Monday, February 22, 2010

မြန်မာပြည်၏ ဟယ်လင် အပိုင်း (၂၂)

အစားအသောက်များ ရှားပါးလာသည်နှင့်အမျှ ရောဂါစွဲကပ်သူများလည်း ပိုလာလေဖြစ်နေသည်။ အစား အစာ မ၀ ရေစာ စားရလေ ရောဂါများကို ခုခံနိုင်အားမရှိလေ ဖြစ်လာရသည်။
သို့ဖြင့် လူအတော်များများမှာ ငှက်ဖျားရောဂါ ၀မ်းကိုက်ရောဂါများ စွဲကပ်လာကြသည်။

လက်သည်းနှင့် မတော်တဆ ခြစ်မိသည်ပင်လျှင် ဖက်ခွက်နာများ ဖြစ်လာကြသည်။ ဤရောဂါများမှာ အများဆုံး ဖြစ်လေ့ရှိသော ရောဂါများ ဖြစ်သည်။ သို့သော် မည်သည့်ဆရာဝန်မဆို ထိုအချိန်၌ ပေါ်ပေါက် ခဲ့သော ရောဂါဘယ အမျိုးအစား အများအပြားကို ကြုံဖူး တွေ့ဖူးကြ မည် မဟုတ်ပါ။
တနေ့တာ ကုန်ဆုံး သွားတိုင်း မိမိကိုယ်တိုင် မလှုပ်ချင် မသယ်ချင်ဖြစ်ရသည်။ ဤရွာသည် သေးငယ်သည် မှန်သော်လည်း လူနေက ထူထပ်လှသည်။ ပတ်ဝန်းကျင်ရှိ ဒေသများသို့ မိုင်ပေါင်းများစွာ ခြေကျင် လျှောက်သွား ပြီး ဆေးကုသပေးရသဖြင့် ပင်ပန်းလှပါသည်။

ဖခင်တတ်ထားသော ဆေးပညာများကို ကျွန်မအား သင်ကြားပေးမည်ဆိုပါက ထိုအချိန်တွင် များစွာ အကူ အညီ ရပေလိမ့်မည်။ ဖခင်က သူ့ပညာများကို သင်ကြားပေးမှု မရှိ၍လည်း မကြာခဏ စိတ်မကောင်း ဖြစ်မိ သည်။

ကျွန်မသည် ဖျားနေသူ တစ်ဦးထံမှ စစ်ဆေးတွေ့ရှိချက်များ တင်ပြ၍ ရောဂါဇာစ်မြစ်ကို ဖော်ထုတ်ပေးပါရန် တောင်းပန်ခဲ့ေ သ်ာလည်း ဖခင်ကြီးက အစဉ်အမြဲ ငြင်းပယ်ခဲ့ပါသည်။ ကျွန်မနှင့် အခြေအတင် ပြောရသည့် အခါများ၌ နာမကျန်းသူများအား ပျောက်ကင်းအောင် အသက်ထက်ဆုံး ကုသပေးပါမည် ဟု၍ ဆရာဝန်တိုင်း ကတိသစ္စာဆိုထားရသည်ကို သတိပေးပါသည်။ သို့သော် သူက မတုန်မလှုပ်။ ကျွန်မဘာဘဲ ပြောပြော သူက ပြန်လည် ဆွေးနွေးသမှု မပြုခဲ့ပါ။

ထိုသဘောထားကို ဖခင်ကြီးအား မည်သည့် အတွက် ခံယူသွားကြောင် ကျွန်မ မသိပါ။ သူ၏ ပင်ကို စိတ်နေ စိတ်ထားနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် နေပါသည်။ သူ၏ အသက် အရွယ် နှင့် ခံစားရမှုများက သူ၏ ပင်ကို စိတ်ဓါတ်ကို ရိုက်ချိုးပစ်လိုက်သည် ဟု ကျွန်မထင်ပါသည်။ ပတ်ဝန်းကျင်၌ ဘာတွေ ဘယ်လို ဖြစ်နေကြောင်း သူ့စိတ်အသိဥာဏ်ကို စေစားနိုင်ခြင်း မရှိတော့ပါ။
ကျွန်မအသက်အရွယ် ခပ်ငယ်ငယ်က သူသည် လူနာများ ခံစားနေရသော ရောဂါများ ကုထုံးကုနည်းများကို ရှင်းပြ ပြောဆိုပြီး ကျွန်မကိုလည်း မေးခွန်း အမြဲမပြတ်မေးရန် တိုက်တွန်းလေ့ရှိသည်။ သိုဖြင့် ကျွန်မသည် ဆေးကုသပေးမှုတွင် စိတ်ပါဝင်စား လာခဲ့ပါသည်။

