Tuesday, February 9, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆ဝ အပိုင်း (၁၄)

ပရိဒေ၀မီးကြီးမှ အကြပ်အတည်း

မည်မျှ ကြိုးစား ပြုစု ကုသသော်လည်း ဖိစီး နှိပ်စက် နေသော ရောဂါ၏ ဒုဒယ်မှာ အနေ့နေ့အရက်ရက် က စုဆောင်း ထားသမျှ တချီထည်း ပေါက်ကွဲ ထွက်သကဲ့သို့ ဖြစ်သဖြင့် ကြိုးစား ရကျိုး မနပ်တော့ပါ၊ ကျမ ရောက်သည်ကို နားက ကြားပုံရသော်လည်း စကားတော့ မပြောနိုင်ရှာ၊ ပြောနိုင်လျှင်လည်း သားမောင် မောင် ကို ကြည့်လိုက်ပါတော့ ဆိုသောစကားသာ ပြောမည်ဖြစ်ပါသည်။ ကျမက လည်း သားငယ်အတွက် စိတ်ချရန် ကတိပေးရပါသည်။ သို့နှင့်မိခင်ကြီးချစ်စွာသော သားကို အဆုံးစွန်ပစ်ခွါခွဲထွက် သွားရရှာပါသည်။

မိခင်ကြီးသည် သူ၏ စိတ်ကောင်း စေတနာနှင့် နူးညံ့စွာ ရှိခဲ့သလို သေတကံ, ရှင်တကံ ဆိုသော ကုသိုလ်မျိုး တွင် မပါဝင်ခဲ့ပါ၊ မှုးတော မတ်တော်ကြီး တဦး၏ သားသ္မီးပီပီ လှပတင့်တယ် သိုက်မြိုက် ခမ်းနားစွာ မင်းဆွေ, မင်းမျိုးတို့ အဖို့သီးသန့်ထားသော သင်းချိုင်းမှာ သဂြိုဟ် ရပါသည်၊ ထိုအချိန်က အစိုးရဘက်မှလည်း မင်းဆွေ, စိုးမျိုး ပင်စင်ရငွေ ၏ အချိုးကျ နှစ်, နှစ်စာ ထုတ်ပေးသောကြောင့် လှူဖွယ်ဝတ္ထု တွေမြိုင်မြိုင် အကမ်း အလှမ်း များကလည်း လှိုင်လှိုင်နှင့် မန္တလေးမြို့၏ သုမင်္ဂလ, ဒုမင်္ဂလ မှန်သမျှ ပကာသနပါရမြဲ အတိုင်း ၀ိုင်းဝန်း စီမံလိုက်ကြပါသည်။

မိခင်ကြီးကို သဂြိံဟ်ရာအသုဘ အခမ်းအနားကို လာရောက် စီမံကြသူများမှာ မေမေ၏သားချင်းအရင်း အကို, အမများ ဖြစ်ပါသည်။ အခြားသောဆွေသား, မျိုးသားနှင့် မိတ်သင်္ဂဟများကလည်း လာရောက် ကြပါသည်။ ကျမတို့ မောင်နှမမှာ လူငယ်များဖြစ်သည် တကြောင်း၊ အပူသယ်များ ဖြစ်နေသည်တကြောင်း၊ သူတို့ ကောင်းသလို  လုပ်ကိုင်စီမံကြသည်ကိုသာ ငေးကြည့်နေကြရပါ သည်။
မိခင်ကြီးကို သဂြိံဟ်ခြင်းကိစ္စ ပြီးစီး၍ ရက်လည် အမျှအတန်း ဝေပြီးသောအခါ ကျမသည် မောင်ငယ်ကို ခေါ်၍ ရန်ကုန်မြို့သို့ ပြန်ရပါတော့မည်။

မပြန်မီတနေ့တွင် မေမေ၏မကို ကျမ၏ ဘကြီးဖြစ် သူပင်စင်စား လက်ရှိရေစစ္စတြီ အရာရှိအလုပ်ကို လုပ်နေသော ၀က်မစွတ်မောင်မောင်ကြီးမှာ စာချုပ်တခုကို ကိုင်ကာကျမတို့ မောင်နှမကို လက်မှတ်ထိုးရန် ပြောလာ ပါသည်။ အကြောင်းရင်းမှာ လွန်ခဲ့သောသုံးနှစ်ခန့်က မေမေသည် မြေတန်ဖိုးမပါ အိမ်ဆောက်စဉ် က ကုန်ကျ စရိတ် ရှစ်ထောင်ခန့်တန် ယခု သူပိုင်နေအိမ်၏ အိမ်ဂရံ စာချုပ်ကို ငွေသုံးရာနှင့် ခေတ္တအ ပေါင် ထား၍ အကိုရင်းဝက်မစွတ် မောင်မောင်ကြီးထံမှ ငွေချေးယူသည်ဟု ပြောပါသည်။ ဤတွင်မှ လွန်ခဲ့သော သုံးနှစ်ခန့်က ကျမနှင့် အတူနေစဉ်သားငယ် လိုချင်သည်ဟု ပူဆာသော တီးဝိုင်းမှမှုတ် စရာကြီး တခုဖြစ်သည့် ဆိုက်ဆိုဖုံး တခုကြိတ်ဝယ် ပေးထားသည်ကို သွား၍သတိရပါသည်။ ထိုစဉ်က ကျမမေးလျှင် သူများ ပစ္စည်း ငှားမှုတ်သည်ဟု ပြောထားပါသည်။

အိမ်ဂရံကိုအပ်၍ ငွေသုံးရာချေးငှါးသည့် အဖြေပေါ်လာပြီးနောက် ယခုထိုငွေသုံးရာမှာ တရာလျှင် ၅-နှုန်း အတိုးနှင့် သုံးနှစ် အတွက် အတိုးချည်းသပ်သပ်က ၅၄၀- ဖြစ်သည်။ အရင်းက ၃၀၀နှင့်ပေါင်း သော်၈၄၀- ဖြစ်နေပြီ၊ ရှော့ရှော့ ပေါ့ပေါ့အစွန်းထွက် ငွေ၄၀- ကိုတော့ဖြုတ်လိုက်မည်၊ နောက်ပြီးတ နေ့က မေမေ သဂြိုံဟ်ရာ၌ မျက်နှာသုတ်ပ၀ါများ စိုက်ဝယ်၍ကမ်းလှမ်းတဲ့ အတွက် ကြွေးပေးရန် ငွေ၅၀၀- ကျန် နေသေးသည်။

သို့အတွက် မူလ ငွေသုံးရာ အတိုးနှင့်ပြန်ပေါင်းထား ငွေ၈၀၀၊ ယခု ထပ်တင်သော ကြွေးငွေ ၅၀၀- နှစ်ရပ် ပေါင်းငွေ ၁၃၀၀-ကို တလလျှင် တရာ၅-နှုန်းအတိုးနှင့် အော်ဒီမန်း စာချုပ်တွင် မောင်နှမနှစ်ယောက်က လက်မှတ် ထိုးသွားရမည်ဟု ဆိုပါသည်။ ကျမတို့ ကလည်း မညည်း မငြူ လွယ်ကူစွာ လက်မှတ်ထိုး လိုက်ပါသည်။ မိခင်၏ ပစ္စည်းများကို မိခင်အတွက် ကုသိုလ်ပြုရာ၌ သုံးခြင်းဖြစ်သည်ဆိုတော့ စေတနာ ဖြူစင် ပါသည်။ နောက်ဆုံးတနေ့ ဤအိမ်နှင့် မြေမှာတသောင်း ပတ်ဝန်းကျင် တန်ဖိုးရှိသဖြင့်ရောင်း ချပေး လိုက်လျှင် ကြွေးတထောင်ကျော်ကို မပေးမဆပ်နိုင်စရာ အကြောင်းမရှိဟု ယူဆခဲ့ခြင်းကြောင့်လည်း ဖြစ်ပါ သည်။

