အချိန်အားရ လျှင်ဈေးများအတွင်း လှည့်လည်လာပြီး ပြင်ဦးလွင်၌ အစအနမရှိတော့သော ပစ္စည်းများကို ရှာဖွေ စုဆောင်းပါသည်။
တစ်နေ့တွင် မမျှော်လင့်ဘဲ ကျွန်မသည်စားရကံကြုံ၍ မုတ်ဆိတ်ပျားစွဲသည့်ကိန်းနှင့် သွား၍တိုးမိ ပါသည်။
ပြင်ပလူနာဌာနသို့ တစ်နေ့ရောက်သွားသောအခါ ဒေါက်တာဆူဇူကီးနှင့် ဂျပန်အရာရှိ တစ်ဦးတို့ စိတ်ပါ ၀င်စားစွာ စကားပြောနေသည်ကို တွေ့ရပါသသည်။ သူတို့နှစ်ဦး၏ မျက်လုံးများသည် ကျွန်မထံသို့ ရောက်နေ ကြ သဖြင့် ကျွန်မအကြောင်းပြောနေခြင်းကို အဝေးကပင် ခန့်မှန်းနိုင်ပါသည်။ ဂျပန် အာဏာပိုင် များ သည် ကျွန်မ၏ရပ်တည်မှုကို မလိုလားကြလေသလောဟု စိုးရိမ်မိပါသေးသည်။ နောက်မှ ထို အတွေး အခေါ် ကို ဖျောက်ပစ်ပြီး '' ငါသူတို့ကိုဘာတစ်ခုမှ ဒုက္ခ မပေးခဲ့ပါကလား'' ဟုစဉ်းစားကာ စိတ်သက်သာရာ ရသွား ပါသည်။
ဒေါက်တာဆူဇူကီးက ကျွန်မကိုသူ့အနီးသို့ ခေါ်ယူ၍ '' ဤဆေးရုံနှင့် ခပ်လှမ်းလှမ်း တစ်နေရာတွင် ရှိသည့်ခွဲစိတ်ခန်းမဆောင် တစ်ခု၌ အလုပ်လုပ်လိုပါသလား'' ဟုမေးပါသည်။ စည်းကမ်းချက်မှာ မျက်စိနှင့် နားးကို ပိတ်ထားပြီး ပါးစပ်က လျှောက်မပြောရန် ဖြစ်ပါသည်။ ဤစည်းကမ်းချက်မှာ ကျွန်မလက်ရှိ ကျင့်သုံး နေရသောကြောင့် အခက်အခဲ မရှိဘဲအလုပ်ကိုလက်ခံလိုက်ပါသည်။
နောက်သုံးရက်ခန့် ကြာသောအခါ ထိုအရာရှိကြီး ရုံးခန်းသို့ ခေါ်ယူပါသည်။ ဂျပန်စစ်သားက ကျွန်မ၏ မျက်နှာကို အ၀တ်ဖြင့်စည်း၍ ကားတစ်စီးပေါ်သို့ တင်ပေးသည်။ ယင်းနောက်ပြည်လမ်း ပေါ်ရှိ အလွန် အရေးကြီးသော လူကြီးများနှင့် အထက်တန်းအရာရှိများသာ တက်ရောက်ကုသခွင့် ရသည့်ဆေးရုံသို့ ခေါ်ယူ သွားခဲ့၏။
ဂျပန်များ၏အရောင်ရာ နနွင်းလူးသော ကိစ္စအေတွက် ခေါင်းရှုပ်သွားခဲ့မိသေးသည်။ ကျွန်မ အနေနှင့် ဆေးရုံနေရာကို သိပြီးဖြစ်၍ ယခုလိုခေါ်ယူလာခြင်းမှာ အချိန်ကုန်လူပင်ပန်း ဖြစ်ရုံသာ ရှိပါသည်။ ရန်ကုန်မြို့ နှင့်ရင်းနှီးပြီးဖြစ်သည့်အပြင် ကျွန်မအလိုရှိသော ပစ္စည်းများကို ရှာဖွေဝယ်ယူ ရန်မျက်စိများးကို အ၀တ်စည်း ထားစေကာမူ မည်သည့်နေရာသို့ သွားနေကြောင်းအလိုလို သိနေပါသည်။
