နေရှင်နယ်ဂျာနယ်၏ အယ်ဒီတာ
ထို့ကြောင့် နိုင်ငံရေးအခန်း ကဏ္ဍများများပါဝင်စေမည့် ဂျာနယ်တစောင်ကို ထပ်မံထုတ်ဝေပါဝင် စေမည့် ဂျာနယ်တစောင်းကို ထပ်မံထုတ်ဝေရန်ဖြစ်ပါသည်။ ၎င်းဂျာနယ်မှာ ကျမနှင့်ပုံနိုပ်တိုက်ရှင် တို့နှစ်ဦး ပေါင်းစပ် ၍ ထုတ်ဝေဖို့စီစဉ်ပြီး ဂျာနယ်၏အမည်ကို "နေရှင်နယ်" ဂျာနယ်ဟူ၍ရွေးချယ် လိုက်သည်။ ပုံနှိပ် ထုတ်ဝေခွင့် ကိုလည်းအရေးပိုင်ရုံးတွင် လျှောက်လွှာတင်လိုက်ပါသည်။ ထိုလျှောက်လွှာမှာ တာဝန်ခံ အယ်ဒီတာ အဖြစ်ကကျမ အမည်နှင့်ဖြစ်ပြီး ပုံနိုပ်မည့် တိုက်ရှင်က ပုံနှိပ်ခွင့်ပါ အတူတွဲ၍ယူရန် စာတင်သွင်း လိုက်ကြ ပါသည်။
ကျမတို့ဝတ္ထု,မဂ္ဂဇင်းများကို ရိုက်နှိပ်ပေးသော ပုံနိုပ်တိုက်၏ အမည်မှာဆိုင်းတန်းရပ်ရှိ ၀ဇီရာမဏ္ဍလ ပုံနှိပ်တိုက် ဖြစ်ပါသည်။ ပုံနှိပ်တိုက်ပိုင်ရှင် ဒေါ်ဒေါ်ရွက်တို့က ထုတ်ဝေသော ဟုမ္မရူး သတင်းစာ ၏ အယ်ဒီတာချုပ် မှာ ကျောက်မြောင်း အတွင်းဝန်မင်း၏ သား ဦးခင်မောင်ကြီး ဖြစ်ပါသည်။ ကျမရေး ပေးနေသော "ဟုမ္မရှုးလမ်းညွှန်" အခန်းကို တိုက်ရှင်နှင့် အယ်ဒီတာ မှ တပါး မည်သူ ရေးသည်ဟု အသိ မပေးဘဲ လျှို့ဝှက်ထားပါသည်။ သို့ရာတွင် နိုင်ငံရေးလှုံ့ဆော်မှု အရေးအသားများကြောင့် ထိုစဉ်က ခေတ်စား နေသော ပုဒ်မ ၁၂၄(က)နှင့် မကြာခဏ,ပွတ်ခါ, သီခါ ရှိသည်ဟု အစိုးရပိုင်းမှ ဂရုစိုက် စောင့်ကြည့် ခြင်း ခံနေရသည်။ မည်သူဟု လည်း စုံစမ်း နေကြသည်။ အချို့ကလည်း အယ်ဒီတာချုပ် ကျောက်မြောင်း ဦးခင်မောင်ကြီး သာလျှင် ဖြစ်ရမည်ဟု စွပ်စွဲကြသည်ဟုဆိုသည်။
ဟုမ္မရူး သတင်းစာနှင့် ပုံနိုပ်တိုက်ရှင် ဒေါ်ဒေါ်ရွက်၏ ခင်ပွန်းသည် ဦးစံမြမှာ ထိုအခါက အရေးပိုင်ရုံး စာရေးကြီး ဖြစ်၍ ရုံးပြင်ကန္နားကအတွင်း ကျသောသတင်းများကို ကြားသိရခြင်းဖြစ်ပါသည်။
အထက်ပါ အစီအစဉ်များအတိုင်း "နေရှင်နယ် ဂျာနယ်"အမည်နှင့် အရေးပိုင်ရုံး တွင် ပုံနှိပ်ထုတ်ဝေ ခွင့်နှင့် ရေစစ္စတြီ အမှတ် ယူသောအခါ ကျမအမည် အယ်ဒီတာနှင့် ပတ်ဗလစ်ရှာ ခေါ် ပုံနှိပ်ထုတ်ဝေသူ အဖြစ် မှတ်ပုံတင် လက်မှတ်ထိုးရန် အရေးပိုင်ရုံး သို့ပုံနှိပ်တိုက်ရှင်များနှင့် ကျမကိုယ်တိုင် လိုက်သွားရပါသည်။ လက်မှတ်ထိုး အမိန့်ရပြီးမှ မျက်နှာဖြူ လူမျိုးအရေးပိုင်က ကျမကိုကြည့်ပြီး ခင်ဗျားအသက်လဲငယ်တယ်၊ မိန်းခလေးလဲ ဖြစ်တယ်၊ အံ့သြစရာပဲ-ဟုပြောလိုက်သေးသည်။ ၎င်းအရေးပိုင်မှာ မစ္စတာဂရန့်ဖြစ်၍နောက် ဒုတိယ ကမ္ဘာစစ်ဖြစ်ခါနီး အချိန်အထိ ရန်ကုန်မြို့အတွင်းဝန် များရုံး ထိုအခါက (စက္ကရီတေရီယက် ခေါ်သည်) ၌ ရာထူးဌာန မင်းကြီးအဖြစ် အမှုထမ်း သွားသူ ပင်ဖြစ်ပါသည်။
ထိုခေတ်က မန္တလေးမြို့အတွက် အရေးပိုင်နှင့် ရာဇ၀တ်ဝန်ကြီးများကို မျက်နှာဖြူဘိလပ်သား အစစ်များသာ ခန့်ထား၍ မြန်မာထည်းကဆိုလျှင် ထိုခေတ်က ဒီဝိုငိအက်စ်ပီဟု အတိုကောက် ခေါ်လေ့ရှိသော ရာဇ၀တ် ၀န်ထောက် ကလေးနှင့် တရာမဋ္ဌာနကဆိုလျှင်လည်း နယ်ပိုင် ၀န်ထောက် ရာထူးရှိ သူများသာ ထားလေ့ ရှိပါသေးသည်။ ဒါတောင်မှ တခါတခါ မြန်မာနေရာကို အင်္ဂလိပ်ကပြား များအား အစားထိုး၍ ထားတတ် ပါသေးသည်။ ဒါမှလဲ မြန်မာများ အုပ်ချုပ်ရေးကို မနိုင်မနင်းသေး သဖြင့် ကိုယ်ပိုင် အုပ်ချုပ်ရေး ခေါ်သော ဟုမ္မရူးကို ရုတ်တရက် လွှတ်မပေးပဲ ဒိုင်အာခီ ခေါ် ပူးတွဲအုပ်ချုပ် ရေးနှင့် အစပျိုးယူရန်သာ သင့်သည်ဟု အဓိပ္ပာယ် ပေါ်လွင်လာစေမည့် အလှည့်ကလေးများ ဖြစ်သည်။
ယင်းသို့နေရှင်နယ်ဂျာနယ် ထုတ်ဝေရန် စီစဉ်နေချိန် ကြော်ငြာများထည့်၍ နယ်များနှင့် ဆက်သွယ် လျက် ရှိနေဆဲမှာပင် ထိုအချိန်က နိုင်ငံရေးကိုစတင်လှုံ့ဆော်ပေးရာ၌ ထိပ်တန်းမှပါဝင်လျက်ရှိသော ဦးဥတ္တမ ကိုယ်တော်ကြီး သည် မန္တလေးမြို့သို့ ကြွလာမည် ရှိရာ မန္တလေးမြို့က နိုင်ငံရေး ဂျီစီဘီအမ် အဖွဲ့ ကိုယ်စားလှယ် များ ဟုမ္မရူးစ် ခေါ်သော အဖွဲ့နှင့်တကွ ကုမ္မာရီအသင်းသူများ၊ ကိုယ်ပိုင်အုပ် ချုပ်ရေး လိုလားသော နိုင်ငံရေး စိတ်အားထက်သန်သူ ရဟန်း၊ ရှင်လူ များက သောင်းသောင်း ဖျဖျ ကြိုဆိုမည် ဖြစ်သည်။ ကြိုပြီး လှည့်လည် ဆောင်ကျဉ်း လာမည့် ခရီး တစ်လျှောက် မှာလည်း နိုင်ငံရေး ကြွေးကြော်သံ များနှင့် လှုံ့ဆော် ကြမည်ဟု အစီအစဉ် ပြုထားကြပါသည်။ ရှေ့မှ ဦးဆောင် ချီတက်မည့် သူမျုားမှာလည်း စိတ်ဓာတ် တက်ကြွ နေသော ဘုန်းတော်ကြီး များ ဖြစ်ပါသည်။
ဦးဥတ္တမ ကိုယ်တော် လှည့်လာသောနေ့တွင် မျက်နှာဖြူ အရာရှိများသည် လက်အောက်ခံ ပုလိပ် အရာရှိ များအား ဦးဥတ္တမ ကိုယ်တော် လှည့်လည်လာမည့် လမ်းတစ်လျှောက်၌ အစောင့်ချ ထားခြင်း၊ မူလ အစီအစဉ် ပြုထားသော လမ်းတလျှောက် မှ အချို့နေရာများကို ဖြတ်ကျော် မသွားရဟု တားဆီးခြင်း ကြောင့် အလွန် စိတ်ဓာတ်တက်ကြွနေသော လူထုလူအုပ် မှာ စိတ်ဆိုးလာသည် မခံချင်စရာ ကြွေးကြော်သံ များလည်း ပိုကဲလာသည်။ နိုင်ငံရေး လူထုသာမက နိုင်ငံရေးစိတ်ဓာတ် ထက်သန် နေသော ရဟန်းတော် များ ကလည်း ရှေ့ဆုံးမှ ဦးဆောင်လှည့်လည်လာကြရသူများဖြစ်၍ ပိုပြီး မခံမရပ်နိုင်ဖြစ်ကြသည်။
လမ်းမပေါ်မှ လှည့်လည်လာကြသော လူအုပ်သည် လမ်းဘေး လမ်းထိပ်များမှ စောင့်ကြည့် နေသော ပုလိပ် အရာရှိ များကို မြင်ကြတိုင်း အသံပို၍ ကျယ်လာကြသည်။ ယင်းသို့ လှည့်လာရင်း ကျောက်သွေးတန်း လူအစည်ကားဆုံး ရက်ကွက်သို့ရောက်သောအခါ ရှေ့မှ ပိတ်ဆို့ တားဆီးထား သော လမ်း တစ်နေရာသို့ ရောက်လာသည်။ ရှေ့ဆုံးမှ ချီတက်သော ရဟန်းတော် များ အများဆုံးမြို့ ဖြစ်၍ အင်အားမှာ အလွန် ကြီးမား လှပါသည်။ နောက်မှ လိုက်ပါလာသော လူအုပ်ကြီး ကလည်း တညီ တညာတည်း ကြွေးကြော်သံများ တစ်ခါ ချီတက် လာသည်။
ဤတွင်ရှေ့တန်းက ချီတက်သော ဘုန်းတော်ကြီးများနှင့် အစောင့်အတား ပုလိပ်အရာရှိများ ရုန်းရင်း ဆန်ခတ် ရိုက်ပွဲကြီး ဖြစ်သွားသည်။ ကျောက်သွေးတန်း ရပ်ကွက် တခုလုံး ရိုက်ကြ နှက်ကြ ပြေးလွှားကြနှင့် စစ်ပွဲကလေး ပမာ အထိတ်တလန့် ဖြစ်သွားကြတော့သည်။ သည်တိုက်ပွဲ၌ ဘုန်းတော်ကြီးများ နှင့် လှည့်လည်လာသော နိုင်ငံရေး အဖွဲ့ဝင်များ ဘာမှဖြစ်သည်ဟု မကြားရသော် လည်း ပုလိပ်အရာရှိ အချို့ ထိခိုက်ဒဏ်ရာ ရခြင်း၊ အချို့ သေဆုံးခြင်း ဖြစ်ကြရသည်။
အရေးပိုင် မစ္စတာဂရန့်သည် ဤအချိန်မှစ၍ မန္တလေးမြို့ကို ခပ်ကြမ်းကြမ်း အုပ်ချုပ်သည်။ ပုဒ်မ၁၄၄ နေ၀င်မီးငြိမ်း အမိန့်ဆိုဒါတွေနှုင့်လည်း တားဆီးချောက်လှန့်လိုက်သည်။ သို့ဖြစ်၍ နောက်နေများ ဘာဖြစ်ဦးမည် မသိဟု တမြို့လုံး ချောက်ချားလျက် ရှိနေကြပါသည်။ နိုင်ငံရေး၏ ပထမ အစချီသော တိုက်ပွဲ ဖြစ်၍မြန်မာ အမျိုးသား သွေးတူသားတူ များ ဖြစ်ကြသော်လည်း အစိုးရ အမှုထမ်းပုလိပ် အရာရှိများနှင့် နိုင်ငံရေးသမား တို့မှာ ရန်သူပမာ တစောင်းစေးနှင့် မျက်ချေးကဲ့သို့ ဖြစ်လာ ကြသည်။
စုံထောက် အဖွဲ့ကလည်း လိုက်နိုင်သမျှ လိုက်၍် ရုန်းရင်းဆန်ခတ် ကိစ္စမှ ခေါင်းဆောင်မှု ပြုသူတို့အား အပူတပြင်း စုံစမ်းဘမ်းဆီးကြသည်။ နိုင်ငံရေး အငွေ့အသက်ရှိသော ပုံနှိပ်တိုက်များကိုလည်း အဆက် အသွယ် ဘယ်သူနဲ့ ရှိ,မရှိ လိုက်၍ စုံစမ်းကြသည်။ သို့ကြောင့် တမြို့လုံး ငြိမ်ဝပ်နေကြရသော အချိန်ပိုင်း ကလေး ဖြစ်နေ ပါသည်။ ဤအချိန်အခါမှာ ကျမတို့ စီစဉ်မှုပြုနေကြသော နေရှင်နယ်ဂျာနယ် ကိုလည်း အခိုက် အတန့် အားဖြင့် ဆိုင်းငန့် နေကြရပါသည်။
နေရှင်နယ် ဂျာနယ်ကိုသာ မဟုတ်သေး၊ ထုတ်ဝေလက်စ ရှိသော ကြည်တော်ဆက် ၀တ္ထု မဂ္ဂဇင်းကိုပင် နောက်တပါတ် အတွက် ရိုက်နှိပ်မည့် စာမူများ မပေးတော့ဘဲ ခေတ္တ ရပ်စဲထားရသည်။ မြို့ရွာ ချောက်ချား၍ အရောင်းအ၀ယ် များလည်း အခြေပျက် အနေပျက် ဖြစ်သွားသည်။ ပွဲလမ်းသဘင် ပျော်ရွှင် ဘွယ်ရာ များလည်း ခေတ္တခဏ တန့်နား သွားကြသည်။ ခါတိုင်း ဆိုလျှင် မန္တလေးမြို့မှာ ဘယ်နေရာ သွားသွား ဇာတ်, အငြိမ့်, ရုပ်သေးများ တချိမ့်ချိမ့် တွေ့ရသော မြို့ဖြစ်ပါသည်။
ဘုရားပွဲ, ဆွမ်းတော်ကြီးပွဲ များ ပေါများ သလောက် ဘုရားပွဲ, ဆွမ်းတော်ကြီး ကပ်ပွဲမှန်လျှင် ဇာတ်၊ အငြိမ့်၊ ရုပ်သေး များ ပါရသည်။ မင်္ဂလာဆောင် ဆိုလျှင်လည်း အငြိမ့် ပါရသည်။ ရှင်ပြု နားထွင်း အလှူဆိုလျှင် အငြိမ့် သာမက ဆိုင်းရော၊ ဇာတ်ရော တတ်နိုင်သလောက် ထည့်ကြသည်။ ယုတ်စွအဆုံး ဇာတ်၊ အငြိမ့် များသည် သေတ္တာဖွင့် ဆိုပြီး အလကားပင် ကပြလေ့ရှိကြသည်။ ထိုမျှ စည်ကား ဆူညံ ဆိုင်းသံ ဗုံသံ မစဲသော သဘင်ပညာသည် ပေါလှသည့် မြို့ဖြစ်သော မန္တလေး၏ ညအချိန်များမှာ ကြောက်စရာ ကောင်းအောင် ငြိမ်သက် တိတ်ဆိတ်လျက် ရှိပါသည်။
ယင်းသို့သော အခြေအနေ အရပ်ရပ်တို့ကြောင့် ခေတ္တ ရပ်နားလိုက်ရသော ကျမ၏ အလုပ်များကို ပြန်ကိုင်ရ နိုးနိုး စောင့်မျှော်ခဲ့ရာ နေ့ရက် အချိန်တွေ ကုန်၍သာလာသည်၊ ဂျာနယ် ထုတ်မည့် သူကလည်း စိတ်ပျက် သွားပြီး ကျမ၏ ၀တ္ထုမဂ္ဂဇင်း အတွက်လည်း ငွေဆက်၍ လိုက်နိုင်စေကာမူ ဆက်လက်ထုတ်ဝေသွားရန် ခန့်မှန်းချက် က တွက်သား မကိုက်သေးသဖြင့် အချိန်ကာလကို မျှော်ငေးစောင့်စားရင်းမှ လုံးဝ ရပ်ဆိုင်း လိုက်ရသော အဖြစ်သို့ ရောက်သွား ခဲ့ပါတော့သည်။
အလုပ်မရှိလျှင် မနေတတ်သူ
စာရေးရန် အလုပ်ရပ်နားထားရသောအခါ မနေတတ်၊ မထိုင်တတ် ဖြစ်သွားပါသည်၊ အချိန်ပို တွေ များနေသောကြောင့် ဇာထိုးပန်းချုပ်စသော လက်မှုပညာ အလုပ်တို့ကို ပြန်လုပ်ပါသည်၊ မိမိလက်ဖြစ် ဇာပန်း စသည့်တို့ကို အိမ်သုံး အတွက် လှလှပပ ပုံအသစ်အဆန်း ထွင်သုံးရာမှ ထိုအသစ်အဆန်းတို့ကို များများကြီး ထိုးချုပ် ပြုလုပ်ပြီး ကုန်တိုက် တွေမှာ ကော်မရှင်နှင့် အပ်၍ ရောင်းချစေပါသည်၊ သို့အတွက် ကုန်ဆိုင် စတိုးဆိုင် များတွင် ကျမလက်ရာ ဖြစ်သော ရေခဲချည်စောင်၊ တက်တင်းဇာများ၊ ပုတီးစေ့ လက်ပွေ့အိတ်၊ ပိုးပွင့်ထိုး နှင့် ဆီဆေး၊ ရေဆေး ပန်းရေးလုံချီတျွေမှာ ရောင်းခန်းအလှပြ မှန်ဘီရိုများ၌ အမြဲမပြတ် တွေ့မြင်နိုင်ပါသည်၊ မစွန့်နိုင်သော ၀တ္ထု ရေးလိုသည့် စိတ်ကလည်း ရှိသဖြင့်၊ လက်က ဇာထိုးရင် တွေးမိသမျှ အချက်အလက် အကွက်အခန်းများ ရလျှင် လုပ်လက်စအလုပ်ကို ရပ်ခါ စာရွက်နှင့်အပ်၍ ရေးမိ ပါသည်။
သို့နှင့် ရေးပြီးသော ၀တ္ထုများရှိလာသောအခါ ဆုပေး၍အမြေဲခေါ်ထားသော သူရိယမဂ္ဂဇင်းကိုဘဲ ထပ်ပို့မိပါ သည်၊ ဒဂုန်မဂ္ဂဇင်းကလည်း ဒုတိယအကြိမ် တိုးချဲ့စီစဉ်သည့် အနေနှင့်ဝတ္ထုပြိုင် ပွဲ ပြန် လုပ်သဖြင့် ကျမ၏၀တ္ထုတခုကို ထပ်ပို့လိုက်ပါသည်၊ သည်အချိန်တုန်းက အပြင်အကမှ မဂ္ဂဇင်းထုတ်ဝေသူတို့နှင့် ကျမသည်တယောကနှင့်မှ အသိမိတ်ဆွေမရှိခဲ့ပါ၊ မိတ်ဆွေဖြစ် မျက်နှာသိဖြစ်၍ မျက်နှာလိုက်ပြီး ထည့်ပေးခဲ့သောဝတ္ထုမျိုးနှင့် တခါမှမကြုံရဘူးဘဲ ပြိုင်ပွဲ တို့မှာသာပါဝင်ရခြင်းဖြစ်ပါသည်။
ပြိုင်ပွဲသို့မဟုတ် ဆုပေးမည်ဟု ဖိတ်ခေါ်ခြင်း မရှိသော အချိန်မျိုးမှာလည်း အကြောင်းမဲ့ စာမှုကို ရေးပို့ရန် အလွန် ရှက်စနိုးဖြစ်မိသည်၊ ၎င်းဇွဲ၎င်း မာနကလေးမှာ ထိုအခါက စွဲကပ် အမြစ်တွယ် နေသောကြောင့် စာမူ ကိုယူပါ, သုံးပါဟု ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ ဘယ်ထုတ်ဝေသူ များထံသို့မှ မပို့ခဲ့ဘူးပါ၊ ဒဂုန်မဂ္ဂဇင်း ဒုတိယ အကြိမ် ဆုပေးပွဲမှာလည်း ကျမပို့လိုက်သော ရွှေဒေါင်းညိုခေါ် ၀တ္ထုမှာ ပဋ္ဌမ ရရှိပါသည်၊ ၎င်းမှာ မြန်မာအဆွေကုမ္ပဏီ မှ ရိုက်ကူးသော မှိုင်းဝေေ၀ရုပ်ရှင် ဇာတ်ကား ၏ တနည်းတဖုံ ကြော်ငြာခြင်းနှင့် ဆက်သွယ် စပ်ဆိုင်သော ၀တ္ထုပြိုင်ပွဲသာ ဖြစ်ပါသည်။
ရွှေဒေါင်းညို ၀တ္ထုပါရှိပြီးသည့် နောက်ပြိုင်ပွဲ မရှိပြန်၍ ၀တ္ထုမပြိုင်ဘဲ ရှိခဲ့ရာ ဒဂုန်မဂ္ဂဇင်း အယ်ဒီတာချုပ်က ကျမထံမှ ၀တ္ထုများ မပြတ်ပေးပို့ရန် စာရောက်လာပါသည်၊ ဤအခါမျိုး တွင်လစဉ် မဟုတ်သော်လည်း ၀တ္ထုပေါင်း ၁၀-ပုဒ်နီးပါး ပါဝင်ရိုက်နှိပ်ပြီးသည်အထိ ရေးပို့ပါသည်၊ သို့သော်ထိုဝတ္ထုများမှာ ဆုပေးဝတ္ထု တို့ကဲ့သို့ ငွေမရသဖြင့် ငွေတောင်းစာ ရေးရမှာလည်းရှက်သောကြောင့် နောက်ထပ် ၀တ္ထုရေး မပို့ဘဲ ခဏရပ် ဆိုင်း ထားပါသည်။
သို့ရာတွင် ဒဂုန်မဂ္ဂဇင်းကို လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီးဦးစီး၍ ထပ်မံချဲ့ထွင် လုပ်ကိုင်လာသော အခါကျမထံသို့ ၀တ္ထုပို့ပါရန် စာရေးပြန်ပါသည်၊ ထိုအချိန်က ဒဂုန်မဂ္ဂဇင်းမှာ မောင်သစ္စာ, ပီမိုးနင်း, ရွှေဥဒေါင်း, ဓူဝံ, ဦးဥာဏ, ဦးဇေယျနှင့် ဒဂုန်ခင်ခင်လေးတို့မှာ ဒဂုန်မဂ္ဂဇင်းမှ ခွဲထွက်၍ ကိုယ်ပိုင် ဂျာနယ် ထုတ်ကြသည်၊ လေးတရာဟု အမည်ပေးသည် ထင်ပါသည်၊ ကောင်းစွာမမှတ်မိပါ၊ ကျမ၏ ၀တ္ထုများ ပြတ်နေ ၍ပေးပို့ရန် စာမရောက်မှီက စိတ်ကူးရ၍ရေးထားသော ၀တ္ထုနှစ်ပုဒ်ခန့်နှင့် မြင်းကင်းစက် ထိုးပွဲတော် အကြောင်းများ မြင်းစီးရေး ၃၇-ချင်းရုပ်ပုံနှင့် သီချင်းများကိုလည်း စုဆောင်းရရှိ ထား၍ ဗဟုသူတအလို့ငှါ ခေတ်လူတို့ နားလည်နိုင်သော အသုံး အနှုန်းများ ဖြည့်စွက်ရေး သား စီစဉ်ထားပါသည်။
ထို့ပြင်လည်း ဟိုအချိန်တုန်းက မပေါ်ပေါက်သေးသော အိမ်သူက ညာမှတ်စရာအခန်း တခုအဖြစ် ထိုခေတ်က ခေတ်စားသလောက် လူတိုင်းစိတ်ဝင်စား စေမည့်ပန်းထိုး ပန်ဖေါက်- ဇာဖေါက်- ဇာချုပ်နည်း များကို လုပ်နည်းပုံစံများနှင့် တကွဒဂုန် မဂ္ဂဇင်း မှာ ထည့်သွင်းဖော်ပြရန် စီမံထားပါသည်။ ၀တ္ထုရေးခြင်း ဆောင်းပါး များ ရေးခြင်းကို ညဥ့်ဘက်တွင်ရေးသား၍ အချုပ်အလုပ်များကို နေ့ပိုင်းတွင်ပြုလုပ်ခါ အချိန်ကို နှစ်ပိုင်း ခွဲလိုက်ပါသည်။ သို့ကြောင့် စာရေးနေသည်ကို မြင်တွေ့သူနည်း၍ ချုပ်လုပ်နေသည်ကို တွေ့မြင် ရသူသာ များပါသည်။
တနေ့သောအခါ မန္တလေးမြို့ မြန်မာအဆွေ တိုက်ခွဲ ရှိ မန်နေဂျာဦးထွန်းမြိုင်နှင့် ဒုတိယမန် နေဂျာ ဦးဘမောင် တို့သည် ရန်ကုန်တိုက်ကြီးမှ အပူတပြင်း အကြောင်း ကြားစာအရ ကျမ ၏ လိပ်စာအတိုင်း ရှာဖွေပြီး ရောက်လာ ကြပါသည်၊ လက်ကိုင်ပုဝါ နှစ်ဒါဇင်နှင့် အခြားလက် ဆောင်ပစ္စည်းအချို့ပါ ရန်ကုန် တိုက်ကြီးမှ ကျမအတွက် ပို့လိုက်၍ လာရောက် ပေးကြကြောင်း နှင့် ဒဂုန်မဂ္ဂဇင်း အတွက် ၀တ္ထုများ ဆောင်းပါး များကို လစဉ် အမြဲတန်း ရေးသားပေးပို့ရန် တောင်းသောစာနှင့်တကွ ငွေရေးကြေးရေး နှင့် စာမှုပို့ရေး ကိစ္စ တို့ကိုပါ မန္တလေးမြို့ ရှိ မြန်မာအဆွေ ကုမ္ပဏီဆိုင်ခွဲက တာဝန်ယူ၍ ဆောင်ရွက်ပါမည်၊ ကျမ ကိုယ်တိုင် ငွေလာယူရခြင်း စာမှုလာပို့ရခြင်း မပြုရပါဟုဆိုလာ ကြပါသည်။
ကျမအဘို့မှာ ပတ်ဝန်းကျင်၏ တားဆီးချုပ်ချယ်မှုများ၊ ကဲ့ရဲ့ရှုံ့ချမှုများကြောင့် စာရေးသည်ကို ပြင်ပ လူများအား အသိမပေးဝံ့ခဲ့သော အကျင့်ကပါနေသဖြင့်၊ ယခုကဲ့သို့ စရေးဆရာမ တယောက်အဖြစ် နေရပ်ကို ရှာဖွေ မေးမြန်း၍ ရောက်လာကြသော လူစိမ်းတွေ နှင့် ရှေးဦးစွာ မျက်နှာချင်းဆိုင် တွေ့လိုက် ဆုံလိုက် ရသောအခါ ရာဇ၀တ်မှုတခု ကျူးလွန် မိသူကဲ့သို့ ထိတ်လန့်ကြောက်ရွံ့သလိုလည်း ဖြစ်သွားသည်၊ ရှက်သလို ရွံ့သလို မျက်နှာ တွေ ပူနေမိသည်။
ကြာကြာ ရင်ဆိုင်နေရမည်ကို စိုးရိမ်ကသူတို့ မြန်မြန်ပြန်သွားကြ ပါစေတော့ဟု ရှိပြီး ၀တ္ထု နှစ်ပုဒ်နှင့် ဇာထိုး, ပန်းချုပ်နည်းတွေ စိတ်ကူးရသလို စီစဉ်ချဲ့ထွင်ထားသော မြင်းခင်းစက်ထိုး ပွဲတော်မှ ရုပ်ပုံနှင့် သီးချင်းများ၊ ဒါးရေး ၃၇-ချင်း၊ လှေတော်တက်ရေး ၃၇-ချင်းစသည်များ ရေးသားပြီး စာမူ တချို့တ၀က် ပေးလိုက်ပါသည်။
ဒဂုန် မဂ္ဂဇင်းမှာ ရေးခဲ့ သမျှ ဆက်ရန်
.
No comments:
Post a Comment