ဖခင်ကြီးတွင် ဆီးချိုရောဂါစွဲကပ်လာခဲ့ရာ အင်ဆူလင်ဆေး ရှာမရ၍ စိတ်ညစ်ရသည်။ ဂေါ်ရခါး အမျိုး သမီးကြီး တစ်ဦးက ဖခင်၏ အသက်ကို ကယ်တင်ခဲ့သည်။ ရုံးပတီသီးကို တစ်ညလုံး ရေစိမ်ထားပြီး နံနက်ပိုင်း ရောက်မှ အရည်ကို ညှစ်၍ ဆေးအဖြစ် မှီဝဲရပါသည်။ ရုံးပတီး၌ ဆီးချိုရောဂါကို နိုင်သော မည်သည့် အာနိသင် ပါဝင်သည်ကိုတော့ မသိပါ။

ငွေကြေး ချမ်းသာသော မိသားစု၏ အကြီးအကဲတစ်ဦးဖြစ်သော ဗဟာဒူး ဆိုသည်သည် ကျွန်မထံသို့ အလည်အပတ် ရောက်လာပါသည်။ ဤဒေသတွင် သူ့ကို လူအများက တယ်ပြီး မနှစ်မြို့ကြပါ။ ကျွန်မ ကလည်း သူ့အပေါ်တွင် ယုံကြည်မှု မရှိပါ။ သူသည် ဂျပန်စကားကို ရေလည်စွာ ပြောတတ်ပြီး ဂျပန်များနှင့် ထွေးရောယှက်တင် နေလွန်းအားကြီး၍ ကျွန်မ ကြည့်မရခဲ့ပါ။ သူသည် ဂျပန်တို့၏ ဘက်တော်သား ဖြစ်သည်ဟု စွပ်စွဲရန် ကား ကျွန်မတွင် အထောက်အထား မရှိပါ။ အခွင့် အလမ်း ပေါ်ပေါက်လာခဲ့သော် မိမိ အကျိုးအမြတ် ထွက်စေရန် ဂျပန်များကို လိုက်လိုက်လျောလျော ပေါင်းသင်းနေခြင်းလည်း ဖြစ်နိုင်ပါသည်။ အရေးတော့ မကြီးပါ။

ကျွန်မက စည်းကမ်းချက် တစ်ရပ်ကို ချမှတ်ထားခဲ့သည်။ လူတိုင်းကို တန်းတူညီမျှ ဆက်ဆံခြင်း ဖြစ်ပါသည်။ ကျွန်မ တို့ကဲ့သို့ တစုတဝေးတည်း ပူးပူးကပ်ကပ် နေထိုင်ကြရသူများ အတွက် တစ်ဦးဦးကို ဘက်လိုက်လျှင် စိတ်ဝမ်း ကွဲပြား မှုများ ပေါ်ပေါက်လာပါမည်။ ဆရာဝန်၏ အလုပ်တာဝန်သည် လူမမာအား ရောဂါ ပျောက်ကင်း အောင် ကုသပေးရန်သာ ဖြစ်၍ လူမမာ၏ အပြုအမူနှင့် သဘောထားကို အဆုံးအဖြတ်ပေးရန် မဟုတ် ဟု ကျွန်မက လက်ခံကျင့်သုံးပါသည်။ မခံမရပ်နိုင်သော အခြေအနေမျိုးနှင့် ကြုံကြိုက်ခဲ့သော် ဖောက်ဖျက် မိကောင်း ဖောက်ဖျက် မိပါလိမ့်မည်။
ကျွန်တော်နှမ နှစ်ယောက်ဖျားနေပါတယ် ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပါ ဟု ဗဟာဒူး က ပြောပါသည်။

ကျွန်မသည် သူနှင်အတူ့ သူအိမ်သို့ လိုက်သွားပါသည်။ ညီအစ်မနှစ်ယောက်စလုံးသည် အူရောင်ငန်းဖျား ရောဂါ ဖြစ်နေ ကြောင်း ချက်ချင်းပင် သိလိုက် ပါသည်။ အလွန်တရာ စိတ်ပူစရာ ကောင်းလှပါသည်။ သူတို့ ညီအမ နှစ်ဦး အတွက်သာ မဟုတ်ပါ။ လူဦးရေ ထူထပ်စွာ နေထိုင်ကြသော ကျွန်မတို့ လူစု အတွက် နွေခေါင်ခေါင် တောမီးလောင်သလို ရောဂါကူးစက် သွားမည်ကို စိုးရိမ်မိပါ၏။
သူတို့အား ဆေးကုသပေးရသည်ကား မလွယ် လှပါ။ တစ်အိမ်လုံး အိမ်ထောင် ပရိဘောဂ များနှင့် ရှုပ်ထွေး နေသဖြင့် ခက်ခက် ခဲခဲ လှုပ်ရှား ရပါသည်။

သူတို့ ညီအစ်မတွင် ဆာရီ ၀တ်ထည်များ မကုန်နိုင် မခန်းနိုင် ရှိဟန် တူပါသည်။ ဆာရီ တစ်ထည်တွင် ကိုက်ပေါင်း များ စွာ ရှိပြီး ထိုအ၀တ်များကိုပင် ၀တ်ထားပါရစေဟု ခေါင်းမာ နေကြပါသည်။ ဆာရီ အတော် များများ ကို ခြောက်သွေ့စေရန် ကြိုးတန်း ၌ လှန်းထားကြသည်။ ထိုဆာရီများသည် ရောဂါကူးစက်နိုင်ရန် အလား အလာများ ရှိသောကြောင့် ညီအစ်မနှစ်ဦးမှ လွဲ၍ ဆာရီများနှင့် အိမ်သူအိမ်သားအားလုံးကို ရွှေ့ပြောင်း သွားစေခဲ့ပါသည်။

သူတို့ ညီအမနှစ်ဦးအတွက် အိုးခွက်များ ပန်းကန် ခွက်ယောက်များ ဇွန်းခက်ရင်း များ သီးသန့် ထားရှိ စေပါသည်။ သူတို့ နှစ်ဦးအား အခြားသူများနှင့် သီးခြားခွဲခြားထားခြင်း ဖြစ်ပါသည်။
ကျွန်မ သည် ထိုအိမ်တွင် နာရီပေါင်းများစွာ နေပြီး ပြုစုပေးခဲ့ပါသည်။ ဗဟာဒူးက ကျွန်မအား ပိုက်ဆံ ပေးပါသည်။ ကျွန်မသည် အစဉ်တစိုက်ဆေးကုသခဲ့ရာတွင် ငွေကြေးကို လက်မခံဘဲ ဆီ ဆန် ဆား ငရုပ်သီး စသော စားစရာများနှင့် ငွေကို လက်ခံလာခဲ့ရာ ယခုကိစ္စတွင်လည်း ယင်းကျင့်ဝတ်အတိုင်း ကျင့်သုံးပါသည်။

လက်မခံခြင်းကပင် ကျွန်မအတွက် ခပ်ကောင်ကောင်းပါ။ ဂျပန်များနှင့် ဆက်ဆံနိုင်သူ ဖြစ်၍ အခြား နေရာများ တွင် မည်သည့်နည်းနှင့်မျှ မရနိုင်သော စားစရာ ပစ္စည်းများကို ပစ္စည်းများကို သူ့ထံတွင် အမြဲ လိုလို တွေ့ရပါသည်။ ပစ္စည်းအချို့ကို ကျွန်မအား ခွဲဝေပေးခဲ့သဖြင့် ကျွန်မ၏ ဖခင်ကြီး ကို ၀လင်အောင် ကျွေးမွေး နိုင်ခဲပါ့၏။

သူတို့ ညီအစ်မနှစ်ဦးအား အချိန်တန်ကြာယူ၍ ဆေးကုသပေးမှ သက်သာလာခဲ့ကြရာ နောက်ဆုံး၌ လုံးဝ ပျောက်ကင်း သွားပါ၏။ ဗဟာဒူး က ကျွန်မအား တနေ့နေ့ တချိန်ချိန်တွင် ထိုက်ထိုက်တန်တန် ကျေးဇူး ပြန်ဆပ် ပါမည်ဟု ပွင့်ပွင့်လင်း လင်း ထုတ်ဖော် ပြောကြားပါသည်။ ထိုသို့ သူကတိပေးခဲ့သည်မှာ သင်္ကြန် အမြောက်မျိုး မဟုတ်ပါ။ သူသာ ကျေးဇူး ပြန်မဆပ် ပါက ကျွန်မ၏ အဖြစ် အပျက်များကို ဤနေရာတွင် ပြန်လည် တင်ပြနိုင်ခြင်း ရှိတော့မည် မဟုတ်ပါ။

သည်လိုနှင့် နိစ္စဓူဝ ပုံမှန်အလုပ်များကို စနစ်တကျ လုပ်ကိုင်နိုင်ခဲ့ပါသည်။ ကျောင်းခန်း အတွင်း နေထိုင် ကြသူများ သည် ဂေါ်ရခါးလူမျိုး အချို့၏ အကူအညီဖြင့် နွားချေးများ ဖျက်ထားသော တဲများမှ ပစ္စည်များ နှင့် ခွဲစိတ်ကုသဆောင်တစ်ခုကို ကျွန်မအား ကျေးဇူးတုံ့ပြန်သော အားဖြင့် ဆောက်ပေးခဲ့၏။ ကျွန်မသည် ၀မ်းသာ လှ၍  အဆောင်ကို အခမ်းအနား နှင့် ဖွင့်လှစ်ရန် အတန်တန် တိုက်တွန်းခဲ့ ရသည်။

ယင်းဖွင့်ပွဲ၌ ဘာသာရေး ဆိုင်ရာတံဆိပ် တစ်ခုကို မြေကြီးထဲတွင် တူး၍ မြုပ်နှံခဲ့ပါသည်။
ဘရာဘတ်တီးယား ရွာ၌ စစ်ဘေး ခိုလှုံနေရသည်ကို ကျေနပ်နှစ်သိမ့်နေမိသည်။ ဂျပန်များက ကျွန်မတို့ကို ဘေးမဲ့ ပေးထား၏။ ခပ်လှမ်းလှမ်းမှ ဗုံးချသံများ ကြားနေရသည်ကပင် မကြာမီ အချိန်အတွင်း ဗြိတိသျှများ ပြန်လည် ရောက်ရှိလာကာ ကျွန်မတို့အား ကယ်တင် လိမ့်မည်ဟု သတိပေး နေသလိုလို ထင်မှတ် ရလေ သည်။

နေ့ရက် များသည် ရက်သတ္တပတ်သို့လည်းကောင်း ရက်သတ္တပတ်များ မှသည် လသို့ လည်းကောင်း အကြိမ်ကြိမ် ကူးပြောင်း လာခဲ့ပသည်။ ယင်းနောက် ဆိုင်းမဆင့် ပတ်မပျိုးဘဲ ကျွန်မတို့၏ သာယာလှသော ကမ္ဘာ သည် ပျက်သုန်းသွားခဲ့ရပေသည်။

အာဂါခန် မင်းသားကြီး ဂိုဏ်းဝင် အိမ်တွင်း ပုန်းခိုဂျာ အမျိုးသမီးကို မျက်နှာ မြင်ပေးရန်အတွက် ပြင်ဦးလွင်သို့ အလျင် အမြန် လာရောက်ပါရန် မေတ္တာရပ်ခံထားသော စာတစောင်ကို လက်ခံရရှိပါသည်။ ထိုအမျိုးသမီး၏ ပထမ သားဦးကို မွေးပေးရန် ဖြစ်ပါသည်။

ကျွန်မသည် ဆေးအိတ်ယူပြီး ဖခင်ကိုလည်း ခရီးထွက်ရမည်ဖြစ်၍ သုံးရက်ခန့် ကြာဖွယ် ရှိကြောင်း ပြောပြ ခဲ့ပါ၏။ ဗုံးများ ကြဲချနေသည့် ကြားမှ ၁၉၄၃ ခုနှစ် စက်တင်ဘာလ ၇ရက်နေ့တွင် ကလေးကို အောင်မြင်စွာ မွေးပေးနိုင် ခဲ့ပါသည်။ မိခင်ရော ကလေးပါ သက်သောင့်သက်သာ နေရာချပေးပြီး ဘရာ ဘတ်တီးရွာ သို့ပြန်ရန် စီစဉ်ပါသည်။

သို့သော် ရပ်ကွက်တွင်ရှိသော ဆရာဝန်တဦးထံ သွားရောက်၍ ကျွန်မ၏ မီးနေသည်အတွက် လိုအပ်သော ဆေးကို တောင်းရသည်။ သူ၏ ဆေးခန်းမှ ထွက်လာစဉ် ဂျပန်စစ်ကား တစ်စီးသည် ကျွန်မဘေးသို့ မောင်းလာပြီး ဂျပန် ကင်ပေတိုင်တစ်ဦး ကားပေါ်မှ ဆင်း၍ မင်းကို ဖမ်းလိုက်ပြီ ဟု ပြောလိုက်ပါသည်။

ဘာကိစ္စနဲ့ ဖမ်းရတာလဲ ဟု ကျွန်မက တအံ့ တသြ ပြန်မေးစေကာမူ သူကကျွန်မအား အဖက်လုပ်ပြီး ပြန် မဖြေပါ။ ကျွန်မကို ကားနောက်ခန်းသို့ အတင်းထိုး၍ တင်ပါသည်။ အခြားပုလိပ်သားတစ်ဦးက ကျွန်မ၏ လက်များကို နောက်သို့ ဆွဲလန်ပြီး လက်နှစ်ဖက်စလုံးကို နောက်ပြန် လက်ထိပ် ခတ်လိုက်ပါသည်။ ယင်းနောက် မျက်နှာကို အ၀တ်စည်းလိုက်ပါ၏။
ထိုသို့ ထိတ်လန့်တကြားဖြစ်ပျက်နေချိန်တွင် ကျွန်မအား မည်သည့်အတွက် အလွန်အရေးပါသည့် တရားခံ တစ်ယောက် သဖွယ် သဘောထားရပါသနည်း။ ငါ့ကို ဘယ်များ ခေါ်သွားမည်နည်း ဟူ၍ တွေးလိုက် ပါသေး သည်။

ဆက်ရန်
.

No comments: