Tuesday, February 9, 2010

မြန်မာပြည်၏ ဟယ်လင် အပိုင်း ( ၉)


ကျွန်မ၏ ခြေသလုံးကြွက်သားထဲ ၀င်နေသော ကျည်ဆန်လား၊ ဗုံးဆန် အစအနလားမသိ၊ ခွဲထုတ်မပစ် မီအထိ ကျွန်မ၏ ကျန်းမာရေးအခြေအနေ မကောင်းခဲ့ပါ။ ကျည်ဆန် အစအနကို ခွဲထုတ်ရာတွင် ဘေးမှ အသားများကိုပါ လှီးထုတ်ရပါသည်။  ၎င်းအနာပေါက်ကြီးကို ပိုးဝင်သဖြင့် ကျွန်မ အကြီးအကျယ် ဖျားခဲ့ ရ သေးသည်။

ကျွန်မတို့ကျူးလွန်ခဲ့သော ပြစ်မှုမှ အစအန ခြေရာလက်ရာများကို ဖျောက်ပစ်နိုင်ခဲ့သဖြင့် ကျေနပ် နှစ်သိမ့် နေပါသည်။ အကယ်၍ ဂျပန်စစ်သားများရောက်လာပြီး တစ်ခြံဝင်းလုံး တူးဖော်ရှာဖွေသည့်တိုင် အောင် သူတို့၏ ပျောက်ဆုံးနေသော ရဲဘော်များကိုတွေ့နိုင်စရာ အကြောင်းမရှိတော့ပါ။ တွေ့ချင် တွေ့လျှင် ဖျားနာ၍ ကွယ်လွန်သွားကြသူများ၊သူတို့ပစ်ခတ်သည့်ဗုံးဆန်၊ ကျည်ဆန်မှန်၍ သေဆုံးကြ သူများ၏ ရုပ် အလောင်း များကိုသာ တွေ့ကြရမည် ဖြစ်ပါသည်။ သေဆုံးသွားကြသော ဂျပန်နှစ်ဦး လုယက်လာသော ငွေများ၊ ဆွဲကြိုးများကို မှတ်မိလျှင်တော့ ခြေရာကောက်နိုင်ကြရမည်။
ကျွန်မ၏ပြစ်မှု့ မည်မျှ ကြီးမားသည်ကို စိတ်အဆင်းရဲခံပြီး စဉ်းစားတွေးတောနေရန် အချိန်မရှိသလို ကျွန်မ၏ ကျန်းမာရေးအခြေအနေကိုလည်း ဂရုမစိုက်နိုင်ပါ။

တောင်ကြီးမြို့ သိမ်းပိုက်ရေးအတွက် ဂျပန်စစ်တပ်များနှင့် တရုတ်တပ်များ တစ်ဖက်နှင့် တစ်ဖက် အမြှောက် ကြီး များနှင့် ပစ်ခတ်နေကြပါ သည်။ဂျပန်နှင့်အင်္ဂလိပ် စစ်မကြေညာမီကပင် တရုတ်နှင့် ဂျပန် များတိုက်ခိုက် နေကြပြီး ဖြစ်ပါသည်။ တရုတ်တပ်များသည် ချန်ကေရှိတ်၏ တပ်များဖြစ်၍ ကျွန်မတို့၏ မဟာမိတ် တပ်များပင် ဖြစ်ပါ၏။ တရုတ်တပ်များသည် မဟာမိတ်ဘက်မှ ကူညီတိုက်ခိုက်နေသော် လည်း သူတို့၏ ခိုးဆိုး လုယက်မှုများ ကြောင့်မည်မှုကမျှ သူတို့ကို ကျေနပ်လက်ခံခြင်း မရှိဟု ကျွန်မ သိရပါသည်။

သူတို့သည် တိုက်ခိုက်ရာတွင် တော်သည်၊ ရဲရင့်သည်။ သို့သော်စည်းကမ်းမရှိ။ ရန်သူကို တိုက်ခိုက်ရ မည့်အစား ဗမာလူမျိုးများထံမှ ပစ္စည်းများကို လုယက်သည်၊ လူသတ်သည်ဆိုသော သတင်းများဖြင့် ကျော်ကြား နေကြသည်။ ယင်းသတင်းက မည်မျှမှန်သည် မသိပါ။ အမှန်ဖြစ်နေသည်ကတော့ ရက်စက် ကြမ်းကြုတ် လှသော စစ်ပွဲကြီးများ၏ အလယ်တွင် ကျွန်မတို့မှာသားကောင် ဖြစ်နေရသည့် အချက်ပင် ဖြစ်ပါ သည်။

ကျွန်မတို့၏ ခေါင်းပေါ်မှ အမြှောက်ဆန်များ တရွှီရွှီဖြင့် ဖြတ်သန်း ကျော်ဖြတ် သွားနေပါသည်။ ကျည်ဆန် ကျရောက် ပေါက်ကွဲသော နေရာများမှ ပထ၀ီမြေကြီး တုန်ဟည်းသံများကို ကြားသိခံစားနေ ရသည်။ တရုတ် စစ်တပ်များ သည် ဂျပန်ပြည်နယ်စပ်သို့ အခြေမပျက် ဆုတ်ခွာနေကြသည်။ ဂျပန်တပ် များသည် ဗြိတိသျှတပ်များကို ချေမှုန်းလိုက်ပြီးနောက် အိန္ဒိယနယ်စပ်သို့ အာရုံရောက်နေကြပြီ။
တရုတ်နှင့် ဂျပန်စစ်တပ်များသည် အမှိုက်ပုံသဖွယ် ဖြစ်နေသော တောင်ကြီးမြို့ကို ဖြတ်ကျော်၍ သုံးည လုံးလုံး တစ်ဖက်နှင့် တစ်ဖက်အမြှောက်ဆန်များနှင့် သဲသဲမဲမဲပစ်ခတ်နေကြသည်။ နေ့အချိန်များတွင် တောင်စွယ် တောင်ရိုးများဆီမှ မီးခိုးလုံးများနှင့် အတူအမြှောက်ဆန် ပေါက်ကွဲသံများကို ကြားနေရ တက်ပါ သည်။

ဗုံးဆန်အတော်များများသည် ဆေးရုံပတ်ဝန်းကျင်တွင် ကျရောက်ပေါက်ကွဲပြီး ပျက်စီးနေပြီဖြစ်သော အဆောက် အအုံ များကိုပင် ထပ်မံ၍ထိမှန်ပြန်ပါသည်။ ဆေးရုံအတွင်းရှိ လူနာများက ကယ်ပါယူပါ တစာ စာနှင့် အော်နေပါသည်။ ကျွန်မနှင့် အယ်နီတို့သည် ဆေးရုံတွင် ရှိနေသော ဂေါ်ရခါးလူမျိုးအစေခံများ နှင့်ပါ ၀ိုင်းဝန်း လုပ်ဆောင်ကြသော်လည်း ခရီးမရောက်လှပါ။

ဗုံးဆန်အစအနမျာက ပျက်စီးနေသော ပြတင်းပေါက်များမှ တစ်ဆင့်ဖောက်တွင်း ၀င်ရောက်လာသဖြင့် လူနာသုံးဦး သေဆုံးသွားရသည့်အပြင် အများအပြား ဒဏ်ရာရသွားပါသေးသည်။ ရှင်နည်းရသည့် အထဲ အဂ္ဂလူထွက်ဆိုသလို အရေးထဲရေပိုက်များကို ကျည်ဆန်အစအနများ ထိမှန်ပေါက်ကွဲသွား သဖြင့် ဆေးရုံ အတွင်း၌ ရေတရဟော လျှံထွက်သွားပါသည်။

အမြှောက်ပစ်ခတ်သံများသည် ဖြန်းခနဲစခဲ့သလို ဗြင်းခနဲရပ်စဲသွားခဲ့သည်။ အမျြောက်ဆန်များ တဒိန်းဒိန်း ပစ်ခတ်နေသည်ထက်ပင် ထူးဆန်းစွာ တိတ်ဆိတ်သွားခြင်းက လူကို ပိုမိုချောက်ချားစေပါ သည်။ အချိန် ရခိုက်ကျွန်မတို့သည် လူသေများကို မြှုပ်နှံပေးကြသည်။ ဒဏ်ရာရသူများကို ဆေးထည့် ပေးကြသည်။ ကျန်နေ သူများကို အစားအစာများ ကျွေးမွေးကြပါသည်။

လူတိုင်းလိုလို ခြေကုန်လက်ပန်းကျပြီး တုန်လှုပ်ချောက်ချားနေကြပါသည်။ အခြားသူများကို ကူညီရန် ထားဘိဦး၊ မိမိကိုယ်ကိုယ်မိမိ ကာကွယ်ရန်ပင် အတက်နိုင်ကြပါ။ လူတစ်ယောက်၏ ခံနိုင်ရည်ရှိမှု အတိုင်း အတာကို ကျွန်မထပ်ကာထပ်ကာ အကြီးအကျယ် အံ့အားသင့်မိပါသည်။ သို့သော်လည်း ခံနိုင် ရည်ရှိမှု အတိုင်း အတာကုန်ဆုံးသည့် အချိန်က ရောက်လာရမည်မှာ အမှန်ဖြစ်ပါသည်။
အိပ်ရေးပျက်ခြင်းကလည်း လူကို ပင်ပန်းနွမ်းနယ်စေပါသည်။ ပင်ပန်းနွမ်းနယ်မှုကြောင့် စိတ်ဓာတ်ကျ ဆင်းရ သည်ကို လူတိုင်း သိကြပါသည်။

ဥာဏ်များထုံထိုင်းပြီး အလွန်ရိုးစင်းသော ဆုံးဖြတ်ချက်များ ချမှတ်ရာတွင်ပင် ခက်ခဲစွာ ကြီုးပမးနေရပါသည်။ တက်ကြွပြီး ဖျက်လတ် လှုပ်ရှားနေသောစိတ်သည် ခန္ဓကိုယ်အတွင်းရှိ ဘက်ထရီအိုးကဲ့သို့ ပြန်လည်၍ အားသွင်း နိုင်မှသာ အလုပ်လုပ်နိုင်ပေမည်။ အကယ်၍ ပစ်ထားခဲ့သော် အလုပ်မလုပ်နိုင်တော့ဟု ကျွန်မက သိနေပါသည်။
တစ်ချိန်ချိန်တွင် ကျွန်မတို့ နှစ်ဦးစလုံး ခံနိုင်ရည်ရှိတော့မည်မဟုတ်ပါ။ ကျွန်မတို့ကွယ်လွန်သွားခဲ့သော် ကျွန်မ၏လူနာများသည်လည်း သေဆုံးကြပါမည်။ ကျွန်မတို့သည် သူတို့အမှီပြုနေသည့် ချိုင်းထောက် များဖြစ်ကြပါသည်။
လူသား တစ်ဦးသည် မျှော်လင့်ချက် ရှိနေသမျှ ခံနိုင်ရည်ရှိပြီးအသက်ရှင်နေပါမည်။ သို့သော်ကျွန်မ၏ အခြေ အနေမှာ လျှောက်လှမ်းနေသော ဥမင်ခရီးအဆုံး၌ မျှော်လင့်ချက် ရောင်ခြည်ကို မမြင်ရသကဲ့ သို့ဖြစ် နေပါသည်။ ဆိုးရွားသော အတွေ့အကြုံများကို ရင်ဆိုင်ရပြီး လွတ်မြောက်ရုံရှီသေးသည်။ ပို၍ပို၍ ဆိုးရွားသော ဂြိုဟ်ဆိုးကြမ္မာဆိုးများနှင့် ထပ်ကာထပ်ကာ ရင်ဆိုင်ရသလို ဖြစ်နေပါသည်။ နစ်တော့မည့် သင်္ဘောကြီး ကိုပို၍ပို၍ ကြီးမားသော လှိုင်းလုံးများ ဆင့်ကာဆင့်ကာ အရိုက်ခံနေရသည်နှင့် တူပါသည်။ နောက် ဘာဖြစ်လိမ့်ဦးမလဲဟု စိတ်တထင့်ထင့် ဖြစ်နေပါသည်။ ကောက်ရိုးမျှင်ကလေးနှင့် တည်းချည် ထားပြီး နောက်ဆုံးပြတ်သွားမည့် အချိန်ကို စောင့်စား နေရသလို ဖြစ်ပါသည်။