ကျမသည် မောင်ငယ်ကို ခေါ်၍ရန်ကုန်ပြန်ရောက် လာပါသည်။ သူ့အား လည်းပညာ မကြိုးစားခဲ့ ကောင်းလား၊ မိခင်ကိုနွဲ့ဆိုး, ဆိုးရကောင်းလားဟု စကားတလုံးနှင့်မျှ ပစ်တင်ခြင်းမပြုတော့ပါ၊ သူကိုယ်တိုင် လည်း မိခင်ကြီးကွယ်လွန်သွားမှ နောင်တတရားရခြင်း၊ စိတ်မချမ်းမသာဖြစ်ရခြင်း၊ ကျမကိုပဲ အားကိုး တခု ပြုနေခြင်းကြောင့် ဖြစ်ခဲ့သမျှ အပြစ်မတင်ရက်အောင် ရှိပါသည်။ သည်အ ရွယ်ရောက်မှ ကျောင်းပြန် ထားနေဖို့ ရာမှာလည်း သူစိတ်ဝင်စား တော့မည် မဟုတ်ပါ။

သို့ကြောင့် ယခုလက်ရှိအခြေအနေသည်၊ ကျမကဘယ်သူ့ကိုမျှ အားမကိုးရတော့ပဲ ကျမကိုအား ထားမည့် သူသာ တွေ့နေပါသည်။ အိမ်တွင်း လက်မှုပညာနှင့် ငွေဝင်မည့်အလုပ်များ ရပ်နားထားခဲ့ ရာမှတခါ, တခါလည်း နေထိုင်စားသောက်ရေး မကြပ်တည်းယုံကလေးသာ စီမံလုပ်ကိုင်ပါသည်။ ကျမ၏ မောင်ငယ် ဖြစ်သူ မောင်မောင်မှာ ရန်ကုန်ရောက်လာမှ တီးမှုတ်မှု့များ ဂီတ၀ိုင်းအပေါင်း အသင်းများနှင့် ကွဲကွာ အလှမ်းပြတ်လာသောကြောင့် အတော်အသင့် စိတ်ငြိမ်ဖို့နားချသော အခါ လုပ်ပါမည်ဟု ကတိပြုပါသည်။

ဤတွင် သူနှင့်သင့်တော်မည့် အလုပ်များကို စုံစမ်းကြည့်ရာ ထိုခေတ်တွင် ပညာ အရည်အချင်းနှင့် အောင်လက်မှတ် ရှိသူများပင် လခစားအလုပ်ခွင်တို့ကို တိုးဝင်ရန် မလွယ်ကူလှသော အချိုန်အခါ ပင် ဖြစ်ပါသည်။ သူသာအစက ပညာကြိုးစားခဲ့လျှင် အစိုးရ ထောက်ပံ့သော စတိုင်ပင်နှင့် တန်းကုန် အောင်သင် နိုင်မည်၊ အထက်တန်း လခစား အလုပ်အကိုင်များကို အလွယ်တကူနှင့် ရနိုင်ပေမည်။
ယခုတော့ ရရာအလုပ်မှာလည်း လူနှင့်အဆင့်မတူလျှင် ၀င်လုပ်ချင်မည် မဟုတ်ပါ။ မိုဃ်းလွန်မှ ထွန်ချသော ကိန်းကို ဆိုက်ရောက်နေပါသည်။

နောက်ဆုံးတွင် ကံအားလျော်စွာ မီးရထားဘက် ရဲဋ္ဌာနမှာ စာရေး တနေရာတွင် ခေတ္တ၀င်လုပ်ရန် ရရှိ လာပါ သည်။ သူသည်အလုပ်ကို အချိန်မှန်သွား သည်။ အချိန်မှန်ပြန်သည်။ သည်တော့မှ ကျမကလည်းရင်ထုမနာ ဖြစ်ရပါသည်။ ယောကျာင်္ ကလေး အလုပ်အကိုင် မရှိလျှင် ပေါ့လျှော့သော့သွမ်းမည်ကြောင့်သာ အလုပ်, လုပ်ခိုင်း ရခြင်း ဖြစ်သည်။ သို့သော် နှစ်လခန့်မျှရှိလာလျှင် မန္တလေးက သူ့တီးဝိုင်းမှ မိတ်ဆွေ တဦး ရောက် လာသည်။

ထိုသူမှာ ရန်ကုန်သို့ ရုပ်ရှင်ကားများ ကန်ထရိုက်နှင့် လာငှါး၍ အထက်ပိုင်းမှ မြို့နယ် များသို့ပြသ သူလည်း ဖြစ်သည်။ သူရောက်လာ၍ မကြာမှီပင် သူ့အလုပ်ခွင်သို့ဆင်ရမည်ကို ရှက်သလိုရွံ့သဘို ဖြစ်လာသည်ဟု အပြစ်ပြ လာသည်။ သူ့မိတ်ဆွေ ကလည်း သည်အလုပ်နှင့် မတန်ဟု ဖျက်ဆီးပြန်ရာတနေ့ အလုပ်မှ ဇွတ် နှုတ်ထွက် လာခဲ့လေသည်။ ကျမ ရည်ရွယ်ချက် ပျက်စီး ခဲ့ရသော်လည်း အပြစ် မတင်ချင်တော့ပြီ။

တာဝန်ပိုလာသော ၀တ္တရားတခု

မောင်အငယ်ကို အလုပ်မလုပ်ရကောင်းဟု အပြစ်တင်ချင်သော်လည်း တဘက်သက်နိုင်စရာ လူကိုသာ ဖိနှိပ် သလိုဖြစ်ရာ ကျနေမည် စိုးသဖြင့်အရိပ်အခြေကို စောင့်ကြည့်နေမိပါသည်။ မန္တလေးက ရုပ်ရှင် ကန်ထရိုက် နှင့် တီးဝိုင်းဆရာကလည်း မပြန်သေးဘဲ မောင်ငယ်နှင့်ပူးတွဲ, ပူးတွဲ ရှိနေပါသည်။ ထိုအတော အတွင်း မှာပင် မန္တလေးမှ မေမေ၏အစ်မရင်း၏သား မောင်ဝမ်းကွဲတ ယောက်ကလည်းသူ့ မိန်းမကိုပါခေါ်၍ အလုပ် အကိုင်ရှာရန အိမ်ပေါ်မှာလာနေ ပြန်ပါသည်၊ ကျမ မှာ မရှိမဲ့, ရှိမဲ့နှင့် လူပိုတွေ တင်ကျွေးရသော ဒုက္ခနှင့် ရင်ဆိုင် ရသောအခါ ယခင်ကလိုဝင်ငွေကို ရှာလိုသောဆန္ဒလည်း မရှိတော့သဖြင့်ဇွတ်ပေ နေသည်။ သူတို့ ကလည်း အလုပ် ရှာထွက်ရသည် မှာ အမောသာ အဖတ်တင်သည်။ သို့သော် တနေ့မှာ အရောင်း အ၀ယ် အလုပ်တခု ရ၍ မန္တလေး ပြန်သွား သဖြင့် ကျမ တာဝန်ပေါ့ သွားပါသည်။

ဒါပေမဲ့ကျမ ခေါင်းပေါ်မှာပုံလားဦးမည့် ကိစ္စတခုသည် ဦးတည်နေပါပြီ။ မောင်အငယ်သည် အိမ်နားနီးချင်း ဖြစ်သော ဆန်စက်ပိုင် ဟောင်းတဦး၏ သမီးနှင့်ချစ်ကြိုက်နေသည်။ သည်ကိစ္စကို အားပေးနေသူမှာ မန္တလေး မှာ လာသောတီးဝိုင်းဆရာ ဧည့်သည်ဖြစ်ပါသည်။ ဤအတွင်း နေရေး, ထိုင်ရေး အဆင်မပြေသည် တကြောင်း၊  မန္တလေးအိမ်မှာ အိမ်ငှါးနေသူများ တမြို့တရွာပြောင်းရွေ့ သွားကြသဖြင့် ခေတ္တသွားရောက်ပြီး လူသစ်များတင်ရန် စကားများပြောလို သောကြောင့်မန္တလေး သို့ခဏပြန်ရန် ပြင်ဆင်လျက်ရှိပါသည်။
ထိုအချိန်နှင့် စီးဝါးကိုက်ထားသလို ကျမမန္တလေးမသွားမှီ တရက်ကြို၍ မောင်အငယ်သည် တီးဝိုင်း ဆရာ ဧည့်သည်၏ အကူအညီနှင့် မိန်းမခိုးပါတော့သည်။ ကျမမှာဘာတခုမျှ မသိရပဲသ္မီးရှင်များက အိမ်မှာ လာရှာ တော့မှ သိရသည်။

ကျမကမန္တလေးသွားမည်ဆဲဆဲ အိမ်ထောင်မှုပစ္စည်းများပင် မီးရထားတန်ဆာ လုပ်ပြီးတွဲထဲရောက် နေချိန် မှာ တအိမ်လုံး သဘောရှိ ရှာဖွေကြရန်အခွင့် ပြုရပါသည်။ သ္မီးပျောက်ရှာသူများလည်း သ္မီးကို မတွေ့ သည့်အပြင် အိမ်ထောင်မှု့ အသုံးအဆောင်တခုမှ မရှိတော့ပဲပြောင်းရှင်း နေသောအခန်းများ ကြည့်ကာ လူနေအိမ်မှ ဟုတ်ပါလေစဟု သံသယမကင်းဖြစ်ပြီး ပြန်ဆင်းသွားကြပါတော့သည်။
သို့သော် သူတို့သည် ရန်ကုန်မြို့မှထွက်ပေါက်ဟူသမျှ မီးရထားလမ်း၊ သင်္ဘောလမ်း၊ ကားလမ်း များမှာ ဆီးကြို ရှာဖွေနေကြပါသည်။

ကျမသည်နောက်တနေ့ မနက်မှာတဦးတည်း မန္တလေးသို့ ထွက်လာပါသည်။ သူတို့တတွေ ဘယ်နေရာမှာ ပုံးရှောင်နေသည်ဟု မသိရပါ။ ဤကိစ္စကို ဒါရိုက် တာလုပ်သူ တီးဝိုင်း ဆရာကိုလည်း မတွေ့ခဲ့ရတော့ပဲ၊ လူစု ကွဲ၍ မန္တလေးရောက်လာပါသည်။

ကျမ မန္တလေး ရောက်၍ နှစ်ရက်သုံးရက်လောက်ရှိမှ သူတို့ရောက်လာကြပါသည်။ အကျိုးအကြောင်း မေးသော အခါ သူတို့ဒါရိုက်တာတီးဝိုင်း ဆရာက ရုပ်ရှင်ဇာတ်လိုက် မင်းသမီး မခင်မေလေး တို့အိမ်မှာ နှစ်ရက်မျှ သွားဝှက်ထား၍ ခိုနေလိုက်ရပြီးနောက် ယခုကားလမ်းမှ အလစ်ထွက်လာခဲ့ ကြသည်ဟု သိရှိ ရပါသည်၊ သို့သေည်ကျမနှင့်အတူ လာမနေကြသေးပဲ၊ တနေရာရှိသူတို့ အသိ တဦးထံမှာ ပုန်းနေ ကြပါသည်။

မန္တလေးမြို့ ရောက်လာသောအခါ အိမ်တ၀င်းထဲမှာနေသော အမျိုးအဆွေနှင့် အပြင်အပက အမျိုး အဆွေ တို့သည် မောင်မောင်အား ပိုက်ဆံ ချမ်းသာသော စက်ပိုင်သူဋ္ဌေးသမီးကို ခိုးလာသည်ဟု သိရသောအခါ မလိုလားသော စိတ်များဖြစ်ပေါ်ကာ သ္မီးရှင်မိဘထံသို့ ပစ်စာ အမျိုးမျိုးပို့ကြပါသည်။ ပစ်စာမှာ သ္မီးကို ပြန်သိမ်းရန် မပေးစားရန် အဓိကထား၍ မကောင်းရှုံ့ချကာ အထင်သေးအောင် ရေးသားကြပါသည်။ ထိုစာများကို နောင်သောအခါ သ္မီးရှင်မိဘများက ကျမကိုထုတ်ပြသော ကြောင့်မည်သူ့လက်ရေး၊ မည်သူ အသုံးပြုသော စာရွက်များ ဖြစ်နေသည်ကို ပါ အတတ်သိရပါ သည်။

သူတို့၏မလိုလားမှု မနာလိုမှုမှာ စက်ပိုင်သ္မီး ပိုက်ဆံရှိသူကိုရပြီး ချမ်းသာသွားမည်ကို မကြည့်မမြင် လိုသော မစ္ဆေယ စိတ်ထားတခုကို မှုရင်းထားသော်လည်း၊ ကာယကံရှင် ကိုယ်တိုင်က ပစ်စာပို့သူ များ အထင်ကြီး သလို မဟုတ်သဖြင့်၊ သူတို့အကြောင်း သူတို့သိပြီးဖြစ်ပါသည်။ သို့ကြောင့်ပစ်စာ၏ မြှားချက်က မစူးမ၀င် အထင် မသေးကြပါ။ သို့ရာတွင် မျိုးရိုးအဆက်အနွယ် နာမည်ကိုသိသွား ကြလေသဖြင့်၊ လူကြီးမိဘ အုပ်ထိမ်းသူ များနှင့်နှစ်ဘက် အပေးအယူမျှစွာ ထိမ်းမြားပေးစားရန် စကားဆိုလို့ ရန်ကုန်မှကိုယ်စားလှယ် လွှတ်ပါသည်။ ကိုယ်စားပြုသူမှာလည်း မန္တလေးမြို့ရောက် သောအခါမြို့ခံလူကြီး လူကောင်းများနှင့် ကျမတို့ အမျိုးအဆွေ အရင်းအချာထည်းမှ လူကြီးအဖြစ် ထင်ရှားရှိနေသူဖြစ်သော ဘကြီးတော်သူ ၀က်မစွတ်မောင်မောင်ကြီးထံသွား၍ သားရေးသ္မီးရေး ကိစ္စ ပြေလည်အောင် ဆောင်ရွက် ပေးဖို့ အရေး ဆိုကြ ပါသည်။

ဧည့်သည်လူကြီးများရှေ့တွင်တော့ လူကြီးဝတ္တရား အတိုင်း မျက်နှာဘန်း လှအောင် စကားလက္ခံ ပြောလိုက် ပြီး၊ လူကြီးများပြန်သွားသောအခါ ဒီကိစ္စနှင့်ပတ်သက်၍ ဘာမှတာဝန်မယူနိုင်ဟုဆိုကာ ကျမအား ပြစ်တင် ကြိမ်းမောင်းသော စကားလုံးများဖြင့် နားမချမ်းသာအောင် ဆူပူခြင်းခံရပါသည်။ ကျမစီစဉ်ခဲ့သော အလုပ် မဟုတ်ပဲ လူငယ်ချင်း မေတ္တာမျှ၍ တဇွတ်ထိုးဖြစ်လာခဲ့ကြသော ကိစ္စကို ဘယ်လို ဖြေရှင်းပေးရမည် မသိပါ။ တဖက်ကလည်း လူကြီးတွေရှိသောကြောင့် ၀တ္တရားမပျက် ဆောင်ရွက်လိမ့်မည် အထင်ကြီးနှင့် လိုက်လာ ကြခြင်း ဖြစ်ပါသည်။ ကျမကလည်းလူစိမ်းများကို ဖြစ်ကြောင်း ကုန်စင်ဖွင့်ဟ လိုက်ချင်ပေမဲ့ မတော် သေး တဲ့အတွက် မြို့သိပ်နေရပါသည်။

သို့နှင့် နောက်တနေ့မှာ ရန်ကုန်မှလိုက်လာကြသူများအား ဇနီးမောင်နှံ အသစ်စက်စက် ထွက်ပြေး လာကြ သူများကို ခေါ်ယူတွေ့စေပြီး သူ့မိဘထံခေါ်သွားရန် ထည့်အပ်လိုက်ပါသည်။ ထမရေပူလာ လျှင် လျှာလွှဲသော သဘောနှင့်ကျမအားလည်း ဒါးစားခံအဖြစ်နှင့် ခေတ္တရန်ကုန် ပြန်လိုက်သွားပြီး မိန်းကလေး၏ မိဘများ ထံအပ်နှံရမည်ဆိုကာ အတင်းတွန်ထိုးထည့် လိုက်သဖြင့်ဘုမသိ, ဘမသိ နှင့် အိမ်ငှါးကိစ္စမပြီးပြတ် တန်းလန်းထားခဲ့ပြီး အရေးတကြီး ရန်ကုန်မြို့သို့ ပြန်လိုက်လာရပြန် ပါသည်။

ထင်သည့်အတိုင်းပါပဲ ရန်ကုန်သို့ ရောက်သောအခါ သ္မီးရှင်ကမင်္ဂလာကိစ္စအတွက် ခန်းဝင်ပစ္စည်း ဘယ်မျှ တင်မည်နည်းဟု ကျမအားမေးပါသည်။ ကျမကလည်းလက်ထဲမှာ ငွေမပါလာ၊၊ ပါလာသည့် တိုင်အောင် ခရီး စရိတ်မျှသာဖြစ်၍ မင်္ဂလာကိစ္စကို ဆောင်ရွက်နိုင်မည့် စရိတ်၏ အဆင့်အတန်းကို မမှီပါ။ သို့ဖြစ်သော ကြောင့် အကျိုးအကြောင်း စာရေးရပါသည်။ မလွှဲမရှောင်သာသောကိစ္စ ဖြစ်၍မိခင်၏ အိမ်ပေါင်စာချုပ်မှ ငွေငါးရာ သို့မဟုတ် သုံးရာခန့်ထပ် ပို့ရန်ဖြစ်ပါသည်။ သို့သော် ပြန်လာသောစာမှာ အလွန်အားနာစရာ ကောင်းလှ ပါသည်၊ အိမ်ပေါင် မှ တပြားမှ ထုတ်မပေးနိုင် ကြောင်း၊ သ္မီးရှင် က မင်္ဂလာစရိတ် ထုတ် ကုန်ကျ ရန် ပြောရမည်။

ဤသို့ မပြောခြင်းပင် ကျမ၏ ညံ့ဖျင်းမှု တခုဟုပြစ်တင် ကြိမ်မောင်းစာ ဖြစ်ပါသည်။ သည်စကားမျိုး အား သ္မီးရှင်ကို ကျမကဘယ်နည်းနှင့်မျှ ပြောမထွက်ရက်ပါ သို့ကြောင့် မပြေမလည်နှင့် အချိန်ကုန်ရ ပြန်ပါသည်။ သို့အချိန်ကုန်သည်ကို အကြောင်းပြုလျက် မင်္ဂလာမဆောင်ရ သေးပဲနှင့် သမက်ကို အိမ်ပေါ်မှာ ကြာရှည် ထားလျှင် မသင့်တော်သေး၍ ခဏ တခြားစီနေပါဟုဆိုကာ သ္မီးရှင်က အလိမ္မာ နှင့် ခွဲလိုက်ပါသည်။ မောင်မောင် ကျမနှင့် လာနေသောအခါ သ္မီးအား အပြင် မထွက်နိုင်ရန် ကြပ်တီးစွာ သော့ခပ် ထားလိုက်ပြီဟု ကြားရ ပါသည်။

သောကတွေကြားမှ (ရီးစား ဒမြ) ဆက်ရန်
.

No comments: