Tuesday, February 23, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆၀ အပိုင်း (၂၈)

ဗမာ့ခေတ် သတင်းစာ လက်ခံပုံနှိပ်ပေးခြင်း

ပုံနှိပ်တိုက်မှ အလုပ်သမားများမှာ ထိုအချိန် ထိုအခါက အလုပ်သမားနှင့် အလုပ်ရှင်ဆိုသော စိတ်ထားမျိုး မရှိဘဲ ကမ၏ တအိမ်ထဲသား မိသားစုများပမာ စားလိုသူစားဟု မီးဖိုတံခါးကို အမြဲဖွင့်ပေးထားသည်။ အ၀တ် အထည် ရှားပါးသော ခေတ်ဖြစ်၍ အထက်အညာမှ ချည်လုံချီများ ရောင်းရန် လာရောက်တည်းခိုသူ ဧည့်သည် များ ပြန်လိုသောကြောင့် ရောင်းမကုန် ကျန်သော အထည်ထုပ်ကြီးများကို အတင်းထိုး ရောင်းသွား တတ်သည်တွင် ကျမက အထည်သည်မလုပ်တတ်သူ ဖြစ်၍ ချည်လုံချီတွေမှာ ပုံနှိပ်တိုက်မှ လူများ အား ပေးဝေပစ်ခြင်းဖြင့် အပြတ်ရှင်းလိုက်ရပါသည်။

ဗုံးခိုကျင်းကြီးများမှာ လူများသလောက် ဆန့်အောင် အိမ်ဝင်းပတ်လည် နေရာအနှံ့အပြား တူးထားရ ပါသည်။ အကယ်၍ အလုပ်ချိန်အတွင်း လေကြောင်းရန် ဥသြဆွဲလျှင် နီးရာ ကျင်းဆင်းပြေး ပုန်းအောင်း ကြရာ၌ အချို့ အလုပ်သမားများမှာ စီလက်စ စာလုံးခွက်ကလေးများ ကိုင်လျက်၎င်း စာပြင်ဆရာက ပရုစာရွက် နှင့် ခဲတန်နီကိုင်လျက်၎င်း သူတို့လက်ထဲမှ လုပ်လက်စ အလုပ်များကို ချမပစ်ခဲ့ရက်ဘဲ သံယောဇဉ် နှောင်ကြိုးတဲလျက်ရှိကြသလို ကျမအဘို့မှာလည်း မတော်တဆ မီးလောင်ဗုံးကျ၍ အကုန်လုံး မီးလောင် ဆုံးပါးသွားစေကာမူ သူတို့အဘို့ အခကြေးငွေ ပေးရန် ကျန်ပါစေဟူသော စေတနာဖြင့် ငေစက္ကူထုပ် ကိုဆွဲကာ ဗုံးခိုကျင်းအတွင်း၌ သူတို့နှင့်အတူ ဆင်း၍ ပုန်းအောင်းခဲ့ရသော ဘ၀တူ များဖြစ်ခဲ့ပါသည်။

နောက်များမကြာမီ ဂျပန်လွတ်လပ်ရေးခေတ် ဒေါက်တာဘမော်၏ အဓိပတိအစိုးရ ဌာနမှ ထုတ်ဝေနေသော ဗမာ့ခေတ် သတင်းစားမှာ အလုပ်သမားများ မြို့ထည်းရှိ အစိုးရစာပုံနှိပ်တိုက်၌ အလုပ်မဆင်း ၀ံ့လောက် အောင် ဗုံးကြဲလေယာဉ်ပျံများက နေ့စဉ်နှင့်အမျှ လာရောက် ဗုံးချကြလွန်းသဖြင့် သတင်းစာ ထုတ်ရန် အချိန်မှန်ရန် အခက်အခဲဖြစ်လာပါသည်။

ထို့ကြောင့် အလုပ်သမားများ အန္တရာယ်ကင်းစွာ အလုပ်ဖြောင့်ဖြောင့်လုပ်လျက် သတင်းစာ အချိန်မှန် ထုတ်ဝေ ရစေခြင်းငှါ ကျမ၏ တိုင်းပြည်ပြုပုံနှိပ်တိုက်တွင် လာရောက်၍ အငှါးရိုက်လိုသည်။ အိမ်ခြံဝင်း အတွင်း နေရာလွတ်တခုမှာ အယ်ဒီတာများ၊ စာစီသူများ၊ အလုပ်,လုပ်နိုင်ရန် တဲတခုထိုးပါရစေဟု ဆိုလာ သည်။ တဲတခုထပ်ထိုးလျှင် အိမ်ရှင်က အိမ်ငှါးခ တရာထပ်တိုးယူသည်။ ပထမကျမ၏ ပုံနှိပ်စက်များထားရန် တဲတခုနှင့် ဒုတိယ ဗမာ့ခေတ် အယ်ဒီတာအဖွဲ့ အလုပ်သမားများ အတွက် တဲတခု ထိုးသောအခါ အိမ်လခ သည် မူလ တရာ မှ သုံးရာအထိ တိုးပေးလာရပါသည်။

အစိုးရ၏ ဗမာ့ခေတ်သတင်းစာကို တိုင်းပြည်ပြု ပုံနှိပ်တိုက်၌ လာရောက် အငှါးရိုက်မိသောအခါ တဲရှည်ကြီး တခု ၀င်းပေါက်ဝ မြေနိမ့်ပိုင်းမှာ ဆောက်သည့်တိုက်အောင် နေရာမလောက်သောကြောင့် အိမ်ဘေးရှိ အမိုးအဖီ အောက်များမှာ စာစီခုံတွေကို ဖြစ်သလိုချ၍ အလုပ်,လုပ်ကြရပါသည်။ ဤတွင် နဂိုရ်က အိမ်တွင် လူပြည့် နေရာတွင် အိမ်အပြင်ဘက်ပိုင်းမှာလည်း လူတွေဝိုင်းမိလျက် စည်စည်ကားကားကြီး ရှိနေပါသည်။

ကျမ၏ သာလာယံအိမ်ကြီးမှာတော့ လူလျှော့နည်းသွားသည်ဟုမရှိပါ။ တသုတ် ဆင်းသွားလျှင် နောက်တသိုက် က တက်လာခြင်းဖြင့် လူဦးရေ ပြည့်တင်းလျက်ရှိပါသည်။ သတင်းစာ ရိုက်ရန် တာဝန် ပိုလာသော အခါ ပုံနှိပ်စက်နှင့် ဆိုင်ရာ အလုပ်သမားများ ပိုပြီးထားရပါသည်။ 

စက်ကြီးနှစ်လုံးကို နေ့ရော ညရော တ၀ုံးဝုံ အဆက်မပြတ် ရိုက်နေရသဖြင့် နေ့စက်ဆရာ၊ ညစက် ဆရာများနှင့် စက်နောက်ကြည့် များကို အဆိုင်းနှင့် ခွဲထားရပါသည်။ အချို့ အလုပ် လာလျှောက် သူများမှာ ကိုယ့်အိမ်ကိုယ့်ယာမှ လာရောက် အလုပ်ဆင်းနိုင်ကြသူများ ဖြစ်သော်လည်း အချို့မှာ နေစရာ ထိုင်စရာ မရှိဟု ဆိုလျှင် နောက်ဖေး အစေခံတန်းလျားကြီးရှိ အခန်းလွတ်တွင် သွပ်၍ ကယ်တင်ရှင်လုပ် လိုက်ရ ပါသည်။

မီးဖိုဆောင်၏ တာဝန်မှာလည်း မသေးလှပါ။ အိမ်ရှေ့အိမ်နောက်၊ နောက်ဖေး တန်းလျားက လူတွေအထိ အယုတ် အလတ် အမြတ်မရွေး လူပေါင်းလေး ဆယ်ကျော် ငါးဆယ် စားနိုင်ရန် ချက်ပြုတ် ပြင်ဆင် ကျွေးမွေးရသည်မှာ နေ့စဉ် အလှူအိမ်တခုကဲ့သို့ ရှိနေလျက် မနက်ထမင်းဝိုင်းနှင့် ညစာထမင်းဝိုင်း မှာ ဆက်၍သာ သွားပါသည်။

ဤလောက်များပြကားသော စားအိုးအတွက် ထမင်းချက်ငှားမရသော အခါကာလမှာ အခက်အခဲ မဖြစ် တော့ဘဲ အားနေကြသော မိန်းမများက တပျော်တပါး ၀ိုင်းဝန်း လုပ်ကိုင်သွားကြခြင်း၊ မြစ်ဝကျွန်းပေါ် အရပ်မှ နေရေး,စားရေး ကြပ်သဖြင့် လာရောက်ခိုလှုံနေကြသူ (....)၏ ဆွေမျိုးသားချင်း ယောက်ျား မိန်းမ များကိုလည်း တခြားနေရာတွင် အသုံးချ၍ မရသဖြင့် ပန်းကန်ဆေး အိုးဆေး၊ ထမင်းပြင် ကျွေးသော အလုပ် တာဝန်များကို သာလာယံအလှူအိမ်မှာ ကူညီလုပ်ကိုင် နေထိုင်ခွင့် ပြုထားခဲ့ပါသည်။

သာမန်အိမ်ရှင်မတဦးအနေနှင့်ပင် အိမ်ပေါ်မှာ လူပိုတဦး ခေါ်ထားရန်းကိစ္စ၌ မယားမညီလျှင် ဧည့်မလှဟု ဆိုရိုးစကားရှိထားလေသည်။ ကျမသည် အလုပ်တိုက်ရှင်လည်းဖြစ်နေသော အိမ်ရှင်မဖြစ်ရာ ပရိသတ်ဤ လူတသိုက်ကို ကမ၏စိတ်ဆန္ဒအရ အလှူဒါနတမျိုးကို ပြုရသည်ဟု ယူဆ၍သာ သူ့လူ,ကိုယ့်လူဟူ၍ မရွေး လက်ခံပေးကျွေးမှု ပြုခဲ့ခြင်းဖြစ်ပါသည်။

ကျမကသာ ဤအလှူဒါနမျိုးကို စိတ်မ၀င်စားခဲ့လျှင် သာမည အိမ်ထောင်တခုကဲ့သို့ တာဝန်အေးအေး, နားအေး အေးနှင့် နေခဲ့မည်ပင်ဖြစ်ပါသည်။ သည်အထဲမှာ အလုပ်သမား ယောက်ျားလွတ်များနှင့် နောက်ဖေးပိုင်း က မိန်းမလွတ်များကို သင့်လျော်သလို အိမ်ထောင်ချ၍ မိဘသဖွယ် ဆက်လက် စောင့်လျှောက် ခဲ့ရသည့် ကိစ္စမျိုးကလည်း ရှိခဲ့သေးသည်။ အချို့မိန်းမလွတ်များမှာ အစော့်အရှောက်မခံဘဲ အပြင် အပ မှာ သွားလာ နယ်လွန်ခဲ့ကြသေးသည်။

သို့ရာတွင် သူ့ကာယကံရှင်နှင့်သူ ပြနိုင်သူကပြ၍သာ တော်တော့သည်။ မိန်းမလွတ် ယောက်ျားလွတ် တွေများလာ လျှင် ဤသဘောတရားမျိုးတွေ ၀င်လာတတ်သောကြောင့် ထိန်းသိမ်းရန် တာဝန်ကြီးလေး လာသည်။ လင်စုံမယားဘက်များပင် စည်းမစောင့် လျှပ်ပေါ်လော်လီမှု ရှိလာပါက ထိန်းသိမ်း၍ ရတတ်သော ကိစ္စမျိုးမဟုတ်သည်ကို ကျမစိတ်ဝင်စားမှု မရှိခဲ့၊ သတိမပြုခဲ့မိပါ။ ယင်းသို့ သတိမပြုခဲ့မိသည်မှာလည်း အိမ်ရှိတွေထည်းမှာ အကျင့်စာဂ ဖေါက်ပြန်နေသူတွေလည်း ရှိလိမ့်မည်ဟုလည်း ဘယ်အခါကမျှ ယုံမှား သံသယ မရှိခဲ့ဘူးသဖြင့် ဖြစ်ပါသည်။

သို့ရာတွင် ရိုးသားစွာ တင်ပြလာသော အိမ်ထောင်ချပေးသေရးကိစ္စများကိုမူ ကျမသည် ငွေကြေးအကုန်အကျခံ၍ တာဝန်ယူခဲ့သည်။ လူကြီး, လူကောင်း အပေါင်းအသင်းမိတ်ဆွေ သင်္ဂဟများကို ဘိတ်ကြားကျွေးမွေး ဧည့်ခံလျက် တပည့်သားမြေးတို့၏ မင်္ဂလာပွဲမှာ မိဘပမာ ချီးမြှင့်ခဲ့ပါသည်။ ထိုစဉ်က ဧည့်ပရိသက်အဖြစ် တက်ရောက်ဘူးသူ မိတ်ဆွေများသည် စက်ကြီး နောက်ကြည့်သမားဘ၀မှ ဖိုမင်အထိ အလုပ်တိုးမြှင့်ပေးခဲ့သော မောင်ပါကြီးအား သားသမီးပမာ မင်္ဂလာဆောင် ကျင်းပပေးခဲ့ဘူးသည့် အထောက်အထားကို မှတ်မိကြပေလိမ့်ဦးမည်ဟု ယုံကြည်ပါသည်။

သူ့အကျိုးဆောင်ခဲ့ရလေသမျှ

ထို့ပြင်လည်းရှိပါသေးသည်။ မန္တလေးမှ ညီမ နှစ်ဝမ်းကွဲတော်သူတဦးက ကျမထံသို့ စာရေးပြီး အကူအညီ တောင်းပြန်ပါသည်။ စာပါအကြောင်းအရာမှာ သူ့တွင် ရည်းစားရှိနေပါသည်၊ ပညာ အရည်အချင်း က ဘီအေ ဖြစ်ပါသည်။ သို့သော် အလုပ်အကိုင်မရှိပါ။ သို့ကြောင့် မင်္ဂလာဆောင်ယူရန် တာဝန် မယူနိုင်သော အခက်အခဲ တွေ့ကြုံနေရပါသည်။ နှစ်ဖက်မိဘများ ကလည်း သားသ္မီးကို မင်္ဂလာပွဲ ပြုလုပ် ပေးနိုင်ရန် စွမ်းအားမရှိသူများ ဖြစ်ကြောင်း၊ သို့အတွက် သူ့ရည်းစားကို ရန်ကုန် ကျမထံ စေလွှတ် လိုက်ပါရစေ၊ အိမ်မှာ လက္ခံထားပြီး အလုပ်များရအောင် ဆောင်ရွက်ပေးပါ။
အလုပ်နှင့် လခနှင့် ဖြစ်လာသောအခါ ရသော လခငွေကို မင်္ဂလာဆောင်ရန် စုထားပါလိမ့်ည်၊ မပြည့်လျှင် ကျမ ကမ္မကထလုပ်၍ ဖြည့်စွက်ကူညီပါဟု အပူကပ်သောစာပင်ဖြစ် ပါသည်။

ကျမမောင်ကလေး မင်္ဂလာကိစ္စ ကြုံတုံးက မည်သူမျှ မကူညီခဲ့သည့်အပြင် သူဋ္ဌေးသ္မီးနှင့်ရပြီး ပွသွား မည်ထင်၍ ပစ်စာအမျိုးမျိုးနှင့် ပင်ခြေထိုးလိုက်ကြသည်ကို ခံခဲ့ရဘူးသည်။ ကျမလည်း စိတ်မချမ်း မသာ အထူး ဖြစ်ခဲ့ရဘူးသည်။ ဒါတွေကို သတိရပြီး ကိုယ်ချင်းစာမိသည်။ ညီမနှစ်ဝမ်းကွဲဆို သော်လည်း ကျမ မျက်စိအောက်တွင် ကြီးပြင်းလာသူဖြစ်၍ ပညာအရှည်အချင်းရှိသူနှင့် ကံအားလျှော်စွာ တွေ့ရပြီးမှ အကြောင်း မညီညွတ်ကြမှုကြောင့် ကွဲလွဲသွားမည်ကို မလိုလားပါ။ နောင်ခါသင်းတို့ ဟန်ကျ, ပန်ကျ ဖြစ်သွား လျှင်လဲ အကူအညီပေးရ ကျိုးနပ်လေမည်ဟု ရည်စူးကာ ကောင်းပြီလွှတ်လိုက်ဟု စာပြန် လိုက် ပါသည်။

ကျမဒုက္ခရောက်လင် အကြပ်အတဲတွေ့လျှင် ဘယ်အခါတွင်မှ ဘယ်သူတဦး၏ အကူအညီကို မရခဲ့ဘူးစေကာမူ သူတပါးက အကူအညီတောင်းခံမှုပြုလာလျှင် ပြောင်ပြောင်ကြည့်မနေချင်သော စိတ်နှင့် စေတနာက အမြဲရှိခဲ့သည်။ သူတပါး၏ အကြပ်အတည်း အခက်အခဲကို တတ်အားသမျှ အကူအညီ ပေးရခြင်းမှာ မြတ်သော ကုသိုလ်ဒါနဟူ၍လည်း စိတ်ထည်းမှာ အမြဲယူဆထားခဲ့ပါသည်။ သို့ကြော်င့ တခါမျှ မမြင်ဘူးသော ထိုသူငယ်ရောက်လာသောအခါ သူ၏ရည်းစားဦး ဖြစ်သူ ညီမနှစ်ဝမ်းကွဲ၏ စာကိုပြမှ သြော်-သူပါကလားဟု အသိအမှတ်ပြုရပါသည်။

ယောက်ျားလွတ်မိန်းမလွတ်တွေ သတ်သတ်နေသော အခန်းများ၌ ယောက်ျားဧည့်သည်ရောက် လာလျှင် ယောက်ျားပိုင်းပို့၍ မိန်းမဧည့်သည်ရောက်သောအခါ မိန်းမပိုင်းကို ပို့ရသည်တွင် ထိုမတ် နှစ်ဝမ်းကွဲလောင်းအား ယောကျာ်းသတ်သတ် အခန်းတွင် နေရာထိုင်ခင်း ချပေးပြီး နီးစပ်ရာ မိတ်ဆွေများကို အလုပ်အကိုင်အတွက် စုံစမ်းမေးမြန်းပေးလျက် ရှိနေရသည်။

များမကြာမီခင်ရက်ပိုင်းမှာ ဂျပန်ခေတ် နိုင်ငံခြားရေးဝန်ကြီး သခင်နရုံးတွင် လခခြောက်ရာနှင့် အလုပ် ရရှိလာပါသည်။ ထိုခေတ်က ဂျပန်ငွေစက္ကူ ခြောက်ရာမှာ တကိုယ်ရေ တကာရသမားအဘို့ပင် ထမင်းစား လောက်သော ၀င်ငွေမဟုတ်ပါ။ သို့ရာတွင် စားနေစရိတ် တပြားမှ ကုန်ကျရန်မရှိသည့်အတိုင်း လခထုတ် တိုင်း စုငွေအဖြစ် စုဆောင်းထားရပြီး သုံလေးလရှိသောအခါ နှစ်ထောင်ခန့်ဖြစ်လာသည်။

သည်အခါ ရောက်မှ ကျမက ငွေသုံးထောင်ဖြည့်ပေးသောကြောင့် ငွေငါးထောင် မင်္ဂလာစရိတ်ရသွားသည်။ ရုံးပိတ်ရက်တွင် ၄င်းငွေ ငါးထောင်နှင့် မန္တလေးသို့ပြန်၍ မင်္ဂလာ ဆောင်ချေတော့၊ အိပ်ရာ အခမ်းနား အတွက် ရန်ကုန်မှာ ကျမ ၀ယ်ခြမ်းပြင်ဆင်ထူထောင်ထားနှင့်မည်ဟုဆိုကာ လွှတ်လိုက် ပါသည်။ ဂျပန် ခေတ်၌ ကုန်ပစ္စည်းဝယ်ရန် လိုရာရနိုင်ရေးအတွက် အိမ်ကြို အိမ်ကြားမကျန် လိုက်၍ ရှာဖွေ ၀ယ်ယူ လိုက်ရ သဖြင့် အတော်ဒုက္ခစိုက်ရပါသည်။ အိမ်ထောင်ပရိဘောဂ ရောင်းသောဆိုင်များ မရှိ၊ မွေ့ယာ ခြင်ထောင် ခေါင်းအုံး ဆိုင်များ လည်းမရှိ၊ သင်္ကန်းကျွန်းဘောက်ထော်စသော မြို့ပြင်ပိုင်း ဘာဘူ ကုလား ကုန်သည်များ နေထိုင် သည့် ခြံကြိုခြံကြား၌ လိုက်၍ရှာဖွေဝယ်ယူစုဆောင်း ခိုင်းရပါသည်။ ပစ္စည်းတခုရဘို့ ကိစ္စ၌ လိုက်၍ ၀ယ်သူမှာ ခြံကြိုခြံကြားသို့ဆိုက်ကားတစီးနှင့် အခေါက်ပေါင်းများစွာ သွားလာ ကူးသန်း ရှာဖွေယူရပါသည်။

သို့ဒုက္ခခံ ငွေကုန်ခံရသည်နှင့်အမျှ မင်္ဂလာဆောင်လာခဲ့သော သတို့သ္မီး သတို့သား ဇနီး မောင်နှံ ပူပူ နွေးနွေး များ ရန်ကုန်ပြန်ရောက်ကြသောအချိန်မှာ ရေကန်အသင့်,ကြာအသင့် ဖြစ်နေပါပြီ။ စားရေး, နေရေး မှာလည်း မပူမပင်မကြောင့်ကြရဘဲ ထားခဲ့ရင်၊ စစ်အတွင်း ဗုန်းကြား အမြောက်ကြား၌ ခလေးတယောက် မွေးဖွားသော အခါမှာပင် သူတို့ဒုက္ခကိုဝင်၍ လက်လျှို့ထမ်းပေးခဲ့ရသည်အထိ ကြည့်ရှု စောင့်ရှောက် လာရသည်။ ဗျိုင်းရေအိုးစင် ရပ်ကွက်တွင် ဖွင့်ထားသော ဒေါက်တာ ဒေါ်ရင်မေ၏ သားဖွားဆေးရုံတ၀ိုက်၌ ပြင်းပြင်း,ထန်ထန် ဗုံးချခံရသောနေ့တနေ့မှာမှ ချိန်း၍ ကြုံကြိုက်ရသည်။ ညဦးမီးဖွားမည့် ဆဲဆဲမှာ သားဖွား ဆေးရုံသို့ ပို့ရန် အိမ်ချင်းကပ်နေသော ဒေါ်မြညွှန့်ကားကို အပြေးအလွှားသွားဆွဲရသည်။

လေကြောင်း အချက်ပေးဥသြက အရေးထဲပေါ်လာပြီး တမြို့လုံးမီးမှောင်ချလိုက်သည်။ မနေသာသည့် အရေး ဖြစ်၍ ဒေါ်ရင်မေ၏ ဆေးရုံရောက်အောင် စွန့်စွန့်စားစား သွားပို့ပေးကြရသည်။ ဆေးရုံရောက် မီးဖွားပြီး သောအခါ ဗျိုင်းရေအိုးစင် တရပ်လုံး တအုံးအုံးနှင့်ဗုံးတွေ ကြဲချသွားခြင်း ခံရပါသည်။ သို့ရာတွင် ကံအား လျော်စွာ ဆေးရုံမှာ အန္တရာယ် လွတ်ကင်း၍ ဆေးရုံဝင်းအပြင်အပ အနီးကပ်ဆုံးနေရာများ၌ အထိ အယှ အတော်များကြပါသည်။

သူတို့ အတွက် ဤနည်းအတိုင်း တာဝန်ယူ၍ ဒုက္ခခံစရာ ရှိသမျှခံခဲ့ရသည်မှာ ဂျပန်တခေတ်လုံး ဖြစ်ပါသည်။ ကျမက ဒါတွေကို အသေးစိပ်ရေးပြနေသည်မှာ အကြောင်းမဲ့မဟုတ်ပါ။ အကြောင်းရှိပါသည်။ အကြောင်း တွေ အများကြီးရှိပါသည်။ ကျမ၏ ဘ၀နောက်ပိုင်းမှာ ကြုံလာရမည့် ကိစ္စများ၌ သူတို့သည် လျှို့ဝှက် ဇာတ်လိုက် ကောင်းကြီးများ ဖြစ်နေကြသည်ကို မကြာမှီက အံ့သြ၍ မဆုံးနိုင် လောက်သည်အထိ တွေ့မြင် သိရှိရ ပါသည်။

အကြံပိုင်သော ငခွေး
.

No comments: