Wednesday, February 10, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆ဝ အပိုင်း (၁၅)

သောကတွေကြားမှ (ရီးစားဒမြ)

ကျမသည် ရုတ်တရက် ဘာမျှ မကြံမစည်တတ်အောင် ဒုက္ခခံနေရသည်။ နောက်ဆုံး အခြေအနေအရ အလွန် အရုပ်ဆိုးလှသဖြင့် အိမ်ပေါင် မှ ငွေထပ်ပေးရန် သံကြိုးပို့၍ မှာသော်လည်း တုတ်တုတ်မျှ မလှုပ် တော့ပါ။ ရန်ကုန်တွင် ရှာဖွေချေးငှါးရန်မှာလည်း အပေါင်ပစ္စည်းမပါက ရနိုင်မည် မဟုတ်၍ မကြံနိုင်အောင် ဖြစ်နေပါသည်။ မောင်ငယ်၏ မျက်နှာကိုမြင်ရသောအခါလည်း ရခါစ သူ့ဇနီးနှင့် ခွဲခွာထားခြင်း ခံရသောကြောင့် နေမထိ ထိုင်မသာ ရပ်တည်ရာမရ ရှိနေပါသည်။ သူ့ဇနီးသည်ကလည်း ထိုနည်း၎င်း၊ အကြောင်း မညီညွတ်မှုကို အရင်းထား၍ တကွဲတပြားစီ နေရသည်ကို တငိုငိုတရီရီ ဖြစ်နေ လေသည်။

ကြားမှ ဒါးစားခံ လိုက်လာရသော ကျမအဖြစ်ကလည်း စိတ်ငြစ်ငြူးနေရာက ကြိုးစားနိုင် သမျှ ကြံဖန်ကြိုးစား နေဆဲ ဖြစ်သည်။ ဤမျှ ဦးခေါင်း, စိတ်ရှုပ်ဖြစ်နေသည့်အထဲတွင် ရုပ်ရှင် ရိုက်ကူးရန် ဇာတ်ညွှန်း တခုကို အရေး တကြီးလို၍ ရေးပေးပါရန် အေ၀မ်း မောင်မောင်စိုးက နားပူလာပြန်သည်။ ဒီလောက်တောင် ဖြစ်လှတာ စိတ်ရှုပ်သမျှတွေ ခဏသက်သာရာ ရလေအောင်ဟု ကလောင်ကိုကိုင်ပြီး ညတိုင်း, ညတိုင်း ထိုင်၍ စာရေးပစ်လိုက်ရာ (ရီးစားဒမြ)ဆိုသော ဇာတ်ညွှန်းနှင့် ၎င်းဇာတ်ညွှန်းကို ၀တ္ထုသွားနှင့်ဖတ်ရန် ရွှေစွန်ညို ၀တ္ထုများအဖြစ် ပြီးစီးခဲ့သည်။

မဂ္ဂဇင်းဝတ္ထုများအတွက်လည်း မြန်မာပြည်၏ နယ်ခြား အရပ် ဒေသ၏ စွန့်စားသွားလာမှုများကို  အားပေး ထားသော ရွှေစင်ချောင်းဆိုသည့် ၀တ္ထုနှင့် ရွှေစေတီဆိုသော ၀တ္ထုများကို ရေးသား ပြီးစီးသွား ပါသည်။ ဤတွင်မှ စိတ်ရှုပ်လေ စာရေး၍ လက်တွေ့လေ ဖြစ်လာသော ကျမအဖြစ်ကို ပြုံးရယ်မိပါသည်။

သို့သော် ရီးစားဒမြ ဇာတ်ညွှန်းကို အပူတပြင်း ရိုက်လို၍ ရေးပေးရန် တောင်းဆိုသော ဦးမောင်မောင်စိုးမှာ ရှမ်းပြည် သွား၍ လူပေါင်း မြောက်မြားစွာနှင့် လှည်းဝိုင်းကြီးများ ပြုလုပ် ရန်အပြင် အခြား အသိုင်း အ၀ိုင်း များကြောင့် အချိန်ယူနေရင်းက သုံးနှစ်လောက်ရှိမှ ထိုဇာတ်ကားကို ရုံတင်ပြသနိုင်သည်။ သို့သော် ထိုဇာတ်ညွှန်း ထည်းမှ တခဏ်းတကဏ္ဍဖြစ် သော သီပေါမင်းပါတော်မူအခဏ်းကိုမူ ထုတ်နှုတ်၍ အောင်သပြေခေါ် ဇာတ်ကားတွင် ထည့်သုံး ရိုက်ကူးထားကြောင်း ဦးမောင်မောင်စိုးက ပြောပြပါသည်။ ထို့ကြောင့် ရီးစားဒမြ ဇာတ်ကား မပြမှီ အောင်သပြေ ဇာတ်ကားက တနှစ်ကျော်မျှစော၍ ရုံတင်ပြသရာ နောက်ပိုင်း မှာ ၎င်းဇာတ်ကားကို နိုင်ငံရေးသွေးပူရန် ထိုးဆွပေးသည်။ အင်္ဂလိပ်အစိုးရကို မုန်းတီး စေသည်ဟု ယူဆပြီး မပြရဟု ပိတ်ပင်ခြင်း ခံရပါသည်။

ကျမ စာရေးနေသော ရက်ပိုင်းအတွင်းမှာ ကိန္နရာချောင်းခြား ဇာတ်ထုပ် ခင်းနေကြသူများ သည် သူတို့ အိမ်သူ အိမ်သားအတွင်း လူအချို့၏ အကူအညီနှင့် ပိတ်ထားသော နောက်ဖေးတံခါးသော့်ကို ဖျက်၍ ဒုတိယ အကြိမ်မြောက် ထွက်ပြေးကြပြန်ပြီဟု သိရပါ သည်။ ဤအကြိမ်မှာတော့ သူတို့သည် မိန်းခလေး၏ ဖခင်နှင့် အမျိုးများ ရှိရာဖြစ်သော မြစ်ဝကျွန်းပေါ်အရပ်ရှိ မြို့တမြို့သို့ ထွက်သွားကြကြောင်း။
၎င်းတို့နှင့် လည်း ပြေပြေလည်လည် ရှိနေပြီ ဖြစ်ကြောင်း စာရေးပို့ လိုက်မှ သူတို့နေထိုင်ရာ ဌာနကို သိရ ပါသည်။ သူတို့ဖြစ်ရပ်မှာ လူငယ်ဘ၀ ဂမူးရှူးတိုး အချစ်ပြင်းထန်မှုကြောင့် နောက်ဆက်တွဲ စွန့်စားမှု ပြုလိုက်ကြခြင်း သာ ဖြစ်ပါတော့သည်။

သူတို့ကိစ္စကို သူတို့ဘာသာ ဖြေရှင်း လိုက်ကြခြင်းဖြင့် ကျမ ဘာမှနောက်ထပ် လုပ်ကိုင် ဆောင်ရွက်စရာ မရှိတော့ပါ။ မိန်းခလေးမိခင်ကလည်း သ္မီးကို သြဇာမညောင်းသည့် အတွက် အမျက်ထွက်နေရသည်။ ဇာတ်ညွှန်း ရေးခ ရလာသော ငွေသုံးလေးရာမှာလည်း သုံးစရာအကွက် မပေါ်တော့ပြီ၊ သို့ကြောင့် မန္တလေးမှ အိမ်အငှားနေမည့် လူသစ်ကို စကားပြောရန် မပြီးပြတ်ခဲ့၍ ခေတ္တပြန်လာခဲ့ပါသည်။ သို့သော် လူသစ်များက မစောင့်နိုင်၍ တခြားအိမ်တခု ငှါးသွားရာ အိမ်ကို သည်အတိုင်း ပစ်မထားလိုသေး၍ ခေတ္တ စောင့်ဆိုင်း နေစဉ် မောင်ငယ်တို့လင်မယားက ဘွားကနဲ ရောက်လာကြပြန်သည်။ သူတို့အပြောမှာ ကျမနှင့်သာ အတူ နေလိုသည်ဟု ဆိုပါသည်။

မှော်ဆရာမှတ်တမ်း

သို့ကြောင့် ပြန်ချီ, သွားချီနှင့် ဒုက္ခများလှသည် မန္တလေးမှာဘဲ ခေတ္တခဏ နေဦးမည်ဟု ဆုံးဖြတ်ခါ မောင်နှမသုံးဦး အိမ်ဖေါ်သူငယ်မတဦးနှင့် အတူ နေကြပါသည်။ မောင်အငယ် အား ကိုယ်စားလှယ် အလုပ်တခုကို ငွေရင်းထုတ်၍ အိမ်ထဲမှာ လုပ်စေခြင်းဖြင့် နေရေး, ထိုင်ရေးပြဿနာကို ဖြေရှင်းစေရသည်။ ကျမတို့သည် ဒီတကြိမ်ပြန်ရောက်လာသောအခါ၌ နာကျည်းဘွယ်ရာ ကောင်းလှသော မေမေ၏ ဆွေရင်း မျိုးခြာတို့နှင့် တခါတည်း အဆက် ဖြတ်လိုက်ပါသည်။ မတော်တဆ လမ်းမှာ တွေ့သည့်တိုင် ခေါ်ပြော နှုတ်ဆက်ချင်သော စိတ်များ ကုန်ခမ်းနေသောကြောင့် မျက်နှာလွှဲပစ်လိုက်မိသည်။ သူတို့ကလည်း အရေးကြီး ပုံ မရပါ။ နောက်ပိုင်းမှာတော့ ကျမတို့မှာ စိတ်အေး, လက်အေးနှင့် နေထိုင်ကြသည်။ ၀တ္ထု နှင့် ဇာတ်ညွှန်းများသာမက မှော်ဆရာ့မှတ်တမ်းဆိုသော ကဏ္ဍကိုဖွင့်၍ စုန်းကဝေ, တစ္ဆေ, သူရဲအကြောင်း ၀တ္ထုများကို ထိုအချိန်ကစ၍ ရေးခဲ့သည်။

ထိုဝတ္ထုမျိုးကို ဖတ်လိုသူတို့ကြောင် တမင်တကာ ဇာတ်လမ်း ဆင်ကာ ရေးရသော်လည်း ကျမက စုန်းကဝေ, တစ္ဆေ, သူရဲ, ဥစ္စာစောင့်နှင့် နတ်ဆိုတာတွေကို အယုံအကြည် လုံးဝ မရှိသူ ဖြစ်ပါသည်။ ယုတ်စွအဆုံး ဗေဒင်ကျမ်းကို တစိပ်တဒေသ သင်ကြား တီးခေါက် တတ်ခဲ့သူ ဖြစ်စေကာမူ ဗေဒင်ဟောချက်များကို အယုံ အကြည် မထားသူဖြစ်ရာ တကြိမ် တခါ မိမိ၏မူလ ဇာတာခွင်၌ ဘယ်ဂြိုဟ်ဝင်၍ ဘယ်ဂြိုဟ်ထွက်လျှင် ဘာဖြစ်မည်၊ ညာဖြစ် မည် သိနေသည်တိုင်အောင် စိတ်ဝင်စားခြင်း မပြု အမှုမဲ့, အမှတ်မဲ့သာ နေလာခဲ့သူ ဖြစ် ပါသည်။

ယခု စုန်း နတ်, တစ္ဆေ, သူရဲ စသည့် ၀တ္ထုတွေ ရေးလေတိုင်း အထောက်အထားဆိုင်ရာ ပညာရှာ မှီးရာတွင် ကဝေသာရကျမ်း၊ တဇ္ဖကဒီပနီစသော အမျိုးမျိုးအလားတူ ရှေးကလောင်ကီကျမ်း၊ ဆေးကျမ်း၊ ဓာတ်ကျမ်း ပေူမူအဟောင်းအနွမ်းများမှာ ရှာဖွေပြီး အခေါ်အပြော နည်းစံနစ်တို့ကို လိုသလို ဇာတ်ကွက်ဆင်ထားသော ဇာတ်လမ်းများမှာ သင့်ရာ သရုပ်ပြ အင်း, အိုင် ဆေးဝါး ပြုနည်းတို့ပါ ဖြည့်၍, ထည့်၍ ရေးရခြင်း ဖြစ်ပါသည်။ ယုတ္တိ ယုတ္တာရှိရှိ အထက်လမ်း မှော်ဆရာ ကြီး၏ အန္တေ၀ါသိက တပည့်ကြီးတဦးဖြစ်သူက မှတ်တမ်း, မှတ်ချက်အရ ရေးပြနေသလို ရေးသူ - ကိုကိုလေး ဆိုသော ကလောင်အမည်ကို အသစ်ယူ၍ ရေးခဲ့ပါသည်။

တခါ, တခါ၌ ကြောက်စရာ, လန့်စရာ ဖြစ်နိုင်သော အခဏ်းများကို တွေးဆ ကြည့်ရခြင်းဖြင့် ကိုယ့်စိတ်ကို ကြောက်လာ မလာပင် အတော်လုပ် ဇာတ်ဆင်ရသည်။ ည, ညတွင်သာ ရေးလေ့ရှိသောကြောင့် လူခြေ တိတ်တုန်း အခါဝယ် ကြောက်စရာ, လန့်စရာတွေ တွေးပြီး ရေးရင်း ကိုယ်တိုင်ကြောက်စိတ် ၀င်လာသလို လို ရှိလာမှ ကိုယ့်လုပ်ဇာတ်ကို ပြန်သတိရကာ ရယ်မောမိပြီး ဇာတ်လမ်း၌ ထိုအကွက်ကို ထည့်သုံး ဘို့ စိတ်ကျေနပ်မှု ရှိခဲ့ပါသည်။

ဗေဒင်မေးတတ်သူ၊ နတ်မေးတတ်သူတို့ ယတြာချေ, ဓာတ်ရိုက်, ယုံကြည်မှု အယူ အသီးသူတို့နှင့် စုန်းကဝေ, တစ္ဆေသူရဲ, နာနာဘာဝ၊ အောံလမ်း၊ ဆေးနည်း၊ အင်း၊ အိုင်၊ မန္တယား၊ ရုပ်ထား, နာမ်ထား၊ ခြေရာကောက်၊ ဖနောင့်ပေါက် ဆိုသည်များကို လေ့လာသူ တတ်ကျွမ်းသည်ဟု ဆိုသူများ အား ကျမ ရေးထားသော မှော်ဆရာ မှတ်တမ်း ၀တ္ထုများကို ဖတ်စေသောအခါ သူတို့မှာ တကယ် လှိုက်လှိုက် ယုံကြည်လာကြပြီးလျှင် ဤအထက်လမ်းဆရာကြီးနှင့် တပည့်ကြီး ဦးကိုကိုလေးတို့ကို တွေ့ချင်, ဆည်းကပ်ချင်သည်ဟု ဆိုသောအခါ ကျမက ကြိတ်၍ ရယ်မိပါ သည်။ ဒါပေမဲ့ သူတို့ရဲ့ လက်တွေ့တတ်မြောက်ထားသည်ဆိုသော နည်းကလေး များကိုလည်း စာရေးသောအခါ အသုံးချရန် သူတို့အထည်းမှ ရနိုင်သမျှ နှိုက်ယူလိုက်ရပါသည်။
ယင်းသို့နှင့် မန္တလေးမြို့တွင် ခြောက်လခန့် သောင်တင်နေကြပါသည်။

ချစ်တီးနှင့် လှည့်ကိုင်ခြင်း ဆက်ရန်
.

No comments: