Monday, February 22, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆၀ အပိုင်း (၂၇)

ဗုန်းကြား အမြောက်ကြားမှ စတုဒီသာ

၎င်း ပုံနှိပ်စက်ကြီး နှစ်လုံးသည် တဝုံးဝုံး မြည်သံပေးကာ နေ့ရောညပါ အလုပ်ဝတ္တရား မပျက် မြည်သံ ပေးကာ နေ့ရော ညပါ အလုပ်ဝတ္တရားမပျက် ရုန်းနေရှာသည်။ ပထမဦးစွာ စီးပွားဖက်များဖြစ်သော ကြောင့် လည်း စက်ကြီးနှစ်လုံးကို ဘိုးစိန်ကြီး နှင့် စိန်ကတုံး ဟု အမည်ပေးထား ကြပါသည်။

ထိုအချိန်က ပုံနှိပ်လုပ်ငန်း သမားများ၏ ပုံနှိပ်မှင်-ပုံနှိပ် စက္ကူ စသော မရှိမဖြစ်သည့် အသုံးပစ္စည်း များမှာ နိုင်ငံခြား များမှ အသစ်ရောက်မလာတော့ ဘဲ ပြည်တွင်းရှိ စစ်မဖြစ်မှီက လက်ကျန် ပစ္စည်း တွေကိုသာ အမှီ သဟဲ ပြုနေကြရပါသည်။ စက္ကူ ကုန်သည်ကြီးများထံမှ လက်ကျန်ပစ္စည်း များနှင့် ဂိုဒေါင် ဖောက်သယ် များထဲက အရပ်လေးမျက်နှာသို့ ဖြန့်ဖြူးရောင်းချထားသော နေရာများသို့ စုံစမ်း မေးမြန်း ၀ယ်ယူ အသုံးပြု ကြရပါသည်။

သို့ရာတွင် နောက်ပိုင်းမှာတော့ ဝယ်လိုသူက မရှာရတော့ဘဲ ပွဲစားများက လာရောက်စပ်ဟပ် ရောင်းချခြင်း ကြောင့် ငွေထုတ်ကိုင်၍ အိမ်မှထိုင်စောင့် နေခြင်းဖြင့် စက္ကထုပ်များ အိမ်ခါးပန်း အရောက် မြင့်မောက် များပြား လာပါသည်။ စောစောပိုင်းက ဈေးနည်းနည်း ဖြင့် ရသလောက် မလွတ်တမ်း ဖမ်းဝယ် စုဆောင်း ထားသော အခါကြာတော့ ထက်ချိုးမက ဈေးတက်ကြွ လာပြန်ပါသည်။

ယင်းသို့ ဂျပန် ခေတ် ပွဲစား များ၏ လုပ်ငန်းအထွေထွေ ၏ ငွေရပေါက် အမျိုးမျိုးမှာ အလွန် စားသာ ကြသည်။ လူလယ် လျှင် လယ်သလောက် မျက်လုံးကျယ်လျှင် ကျယ်သလောက် အကျိုးများ ကြပါသည်။ ပုံနှိပ်တိုက် နှင့် ဆိုင်လျှင် ဆိုင်ရာပစ္စည်းများ ရှိရာ ချောင်ကြိုချောင်ကြား ၊ တောရောမြို့ပါ မကျန် အဆက်အသွယ်ပြုကာ ရှာဖွေပြီး လာရောက် ရောင်းချပါသည်။ 

အထည်အဝတ်ဆိုင်မှာ လည်း ထိုနည်း၎င်း ၊ ဆေးဝါးပစ္စည်း အထည် အလိပ်ဆိုင်မှာ လည်း ထိုနည်း၎င်း ရွှေ၊ ငွေ စိန်ကျောက် စားကုန်သောက်ကုန်မှ အစ သံတို သံစ အထိ အရောင်း အဝယ်တွင်ကျယ်နေသည်။ ပစ္စည်း တခု ၀ယ်ထားသူတို့မှာ မိမိ လက်တွင်း၌ မကြာခင် ဆယ်စ တိုးသော တန်ဘိုး အမြတ်ရတတ်ကြသဖြင့် လောဘ မသတ်နိုင်သူတို့များမှာ မကြာမကြာ အရိုးစူးခံရသည် ကိုတွေ့ ရပါသည်။