နောက်တစ်ကြိမ် ရင်ဆိုင်ရသော လှိုင်းလုံးသည် ကျွန်မတို့ အားခြေမွမဖျက်ဆီးနိုင်ပါ။ ကျွန်မတို့ နောက် ဆုံးချီတက်နေသော ပန်းတိုင်သို့ရောက်အောင် တွန်းအားပေးသလို ဖြစ်ပါသည်။ သို့သော်လည်း ကျွန်မတို့ မမျှော်လင့်သော ဘက်မှပေးလာသော တုန်လှုပ်ဖွယ်အတွေ့အကြုံဖြစ်၍ ပိုမိုနာကြည်းမိပါ သည်။ ကျွန်မတို့၏ အသက်အန္တရာယ်ကို ရန်ရှာမည့်သူမှာ ကျွန်မတို့၏ မိတ်ဆွေတရုတ်စစ်တပ်မှ ဖြစ်လိမ့်မည်ဟူ၍ လုံးဝ မျှော်လင့် မထားခဲ့မိပါ။

အမြောက်သံများ တိတ်ဆိတ်သွားပြီးနောက် နာရီအနည်းငယ်အကြာတွင် တောင်ကြီးမြို့၌ မကြားရ သည်မှာ ကြာပြီဖြစ်သော လူသားတို့၏စကားပြောသံများကို ပြန်လည်ကြားလာရသည်။တုန်လှုပ် ချောက်ချားစွာ အော်ပြော နေသံများ ဖြစ်ပါသည်။ တောင်ကြီးမြို့ထဲရှိ ရပ်ကွက်တစ်နေရာဆီက မီးတောက်များကို ဆေးရုံ ၀ရန်တာမှ မြင်တွေ့နေရသည်။ မီးရောင်ကြောင့်လမ်းများပေါ်တွင် တိတ်ဆိတ်စွာ လှုပ်ရှားနေကြသော လူရိပ် မည်းမည်းများ၊ ပျက်စီးနေသော ဆိုင်များ၊အိမ်များအတွင်း သို့ဝင်လိုက်ထွက်လိုက် လုပ်နေကြ သူများကို မြင်တွေ့ရပါသည်။

ထို့နောက် ယူနီဖောင်းဝတ် လူအုပ်ကြီး ကျွန်မတို့ဆေးရုံတူရူသို့ လာနေကြသည်ကို မြင်နေရပြန်သည်။ သူတို့ ထဲမှ အချို့သည်ရိုင်ဖယ်များမောင်းပြန်သေနက်များ စွဲကိုင်ထားကြသဖြင့် စစ်သားများဖြစ်ကြောင်း သိသာလှပါသည်။ အချို့ကမူ ၀ါးလုံးရှည်ကြီးများပေါ်တွင် အထုပ်မျိုးစုံကို ချိတ်ဆွဲလျက် နှစ်ယောက် တစ်တွဲ ထမ်းလာကြသည်။ ကူလီ (အလုပ်သမား)လုပ်လာကြသူများမှာ အများအားဖြင့် ၁၅နှစ်၊ ၁၆နှစ် သားအရွယ် ကလေး သူငယ်များ ဖြစ်ကြောင်းကို တဖြည်းဖြည်းနီးလာသောအခါ သိရပါသည်။

သူတို့လူစု ဆေးရုံဝင်းထဲသို့ စုပြုံဝင်ရောက်လာကြသောအခါ သူတို့၏ ယူနီဖောင်းများသည် အစုတ်စုတ် အပြတ်ပြတ် ညစ်ပတ်ပေရေနေကြောင်းတွေ့ရသည်။ သူတို့တွင်စည်းကမ်း ထိန်းသိမ်းမှုမရှိကြတော့ပါ။ သူတို့သည် လူဆိုး ဓားပြများအုပ်စုဖွဲ့လာကြသလားဟု ပထမထင်မိသည်။ မြို့ပေါ်ရှိအိမ်များမှ စနစ်တ ကျ ဖောက်တွင်း လုယူလာခဲ့ကြပြီး ဆုတ်ခွာလာကြသော တရုတ်စစ်တပ်များ ဖြစ်ကြောင်းနောူက်မှ အသိစိတ် ၀င်လာခဲ့၏။ ထပ်ခါတလဲလဲလုယက်ခြင်းကို ခံကြရသော အိမ်များ၊ ဂိုဒေါင်များ၊ ဆိုင်များမှ တွေ့သမျှ လက်ကျန် ပစ္စည်းများကို အထုပ်ကြီး အထုပ်ကြီးငယ် အသွယ်သွယ်ဖြင့် ထုပ်ပိုးလျက် ၀ါးလုံးတန်းတွင် တစ်ခုချင်း ကို ယူလာကြခြင်း ဖြစ်ပါသည်။

သူတို့သည် အဆောက်အအုံ တစ်ခုချင်းကို ရှင်းလင်းရှာဖွေပြီး နောက်မီးတင်ရှို့ကြသည်။ ဂျပန်စစ်တပ် များဝင်ရောက်နားခိုခြင်း မပြုနိုင်ရန် ပေလော၊ သို့တည်းမဟုတ်မီးရှို့ဖျက်ဆီးရသည်ကို အရသာတွေ့၍ လောမပြောတတ်ပေ။
၎င်းတို့အထဲမှ တစ်ဦးသည် ကျွန်မထံလျှောက်လာသည်။ သူ့တွင်ရာထူးတံဆိပ် အမှတ်အသားမပါရှိ သောယူနီဖောင်းဝတ်ထားစေကာမူ စစ်သားအချို့ကို ကျွန်မအား ဆေးရုံအတွင်းသို့ ခေါ်သွားရန် လက်ဟန်ခြေဟန် ပြလိုက်သဖြင့် ၄င်းသည်အရာရှိဖြစ်ကြောင်း သေချာပါသည်။

စစ်သားအချို့သည် ကျွန်မထံပြေးလာကြပြီး ရိုင်ဖယ်များနှင့် နောက်ကျောကို ထောက်ထားပါသည်။ ကျွန်မကသူတို့တစ်တွေအား ကျွန်မအခန်းသို့ခေါ်လာခဲ့၏။ ကျွန်မ၏ ဧည့်ခန်းသို့ ရောက်သောအခါ စစ်သား နှစ်ယောက် က အပေါက်ဝတွင် စောင့်နေကြပြီး ကျန်နှစ်ယောက်က ကျွန်မ၏ရင်ဝတည့်တည့် ကို လှံစွပ်များ နှင့် ချိန်ထားကြသည်။ အခြားတစ်ဦးကမူ ကျွန်မ၏ဇာက်ပိုးကို ဓားမြှောင်နှင့် တေ့ထားပါ သည်။အရာရှိလုပ်သူက'' မင်းဟာသူလျှိုပဲ၊ ဂျပန်တွေ ဘယ်မှာ ရှိတယ်ဆိုတာ ငါ့ကိုထုပ်ပြောရမယ်'' ဟု အော်ပြော ပါသည်။

ကျွန်မ၏ကိုယ်လုံးကိုယ်ပေါက်၊ အသားအရောင်၊ အရပ်အမောင်းတို့သည် ရှမ်းနှင့်လည်းကောင်း၊ ဗမာနှင့်လည်းကောင်း မတူ၍သာ ကျွန်မအပေါ်တွင် မယုံသင်္ကာဖြစ်သွားကြေင်း နားလည်လိုက်ပါ သည်။သူတို့သည်လည်း ကျွန်မကဲ့သို့ပင်ပန်းနွမ်းနယ် ချောက်ချားနေကြသူများ ဖြစ်ကြောင်း၊ ကျွန်မကသာ ကျွန်မကို သတ်ရန်ဦးမလေးသူများ ဖြစ်ကြောင်းသိနေပါသည်။
ကျွန်မ၏ရင်ဝနှင့် လက်မအနည်းငယ် ခွာပြီးချိန်ထားသော လုံစွပ်နှင့် ဇက်ပိုးကို ထောက်ထားသော ဓားမြှောင်များအောက်ဝယ် ကျွန်မသည်မည်သို့လျှင် စကားကို က္ကုနြေ္ဒရရ ပြေနိုင်ပါမည်နည်း။ သို့သော်တက်နိုင်သမျှ ရှင်းပြခဲ့ပါသည်။
'' ကျွန်မမှာ ဤဆေးရုံကို အုပ်ချုပ်သူဖြစ်ကြောင်း၊ အခြားဥရောပတိုက်သားများနှင့် တစ်ပါတည်း ဆုတ်ခွာ မသွားသည်မှာ ဆေးရုံရိုရောဂါအမျိုးမျိုး စွဲကပ်နေသော လူမမာများ၊ဓဏ်ရာ အနာတရ ရနေကြသူများကို စောင့်ရောက်တာဝန်ယူမည့် သူမရှိ၍ ကျန်ရှိနေခဲ့ခြင်း ဖြစ်ကြောင်း၊ ဂျပန်များဘယ် အရပ်၌ ရောက်နေ သည်ကို မသိကြောင်း၊ ဂျပန်များပစ်ခတ်သောကျည်ဆန်များမှာ လွတ်ကင်းရန်ကို သာ ဂရုစိုက် နေရကြောင်း '' ဖြင့်ရှင်းပြပါသည်။ ကျွန်မ၏ရှင်းပြချက်များသည် သူ့အားကျေနပ်လက်ခံ လာအောင် အစွမ်းဆောင်နိုင်ပါ။

'' မင်းဟာစပိုင်ပဲ၊ဂျပန်တွေဘယ်မှာရှိသလဲ ပြောပါ'' ဟုထပ်ခါတလဲလဲ အော်နေပါသည်။ အော်သံကလည်း တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုကြောက်စရာကောင်းပါသည်။ ကျွန်မသည် သူတို့ ယူဆ သလို စပိုင် မဟုတ်ကြောင်း သက်သေ ပြနိုင်လိမ့်မည်ဟု စိတ်ထဲမှာ ပေါ်ပေါက်လာခဲ့သည်။ ယခုတော့ ကျွန်မ၏ စိုးရိမ်မှု က ကျွန်မအပေါ် တန်ပြန်ခြင်း ခံရလေပြီ။

ကျွန်မကို စစ်ဆေးနေခြင်းမှာ နာရီဝက်ခန့် ကြာပါသည်။ ထိုအတောတွင်း ကျွန်မကို နှိပ်စက်ညှင်းပန်း ခြင်းမပြုပါ။ ခေါင်းဆောင် လုပ်သူသည် ကြက်တူရွေးကဲ့သို့ သူ၏ စွပ်စွဲချက်များကို ထပ်ကာတလဲလဲ ရေရွတ် နေပါသည်။ အပ်ကြောင်းထပ်အောင် ပြောဆိုနေခြင်းကပင် အမှန်တရားဖြစ်၍ ကျွန်မကထုတ်ဖော် ၀န်ခံ လိမ့်မည်ဟု ယူဆ လေသလား မသိပါ။

နောက်ဆုံးတွင် တရုတ် စစ်သားတစ်ဦး အခန်းထဲသို့ ၀င်ရော်ကလားပြီး တရုတ် ဘာသာဖြင့် သူ့အား တိုးတိုး ပြောနေ ပါသည်။သူဘာတွေပြောသည်ကိုတော့ ကျွန်မနားမလည်ပါ။ သို့သော် ကျွန်မ၏ အစစ်ခံ ချက်သည် အမှန် ဖြစ်ကြေင်း၊ ဤနေရာသည် ဆေးရုံဖြစ်ကြောင်း ပြောနေသည် ထင်မိပါသည်။ သူကဘယ်လို ပြောလိုက် သည်မသိ။ မေးခွန်းမေးနေခြင်းကတော့ ဖြုန်းခနဲ ရပ်သွားသွားကာ စစ်သား များက ကျွန်မ အခန်း အတွင်း၌ မွှေနှောက်ရှာဖွေကြပြီး လိုချင်သမျှ ပစ္စည်းများကို ယူသွားကြပါသည်၊ သူတို့ မလိုချင်သည့် မစ္စည်း များကိုမူ အိတ်များနှင့် ထည့်ပြီး ဝါးလုံးတန်းတွင် အခြား ပစ္စည်းများ နှင့် အတူ ချိတ်ဆွဲထားလိုက်ပါသည်။

သူတို့ထဲမှ စစ်သားတစ်ယောက်သည် ရှာလကာရည် ပုလင်းကို ဆာာကေဟု ထင်လေသလား၊ အရက် တမျိုးမျိုး ဟု ထင်နေလေသလား မသိ၊ တစ်ခါတည်း မော့ချလိုက်သည်။ သူ၏ လည်ချောင်းထဲသို့ ရှာလကာရည်များ ၀င်သွားသည်နှင့် မျက်နှာ ရှုံ့မဲ့မဲ့ ဖြစ်သွားပြီး ရှာလကာရည်များကို ထွေးထုတ် လိုက် သည်ကို မြင်ရသောအခါ တထိတ်ထိတ် တလန့်လန့် ဖြစ်နေသည့် ကြားထဲမှပင် မပြုံးဘဲ မနေနိုင်အောင် ဖြစ်ရ ပါသေးသည်။

တရုပ် စစ်သားများသည် အဆောက်အအုံတစ်ခုမှ တစ်ခုသို့ ကူးသန်းသွားလာကြကာ တွေ့သမျှ ပစ္စည်း များကို ယူငင်ပြီး နောက် မီးတင်ရှို့ ကြပါသည်။ ပစ္စည်းနှင့် စားစရာများ ထည့်ထားသော စတိုခန်းကို ဖွင့်၍ ရသမျှ ပစ္စည်းများကို လုယက်သွားကြသည်။ ထင်းပုံအောက် ၌ မြုပ်ထားသော နို့ဆီသေတ္တာ များ၊ ဟင်းချိုဘူး သေတ္တာများကို လည်း တူးဖော် ယူငင်သွားကြ ပါသည်။ တချို့ စစ်သားများက ကြက်များကို လိုက်လံ ဖမ်းဆီးပြီး အရှင်လတ်လတ် အမွေးနှုတ်နေကြပါသည်။

စစ်သားများသည် ကျွန်မတို့ထံမှ ရုတ်တရက် ထွက်ခွာသွားကြသည်၊ တဘက်ခြံဝင်းအတွင်းရှိ ဖြိုဖျက် ထားသော အဆောက်အအုံ အတွင်းသို့ ဝင်ပြေးကြပြီး အကာအကွယ် ယူကာ ဂျပန်များ ရှိမည်ထင်ရသော နေရာများ ဆီသို့ ရမ်းသမ်းပြီး သေနတ်များနှင့် တဒိုင်းဒိုင်းပစ်ခတ်နေကြပါသည်။

ကျွန်မသည် ကျွန်မ၏ အခန်းထဲ၌ တစ်ယောက်တည်း မတ်တတ်ရပ်နေပါသည်။ တစ်စုံတစ်ရာ အနာတရ မဖြစ်သဖြင့် ဘုရားသခင်ကို ကျေးဇူးတင်ရပါသည်။ ဂျပန်နှင့် တရုပ်စစ်တပ်များအကြားတွင် ဆေးရုံအနီး ပတ်ဝန်းကျင် ၌ သဲသဲမဲမဲ တိုက်ပွဲဖြစ်လာမည်ကို မည်မျှကြာအောင် စောင့်ရမည်နည်း ဟု တွေးနေမိ၏။ ယင်းကဲ့ သို့ တိုက်ပွဲဖြစ်လာခဲ့သော် ကျွန်မတို့တစ်တွေ လွတ်မြောက်ရန် မလွယ်ကူ တော့ပါ။

ကျွန်မ၏ တံခါးဝတွင် စူးစူးဝါးဝါး အော်သံ ထွက်ပေါ်လာ၍ တံခါးဖွင့်ကြည့်ရာ စပင်နီယက်ခွေးမျိုးနှင့် သိုးကျောင်း သော ခွေးမျိုးမှ စပ်ကျထားသော လက်စီဆိုသော ခွေးမဖြစ်နေပါသည်။ ခွေးမသည် အလွန် ဆိုးရသည့် အထဲ အစာကလည်း ၀လင်အောင် မစားရ၊ ခွေးကလေး ငါးကောင်ကိုလည်း နို့တိုက်နေရ သဖြင့် စိတ်က ဆတ်နေသည်။ ရန်လိုနေသည်။ ကျွန်မတစ်ဦးတည်းကသာ သူ့အပေါ် သြဇာပေး၍ ရသည်။ ကျွန်မထံသို့ ခွေးမလာခြင်းမှာ အကြောင်းရှိပါသည်။

ရုတ်တရက် အခန်းတံခါး ပွင့်သွားပြီး တရုတ်စစ်သား တစ်ယောက် ၀င်လာကာ ကျွန်မ၏ လည်ပင်းကို ဓါးနှင့် ထောက်ထားသည်။ စစ်သားအား မေးခွန်းထုတ်ရန် အခွင့်အရေး မရပါ။  ခွေးမက ထဟောင် တော့သည်။ ကျွန်မ သည် ခွေးမ၏ လည်းပင်းကို လှမ်းကိုင်ပြီး ထိန်းထားသော်လည်း မရပါ။ ခွေးမက ကျွန်မထက် များစွာ အားသန် သဖြင့် လွတ်ထွက်သွားသည်။
ခွေးမသည် တရုတ်စစ်သား၏ လည်မျိုကို ခုန်ဟပ်ကာ တအားခဲထားသည်။ တရုတ်စစ်သား၏ မျက်နှာ ပေါ်ဝယ် ကြောက်ရွံ့သည့် အမူအရာများ ပေါ်ထွက်နေပါသည်။ သူသည် သူ၏ ဓါးနှင့် လက်စီ၏ လည်ပင်းကို ထိုးလိုက် ရာ ပခုံး အထိ စိုက်ဝင်သွားခဲ့သည်။

