စစ်ပြေးဘဝ
ကျမတို့ လဲ စစ်ပြေး လူထုထည်းမှာ ထိုနေ့ ညနေပိုင်းက ဈေးဦးဖေါက် ပါဝင် လိုက်ပါသည်။ မတော်တဆ စစ်ဘေးက ပြေးရမည်ဆိုလျှင် ကိုယ်ပိုင်ယာဉ်အဖြစ် အသုံးချရန် ဟူသော အမြှော်အမြင် နှင့် ၀ယ်ယူ ထားခဲ့ သော အော်စတင်ကား တပါတ်ရစ်ကလေးသည် ဤနေရာ ၀ယ် အသုံးဝင် လာရှာသည်။ ဒါကလေး ကိုစီး၍ သားရေသေတ္တာ ကလေးတလုံး ယူကာ အိမ်ကို တံခါးပိတ်ထားခဲ့ပြီး ရန်ကုန်နှင့် မိုင်၅၀-အကွာတွင် ရှိသော တိုက်ကြီးမြို့ သို့ ပြေးခဲ့ ရပါသည်။
တိုက်ကြီးမြို့သည် ရန်ကုန်နှင့် အနီးဆုံးမြို့ ဖြစ်သည်။ တနေ့တည်း အသွား အပြန်ပြုနိုင်ပါသည်။ တိုက်ကြီးမြို့ ကိုမှ ရောက်လာရခြင်းမှာလည်း ထိုအခါက မောင်ဝမ်းကွဲ အစိုးရအရာရှိ တဦးနှင့် ဘုန်းတော်ကြီး တပါးကပါ သူတို့နှင့် အတူ ပြေးကြရန် အဖေါ်စပ် လာသောကြောင့် ဖြစ်ပါသည်။ ရုတ်တရက် တည်းခိုရန် အိမ်တခုကို သင့်တော် သော အခနှင့် ငှါးရန် ဘုန်းတော်ကြီးကိုပြောရာ သူ့တွင် ရင်းနှီးသော တကာတဦး၏ အိမ်ရှိ ပါသည်။ ထိုအိမ်တွင်ပင် အခငွေကြေးသဘောပေးပြီး ရောနှောနေပါ။ နောက် နှစ်သက်ရာသီခြား အိမ်ငှား၍ ရတော့မှ ပြောင်းရွှေ့ပါဟူသော ကတိပြုချက်အရ ၎င်း ဘုန်းတော်ကြီး၏ တကာရင်း ထိုသူ၏ အိမ်တွင် ရှေးဦးဆုံး ၀င်၍ စတည်းချ ကြရပါသည်။
ကျမတို့ပြေးလာစဉ်က သားသမိးသဘွယ် မွေးကျွေးထားသော အိမ်ဖေါ်ခလေး ၅-ယောက် ပါ လာပါသည်။ ယောက်ျားကလေးနှစ်ယောက်မှာ အထက်အညာ ပခုက္ကူမှ တယောက် ဖြစ်၍ မန္တလေးမြို့မှာ တစ်ယောက် ဖြစ်ပါသည်။ မိန်းကလး၃-ယောက်မှာ ညီအစ်မ အရင်း ဖြစ်ပြီး အကြီးဆုံးကမှ ဆယ့်သုံးလေးနှစ်ခန့် ရှိသေး၍ အငယ်ဆုံးခလေးမမှာ ၇-နှစ်ခန့်သာ ရှိပါသည်။ သူတို့၏ ဘခင်သည် ပျော်ဘွယ်ကြီးရွာမှာ လယ်ကူလီ လုပ်သည်။
မိခင် ပစ်သွား ၍ ဤခလေးမ သုံယောက်အား ၀လင်အောင် ရှာဖွေ မကျွေးနိုင်သဖြင့် အပြီးအပိုင် မွေးပါတော့ ဟု လာပို့ထားခြင်း ဖြစ်ပါသည်။
ထို့ကြောင့် ကျမတို့ပြေးခဲ့ရာတွင် အိမ်မှာ မှီခိုလာသော ထိုခလေးများအား သူ့ရပ်ရွာပြန်ပို့ ရန်မဖြစ်၊ ပစ်ထား ခဲ့ရန် လည်း မသင့်တော်သောကြောင့် ကားကလေးပေါ်မှာ ကြပ်ကြပ် တည်းတည်း တင်ခေါ်လာခဲ့ရပါသည်။ အိမ်တွင် မီးဖိုတာဝန်ဆောင်ရွက်သူ မိန်းမတစ်ဦး ကတော့ သူ့ဌာန ပျော်ဘွယ်ကြီး ရွာသို့ ပြန်သွားပါသည်။
တိုက်ကြီးမြို့ သို့ ရောက်သောအခါ ကျမတို့ နှစ်ယောက်နှင့် ထိုခလေး ၅-ဦးမျှသာ ဖြစ်သော်လည်း အတူ ပါလာသော အရာရှိ မောင်ဝမ်းကွဲမှာ အိမ်ထောင်မရှိသေးသူ၊ တပည့်သားမြေးလည်း မပါသူ ဖြစ်သဖြင့် ဘုန်းတော်ကြီး နှင့်အတူ စားရေးသောက်ရေးကို ကျမတို့ အိမ်သားစာရင်းတွင် စုပေါင်းကာ တာဝန် ယူခဲ့ သည်။ ထိုမျှမကသေး၊ စစ်ပြေးဒုက္ခသည်တို့မှ အချို့ အသိအကျွမ်း မိတ်ဆွေ များအားလးည်း ၀င်လာမစဲ တသဲသဲ ဆိုသလို ကြုံလျှင် ကြုံသလို ထမင်းပွဲနှင့် ဧည့်ခံ ပြုစု ရတော့သည်။
ကျမသည် နေ့စဉ်နှင့်အမျှ အလုပ်စားပွာမှာ ကလောင်တချောင်းနှင့် ထိုင်လာခဲ့ရသော အလေ့ အကျင့် ကြောင့် ယခုလို ရုတ်ကနဲချည်း အလုပ်နှင့်လက်နှင့် ပြတ်ပြီး တနေကုန် အလကားထိုင်လို့ မနေတတ်တော့ဘဲ တခုခုကို အလုပ်ဖြစ်အောင် လုပ်ရာ၌ စားဖိုဆောင် ၏ တာဝန်မှူးတစ်ဦး ဖြစ်လာပါသည်။ ထိုကြောင့် မနက်လင်း လျှင် ခလေးများ အသင့်ပြင် ထားသော ကော်ဖီစားပွဲမှာ ထိုင်သောက်ပြီး တိုက်ကြီးဈေးသို့ ဈေးဝယ် ထွက်လေ့ ရှိသည်။ အိမ်မှာ ရှိရစ်ခဲ့သော ခလေးမများက မိးဖိုကိစ္စ လိုအပ်သည်တို့ကို ဆောင်ရွက် ထားရသည်။ ယောက်ျားကလေး နှစ်ဦးက ဈေးဆွဲခြင်းကြီး ဆွဲမရန် လိုက်ခဲ့ကြရသည်။
တိုက်ကြီးမြို့ ဈေးမှာ ရန်ကုန်မှ ပြေးလာသူတွေ ခြေချင်းလိမ်နေသည်။ ကျောက်လမ်းဘေး မှာလည်း ကားကြီး ကားငယ်နှင့် ရန်ကုန်မှ ထွက်လာကြသူတွေကို ဆီးကြို ကြည့်ကြ၊ မေးကြနှင့် နေ့စဉ်နှင့်အမျှ ဘုရားပွဲ ဈေးတန်းကြီးလို ရှိနေသည်၊ တချို့သည်ပြည်၊ ဟင်္သာတ သွားကြဘို့ဖြစ်၍ အချို့ကလည်း ပြည်လမ်း တလျှောက် နီးစပ်ရာမြို့ အသီးသီး သို့ ခိုနေကြမည်။ အချို့ကားပုံသေကားကျမရှိ၊ ခြေဦးတည့်ရာ ပြေးမိ ပြေးရာ ပြေးပုံးရှာကြ သည်မှာ ဗန်းမော်၊ ကသာ၊ မြစ်ကြီးနားဆိုသော အထက်ဗမာပြည် နယ်စပ်အထိ ရောက် သွားကြပါသည်။
သို့ရာတွင် ဤမျှဝေးဝေး ကွာကွာ ပြေးပါသော်လည်း စစ်မီးသည်ရှေ့က ပြေးနောက်လိုက်နေသလို တနေ့မှာ မျက်နှာချင်း ဆိုင်ရပြီး ခရီးဝေးသလောက် ပိုလို့ဘဲ ဒုက္ခ ရောက်ကြရသည်ဟု ပြောပြကြပါသည်။ ကျမ တို့မှာတော့ ရန်ကုန်၏ အနီးအနားမှာ ခိုဝင်နေကြသဖြင့် လာမည့်ဘေးကို အဝေးကြီး ပြေးရှောင်မနေရဘဲနှင့် သည်တနေရာ မှာ ဂျပန်များ ၀င်လာသည်အထိ နေကြရပါသည်။

ထိုအခါ တိုက်ကြီး မှော်ဘီ စသည်တို့မှ ကုန်စိမ်းပစ္စည်းများ ဖြစ်သော ဟင်းသီးဟင်းရွက် မုံလာ၊ ကော်ဖီ များမှာ ရန်ကုန်မှ ပြေးလာသူ စစ်ပြေးတို့အတွက် အိမ်ခဈေး အဆမတန် တက်သဘောက် စားကုန် သောက်ကုန် များ အလကား ဘာသာနှင့် ပေါပေါများများ စားကြ ရသောကြောင့် အထုပ်အထယ် ပစ္စည်း မပါရှာသော စစ်ပြေးများအတွက် သက်သာရာရစေ တော့သည်။ သို့ရာတွင် ခိုကိုးနေထိုင်စရာမှာတော့၊ ဓနိ တဲငယ် ကလေးတခုကိုပင် ၅၀ိ-၁၀၀ိ ပေးပြီး ဖြစ်သလို ခိုနေကြရရှာပါသည်။
လခစား များမှာလည်း စစ်ပြေးဘ၀နှင့် အလုပ်လက်မဲ့ ဖြစ်ကြရသည်။ ကြံရာမရသောအခါ အလုပ်သစ် သမားများထံမှ ပစ္စည်း ပစ္စယ ၀ယ်ယူပြီး တဆင့်အမြတ်တင်၍ ရောင်းစား တတ်ကြကာ အမြတ် ထွက်သော ၀င်ငွေဖြင့် ပရိယေသနကို ငြိမ်းစေရသည်။ အလုပ်သစ် သမားဆိုသည်မှာ ရန်ကုန်မြို့ကြီးမှ အိုးပစ်အိမ်ပစ် ထွက်ပြေး ကြသူတို့၏ အိမ်များ၊ ပိတ် ထားခဲ့ရသော ဈေးရုံ ကုန်ဆိုင်၊ ဂိုဒေါင် စသည်များမှ ဖေါက်ဖျက်၍ အလစ်သုတ် နေကြ သော အလုပ်သမားများ ဖြစ်ပါသည်။
ထိုသူတို့မှာလည်း သယ်ယူရရှိသော ပစ္စည်းပစ္စယ အထည်အ၀တ် အသုံးအဆောင်မှန်သမျှတို့ကို ကြုံရာ နေရာ၌ ရသမျှနှင့် စုလိုက်၊ ပုံလိုက် ရောင်းချတတ်ကြသည်။ ပစ္စည်းအမျိုးမျိုး၏တန်ဘိုးကို နားမလည်ကြရှာ၊ တထောင်တန် ပစ္စည်းကိုလည်း ၅ိစ ၁၀ိစနှင့် ချရောင်းကြသည်။
သို့ကြောင့် နားလည်သူများက ကြုံလျှင်ကြုံသလို ၀ယ်ယူပြီး တဆင့်ခံ၍ အမြတ်ပြန်ရ အောင် ရောင်စား တတ်လာ ကြသည်။ တကယ်တန်း ကျွမ်းကျင်ပါးနပ်သူတို့ကား စွန့်စွန့် စားစားလုပ်ရဲသလောက် ခေတ်ပျက် သူဋ္ဌေးကြီး ဘ၀ ရောက်ခဲ့ကြသူများလည်း အများ အပြား ထွက်ပေါ်လာကြပါသည်။ ဤသို့လျှင် စစ်မီးကြောင့် ပြေးရင်း လွှားရင်း ဖြစ်ရာဘ၀၊ ကျရာ အရပ်၌ တတ်သလောက် မှတ်သလောက် လုပ်ကိုင် စားသောက်ခြင်း ဖြင့် ၀မ်းရေး ပြဿနာကို ရှင်းနေကြသူများအတွက် အပြစ်ဆိုရန်လည်း ခက်လှပါသည်။ သို့ရာတွင် ဒါမျိုးတွေက အစပြုကာ တကမ္ဘာလုံးရှိ စစ်ဘေးစစ်ဒဏ်နှင့် မကင်းသမျှ နိုင်ငံများသည် စိတ်ဓာတ်ကျ၍ စာရိတ္တ ပျက်ပြားမှုရောဂါဆိုးကြီး ကြီးပွား ကျယ်ပြန့်လာရခြင်းမှာ မငြင်းနိုင် သော အကြောင်းတရပ် ဖြစ်ခဲ့ပါ သည်။
အောင်မြင်စွာ ဆုတ်ခွာချိန်
ရန်ကုန်မြို့ ၄၇လမ်းတွင် ကျန်ရစ်ခဲ့သော တိုင်းပြည်ပြု စာပုံနှိပ်တိုက်နှင့် ဒဂုန်ခင်ခင်လေး စာအုပ်တိုက်မှာ ဆိုင်းဘုတ်သာ ကျန်ရစ်ပြီး တိုက်တွင်းရှိ ပစ္စည်းပစ္စယ အားလုံးကို တိုက်ကြီးမြို့သို့ အရောက် တဖြေးဖြေး သွားပြီး သိမ်းဆည်းသယ်ယူထားရပါသည်။ ကားငယ်ကလေးမှာ အ၀တ်အစား အသုံးအဆောင် တိုတို ထွာထွာ ပစ္စည်းအနည်းငယ်မျှ သာ တင်နိုင်၍ စာပုံနှိပ်တိုက် ဆိုင်ရာဝန်လေး ပစ္စည်းကြီးများကိုတော့ လော်ရီကား ကြီး များ နှင့် ငှါး၍သယ်ယူလာရပါသည်။
ထိုပုံနှိပ်တိုက် ပစ္စည်များမှာ စောစောပိုင်းက မသယ်သေး ဘဲ လွယ်လွယ်နှင့် အေးသွားလျှင်လည်း သည်အတိုင်း အစောင့် တယောက်လောက်နှင့် ထားရစ်ကြံသည်၊ သို့သော် အင်္ဂလိပ်အစိုးရမှာ ထိုအချိန်က အောင်မြင်စွာ ဆုတ်ခွါလေ့ ရှိ သည့်အတိုင်း ၄၈နာရီအတွင်း ရန်ကုန်၌ ရှိသူတွေကို နှင်ထုတ်ပြီး တမြို့လုံး မီးရှို့ ပစ်ခဲ့ တော့မည်ဆိုမှ ပုံနှိပ်တိုက်ပစ္စည်းများကို နောက်ဆုံးထား၍ သယ်ယူလာရခြင်း ဖြစ်ပါသည်။
နေ့စဉ် ရေဒီယို သတင်းတွင်း ဂျပန်တပ်များသည် ယိုးဒယား၊ မာလာယုတို့မှ ဖြတ်၍ တမြေတည်း ဆက်စပ် နေသော မြန်မာပြည်၏ တနင်္သာရီတိုင်းတွင်းသို့ ထိုးဖောက်ခါ မြိတ်၊ ထားဝယ်တို့ကိုပင် ၀င်လာပြီး ဗမာ့ တပ်မတော် ဘီအိုင်အေကလည်း မြိတ်၊ ထားဝယ် စသော တနင်္သာရီတိုင်းနယ်တို့၌ တွင်ကျယ်စွာ လွှမ်းမိုးနိုင် လျက် ဂျပန်နှင့်ပုခုံးချင်းရှက်၊ လက်ချင်းတွဲ၍ အောင်ပွဲ ဆင်နေသည်ဆိုသော သတင်းများ ကြားရလေတိုင်း ဗမာများ က အားရကျေနပ်လျက် ရှိကြပါသည်။
၄၈နာရီ နို့တစ်ပေးပြီးသော နောက်ပိုင်းမှာ အင်္ဂလိပ်များ သည် ရန်ကုန်မြို့ကြီးကို မြေလှန်စံစနစ်နှင့် ဖျက်ဆီး ပစ်ရာတွင် တမြို့လုံးရှိ အဆောက် အဦးများကို ကုန်စင်အောင် ဖျက်ဆီးဖြိုခွင်းပစ်ခဲ့ရန် အချိန် မရသော အခါ အရေးကြီးသော ဋ္ဌာနတွေကိုသာ ရွေး၍ မီးရှို့ဖျက်ဆီးသည်။ အဆောက်အဦးကြီးများ အတွင်းရှိ အစိုးရပိုင် နိုင်ငံခြား ကုမ္ပဏီကြီးများ ပိုင်သော အသုံးအဆောင် ကုန်ပစ္စည်းများကို ကားကြီး ကားငယ် နှင့် သယ်ယူ ဆောင်ကျဉ်း သွားကြသည်။
ဗမာပြည် တပြည်လုံး ကို ကြိုးကိုင်နေသော အတွင်းဝန်များ ရုံးကြီးရှိ အစိုးရအဖွဲ့ကိုပါ အထက် အညာသို့ ပြောင်းရွှေ့ သွားပါသည်။

သူတို့ ရည်ရွယ်ချက်မှာ အင်အား သာ၍ ပြန်ချနိုင်ပါက အထက်အညာဒေသမှ နေရာယူမည်။ အခြေမလှ လျှင်လည်း အိန္ဒိယပြည်သို့ ပြေးကြရန် လမ်းသုံးသွယ်မှာ ပြည်မြို့တဘက်ကမ်း ရှိ ပန်းတောင်း တောင်ကုတ် လမ်း၊ ချင်းတွင်းနယ် ဟုမ္မလင်းမှ တမူးလမ်းနှင့် အထက် ဗမာပြည် မြစ်ကြီးနားနယ်မှ ဆက်သွယ်ထားသော လီဒို လမ်းမကြီး စသည်များ ဖြစ်ပါသည်။ ပြေးရင်း၊ လွှားရင်း မသယ်နိုင်သော ပစ္စည်းများကို ပစ်ချဖြန့်ကြဲ ထားခဲ့ကြရသည်။
သို့ကြောင့် အလွန်ခေါင်သော နယ်ပယ်များမှာ ရိုးသားဆင်းရဲရှာသော ရွာသူရွာသားများ သည် စားစရာ စည်သွတ် ပစ္စည်း သေတ္တာများကို လမ်းပေါ်မှ မလိုချင်အဆုံး ကောက်ယူ ရရှိခြင်း၊ စခန်းချသွာသော အင်္ဂလိပ် စစ်တပ်များ က စွန့်ပစ်သွားကြခြင်းဖြင့် တောသူ တောင်သားများမှာ အ၀တ်အထည်မှတပါး အခြား ပစ္စည်းများကို အသုံးချရန် နားမလည်ရှာ ကြဘဲ စည်သွတ်ဘူး အတွင်းမှ တွေ့ရသော ထောပတ်များကို လှည်းပဒေါင်း တွင် ထည့်သူ ထည့်ပြီး၊ ဒိန်ခဲဘူးများကို ဖွင့်ကြည့်ကာ ဆပ်ပြာတုံးအထင်နှင့် အ၀တ်လျှော် သူက လျှော် ကြရသည်။
သို့သော် ထိုအချိန်အခါက လူရည်တတ်များ အိုးအိမ်ပစ်၍ ကြောက်လန့်ထွက်ပြေး နိုင်ကြ သလို စရိတ်မရှိ၍ မပြေးနိုင် ရှာသော လူမွဲများသည် မြို့ဆင်ခြေဖုံးများ၌ ဖြစ်သလို ခိုကပ် နေကြရင်း ဂိုဒေါင် တိုက်ခန်းများ အတွင်းက အကျန်အကြွင်း ပစ္စည်းများကို စွန့်စား သယ်ယူ ရောင်းစားကြသည်။ ဤနည်းမှာ ရန်ကန်ုမြို့ကြီး တွင် သာမက မြို့သိမ်၊ ရွာသိမ်များအထိ သူ့အထွာနှင့်သူ ရှိကြသည်။ ရွှေမရှား၊ ငွေမရှား လက်ဖျားမှာ ငွေသီး လာကြသည်။
လူမွဲ တွေ တခဏခြင်း သူဋ္ဌေး ဖြစ်ကြသည်။ သိုက်တပေါင်စကားကိုလည်း တီးတိုးပြောကြား နေ ကြသည်။ ပန်၊ ဏီ၊ အိ ရာသီချိန်ရောက်မည်၊ ထိုအခါလူမွဲတွေ ကောင်းစားမည်၊ ဗမာပြည် ကိုယ့်ထီး၊ ကိုယ့်နန်းနှင့် နေရမည်၊ မမှန်လျှင် လက်ဖြတ်ခံမည် ဆိုသော ဟောကိန်း တပေါင်ကို၎င်း၊ ကုလားသေ တပြေ၀ဆိုသော တပေါင်း အတိုင်း ကုလားဖြူတွေသေလျှင် တပြည်လုံးဝပြောမည်၊ မြန်လျှင်တပေါင်းနှောင်းလျှင် တန်ခူးဟု ဆိုသော ကိန်းအရ တပေါင်းတန်ခူး လရောက်တိုင်း ကြိတ်ဝိုင်း ပြု၍ မျှော်လင့်နေကြသူ ၀ါသနာအိုးတို့မှာ ယခု အခါ ရောက်မှ မှန်လှချေကလားဟု လက်ဖျားခါနေကြသည်။
ဂျပန်စစ်ဗိုလ် စစ်တပ်များနှင့် ဗမာ့တပ်မတော် စစ်ဗိုလ်၊ စစ်သားတို့ လက်တွဲချီတက် သိမ်းပိုက် လာကြ သည်မှာ တနင်္သာရီတိုင်းကို လွန်မြောက်၍ ဟံသာဝတီခရိုင် ပဲခူးနယ် ဘက်သို့ပင် ရောက်လာပြီ ဖြစ်သည်။ ထိုအချိန် မှာ အင်္ဂလိပ်ကပြေး ဂျပန်က လိုက်နေ သည်။ တချို့နေရာတွင် အင်္ဂလိပ်က ချောင်ပိတ်မိပြီး ခံရသည်။

ပြေးရာ မှာလည်း ဖြောင့် ဖြောင့်မပြေးရ၊ ဘီအိုင်အေ တပ်မတော်သားတို့နှင့် အဆက်အသွယ် ပြုထားသော သခင် များ၊ နိုင်ငံရေး ပျောက်ကြားသမားများက နေရာအနှံ့အပြား၌ စံနစ်တကျ ကြိုတင် ပြင်ဆင် မထားဘဲနှင့်ပင် ကျားကွက်ဆင်ထားသလို အလိုလို စိတ်ဓာတ်ချင်း ကိုက်ညီနေကြသည်။ အင်္ဂလိပ် စစ်တပ် များ ရှိရာကို သတင်းပေးကူညီ မောင်းထုတ်ကြခြင်းဖြင့် ငါတို့ ခေါင်းပေါ် မှာ အနှစ်တရာလောက် လာရောက် ချုပ်ချယ် ဖိနှိပ်သူများဟု ဗမာတွေက လက်စား ချေ လိုက်ကြပါသည်။
