စစ်ရောင်ခြည်
အတွင်းဝန်များ ရုံးကြီးအောက်ထပ် မှ အခန်းကျယ်ကြီး တစ်ခုတွင် ရှိသော ဦးကျော် ၏ အလုပ်စားပွဲ ထိုင်မိ သောအခါ မောင်မောင်ပြေ ပြောသည့် အတိုင်း ဦးကျော်သည် ဖော်ရွေ လေးစားစွာနှင့် ဧည့်ခံ စကား ပြောလျက် သူ၏ ရည်ရွယ်ချက်ကို ပြောပြပါသည်။ ထိုစဉ်က ဦးကျော်၏ ၀ါဒဖြန့်ချီရေး ရုံးခန်း မှာ အင်္ဂလိပ်အစိုးရ နည်းစံနစ်အရ သားနားသပ်ရပ် ခံညားလှ ပါသည်။ သာမန် ဧည့်သည်များ မ၀င်ရဘဲ သီးသီးသန့်သန့် ခြားခြားနားနားထားပြီး အရေးပါအရာရောက်သော လူကြီးများသာ စီမံခန့်ခွဲ အမိန့်ပေးရာ အခန်း တစ်ခု ဖြစ်၍ အပြင်အပ လူများ ဥဒဟို သွားလာဝင်ထွက် ခြင်း မပြုနိုင်ကြသည်ကို တွေ့ရပါသည်။
တခါတရံ စစ်ဗိုလ်ယူနီဖေါင်း ၀တ်ထားသော ဦးအေးကို တွေ့ရပြီး တခါတရံလည်း ဦးမြင့်သိန်း ယခု နိုင်ငံတော် တရားလွှတ်တော်ချုပ် နိုင်ငံတော်ဝန်ကြီးချုပ် အား တွေ့ရပါသည်။ ဦးကျော် နှင့် တွေ့သောအခါ မောင်မောင်ပြေ ကြိုတင်ပြောပြထားသော အကြောင်းအရာနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက် များ ထပ်မံဆွေးနွေး ခြင်းပြုကြပါသည်။ ဦးကျော်၏ ဆန္ဒ မှာကျမရေးပေးမည့် ၀တ္ထုများကို လိုသလောက် စာမူခ၊ ဥာဏ်ပူဇော်ပါမည်။ ၎င်းအပြင် ၀တ္ထုများကို စာအုပ်အဖြစ်ရိုက်ထုတ်ရာ၌လည်း ဒေါ်ခင်ခင်လေး၏ သဘော အတိုင်း သဘောကျရာ စာပုံနှိပ် တိုက်တွင် အပ်နှံပါ။ စာအုပ်ထုတ်ဝေရန် ဌာနတစ်ခုကိုလည်း ဖြန့်ချီ တင်ပို့ပေးရန် စသည်များကို အခြေခံကာ တိုင်ပင်ကြပါသည်။
ကျမသည် ၀တ္ထုစာမူရေးဘို့ ဆွေးနွေးရုံသာမက စာအုပ်အဖြစ်ရိုက်နှိပ်ရန် ကိစ္စတာဝန် အပြင် မြန်မာ တပြည်လုံး ကို ဖြန်ချီရန်စာအုပ်ဌာနတခုကို ဖွင့်ပြီး ဦးစီးရမည့် တာဝန်တခုနှင့် မြန်မာတ ပြည်လုံးရှိ ခရိုင် မင်းကြီး များ အုပ်ချုပ်ရာ ခရိုင်နယ်အသီးသီး သို့ တင်ပို့ပေးရန် ဖြစ်ပါသည်။ ရိုက်နိုပ်ရမည့် စာအုပ်များ မှာလည်း သိန်းနှင့်ချီ၍ ရိုက်ရပါမည်။ အစိုးရ စာပုံနှိပ်စက်ကြီး တခုလုံးရှိပါ လျက်နှင့် ကျမလက်သို့ တာဝန် အသီးသီး စုပုံပြီးပေးအပ်လိုက်သည်မှာ စားလိုသူစားတတ်သူတို့ အဖို့တော့ သွားရည်ယိုစရာ အလုပ်ကြီး တစ်ခု ဖြစ်ပါသည်။ သို့ရာတွင် ကျမမှာ စာမူခလောက်သာ လိုချင်သူဖြစ်၍ အပိုတာဝန်တွေကို ပင်ပန်းကြီး စွာ ဆောင်ရွက်ရပြီးမှ ၀င်ရမည့်လာဘ်လောဘကို ရှေ့ရှုမက်မောနေသူ မဟုတ်ပါ။ သို့ကြောင့် ကျမ စာမူ ပြီးလျှင် ပုံနှိပ်ရန်အပ်ချင်သော စာပုံနှိပ်တိုက် များကို စဉ်းစား ရာထားနေသည်။
သိန်းနှင့်ချီ၍ ရိုက်ရမည် စာအုပ်များအတွက် စက္ကူဘိုးကပင် အများကြီး အရင်းဝင်နေသည်။ စာစီခရိုက်ခ မှ အစ စာအုပ်ချုပ်ပြီးသည်အထိ စရိတ်စက မည်မျှကြရောက်သည်တို့ကို အကြမ်းအား ဖြင့် တွက်ချက် ခိုင်းကြည့် ရာ စာအုပ်၏ စာမျက်နှာ အနည်းအများကို တိတိကျကျ မရသေး ၍ခပ်အေးအေး စာမူပြီးအောင် ရေးနေ ခဲ့သည်။ စာမူပြီး၍ စာအုပ်ရိုက် ရတော့မည့် အခြေအနေ ရောက်လာလျှင်လည်း ကုန်ကျစရိတ် များကို ကျမက စိုက်ထုတ်ရမည် မဟုတ်ပါ။
ကျမအပ်နှံရန် ရွေး ချယ်ရာ စာပုံနိုပ်တိုက်များကလည်း ဤမျှ အရင်းအနှီးများသော စာအုပ်များကို စက္ကူ စိုက်ထုတ်ရိုက် ပေးနိုင်မည့် အင်းအားမရှိပါ။ သို့သော် ပုံနိုပ်လုပ်ငန်းရှင်တို့၏ စီးပွားရေးအရ တအီတ၀ကြီး ရရှိမည့် ပုံနိုပ်ခကိုတော့ မက်မောကြပါလိမ့်မည်။ ကျမ ပဌမစတင်ရေးနေသော ၀တ္ထုစာမူ တခုပြီးစီးလေပြီ။ ထိုဝတ္ထုမှာ သူနာပြု အလုပ်ကိုအရိုးကြေကြေ အရေစုတ်စုတ် စွန့်စွန့်စားစား ပြုလုပ်ခဲ့သောကမ္ဘာကျော် အမျိုးသမီးကြီး ဖလော်ရင့် နိုက်တင်းဂေးလ်စ် အကြောင်း ကိုမူတည်လျက် ဘယ်လဂျီယံ နှင့် ဂျာမဏီတို့၏ စစ်တိုက်ခန်း အရပ်ရပ်မှ ဆိုးဝါး ရက်စက်မှု အဖြစ်မှန်များအား ဇာတ်ကွက်ဝင်အောင် ထည့်သွင်း ရေးသား ထားခြင်း ဖြစ်ပါသည်။
၎င်းဝတ္ထုမှာ စာမျက်နှာဖွဲ့ လျှင် ၈၀ ကျော်မျှ သာရှိ၍ စာပုံနိုပ်တိုက် အခေါ် ၅ - ဖောင်မျှသာ ရှိပါသည်။ မျက်နှာဖုံး ဘလောက်ရိုက်ပုံ ကို စက္ကူချောနှင့် ရိုက်ရန် စသည် တို့ကိုပါ စရိတ်စကတို့ကို နှစ်နေရာ သုံးနေရာ ခွဲ၍ တွက်ခိုင်း ထားပြီးလေပြီ။ သို့သော် မည်သည့် ပုံနိုပ်တိုက်မှာ အပ်တော့ မည်ဟု ကျမ သဘော အတိုင်း စစ်ရောင်ခြည်ဟု ပေးလိုက်သောအခါ မင်းကြီးဦးကျော်က အလွန် သဘောကျနေသည်။ ဇာတ်အိမ် ဇာတ်လမ်း နှင့်တကွ ရည်ရွယ်ချက်များပေါ်လွင်နေသောကြောင့် စာအုပ် အဖြစ်မြန်မြန် ထုတ်ဝေ ရန် အလောတကြီး ဖြစ်နေတော့သည်။
ဤတွင် ကျမက စာအုပ်ရိုက်ရန် ကုန်ကျမည့်စရိတ်များကို တင်ကြိုထုတ်ပေးရန်နှင့် ထိုသို့ တင်ကြို ထုတ်ပေး ပြီး ပုံနှိပ်အလုပ်ကို ပြီးမြောက်အောင် ရိုက်နှိပ်ပေးရန် တာဝန်ခံနိုင်သော တိုက်များ မှသာ အလုပ် ကို အပ်နှံဝန့်မည်။ စရံစကငွေတွေယူပြီးမှ ဖြောင့်ဖြောင့်မှန်မှန်လိုသော နေ့ရက်ကို မအပ်နိုင်လျှင် ကျမက တာဝန်မကင်းဖြစ်နေဦးမည်ကိုလည်း တနည်းအားဖြင့် စိုးရိမ်ရသေးသည်။

၎င်းစာအုပ်ကို ထုတ်ဝေရာ ဌာနအဖြစ် ကျမနေထိုင်သော ဒါလဟိုဇီလမ်းရှိ တိုက်ခန်းအမှတ် နှင့် ဒဂုန်ခင်ခင်လေး စာအုပ်တိုက်မှ ထုတ်ဝေသည်ဟု စာအုပ်တွင် နေရာကို အတည်ပြုကြပါသည်။ ဦးကျော်၏ ဆန္ဒအရ စာအုပ်ကို ခပ်မြန်မြန်ထွက်ပေါ်လာစေလိုမှုကြောင့် ကျမစိတ်တိုင်းကျ ပုံနှိပ် တိုက်တခုကို ရွေးချယ်ဘို့ ဆုံးဖြတ်လိုက်ပါသည်။ ၄င်းပုံနှိပ်တိုက်မှာ နဂါးနီ ပုံနှိပ်တိုက်ဖြစ်ပါသည်။
ကျမသည် နိုင်ငံရေးအယူသီးသူအဟုတ်၊ မျက်ကန်းမျိုးချစ်စိတ်မျိုး ထား၍ သူတပါးနောက် လိုက် လုပ်ခဲ့သူလည်း မဟုတ်သဖြင့် သင့်တင့်လျောက်ပတ်သော အယူအဆနှင့် ကိုယ်ပိုင်ဥာဏ်မှီ သမျှ ချင့်ချိန် စဉ်းစား၍ ရသမျှကိုသာ ယုံကြည်လာခဲ့သူဖြစ်ပါသည်။ တကယ်တန်း မြန်မာနိုင်ငံက ကိုယ်ပိုင် လွတ်လပ်ရေး ရမည်ဆိုလျှင် လိုချင်သူထည်းမှာ ကျမလည်း ရှေ့တန်းက အပါအ၀င်ဖြစ်ပါသည်။ အရွယ် ငယ်စဉ် မြန်မာပြည် နိုင်ငံရေး၏ ပဋ္ဌမအရစ် သွေးကြွခဲ့ကြသော ဂျီ, စီ, ဘီ, အေ ခေတ် ကပင် စာနယ်ဇင်း လောက တွင် ပါဝင်၍ ကလောင်နှင့် နှိုးဆွလျက် တတ်အားသမျှ အားပေး ရေးသား ခဲ့သည်။
သို့သော် ဂျီ, စီ, ဘီ, အေ ကောင်းစားပြီး လူထုကြီးတရပ်လုံး အထင်ကြီး တခွဲသားနှင့် အားထား နေကြစဉ် ဂျီ, စီ, ဘီ, အေ၏ ထိပ်တန်းခေါင်းဆောင်ကြီးများ အစိပ်စိပ်, အမွှာမွှာ ကွဲပြားသွားပြီး ခေါင်းဆောင် လူကြီးတွေ တယောက်တပေါက်ဖြစ်ခါ သူတို့အတွင်းရေး အရှုပ်အထွေးတွေကိုပါ ကလော်ကြ ဖော်ကြ၍ တိုင်းပြည် က ဖြစ်ရပ် အထွေထွေ သိကုန်ကြ လေတော့သည်။
ဤအချိန်ကစ၍ ကျမ၏ စိတ်အားထက်သန်မှုတွေလည်း တဖြည်းဖြည်း ယိုင်လဲ သွားခဲ့လေသည်။ နောက်ပိုင်း မှာတော့ ယခု ဒိုင်အာခီခေါ် ၉၁-ဋ္ဌာနအုပ်ချုပ်ရေး လက်ခံကြသည် အထိ ပေါ်ထွက်လာသည့် နိုင်ငံရေး အဖွဲ့အသီးသီးများကိုပါ အထင်ကြီးသော စိတ်မပေါ်ဘဲ နေရာမရခင် အမျိုးမျိုး အော်ဟစ် နေကြသူ ဟု၎င်း၊ ရာထူးဋ္ဌာန ခွေးသေကောင်ပုပ်များစားလို၍ ၀ဲပျံနေသော ဠင်းဒ တွေသာဟု ၄င်း စိတ်ထဲ က ကြိတ်၍ ယူဆ လာခဲ့ သူဖြစ်တော့သည်။ ရှင်းရှင်းဆိုရလျှင် အမျိုး ချစ်လှပါသည်ဟု ကြွေးကြော်နေသော နိုင်ငံရေး သမားကို ယုံကြည်မှု အလျင်းမရှိ လိုတော့ခြင်း သာဖြစ်ပါသည်။

အိပ်ဂျီဝဲလ် ၏ ဧည့်ခံပွဲ
သို့ကြောင့် သူတို့လည်း သူတို့ဘာသာဘာဝ ရာထူးစသော နေရာအခွင့်အရေးရနိုင်မည့် နည်းအမျိုးမျိုးနှင့် ကြိုးစားဟစ်အော်နေကြသလို ကျမကလည်း ကျမကိုယ်ပိုင်အသိဥာဏ်ရှိသမျှ ဗဟုသုတငုံမိသမျှနှင့်သာ ကိုယ်ကလောင်နှင့် ဆိုင်ရာ အရေးအသား အယူအဆကို လူထုအား ၀တ္ထု ဇာတ်သွားဖြင့် ကြားညှပ်တင်ပြ ရေးသားခဲ့ပါသည်။
ယခုကျမရေးသားပြီးစီး၍ စက်တင်ပုံနှိပ်တော့မည့် စာအုပ်ဖြစ်သော ''စစ်ရောင်ခြည်'' ၀တ္ထု မှာ သူနာပြု ဆရာမကြီး ဖလော်ရင့်နိုက်တင်ဂေးလ်နှင့် ဂျာမဏီ၏ ရက်စက်မှုကြောင့် ဘယ်လ်ဂျီယံစ သော နိုင်ငံရှိ လူသားများ ဒုက္ခရောက်ကြောင်းလောက်သာရှိသဖြင့် သိသင့်, သိထိုက်သော အကြောင်းအရာ မှန် များကိုသာ ရေးသားထားခြင်း ဖြစ်ပါသည်။ ၄င်းစာအုပ်မှာ အုပ်ရေ ငါးသောင်း ပဋ္ဌမ စ၍ ရိုက်ရန် ဆုံးဖြတ် ပြီး နဂါးနီ ပုံနှိပ်တိုက်မှာ အပ်ပါသည်။
နဂါးနီပုံနှိပ်တိုက်မှာ ကျမ အစုရှယ်ယာလည်း ပါထားသည်။ တိုက်ကြီးပွားထွန်းကားပြီး အမြတ်အစွန်း များလာ စေလိုသော စေတနာထား၍ အခြားပုံနှိပ်တိုက်များက လက်ယားနေအောင် လိုချင်မည့် ပုံနှိပ်ခ များကို နဂါးနီပုံနှိပ်တိုက်သာ ရစေတော့ဟု ပိုင်းဖြတ်လိုက်ရခြင်း ဖြစ်ပါသည်။ ဤ စာတအုပ်သာမက နောက်ထပ် ထုတ်ဝေဦးမည့် ကျမရေးသားသော ''ကမ္ဘာ့ရန်သူ'' ဆိုသည့် စာအုပ် ကိုလည်း အုပ်ရေ ''တသိန်း'' တိတိ အလုပ်အပ်ရန်ရှိသေးသည်။ ၄င်းအလုပ်ကိုလည်း နဂါးနီတိုက်မှာ သာ အပ်ရန် ရည်ရွယ် ထားပြီး ဖြစ်ပါသည်။
သို့ဖြစ်၍ နဂါးနီတိုက်မှ မန်နေဂျာနှင့် စာအုပ်အကြောင်းပြုပြီး ဆက်သွယ်ရသည်။ နဂါးနီမန် နေဂျာများမှာ ဦးထွန်းရွေ၊ ဦးထွန်းအေး စသဖြင့် တဦးပြီးတဦး ပြောင်းလဲလာသော်လည်း တဦးကိုမျှ တွေ့မြင်ဘူး ခြင်းမရှိပါ၊ တခါသော် ရွှေတိဂုံဘုရားစောင်းတန်း၌ မိတ်ဆွေအမျိုးသမီး တဦးနှင့် ဘုရား ဖူးတက်ရင်း လမ်းမှာ သူ၏ အသိယောက်ျားတဦးနှင့် ရင်ဆိုင်မိ၍ ရပ်ခါနှုတ်ဆက်ပါသည်။ ပြီးမှ ကျမ အား နဂါးနီတိုက် မန်နေဂျာ ဦးထွန်းအေးဆိုဒါဘဲဟု မိတ်ဆက်ပေးပါသည်။ သူကလည်း နဂါးနီစာ အုပ် အသင်းသူတဦးဖြစ်၍ စာအုပ်ထုတ် သောအခါ လစဉ်သွားရောက် ၀ယ်ယူသူဖြစ်သည်။
သို့သော် လူနှင့်အမည်မှားနေသည်ကို နောက်မှသိရသည်။ မကြာမှီ စာရေးဆရာကြီး အိပ်ဂျီ ၀ဲလ် ဗမာပြည် လာရာ၌ မြန်မာစာရေးဆရာများက တွေ့ဆုံမိတ်ဆက်ကြမည် ဖြစ်သောကြောင့် စာရေးဆရာများ၏ အမည် နေရပ် ကို လိုက်ရှာ၍ ငွေကောက် အလှုခံကြသူများသည် ကျမ နေရာတိုက်ခန်း အပေါ်ထပ်ကို ကတ်သီး ကတ်သတ် မေးမြန်းစုံစမ်း ရောက်လာကြပြီး လဘက်ရည်ပွဲ စရိတ် လည်း အလှူခံသည်။ လူကိုယ်တိုင် မိတ်ဆက် လာရောက် ဘို့လည်း ဘိတ်ကြားပါသည်၊ ၄င်းလာ ရောက်အလှူခံသူများတွင် စာရေးဆရာ တက်တိုး က ခေါင်းဆောင်၍ ရောက်လာသည်ဟု ထင်ပါ သည်။
ကျမမှာ အပြင် လောကနှင့် သိပ်ပြီးဆက်ဆံလိုသူမဟုတ်ပါ၊ ကျမ စာရေးဆရာမကြီးပါဟု ဖေါ် လိုသော စိတ်လည်း လုံးဝမရှိခဲ့၍ ငယ်စဉ်က အလေ့အကျင့်အတိုင်း ကုတ်နိုင်သမျှ ကုတ်၍ ငုတ်နိုင် သမျှ ငုတ်လျှိုး၍ နေခဲ့ စေကာမူ ယခုလို အိမ်တိုင်ရာရောက် ဘိတ်ခေါ်လာမှုကြောင့် ငြင်းဆိုရမည်ကို အားတုံ့, အားနာ ဖြစ်နေ ပါသည်။ အလှူခံငွေကို ထည့်ဝင်လိုက်ပြီး ဧည့်ခံပွဲသို့ လာနိုင်ရန် ကြိုးစားပါ မည်။ သို့ရာတွင် ကျမ တယောက် တည်း ဘယ်လိုလာရမည် မသိသဖြင့် မလာနိုင်လျှင် ခွင့်လွတ်စေ ချင်ပါသည်ဟု ကတိကို အရင် ပေးရပါသည်။ ဒါပေမဲ့ မလာဖြစ်မည် စိုးသဖြင့် သူတို့ ၀င်ခေါ်ပါမည်ဟု အာမခံသွားပါသည်။
စာရေးဆရာကြီး အိပ်ဂျီဝဲလ်ကို လဘက်ရည်ပွဲနှင့် ဧည့်ခံမည့် နေရာဋ္ဌာနမှာ အင်းယားကန် စောင်း လှေလှော်အသင်းရုံရှေ့ရှိ မြက်ခင်းပြင်တွင် ဖြစ်ပါသည်။ ထိုနေ့က အချိန်စောစောပိုင်းတွင် ယခင် မိတ်ဆွေမ သည် အိမ်သို့ ပေါက်လာပြီး စကော့ဈေး (ယခု ဗိုလ်ချုပ်ဈေး) သို့ သွားရန် အဖော် စပ်လာသည်။ ကျမက အနောက်ဘက်တန်းရှိ ပိုးထည်တိုက်တခု၌ ပိုးဖြူစတခုမှာထားရာ ယနေ့ရ မည်ဟု ချိန်းဆို ထားသောကြောင့် ပိုးစ ယူရန် သူနှင့် အတူ လိုက်လာခဲ့ပါသည်။
ကျမကိစ္စပြီးသော် လည်း အတူလာသူ မိတ်ဆွေ သူငယ်မကြီးမှာ ဟိုဟာစပ်စု၊ သည်ဟာ စပ်စုနှင့် တော်တော် နှင့် သူ့ကိစ္စ ၀ယ်ခြမ်းမူများက မပြီးနိုင်ပါ၊ ကျမကလည်း အိပ်ဂျီဝဲလ်၏ ဧည့်ခံပွဲ လာခေါ်မည် ဆိုသော အချိန်နီးပြီ ဖြစ်၍ ပြန်ရန် နှိုးဆော်နေရင်းမှ သူ့ကိစ္စက ပြီးဘဲ မပြီးနိုင်သေး၊ နဂါးနီတိုက်က စာအုပ် အသစ် ကလေး ၀င်ယူလိုက်ပါရစေဦးဟု ပြောကာ ချာကနဲ စွပ်ဝင်သွား ပြန်ပါတော့သည်။
မချောကြီးမှာ စကားတန် ရှည်နေလျက် တော်တော်နှင့် ပြန်ထွက်မလာရုံမက ကျမလက်ကို လာဆွဲခေါ်ပြီး ဆိုင်ထဲသို့ သွင်းခဲ့သည်။ သူ့ကို ဧည့်ခံနေသောလူမှာ ယခင် ဘုရားစောင်းတန်းတွင် တွေ့ရသော သူ့အပြော မန်နေဂျာ ဦးထွန်းအေး ဆိုသူပင် ဖြစ်သည်။ ဒီလူကို ကျမအား ဒဂုန်ခင်ခင်လေး ဖြစ်ကြောင်း သူပြော ထားပြီး ဖြစ်သည်။ အိပ်ဂျီဝဲလ်၏ ဧည့်ခံပွဲသွားရန် လာကြိုသူများနှင့် လွဲနေ မည်စိုး၍ ပြန်ကြမည် ပြောသောအခါ နဂါးနီမန်နေဂျာက သူတို့လဲ ယခုပင် သွားမည်ဖြစ်၍ တခါတည်း လိုက်ခဲ့ရန် ပြောသည်။ မိတ်ဆွေမ ကလည်း စာရေးဆရာ မဟုတ်ဘဲ တခါတည်း ရောနှော လိုက်လာချင်သည်။ အိပ်ဂျီဝဲလ်ကို မြင်ဘူး ချင်သည်ဆိုပြီး အတင်း ထောက်ခံနေပြန်လေ သည်။
ထိုအတောအတွင်း စာရေးဆရာမ ခင်မျိုးချစ်က ဆိုင်ခန်းထည်း ၀င်လာပြီး စာရေးဆရာကြီး အိပ်ဂျီဝဲလ် လဘက်ရည် ပွဲ သွားရန် ကားကြုံလာမေးပြန်သည်။ နဂါးနီမန်နေဂျာ ဆိုသူကို ခင်မျိုးချစ် ခေါ်လိုက်သော အမည်မှာ ကျမမိတ်ဆွေမက ယခင် ပြောထားသော ဦးထွန်းအေး ဆိုသည့် အမည်မဟုတ်ပါ၊ လူတဦးတည်း နာမည် နှစ်မျိုးရှိနေသလားဟု မစပ်စုကြီးက အံ့အားသင့်ပြီး မေးတော့မှ ဦးထွန်းအေးမှာ မကြာသေးမှီက အလုပ် ထွက်သွားကြောင်း အဖြေရပြီး ကျွန်တော်က နဂါးနီ မန်နေဂျာ အသစ် ခြေလျင် အုန်းခင် ပါဟု ပြောမှ မချောကြီးသည် မြင်းစီးပြီးမှ အထီးမှန်း အမမှန်း ပြန်ကြည့်ရသလို သူ့ဟာသူ အမည် မှားခဲ့သည့် အတွက် ရှက်ကိုး ရှက်ကန်းကြီး ဖြစ်နေဒါ တွေ့ရသည်။
ထိုအတော အတွင်းမှာ တက်ဘုန်းကြီး သိန်းဖေ (သိန်းဖေမြင့်) ရောက်လာပြန်သည်။ သူကလဲ အိပ်ဂျီဝဲလ်၏ ဧည့်ခံပွဲ သွားရန်ဖြစ်သည်။ အဆင်သင့်ဘဲ ကားနောက်ပိုင်းမှာ စီး၍ မောင်းသူပါ ယောကျာ်း သုံးယောက်က ရှေ့ထိုင်ခုံက စီးလာကြသည်။ အင်းယားကန်စောင်းရှိ လှေလှော်အသင်းတွင် ခင်းကျင်းဧည့်ခံသော လဘက်ရည်ပွဲ မှာ စာရေးဆရာများ အတော်စုံလင်စွာ ရောက်ရှိ လာကြသည်။
တယောက်ကို တယောက်နီးစပ်ရာ နှုတ်ဆက်ကြပြီး စာရေးဆရာကြီး အိပ်ဂျီဝဲလ် နှင့် လည်း တဦးချင်း မိတ်ဆက် ကြ၍ လဘက်ရည် မိတ်ဆက် ဧည်ခံပွဲမှာ ညနေပိုင်းလောက် ပြီးစီး သွားရာ စာရေးဆရာ တစု တသိုက် တ၀န်း နှင့် ဧည့်သည် စာရေးဆရာကြီး အိပ်ဂျီဝဲလ်ပါ အမှတ်တရ ဓါတ်ပုံ များပင် ရိုက်လိုက် ကြပါ သေးသည်။
ရည်ရွယ်ချက် ၂ ခု ဆက်ရန်
ရည်ရွယ်ချက် ၂ ခု ဆက်ရန်
.
1 comment:
သို့သော် ဂျီ, စီ, ဘီ, အေ ကောင်းစားပြီး လူထုကြီးတရပ်လုံး အထင်ကြီး တခွဲသားနှင့် အားထား နေကြစဉ် ဂျီ, စီ, ဘီ, အေ၏ ထိပ်တန်းခေါင်းဆောင်ကြီးများ အစိပ်စိပ်, အမွှာမွှာ ကွဲပြားသွားပြီး ခေါင်းဆောင် လူကြီးတွေ တယောက်တပေါက်ဖြစ်ခါ သူတို့အတွင်းရေး အရှုပ်အထွေးတွေကိုပါ ကလော်ကြ ဖော်ကြ၍ တိုင်းပြည် က ဖြစ်ရပ် အထွေထွေ သိကုန်ကြ လေတော့သည်။
ဤအချိန်ကစ၍ ကျမ၏ စိတ်အားထက်သန်မှုတွေလည်း တဖြည်းဖြည်း ယိုင်လဲ သွားခဲ့လေသည်။ နောက်ပိုင်း မှာတော့ ယခု ဒိုင်အာခီခေါ် ၉၁-ဋ္ဌာနအုပ်ချုပ်ရေး လက်ခံကြသည် အထိ ပေါ်ထွက်လာသည့် နိုင်ငံရေး အဖွဲ့အသီးသီးများကိုပါ အထင်ကြီးသော စိတ်မပေါ်ဘဲ နေရာမရခင် အမျိုးမျိုး အော်ဟစ် နေကြသူ ဟု၎င်း၊ ရာထူးဋ္ဌာန ခွေးသေကောင်ပုပ်များစားလို၍ ၀ဲပျံနေသော ဠင်းဒ တွေသာဟု ၄င်း စိတ်ထဲ က ကြိတ်၍ ယူဆ လာခဲ့ သူဖြစ်တော့သည်။ ရှင်းရှင်းဆိုရလျှင် အမျိုး ချစ်လှပါသည်ဟု ကြွေးကြော်နေသော နိုင်ငံရေး သမားကို ယုံကြည်မှု အလျင်းမရှိ လိုတော့ခြင်း သာဖြစ်ပါသည်။
ဒီစာဖတ်ပီး သြော်..အယင်ကတည်းကရှိပါလား..လို့....
ကျနော်လည်း အဲ့အချိန်ကလူဖြစ်ခဲ့ရင် ဒီလိုပဲထင်ပါတယ်..။
Post a Comment