ခွေးမသည် သူ၏ စလုတ်ကို မလွတ်တမ်း ကိုက်ခဲ ထားသဖြင့် သွေးများက အဆက်မပြတ် ပန်းထွက် လာသည်။ ကျွန်မ၏ မျက်နှာပေါ်လာရောက်ဖုံးအုပ်သဖြင့် ဘာမျှ မမြင်ရတော့ပါ။ သူသည် ဓါးကို လွတ်ချပြီး နောက် ခွေးကို ဖယ်ရှားပစ်ရန် ကြိုးစားပါသော်လည်း ခွေးက ခဲထားသော နေရာကို မလွတ် တော့ပေ။
သူသည် နောက်ပြန်လဲကျသွားပြီး လှေကားပေါ်မှ မြေကြီးဆီသို့ တလိမ့်ခေါက်ကွေး ကျသွားခဲ့၏။ သွေးများ က လည်းချောင်းတွင် ပိတ်ဆို့ပြီး မချိမဆံ သေဆုံးသွားခဲ့၏။ လက်စီသည် ထိုနည်းဖြင့် ကျွန်မ အား ကယ်တင် သွားခဲ့ပါသည်။

အလွန်ကြောက်စရာ ထိတ်စရာကောင်းသော အဖြစ်အပျက်နှင့် တွေ့ကြုံနေရသော်လည်း မိမိကိုယ် ကိုယ် စိစစ်ဝေဖန် နိုင်ပါသေးသည်။ ကျွန်မ၏ ကုသိုလ်ကံ ကောင်းနေခြင်းသည် ကုန်ဆုံးသွားလေပြီ တကားဟု အသိ ၀င်လာခဲ့၏။

တရုတ် စစ်သားများ ရောက်လာပြီးသေဆုံးနေသော သူတို့၏ရဲဘော်ကို တွေ့ရှိခဲ့သော် တစ်ချက်ကလေး ဆိုင်း မနေဘဲ ကျွန်မကို သတ်ပစ်ပေတော့မည်။ တရုတ်စစ်သားများသည် ဖြုန်းကနဲ့ရောက်လာကြသလို ရုတ်တရက် ထွက်ခွာသွားကြသည်။ သူတို့သည် ကွန်ဗင့်ကျောင်းနှင့် ကရိတ်မိုးအိမ်ကြီး တူရူသို့ ပြေးလွားသွားကြရင်း သေနတ်များကို ပစ်ဖောက်သွားကြသည်။ လမ်းတွင်တွေ့သမျှ အဆောက်အအုံ များမှ ပစ္စည်များ ကို ယူပြီး မီးလည်း ရှို့သွားကြသေးသည်။

လက်စီသည် ပြင်းထန်သော ဝေဒနာကို ခံစားနေရ၍ ညည်းညူနေပါသည်။ သူမ၏ လည်ပင်းမှ ဒဏ်ရာ များကို ဆေးထည့်ပြီး ရိုးရိုးအပ်ချည်နှင့် ကုသရာတွင် အသုံးပြုသော ချည်ကြိုးမရှိသည်မှာ ကြာပါပြီ။ နွားနို့ ပူပူတွင် အက်(စ) ပရင်ဆေးနှင့်ရော၍ တိုက်ပါသည်။ လက်စီသည် ကျွန်မ၏ ကိုယ်ပိုင်ခွေး မဟုတ်မူဘဲ စစ်ပြေး မိသားစု တစ်စုက ပေးသွားသော ခွေးဖြစ်သည်။ 

ဆက်ရန်  

1 comment:

Anonymous said...

ကျေးဇူးတင်တယ် အမ
ဒီပို့စ်ကို အမလက်ညောင်းခံ ရိုက်တင်ပေးလို့

စိတ်ဓါတ်ကျစရာတွေကို ဒီပို့စ်ဖတ်ပြီး ဖြေဖျောက်ရတယ်။
သူနဲ့စာရင် ကိုက ပါးပါးလေးပါဘဲ