Tuesday, February 16, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆၀ အပိုင်း (၂၁)

ရည်ရွယ်ချက်တူ၍ ဘ၀ခရီးဖေါ်ပြုခြင်း

နဂါးနီတိုက်၏ အတွင်းရေးကိစ္စများကို ကျမက တိတိကျကျ မသိရပါ။ သိရမည့် ကော်မတီများ စာရင်းမှာ ပါဝင်သူမဟုတ်၊ သာမန် ရှယ်ယာရှင်တစ်ဦးအဖြစ် ပြင်ပမှ အားပေးလာခဲ့သူ ဖြစ်ပါ သည်။ သို့ရာတွင် လူကြီးပိုင်က သဘောကွဲလွဲမှု ဖြစ်ကြရခြင်း၊ သူက စေတနာနှင့် လုပ်ကိုင်ခဲ့သမျှ အချို့က အကောင်း မထင်ကြောင်း မန်နေဂျာလာတိုင်း ညည်းတွား ပြောဆို သည်ကိုသာ နားထောင်မိ ၍ သိရှိရခြင်း ဖြစ်ပါသည်။

ကျမစာအုပ် အငှားရိုက်စဉ် အတောအတွင်းမှာ သုံးရောင်ခြယ် မျက်နှာဖုံး ရိုက်နိုင်သော ပုံနှိပ် စက်တစ်လုံးကို ရောင်းသူရှိ၍ ကျမ၏ငွေနှင့် ၀ယ်ယူထားခဲ့ရာ နဂါးနီတိုက်မှာ တစ်လလျှင် ၅၀ကျပ် နှင့် အငှား ရိုက်ပါရစေဆို၍ ခေတ္တ ငှားထားသည်။ ကျမရည်ရွယ်ချက်မှာ ပုံနှိပ်တိုက်တခုထောင်မိ၍ သိရှိရခြင်း ဖြစ်ပါသည်။

ထိုအတောအတွင်း အလုပ်ကိစ္စ အပိုတွေများနေသည်တကြောင်း၊ ဒဂုန်မဂ္ဂဇင်းတွင် တိုက်ရှင်နှင့် ယခင်က လူဟောင်းများ အကြည့်ကြပ်ပဲ လူသစ်များနှင့် ကြည့်ကြပ်မှုလွှဲထားရာ လူသစ်များမှာ ဆက်ဆံမှု မပြေပြစ် သည်ကလည်း တကြောင်းကြောင့်၊ လစဉ်ပေးနေကျ စာမူများမပေးဖြစ်ပဲ ရှိခဲ့ရှိ ခဲ့သည်။ သို့ကြောင့် ကိုယ်ပိုက်ပုံနှိပ်တိုက်တခုဖွင့်၍ ၀တ္ထုရှည်များ ရေးသားထုတ်ဝေရန် သန္နိဋ္ဌာန်ချ လိုက်ပါသည်။

သခင်နု အမှုးရှိသော နဂါးနီစာအုပ်တိုက်မှ စီမံအုပ်ချုပ်သူ အမှုဆောင်လူကြီးများမှာ လက်ရှိမန်နေ ဂျာအပေါ် မကျေမနပ်ဖြစ်ကြရာမှ ရက်များမကြာမှီ အလုပ်မှ နှုတ်ထွက်လိုက်ရသည်။ ၎င်းအချိန် တွင် ကျမအိမ်သို့ အလာအရောက်များပြီး လူချင်းနီးနီးကပ်ကပ် တွေ့ရဖန်များသောကြောင့် တကြောင်း၊ စာပေ လောကနှင့် ပြွမ်းတီးကြသူ စာပေလုပ်ငန်းနှင့် စိတ်တူအလုပ်တူ ဖြစ်ကြသည် တကြောင်၊ စာပေနှင့် စပ်ဆိုင်ရာ စီးပွားရေးသဘော ကိုက်ညီခြင်းကြောင့် မမျှော်လင့်ပဲ ဘ၀ခရီးဖေါ် အဖြစ်သို့ ရောက်ခဲ့ကြ ရတော့သည်။

ကျမ အသက်အရွယ် သုံးဆယ်ကျော်တွင် အိမ်ထောင်ရေးကို စိတ်မ၀င်စားဝံ့ပဲ နေလာသူဖြစ်သည်။ အဆင် မပြေဘ၀တူက စိတ်ပင်ပန်း ဆင်းရဲမှုသာ တာဝန်ပို ခဲ့ရဘူးသောကြောင့် တကိုယ်ရေတကာယ လွတ်လပ် အေးချမ်းစွာ နေလာခဲ့သည်မှာ သုံးနှစ်ကျော် လာသဖြင့် သည်နည်းနှင့် နေရသည်မှာ အချမ်းသာဆုံးဟု သုံးသပ် ဆင်ခြင် မိသူဖြစ်ပါသည်။

သို့ရာတွင် အထက်ဖော်ပြပါ အကြောင်းကြောင်း များကြောင့် ၎င်း၊ တဖက်ကလည်း သူ၏ ဘ၀ခရီး ၌ မပြေပြစ်မှု၊ မညီမျှမှု စသည်များကို၎င်း၊ အလုပ်ကိစ္စက အဆင်မပြေဖြစ်လာရခြင်း များကို၎င်း၊ သောင်းပြောင်း ရောရာနှော၍ စိတ်သဘောဝါသနာတူလျက် တဦးပေါ်တဦး သက်ညှာစိတ်ဖြစ်ပေါ် ကာ ဘ၀ ခရီး ဖေါ် အဖြစ်ရောက်ခဲ့ရခြင်းဖြစ်ပါသည်။ ပုထုဇဉ်သားတို့၏ ဓမ္မတာ ကာမဂုဏ်မှု တခု ကို မူတည်၍ ဖြစ်လာသော အိမ်ထောင်ရေး မဟုတ်၊ အလုပ်တူ ဘ၀တူချင်း လက်တွဲ၍ ဘ၀ခရီးကို သွားကြရန်သာ ခိုင်မာသော ရည်ရွယ်ချက်နှင့် ပေါင်းဘက် မိကြခြင်းဖြစ်ပါသည်။

များမကြာမှီ ရန်ကုန်အရှေ့ပိုင်း ၄၇-လမ်းတွင် ပုံနှိပ်တိုက်ဖွင့်ရန် အိမ်တခုငှါး၍ အပေါ်ထပ်မှာ လူနေပြီး အောက်ထပ်တွင် ပုံနှိပ်အလုပ်တိုက်နှင့် အလုပ်ခန်းထားရန် အစီအစဉ်ပြု ကာ ပြောင်းရွှေ့လာခဲ့ကြပါသည်။ ခဲစာလုံး စာစီခွက်များနှင့် စာပုံနှိပ်စက်ဆိုင်ရာ အသုံးအဆောင် များကို ကျမ စုဆောင်း သိုမှီးထားလာသော စာမူရေးခ ဇာတ်ညွှန်းရေးခ ချွေးနည်းစာတို့နှင့် အလုပ် ခန်းထားရန် အစီအစဉ်ပြုကာ ပြောင်းရွှေ့ လာခဲ့ကြပါသည်။ ခဲစာလုံး စာစီခွက်များနှင့် စာပုံနှိပ်စက် ဆိုင်ရာ အသုံးအဆောင်များကို ကျမ စုဆောင်း သိုမှီးထားလာသော စာမူရေးခ ဇာတ်ညွှန်းရေးခ ချွေးနည်းစာတို့နှင့် ၀ယ်ယူမ တည်ခဲ့သည်။ စာအုပ် မျက်နှာဖုံးရိုက်ရန်ဝယ်ထားသော နဂါးနီ ပုံနှိပ် တိုက်မှာ ငှါးထားသည့်ကာလာရိုက် စက်ကလေး ကိုလည်း ပြန်ယူလာသည်။

တိုင်းပြည်ပြုပုံနှိပ်တိုက်

ပုံနှိပ်တိုက် မတည် ရ၍ ၄င်းရှယ်ယာများကို အလုပ်ထွက်စဉ်က အစားထိုး၍ ပေးဆပ်လိုက် ရပြီဟု ပြောသောကြောင့် သူ၏ ကြပ်တည်းမှု အခြေအနေအရ ငဲ့ညှာလိုက်ရပါတော့သည်။ ပုံနှိပ် တိုက်တခု အတွက် ၀ယ်ယူသော ပစ္စည်းများပြည့်စုံသောအခါ စာစီ-စာရိုက်-ဖိုမင်-စာရေး တိုက်စေ စသဖြင့် အလုပ်လုပ်မည့် လူများမှာလည်း နဂါးနီတိုက်မှ ဆရာအပြောင်းအလွှဲတွင် ခင်မင်ရာအလုပ် သမားအချို့ပါ ကျမ ပုံနှိပ်တိုက်သို့ကူးပြောင်းရောက်လာကြခြင်းကြောင့် အပြင်အပက အလုပ် သမားများကို ထပ်မံ မရှာဖွေ ရတော့ပါ။

စာပုံနှိပ်တိုက်၏ အမည်မှာ (တိုင်းပြည်ပြုပုံနှိပ်တိုက်) ပေးကာပုံနှိပ်တိုက် ဥပဒေအရ ရုံးတွင် မှတ်ပုံတင် ရာ၌လည်း ဒဂုန်ခင်ခင်လေးပိုင်ဖြစ်သည်၊ ပုံနှိပ်တိုက်နှင့်တွဲ၍ ဒဂုန်ခင်ခင်လေး စာအုပ် တိုက်မှ စာအုပ်များ ထုတ်ဝေမည့် အကြောင်းပုံနှိပ်လုပ်ငန်းပါ အပ်နှံဆက်သွယ်ကြရန်မြန်မာ့အလင်း သူရိယစသော သတင်းစာ များတွင် ကြေငြာလိုက်ပါသည်။ ပုံနှိပ်တိုက်ဖွင့်လိုက်ပြီ ဆိုသည့်အချိန် ကစပြီး၊ ကျမကလည်း ကလောင်ကို ကောက်ကိုင် ရတော့သည်။ ရှေ့မျက်နှာစာအခန်းတွင် အလုပ် စာပွဲများထားသည်။ ကျမကစာပွဲတလုံး၊ ဖိုမင် မောင်သန်းက စာပွဲတလုံး၊ စာရေးညွှန့်မောင်ခေါ် မောင်ပါက စာပွဲတလုံး၊ မောင်ဘိုနီခေါ်သူငယ်ကလေးက ပါဆယ်ပို့၊ တိုက်စေ စသဖြင့် အထွေထွေ လုပ်ရသူ ဖြစ်သည်။

ကျမမှာ ၀တ္ထုရှည်များအတွက် စာမူကို စာစီသမားများ လက်သို့ တရွက်ရေးပြီး ရင်း တရွက်ချပေးရင်းဖြင့် ရေးသူက ရေးပေး၍ စာစီသူက စီကြကာ တနေ့တာအလုပ်ကို ဝေငှ လုပ်ကြသည်။ စာမူကော်ပီကို စာစီသူ တွေ မပြီးမှီ ရေးသူက အပြေးပြိုင်သလို အနိုင်ရအောင် ရေးနိုင်မှသာ ကျန်သော တာဝန်များကို ကြည့်ရှုဘို့ အချိန်ပို ရရှိပါသည်။ ကျန်တာဝန်ဆိုသည်မှာ နေ့စဉ် လယ်ဂျာနှင့် သွင်းထားသော ငွေထွက် ငွေဝင် စာရင်းများ၊ နယ်ကိုယ်စားလည် မြို့ကိုယ်စား လည်တို့၏ အဆက်အသွယ် စာရင်းများကို တနေ့စာ တနေ့စာ ပြီးပြတ်အောင် စစ်ဆေးရပါသည်။

ထိုအချိန်က နာမည်ရပြီး စာရေးဆရာတို့၏ လုံးချင်းဝတ္ထုများမှာ ရှစ်ပဲမျှသာ တန်ဘိုးထားရပါသည်။ ထိုရှစ်ပဲမှာ ယခုသုံးလေးကျပ်နှင့်ညီမျှသော ငွေတန်ဘိုး ရှိလိမ့်မည် ထင်ပါသည်။ လုံးချင်းဝတ္ထု ရှစ်ပဲတန်များ အလွန် ရောင်း၍ တွင်ကျယ်ပါသည်။ ထုတ်ဝေမည့် နေ့ရက်ကြော်ငြာပါလာလျှင် ရန်ကုန် ကိုယ်စားလည် များသည် ငွေ့စက္ကူတွေ ကိုင်ကာ ထိုင်စောင့်ကြပါသည်။ တခါတခါ စာအုပ် ချုပ်ရာ ဌာနမှ လံချား တွေနှင့်တင် ယူလာသော စာအုပ်အစီးများကို သူ့ထက်ငါအလုအယက်ဖြစ် နေကျသောကြောင့် နောက်ထပ် လံချား တစီး မရောက်လာမှီ အဆင်ပြေအောင် မျှမျှတတ ဝေပေး နေရပါသည်။

ကျမမှာ စာရေးရသည်က တဘက်၊ မျက်မှောက်၌ မြင်တွေ့နေရသော အထွေထွေအလုပ်ကိစ္စများ ကို အဆင် ပြေအောင် ပြုလုပ်ပေးရသည်ကတဘက်၊ တာဝန်တွေ သွက်သွက်လျက်ရှိပါသည်။ သို့ရာတွင် ၀ါသနာ ပါရာ လုပ်ငန်းထဲ၌ တွင်ကျယ်မှုရသဖြင့် ပင်ပန်းသည်မထင်ဘဲ စိတ်ထဲမှာကြေနပ် ခြင်းရှိပါသည်။ ကျမ စာအုပ်တိုက် မှ ပဌမဦး ဆုံးစထွက်သော ' ဂုဏ်မြင့်သူ' ခေါ်ဝတ္တုမှာ ၃-ကြိမ်တိုင် ပြန်လည် ရိုက်နှိပ် ပေးရသည် အထိ စာကြည့်ပရိသတ်က စွဲလန်းကြပါသည်။

ဆက်တိုက် ထုတ်ခဲ့ ရသော လုံးချင်းဝတ္ထုများ ဆက်ရန်
.

1 comment:

မြစ်ကျိုးအင်း said...

အမရွှေစင်ရေ အခုရောက်သလောက်အထိ ဖတ်ပြီးပြီ။
အပင်ပန်းခံပြီးတင်ပေးတာကျေးဇူးပါနော်