Wednesday, February 10, 2010

မြန်မာပြည်၏ ဟယ်လင် အပိုင်း ( ၁၀)

လက်စီသည် ကျွန်ျမအပေါ်တွင် အလွန်သစ္စာရှိသည့် အပြင် လူသားတစ်ဦးကဲ့သို့ နားလည်မှုရှိပါသည်။ လူ့ဘ၀နှင့်အလွန် နီးစပ်သော ခွေးမပါ။ ကျွန်မ၏ဖခင်ထံသို့ လူကိုယ်တိုင်မသွားရောက် နှိင်သော အခါများ၌ စာရေး၍ သူမ၏လည်ပတ်တွင် ဆွဲပေးလိုက်သောအခါ ဖခင်ထံ တန်းတန်းမတ်မတ် သွားပြီး စာပေးတတ်ပါသည်။ ကျွန်မသည် လက်စီအသက်ရှင် သန်လာလိမ့်မည်ဟု မျှော်လင့်ချက် ကြီးကြီးမားမား မထားခဲ့ သော်လည်း လက်စီသည် တဖြည်းဖြည်းပြန်၍ သက်သာလာပါသည်။

သို့သော်ကြာကြာတော့် အသက်မရှည်ပါ။ ဂျပန်များ ရောက်လာကြ သောအခါ ခွေးမျိုး ဖြုတ်ရန် ကြိုးစား လာသည်။ ခွေးအမြီး ဖြတ်ပေးသော စစ်သားအား ဆုပေးသည့်စနစ် ဖြစ်သည်။ လက်စီ ကိုကျမက "ဂျက်"ဟု အော်လျှင် ပုန်းအောင်းနေရန် သင်ထားသည်။ လက်စီကလည်း ကျွန်မစကားကို နားထောင်ပြီး ဂျပန်များလက်မှာ လွတ်အောင် ပုန်းအောင်းနိုင်ခဲ့သည်။ သို့သော် ခွေးခွေးချင်း ကူစက်ပြီး ဖြစ်ပေါ်လာသော ရောဂါ ကိုမှု မကာကွယ်နိုင်ပဲ သေဆုံးသွားခဲ့၍ မြေမြှုပ်သဂြိုံဟ်ခဲ့ရပါသည်။

ကျွန်မသည် လူနာဆောင်များသို့ ပြန်လာခဲ့၏။ စိတ်ထဲတွင်မူ ဖခင်ထံသို့ရောက်နေခဲ့၏။ တရုတ်စစ် သားများသည် ဖခင်၏အိမ်သို့ ရောက်သွားခဲ့သော် မည်သို့ပြုကျင့်လေမည်နည်းဟု စိုးရိမ်နေသည်။ သို့သော် ကျွန်မသည် ဖခင်အား မည်သို့အကူအညီ ပေးနိုင်ပါမည်နည်း။ ကျွန်မအနေနှင့် ဖခင်ထံသွား ၍ တရုတ် စစ်သား များနှင့် တိုးမိသော် အသတ်ခံရမည်မှာ သေချာပါသည်။ အသက်အရွယ် အိုမင်းပြီး နာမကျန်း ဖြစ်နေသော ဖခင်အား တရုတ်စစ်သားများက အသက်ချမ်းသာခွင့် ပေးပါရန် ဘုရားသခင်ထံ ဆုတောင်း ရပါသည်။

ကျွန်မ၏ဖခင်ဘယ်လိုများ ဖြစ်နေပါလိမ့်ဟူ၍ စဉ်စားရန်အချိန်မရ တော့ပါ။ကျွန်မ နားထဲတွင် ထူးခြား သောဘာသာတစ်မျိုးနှင့် စိတ်လှုပ်ရှားစွာ ပြောဆိုနေသံများကို ကြားရသည်။ အပြင်ဘက်သို့ ထွက် ကြည့်သောအခါ ဂျပန်စစ်သားတစ်ခု ကျွန်မတို့၏ နေအိမ်ခန်းများဆီသို့ လာနေကြသည်ကို တွေ့ရပါ သည်။ သူတို့ကို ဦးဆောင်လာသူမှာ ပြောင်နေအောင်ပွတ်တိုက်ထားသော မြင်းစီးဖိနပ်ကို စီး၍ဓား ရှည်တစ်လက် ကို ခါးတွင်ချိတ်ဆွဲလျက် သစ်လွင်သည့် ယူနီဖောင်းကို ၀တ်ဆင်ထားသူ အရာရှိတစ်ဦး ဖြစ်ပါသည်။

သူသည် "ဗိုလ်တိုဘာယာရှီ" ဖြစ်ကြောင်းဖြင့် အင်္ဂလိပ်စကားပီပီသသဖြင့် သူဘာသာသူ မိတ်ဆက်ပါ သည်။ သူသည် လည်း တရုတ်စစ်သားများ ကဲ့သို့ပင် ကျွန်မကို အထင်လွဲ နေပြန်ပါသည်။ သူကကျွန်မ အား "မင်းဟာ အင်္ဂလိပ် မိန်းမသား တစ်ယောက်ပဲ၊ ဘာကြောင့် တစ်ယောက်တည်း ဒီမှာရှိနေရတာလဲ၊ မင်းဟာ သူလျှိုပဲ"ဟု ပြောလာပါသည်။

တရုတ်စစ်သား များကဲ့သို့ မဟုတ်မှုပဲသူသည် စကားကို တိုးတိုးသက်သာ ယဉ်ကျေး သိမ်မွေ့စွာဖြင့် ပြောဆို ပါသည်။ ကျွန်မက ဆင်ခြေဆင်လက် တက်စရာမလို၊ သူပြောတာ တကယ် မှန်ကန်သည် ဟူသော သဘောမျိုး နှင့် စွပ်စွဲနေခြင်းမျိုးပါ။ ကျွန်မကလည်း သူပြောနေတာ မှန်နေ သလိုလို ခံစားမိ သည်။ စောစော တရုတ်များ စစ်ဆေးခဲ့သလို ကြိမ်းမောင်းရန်လိုသည့် သဘောမျိုးကို မတွေ့ရသဖြင့် ရယ်စရာကောင်း နေသည်။

တရုတ်သည် ကျွန်မတို့၏ မဟာမိတ်ဖြစ်၍ ဂျပန်ကကျွန်မတို့၏ မဟာရန်သူ မဟုတ်ပါလား။
"ကျွန်မသာ သူလျှိုဖြစ်ရင် ဒီနေရာမှာ နေရစ်ခဲ့လောက်အောင် မိုက်မဲပါ့မလား၊ ကျွန်မဟာ သူနာပြု ဆရာမပါ"ဟု စိတ်ဆိုးမာန်ဆိုး ပြန်ပြောမိသည်။
"မင်း လိမ်ပြောနေတာပဲ၊ မင်းပြောတဲ့ လူနာတွေ ဆိုတာဘယ်မှာလဲ"
"ရှင်ကျွန်မနဲ့ လိုက်ခဲ့ပါ၊ ကျွန်မပြမယ်"

ဂျပန်စစ်ဗိုလ် သည် ကျွန်မကိုခေါင်းညိတ်ပြ၍ သူ့ကိုလမ်းပြရန် ပြေပါသည်။ ကျွန်မတို့သည် အခန်းမှ ၀င်းခြံ ကိုဖြတ်၍ ဆေးရုံသို့လာကြပါသည်။ လူနာကုတင်တန်းများ အကြားသို့ ခေါ်သွားပါသည်။ စစ်ဆေးရုံမှာ လူနာများ ရွှေ့ပြောင်းရာတွင် ကျွန်မကို အကူအညီပေးခဲ့သော တရုတ်အဘိုးကြီး ၏ ကုတင် အနီးသို့ ရောက်လာသောအခါ တရုတ်အဘိုးကြီးသည် အိပ်ရာထက်တွက် ကပျာကယာ ထထိုင်၍
"သူ့ကို ဘာမှ မလုပ်ပါနဲ့၊ သူနာပြုဆရာမ ပါ ရောဂါဝေဒနာ စွဲကပ်နေသူကို ကြည့်ရှု့စောင့်ရှောက်နေ တာပါ။ ကျုပ်ကတော့ တရုတ်လူမျိုး၊ ခင်ဗျာတို့ရဲ့ရန်သူပဲ၊ သတ်ချင်း သတ်ရင် ကျုပ်ကိုသတ်ပါ၊ သူ့ကို တော့ ဘာမှ ရန်မှရှာပါနဲ့"ဟု ပြောပါသည်။

