Thursday, March 11, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆၀ အပိုင်း (၄၂)

ဒါနပါရမီမှာစေတနာသာပဓါန

ဇီးသီးတောင်းနှင့် ရောက်ယက်ခတ်နေသော စလေသား တစ်စုမှာလည်း ကျီးကန်းတောင်းမှောက်မျက်နှာနှင့် သင်္ဘောကြီးတစ်စင်းလုံး လိုက်ရှာနေဆဲ ကျွန်မတို့လူအုပ်နားသို့လည်း မကြာခဏ ရစ်ဝဲ၊ ရစ်ဝဲ ဖြစ်နေကြရာက မစပ်စုတစ်ယောက်နှင့် ရင်ဆိုင်မိသွားသည်။ စလေသားများ၏ အမေးကို သူကဖြေပြီး၊ ကျွန်မ ထိုင်နေရာသို့လည်း ညွှန်ကြားလိုက်သည်။

ဤတွင် ဇီးသီးတောင်းနှင့် စလေသားအုပ်စုက ကျွန်မအနား လာထိုင်ကြပြီး ဒေါ်ခင်ခင်လေးပါလားဟု အမေး ပြုကြသည်။ ကျွန်မက ဟုတ်ပါသည်၊ ဘယ်ကဘာကိစ္စနှင့် တွေ့ဘို့လာရကြောင်း မေးရပါသည်။ ကိစ္စ အထူးမရှိပါ၊ ဒီသင်္ဘောနှင့်ပါလာလိမ့်မည်ဟု ကျောက်ပန်းတောင်း မှဆွေမျိုးတစ်စုထံက သတင်းပို့လိုက် သောကြောင့် တစ်ခါမှမမြင်ဘူး၍ လာရောက်တွေ့ဆုံပါသည်ဟု ဆိုပါသည်။

ကျွန်မက သူတို့ မည်သူမည်ဝါဖြစ်ကြောင်း ထပ်မေးမြန်းသောအခါ ရှေးအစဉ်အဆက်တည်းက ဆင်းသက် လာ ကြသော စလေမြို့ သူကြီးမျိုးရိုးအကိုင်းခက်တွေဖြစ်ကြောင်း၊ ကျွန်မ၏ အဘိုးကွယ်လွန်သူ ကျောက်ပန်းတောင်း မြို့အုပ်ကြီးနှင့်လည်း ဆွေနီးမျိုးစပ်တွေပင်ဖြစ်ကြောင်း၊ ယခုအခါ နေရေးထိုင်ရေး ခက်စေကာမူ ဇာတိရပ်ရွာတောဒေသမှာဖြစ်၍ အခြေတော့ မပျက်ကြကြောင်း ပြောပြသည်။ ကျွန်မနှင့် ဆွေမျိုးမနီး မရင်းနှီးသော်လည်း ကျွန်အဖေ၏ နှမ၊ အရီးခင်ဆင်၏ ခင်ပွန်းဘက်မှ ရင်းနှီးစွာ တော်စပ်ကြ သောဆွေမျိုးများဖြစ်ကြောင်း၊ ယခုရန်ကုန်မြို့တွင်ရှိသော အရီးခင်ဆင်၏သား ကျွန်မ မောင်ဝမ်းကွဲဖြစ်သူ ပညာရေးဌာန ၀န်ကြီးအတွင်းဝန်အလုပ် လုပ်နေသော ဦးပုနှင့် သူ့အဖေဘက်မှ စပ်ပြီး ရငှ်းီးသော ဆွေမျိုး များဖြစ်ကြောင်း ပြောပြလေသည်။

ယင်းသို့ သင်္ဘောဆိုက်ရင်း မတ်တပ်လာရောက် ဆွေမျိုးမရမကစပ်၍ သူတို့အကြပ်အတည်းကို ပြောသည်။ လာရောက်တွေ့နိုင်၊ ဆွေမျိုးစပ်နိုင်၊ အကူအညီတောင်းနိုင်ရန်ကို ကျောက်ပန်းတောင်းမှ ဆွေမျိုးများက သိုက်စာ ချပေးလိုက်ခြင်းဖြစ်ပါသည်။ ဤအခါ ကျွန်မနှင့် ရင်းနှီး နီးစပ်သော ဆွေမျိုးများ မဟုတ်စေကာမူ၊ သူတို့အလိုရှိရာဒါနအဖြစ် တတ်နိုင်သမျှ အကူအညီပေးခဲ့ရပါသည်။ မျက်စိမှုံမွှားနေသူက ရွှေကိုင်း အစစ်နှင့် မျက်မှန်မှ လိုချင်သည်ဆို၍ ကတိပေးခါ ၀ယ်လှူလိုက်ပါသည်။ ကျောင်းသားရွယ် ခလေးယ်များကိုလည်း တတ်အားသမျှ ကြည့်ရှုထောက်ပံ့ခဲ့ရသည်။ သို့သော် ဤစလေရာဇ၀င်ကလည်း နောက်ပိုင်းမှာ ကျွန်မ အဘို့ အလွန်အရေးကြီးသော ပြဿနာတစ်ရပ်ဖြစ်ပေါ်စေခဲ့ပါသည်။

ဘယ်တုန်းကမှ မသိမမြင်ဘူးကြပေမယ့် ဤနှယ် ဤနည်း အသီးသီး အပူကပ်ကြ၊ အကူအညီ တောင်းကြလျှင် ကျွန်မက ငြင်းပယ်သည်ဟု မရှိသလောက် တတိုင်သမျှ ထောက်ပံ့ ကူညီလိုက်တိုင်း ကူညီ လိုက်တိုင်း၊ ကုသိုလ်ဒါနပြုသော အနေနှင့်သာ သူတစ်ပါးအလိုပြည့်စေခဲ့သည်၊ ဤသို့ ပြုရခြင်းကြောင့် ကျွန်မ တသက်တာမှာ အကယ်၍များ ဒုက္ခအကြပ်အတည်းတစ်ခုခုနှင့် ရင်ဆိုင်ရပါက ကူညီစောင်မ မည့်သူများ တွေ့ရပါလို၏ ဟူ၍လည်း တီးတိုး ဆုတောင်း မိမြဲဖြစ်ပါသည်။

သို့သော် ယနေ့အထိတော့ ကူညီစောင်မမည့်သူမရှိခဲ့သေးပေ။ ဖိ၍ အထောင်းခံရခြင်း၊ မကောင်းကြံခံရခြင်း၊ ကျွေးသောလက်ကို အကိုက်ခံရခြင်း စသော အဖြစ်များကတော့ အမြောက်အမြား ရင်ဆိုင် တွေ့ကြုံ နေရလျက်သာ ရှိပါသည်။ ဒါပေမယ့် စေတနာသဒ္ဓါ တရားကတော့ တွန့်ဆုတ်သွားလေ သလားဟု စိုးရိမ်ရန် မရှိပါ။ နောက်ထပ် ရောက်လာဦးမည့် အကူအညီပုဂ္ဂိုလ်သစ်များတွေ့လျှင် ကျွန်မ၏ ပင်ကိုယ် စေတနာ အားဖြင့် မည်မျှ ဆင်းရဲမွဲတေသွားစေဦးတော့ လက်ထဲမှာ ဆယ်ပြားရှိလျှင် ၅-ပြားတော့ စေတနာ ထက်သန်စွာ လှူဦးမည်သာ ဖြစ်ပါသည်။

ကျွန်မဘ၀ဖြစ်စဉ် တလျှောက်၌ နောက်နောင်သော အတိတ်ကာလကလည်း နိမ့်ချည်၊ မြင့်ချည် လောကဓံ စက်ရဟတ် လည်ခဲ့ဘူးပြီဖြစ်သောကြောင့် သိန်းန်းကုဋေချီ၍ ကြွယ်ဝချမ်းသာနေသည်ဖြစ်စေ၊ အိုးတလုံး ဖျာတချပ်ဘ၀၌ ကျရောက်နေရသည်ဖြစ်စေ၊ စေတနာရေစီးချောင်းသည် ပြောင်းလဲမည်မဟုတ်ပါ၊ အင်အား မမျှမတ ရှိစဉ် အချိန်အခါမှာပင်လည်း ကိုယ်ချင်းစာတတ်သည့် သဒ္ဓါအလျောက် ဒုက္ခ အကြပ်အတည်း ရှိသူများကို စားရတတ်သမျှနှင့် ဝေငှစားခြင်းဖြင့် ကူညီလာခဲ့ဘူးသေးရာ၊ အိုမင်းလာသော ဤအသက် အရွယ်တိုင် မှတော့ ပို၍သာ ၀ါရင့်ပြီး စိတ်ဓါတ်လည်း ရင့်ကျက်ကြံ့ခိုင်လာာခဲ့ပါပြီ၊ ဒါနပါရမီမှာ စေတနာသာ ပဓါန ဖြစ်သောကြောင့် စေတနာမှန်လျှင်၊ ညောင်ပင်ကြီးနှင့် ညောင်စေ့ ဥပမာ အကျိုးထူးသည်ခြင်း အတူတူ သာဖြစ်ပါသည်။

သူနိုင်ငံရေးမှာ စွာကျယ်ကျယ်လုပ်လို့

စာပို့သင်္ဘောကြီးသည် စလေမြို့ ကမ်းခြေမှခွာထွက်စုန်ဆင်းပြီးနောက် အောက် ဆိပ်ကမ်းရှိ မြို့များကို အစဉ်အတိုင်း ဆိုက်ကပ်ခဲ့ရာမှ ပြည်မြို့ ဆိပ်ကမ်းသို့ ဆိုက်မိသာ အချိန်တိုင် ရောက်လာပါသည်။ ညနေ နေ၀င်ရီရောအချိန် ဆိုက်ကပ်မိ၍ ကုန်းပေါ်တက် လည်သူ လည်ကြသည်။ မီးခွက်ထွန်းစ အချိန် ရောက်သော အခါ ကျွန်မတို့ လူသိုက်ရှိသောနေရာသို့ ပြည်မြို့မှ ယစ်မျိုး အရာရှိငယ်များ ရောက်လာ ကြသည်။

၎င်းတို့သည် ကျွန်မတို့ မိန်းမများနေကြရာတွင် ၀င်လာပြီး ဒီလူသိုက်ထဲမှာ ဘိန်းရှာလိုသည်ဟုဆို သည်။ အထူးသဖြင့် ကျွန်မနေသော အခန်းငယ်ကလေးတွင် ၀င်ရှာလိုသည်ဟုဆိုနေသည်။ ကျွန်မကလည်း ရှာလိုလျှင်ရှာရန် အခွင့်ပြုပါသည်။ သူတို့ ရှာမည်ပြောနေဆဲမှာဘဲ မာလိန်းမှူးဖြစ်သူ ရောက်လာပြီး ဂုဏ်သရေရှိ အမျိုးသမီးကြီးတစ်ဦးဖြစ်သောကြောင့် ဤသို့ပြုရန် မသင့်တော်ကြောင်း ပြောနေပြန်ပါသည်။ ယစ်မျိုး အရာရှိများတွင် ခေါင်းဆောင်လာသော အင်စပက်တော်(...)က ဒီသင်္ဘောမှာ မိန်းမဖြူဖြူ ၀၀ တစ်ယောက် ဘိန်း၎-၅လုံး ချလာလိမ့်မည်၊ ဆီးရှာပါဟု ရေနံချောင်းက တယ်လီဖုန်းနှင့် သတင်းပေးလိုက်၍ လာရကြောင်း ပြောပြန်သည်။

သို့သော် မြန်မာတပြည်လုံးလိုလို လှူဒါန်းရေးကိစ္စနှင့် ခရီးထွက်နေကြ၊ ခရီးထွက်တိုင်းကုန်ကျသော စရိတ် ကပင် တစ်ကြိမ်လျှင် သုံးထောင်မှ ငါးထောင်အထိ အကုန်ခံသွားလာနေသူ ဗမာ့ခေတ် သတင်းစာတိုက်ရှင် ဒေါ်ဒဂုန်ခင်ခင်လေးဖြစ်ကြောင်း။ အကယ်၍ ဤပုဂ္ဂိုလ်မျိုးက တထောင်နှစ်ထောင်မျှ တန်ဘိုးရှိမည်ဖြစ်သော ဘိန်း၎-၅လုံး မျှကို ကိုယ်တိုင် သယ်ယူလာပါမည်လား၊ သိန်းနှင့်ချီ၍ ချနေသော ဘိန်းကုန်ကူးသူ သူဌေးကြီး များပင် ကိုယ်စားလည် ဓါးစာခံနှင့် အခပေး၍ လုပ်ကိုင်နေကြသည်ကို ယစ်မျိုး အရာရှိများသာမက ရိုးရိုး အရပ်သူ အရပ်သားများပင် နားလည်ကြပြီး သားဖြစ်ပါသည်ဟု ပြောကြသည်။

ဤသင်္ဘောတွင် ဘိန်းခိုးချလာသူ ဖြူဖြူ မိန်းမ မပါဟုတော့ မဆိုလိုပေ၊ သင်္ဘော မီးရထား ခရီးသွား များထဲတွင် သည်အလုပ်မျိုး လုပ်စားနေသူတွေ ရောထွေးနေကြောင်း နားလည်ကြပါသည်။
သို့ရာတွင် အမည်နာမ မသေချာဘဲနှင့် နဲနဲကလေးဖြစ်စေ အနှောင့်အယှက်ပြုရစေတော့ ဆိုသော သဘော နှင့် ပြုကြလျှင်လည်း ဖြစ်နိုင်လေသည်။

ယစ်မျိုးဘက်မှ လူများမှာ သည်တော့မှ မရှာတော့ဘဲ ပြန်သွားကြသည်။ ကျွန်မက အတင်းခေါ်ပြီး လာမှတော့ ကျေနပ်အောင် ရှာသွားကြဘို့ ပြောသည်တိုင်အောင် မရှာကြတော့ပါ၊ သင်္ဘောပေါ်မှ လူများက ကျွန်မ အတွက် မခံချည့် မခံသာ ဖြစ်နေကြပါသည်။ သို့သော် ဤကိစ္စမှာ မလိုသူ တစ်ဦးဦးက ရေနံချောင်း မှနေပြီး၊ မမှန် သတင်းပေး၍ ဂျောက်တွန်းခြင်းလည်း ဖြစ်နိုင်လေသည်။

သွားလေ ရာရာ၌ လူများတကာ မြှောက်ပေးလျှင် တောင်ရေး၊ မြောက်ရေး တပဲခြောက်ပြားတန် ကိစ္စလေး များကို လူစွမ်းကောင်းကြီးလုပ်၍ ကလောင်သွေး လိုက်တတ်သည်။ ရွှေစက်တော်မှအပြန် ရေနံချောင်းမြို့ ရောက်စဉ် အခါ မိတ်ဆွေတစ်ဦးမှာ သူ၏ ကားကို အာဏာရှိတစ်ဦးက သိမ်းယူငှားထား ကြောင်း၊ ယခုထိ ပြန်မရ ကြောင်း၊ လူစွမ်းကောင်းကြီးအား တိုင်ကြားကြသည်တွင် စကားမစပ်ဆောင်းပါးမှ ဆော်ထည့် လိုက်ပါသည်၊

ကားငှားသူများမှာ အာဏာရှိသူ၏ မျက်မှောက်တွင် ဘာမှမပြော၊ လောကွက်ကြေစွာ ငှားခဲ့ပြီး ကွယ်ရာကျမှ ပြောရိုးပြောစဉ် အတင်းပြောကြခြင်းသာ ဖြစ်ပါသည်။ ဒါကို ရေးကြီးခွန်းကျယ် တနိုင်ငံလုံးသိအောင် သတင်းဖြန့်ချီလိုက်ခြင်းဖြစ်ရာ သူ့ပရိသတ် ကိုယ့်ပရိသတ်ဆိုသလို ရှိကြသောကြောင့်၊ မခံချင်သူက မမှန် သတင်းပေး၍ ဂျောက်တွန်းချင်လည်း တွန်းလိုက်ကြပေမည်။ ဤအခါ မှာတော့ ကျွန်မက၀င်ပြီး ဓါးစာခံရသည်။ လက်ကမြင်းလိုက်သူကတော့ မန္တလေးမှာ ကြော့လို့ မော့လို့ ပြည်ဆိပ်ကမ်းရောက်နေသူ ဓါးစားခံ ကျွန်မမှာတော့ ဘိန်းရှာမည်ဆိုသော အနှောင့်အယှက်ကို လက်ဝေခံယူလိုက်ရပါသည်။

သည်ပုံသည်နည်း ဓါးစာ ၀င်ခံရပုံတွေမှာ ဗမာ့ခေတ် သတင်းစာ၏ သက်တမ်းတလျှောက်၌ မနည်းလှပါ၊ နိုင်ငံရေးထဲမှာ စွာကျယ်ကျယ်ဝင်စွက်ရေးသားတိုင်းလည်း ကျွန်မကိုပါ တဘက်မှ ပြန်၍ ခလုပ်တိုက် ကြသည်၊ ၀ါဒရေးရာမှာလည်း ဤနည်းအတိုင်း လက်ညိုးမကောင်း လက်ညိုး၊ လက်မ၊ မကောင်း လက်မ၊ မခွဲခြား ကြတော့ဘဲ ကျွန်မက ပူးတွဲ၍ ဒဏ်ခံခဲ့ရသည်၊ ပုဂ္ဂိုလ်ရေးအရ သူတပါး၏ အမနာပ အရှက်တကွဲ သတင်း များကို အားမနာပါးမနာ ရေးသားဖော်ပြမှုတို့ကြောင့်လည်း ဘာမှဝင်မကြည့်သော ကျွန်မကိုပါ ၀ါးလုံးနှင့် သိမ်းရိုက်ခြင်းတည်းဟူသော တဘက်မှ ဒဏ်ပြန်ထိုးစစ်များအား ဝေပုံကျခံယူခဲ့ရပါသည်။ သို့သော် ကျွန်မ အဘို့မှာ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ဆင်းရဲခြင်း ချမ်းသာခြင်း အပေါင်းအသင်း နည်းခြင်း၊ များခြင်း စသည် များကို စိတ်ဝင်စားနေသူမဟုတ်တော့၍ နကမ္ပတိတုန်လှုပ်မှုမရှိခဲ့ပါ။

အမှန်တရားကို ဖုံးကွယ်၍မရ ဆက်ရန်
.

1 comment:

ahphyulay said...

ဟိုတုံးက အရေးအသားတွေကတော့  သိပ်ခန့် ညား
တာပဲနော်..။ ကျစ်ကျစ် လစ်လစ် နဲ့  ပေါ်လွင်အောင်
ရေး ဖွဲ့  တတ်ပါတယ်။