မီးစက်ရှိရာသို့သွားပြီး ၀က်အူလှည့်၊ ပလိုင်ယာနှင့်ခွများကို ယူငင်ပါသည်။ ကျွန်မသည် ဗုံးကြီး ရှိနေသည့် ကျင်းဘက်သို့ သွားစဉ် "ဒီကိစ္စကိုဘယ်သူ့မှ အသိပေးလို့မဖြစ်ဘူး"ဟု မိမိဘာသာ သတိပေးနေမိသည်။ ကျွန်မသည် ကျင်းထဲသို့ဆင်းပြီး ဗုံးကြီးဘေး၌ ကုန်းကုန်း ကုန်းကုန်းနှင့် သွားနေ သည်ကို အသက်အရွယ် ရနေပြီ ဖြစ်သော ဂေါ်ရခါးကြီးက "ဆရာမကြီးက ကျုပ်တို့ နေတဲ့နေရာကို တစ်စစီ ဖြစ်သွားအောင် လုပ်မ လားလို့" ဟု မေးနေပါသည်။ ကျွန်မ ကိုယ်နှိုက်ကလည်း ထိုကဲ့သို့ပင် တွေးနေမိပါသည်။ ကျွန်မက "ရှင် လူတွေ ကို လျှောက်မပြောနဲ့ဦး" ဟု ပြောလိုက်ပါသည်။ ဂေါ်ရခါးကြီးသည် မည်သူ့ကိုမှ မပြော ပြဘဲ တာဝန် သိစွာဖြင့် အနီးရှိဆေးရုံမှလူနာများကို ဗုံးရှိသည့်နေရာနှင့်ဝေးရာ စာသင်ကျောင်းသို့ ရွှေ့ပြောင်းပေးခဲ့သည်။
ကျွန်မ၏ မျက်နှာပေါ်သို့ ချွေးသီးချွေးပေါက်များ စီးကျလာပါသည်။ ကျွန်မ၏ အ၀တ်အစားများမှာ လည်း ရေပိုက်နှင့် ရေပက်ခံ ထားရသလို ရွှဲနစ်နေပါသည်။ ဗုံးဘေးတွင်ရှိသော နတ်များကိုခွနှင့် လှည့်ဖြုတ်နေစဉ် ကျွန်မ၏ လက်များသည် ထိန်းမရအောင် တုန်လှုပ်နေပါသည်။ ကျွန်မသည် ရုပ်ပုံ ထဲတွင် ပြထားသည့် အတိုင်း စနက်တံ ဖြူး(စ်) ရှိမည်ထင်ရသောနေရာမှ နတ်ကိုခွဖြင့်လှည့်နေပါ သည်။ ခွတံနှင့် ဗုံးကြီး ထိမိသည့် အသံက ကျယ်လောင်လွန်းသဖြင့် ဗုံးကြီး ထပေါက် တော့မည်လား ဟု ထင်မိပါသည်။
ဘယ်လိုပင် ဖြစ်စေကာမူ ကျွန်မ ဖြုတ်နေသော နတ် ကတော့ အလွယ်တကူ ပြုတ်ပြီးပါလာပါသည်။ ဆောင်းပါး တွင် ပါသည့်အတိုင်း ဆက်လက် ဆောင်ရွက်ပြီးသော် အပေါ်သို့ တက်လာခဲ့ကာ ဆေးရုံသို့ ပြန်သွားခဲ့သည်။ လူနာများ စကားပြောဆိုနေသံများ၊ ညည်းညူနေသံများကို နားထဲတွင် မကြားမိပါ။ ဗုံးကြီး ဘယ်တော့ ထပေါက်မည်နည်း ဟု အသည်း တထိတ်ထိတ်ဖြင့် ကျွန်မနားစွင့် နေမိသောကြောင့် ဖြစ်ပါ သည်။
နောက် ၂နာရီခန့် ကြာပြီးနောက် ဂျော့(ခ်ျ) ဂရက်တီတစ်ယောက် ဆေးရုံသို့ ရောက်လာပါသည်။ သူက "ဟယ်လင်ရေ မင်းဆီမှာ မပေါက်ကွဲရသေးတဲ့ ဗုံးကြီးတစ်လုံး ရှိတယ်လို့ ငါ ကြားရတယ်၊ ဗုံးကြီးကို သွားကြည့် ရအောင် ငါနဲ့လိုက်ခဲ့ပါ"ဟု ပြောပါသည်။
ကျွန်မစိတ်ထဲတွင် မလုံမလဲဖြစ်နေပါသည်။ သူ့ဘက်သို့ လှည့်ပြီး "ကျွန်မ စနက်တံကို ဖြုတ်ပြီးပါပြီ"ဟု ပြန်ပြော လိုက်ပါသည်။
ဂျော့(ခ်ျ)သည် ချိုင့်ထဲတွင်ကျနေသော ဗုံးကြီးကိုသေသေချာချာ စစ်ဆေးကြည့်သည်။ စပ်ဖြဲဖြဲ မျက်နှာဖြင့် ဂျော့(ခ်ျ)က "မင်းလည်း မခေပါဘူး၊ စနက်တံ ပြုတ်သွားပါပြီ၊ ဒီဗုံးကြီး အန္တရာယ် မရှိတော့ပါဘူး" ဟု ပြောပါ သည်။
သူ့အား အသေးစိတ် မမေးတော့ပါ။ ကုသိုလ်ကံကောင်း၍ဖြစ်စေ၊ ဘုရားသခင် ကြည့်ရှုစောင့်မ၍ ဖြစ်စေ၊ စနက်တံကို ဖြုတ်ပြီးသွားပါပြီ။ ဗုံးကြီးမှ စနက်တံ ဖြုတ်နေစဉ် ကျွန်မတွင်ရှိသော စိတ်ဓာတ်ကို ကျွန်မဘာသာ ဖျက်ဆီးလိုက်ပါသည်။ ကျွန်မကြိုးပမ်းမှုသည် အချည်းနှီး ပါဟူသောစကားကို မကြားချင်ဆုံး ဖြစ်ပါသည်။ မပေါက်ကွဲ ရသေးသော ဗုံးများ ဖယ်ရှားရေး၌ ကျွန်မသည် ဂုဏ်ထူးနှင့် စာမေးပွဲအောင်ခဲ့ပါပြီ။ ဗုံးကြီး ကတော့ ကျင်းထဲတွင် ကြောက်စရာကောင်းသော သတ္တ၀ါကြီး တစ်ကောင် အိပ်ပျော်နေသလို တစ်မိုးတွင်း လုံး ရှိနေပေတော့မည်။
ဗုံးကြဲခံရပြီးနောက် တောင်ကြီးမြို့တွင် ဘာမျှ မကျန်တော့ပါ။ ကျွန်မတို့ ဈေးဝယ်နေကျ လမ်းမကြီး ပေါ်မှ ကုလားဆိုင်တန်းကြီးမှာလည်း ပြာကျနေပါပြီ။ ကျွန်မတို့ ၀ယ်နေကျဖျော်ရည်များ၊ ဘီစကစ်များ၊ လက်ဖက်ခြောက်နှင့် ကော်ဖီမှုန့်များ၊ အသားနှင့် ပြောင်းဖူး ရောစပ်ထားသော ဘူးများသည် လည်း ပြာပုံ အတိဖြစ်နေပါသည်. သကြားလုံးကအစ ရှူးဖိနပ်၊ လက်နှိပ်ဓာတ်မီးနှင့် ဓာတ်ခဲပါမကျန် ရောင်းချသော စက်ဘီး အရောင်းဆိုင်များလည်း မရှိတော့ပါ။ ရုပ်ရှင်ရုံကလည်း နောက်ထပ် ဇာတ်ကားသစ်ပြနိုင်တော့မည် မဟုတ်ပါ.၊
ကယ်တင်ရေး အဖွဲ့များက ဒဏ်ရာရသူများကို ဆေးကုသပေးရန် ရွေး၍ သယ်ဆောင် သွားကြသဖြင့် ကျန်နေရစ် ခဲ့သည့် လူသေအလောင်းများမှာ ကြည့်မကောင်း ရှုမကောင်း တုံးလုံးပက်လက် ဖြစ်နေ ကြပါ သည်။
တောင်ကြီးမြို့သူ မြို့သားများလည်း ကြောက်လန့် ကုန်ပါပြီ။ လူစုလူဝေးနှင့် လားရှိုးဘက်နှင့် အခြား ဘေးအန္တရာယ် ကင်းရှင်းရာ ဒေသများသို့ ရွှေ့ပြောင်း နေကြပါသည်။ စောစောက တောင်ကြီးမြို့သို့ ရောက်လာ ကြသော စစ်ပြေးများသည် လမ်းခရီး၌ ယူဆောင် သယ်ပိုးသွားရာ တွင် အခက်အခဲရှိမည့် ပစ္စည်း မှန်သမျှ ထားရစ်ခဲ့ပြီး တောင်ကြီးမြို့မှ တစ်ဖန် ပြန်လည် ထွက်ခွာနေ ကြပါသည်။ ကျွန်မထံတွင် မလိုချင် ပါဘဲလျက် တိရစ္ဆာန်ပေါင်းစုံ ရောက်နေကြပါသည်။ ခွေး၊ ကြောင်၊ ကြက်တူရွေး နှင့် ငန်းများ ဖြစ်ပါသည်။
ကျွန်မ၏ မိခင်ကို ဘေးကင်းရာသို့ ပို့ရန် အချိန်ဆွဲနေ၍ မဖြစ်တော့ကြောင်း နားလည်ပါသည်။ ဖခင် ကတော့ သူ အလွန်ချစ်သော တောင်ကြီးမှ တစ်ဖ၀ါးမှ မခွာဟု ဆုံးဖြတ် ပြီးပါပြီ။ သူ ဆုံးဖြတ်တာ မှားနေပြီဆိုပြီး သူ့ထံ သွား၍ နားချလျှင်လည်း ရတော့မည် မဟုတ်ပါ။ မိခင်ကလည်း ဖခင်ကို အဖော်လုပ်ပြီး နေရစ်ခဲ့ရန် အကြောင်း မရှိပါ။ သူတို့နှစ်ယောက် အတူတူပဲ နေရစ်စေကာမူ ဂျပန် များ အဖမ်းခံရပါက အတူတူ နေရန် အခွင့် အရေးက နည်းနည်းပဲ ရှိပါသည်။ မိခင်၏ အသားက ဖြူ သည်။ ဖခင်ကတော့ ဥရောပ တိုက်သား တစ်ဦး ဖြစ်စေကာမူ အသားက ညိုပါသည်။
ထိုညတွင် တိုင်းရင်းသား မြန်မာဆရာဝန်များသည် မျက်နှာငယ်ငယ်နှင့် သူတို့၏ အိမ်ခန်းသော့များ ကို လာအပ် ကြသည်။ သူတို့တစ်တွေ သွားကြတော့မည်ဟု လာပြောကြသည်။ ကျွန်မက သူတို့ကို အပြစ်မ တင်လိုပါ။ သူတို့တစ်တွေ ထွက်ခွာမသွားဘဲ အလုပ်တွင် နေရစ်ခဲ့ပါက သစ္စာဖောက်များ အဖြစ် မြန်မာပြည်၏ ကယ်တင်ရှင်များ၏ သေဒဏ်ပေးခြင်းကို ခံရနိုင်ပါသည်။ တိုင်းရင်းသူ ဆရာမ လေးဦး နေရစ် ခဲ့မည် ဆိုပါက ရန်သူက သူမတို့ တစ်တွေကို သတ်ပစ်နိုင်ပါသည်။ မုဒိမ်းကျင့် ခံရမည်ဖြစ်ပါသည်။ သူတို့ ကိုလည်း တာဝန် အကြောင်းပြ၍ တားရန် မဖြစ်နိုင်ပါ။
အရေး အကြောင်း ရှိလျှင် သူတို့တစ်တွေ ဆုတ်ခွာနိုင်ရေး အတွက် အာဏာပိုင်များက စီစဉ်ပေးထား ခြင်း မရှိပါ။ သူတို့သည် အသားအရောင် ကွဲပြားမှုကြောင့် သူတို့၏ ဘ၀ကြမ္မာကို သူတို့ဘာသာ ဖန်တီး ရတော့မည် ဖြစ်လေရာ သူတို့ ထွက်ခွာသွားကြမည်ကို ခွင့်လွှတ်ရမည်သာ ဖြစ်ပါသည်။ တာဝန်ကြီးကြီး လခ ကောင်းကောင်း ယူထားကြသော ဥရောပတိုက်သားများက ထွက်ပြေးနှင့် ကုန်ကြပြီဖြစ်၍ သူတို့တစ်တွေ အတွက် အကြောင်းပြ ကောင်းကြပါသည်။
တောင်ကြီးမြို့တွင် ထိုအချိန်က ကြွားစရာ မော်တော်ကား သုံးစီးရှိပါသည်။ ကျွန်မ၏ ဖခင်ပိုင် ဒေါ့(ခ်ျ) ကားအဟောင်း တစ်စီး ရှိသည်။ ရံဖန်ရံခါ သူနာပြုကားအဖြစ် အသုံးပြုသည်။ ပြင်ပလူနာ များအတွက် တက္ကစီ အဖြစ်လည်း အသုံးပြုပါသေးသည်။ အချိန်ကျလာ၍ တောင်ကြီးမြို့မှ စွန့်ခွာ ထွက်ပြေး ရလျှင် ဤကားကို သုံးမည်ဟု ရည်မှန်းထားသည်။ သို့သော် သိပ်မကြာပါ။ စစ်ဘက် အရာရှိတစ်ဦးက မော်တော်ကားကို သိမ်းယူလိုက်ပြီး သူ၏ ကိုယ်ပိုင်ပစ္စည်းများကို သယ်ဆောင်၍ လားရှိုးဘက်သို့ ထွက်သွား ခဲ့သည်။ ကျွန်မ၏ မိခင်နှင့် ဆေးရုံအတွင်း လူနာများထဲမှ ခရီးသွားနိုင် သူများ လွတ်မြောက် ထွက်ပြေးနိုင်ရန် မော်တော်ကားကတော့ လိုနေပါသည်။
အချိန်တွေကလည်း ကုန်လွယ်လှပါသည်။ မြို့ထဲတွင် ဘာမျှမကျန်တော့သည့်တိုင်အောင် လေယာဉ်ပျံ တွေ ဗုံးလာကြဲလိမ့်မည်ဟု ထင်မှတ်နေပါသေးသည်။ ရှာဖွေရေးအဖွဲ့များဖွဲ့၍ တောင်ကြီးမြို့ ပတ်ဝန်းကျင်၌ ရတတ် သမျှ ပစ္စည်းများကို ရှာဖွေစရာ လော်ရီကားပျက်ကြီးတစ်စီးကို ရှာဖွေတွေ့ရှိရာ ဆရာဝန် တစ်ယောက် က ကားပြင် တတ်သည်။ လူတွေကတာယာ၊ ဘက်ထရီ နှင့် ဓာတ်ဆီများကို ရှာဖွေ ယူငင် လာကြသည်။ လော်ရီ ၏ နောက်ဘက်ကြမ်းခင်းတွင် ဖျာများခင်း၍ ခွဲစိတ် ကုသ ပေးရန် အရေးတကြီး လိုအပ် နေသည့် လူနာများကို တက်စေသည်။ ယင်းနောက် ဆရာဝန်များ ဆရာများကို ပြွတ်သိပ် တက်စေသည်။
ကျွန်မကား ကားမောင်းသူအား "သူတို့အားလုံးကို လားရှိုးမြို့နဲ့ ကျွန်မ ညီမဆီ အရောက် ပို့ပေးပါ" ဟု ပြောပြီး ကားကိုထွက်စေခဲ့ပါသည်။ မေမေက ကျွန်မ ကိုယ်တိုင်အတူ လိုက်လိမ့်မည်ဟု ထင်မှတ် နေပါသည်။ ပါးစပ်က "သမီးရေ တက်လေ၊ ဟယ်လင်ရေ မြန်မြန်တက်ပါ" ဟု တကြော်ကြော် အော်နေ ပါသည်။ ကျွန်မက "ဖေဖေ နေကောင်းတာနဲ့ အမြန်လိုက်လာပါ့မယ်" ဟု ပြန်ပြောလိုက် ရသော်လည်း ဖေဖေသည် 'ကရိတ်မိုး' အိမ်ကြီးက တစ်ဖ၀ါးမှ ခွာမည် မဟုတ်သည်ကို သိထားပါသည်။
စိတ်ပျက် ၀မ်းနည်းစွာနှင့် ကျွန်မသည် ကားလမ်းမပေါ်၌ မတ်တတ်ရပ်နေမိပါသည်။ ကားပေါ်တွင် ရှိသော ၀န်နှင့်အားမမျှသဖြင့် လေးတွေကညွှတ်နေပြီး သွားလိုက်ရပ်လိုက် ဖြစ်နေပါသည်။ ကားပေါ်မှ လူများ ယိမ်းထိုးနေကြသည့် မြင်ကွင်းကသနားစရာပင် ကောင်းပါသည်။ မေမေသည် ငိုယိုပြီး လက်ပြ သွားပါသည်။ နောက်၃နှစ်ခွဲကြာမြင့်သည်အထိ ယခု မေမေ့ကို မြင်လိုက်ရခြင်းမှာ နောက်ဆုံး ဖြစ်ပါ သည်။
ကျွန်မ၏ လူနာများရှိသည့် ဆေးရုံသို့ ပြန်လာသောအခါ ကျွန်မကို ရှမ်းအမျိုးသမီး အိမ်ဖော် မစိန်ခေါ် အယ်နီကဆီးကြိုနေပါသည်။ သူ၏အမြဲတစေသန့်ရှင်းစွာ ၀တ်ထားလေ့ရှိသောထဘီနှင့် အင်္ကျီပေါ်တွင် သွေးများဖြင့်ပေကျံနေပါသည်။ ကျန်ရှိနေသေးသည့် လူမမာများ၊ လူနာများ အားလုံးသည် ကျွန်မတို့ နှစ်ဦး၏ တာဝန်လုံးလုံး ဖြစ်သွားပါသည်။ ကျွန်မသည် လားရှိုးမြို့သို့လိုက်သွားရန် စိတ်ထဲ၌ ဖြစ်ပေါ်လာခိုက် ပျက်စီးနေသော ပြတင်းပေါက်များကို ဖြတ်သန်းပေါ်ထွက်လာသည့် လူနာများ၏ မချိမဆံ့ ညည်းညူသံ များကိုသာ ကြားယောင်နေခဲ့ပါသည်။ ဂျပန်တွေ ကလည်း ထပ်ကာထပ်ကာ ပြန်လာကြပါသည်။
ကျွန်မနှင့် အယ်နီသည် အိပ်ပျော်ရင်း သတိလက်လွတ် လမ်းလျှောက်နေကြသူများကဲ့သို့ အလုပ် များကို လုပ်နေကြသည်။ မိမိတို့ စွမ်းအားရှိသမျှ ဒဏ်ရာ ရရှိလာကြသူများကို ပြုစု ကုသပေးပါ၏။ ဒဏ်ရာ ရသူများကလည်း ၀င်လာမစဲတသဲသဲ ဖြစ်နေပါသည်။ ဒဏ်ရာ အပြင်းအထန် ခံစားရသူများကို သက်သာ စေရန် အိပ်ဆေးထိုးပေးရသည်။ စားဆေး၊ ထိုးဆေး၊ သောက်ဆေးများကိုမူချွေတာ နေရသည်။ နေ့စဉ် လုပ်နေကျ သန့်ရှင်းရေးကိုမူ မလုပ်နိုင်ကြပါ။ လူနာဆောင်များတွင် ပေကျံနေသော သွေးများကိုသာ သန့်ရှင်း သွားစေရန် မီးသတ်ရေပိုက်ခေါင်းများနှင့် ရေပက်ကြသည်။
လောရီကားများမကြာမီ ရောက်လာကြပြီး လူနာများသယ်ဆောင်သောအခါ ကျွန်မပါလိုက်ပါ စောင့်ရှောက်ပေးရမည်ဟူ၍ ပြောထားသဖြင့် ဆုတောင်းပြီး စောင့်မျှော်နေကြစေကာမူ ပေါ်မလာ ကြပေ။ လူနာများ၏အခြေအနေကြောင့် ကျွန်မ မအားမလပ်အောင်ဖြစ်နေပါ၍ ကျွန်မ၏အသက် ဘေးအန္တရာယ် လုံခြုံမှု့ ကိုပင် လုံးဝ မစဉ်းစားမိပါ။
ကြိုတင်စီစဉ်သည့်သဘောဖြင့် ကျွန်မသည်ဆေးဝါးပစ္စည်းများကို အထုပ်ကလေးများထုပ်ပြီး ဆေးရုံ ပတ်ဝန်းကျင်၌ ခွဲဝေဖြန့်ဖြူးထားပါသည်။ သူခိုးဓားပြများလက်ထဲသို့ မကျရောက်စေရန် ကြိုတင် ကာကွယ် ခြင်း ဖြစ်ပါသည်။ သို့သော် ကျွန်မ၏ နည်းပရိယာယ်မှာ သဲထဲရေသွန်သလို အရာမရောက်ခဲ့ပါ။ သူခိုး ဓားပြများသည် ကျွန်မတို့ ၀ှက်ထားသမျှတို့ကို တွေ့ရှိသွားပြီး ယူဆောင်ကာ တောထဲသို့ ထွက်သွား ကြသည်။ ခွဲစိတ်ကုသသည့် ကိရိယာတန်ဆာပလာများကိုမူ တောင်းကြီး တစ်လုံးတွင် ထည့်ပြီး ကျွန်မ၏ မျက်စိအောက်မှ အပျောက်မခံဘဲ ထားခဲ့ပါသည်။
သင်သည် အလွန် ပင်ပန်းနွမ်းနယ်နေပါက မတ်တတ်ရပ်လျက် အိပ်ပျော်နေတတ်ပြီး အလုပ်များကို အလိုအလျောက် လုပ်နေတတ်သည့် အလေ့အကျင့်က သင်၏ လှုပ်ရှားမှုများကို ထိန်းချုပ်ထား သောကြောင့် သင်ဘာတွေ လုပ်နေသည်ကို အသိစိတ် မရှိပါဘဲလျက် သင်၏ အလုပ်များကို လုပ်ကိုင် သွားနိုင်ခဲ့သည်။
အယ်နီ၏ အကူအညီမပါဘဲ ကျွန်မအနေဖြင့် ဆေးရုံအလုပ်များကို အုပ်ချုပ်လုပ်ကိုင်သွားနိုင်မည် မဟုတ်ပါ။ အယ်နီမှာ လင်ရောသားပါ ပျောက်ဆုံးနေပါသဖြင့် စိုးရိမ်ပူပန်နေရသည့် အထဲမှာမှ မနားတမ်း အလုပ်လုပ် နေသူ ဖြစ်၍ ကျွန်မထက် ပိုပြီး ချီးမွမ်းထိုက်သူ ဖြစ်ပါသည်။
လူနာများ၏ အနံ့အသက်က ဆိုးရွားလှသည်။ ချေး၊ သေး အညစ်အကြေးများကို ကျွန်မတို့ နှစ်ဦး တည်း ဆေးကြော သုတ်သင်ကြရသည်။ ပိုးသေစေရန် ရေကို ဆူပွက်သည်အထိ ကျိုချက်ရသည်။ လူသေများကို မြှုပ်နှံကြရသည်။ ရောဂါ ကူးစက်ပြန့်ပွားခြင်း မရှိစေရန် အစွမ်းရှိသမျှ လုပ်ကိုင် ဆောင်ရွက်ကြရသည်။
ဆေးရုံကို မှောင်ချထားသဖြင့် နေ့နှင့်ည ဟူ၍ မကွဲပြားတော့ပါ။ အညစ်အကြေးများကို ရှင်းလင်းရ သည်က ၂၄နာရီ ပတ်လုံး နားရသည်ဟူ၍ မရပါ။ ကျွန်မသာ သူနာပြုဆရာမကြီး မဟုတ်ခဲ့သော် "ဒီဆေးရုံမှာ ဘာတွေ ဖြစ်နေတာလဲ"ဟု စိုးရိမ်တကြီး မေးမိမည်ဟု ထင်ပါသည်။
လူမမာများ၏ အခြေအနေ တိုးတက်မှု မှတ်တမ်းမှ တစ်ပါး အခြားမှတ်တမ်း မှတ်ရာများကို ရေးမှတ် နိုင်ခြင်းမရှိပါ။ ကျွန်မကိုယ်တိုင် သူနာပြုဆရာမလေးများကို တာဝန်ပေးလေ့ရှိသော နေ့စဉ်အသေးစိတ် မှတ်တမ်းစာအုပ်များ ထားရှိရန်ဆိုသည်မှာ အချိန်မရ၍ လည်းကောင်း၊ လူမရှိ၍ လည်းကောင်း မသွင်း နိုင်တော့။ နားချိန်ရ၍ ခေတ္တအိပ်ခွင့်ရသည်မှ တစ်ပါးအိပ်ရေး၀၀ မအိပ်ရပါ။ ကျွန်မမှာ အမြဲလိုလို ပင်ပန်း နွမ်းနယ်၍ နုံးချည့်နေပါတော့သည်။
ဟိုတုန်းက ကျွန်မလုပ်ခဲ့သည်တို့ကို ယခုအခါရေးရေးသာ မှတ်မိပါတော့သည်။ ကျွန်မ၏ဘ၀ တစ်သက်တာ တွင် အပြောင်မြောက်ဆုံး၊ အထက်မြက်ဆုံးအချိန်များ ဖြစ်စေကာမူ ရုပ်ပုံကားချပ်မှာ မှေးမှိန်နေပါသည်။ လူတွေကဟိုတုန်းက ဖြစ်ခဲ့တာတွေမေး၍ ပြန်ပြောပြသောအခါ ကျွန်မ၏ အတွေ့အကြုံများသည် လိမ်ညာ ခြင်းဖြစ်သည်ဟု အချို့ကယူဆကြပါသည်။ ကျွန်မလုပ်ကိုင်ခဲ့ သည်တို့ကို ပြန်လည် သတိ မရချင်တော့ပါ။ အမှတ်မထင် အသေးစိတ် အချက်အလက်များကို ဖုံးဖိ ထားမိကောင်း ထားမိပါသည်။ သတိရလေလေ ရင်နာ ရလေလေ အချိန်များ ဖြစ်ပါသည်။
နှစ်ပေါင်းများစွာ ကြာပြီးမှ တည်ငြိမ် လေးနက်စွာ ပြန်လည် စဉ်းစားလိုက်သောအခါ တစ်စစီ ဖြစ်နေ သော ရုပ်ပုံကားချပ်ကို သူ့နေရာနှင့်သူ ပြန်လည် ကပ်ပေးလိုက်သဖြင့် ရုပ်လုံး ပေါ်လာသလို ဖြစ်ရပါသည်။ နှစ်ပေါင်း များစွာ ကြာခဲ့သော်လည်း ယင်းအကြောင်းများကို တွေးမိတိုင်း မျက်ရည်ကျရပါ သေးသည်။
တစ်ကြိမ်တွင် ဂျပန်များက စစ်ဆေးရုံကို သဲသဲမဲမဲ အမြောက်များနှင့် ပစ်ခတ်နေပါသည်။ ကျွန်မတို့ နှင့် တစ်မိုင်သာသာခန့်ဝေးသော စစ်ဆေးရုံကိုမမြင်ရသည့် တစ်နေရာမှလှမ်းပစ်နေသော အမြောက် ကျည်ဆန် များ လေကို ခွင်း၍ လာနေသံ၊ ဘေးပတ်ဝန်းကျင်ရှိ တောင်များမှ ပဲ့တင်သံများ သည် ကျွန်မ၏ နားထဲတွင် ပွက်လော ရိုက် နေပါသည်။ ထိုအစဉ်အခိုက်
"ကျေးဇူးပြုပြီး မြန်မြန်လာပါ၊ ဟိုမှာ ဒဏ်ရာရထားတဲ့ စစ်သားတွေ ရှိနေတယ်"ဟု လူစိမ်း တစ်ယောက် ပေါက်လာပြီး ပြောပါသည်။
ကျွန်မမှာ ကိုယ့်အလုပ်နှင့် ကိုယ် မအားလပ်သဖြင့် ဤရက်များအတွင်း စစ်ဆေးရုံသို့ မရောက်ခဲ့ပါ။ ဂရုလည်း မစိုက်ခဲ့မိပါ။ ကျွန်မ စိတ်ထဲတွင် စစ်ဆေးရုံသည် တစ်နေရာသို့ ပြောင်းရွေ့သွားပြီဟုပင် ထင်နေမိပါသည်။ ယခုတော့ ကျွန်မ မျှော်လင့်မထားသော ကိစ္စဖြစ်ပေါ်လာသည်။ ကျွန်မကို လာခေါ်သော လူစိမ်းကတော့ မျက်စိအောက်က ပျောက်သွားပါပြီ "ဟိုမှာ ဘာတွေ ဖြစ်နေသလဲ။ လူနာတွေအတွက် ဘာတွေ လုပ်ပေးရမလဲ" ဆိုသည်ကို မျက်မြင် ကိုယ်တွေ့ဖြစ်ရန် ကိုယ်တိုင် သွားမှ ဖြစ်တော့မည်ကို ကျွန်မ သိပါသည်။
မည်သို့မည်ပုံ ရင်ဆိုင်ရမည်ကို မသိပါ။ ဒါဘာ ခန်းမကြီးအနီးတွင်ရှိသော စစ်ဆေးရုံသို့ အပြေး အလွှား သွားရောက် ခဲ့ပါသည်။ တံခါးမကြီးနှင့် နီးလာသောအခါ အဆောက်အအုံ အနီးအနား၌ အမြောက် ကျည်ဆန် များ တဖွဲဖွဲ ကျနေသည်ကို မြင်ရပါသည်။ ကျွန်မ ရောက်နေသော နေရာမှ ကြည့်လျှင် ဆေးရုံ၌ လူတစ် ယောက် မျှ မရှိသလို ထင်ရပါသည်။ အတွင်းသို့ ၀င်သွားသောအခါ ကယ်ပါယူပါ တစာစာ အော်သံ များကို ကြားရသည်။
ဒဏ်ရာအပြင်းအထန်ရနေသော အင်္ဂလိပ်စစ်တပ်မှ စစ်သားများနှင့် တရုတ်စစ်သားအချို့သည် ကြောက်ရွံ့ ထိတ်လန့် စွာဖြင့် သူတို့၏ ခုတင်များပေါ်၌ မှောက်နေကြပါသည်။ သူတို့သည် ခြေကျိုး လက်ကျိုးများ၊ ဗုံးဆန်၊ ကျည်ဆန် ထိမှန်ထား၍ ဒဏ်ရာ ပြင်းထန်စွာ ရထားသူများ ဖြစ်ကြပါသည်။
ကိုယ်လုံးကိုယ်ထည် ကြီးမားသော စစ်သားကြီး တစ်ဦးကမူ သူတို့ကို ပစ်သွားရကောင်းလားဟု ဆိုကာ ထိန်းမနိုင်သိမ်းမရ ချုံးပွဲချ ငိုနေပါသည်။ ကုလားစစ်သား တစ်ဦးကမူ အင်္ဂလိပ်စကား ပီသစွာဖြင့် "ကျွန်တော် တို့ ထမင်းမစားရတာ နှစ်ရက်ရှိပြီ၊ ဒီအဆောက်အအုံ အနှံ့ ပြေးလွှားပြီး ထမ်းစင်သယ်တဲ့ လူတွေများ ရှိမလားဟု အော်ဟစ်မေးမြန်း ရှာဖွေခဲ့ပါတယ်၊ ကျွန်တော် ကြောက်ကြောက်လန့်လန့် အော်လိုက်တဲ့ အသံကပဲ ကျွန်တော့်ဆီ ပဲ့တင်သံအဖြစ်နဲ့ ပြန်လာပါတယ်။ ဒီက လူတွေအတွက် တစ်ခုခုတော့ အမြန် လုပ်ပေးမှ ဖြစ်တော့မယ်၊ ဂျပန်တွေ ပစ်တဲ့အမြောက်က လက်တည့်နေတော့ မကြာခင် ဒီအဆောက် အအုံဟာ ကျွန်တော်တို့ မျက်စိထဲက ပျောက်သွားတော့မယ်"ဟု ပြောပါ သည်။
ကျွန်မသည် ကိုယ်လုံး ကိုယ်ထည် တောင့်တင်း၍ ကြည့်ပျော်ရှုပျော် အမျိုးသမီးတစ်ဦး ဖြစ်ပါသည်။ သို့သော် အစားအစာများကို မှန်မှန် မစားခဲ့ရသသည်မှာ ရက်ပေါင်းများစွာ ကြာမြင့်ခဲ့ရုံမျှမက ခြေကုန် လက်ပန်း ကျနေသော အခြေအနေတွင် ရှိပါသည်။ သူတို့အတွက် မည်သို့ မည်ပုံ ထိထိ ရောက်ရောက် လုပ်ပေးနိုင် လိမ့်မည် ဆိုသည်ကို လေးလေးနက်နက် မစဉ်းစားနိုင်ဘဲ ရှင်တို့ ကလည်း ကျွန်မကို ပြန်ကူညီပါ"ဟူ၍ ပြောလိုက် မိသည်။
ကျွန်မ ခံစားရသည်ထက် ယုံကြည်ချက်က ပိုသွားပါသည်။ အလွန်ပြင်းထန်သော ဒဏ်ရာများ ရထား ကြသဖြင့် မလှုပ်နိုင် မရှားနိုင် ဖြစ်နေသည့် လူနာများက ကျွန်မကို မည်သို့ ကူညီနိုင်မည် နည်း။ အရပ်၆ပေကျော်ခန့်ရှိ၍ ကိုယ်အလေးချိန် ၁၂စတုံ (၁၆၈ပေါင်)ခန့်ရှိ ပထန်လူမျိုး တစ်ဦးက "ကျွန်တော်တို့က လူကောင်ကြီးကြီးတွေ၊ ခင်ဗျားက ဘယ်လိုကူညီနိုင်မလဲ"ဟု မေးသည်။ ကျွန်မ ကလည်း "သိပ် စိတ်မပူပါနဲ့၊ တစ်နည်း နည်းနဲ့ ရအောင် ကူညီရမှာပေါ့"ဟု ပြန်ပြောသည်။
ဒဏ်ရာ အပြင်းအထန် ရနေသူများကို ပထမ ရွှေ့ရန် စဉ်းစားလိုက်ရာ ပထန်းကြီးမှာ တစ်ယောက် အပါ အ၀င်ဖြစ်၍ သူ့ကို စတင်ရွှေ့ရန် ဆုံးဖြတ်လိုက်သည်။ ကျွန်မသည် ပထန်ကြီး၏ ကုတင်ဘေး တွင် ထိုင်၍ ကျွန်မ၏ ပခုံးနှစ်ဘက်ကို သူ့လက်နှစ်ဘက်နှင့် မြဲမြံစွာ ချုပ်ကိုင်ထားရန် ပြောပါသည် အားယူနိုင်ရန် အသက်ကို ရှူသွင်းလိုက်၊ မှုတ်ထုတ်လိုက်နှင့် အကြာကြီး အချိန်ယူပြီးမှ ပထန်းကြီး ကို ပခုံးပေး 'မ' တင် လိုက်ပြီး တဖြည်းဖြည်း မတ်တတ်ရပ်ပါသည်။ အရက်မူးသမား တစ်ယောက် ကဲ့သို့ ယိုင်တိ ယိုင်တိုင် နှင့်ပင် သူ့အား ဘေးကင်းရာ ဗုံးခိုကျင်းသို့ ပို့ပေးနိုင်ခဲ့ပါသည်။
နောက်တစ်ခေါက်ခေါ်ထုတ်ရန် သွားရပြန်ပါသည်ဂျပန်များကလည်း စစ်ဆေးရုံသည်လုံးလုံး ပြိုကျသွားရန် အချိန်မည်မျှကျန်ပါသေးသနည်းဟု စဉ်းစားနေမိသည်။ ဒဏ်ရာ အပြင်းအထန်ရနေသော စစ်သားများကို ကျွန်မတို့ပြည်သူ့ဆေးရုံသို့ ရွေ့ပြောင်းရမည်ဆိုပါက တစ်ကြိမ်လျှင်တစ်ယောက်သာ သယ်နိုင်မည်ဖြစ်၍ ကျွန်မ မရှိခိုက်ကျွန်ရစ်သူတွေ အသက်၇ှင်နိုင်ပါ့မည်လားဟု တွေးမိသည်။ ကျွန်မ တွင်ကူဖော်လောင်ဖက် တစ်ယောက် တလေမှ မရှိသဖြင့် အကူအညီရရေးကို စောစောကတည်းက မျှော်လင့်မထားခဲ့ပါ။
လူနာကတစ်ဒါဇင်လား၊ ၁၀ ယောက်လား၊ ၈ ယောက်လားဆိုသည်ကိုမူ မမှတ်မိတော့ပါ။ ဆေးရုံနှင့် ဗုံကျင်းကို မနားမနေသယ်ပိုးနေပါသည်။ အားလုံးလိုလိုဗုံးခိုကျင်းထဲသို့ ပို့ပေးပြီးနောက် ပထန်ကြီးကိုပင် ကျွန်မ တို့ဆေးရုံသို့စတင်သယ်ဆောင်ပါသည်။ ဖြတ်လမ်းဖြစ်သော ဒါဘာဆုပေး ခန်းမဆောင်၊ ၎င်းနောက် ငွေတိုက်ဝင်း အတွင်းမှ တစ်ဆင့်ဆေးရုံသို့သယ်ရသည်။ သူ၏ ကိုယ်လုံးကြီး က လေးလံလွန်းသဖြင့် လမ်းတွင် ခဏခဏ ရပ်၍ အားရှိအောင်အသက်မှန်မှန်ရှုရသည်။
ကျွန်မအစိုးရိမ်ဆုံးမှာ သူ့ကိုပြန်ချပြီး တစ်ခါပြန်မလျှင် ရနိုင်လိမ့်မည်မဟုတ်ဟူသောာ အချက်ဖြစ်ပါ သည် တောင်ကြီးမြို့၌ မိုးရာသီတွင်ရေဆင်းမြောင်းဖောက်ထားပုံက အကူအညီဖြစ်လာခဲ့သည်။ မိုးသည်းထန်စွာ ရွာသွန်းချိန်၌ တရဟောစီးလာသည့်ရေများ အလွယ်တကူစီးဆင်းသွားနိုင်ရန် လမ်းဘေးတွင် ရေဆင်း ပိုက်များ သွယ်တန်းထားသည်။ အလွန်ခိုင်ခံ့သော ကွန်ကရစ်ပိုက်များဖြစ်ရာ လမ်းမပေါ်၌ ပိုက်က ၃ ပေခန့် မြင့် တက်နေပါသည်။ ကျွန်မသည်လမ်းတစ်လျှောက်လုံး၌ ပထန်ကြီးကို ရေဆင်းပိုက်ပေါ်တွင် တင်ပေး၍ အနား ယူပြီးပြန်ထမ်းသောအခါ မခက်ခဲတော့ပါ။
ကျွန်မတို့၏ ဆေးရုံသို့ရောက်သောအခါ မလှုပ်ချင်တော့ပါ။ အလွန်မောပန်းသွားပါသည်။ သို့သော်လည်း ဒီနေ့အဖို့ငါနောက်တစ်ခေါက်တော့ ပြန်သွားရဦးမယ်ဟု ဆုံးဖြတ်လိုက်ရပါသည်။ ကျန်ရစ်သော စစ်သား များကို အစားအသောက်များဝေငှပေးပြီး နောက်တစ်နေ့မနက်ပြန်လာပါမည်ဟု နှုတ်ဆက် ကတိ ပေးခဲ့ ရသည်။
ယင်းနောက်ဗုံးခိုကျင်းသို့ ပြန်သွားပြီးလူနာတစ်ဦးကို ခက်ခဲပင်ပန်းစွာ ဆေးရုံသို့သယ်ပိုးလာခဲ့ရသည်။ ကျွန်မ၏စိတ်ထဲတွင် ညာဘက်ရောက်လျှင် အမြောက်ပစ်ရပ်သွားလိမ့်မည်ဟု ထင်ခဲ့သည်။ ထင်သည့် အတိုင်းလည်း ရပ်သွားခဲ့၏ နောက်တစ်နေ့မနက်မိုးလင်းလျှင် လင်းချင်းဆေးရုံအတွင်းရှိ လူနာများ အားလုံးကိုဘေးကင်းရာ ဗုံးခိုကျင်းထဲသို့အရောက်ပို့ပေးမည်ဟူသော ဆုံးဖြတ်ချက် နှင့် ကျွန်မ ထွက်လာ သော အခါ အမြောက်ဆန် များက တဖွဲဖွဲကျလာပြန်ပါသည်။
လူနာတစ်ယောက်ကို ထမ်းပိုးပြီး အနည်းငယ်သာ လမ်းလျှောက်ရပါသေးသည်။ တံကောက်ကွေးကို ကျည်ဆန် လား၊ အမြောက်ဆန်အစအနလားမသိ လာမှန်ပါသည်။ သွေးတွေကလည်းစိုရွှဲနေပါသည်။ အလွန် မောပန်းနေ၍လား မသိပါ။ နာကျင်ရမှန်းမသိဘဲ စစ်သားကို ဗုံးခိုကျင်းသို့အရောက် သယ်ပိုး သွားနိုင် ခဲ့ပါသည်။ ကျွန်မ၏ဒဏ်ရာကို သွေးတိတ်အောင်လုပ်ပြီး ဆေးထည့်ရပါသည်။ ယင်းနောက် ဆေးရုံ အတွင်းရှိ လူနာများအားလုံး ကုန်စင်သည်အထိ ဗုံးခိုကျင်းထဲသို့ ပို့ပေးခဲ့ပါသည်။
ကျွန်မတို့ဆေးရုံ၌အဆုတ်ရောဂါဖြင့် ဆေးရုံတက်နေသော တရုတ်လူမမာအဘိုးကြီးတစ်ယောက် ရှိပါသည်။ ၎င်းအဘိုးကြီးကို ကျွန်မတစ်ယောက်တည်း လူနာများကို ထမ်းပိုးသယ်ဆောင်နေသည်ကို မကြည့် ရက်နိုင် သဖြင့် ကျွန်မထံလာရောက်ကူညီသည်။ သူ့ထံမှအကူအညီရလိမ့်မည်ဟု ကျွန်မထံ လာရောက်ကူညီသည်။ သူ့ထံမှအကူအညီရလိမ့်မည်ဟု ကျွန်မလုံးဝမျှော်မှန်းမထားခဲ့ပါ။ ကျွန်မတို့ နှစ်ဦးသည်အမြောက်ဆန်များ ရပ်သွားသည့်အချိန်အထိ ဗုံးခိုကျင်းထဲ၌ အတူနေခဲ့ကြပါသည်။
လူနာများအားလုံးရွှေ့ပြောင်းပြီးသော် ကျွန်မ၏စိတ်ထဲလုပ်စရာ လွယ်ကူသောအပိုင်းကတော့ ပြီးသွား ပြီ။ ခက်ခဲကြမ်းတမ်းသည့် အပိုင်းကအတွင်းရောက်နေသူ အားလုံးကိုကျွန်မ၏ ဆေး၇ုံသို့ရောက် အောင် သယ်ယူ ရပါဦးမည်။ ဒဏ်ရာရနေသူ မိန်းမသားတစ်ဦးနှုင့် လူမမာအဘိုးကြီးတစ်ဦးတို့၏ မလွယ်ကူလှသော အလုပ် တစ်ခုပင် ဖြစ်ပါသည်။
နွားလှည်းတစ်စီးတလေ ရမလားဟု အနီးပတ်ဝန်းကျင်တွင် ကြိုးစားရှာဖွေပါသေးသည်။ တိရစ္ဆာန်တွေ တစ်ကောင် မကျန် တောထဲရောက်သွားလေပြီလား။ စစ်ပြေးများကပင် ယူဆောင်သွာကြလေပြီလား မသိ၊ တစ်ကောင်တစ်မြီးမှပင် မတွေ့ရတော့ပေ။ သူတို့အားလုံးကို ထမ်းပိုးသယ်ယူသွားရုံမှတစ်ပါး အခြား နည်းလမ်း မရှိပြီ။ ချောင်းတဟွပ်ဟွပ်ဆိုးနေသော တရုတ်အဘိုးကြီးက လူနာများကို ကျွန်မ ကျောပေါ် တင်ပေးပြီး စောင်နှင့်တင်းတင်းကျပ်ကျပ်ချည်နှောင်ပေးပါသည်။ ကျွန်မက လူနာများကို တစ်ယောက်ပြီး တစ်ယောက် ချီပိုးပြီး ဆေးရုံသို့သယ်လာခဲ့သည်။
ဆေးရုံသို့လူနာများကို သုံးလေးကြိမ်မျှ ထမ်းယူသယ်ဆောင်ပြီးနောက် ကျွန်မ၏ ဒဏ်ရာပြင်းထန်စွာ ရနေသော စစ်သားကတစ်ခွန်းတလေမျှ ညည်းညူခြင်းမပြုဘဲလျက် ကျွန်မက သည်းနေ၍မဖြစ်ပါ။
သူတို့ကပင် ကျွန်မကို နီးလာပြီ နီးလာပြီ ဟု မှန်မှန်အားပေးနေကြပါသေးသည်။ အခေါက်တိုင်းတွင် ကျွန်မတို့သည် ရေဆင်းပိုက်များကို အားကိုးရပါသည်။ အကြိမ်ကြိမ်ပင် ကျွန်မကိုယ်ပေါ်၌ သယ်ပိုးလာ သောဝန်ထုပ်ကိုချပစ်ရန် စိတ်ကူးပေါက်မိပါသည်။ ဆေးရုံသို့ပြန်ရောက်လာသောအခါ တစ်ကိုယ်လုံး ခဲပေါက်ခဲထားရသလို နာကျင်ကိုက်ခဲနေပါသည်။
စစ်သားခြောက်ဦးကို ဆေးရုံသို့ခလုတ်မထိ ဆူးမငြိပို့ပေးပြီးနောက် အယ်နီကိုခြေထောက်မှ အနာအား ဆေးထည့်ခိုင်းရပါသည်။ အယ်နီက သူလည်းလိုက်လာလိုကြောင်း ပြောစေကာမူ ဆေးရုံ အတွင်းရှိ လူနာနှင့်လူမမာများကို စောင့်ရှောက်ရန် တစ်ယောက်ယောက်ရှိနေမှ ဖြစ်မည်မို့ နေရစ်ရန် ပြောသော် လည်း သူက ခေါင်းမာနေပါသည်။ နွေရာသီ ပူအိုက်သော အခါများ၌ မျက်နှာဖြူများ နှင့် သူတို့၏ သားသမီး များခရီး သွားကြသောအခါ ဝေါယာဉ်ကို အသုံးပြုသလို ကုလားထိုင်တစ်လုံးရှာပြီး လုပ်ရလျှင် မကောင်း ဘူးလားဟု အယ်နီကအကြံပေးသည်။
ကျွန်မသည်ဆေးရုံဝင်းထဲ၌ ကုလားထိုင်များကို လိုက်လုံရှဖွေရာတွင် ကြိမ်ကုလားထိုင်တစ်လုံးကို သွားတွေ့ သည်။ ၀ါးလုံးများနှင့်ကုလားထိုင်ကို သေချာစွာချည်တုပ်လိုက်သောအခါ မြင်းလှည်းတွင် ဘီးနှစ်ခု ကြားက ၀င်ရိုးတန်းလိုဖြစ်သွားသည်။ သယ်ပိုးရာတွင်ကျိုးများသွားမလားဟု တထိတ်ထိတ်ဖြစ် ခဲ့ရပါ သော်လည်း အလွန် ထိရောက်လှပါသည်။ ၀ါးလုံးများကိုရှေ့ဘက်မှ သယ်မရင်းကျွန်မသူနာပြု ဆရာမ အလုပ်လျှောက် ခဲ့စဉ် လူတွေ့မေးမြန်းရာ၌ ရွေးချယ်ရေးအဖွဲ့မှ လူကြီးတစ်ဦးက ကျွန်မကို ကြည့်ပြီး သူနာသူဆရာမ အလုပ်လုပ်ဖို့ သိပ်ကို နုနယ်လွန်းပါတယ်ဟု မှတ်ချက်ချခဲ့သည်ကို သတိရနေမိပါသည်။
လူနာစစ်သားများရွေ့ပြောင်းရသည်မှာ ၄ ရက်တိတိကြာခဲ့သည်။ နောက် ၃ နှစ်ခွဲခန့်ကြာသောအခါ အလုပ် တာဝန်ကို ကျေပွန်စွာဆောင်ရွက်ခဲ့မှုနှင့် ရဲစွမ်းသတ္တိရှိစွာ ဆောင်ရွက်ခဲ့မှုတို့ကြောင့် ကျွန်မတို့ ဂျော့ခ်ျ် တံဆိပ် ချီးမြင့်သည်ဟု သိရပါသည် ဂျော့ခ်ျတံဆိပ်သည် ကျွန်မ၏ပိုင်ဆိုင်မှု အားလုံး၌ ဂုဏ်အရှိဆုံး။ အဖိုး အထိုက်တန်ဆုံး ဖြစ်စေကာမူ အချိန်ကိုပြန်ရွေ့၍ ရနိုင်မည်ဆိုပါလျှင် ထိုဆုတံဆိပ်အစား နွားလှည်း တစ်စီး ကိုပင် လိုချင်လှပါသည်။
ဆက်ရန်
.
No comments:
Post a Comment