ယင်းသို့ ဓမ္မဓိဋ္ဌာန်အားဖြင့် သိမ်းကြုံးပြီး မုန်းတီးနေကြသော်လည်း တဦးချင်း၊ နှစ်ဦးချင်း ရင်ဆိုင်တွေ့ရသော ဒုက္ခသယ် အင်္ဂလိပ်အမေရိကန် စစ်ဗိုလ်၊ စစ်သားအား ဗမာ၏ သနား တတ်သော ကရုဏာ စိတ်ဓာတ်ကြောင့် နောက်မှ လိုက်လာသော ဂျပန်စစ်သားတို့ရန်ကို ကြောက်လန့်ဘို့ သတိမရ၊ တခဏ ဖြစ်စေ အသက်ရှည်ပါစေ ဟူသော စေတနနှင့် အကာ အကွယ် ပေးလျက် သိုဝှက်ကယ်ဆယ် ထားကြသူများလည်း အများအပြားပင် ရှိကြပါ သေးသည်။
ဤသဘောတရားမှာ အင်္ဂလိပ်ကိုသာမဟုတ် စက်ဆုတ်ရွံမုန်းစွာနှင့် ဂျပန်ကို ပြန်၍ တော်လှန်ရေး လုပ်ကြသော အခါမှာလည်း ရန်သူဂျပန် ဖြစ်စေကာမူ ယခင်နည်းတူ မျက်နှာရင်ဆိုင်ကြုံတွေ့ရသောအခါ သနား ကရုဏာ မကင်းတတ်သဖြင့် အခွင့်သင့် သလို ကယ်ဆယ်တဲ့ ၀ှက်ထားကြပြန်သေးသည်။
ကျမတို့လည်း တည်းခိုနေသော တိုက်ကြီးမြို့မှာလည်း တဖြေးဖြေး ရုတ်ယက်ခပ် လာသည်၊ ဆုတ်ပြေး လာသော အင်္ဂလိပ်တပ်များမှာ တိုက်ကြီး၊ ဥက္ကံစသော မြို့အနီး တ၀ိုက်တွင် စတည်းချလိုက်၊ ရှေ့ဆက် သွားလိုက်၊ နောက်တထပ် ရောက်လာပြီး တည်းချလိုက်၊ ရှေ့သွားလိုက်နှင့်အဆက် ပြတ်သည်မရှိ၊ အတွင်း ဘက် ကျသော ကျေးရွာ ဒေသများ ချောင်ကျရာ နေရာများနှင့် ရိုးမတောင်ခြေရှိ ရွာများတွင် ခိုဝင်သော နယ်လွန် သူ နိုင်ငံရေးသမား သခင်များကို ဆိုင်ရာ အရပ်ဒေသရှိ စုံထောက်များက ရှာဖွေ သတင်းပို့ နေကြ သဖြင့် စစ်အမိန့် အုပ်ချုပ်နေပြီဖြစ်၍ မတော်တဆ တွေ့ရှိသွားပါက တွေ့ရာ သင်းချိုင်း ဒိုင်းကနဲ ပစ်သတ် ခဲ့ကြရမည် ဖြစ်ပါသည်။

ထိုရက်ပိုင်းအတွင်း နယ်လွန်ပြီး ပိတ်မိ နေသော ပုသိမ်မှ နိုင်ငံရေးသမား သခင်နှစ်ဦး အား ကားကလေးနှင့် အသက်ဆံဖျား သွားရောက် ခေါ်ယူလျက် ကားခြေနင်း ခွက်ထဲတွင်ဝပ်၍ အ၀တ် ဖုံးပြီး လိုက်ပါစေရင်း စစ်ချီတက်နေသော အင်္ဂလိပ်စစ်သားတွေ ဘေးမှဝန်းကာ ကားကိုဒလကြမ်း မောင်း ခေါ် လာခဲ့ရပြီး အိမ်တည်းမှာ ကျကျနန ထားလိုက် ရပါသေးသည်။
အင်္ဂလိပ်အပြေး ဂျပန်အဝင် ဆက်ရန်
.
အင်္ဂလိပ်အပြေး ဂျပန်အဝင် ဆက်ရန်
.
No comments:
Post a Comment