝန့်သူကိုမှ ခေါ်ယူ ကယ်တင် ထားမိ ပြန်လေပီ၊ နောက်ပိုင်းမှာ ဤထက်မက ဆိုးဝါးယုတ်မာမှုများကို ပြည်ဖုံးကား နောက်၌ တနည်းတဖုံ ကြိုးစား စပြုကြပြန်ပါသည်။
...................................
စလေသူ ဗိုလ်ကျလွန်းလို့ ဆက်ရန်

.
1 comment:
မန်းလေးရောက်လာရင် လာခဲ့မယ်နော့်
ရေးတင်ထားတဲ့စာတွေပေးပါ အပိုင်းလိုက်လိုချင်တယ်
း) ဖတ်ချင်တယ်ဗျ
Post a Comment