စစ်ဗိုလ်က မည်သို့မျှ ပြန်မပြောပါ။ ကျွန်မကို ခေါင်းညိတ်ပြီး သူ့နောက်လိုက်ခဲ့ရန် ခေါ်သွားပါသည်။ ကျွန်မ၏ အခန်းသို့ ပြန်ရောက်သောအခါ ကျွန်မ ပြောပြသမျှ အချက်အလက် အားလုံးကို ဂရုတစိုက် နားထောင်ပြီး နောက် သူ၏ဓားရှည်ကို ဓားအိမ်အတွင်းမှာ ဟန်ပါပါဆွဲထုတ်ကာ ကျွန်မအားအလေးပြု ရင်း ပါးစပ်မှ "ခင်ဗျားဟာ အလွန်ရဲရင့်တဲ့ အမျိုးသမီးပဲ၊ ခင်ဗျားကိုကျွန်တော် လေးစားပါတယ်၊ ဂုဏ်ယူပါတယ်၊ ခင်ဗျား ကို ဘေးမသီ ရန်မခရအောင် ကျွန်တော်စောင့် ရှောက်ပါ့မယ်"ဟု ပြောပါသည်။

ဂျပန်စစ်ဗိုလ်က "သူသည် တောင်ကြီးမြို့ကို သိမ်းပိုက်ထားသော စပ်တပ်၏ တပ်မှူးဖြစ်ကြောင်း၊ ကျွန်မ၏ အလုပ် တာဝန်ကို ဆောင်ရွက်ရာ၌ မည်သူတစ်ဦးတစ်ယောက်မျှ ၀င်ရောက် အနှောင့်အယှက် မပေးရန် အမိန့်ထုတ်ပေးမည်" ဟု ပြောပါသည်။

ကျွန်မထံ စာရွက်လွတ်များ တောင်း၍ထုတ်ပေးရသည်။ ဂျပန်စာ နှင့် နို့တစ်စာ နှစ်စောင် ရေးပါသည်။ ရေနံဆီ သံပုံးကို သူ၏ဓာနှင့်ခုတ်ဖြတ်၍ သံပြားတစ်ခုစီပေါ်တွင် နို့တစ်စာ တစ်စောင်စီ ကပ်ပါသည်။ သံပြား တစ်ချပ်ကို ဆေးရုံအပြင်ဘက်တွင် ကပ်၍ အခြားတစ်ချပ်ကို ကျွန်မအခန်း အပြင်ဘက်တွင် ကပ်ရန် ဖြစ်သည်။

"ညဘက်မှာ သံပြားတွေနဲ့အတူ မီးအိမ်တစ်လုံးစီ ထွန်းထားပါ။ ဒါမှသာ ညအချိုန်တွေမှာ ထင်ထင်ရှား ရှား မြင်သာပြီး ဂရုတစိုက်ဖတ်မိကြမယ်၊ ငါရေးထား တဲ့စာကို ငါ့စစ်သားတွေ ဖတ်မယ်ဆိုရင် မင်းကိုသူ တို့ မနှောင့်ယှက်ဝံ့ပါဘူး"ဟု ပြောပါသည်။
ကျွန်မ၏ ခြေထောက်မှာဒဏ်ရာ အကြောင်းကိုသူ့အား ပြောပြသောအခါ သူသည်အလွန် စိတ်ပူသွား ပြီး သူ့တပ်မှာ ဆရာဝန်တစ်ဦးကို လွှတ်ပေးပါမည်ဟု ပြောပါသည်။
"တောင်ကြီးမြို့ မှာ တခြားဥရောပတိုက်သား တွေ ရှိပါသေးသလား"ဟု မေးပါသည်။

ကွန်ဗင့်ကျောင်း တွင်ရှိသော မီးခိုးခေါင်းတိုင်တစ်ခုမှ မီးခိုးတလူလူ ထွက်နေသည်ကို တွေ့ရသဖြင့် ဘုန်းကြီး တစ်ပါးနှင့် ပြင်သစ်လူမျိုး ခရစ်ယာန်မယ်သီလရှင်များ ရှိနိုင်ကြောင်း ကျွန်မက ပြန်ပြောပါသည်။ သူက ဘယ်လို သွားရသလဲဟု မေးသဖြင့်လမ်းညွှန် လိုက်ရပါသည်။ သူသည်ရုတ်တရက် ထရပ်ကာသူ၏ ခြေဖနောင့် နှစ်ခုကို ဆက်လိုက်ပြီးကျွန်မကို အလေးပြုထွက်ခွာ သွားပါသည်။
ခဏ ကြာသောအခါ သူသည်ပြင်သစ်လူမျိုး မာသာစူပီးရီးယားနှင့် အတူကျွန်မထံ ပြန်ရောက်လာခဲ့ သည်။ သူသည် ကျွန်မကိုပေးသော အခွင့်အရေးအတိုင်း မည်သူ တစ်စုံတစ်ယောက် ကမှ မာသာကြီး အား အနှောင့်အယှက် မပြုကြရန် တာဝန် ယူထားပါသည်။ သူသည် မာသာကြီးနှင့် ပြင်သစ်လို ရေရေ လည်လည် ပြောဆို နေပါသည်။

တိုတာယာရှီ သည် နောက်တစ်နေ့ နံနက်တွင်သူ၏ တပ်မှဆရာဝန်တစ်ဦးအား ကျွန်မခြေထောက်မှာ အနာကို စစ်ဆေး ကုသပေးရန် စေလွှတ်လိုက်ပါသည်။ သူသည် ကတိတည်သူ ဖြစ်ပါသည်။ ဆရာဝန် သည် ကျွန်မ၏ အနာကိုကုသပေးပြီးနောက် သူတို့တပ်မျာ ချီတပ်လာစဉ် လမ်းခရီး၌သူ၏ မျက်မှန်ကွဲ သွားသဖြင့် ပြင်ပေးနိုင်ပါမည်လောဟု မေးသည်။
ကျွန်မတွင် မျက်စိရောဂါနှင့် ပတ်သက်၍အတွေ့အကြုံ မရှိပါကြောင်း၊ သို့သော်ပြင်ပ လူနာဋ္ဌာနတွင် မျက်စိ များကို စမ်းသပ်ရန် အတွက်ပစ္စည်းကိရိယာ ရှိကြောင်းပြန်ပြောလိုက် သည်။ သူကမျက်မှန် လုံးလုံး မရှိတာထက် တတ်သလောက် မှတ်သလောက် သူ၏ မျက်စိကို စမ်းသပ် ပေးပါရန် ပြောပါသည်။

သူ့အား ကုလားထိုင်တစ်လုံးပေါ်မှာ ထိုင်စေပြီးခပ်လှမ်းလှမ်းရှိ ကတ်ပြားဘေးတွင် ရေးထားသောစာ လုံးများမှာ စာတစ်လုံးချင်းကို ထောက်ပြကာ မျက်စိတစ်လုံးချင်း မှန်တစ်ချပ်ချင်း အပြောင်းအလဲ လုပ်၍ ဖတ်ခိုင်း ရသည်။
သူက"ကောင်းကောင်းမထင်ရှားဘူး၊ မမြင်ရသေးဘူး၊ ဟော ဖတ်လို့ရပြီ"စသည်ဖြင့် ပြောပါသည်။ အချိန် ကြာမြင့်စွာ စမ်းသပ်ပြီးနောက် သူ၏စိတ်တိုင်းကျ မှန် နှစ်ခုကို ရွေးချယ်ပါသည်။ သူ၏ မျက်မှန် ကိုင်းဟောင်း ထဲတွင် မှန်အံဝင်ကျ ဖြစ်အောင် တပ်ပေးပြီး ပြုတ်ထွက်မသွားအောင် ၀ိုင်ယာကြိုးစများနှင့် တုပ်နှောင် ပေးပါ သည်။

ကျွန်မအတွက် ၀မ်းနည်းစရာ မလိုသောလုပ်ရပ်တစ်ခုပင် ဖြစ်ပါသည်။ ဆရာဝန်သည် တင်းကျပ်သော စည်းမျဉ်း ဥပဒေများ၊ စစ်အောင်နိုင်ရေး ရည်မှန်းချက်များထက် သူ၏အလုပ်တာဝန်ကို ပို၍ ဦးစားပေးသူ တစ်ဦး ဖြစ်ကြောင်း တွေ့ရှိရပါသည်။
ဗိုလ်တိုဘာယာရှီနှု့် ဆရာဝန်တို့က ဂျပန်ပြည်သည် လူမဆန်သောတိရစ္ဆာန်များ၏ ဒေသဟုကျွန်မ သတ်မှတ်၍ မဖြစ်အောင်အဖြေပေး နေကြပါသည်။ ကျွန်မ၏ လုပ်ငန်းများအနှောင့် အယှက်မရှိပဲ ဆောင်ရွက်နိုင်ရေးကို သူတို့နှစ်ဦးစလုံးက အစွမ်းကုန်ကူညီသည့် အပြင်ကျွန်မအပေါ်တွင် ကြင်ကြင် နာနာ ဆက်ဆံကြပါသည်။

သို့သော် သူတို့၏ အကောင်းဆုံးသည်ပင် အမြဲတမ်း ကောင်းနေသည်တော့ မဟုတ်ပါ။ ဗိုလ်တိုဘာယာ ရှီက ကျွန်မအပေါ်တွင် ဂရုတစိုက်ရှိမှု အနည်းငယ် ပျက်ကွက်သွားသည်နှင့် တပြိုင်နက်တည်း ကျွန်မ မှာ ဘေးအန္တရာယ် တစ်ရပ်နှင့် ရင်ဆိုင် ရပါတော့သည်။
ညနေ၅နာရီ အချိန်လောက်တွင် လူနာများအတွက်ချက်ပြုတ် ပြင်ဆင်နေခိုက် စက်ဘီးစီး၍ ကင်းလှည့် နေသော ဂျပန်စစ်သား နှစ်ဦးဆေးရုံသို့ ရောက်လာကြပြီး စက်ဘီးပေါ်မှာဆင်း၍ မီးဖိုခန်းထဲသို့ တန်းဝင် လာပါသည်။ သူတို့အရက်မူးနေကြသည်ဟု ကျွန်မထင်ပါသည်။ ဘာမပြောညာမပြောနှင့် သူတို့၏ လှံစွပ်များကို ဆုပ်ကိုင်လျက် ကျွန်မထံတန်းတန်း မတ်မတ်လျှောက်လာကြ သည်။ ကျွန်မ အနေနှင့် အမှတ်တမဲ့ ကြုံကြိုက် သွားခဲ့သဖြင့် ထွက်ပြေးရန် အချိန် မရတော့ပါ။

သူတို့ ယခုကဲ့သို့  တိုက်ခိုက်လာခြင်း၏ ရည်ရွယ်ချက်ကို ကျွန်မမသိပါ။ ဂျပန်စစ်သား များ အရက် အလွန် အကျွံ မူးခြင်းနှင့် မုဒိမ်းကျင့်ခြင်းတည်းဟူသော အလုပ်များမှာ မထူးဆန်းတော့ပါ၍ ယခုလည်း ကျွန်မအား မုဒိမ်းကျင့်ရန် ရည်ရွယ်ချက် ရှိပါလိမ့်မည်။ ဘာအကြောင်းပဲ ဖြစ်ဖြစ် ကျွန်မကို သူတို့ လှံစွပ် များနှင့် ကျွမ်းကျင်မှု ထက် အင်အားကိုအသုံးပြုပြီး ထိုးနှက်နေကြပါသည်။
ကျွန်မကလည်း ရှိသမျှအင်းအားဖြင့် သူတို့ကိုပြန်လည်း ရိုက်နှက် ကန်ကျောက် ပါသည်။

ကျွန်မ၏ ဗိုက်တွင် ပြင်းထန်သော နာကျင်မှု့ ကို ခံစားလိုက်ရသည်။ အချက်ပေါင်း များစွာ လှံစွပ်နှင့် ထိုးနေသည် ဖြစ်၍ တစ်ချက်မထိတစ်ချက် ကတော့ထိမည်သာ ဖြစ်ပါသည်။ ကျွန်မသည် နာကျင်နေရာကို လက်ဖြင့် စမ်းသပ်ကြည့်ရာ လက်ချောင်း များ အကြားတွင် သွေးများမြင်တွေ့ရသဖြင့်
"သြော် လူတွေသေကြတယ်ဆိုတာ ဒါမျိုးပါပဲလား"ဟု ကျွန်မကိုယ် ကျွန်မတွေးမိပါသည်။ ကျွန်မ ကိုယ့်   ကိုယ်  ကို ကာကွယ်နိုင်မည့် မဟုတ်သဖြင့် ကျွန်မ၏ အသက်ကို တမလွန်ဘ၀သို့ ပို့မည့် လှံစွပ်ထိုးချက်ကို သာ စောင့်ဆိုင်း နေမိပါတော့သည်။

ထိုစဉ် ကျွန်မ၏ နာမည်ကို ခေါ်လိုက်သော ဗိုလ်တိုဘာယာရှီ၏ အသံကြား ရပါသည်။ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ တင်း၍ သိကြားမင်းကြီး ဆင်းလာလေ ရော့လားဟု ထင်မှတ်ကာ ၀မ်းမြောက် ၀မ်းသာ၍ မဆုံး နိုင်အောင် ဖြစ်မိခဲ့ပါသည်။
ကျွန်မအတွက် ကုသိုလ်ကံကောင်းသွားပါသည်။ ဂျပန်စစ်သားနှစ်ဦးသည် ဗိုလ်တိုဘာယာရှီ၏ အသံကို ကြားသည်နှင့် အဆောက်အအုံအတွင်းမှ ရုတ်တရက်အားကုန် သုတ်ခြေတင်ထွက် ပြေးကြပါသည်။
ကျွန်မသည် နံရံကိုမှီ၍ ထိုင်နေပြီး သွေးမလွန်စေရန် ကြိုးစားနေစဉ် အခန်းထဲသို့ ဗိုလ်တိုဘာယာရှီ နှင့် သီလရှင် တစ်ဦး ၀င်လာကြပါသည်။
ကံကောင်းနေသည်မှာ သီလရှင်သည် လက်မှတ်ရ သူနာပြုဆရာမ တစ်ဦးဖြစ်နေခြင်းပင်။ သူမသည် (First Aid) ပထမပြုစုခြင်း ချက်ချင်း လုပ်ပေးပါသည်။ သီလရှင်က "ဒဏ်ရာသည် အပြင်တွင် ဆိုးရွားသော် လည်းဗိုက်သားအောက်မှ အဆီပြင်ကို ဖောက်ထွင်း မသွားသောကြောင့် စိုးရိမ်ဖွယ် မရှိကြောင်း" ဖြင့် နှစ်သိမ့် ပါသည်။ "ဒဏ်ရာကို ဂရုတစိုက်ကုသ ပါကမကြာမတင် ပျောက်ကင်းပါမည်" ဟု ပြောပါသေးသည်။
ဗိုလ်တိုဘာယာရှီမှာ အလွန် စိတ်ဆိုးနေပါသည်။ ကျွန်မ ကို နှိပ်စက်သွားသူ နှစ်ဦး မည်သည့်နေရာသို့ ထွက်ပြေး ကြကြောင်းကို သိချင်နေသည် သူတို့ကမန်းကတန်း ထွက်ပြေးသွားစဉ် မြင်တွေ့လိုက်သော အယ်နီက တစ်ဖက်ခြံ အတွင်းရှိချုံပုတ် မြင့်မြင့် တစ်ခု၏ နောက်ကွယ်တွင် ပုန်းအောင်း နေကြောင်း ပြောလိုက် ပါသည်။ အယ်နီမှာ ဂျပန်နှစ်ဦးအား အပြစ်ဒဏ်ပေးခြင်းကို မြင်လိုသည်။ ဗိုလ်တိုဘာယာရှီ သည် ဓားရှည်ကို ဓားအိမ်မှာထုတ်ကာ ဒေါသတကြီးနှင့် ချုံပုတ်ရှိရာသို့ သွားပြီး သူ့လူများကို ထွက်လာရန် အော်အမိန့် ပေးပါသည်။

သူတို့နှစ်ဦး သည် ခေါင်းများကို ငုံ့၍ ရှက်ကိုး ရှက်ကန်း မျက်နှာများဖြင့် ထွက်လာကြ သည်။ ကျွန်မကို အကြမ်းပတမ်းနှိပ်စက်ခဲ့ စဉ်ကဘီးလူး သဘက်စီးနေသော မျက်နှာထားမျိုး မရှိတော့ပါ။ တိုဘာယာရှီ သည် ဂျပန်နှစ်ဦးအား တိရစ္ဆာန်များသဖွယ် ကန်ကျောက်ရုံမက ဓားပြားနှင့်လည်း ရိုက်နှက်ပါသေးသည်။ သူတို့ နှစ်ဦး သည် သတိအနေအထားနှင့် မတ်တတ်ရပ်နေကြပြီး သူတို့ မျက်နှာပေါ်တွင် နာကျင်မှု တစ်စုံ တစ်ရာ ကို မပြကြပါ။

သတိုက ကိုင်ဆောင်လာကြသော ရိုင်ဖယ်များကိုထုတ်ပေးရန် အမိန့်ပေးသော အခါကျမှ ဂျပန်နှစ်ဦး မှာ မျက်စိ မျက်နှာ ပျက်သွားကြပါတော့သည်။ ၎င်းတို့နှစ်ဦးအား စက်ဘီး များထားခဲ့ပြီး တပ်သို့ ပြန်ရန် နှင့် နောက်မှ ၎င်းတို့အမှုကို စစ်ဆေးမည်ဟုအမိန့်ပေးလိုက်ပါသည်။

ဂျပန်လူမျိုးများ၏ ဓလေ့ထုံးစံ၌ မိမိကိုင်ဆောင်ထားသော လက်နက်ကို စွန့်လွှတ်ရခြင်းသည် ဂုဏ်သိက္ခာ ကျဆင်း စေသည် ဖြစ်၍ သေဒဏ် ခံရသည်ထက်ပင် ဆိုးပါသေးသည်။
ကျွန်မသည် သောတပန်တစ်ဦး မဟုတ်သောကြောင့် ဂျပန်နှစ်ဦးခံရသည့် အပြစ်ဒဏ်သည် ၎င်းတို့ခံ သင့် ခံထိုက်၍ ခံရခြင်းဖြစ်သည်ဟူ၍ သဘောထားလိုက်မိပါ၏၊ သေချာသည်ကတော့ ၎င်းတို့နှစ်ဦး စလုံးသည် တစ်သက်တာ တွင် အမျိုးသမီး တစ်ဦး တစ်ယောက် အား မည်သည့်အခါမှ စော်ကားဝံ့တော့ မည် မဟုတ်ပါ။

ဆက်ရန်
.

1 comment:

မောင်မောင် said...

မရွှေစင်ဦး ရေ
အင်မတန်ဖတ်လို့ အရသာတွေ့ တဲ့ စာလေးတွေတင်ပေးတာ ကျေးဇူးတင်ပါတယ်ဗျာ။
စာတကယ်ဖတ်လို့ ကောင်းတယ်ဆိုယင်လေ ကျွန်တော်
ကတော့ ထမင်းဟင်းထက် အရသာရှိတယ်လို့ ခံစားရ
တယ်။
ဖြစ်နိုင်ယင် စုစည်းပြီးတော့ pdf နဲ့ ဖြစ်ဖြစ်
mediafire မှာ upload လုပ်ပေးယင် သိပ်ကောင်းမှာပဲနော်။ :)
PS : ကျွန်တော် ကျန်ခဲ့တဲ့ နှစ်ရက် က အလုပ်မအားလို့  မလာဖြစ်တာပါ။ မနက်ဖြန်လဲ
ခရီးသွားရဦးမယ်။


အားပေးနေတဲ့ 
မောင်မောင်
ကဘူးမြို့ 