Tuesday, February 23, 2010

မြန်မာပြည်၏ ဟယ်လင် အပိုင်း (၂၃)

ကျွန်မမှာ ကြောက်ရွံ့လွန်း၍ ဇောချွေးများ ပြန်နေခဲ့၏။ ခေတ်ဟောင်းက ရန်ကုန်မြို့၌ ကျွန်မကြည့်ခဲ့ဖူးသော လူဆိုးဂိုဏ်းများ ပါဝင်သည့် ရုပ်ရှင်ထဲကလို ဖြစ်နေ၍ စိတ်သက်သာစရာ မရှိပါ။ ကျွန်မအား သေနတ်နှင့် ပစ်သတ်ပြီး ကားပေါ်မှ ရေမြောင်းထဲသို့ ပစ်ချလိုက်လေမလား၊ ထိုသို့ဆိုလျှင် ကျွန်မ၏ ရုပ်အလောင်းကို လူတွေ တော်တော်နှင့် တွေ့လိမ့်မည် မဟုတ် ဟူသော အတွေးများ ၀င်လာခဲ့၏။ ဒါဘာလုပ်တာလဲ ဟု စိတ်ဆိုး ဟန်ဆောင်ပြီး လေသံမာမာနှင့် ကျွန်မက မေးပါသည်။

သို့သော် လက်သီး ပြင်းပြင်းတစ်ချက် မျက်နှာကို အထိုးခံလိုက်ရ၍ ငြိမ်နေလိုက်ရပါသည်။ ကျွန်မ တို့သည် မိုင် ၄၀ ဝေး သော မန္တလေးမြို့သို့ တစ်လမ်းလုံး တိတ်ဆိတ်စွာဖြင့် လိုက်လာကြသည်။ ပုလိပ် များသည် ကျွန်မနှင့် ပတ်သက်ပြီး မည်သို့သော သတင်းများကို ရ၍ ဖမ်းဆီး အရေးယူခြင်းပြုပါသနည်း ဟူ၍ အံ့သြ နေမိပါသည်။ ကျွန်မ၏ ဦးနှောက်ကို ခြစ်ခြုတ်၍ အသုံးချကြည့်သော်လည်း သူတို့က ကျွန်မ အပေါ်တွင် သံသယ ရှိနိုင်ရန် အကြောင်း အချက်ကို စဉ်းစား ဖော်ထုတ်၍ မရပါ။

သက်သောင့်သက်သာ ခရီးသွားရခြင်းမျိုးကား မဟုတ်ပါ။ ပုလိပ်နှစ်ယောက်၏ အကြားတွင်လိုက်ပါခဲ့ရသည်။ ကားကအကွေ့ များ၌ ဘယ်လိမ့်ညာလိမ့် ဖြစ်သွားတိုင်းသူတို့နှစ်ဦးကို ကျွန်မ၏ကိုယ်လုံးနှင့်ဖိမိသည်။ ထိုအခါ သူတို့ကမနှစ်မြို့သည့် အလားကျွန်မ၏ နံရိုးများကို လက်သီးနှင့်ထိုးကြပါသည်။

ကျွန်မအား အကျဉ်းထောင်းသို့ ပို့လိမ့်မည်ဟူ၍ လုံးဝမျှော်လင့်မထားခဲ့ပါ။ ကားရပ်သွားသောအခါ စိတ် သက်သာရာ ရခဲ့ပါသည်။ ယင်းနောက်သံတံခါးကြီး ဖွင့်သံကြားရသည်။ ကားကရှေ့သို့ အနည်းငယ် ရွေ့လာပြီး ကျွန်မကိုကားထဲမှ ဆွဲ ထုတ်ကြပါသည်။ တံခါးမကြီးကား ပြန်ပိတ်သွားလေပြီ။ ကျွန်မ၏ မျက်နှာ တွင် ဖုံးအုပ်ထားသောအ၀တ်ကို ဖြေပေးကြသည်။ လက်ထိတ်ကို ဖြုတ်ပေးကြသည်။ ထိုအခါကျမှ မန္တလေး ထောင်ကို ရောက်နေပါပကောဟု အသိတရားဝင်လာခဲ့ ပါ၏။

ကျွန်မကထပ်၍ "ကျွန်မကို ဘာကြောင့်ဖမ်းရတာလဲ"ဟု မေးလိုက်ပြန်၏။ ၎င်းတို့၏ တုံ့ပြန်မှုမှာ လက်သီး တစ်ချက် အထိုခံ ရခြင်းသာဖြစ်ပါသည်။ စားပွဲခုံးကြီးတစ်ခု၏ နောက်ထယ်တောင့်တောင့်ကြီး ထိုင်နေ သောဂျပန် အရာရှိတစ်ဦးရှိရာ ရုံးခန်း ကျဉ်းကျဉ်းကလေးတစ်ခိုသို့ ကျွန်မအားအတင်း မဓမ္မဆွဲခေါ် သွားကြပါသည်။ ကျွန်မကို ဘာကြောင့်ဒီနေရာ ခေါ်လာကြတာလဲ ဟုကျွန်မက မေးပါသည်။ မင်းဟာ ဗြိသျှရဲ့ စပိုင်တစ်ဦးဖြစ်လို့ပဲ ဟုဂျပန်က ကျွန်မကိုကြည့်ပြီး ပြန်ဖြေသည်။

ဒါဟာအဓိပ္ပာယ်မရှိဘူး၊ ဘရာဘတ်တီးယား တစ်ရွာလုံးကိုမေးကြည့်ပါ။ ကျွန်မဟာလူမမာတွေကို ဆေးကု ပေးတာက လွှဲလို့ ဘာမှမလုပ်ဘူးဆိုတာ သူတို့သက်သေခံလိမ့်မယ် ဟုကျွန်မကပြောပါသည်။
မင်းသက်သက် ညာနေတာပဲဟု ဂျပန်ကခပ်တည်တည် ပြောပါသည်။ ကျွန်မက ကျွန်မ၏ဖခင်မှာ ကောင်းစွာ ကျန်းမာသူ မဟုတ်၍ ဆက်သွယ်ခွင့်ပေးရန်၊ ကျွန်မရုတ်တရက် ပျောက်ကွယ်သွားသည့် အတွက်စိတ် ထိခိုက်ပြီး ကွယ်လွန်သွားနိုင် ကြောင်း၊ ၎င်းပြင်ကျွန်မ၏ ဆေးကုသမှုအပ်ါတွင် မှီခိုနေကြသော လူပေါင်း များစွာ ရှိကြောင်း၊ ကျွန်မ၏စောင့်ရောက်မှု မရပါ ကသေဆုံးသွားနိုင်ကြောင်း စသည်ဖြင့်ဂျပန် အရာရှိအား ပြောပြ ပါသည်။

သူက လုံးဝလက်မခံပါ။ သူကခေါင်းကို လှုပ်ယမ်း၍အချက်ပြလိုက်ရာ ကျွန်မကိုဖမ်းလာသူ နှစ်ဦးက ကျွန်မ၏လက်များကို ဘယ်ညာဆုပ်ကိုင်၍ အပြင်သို့ခေါ်ထုတ်လာခဲ့ကြသည်။ ကျွန်မအား အနံ့အသက် ဆိုးရွားသည့် အချုပ်ခန်းကျဉ်းကျဉ်းထဲ တွင် ထည့်ထားပါသည်။

သံတိုင်များနှင့် ကာရံထားသာပြတင်းပေါက် ကလေးတစ်လခုရှိရာ ညစ်ပတ် ပေရေနေသော ကွက်လပ် တစ်ခုကို ထိုပြတင်း ပေါက်မှတစ်ဆင့် မြင်နိုင်ပါသည်။ ရေချိုးရန်နှင့် နောက်ဖေးနောက်ဖီ သွားရန်ပစ္စည်းများ မရှိပါ။

ကံကြမ္မာ၏ အပြောင်းအလဲကြောင့် အံ့သြတုန်လှုပ်မိပါသည်။ ကျွန်မသည် စပိုင်တစ်ယောက်မဟုတ်ကြောင်း ကိုယ်ဘာသာ တော့သိနေပါသည်။ မည်သည့်အတွက် ဂျပန်တွေကသဲသဲမဲမဲ ဖြစ်နေကြပါလိမ့်။ သည်အဖြစ် မျိုး မကြာခဏကြုံတွေ့ ခဲ့ရတိုင်း ကျွန်မသည် အပြစ်ကင်းစင်သူ တစ်ဦးဖြစ်ကြောင်းကို သူတို့ လက်ခံ လာအောင် ရှင်းပြနိုင်ခဲ့သည် ချည်းဖြစ်ပါသည်။ ယခုတစ်ကြိမ် တွင်လည်း ယခင်ကကဲ့သို့ ရှင်းပြ နိုင်လိမ့် မည်ဟု ကျွန်မကိုယ်ကိုယ် ယုံကြည်မှု အပြည့်အ၀ ရှိပါသည်။

ကျွန်မသည် အေးစက်နေသော အချုပ်ခန်းနံရံကို မှီ၍ဒူးနှစ်ဖက်ကို ပူးကပ်ကာ လက်နှစ်ဖက်နှင့် ချုပ်ကိုင်ပြီး ထိုင်နေပါသည်။ အခွင့်အရေးသာရခဲ့သော် သက်သေများကို ခေါ်ယူ၍ ရှင်းပြနိုင်မည့်အပြင် သူတို့သည် ကျွန်မအား မှားယွင်းဖမ်းထားခြင်းသာ ဖြစ်ကြောင်း လက်ခံသဘောပေါက်အောင် ပြောပြနိုင်မည် ဟု ယုံကြည် နေမိပါသည်။

ဂျပန်များသည် ကျွန်မ အမှုကို မြန်မြန်ဆန်ဆန် ပြီးပြတ် သွားစေလိုသော ဆန္ဒမရှိကြပါ။ ကျွန်မအား မည်သူမျှ လာမတွေ့ဘဲ တစ်ညလုံး၊ နောက်နေ့တစ်နေ့လုံး ထားခဲ့ပါသည်။ မည်သူမျှ အနားသို့မလာကြပါ။ နောက်တစ်နေ့  ညနေပိုင်းတွင် အစောင့်နှစ်ဦး ရောက်လာကြပြီး တံခါးဖွင့်၍ ကျွန်မအား စစ်ဆေးမေးမြန်း ရန် ဆွဲခေါ်သွားကြပါသည်။

စစ်ဆေးမေးမြန်းခြင်း ဟူသောအသုံးအနှုန်းကို မသုံးသင့်ပါ။ စားပွဲတွင်ထိုင်နေသော ဂျပန်အရာရှိသည် မည်သည့် မေးခွန်းကို မျှ မမေးပဲသူ၏ ပါးစပ်မှ မင်းဟာစပိုင်ပဲ၊ တို့မှာသက်သေခံအထောက်အထား အပြည့် အစုံ ရှိတယ်၊ မင်းသိသမျှအားလုံးကို ပြောပါ၊ ဟူ၍တတွတ် တွတ်ပြောနေခြင်းသာ ဖြစ်ပါသည်။ ကျွန်မ ကလည်း သူ၏စွပ်စွဲချက်ကို ကြက်တူရွေးကဲ့သို့ ထပ်ခါတလဲလဲ ငြင်းဆိုပါသည်။ ကျွန်မ၏အသံကို ကျွန်မ ပြန်ကြား နေရပြီး တစ်ဖက်သားနားဝင်မည့် မဟုတ်ဟုသိနေပါသည်။

စစ်မေးခြင်း မှာ နာရီဝက်ထက်ပို၍ မကြာပါ။ ထို့နောက်သူ၏ လက်ကိုဖျတ်လက်စွာ ဝှေ့ယမ်းပြလိုက်ရာ အစောင့် များက ကျွန်မအားပြန်ခေါ် သွားကြပါသည်။
နောက်တစ်နေ့ ည တွင် ခေါ်ယူစစ်မေးရာမှာ ပိုမိုပြင်းထန်းလှပါသည်။ ကျွန်မအားအပြင်သို့ ထုတ်၍ စစ်ဆေးသည် မှ အပအ ချုပ်ခန်းထဲ ၌ တစ်ဦးတည်း ၃၁ရက်တိုင်တိုင် နေခဲ့ပါ၏။ ကျွန်မအား မည်သည့် အတွက် ဖမ်းသည်ကို နောင် လပေါင်းများစွာ ကြာပြီးမှ သိရပါသည်။

အိန္ဒိယပြည်တွင် ရောက်နေသော ကျွန်မ၏မိခင်က ကမ္ဘာ့ကြက်ခြေနီအသင်းများမှ တစ်ဆင့်ကျွန်မထံ စာတစ်စောင် ရေးခဲ့ကြောင်း စာဖတ်သူများ သိပြီးပါပြီ။ ထိုစာထဲတွင် တောင်ကြီးမြို့တွင် ရှိစဉ်က လုပ်ရပ် တစ်ခု ကြောင့် ကျွန်မအားဂျော့တံဆိပ် ဆုပေးကြောင်းဖြင့် စာထဲတွင် ထည့်ရေးခဲသည်။ ဂျပန် ဆင်ဆာ ဋ္ဌာနက စာများကိုဖောက်ဖတ် စစ်ဆေးရာထိုတံဆိပ်သည် စစ်တပ်မှဘွဲ့တံဆိပ် ဖြစ်ကြောင်း ယူဆ သွားကြ ပါသည်။

နှစ်နှင့်နှစ် ပေါင်းသော် "လေး"ဟု အဖြေတွက်သလို ကျွန်မသည်မြေအောက် လှုပ်ရှားမှုတစ်ရပ်ကြောင့် ဆုတံဆိပ် ရခြင်းဖြစ်ကြောင်း ဗြိတိသျှတို့၏ စပိုင်တစ်ဦးဖြစ်ကြောင်းဖြင့် ဂျပန်အာဏာပိုင်များက သုံးသပ် ကြပါသည်။ သူတို့၏သုံးသပ်ချက် ကိုလည်း မထီမဲ့မြင်မပြုသင့်ပါ။ သူတို့သည် ကျွန်မအားမည်သည့်အတွက် ဖမ်းဆီး အရေးယူခြင်း ဖြစ်ကြောင်းတစ်ကြိမ် တစ်ခါမျှ ဖွင့်ဟပြောဆိုခြင်း မရှိသောကြောင့် သူတို့၏ သံသယက်ု ပြေလည်အောင်ရှင်းပြခွင့် မရပါ။ ကျွန်မအနေနှင့် အခွင့်အရေး တစ်ဝက်တစ်ပျက်ရလျှင်ပင် အဖြစ် အပျက် အမှန်ကို ရှင်းပြနိုင်ပါမည်။ ထိုနှစ်က မန္တလေးမြို့၏ နေရိပ်ထဲ၌ပင် အပူချိန်၁၀၄ဒီဂရီ ရှိပါ သည်။

ကျွန်မ၏ အချုပ်ခန်းမှာ သစ်ခွပင်များ စိုက်ပျိုးသောမှန် လှောင်အိမ်ကဲ့သို့ ပူပြီးအိုက်စပ်စပ် ဖြစ်နေ သဖြင့် ညစဉ် အိပ်၍မရပဲ ရှိခဲ့သည်။
တစ်ပူပေါ် နှစ်ပူဆင့် ဆိုသလို အချုပ်ခန်းသည် အလိုရမ္မက်ကြီးလှသော "ခြင်" အုပ်စု၏ လှောင်အိမ်သဖွယ် ဖြစ်နေပြီး အကာ အကွယ်မဲ့နေသော ကျွန်မ၏ သွေးများကို တပျော်တပါးစုပ် ယူကြပါသည်။ ကျွန်မ၏ တစ်ကိုယ်လုံး ကွက်လပ်မကျန်အောင် ကိုက်ခဲရက်ကြပါပေသည်။ ညတိုင်ကျပြီဆိုလျှင် ကျွန်မ၏ အ၀တ် အစား များကို ချွတ်၍ခေါင်းအုံးလုပ် ရသဖြင့်တစ်ကိုယ်လုံး အကာအကွယ်မဲ့ပြီး "ခြင်" များ၏ ဗိမာန်လို ဖြစ်နေ ပါသည်။

တစ်ချိန်တုန်းက ကျွန်မသည်ဂျပန်များအား လှည့်ဖြားပြီးလူအချို့ကို ကျောက်ပေါက်လေဟန် ကိုယ်တွင် အနီစက်များ ခြယ်ပေးခဲ့သလို ခြင်းကိုယ်ဖုများကား တစ်ကိုယ်လုံးကို မကုတ်ဘဲမနေနိုင်ပါ။ ကျွန်မအနေနှင့် ခြင်ကိုယ်ဖု များကို ကုတ်ခြစ်ခဲ့သော် အရေခွံများပဲ့ပြီး အနားဖြစ်မည်မှာသေချာပါသည်။ အနာ သေးသေးမှ တစ်ဆင့်ဖက်ခွက်နာ ဖြစ်မည်ဟူသော သဘောတရားကိုသိနေစေကာမှု မကုတ်ပဲမနေနိုင်ခဲ့ပါ။

နေ့စဉ် နံနက်ပိုင်း၌ တံခါးပွင့်ဖောက်ထားသော ဖွင့်၍ပိတ်၍ရသည့် အပေါက်ကလေးမှ တစ်ဆင့် ထမင်း အနည်းငယ် နှင့် ဆားနှင့်ဖောက်ထားသော ချင်းတက်တစ်ဖက်ကို အစောင့်လုပ်သူက အုန်းမှုတ်ခွက် ထဲထည့်ပြီး လာချပေးပါသည်။ ဆေးကြော ရန်နှင့် သောက်သုံးရန် ရေကိုလည်းပေးပါသေးသည်။
ကာလရှည်ကြာစွာ တစ်ဦးတည်းနေရသောအခါ ရှုးများသွားလေမလားဟု တစ်ခါတစ်ခါစိုးရိမ်မိပါသည်။ စိတ်လေလွင့် နေမည် စိုး၍သမ္မာကျမ်းစာများကို ရွတ်ဆိုမိသည်။ ဘုရာရှိခိုးသည်။ ဂဏန်းပုစ္ဆာများကို စိတ်တွက် တွက်ကြည့်သည်။

ညဘက်တွင် မကြာခဏမိုးရွာပါသည်။ မိုးသီးမိုးပေါက်များက ခေါင်မိုးပေါ်သို့ကျရောက်ပြီး ထွက်ပေါ် လာသော အသံများမှာ ငြီးငွေ့စရာကောင်းလှပါသည်။ ယင်းဆူညံသံများကို အခွင့်ကောင်းယူ၍ ကျွန်မ၏ ပတ်ဝန်းကျင်၌ မည်သည့်အကျဉ်းသားများ ရှိကြပါသေးသနည်းဟု ဟစ်အော်မေးမြန်းပါသည်။ ကျွန်မကို ဖမ်းထားသူများ မရိပ်မိစေရန် မေးခွန်းကိုတဲ့တိုးမမေးပဲ သီချင်း လုပ်၍မေးခြင်းဖြစ်ပါသည်။

ကျွန်မကို ဖမ်းထားသူများကလည်း တစ်ယောက်တည်းထားရာမှာ စိတ်ဖောက်သွားပြီဟု ယူဆ လေသလား မသိ၊ ကျွန်မ သီချင်းဆိုနေသည်ကို တားမြစ်ခြင်းမပြုပါ။ အမျိုးသမီတစ်ယောက် ညစ်ပတ်ပေရေနေပြီး တစ်ကိုယ်လုံး ခြင်ကိုက်ဖုများ ဖုံးလွှမ်းလျက် စုတ်ပြတ်နေသော အ၀တ်အစားများနှင့် သံကုန်ဟစ်၍ "ကျွန်မ ကတော့ ဟယ်လင်ရော့ဒရစ်ပါ၊ ဒီနားတစ်ဝိုက်ဥရောပ တိုက်သားတစ်ယောက်တလေ ရှိပါသလား"ဟူ၍ သီချင်း ဆိုသလို ဟစ်အော်နေသောရှုခင်း သည် ပွဲထဲမှပြကွက်တစ်ခုလို ထင်မြင်မိပါသည်။ ကျွန်မ၏ အဖြစ်က ပွဲထဲကကဲ့သို့ တခမ်းတနားမ ရှိသော်လည်း ရယ်စရာတော့ပိုကောင်းပါသည်။

အနည်းဆုံး တော့ ခရီးရောက်ပါသည်။ ကျွန်မနှင့်ဆက်စပ်လျက်ရှိသော အချုပ်ခန်း များ၌ ဥရောပတိုက်သား နှစ်ဦးအကျဉ်းချ ထားခြင်းခံနေရပြီး ၎င်းတို့ထံမှ သီချင်းသံနှော၍ "ဘရင်ဂျီဘာသာဝင် ဘုန်းကြီး တစ်ပါး သည်လည်း ဤထောင်ထဲ၌ အကျဉ်း ခံနေရကြောင်း" သိရပါသည်။

ကျွန်မ၏စိတ်ဓာတ်များ အလွန်အမင်းကျဆုံးနေသော တစ်ည၌ဖြစ်ပါသည်။ အလွန် ညဥ့်နက်မှ တံခါးကို လာဖွင့် ကြပါသည်။ ကျွန်မ၏လက်နှစ်ဖက်ကို တစ်ဖက်တစ်ချက်စီဆွဲလျက် စင်္ကြလမ်းတစ်လျှောက် ဆွဲခေါ် သွားပြီး မီးရောင်များ ထိန်ထိန်လင်းနေ သောအခန်းထဲသို့ သွင်းလိုက်ပါသည်။

အခန်းထဲ၌ အလွန်ကြီးမားသည့် စာပွဲကြီးနောက်၌ ထိုင်နေသောဂျပန်အရာရှိ တစ်ဦး၏မျက်နှာချင်းဆိုင် ရပါသည်။ ကျွန်မတွင် အ၀တ်အစားလုံးဝမရှိပါ။ အစောင့်များက ကျွန်မအားအ၀တ်အစား ၀တ်ရန်ပင်အခွင့် အရေး မပေးခဲ့ပါ။ အစောင့် များက ကျွန်မကိုကုလားထိုင် တစ်လုံးဆီသို့ တွန်းပို့ပြီး သူတို့က ကျွန်မ၏ နောက်မှာ မတ်တတ်ရပ်နေကြပါ၏။ "မင်းတို့ရဲ့ စပိုင်အုပ်စုနဲ့ ပတ်သက်ပြီး တစ်လုံးမကျန် ဖွင့်ပြောရမယ်" ဟု ဂျပန်အရာရှိ က မေးပါသည်။

"ရှင့်ကို ကျွန်မဘာတစ်ခုမှ မပြောနိုင်ပါဘူး၊ ရှင်းရှင်းလေးပါ၊ ကျွန်မမှာပြောစရာမှ မရှိပဲ"ဟု ကျွန်မကပြန်ပြော ပါသည်။ "မင်းတို့ အုပ်စုမှာမင်းဟာ နံပါတ်၆ပဲ"ဟု အရာရှိကစွပ်စွဲမြဲ စွပ်စွဲနေသည်။ သူသည်ယုံကြည်မှု အပြည့်အ၀နှင့် ပြောနေ သည်။ ကျွန်မသည် စိတ်ကုန်ခန်းသော အမှုအရာဖြင့် လက်နှစ်ဖက်ကို မြှောက်လိုက် ပြီး "ရှင်ဘာတွေပြောနေတယ်ဆိုတာ မသိပါဘူး၊ ကျွန်မကို ယုံကြည်ပါ၊ ရှင့်ကိုကျွန်မ အမှန် အတိုင်း ပြောပြ နေတာပါ" ဟု ပြန်ပြော သည်။

ဂျပန်အရာရှိသည် ကျွန်မအပေါ်မယုံကြည်ကြောင်း ထင်ရှားလှပါသည်။ အစောင့်နှစ်ဦးအား ခေါင်းတစ်ချက် ညိတ်ပြီး အချက်ပေးလိုက်ပါသည်။ သူတို့ကလှံစွပ်အပြားနှင့် ကျွန်မ၏ပခုံး၊ ခေါင်းနှင့်လည်ကုပ်တို့ကို ရိုက်နှက် ကြပါသည်။ ဦးခေါင်းခွံ မှာပေါက်ကွဲသွားလေမလားဟု ခံစားရပါသည်။ အလွန်နာကျသည့် ဝေဒနာ ကိုခံစား နေရခိုက်
"မင်းသိတာတွေ တစ်လုံးမကျန်ပြောပြပါ။ မင်းကိုဗြိတိသျှတွေက သူတို့အတွက်စပိုင်လုပ်ခိုင်းဖို့ ချန်ထားခဲ့ တာမဟုတ်လား" ဟု ဂျပန်အရာရှိသည် အေးဆေးသောလေသံဖြင့် ထပ်ခါတလဲလဲမေနေသည်ကို ကြားနေ ရသည်။

မဟုတ်ရပါဘူး၊ ကျွန်မရဲ့လူနာတွေက်ု ကြည့်ရှုစောင့်ရှောက်ဖို့ ကျွန်မဘာသာတမင်တကာ နေခဲ့တာပါ၊ ဟု အရဲစွန့် ပြီး ပြန်ပြောပါသည်။
မေးခွန်းများကိုထပ်ခါတလဲလဲ မေးရင်းကျွန်မ၏ ဦးခေါင်းနှင့်ပခုံးများကို အဆက်မပြတ် ရိုက်နှက် ကြပါသည်။ ကျွန်မ အနေနှင့် မည်မျှကြာအောင်ရိုက်နှက် ညှဉ်းပန်းခံနေရသည်ကို မသိပါ။ ကျွန်မ၏စိတ်ထဲ၌ ဘယ်တော့ များမှ အဆုံးသတ်မှာလဲဟု တွေးနေခိုက်ဂျပန်အရာရှိက အချက်ပြလိုက်သဖြင့် အစောင့်များက အချုပ်ခန်း သို့ ပြန်ခေါ်လာခဲ့ကြသည်။

ကျွန်မအား ညစဉ်ညတိုင်းခေါ်ယူစစ်ဆေး ရိုက်နှက် ညှဉ်းပန်း နေကြပါသည်။ ကျွန်မလက် နှင့် ခြေထောက် များ ကို စီးကရက်မီး များနှင့်တို့ကြပါသည်။ ညှဉ်းပန်းမှုဒဏ်ကို မခံမရပ်နိုင်၍ ခေါင်းငိုက်စိုက် ကျသွားတိုင်း ကျွန်မ၏ဆံပင်ကိုဆွဲ၍ မတင်ကြပါသည်။ ကျွန်မကလည်းသံကုန်ဟစ်၍ "ရှင်တို့အကြီးအကျယ် မှားနေကြပြီ၊ ကျွန်မဟာစပိုင်မဟုတ်ပါဘူး၊ ရိုးရိုးသူနာပြုဆရာမပါ"ဟု အသံပြာလာသည်အထိ ထပ်ခါ တလဲလဲ ပြောနေမိသည်။ ကျွန်မပြောသမျှကို ခေါင်းမာမှုဟု ယူဆကြဟန်တူပါသည်။ ကျွန်မကို အဆက်မပြတ် ရိုက်နှက် ကြ ပြန်ပါသည်။

ဆက်ရန်
.

1 comment:

Anonymous said...

ဖတ်ရတာ စိတ်မကောင်းလိုက်တာ

ကျေးဇူးပါဘဲ အမရာ
တင်ပေးလို့

ကဲ
အမဘာသာ သမိုင်းတွေ တညလုံး ပြင်ချင် ပြင်တော့။
အိပ်တော့မယ်။
အမလဲ စောစောအိပ်ပါ။ နေမကောင်းရင် ပို့စ်မတင်နိုင်ဘဲနေမယ် အမ။