ကျမနှင့် သိဟောင်းကျွမ်းဟောင်း အသိမိတ်ဆွေများမှာလည်း ဂျပန်ခေတ် စားဝတ်နေရေးအတွက် စိန်ပွဲစားများ ထလုပ်ကြသောအခါ တခြားတနေရာမှာ ရုတ်တရက် မရောင်းရသော ပစ္စည်းများ ရှိလျှင် ကျမထံသို့ချည်း အတင်းလာရောက် ထိုးပေးလေ့ရှိသည်။ သူတို့ ပြောပုံ ဆိုပုံ မှာ ဒါကလေး ယူထားလိုက်မှ သူတို့ ပွဲခလမ်းခရပြီး နေရေးစားရေး အထောက်အကူရပါမည်ဟု ပူဆာကြသည်။

ကျမက သနားတတ်သူဖြစ်၍ နှလုံးကောင် ၀မ်းဖောင် ဆိုသလို အဆိုးရော အကောင်းပါ သောင်းပြောင်း ထွေလာ စိန်ရွှေပစ္စည်းများ သည် တထုပ်တပိုးကြီးဖြစ်လာသောအခါ၌ ပွဲစားတွေ နောက်ထပ် ပစ္စည်း အသစ် ယူမလာမှီ ပြန်ရောင်း ပစ်ခိုင်းရပါသည်။ သို့ ရောင်းရာမှာလည်း ဂျပန် ခေတ်နည်း အတိုင်း တထောင် တန်သော ပစ္စည်းမှာ ငါးထောင်တသောင်း တက်ဈေးနှင့် ရပါသည်။ သို့ရာတွင် ဂျပန်ငွေစက္ကူဈေးမှလည်း တန်ဘိုး နည်းလာပြီး ကုန်ပစ္စည်းကသာတန်ဘိုးကြီးမြင့်လျက် ရှိနေပါသည်။

ကျမသည် ကုန်ရောင်းကုန်ဝယ်ဘက်၌ ကျွမ်းကျင်သူလည်းမဟုတ် ထိုအလုပ်ကိုလည်း ၀ါသနာမပါ။ ဘယ်တုန်း ကမျှ မလေ့လာခဲ့ဘဲ နားပူလာသမျှကို အကူအညီပေးရင်း ငွေလေး ငါးထောင်ဘိုးမျှ အစ လုပ်လိုက် မိသည်တွင် ငါးသောင်းမှ ငါးသိန်းဘိုးအထိ တိုးကြွ လာခြင်းကြောင့် အံ့သြသွားမိသည်။ ပုံနှိပ်စက် အလုပ်မှာ အလုပ်သမားများနှင့် နေ့ရောညပါ ဖတ်ဖတ်ဆာအောင် လုပ်သော်မှလည် သူ့စရိတ်နှင့် သင့်ရုံ မျှသာ ရှိသည်။ တခါတခါ ပုံနှိပ်တိုက်မှ လိုအပ်လာသော ပစ္စည်းများ ၀ယ်ယူ ဖြည့်တင်းရာ၌ ကျမဘက်က စိန်ရွှေ ပစ္စည်းများ ရောင်းချ အမြတ်ရသည့်ငွေနှင့် ၀ယ်ယူ ဖြည့်စွက်ပေး နေရသေးသည်။

ယခင်က နေမည့်သူ နည်းပြီး အိမ်က ကြီးလွန်းသည်ဟု ထင်ခဲ့သော်လည်း ယခု အချိန်မှာ အိမ်နှစ်ထပ် စလုံး နှင့် နောက်ဖေး တန်းလျားအထိ လူချင်းညှပ်ထိနေအောင် အိပ်ရနေရာတွေ အပြည့်ဖြစ်လာလေပြီ။ နေလာသမျှ လူများ၏ စားရေ ရိက္ခာတာဝန်မှာလည်း ကျမကသာ ကုသိုလ်ဖြစ် စတုဒီသာ လုပ်ပြီး ကာလ ဒါန ခေါ် ကုသိုလ်ကြီး ကို စိတ်ထည်းမှ အဓိဋ္ဌာန်နှင့် ပြုလုပ်နေခြင်းဖြစ်ပါသည်။ 

ထိုကြောင့် ကျမအိမ်တွင် လာရောက် နေထိုင်နေသူများမှာ အလုပ်အကိုင် အဆင်မပြေ၍ နေရေးထိုင်ရေး ခက်သူများ အတွက်ရော အလုပ်အကိုင် နှင့် ရှိသော်လည်း ရသည့် လခကြေးငွေနှင့် ဂျပန်ခေတ် အိုးအိမ် ထူထောင် မနေနိုင် စားစရိတ် မှာလည်း အနည်းဆုံး ဆီတပုံးရှစ်ရာ တထောင်ဖြစ်နေရာ ရသော လခနှင့် ဘယ်လောက်မျှ စားလောက် ရှာမည် မဟုတ်ကြသော အိမ်ထောင်စု များကိုလည်း ချွေးသိပ်စေခဲ့ပါသည်။

ထိုကြောင့် ကျမအိမ်မှာ ခလေးငယ် မြေးငယ် ဘုစုနှင့် အိမ်ထောင် သယ်ပေါင်းကလည်း လေးငါး ဆယ်ဦး ထက် မနညှ်းရှိသည်။ တစုဆင်း တစုတက် ဧည့်သည်များကလည်း တခါတခါ ထားစရာမရှိ အောင် ပြည့်သိပ် နေသည်။ တမြို့ထည်းက ခဏဘန်း ဧည့်ပရိတ်သတ်တွေကလည်း ခြေချင်းရှုပ်ခါ အိမ်သာ၍ ဧည့်လာ ဆိုသော စကားအတိုင်း ခင်မင်စွာ ၀င်ထွက်လေ့ရှိရာ သူတို့ကလည်း အလွတ်မပေး ကျွေးမွေးပြုစုခြင်းဖြင့် ကျမ၏ အဓိဋ္ဌာန် ကာလ ဒါနပါရမီကို နှစ်လို ၀မ်းမြောက်စွာ အားထုတ်ခဲ့ပါသည်။

အယုတ်အလတ် အမြတ်မရွေး နေ့စဉ် ကျွေးမွေးလှူဒါန်း နေခြင်းမှာ ကျမငယ်စဉ်က ကြုံကြိုက် ဘူးသော မန္တလေး သားချင်း တစု၏ ကရုဏာကင်းမဲ့ မှု စိတ်ထားနိမ့်ကျမှုများကို သတိတရားရလေ့ရှိသဖြင့် နိဗာန် ချမ်းသာ မရမှီ ဘ၀များ၌ နေရေး စားရေး ကြပ်တည်း ခဲယဉ်းသော ဘ၀မျိုး၌ အခိုက်အတန့်ကလေးမျှ မကြုံကြိုက် ရလို့သော ဆုတောင်းမျိုး များကိုသာ ကြိတ်၍ ဆုတောင်းမိပါသည်။ သူတပါး၏ စာဝတ်နေရေး အကြပ် အတည်း များကို တတ်အားသမျှ ဖြေရှင်းပေးရသော ဤအလှူမှာ လူမသိဘဲ အောင်မြင် လျက်ရှိ ပါသည်။

ရှင်အဇဂေါဏ တို့ကဲ့သို့ ပြဒါးသေ၍ တပြေလုံးဝအောင် မလုပ်နိုင်သော်ငြားလည်း ကျမ ၏ အင်အားနှင့် မျှတသော အလှူ သူတပါး၏ အပူကို ငြိမ်းစေသော အလှူမျိုး များ ဗုံးကြားအမြောက်ကြား၌ ကြိုးစားခဲ့ပါ သည်။ သို့ကြောင့် အရပ်ရှစ်မျက်နှာမှ နီးစပ်သူတို့အား လာလာသမျှ စတုဒီသာဇရပ်အလား လက်ခံ ထားခြင်းပင် ဖြစ်ပါ၏။ ဤမျှနှင့် မတင်းတိမ် သေးဘဲ အချို့ကလည်း မိမိတို့  ရာထူးဋ္ဌာန ကလေးများ ရရှိရေး။ တိုးတက် ပေးရေး၌ လိုက်ပါ ဆောင်ရွက်ပေးရန် အပူကပ်ကြပြန်သည်။

အင်္ဂလိပ် အစိုးရလက်ထက်က အင်စပက်တော်ရာထူးမှ မတက်ခဲ့ရသူ ၀မ်းကွဲမောင် တယောက် ကလည်း ဒေါက်တာဘမော်၏ အဓိပတိ အစိုးရလက်ထက်ရောက်ခါမှ ၀န်ထောက်ရာထူးရအောာင် ပြောပေးရမည်ဟု အိမ်မှာ တည်းခိုးပြီး တညည်းညည်း နာပူလျက်ရှိသည်။ ကျမအတွက် ယနေ့အထိ ဘယ်သူ့ကိုမှ ဒုက္ခ မပေး ခဲ့ရဘဲ သူတပါးအတွက်နှင့် တဘက်သားထံ သွားရောက် နားပူပေးရမည်မှာ ၀န်လေး ပင်ပန်း လှပါသည်။ 

တခါမှလည်း မလုပ်ဘူးသော အလုပ်ကို သူတပါး အလိုပြည့်စေတော့ဟု စွန့်စားလိုက်ရပါသည်။ ကျမကို ခင်မင် လေးစားသူဖြစ်သော ဆိုင်ရာဌာန အကြီးအကဲမှာ ရှောရှောရူရူပင် လုပ်ပေး လိုက်ပါသည်။ ကျမ တသက်တာ တွင် ဒီတခါသာ စွန့်စား ဆောင်ရွက်ပေးမိရာ ယနေ့ ထိုသူသည် ကျမ အကျိုးယုတ်ဘွယ်ရာ ကိစ္စ အမျိုးမျိုး ၌ စိတ်အားထက်သန်စွာ ဆောင်ရွက် နေခြင်းဖြင့် တုံ့ပြန် နေသည်ကို ခံရပါသည်။

အန္တရာယ်ကြားမှ အကျိုးပြုလုပ်ငန်းများ


အင်္ဂလိပ် လေယာဉ်ပျံ များ လာရောက် ဗုံးကြဲချခြင်းမှာ ပြတ်သည် ဟုမရှိပါ၊ မြို့တွင်း တွင်ပို၍ အထိနာ ကြပါသည်။ မြို့ပြင်ဆင်ခြေဖုံးရပ်ကွက် များမှာလည်းကြိုးကြား, ကြိုးကြားအထိခံရလျက်ရှိ၏။ မြစ်ရိုး တလျောက် မီးရထားလမ်း ကား လမ်းတလျှောက်တို့မှာလည်း စီးပွားရှာသူများ အတွက် အသက်စွန့်၍ သွားလာ လုပ်ကိုင်စား ရပါသည်။

ပြည်သူလူထုမှာ ကောင်းကင်ကလေယာဉ်ပျံ ရန်ကို ကြောက်ရသည်ကတမျိုး၊ ဆိုးဝါးကြမ်းတမ်းသော ဂျပန်၏ လက်ဝါးစောင်းရန် ကြောက်ရသည်ကတ မျိုး ရိုးရိုးသားသား နေထိုင်သူများမှာ ဂျပန်မာစတာများနှင့် မျက်နှာလို အားရ မလုပ်တက်ကြ၊ မပူးမကပ်တတ်ကြသဖြင့် ကင်ပေတိုင်အဖွဲ့မှ သင်္ကာမကင်းသူများ ခံရတတ်ပြီး အကြောင်းကြီး ငယ်မပြပဲ ဖမ်းဆီးခေါ်သွားတတ်ပါသည်။ အပြစ်ထင်ရှားမတွေ့ရသမျှ လက်သဲခွာခြင်း၊ ရေးနွေးပူ လောင်းခြင်းစသည်တို့မှာ အချို့ အပြစ်မရှိသူများပင် အထင်မှားမှုက အယူခံ မရတော့ပဲ သေသည် အထိ မချိမဆန့်ဒုက္ခခံစား သွားရှာကြရသည်။

ဂျပန်နှင့် နာနာဖိပေါင်းတတ်သူ များမှာအပြစ်အနာတွေ ဒုနှင့်ဒေး ရှိနေစေကာမူ နေသာစားသာ ကြသော်လည်း ပွတ်သီး၊ ပွတ်သပ် ပလူးပလဲ မလုပ်တ်သူများမှာ အပြစ်မရှိ အပြစ်ရှာ ခံရတတ်ရပါ သည်။ ထိုအထည်း မှာ ဗမာကိုဗမာ ချင်းချင်း မနာလိုဝန်တို မစ္ဆာရိယစိတ်နှင့် ဂျပန်ကင်ပေတိုင်ကို မမှန် သတင်းပို့တတ် ကြသူတွေ ရှိသလို ကင်ပေတိုင် အဖွဲ့ထဲ ၀င်ရောက် အမှုထမ်း နေသူများမှာလည်း လူတန်းစား အသီးသီးတွင် ခြေချင်း လိန်လျက်ရှိ၍ မိတ်ဆွေအဖြစ် နေ့စဉ် အိမ်သို့ ၀င်ထွက်နေ သူရယ် လို့လဲ သိပ်စိတ်မချရပါ၊ ကင်ပေတိုင်၏စုံထောက်များ ဖြစ်နေတတ်ပါသည်။ ခါတော်မှီဂျပန် စကား နည်းနည်း ပါးပါးကို သင်ကြားပြီးဂျပန်စကားပြန် လုပ်သူတွေက တသွယ်၊ စကားပြန်ရာဝယ် မလိုလျှင် မလိုသည့် အလျောက် ချယ်လှယ် သွားခြင်းခံ ကြရသေး၏။