ဆေးရုံသို့ ရောက်သွားသောအခါ ကျွန်မမျက်နှာပေါ်၌ စည်းထားသော အ၀တ်စကို ဖြေပေးပါသည်။
ကျွန်မကိုအကောင်းဆုံးသော ခွဲစိတ် ကိရိယာပစ္စည်းများ အသင့်ရှိပြီး အသန့်ဆုံး လုပ်ထားသည့် ခေတ်အမီ ဆုံး ခွဲစိတ်ကု အခန်းကြီး တစ်ခုဆီသို့ ခေါ်သွားပါသည်။ အလွန်အရေးကြီးသော ခွဲစိတ်ကုသမှုအတွက် ကျွန်မက ပါဝင်လုပ်ဆောင်ရန် လိုအပ်ကြောင်းပြောပြီး ပိုးသတ်ထားသည့် အကျီင်္ဝတ်ရုံ၊ ဦးထုပ်၊ မျက်နှာဖုံး၊ ဖိနပ်နှင့် လက်အိတ်များကို ထုတ်ပေးပါသည်။
အကြောင်းတစ်ခုခုတော့ ရှိပါလိမ့်မည်။ ခွဲစိတ်ဆောင်ထဲ၌ ဂျပန်ဘာသာစကားကိုသာ ပြောဆိုသုံးစွဲ ပါသည်။ ကျွန်မမှာ ဂျပန်စကားတစ်လုံးတလေမှ မတတ်သဖြင့် ဆရာဝန်၏ ညွှန်ကြားချက်များကို နားမလည်ပါ။ သို့သော်ချောမောစွာ တာဝန်ထမ်းဆောင်နိုင်ခဲ့ပါသည်။ခွဲစိတ်ကုသမှု ပြီးစီး၍ လက်များကိုဆေးကြောနေစဉ် ကျွန်မကိုငွေတစ်ရာပါ စာအိတ်တစ်အိတ်ပေးပါသည်။ ကျွန်မ၏ မျက်နှာကို အ၀တ်စည်းပြီး ကားပေါ်တင်၍ ကျွန်မ၏အခန်းရှိရာသို့ ပြန်ပို့ပေးပါသည်။
ကျွန်မအနေနှင့် ခွဲစိတ်မှုခံယူမည်သူမည်ဝါ ဖြစ်ကြောင်းမသိပါ။ ဘာကြောင့် လျှို့ဝှက်စွာ ကျင့်သုံးနေ သည့်အကြောင်း ကိုလည်း မသိခဲ့ပါ။ ခွဲစိတ်ကြသည့်တစ်ဖွဲ့လုံး ဘာကြောင့်ဂျပန်စကား ကိုသာ အသုံးပြု ကြောင်း ကိုလည်း မသိခဲ့ပါ။ ကျွန်မသည် ထိုဆေးရုံသို့ နောက်ထပ်အကြိမ်ကြိမ် သွားခဲ့ ရပါသည်။ သွားသည့်အခါတိုင်း ထုံးစံအတိုင်းအခကြေးငွေ ရရှိခဲ့ရပါသည်။ ထိုငွေသည် ပတ်တီးစများ၊ ကြယ်သီး များ ၀ယ်ရန်ဖြစ် လာပါသည်။
ဈေးများသို့ ရောက်သွားတိုင်း သီလရှင်ဝတ်ရုံများးကို ရောင်းချရန်ပြထားသည်ကို တွေ့ရ၍ စိတ်ထဲတွင် ဇဝေဇ၀ါဖြစ်မိသည်။ထိုဝတ်စုံများကိုဝယ်ယူမည့်သူ မရှိ။ သို့သော်ထင်ရှားစွာ ခင်းကျင်ပြသထားသည်။ ဤသည် မှာကျွန်မအတွက် ပြဿနာတစ်ရပ် ဖြစ်နေ၍ စုံစမ်းသမှုပြုခဲ့ ပါသည်။
