ကျွန်မကိုလည်း လူနာများနှင့် အတူတူ လူနာ တစ်ယောက်အဖြစ် မြင်တွေ့နိုင်ကြပါသည်။ သို့သော် ဒဏ်ရာမှာ အပေါ်ယံရုပ်ထိခြင်းဖြစ်၍ မကြာမီနာလန်ထလာပြီး ကျွန်မ၏တာဝန်များကို ပြန်လည် ထမ်း ဆောင်နိုင်ပါ၏။
ကျွန်မသည်လူနာအဖြစ် ခုတင်ပေါ်၌လဲလျောင်းနေစဉ် ကျွန်မငယ်ငယ်က မိခင်ပြောခဲ့သော အပြစ်အ ပျက်ကို သတိရနေမိပါသည်။ မိခင်သည် မည်သည့်အတွက် ထိုအကြောင်းအရာများကို ပြောခဲ့သည် မသိပါ။ ကျွန်မငယ်စဉ်က ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ခဲ့ရရာတွင် ဘေးမသီရန်မခ ဖြစ်ခဲ့ရသည်များ ကို မိခင် ကိုယ်တိုင် တွေ့ကြုံရသောကြောင့် ပြောခြင်းလည်း ဖြစ်နိုင်ပါသည်။ မိခင်က "ဟယ်လင်ရေ သမီးမှာ အလွန် ထူးဆန်းတဲ့ ပါရမီ ပါလာတယ်" ဟုပြောဖူးသည်။ '' သမီးရဲ့ ဖေဖေ မက်ဆိုပိုတေးမီးယား စစ်မျက်နှာကို စစ်ထွက်သွားရတုန်းက ပထမကမ္ဘာစစ် ဖြစ်နေတုန်းကပေါ့၊ မေမေက မိဘများ ရှိတဲ့ စကော့တလန်ကို ပြန်ဖို့ ဆုံးဖြတ်ခဲ့တယ်။
'' ပက်ထရစ်ဟင်ဒါဆင် ကုမ္ပဏီက သင်္ဘောကြီးနဲ့ ရန်ကုန်မြို့က မေမေတို့ ထွက်လာကြတော့ မေမေ့လိုပဲ သားသည် အမေတွေ ပါလာကြတယ်၊သင်္ဘော ကက်ပတိန် လုပ်တဲ့သူက သိပ်ပြီး အယူသည်းတယ်၊ ရန်သူ ရေငုပ်သင်္ဘော အများအပြား ကျက်စားနေတဲ့ မြေထဲပင်လယ်ထဲ ရောက်တယ် ဆိုရင်ပဲ သူ့သင်္ဘောပေါ်မှာ ခရီးသည်အဖြစ် ပါလာကြတဲ့ သားသည်အမေတွေအားလုံးကို ဖိတ်ခေါ်ပြီး တစ်နေရာမှာ စုဝေးစေတယ်၊ သူက မေးတယ်၊ ခင်ဗျားတို့ ကလေးမျက်မှာ မြင်စဉ်တုန်းက အိမ်သာသုံးစက္ကူလို ပါးလွှာတဲ့ ရေမြွာတစ်ကိုယ်လုံး အုပ်ပြီးမွေးတဲ့ ကလေးများပါသလားလို့ မေးတယ်။
မေမေက အတော်အံ့အားသင့်သွားတယ်။ ဒါပေမဲ့ မေမေကသမီးမွေး တုန်းက ရှင်ပြောသလိုပါပဲလို့ ပြောလိုက်တယ်၊ အဲဒီမှာတင် သင်္ဘောကပ္ပတိန်ဟာအားရ ၀မ်းသာဖြစ်ပြီးသားသည် အမေတွေကို ခင်ဗျာတို့ရန်သူ ရေငုပ်သင်္ဘောရဲ့ ရန်ကြောက်စရာ မလိုတော့ဘူး၊ ကျွန်တော်တာဝန် ယူတယ်၊ ကျွန်တော်တို့ သင်္ဘောပေါ်မှာ လာဘ်ကောင်းတဲ့ အဆောင်(မေမေ) ပါလာပြီလို့ပြောတယ်။
မေမေကတော့ သူနာပြု ဆရာမလည်း ဖြစ်ပြန်လက်တွေ့ ကျကျကိုမှ လက်ခံတဲ့သူလည်း ဖြစ်ပြန်ဆို တော့ ကပ္ပတိန်ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ဂရုမစိုက်ပါဘူး၊ စိုးရိမ်နေကြတဲ့ သားသည်အမေတွေ ကို အကြောက် ပြေအောင် နှစ်သိမ့်နေတာပဲလို့ ယူဆမိသည်။
အဲဒီနေ့ညမှပဲ မေမေတို့ သင်္ဘောနဲ့ယှဉ်ပြီး သွားနေတဲ့ သင်္ဘောကို တော်ပီဒို လာမှန်လို့ မြုပ်သွား တယ်၊ မနက်ကျတော့ အသက်ရှင်တဲ့သူ တစ်ယောက်တလေ ကျန်နေမလားဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပြန်ရှာ ကြရ သေးတယ်၊ တစ်ယောက်မှ မတွေ့ဘူး။
ကပ္ပတိန်ကတော့ ထပ်ခါတလဲလဲ ပြောတယ်၊ မေမေသာ သင်္ဘောပေါ်မှာ ပါမလာခဲ့ရင် သူ့သင်္ဘောကို တော်ပီဒိုမှန်မှာ သေချာတယ်တဲ့ ထိုအကြောင်းများကို ကျွန်မပြန်လည် သတိရနေမိပါသည်။ ကျွန်မ မိခင် အနေဖြင့်မူ သဘော မပေါက်ခဲ့ပါ။ သို့သော်ကျွန်မ အတွက်ကြောင့် လူ့အသက်ပေါင်းများစွာ ဘေးကင်း သွားရ သည်ကိုတော့ မေမေက သတိရနေ မည်ဖြစ်ပါသည်။
ကျွန်မသည်လည်း အယူသည်းသူ တစ်ယောက်တော့မဟုတ်ပါ။ တောင်ကြီးမြို့ပေါ်သို့ စတင်ကျရောက် သည့် အချိန်ကစပြီး ယခုအချိန်အထိ အပြစ်အပျက်များကို ပြန်လည်စဉ်းစားလိုက် သောအခါ သေရအံ့ ဆဲဆဲ တေ့လွဲ ကလေးပေါင်း များစွာကြုံရဆုံရသဖြင့် သင်္ဘောကပ္ပတိန် ကြီးပြောကြားသွာသည်မှာ အယူသည်းခြင်း မဟုတ်ပဲ တစ်ခုခုတော့ ဖြစ်မှာပါဟု ဆေးရုံအတွင်းလူနာ ကုတင်ပေါ်၌ တုံးလုံးလှဲနေ ရင်း တွေးနေခဲ့ မိပါသည်။ ဗုဒ္ဓဘာသာ အယူအဆအားဖြင့် ဥပစ္ဆေဒကကံ သူတစ်ပါးလက်ချက်နှင့် အစိမ်းသေ မသေရခြင်း တစ်စုံ တစ်ခုသော ကံတရားကြောင့် သူတစ်ပါးလက်ချက်ဖြင့် ကျွန်မ မသေနိုင် ဟူသောအတွေး ပေါ်လာ သောအခါ ၀မ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ပါသည်။
အခြေအနေ အရပ်ရပ်ကို သုံးသပ်ကြည့်ရခြင်းအားဖြင့် စစ်ကြီး ကတော့ ကြာပါဦးမည်၊ ကျွန်မ ဆီသို့ ရောက်လာ ကြမည့် တစ်စစီ ဖြစ်နေသော ကံတရားကိုပင် ဆုပ်ကိုင်၍ တာဝန် များကို ယူရပါဦးမည်။
ကျွန်မ နေကောင်းစ ပြုလာသည်နှင့် ဗိုလ်တိုဘာယာရှီအား တွေ့ခွင့် တောင်းပါသည်၊ သူက တွေ့ခွင့် ပေးသော အခါ 'အိုမင်းမစွမ်းဖြစ်ပြီး မကျန်းမမာ ဖြစ်နေသော ဖခင်အတွက် အလွန်စိုးရိမ် ပူပန်နေပါကြောင်း ဖခင်ကို သူ၏သစ္စာရှိ အစေခံများက စောင့်ရှောက်လျှက်ရှိကြောင်း တရုပ်စစ်သားများ ကျမထံမှ နောက်ဆုံး ထွက်ခွာ သွားကြစဉ်က သူနေထိုင်သည့် ကရိတ်မိုး အိမ် တူရူသို့ သွားခြင်းဖြစ်ကြောင်း သူနေ ထိုင်၍ ကောင်း မကောင်း သိချင်၍ သူထံသွားလိုကြောင်း သူ့ကို ကျမ ၏ အိမ်သို့ ခေါ်လာခဲ့လိုကြောင်း' ဖြင့် ကျမက တင်ပြ ပါသည်။
တိုဘာယာရှီက ခတ္တဆိုင်းနေပြီး ခေါင်းကို ယမ်းခါပါသည်၊ ကျမ၏ မေတ္တာရပ်ခံချက်မျိုးကို မလိုက်လျှော နိုင်၍ ၀မ်းနဲကြောင်း ဖခင်၏ အိမ်နေရာမှာ စစ်နယ်မြေအဖြစ် သံဆူးကြိုးများ ကာရံထားသည့်အပြင် စစ်တပ်က မျက်ခြည် မပြတ် စောင့် ကြည့်နေသော နေရာ ဖြစ်ကြောင်း ပြန်ပြောပါသည်၊ ကျမက မရမက တောင်းဆိုသောအခါ သူက ခြွင်းချက် ဖြင့် ခွင့်ပြုပါသည်။
'သူ့ထံမှ စစ်ကားတစ်စီး လွှတ်ပေးမည်၊ ကျွန်မကို စစ်ကားနှင့် ကရိတ်မိုး ၀င်းခြံအား တားစီးထားသော သံဆူးကြိုး တံခါးအထိ ပို့ပေးမည်။ ကျွန်မက အိမ်ဆီသို့သွားနေစဉ် သူ့လူများက ကျွန်မကို သေနတ်နှင့် ချိန်ထားမည်၊ အကယ်၍ ထွက်ပြေးရန် ကြိုးစားလျှင် သော်လည်းကောင်း မဟုတ်တရုတ် လုပ်လျှင် သော်လည်းကောင်း ကျွန်မကို သေနတ်နှင့် ပစ်သတ်မည်' ဟု ပြောပါသည်။
ကျွန်မကို ကားနှင့် လာခေါ်ပါသည်။ ကားနောက်ပိုင်းပေါ်တက်သွားသောအခါ ကျွန်မကို စောင့်ကြပ်ရန် လက်နက်ကိုင် စစ်သားများ ပါလာကြသည်။ ကရိတ်မိုးအိမ်၏ တောင်ခြေရင်းသို့ ကားကို မောင်းသွား ကြသည်။ ကျွန်မသည် မတ်စောက်သော တောင်ကုန်းကို ဖြတ်ကျော်၍ အိမ်ကြီးရှိရာ တောင်ပေါ်သို့ တက်သွားစဉ် နောက်ပြန်လှည့်ကြည့်လိုက်သောအခါ ကျွန်မကို သေနတ်နှင့်ချိန် ရွယ်ထားသည့် စစ်သား များ ကို တွေ့ရပါသည်။
သူတို့က ငါ့ကို တကယ်ပဲ ပစ်တော့မှာလား ဟူသော ကြောက်စိတ်ဝင်လာခဲ့ပါသေးသည်။ သို့သော် စစ်သား များထဲမှ တစ်ဦးက ကျွန်မကို ဆက်လက်သွားရန် သူ့သေနတ်ဖြင့် ဝှေ့ယမ်း အချက်ပြနေ၍ ကြောက်စိတ် ပြေသွားခဲ့၏။
အိမ်ကြီးအနီးသို့ ချဉ်းကပ်မိသောအခါ ထူးဆန်းသော တိတ်ဆိတ်မှုက အိမ်ကြီးကို လွှမ်းခြုံလျှက်ရှိပါ သည်။ လမ်းကို မြန်မြန် လျှောက်နေရာမှ ပြေးသွားမိ၏။ ကျွန်မ၏ ခြေထောက်နှင့် ဗိုက်မှ ဒဏ်ရာများက နာကျင် ကိုက်ခဲ လာပါသည်။ ကျွန်မအပေါ်သို့ကျရောက်တော့မည့် ဂြိုလ်ဆိုး ကြမ္မာဆိုးကို သတိမူမိသဖြင့် နာကျင်ခြင်း ကို ဂရုမစိုက်တော့ဘဲ တောင်ပေါ်သို့ ဆက်တက်ခဲ့ပါသည်။ ကျွန်မတို့၏ ၀န်းခြံသို့ ရောက်လာ သောအခါ စိုးရိမ်ခဲ့မိသည့်အတိုင်း တွေ့မြင်ရပါသည်။ ခြံတခြံလုံး မြင်မကောင်းအောင် ဖြစ်နေပြီး အိမ်တွင်း၌ မွေးမြူ ထားသော ငှက်များမှာ ငှက်လှောင်အိမ် အတွင်း သေဆုံး နေကြပါသည်။ အစာရေစာ ငတ်ပြတ်၍ တုံးလုံး ပက်လက်ဖြင့် သေဆုံးနေကြသော ခွေးသေကောင် များကိုလည်း ခွေးခြံ အတွင်းမှာ တွေ့ရပါသည်။
ကျွန်မက အော်ခေါ်ပါသည်။
'ဖေဖေ၊ ဖေဖေရေ ဖေဖေ ဘာမှ မဖြစ်ပါဘူးနော်' ဟု အော်မေးသော်လည်း ဘာသံမှ ပြန်မကြားရပါ။
ကျွန်မသည် တုန်လှုပ်စွာဖြင့် အိမ်ရှေ့တံခါးမကြီးကို တွန်းဖွင့်၍ အိမ်တွင်းသို့ ၀င်သွားရင်း ဖေဖေ့အား တကြော် ကြော် အော်ခေါ်မြဲ အော်ခေါ် နေမိပါသည်။
တစ်အိမ်လုံး ရှုပ်ပွနေပါသည်။ တစ်အိမ်လုံးကို မွှေနှောက် ရှာဖွေ သွားကြပါပြီ။ ကျွန်မ၏ မိဘများ ဂုဏ်ယူ မဆုံး ရှိခဲ့သော အိမ်ထောင် ပရိဘောဂများ သည်လည်း တစ်ချို့က မီးလောင်ကျွမ်းနေပြီး တချို့က ကြေမွ ကျိုးပဲ့ နေသည်။ ကျွန်မတို့ တစ်တွေ၏ တန်ဖိုး မဖြတ်နိုင်သော ပန်းကန်ခွက်ယောက် အိုးခွက် များသည် လည်း တစ်စစီ ကွဲနေပြီး တစ်အိမ်လုံး ပြန့်ကျဲနေသည်။ ဖေဖေ ကိုယ်တိုင် စိတ်ရှည်လက်ရှည် လက်ရာ မြောက်မြောက် ဖြင့် ထွင်းထုထားသော ကျွန်သား ပစ္စည်းတင်ခုံ သည်လည်း ဓားနှင့်ခုတ် လွှနှင့် ဖြတ်ထားပြီး သေနတ်စင် ဖြစ်နေပါပြီ။
ငွေထည် ပစ္စည်းများ အားလုံးကတော့ မရှိတော့ပါ။ မီးခံသေတ္တာ မှာလည်း ဖောက်ခွဲခံထားရပြီး အထဲတွင် ရှိသော တန်ဖိုး မဖြတ်နိုင်သည့် စာချုပ်စာတမ်းများ တစ်ခုမှ မရှိတော့ပါ။ ကြမ်းလုံးပြည့် ခင်းထားသော ကော်ဇောများ အိမ်နံရံများ ပေါ်၌ ချိတ်ဆွဲထားသော အလွန်တရာ လှပ အဖိုးတန်သည့် ပန်းချီကားများကို အရိပ် အယောင်ပင် မတွေ့ရတော့ပါ။
ကျွန်မသည် မိမိ ကိုယ် ကိုယ် မထိန်သိမ်း နိုင်တော့ပါ။ ချုံးပွဲချ ငိုကြွေးမိပါသည်။ ဘာပဲဖြစ်ဖြစ် တစ်အိမ်လုံး အနှံ့အပြား ရှာဖွေရခြင်း မရှိသေးသဖြင့် မိမိစိတ်ကို ထိန်းသိမ်းရမည် ဖြစ်ပါသည်။ သို့ဖြင့် ကျွန်မသည် ဥယျာဉ် ထဲသို့ ဆင်းလာခဲ့၏။
ဥယျာဉ်ထဲတွင် ရေချိုးစည်များ ပြန့်ကျဲနေပါသည်။ ရေချိုးစည်များ သည် ၎င်းတို့တွင် တပ်ဆင်ထား သော ပစ္စည်း များကို ဖြုတ်၍ ရေနွေးကျိုရန် ရေနွေးအိုးများအဖြစ် ဘ၀ပြောင်းလဲ သွားပါပြီ။ မီးဖိုထားသော နေရာများကို နေရာ အနှံ့အပြားမှာ တွေ့ရပြီး စားပွဲများ ဗီရိုများကမူ ချက်ပြုတ်ရန် အတွက် ထင်းဖြစ် သွားကြပါပြီ။
ကျွန်မသည် ကရိတ်မိုး အိမ်ကြီး၏ သင်္ခါရ သဘောတရားကို တွေးတောနေစဉ် အောက်ဆုံးထပ် ခွေး လှောင်အိမ် ဘက်ဆီမှ ရင်ကွဲဖွယ် ကောင်းသည့် အသံများ ထွက်ပေါ် လာသည်ကို သတိပြုမိ ပါသည်။ ကျွန်မ လျှောက်လှမ်း သွားခဲ့ပါ၏။
ခွေးလှောင်အိမ် သို့ ရောက်သွားသောအခါ အလွန် သနားဖွယ်ရာ ကောင်းသည့် မြင်ကွင်းကို တွေ့ရသည်။ အစာနှင့် ရေကို ရက်ပေါင်းများစွာ ငတ်ပြတ်နေခဲ့ကြရသော အသက်ရှင်နေသေးသည့် ခွေးများသည် ကယောင်ကတမ်း လှည့်ပတ် ပြေးလွားနေကြရင်း ပြင်းထန်သော ဝေဒနာကို ခံစားနေကြရသဖြင့် ကျယ်လောင်စွာ အူနေကြသည်။ သူတို့ကို ကယ်ဆယ်၍ မရတော့ပါ။ ပစ်သတ်မှ ဖြစ်တော့မည်။
တိုဘာယာရှီသည် မည်သည့် အကြောင်းကြောင့် ဟူ၍မသိ။ ကျွန်မထံမှ သေနတ်ကို သိမ်းဆည်းခြင်း မပြုခဲ့ပါ။ ကျွန်မထံတွင် သေနတ်တစ်လက်ရှိနေသည်ကို သူသိဟန်မတူပါ။
ကျွန်မ၏ မိတ်ဟောင်း ဆွေဟောင်းများ၏ ခေါင်းတည့်တည့်သို့ သေနတ်ဖြင့် မပစ်ရက်ပါ။ သို့သော် သူတို့ တစ်တွေ ဒုက္ခဝေဒနာ ခံစားနေရသည်ကို မကြည့်ရက် မမြင်ရက်၍ တစ်ကောင်ပြီး တစ်ကောင် ပစ်သတ် လိုက်တော့သည်။ ထို့နောက် အိမ်အတွင်းသို့ ပြန်လှည့် လာခဲ့ပါသည်။
အခန်းတိုင်း သို့ ကျွန်မ ၀င်ကြည့်သည်။ တစ်ခန်းနှင့် တစ်ခန်း ဖြစ်ပျက်နေပုံမှာ အတူတူပင်ဖြစ်ပါသည်။ သယ်ယူ ရွှေ့ပြောင်း၍ ရသော ပစ္စည်းများ မရှိတော့ပြီ။ သယ်ယူရန် ခက်သော ပစ္စည်းများ ကိုမူ ဖျက်ဆီး သွားကြသည်။ ကျွန်မသည် ဖေဖေ၏ အခန်းဆီသို့ လာရင်း 'ဖေဖေ၊ ဖေဖေ' ဟု တကြော်ကြော် အော်ခေါ် နေမိသည်။ အခန်းထဲတွင် ဘာမျှ မရှိတော့ပါ။
ခရစ်တော်အား ကားစင်တင်ထားသော ကားချပ်ကမူ မှန်ပေါင်နှင့်တကွ ရှိနေပြီး သံမှိုနှက်ထားသည့် ခြေထောက် အောက်တွင် 'ကျွန်ုပ်တို့၏ ထံသို့လာလော့ ' ဟူသော စာတမ်းနှင့်အတူ တွေ့ရပါသည်။
ကျွန်မသည် ပန်းခြံထဲသို့ ပြန်ဆင်းလာပြီး အပျက်အစီး ပုံများ အကြား၌ ကရိတ်မိုး အိမ်ကြီးအား အစဉ်အမြဲ သတိရ နေစေရန်အထိမ်းအမှတ် တစ်ခုခုကို ရှာဖွေနေမိပါသည်။
အကောင်း ပကတိ ပစ္စည်း တစ်စုံတစ်ရာ ရှာဖွေတွေ့ရှိရန် မဖြစ်နိုင်တော့ဟူ၍ လက်လျှော့တော့မည် ဆဲဆဲတွင် မေမေ၏ ပန်းကန်ပြား နှင့် ပန်းကန်လုံး ၇၂ချပ် ပါဝင်သည့် ညစာ ထမင်းစားပွဲတစ်စုံ နှင့် လက်ဖက်ရည် ပန်းကန်တစ်စုံတို့ အထဲမှ အကောင်း ပကတိ ပန်းကန်ပြားနှစ်ချပ် ကို တွေ့ရပါသည်။
မေမေသည် ကရောင်းဒါဘီ ဟု အမည်ပေးထားသည့် ညစာပန်းကန်စုံ လက်ဖက်ရည် ပန်းကန်စုံတို့ အတွက် အလွန် ဂုဏ်ယူ ၀င့်ကြွားလေ့ ရှိပါသည်။ မိသားစု ထမင်းစားပွဲများ သို့မဟုတ် အလွန် အရေးကြီးသည့် ဧည့်သည် များကို တည်ခင်းသည့် ဧည့်ခံပွဲများတွင်သာ ထုတ်သုံးလေ့ ရှိပါသည်။ မေမေသည် သူ၏ ပစ္စည်း များကို အလွန် တန်ဘိုးထားသူဖြစ်၍ ဆေးကြောရာတွင်ပင် အစေခံများအား မဆေးစေဘဲ သူကိုယ်တိုင် ဆေးကြော ပါသည်။
ဆက်ရန်
.
6 comments:
မရွှေစင် ရေ စာလာဖတ်သွားပါတယ်ဗျ။
တစ်နေ့  ၂ ပုဒ် လောက် တင်ပေးယင် ဆက်ဖတ်ရတာ ပိုကောင်းမလားပဲနော်။ :)
စကားမစပ် comment တွေကို moderation လုပ်ပြီးမှ တင်ခွင့်ပြုတာလားဗျ။
မသိလို့ နော်။
ခင်တဲ့
မောင်မောင်
Ama, i wanna read more,
if u r not free to type, scan and upload.
Thank you
အစကနေကူးသွားတယ်ဗျို့
နက်ဖြန်တောင်ကြီးသွားမှာ လမ်းမှာဘတ်ထရီကုန်တဲ့အထိ
ဖတ်လို့ရအောင် နောက်စာတွေများများရေးနိုင်ပါစေဗျာ
း)
wanna read more and more.
when i read all ur posts, i wanna read more and more.
I want to read non-stop reading if chance.
:))
thanks for sharing good post and show your experience.
momiji
လူတိုင်းမြန့်မန်ဖတ်ချင်သူကြီးပဲ အနော်နီးမတ်ရေ
အမရျွှေစင်က မြန်မာပြည်မှာနေတာ..
ကိုးနက်ရှင်ကိုနားလည်ပေးပါ။ ဒီလောက်အခက်အခဲတွေ ကြားထဲက..ပီးတော့ မအားမလပ်တဲ့ကြားက စာဖတ်သူတွေအားလုံးကို စေတနာရှေ့ထားပီး စာတွေရိုက်ထုတ်ပေးနေတာကိုပဲ..ကျေးဇူးတင်ပေးပါ အနော်နီးမတ်ရေ့..ကျနော်လည်း ခင်ဗျားစိတ်ကို.နားလည်တယ် .ကျနော်ကိုယ်တိုင်လည်း အဆုံးထိကိုပဲ တထိုင်တည်းဖတ်ပစ်ချင်တာကိုးဗျ။
စည်းနဲ့ကမ်းနဲ့စာဖတ်နေတယ်လို့ပဲသဘောထားပေါ့..။ အချိန်သိပ်မကုန်ဘူးလို့သာ အကောင်းဖက်ကလှည့်တွေး။။ကျနော်တော့ အဲလိုပဲလှည့်တွေးတယ်။
မိုမိဂျိဆိုတဲ့ တယောက်ရေ
အားလုံးက အမ ဘယ်မှာနေတယ်။
အလုပ်လုပ်ရင်းနဲ့ တင်ပေးတယ်ဆိုတာ နားလည်ပြီးသား။
ဆရာလာမလုပ်နဲ့ ကြားလား။
အမကို လည်း ကျေးဇူးတင်ပြီးသား။
သူများ comment ကို သေချာဖတ်။
အားမှ တင်ပေးပါလို့ ရေးထားတာ။
မမ
Post a Comment