၎င်းပြင် ဂျပန် အ၀ယ်တော် ဆိုသူများ ကလည်း ၀င့်ဝင့်၊ ကြွားကြွား နှင့် ခြေဖျား ထောက်လျက်ရှိ လေသည်။ လမ်းသွား လမ်းလာ များအားလမ်းထိပ်မှ ဆီးပြီးဆေးထိုးပေးသူဂျပန်နှင့် တပည့်ထီး၊ တပည့်မ များ အထိ ထပ်တလဲလဲ နှိပ်စက်နိုင် သဖြင့် သူ့နေရာနှင့်သူ အဆိပ်အတောက် ကလေးတွေ ကိုယ်စီ နှင့် ဖြစ်နေကြရာ ဂျာမနီ ပြည်မှ နာဇီဝါဒနှင့် ဂျက်စတာပိုစုံထောက်အဖွဲ့တို့ ထုံးနည်းအလားတူဖြစ်ပြီး ဂျပန်သလျှိုခေါ် စာအုပ်ထည်း မှာပါသည့်အတိုင်းထက် ပို၍ကိုယ်တွေ့၊ လက်တွေ့ ဒုက္ခခံနေကြရလေသည်။

သည် အတောတွင်းမှာ မြို့ထည်း၌လူတွေမနေ၀ံ့၊ အလုပ်မလုပ်ဝံ့ လောက်အောင်ဗုံးကြဲလေယာဉ်၏ အန္တရာယ် ကဆိုးဝါး လာပြန်ပါသည်။ ကျမ၏ တိုင်းပြည်ပြု ပုံနှိပ်တိုက်မှာ အပြင်အလုပ်များအပြင် ဒဂုန် ခင်ခင်လေး စာအုပ်တိုက်မှ ထုတ်ဝေလျက် ရှိနေပါသည်။ ကျမရေးသောတပိုင်းတစ ဖြစ်နေသည့် "သ၀ဏ်လွှာ" ၀တ္ထုကို အပြီးသတ်ရေး ၍ ထုတ်အပြီး နောက်ထပ် စာရေးချင်စိတ်မရှိ သေးသောကြောင့် မြေပဒေသာ ၀တ္ထုကို ဘာသာပြန်စေပြီး ထုတ်ဝေခဲ့သည်။ နောက်ပိုင်းမှာ ထိုခေတ်ပြန်ကြားရေး ၀န်ကြီး၊ သခင်နု ရေးသော "ရက်စက်ပါပေ့ကွယ်" နှင့် "ပုထုဇ္ဇနော ဥမ္မာတ္တ ကော" ဆိုသော ၀တ္ထုများကို ရိုက်နှိပ် ထုတ်ဝေ ပါသည်။

ဒေါက်တာဘမော် ၏ အဓိပတိအစိုးရ အဖွဲ့မှာ ဗမာ့ခေတ် သတင်းစာကို ထုတ်ဝေလျက်ရှိရာ၊ ပုံနှိပ်ရာ ဋ္ဌာနမှာ မြို့တွင်း ရှိ အစိုးရစာပုံနှိပ်တိုက်မှ ရိုက်နှိပ်ထုတ်ဝေနေပါသည်။ မြန်မာ့အလင်း သတင်းစာနှင့် သူရိယ သတင်းစာ နှစ်စောင် မှာလည်း မြို့ထည်းတွင် အလုပ်သမားများ အလုပ်မဆင်းဝံ့ကြပဲ ရှိ၍ သူရိယ သတင်း စာတိုက်မှာ ကုက္ကိုင်းလမ်းကွေ့ တွင်ဖွင့်ထားပြီးမြန်မာ့ အလင်းသတင်းစာမှာ ယခုလက်ရှိရွှေတိဂုံ တိုင်အ၀ိုင်းကြီး အနီးရှိ တိုက်မှာ ရိုက်နှိပ် ထုတ်ဝေလျက် ရှိရာ ဂျပန်ခေတ်၌ စုစုပေါင်း မှ သတင်းစာ ၃-စောင် သာ ထုတ်ဝေ နေပါသည်။

ကျမအိမ်မှာ လူတွေ များသည်ထက် များ လာရာ၌ စာပေနယ် သတင်းစာနယ်မှ လူများသာမက ပန်း ချီဆရာ၊ ဂီတ ဆရာ တွေကလည်း အတွဲကိုယ်စီနှင့်လာနေကြပါသည်။ စာရေးဆရာအသင်းမှာလည်း ကျမ အိမ်မှာ တလ တကြိမ်စည်းဝေးဖြင်း ပြုကြပါသည်။ အခြားနေရာမှဆိုလျှင် နံနက်ပိုင်းစည်းဝေး ခြင်းဖြစ်၍ နံနက်စာ အတွက် က ကိုယ်စီကိုငှ ဒုက္ခတာဝန်ပိုကြရသည် ဆိုသောအခက်အခဲကို ကျမက တာဝန် ယူပြီး ဂျပန် တခေတ်လုံး အမြဲ ဖြေရှင်း ပေးခဲ့ပါသည်။

စာရေးဆရာ အသင်းမှ စတင်ပြုလုပ် သောပထမဆုံး စာဆိုတော်နေ့ အခမ်းအနားမှာ ကျမ အိမ်ရှေ့ ရှိ မြက်ခင်း ပေါ်၌ ခင်းကျင်းဖွင့်လှစ်ရာ ပိတ်စ၀ယ်မရသောကြောင့် ဗမာဖြစ် ပင်ဖြူစကြီးကို အလံချုပ်လျက် လက်နက် နှင့် ကလောင်တန် ကိုယ်ဟန်ပန်ချီချယ်ပြီး နောက်ခံကားအဖြစ်ချိတ်ဆွဲရပါသည်။ စားစရာ ကလည်း ၀ယ်ချင်တိုင်းဝယ် မရ၊ ငတ်ပြတ်လှသော ဂျပန်ခေတ်နှင့်လျောညီစွာ မုန့်စိမ်းပေါင်းကြီး တခုလုံး ကို စားပွဲ အလည်မှာ တင်ပြီးကိတ်မုန့်ကြီးအမှတ်နှင့် သုံးဆောင်ကြရင်း တပျော်တပါး မှတ်တမ်း တင်ထား ရပါ သေးသည်။

တေးဂီတ ကဗျာရေးဆရာနှင့် တူရိယာတီးအနုပညာသည်များ ၀င်ထွက်သွားလာရာ နေအိမ် ဖြစ်သော ကြောင့် စန္ဒယားကြီး များ တလုံးပြီးတလုံးလာရောက် ရောင်းချသွား၍ အခန်းတခု အတွင်းမှာ စန္ဒယားကြီး သုံးလေး လုံး ဖြစ်လာပါသည်။ ထိုသောအခါ ကျောင်းစာမသင်ရဘဲ အားလပ်နေသော မိတ်ဆွေ တစုတို့ ၏ သားသ္မီး များမှာ စန္ဒယားတီး သင်လိုလာကြသည်၊

အတီး သင်မည့်ဆရာများက လည်းအိမ်မှာပင် ထွက်ဝင်နေသူများဖြစ်၍ သူတို့မှာလည်း သင်ပြရသောအခ ကြေးငွေ ရစေတော့၊ စန္ဒယားများကိုပါ အခမဲ့အသုံးပြုသင်ကြား ကြစေခြင်းဖြင့်ဂီတ၏ တန်ဆောင် ကို ထွန်းပြောင် နိုင်ရန်ကူညီအားပေးခဲ့ပါသည်။ ထိုစန္ဒယားသင် ဂီတ အနုပညာကျောင်း ကို အခမ်းအနား နှင့် ဖွင့်ပေး ရာ တွင် ကွယ်လွန်သူ ဘုရားဒကာဦးဘိုးစိန်ကြီး ကိုယ်တိုင်လာရောက်ဖွင့်လှစ် ပေးရှာပါသည်။ ထို ကျောင်း မှာ ဂျပန်များ ဆုတ်ခွာပြေးသောအအချိန် အထိ အသက်ဝင်လျက် ရှိပါသေးသည်။

ဗမာ့ခေတ်သတင်းစာ လက်ခံပုံနှိပ်ပေးခြင်း ဆက်ရန်
.

1 comment:

ယောနက်သန် said...

မုန့်စိမ်းပေါင်းကြီး တခုလုံး ကို စားပွဲ အလည်မှာ တင်ပြီးကိတ်မုန့်ကြီးအမှတ်နှင့် သုံးဆောင်ကြရင်းး)