ယခုဆေးရုံလုပ်ထားသော သီလရှင်များ၏ ကျောင်းသို့ ဂျပန်များရောက်လာကြပြီး သီလရှင်များကို ဆင်းရဲသားရပ်ကွက်တစ်ခုသို့ ခေါ်သွားကာ နေရာချပေးထားသည်။သီလရှင်များမှာ တစ်ဦးချင်း နေထိုင် ကြရပြီး အ၀တ်အစားကိုယ်ရုံများ မရှိကြ၍ အပြင်သို့မထွက်နိုင်ကြပါ။ ဂျပန်များက သက်သက်နှိမ်လို၍ ဘာသာရေး ၀တ်စုံများကို ခင်းကျင်းပြသထားသည်ဟု ကျွန်မယူဆပါသည်။
ကျွန်မခြိုးခြံချွေတာ၍ စုဆောင်းထားသော ငွေများမှာ ထွက်ပေါက်ရသွားပြန်ပါသည်။ ကျွန်မ၏ငွေ များဖြင့် ရနိုင်သမျှသာ သီလရှင်ဝတ်ရုံများကို ၀ယ်လိုက်သာကြောင့် ငွေပေါင်းများစွာ ကုန်သွားခဲ့၏။
ဒေါက်တာဆူဇူကီး၏ ကားဖြင့်အမိုးထိပုံ၍ သယ်ဆောင်သွားသော ၀တ်ရုံများကို သီလရှင်များက ပြန်တွေ့ သောအခါ ၀မ်းသာ၍မဆုံးကြတော့ပါ။ ၀တ်ရုံများကို ပြန်လည်အသုံးပြုပြီး စိတ်လက် ချမ်းသာ ရှိကြပါစေဟု ကျွန်မ ဆုတောင်း မိပါသည်။
ကျွန်မသည် ရန်ကုန်မြို့တွင် နေထိုင်ရသည်ကိုငြီးငွေ့လာပါသည်။ ဖခင်နှင့် ပြန်လည်တွေ့ဆုံ လိုစိတ်က ပြင်းထန် လာသဖြင့် ပြင်ဦးလွင်သို့ ပြင်ခွင့်ပြုရန် ဒေါက်တာဆူဇူကီးအား မကြာခဏ ပူဆာပါသည်။ နောက်ဆုံး ၌ အင်တင်တင်ဖြင့် ခွင့်ပြုလိုက်ပါသည်။
'' မင်းပြန်မလာရင် ဖမ်းရမှာပဲ'' ဟုလည်း ပြောလိုက်သေးသည်။
မန္တလေးသို့ပြန်လာရာ၌ လမ်းခရီးတွင် အခက်အခဲများစွာ မရှိခဲ့ပါ။ ဖခင်သည် ကျွန်မနှင့်ပြန်လည် ဆုံတွေ့ရ သောအခါ များစွာ ရွှင်လန်း ၀မ်းမြောက်သွားပါသည်။ ကျွန်မကို ပြင်ဦးလွင်တွင်ပင် ဆက်လက်နေထိုင်ရန် အစွမ်းကုန် ဖျောင်းဖျပြောဆိုပါသေးသည်။ ကျွန်မကလည်း အလွန်နေချင် ပါသည်။ သို့သော် ဒေါက်တာ ဆူဇီကီး အား စိတ်အနှောက်အယှက် မဖြစ်စေရန် ကျွန်မတွင် အသိဥာဏ် ရှိပါသေးသဖြင့် ရန်ကုန်သို့ ပြန်လာခဲ့ပါသည်။
ယင်းအချိန်တွင် ကျွန်မသည် ၀င့်ကြွားသော ဂျပန်ဗိုလ်မှုးကြီး တစ်ဦးနှင့် ရင်ဆိုင်ခဲ့ရပါသည်။ လူပုံက ပိန်ပိန် အရပ်မြင့်မြင့် သူ၏ မုတ်ဆိတ်မွေးက ဆိတ်များတွင် တွေ့ရသော တွဲလောင်းကျနေသည့် မုတ်ဆိတ်မွေး မျိုး ဖြစ်ပါသည်။ အလွန်သန့်ရှင်းပြီး ကော်တင်ထားသည့် ယူနီဖောင်းများကို ကျနစွာ ၀တ်ဆင် ထားလေ့ ရှိပါသည်။
သူနှင့် ကျွန်မ သုံးလေးကြိမ် တွေ့ဆုံရပြီးနောက် ကျွန်မအပေါ်တွင် ဂရုတစိုက် ဆက်ဆံလာကြောင်း တွေ့ရပါသည်။ သူက ရှေ့တိုးပြီး ချစ်ရေးဆိုသည်တို့ကို ကျွန်မက ငြင်းပယ်ခဲ့ပါသည်။
ဗိုလ်မှုးကြီးသည် ရန်ကုန်မြို့၌ တန်ခိုးထွားသူဖြစ်၍ ဆက်ဆံရေး ပြေပြစ်သင့်ကြောင့်ဖြင့် ဒေါက်တာ ဆူဇီကီး က ကျွန်မကို အကြံပေးပါသည်။ အလွန်သင့်လျော်သော အကြံပေးချက်ပင်ဖြစ်ပါသည်။
သို့သော် ခက်နေသည်က ကျွန်မ၏ နှလုံးသားတွင် ဂျပန်ဗိုလ်မှုးကြီးက ပုံမလာခြင်းပင် ဖြစ်ပါသည်။ ညအခါ လသာသာတွင် မည်သည့် ဂျပန် မည်သည့် ဂျပန်အရာရှိနှင့် ဖြစ်ပါစေ မော်တော်ကား ယှဉ်တွဲစီးရန် ကျွန်မ လိုလားသူ မဟုတ်ပါ။ သူနှင့်ဆိုကာ ပို၍ ဝေးပါသေးသည်။ ကျွန်မက သည်အတိုင်းပင် ပြောင်ပြောင် ပြောလိုက်ပါသည်။
သို့သော်လည်း ဗိုလ်မှုးကြီးက နောက်ဆုတ်မသွားဘဲ ဇွဲနပဲ ကြီးစွာနှင့် ချစ်ခွင့် ဆက်လက်ပန်နေပါ သေးသည်။ စကားနှင့် သွေးဆောင် မရသောအခါ တံစိုးလက်ဆောင်များနှင့် ဆက်လက် ကြိုးစားပြန်ရာ ကျွန်မ က ငြင်းမြဲ ဆက်ငြင်းနေပါသည်။
ဇွဲနပဲနှင့် ပတ်သက်၍ သူ့ကို အမှတ်ပြည့် ပေးသင့်ပါသည်။ တနေ့သော နံနက်တွင် ဆေးရုံသို့ ကားတစီးရောက်လာသည်။ ကားပေါ်တွင် အလွန်ကြီးမားသော ပန်းပု ပန်းပြောက်များနှင့် ရွှေချထားသည့် မှန်တင်ခုံ တစ်လုံးကို သယ်ယူလာကြပါသည်။ မှန်တင်ခုံကို စစ်သားနှစ်ဦးက ချွေးတလုံးလုံးဖြင့် ကျွန်မ၏ အိပ်ခန်း သို့ သယ်ယူလာကြပါသည်။ ကျွန်မက စိတ်ဆိုးဆိုးဖြင့် 'ဒီပစ္စည်းကို ပြန်ယူသွား ' ဟု အော်ပါသည်။ ဂျပန်များ က ကျွန်မကို ဂရုမစိုက်ကြပါ။
'ဒီပစ္စည်းဟာ ဗိုလ်မှုးကြီးရဲ့ လက်ဆောင်မို့လို့ သူတို့၏ အသက်ထက်ပင် တန်ဖိုးရှိနေလို့ မယူနိုင်ပါ။' ဟု ပြောကြ ပါသည်။
ကျွန်မကသူပေးသော ပစ္စည်းကို နှစ်သက်၍ လက်ခံလိုသည်ပင် ဖြစ်ပါစေ ထိုပစ္စည်းကို ကျွန်မ အခြေအနေ အရ လက်ခံထား၍ မဖြစ်ပါ။ အကယ်၍သာ မှန်တင်ခုံကို အိပ်ခန်းထဲသို့ သွင်းမည် ဆိုပါက အခန်းက အလွန်ကျဉ်းလှသည်ဖြစ်၍ ဖင်မလှည့်သာ ခေါင်းမလှည့်သာ ဖြစ်သွားပါမည်။ ကျွန်မက စိတ်ဆိုးမာန်ဆိုးနှင့် ခုန်ပေါက် အော်ဟစ် ဆူပူသော အခါကျမှ ဂျပန်များက မှန်တင်ခုံကို ပြန်သယ်သွားကြပါသည်။
ဗိုလ်မှုးကြီးသည် သူ၏ နည်းပရိယာယ်ကို ပြောင်းလိုက်ပြန်သည်။ ညဘက်တွင် ကားအတူစီးရန် ခေါ်ခြင်း တံစိုးလက်ဆောင်ထိုးခြင်းတို့နှင့် မရသောအခါ ချစ်သ၀ဏ်လွှာများနှင့် ကြိုးစားပြန် ပါသည်။ ကျွန်မထံသို့ ရည်းစား စာများ ရေး၍ ပို့လေ့ရှိသည်။ ကျွန်မက ဘာတွေများ ရေးထားပါလိမ့် ဟု စူးစမ်းလိုသဖြင့် ဘာသာ ပြန်ကြည့် သည်။
'ကျွန်မ၏ ဟယ်လင် မင်းရဲ့ မျက်လုံးတွေဟာ ပြင်ဦးလွင်က ရေကန်တွေကို နေရောင်ဟပ်သလိုပ'ဲ ဟု ရေးထား သည်။ ရည်ရွယ်ချက်ကောင်းသော်လည်း ကျွန်မ၏ အသည်းနှလုံးကို ဆုပ်ကိုင်ဖမ်းယူ နိုင်သော အရေးအသားမျိုးမဟုတ်ပါ။ ကျွန်မနှင့် ပတ်သက်၍ သူဘာကို ဆိုလိုသည်ကို မသိပါ။ သို့သော် တင်စား ထားသည်ထက် ကျွန်မက အလှပိုသည်ဟုတော့ ထင်မိပါသည်။
သူ့အား ညင်ညင်သာသာနှင့် ငြင်းပယ်နေ၍ မရတော့ပါ။ သို့ဖြင့်တခုသော မွန်းလွဲပိုင်းတွင် ကျွန်မသည် ဗိုလ်မှုးကြီးအား ရင်ဆိုင်တွေ့ဆုံပြီး 'ဗိုလ်မှုးကြီးသည် အလွန်အရေးပါသူ တစ်ဦးပါ။ ဗိုလ်မှုးကြီးမှာ အထက်က အမိန့်ရှိ ပါသည်။ ကျွန်မကဲ့သို့သော လူမျိုးနှင့် စကားပြောဆို ဆက်ဆံခြင်း မပြုရဆိုသည်ကို ဗို်လ်မှုးကြီး သိပါသည်။ ကျွန်မတယောက်လုံးက ယင်းအမိန့်မျိုး မဖောက်ဖျက်ပါပဲလျက် ရှင်ကမည်သည့်အတွက်ကြောင့် မထိန်းသိမ်း နိုင်ရသနည်း' ဟု ပြောချ လိုက်ပါသည်။
သူသည် ငိုင်ငိုင်ကြီးကြီး မတ်တတ်ရပ်နေသည်။ သူ၏ ဓါးအိမ်အတွင်းရှိ ဓါးကို လှုပ်ခါပြီး 'မင်းခြေလှမ်း မမှားနဲ့' ဟု ပြောပါသည်။
ရည်းစားစာများ လက်ဆောင်များ မလာတော့ပါ။ ကျွန်မပြောလိုက်သည်က သူ့အတွက် အလွန်ထိမိ သွားခြင်း ဖြစ်ပါ သည်။ သူသည် ကျွန်မအပေါ်တွင် အခင်အမင် မပျက် ဆက်ဆံခဲ့ပါသည်။ ကျွန်မစိတ်ဓါတ်ပေါ်တွင် သူ ရန်ငြိုး မထားခဲ့ကြောင်း ထင်ရှားပါသည်။
မိတ်ဆွေဖြစ်ရခြင်း၏ အခွင့်အရေးကို အခါလားလျော်စွာ ကျွန်မက ယူခဲ့မိသည်ကိုတော့ ၀န်ခံရ ပါမည်။ ထိုသို့ ယူမိခြင်းအတွက် စိတ်ထဲတွင် စနိုးစနောင့် မဖြစ်မိပါ။ ကျွန်မ ဖခင်ထံသို့ ရာရှင် ပစ္စည်းများ ပို့ပေးခြင်း ဆေးဝါးများ မကြာခဏ ပေးခြင်း အခါအားလျော်စွာ ပြင်ဦးလွင်သို့ ပြန်ခွင့် ပေးခြင်း စသော အခွင့် အရေး များကို သူ့ထံမှ ရခဲ့ပါသည်၊ စစ်သားများ အပြည့် တင်ဆောင်ထားသော စစ်ရထားများပေါ်တွင် ကျွန်မ တစ်ဦးတည်း သာ မိန်းမသား ရှိပါသည်။ သူသည် အိုင်တွေ့တိုင်း ခြေဆေးတတ်သူ ဟု နာမည်ကြီး နေစေကာ မူ ကျွန်မ အနား ကိုတော့ သူ မကပ်နိုင် ကြောင်း လူတွေ ပြောစမှတ်ပြုကြပါသည်။
ဆက်ရန်
.
2 comments:
ကျေးဇူး အများကြီးတင်ပါတယ်။
အဲဒါ ထိုင်စောင့်နေတာ။
်အမနှင့်တကွ စာရိုက်ပေးသူများအား ကျေးဇူးအထူးတင်ပါသည်။
အမ..၂ရေးနိုးလာဖတ်ပါတယ်။
နေမကောင်းတော့ ဆေးနဲ့အိပ်မီးဖွင့်ထားတာ တချက်
မျက်မှတတပ်အိပ်တာတချက်
အေးလို့ ဟိတာဖွင့်ထားတာတချက်
နဲ့ ခဏခဏနိုးတယ်။
၁ခါနိုးတော့ နှစ်၆၀ ဖတ်ပီး ဒုတိယတခါနိုးတော့ ဟယ်လင်ဖတ်တယ်။
အမကိုကျေးဇူးအများကြီးတင်ပါတယ်။
အမသမီးတွေရော ကျေးဇူးတင်ပါတယ်။ စာငတ်နေသူတွေကို စာငတ်နေတုန်းစာတွင်းထဲကျခွင့်ပေးတာ..အရမ်းကိုကုသိုလ်ရပါတယ်။
အမတို့အားလုံး အဆင်ပြေပျော်ရွှင်ကြပါစေ
Post a Comment