Thursday, February 11, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆ဝ အပိုင်း (၁၆)

ချစ်တီးနှင့် လှည့်ကိုင်ခြင်း

ထိုအခိုက် အတန့်မှာ ချစ်တီးကုလား တယောက် အိမ်ဝသို့ ရောက်လာသည်။ ငွေချေးစားသော ချစ်တီး ကုလား လာရပ်သော အိမ်မှာ မင်္ဂလာ မရှိ၊ အလွန် ရှက်စရာ ကောင်းသည်။ အတိုးကြီးစား သွေးစုပ်ကောင် များဟု အမည်ပေးခံရသော ချစ်တီးကုလားလာသော အိမ်မှာ ဖွတ်တက်ခံရခြင်းက ကြာလေဦးမည်ဟု ဆိုရိုး စကား ရှိပါသည်။ သို့ကြောင့် ချစ်တီးဆို အလွန် ရွံမုန်းကြသည်။ သူတို့ အလုပ်မှာ ငွေချေးစားသူပီပီ လယ်ပေါင် မြေပေါင်၊ အိမ်ပေါင်ခံ၍ အပေါင်အနှံကိစ္စနှင့် မကြာခဏ စာချုပ်များ မှတ်ပုံတင်ရသဖြင့် ရေစစ္စတြီ ရုံးများတွင် ၀င်ထွက် ကျက်စားကာ ရုံးအရာရှိများနှင့် အထူး သင့်တင့်အောင် ပေါင်းသင်းထား တတ်သူများလည်း ဖြစ်ကြပါသည်။ ကျမတို့သည် ချစ်တီး ကုလားကို အံ့အားသင့်၍ ကြည့်ကာ လာသော ကိစ္စကို မေးရပါသည်။

သူသည် ကျမတို့ မောင်နှမ လက်မှတ်ထိုးထားသော အော်ဒီမန် စာချုပ်နှင့် အိမ်ဂရံ ထုတ်ပြပြီး ၎င်းစာချုပ်ကို ကျမတို့ ဘကြီးတော်သူ ရေစစ္စတြီရုံး အရာရှိ ၀က်မစွတ် မောင်မောင်ကြီးက သူ့အား လွှဲပြောင်းလိုက်သည်။ သို့ကြောင့် အိမ်ပေါင်ကိစ္စကို အော်ဒီမန် စာချုပ်နှင့် တရားမ၀င်၍ ရုံးတွင် စာချုပ်အသစ်လုပ်ပြီး ရေစစ္စတြီ လုပ်ရမည်ဟု ဆိုလာသည်။ မူလက အတိုးပေါ် အတိုးထပ် ယူထားသော ငွေရင်း ၁၃၀၀ိပေါ်မှာ ယခု အတိုးရရန် တနှစ်ရှိလာပြီဖြစ်၍ အတိုး ၈၀၀ိ တက်လာ သည်။ ရုံးစရိတ်စခပါ တထောင်ဖြစ်ရန် ငွေ၂၀၀ိ ထပ်ပေးပြီး ၂၃၀၀ိ စာချုပ်ရေးမည်။

၎င်းစာချုပ်ပေါ် မှာမှ တရာ ၅ကျပ်တိုး ထပ်ယူဦးမည်ဟု သိရပါသည်။ အတိုးတွေ သုံးထပ်ကွမ်း, လေးထပ် ကွမ်း ပေးရမည့်အတူ ယခုတခါတည်း အိမ်ကို အပိုင်စီးယူလိုက်ပါစေတော့ စာချုပ်တွေ၊ ဘာတွေ လုပ် မနေပါစေတော့ ဟု ပေးသော်လည်း လူလယ် ချစ်တီးကုလားမှာ စေသော ကျွန်သာဖြစ်၍ တရား ဥပဒေ ၀င်အောင် အိမ်ပေါင်စာချုပ်ကို ရေစစ္စတြီ လုပ်ဘို့သာ နားချပါသည်။ ထို့ကြောင့် ကျမတို့ လည်း ချိန်းဆိုသော နေ့တွင် ရုံးသု့ သွား၍ လက်မှတ်ထုးပေးလိုက်ပါသည်။ ဤတချိန်မှာ ဘကြီး ရေစစ္စတြီ အရာရှိက ရှောင်တိမ်း နေပြီး စာရေးကြီးများနှင့်သာ ကိစ္စငြိမ်း အလုပ် လုပ်နိုင်အောင် ကြိုတင် စီစဉ်၍ ထားခဲ့ပါသည်။

အိမ်ပေါင်ကိစ္စမှာ တကယ်တန်း ရယူခဲ့သော ငွေ ၈၀၀ိ တွင် အတိုးကို အထပ်ထပ် စာရင်းပေါင်းပြီး အတိုး အညွန့် တွေ ဝေနေအောင် ယူလာခြင်းကြောင့် ၂၃၀၀ိ ဖြစ်အောင် အရင်းထား၍ စာချုပ်ခါ လောဘသား တို့ကို ချွေးသိပ်စေရန် ရေစစ္စတြီ လုပ်ပေးပြီးသော်လည်း နားမအေးရသေးပါ။ လစဉ် လစဉ် လာ၍  အတိုး ၁၀၅ ပေးရန် ပူပြန်ပါသည်။  ချစ်တီးကုလား လာသည်ကို မလိုမှန်းသိ၍ တမင်လာ နေစေခြင်း ဖြစ်သည်။ ကိစ္စ ပြီးပြတ်အောင် အိမ်ကို ရသရွေ့နှင့် ရောင်းမည်ဆိုတော့လည်း မြေက မောင်နှမလေးဦး မခွဲရသေး၍ အပြင်လူများ မ၀ယ်ဝံ့အောင် ၀ါဒ ဖြန့်ထားကြသည်နှင့် ဘာမှ မလုပ် နိုင်ပါ။ နဂိုရ်ကပင် မနေချင်သော ဌာနေမှာ မတတ်သာ၍ ခေတ္တလာရာ၌လည်း အေးအေး မနေနိုင် ရန် ကြံဖန် ဖြစ်ပေါ်ခဲ့သော အကြောင်း များက တမျိုး၊ ကိုယ်အားကိုယ်ကိုး၍ နေကြပြန်ပါသော် လည်း နည်းအမျိုးမျိုးရှာ၍ အမနာပ ပြောခြင်း များသည် နားမချမ်းသာရန် အတန်တန် ကြားနေရ ပါသည်။

ထိုအခိုက် ကံအားလျော်စွာ အိမ်ငှားလာသူနှင့် တိုးမိသဖြင့် အိမ်ကို ထိုးအပ်ခဲ့ဘို့ စီမံရပြန် တော့သည်။ မပျော်တဲ့ မြေ မနေချင်ပါ။ ရန်ကုန်မှသာ မထင်မရှား နေချင်ပါသည်။ စိတ်ပျက်နေသော အိမ်ထောင် ဘက်နှင့် အဆက်အသွယ် မပြုချင်သောကြောင့် ပြန်ရန် ခပ်လေးလေး ဖြစ်နေချိန်မှာ အလုပ်လုပ်၍ ကောင်းစွာ နေပါမည်ဆိုသော ကတိပေးစာများ ရောက်လာပြီး မောင်အငယ်၏ ယောက္ခမကလည်း သ္မီး တယောက် တည်းသာ ဖြစ်၍ စိတ်ပြေပြီး အတူလာနေကြရန် စာတတန်းရေး၍ ခေါ်ကြသော အခါ သူတို့ကိုပါ ခေါ်လျက် ရန်ကုန်သို့ ပြန်လာပါသည်။

ကျမ ပြန်ရောက်သောအခါ ကိုယ့်အိုးအိမ်နှင့် နေရန် အလုပ်လုပ်ပါတော့မည် ဆိုသော်လည်း ကျမ ရောက်လာမှဘဲ အလုပ်ရှာပေးရခြင်း ဖြစ်ပါသည်။ နောက်ဆုံးမှာ ရန်ကုန်မြို့၌ လက်ရှိ ပုလိပ် မင်းကြီး ဖြစ်နေသူ အင်္ဂလိပ် လူမျိုး မစ္စတာ ပရက်စကော့မှာ မန္တလေးတွင် ရာဇ၀တ်ဝန်ကြီး ဘ၀နှင့် နေစဉ်ကပင် ခင်မင် သိကျွမ်းခဲ့သူဖြစ်သောကြောင့် သူ့ထံသွား၍ နားပူရတော့သည်။ သူသည် ထင်သလို ကူညီချင် သော်လည်း စည်းကမ်းဥပဒေ သတ်မှတ်ထားသော အကန့်အသတ်ကို ကျော်ဖြတ်၍ မလုပ်နိုင်အောင် ရှိနေ ပါသည်။ သူတို့ လူမျိုးမှာ သူတို့ချထားသော စည်းကမ်း ဥပဒေ ကို ရိုသေသူများ ဖြစ်ကြပါသည်။ ထိုစည်းကမ်း မှာ အလုပ်ခန့်ထားရာ၌ သူတို့ မူသေထားသော ပညာအဆင့်အတန်း အောင်လက်မှတ်များ ဖြစ်ပါသည်။ သူ့ပညာ အဆင့်နှင့် အလုပ်အဆင့် အတန်း ကို ကျော်၍ ပေးခွင့် မပြုနိုင်ပါ။ သို့ရာတွင် ဖြစ်သည့်နည်းနှင့် သူ့ရုံးကြီး မှာ ခေါ်ပြီး အလုပ်ပေးပါ သည်။

ထိုမှတဆင့် အခွင့်သင့်သလို တိုးတက်ပေးသွားမည်၊ ၎င်းတို့ ဌာန၏ အရာရှိ နေရာများသို့ ပို့ပေး မည် ဆိုသည်။ ထို့ကြောင့် အလုပ်အကိုင်နှင့် သင့်တင့်မျှတသော အိမ်ထောင်တခုကို ထမ်း၍ အစမ်း သဘော နေထိုင်ကြည့်သည်။ အလကားရသော အိမ်တွင် အများနှင့် ရောနှော မနေဘဲ သီးခြား အိမ်သပ်သပ် ငှားနေရာ ရေကျော်ရပ်မှ အလုံရပ်ကွက်အထိ နေကြည့်ပါသည်။ ငှား၍ရသော အိမ်ခန်းကလေးများမှာ သစ်သစ် လွင်လွင် သန့်သန့်ရှင်းရှင်း ရှိသော်လည်း ကျမအဘို့ တနေ့ တကြိမ်မှန်မှန် ပြင်းပြင်းထန်ထန် မခံမရပ် နိုင်သော မိလ္လာသိမ်းချိန်၏ အနံ့အသက်များကြောင့် ပိုက်ဆွဲ အိမ်သာရှိရာ ရပ်ကွက်များကို လှည့်လည် ပြောင်းရွှေ့နေရပါသည်။

မူလ ရည်မှန်းချက်အတိုင်း တာဝန်ကိုယ်စီနှင့် တအိုးတအိမ် တည်ထောင် နေထိုင်ရလျှင် နားအေး၊ စိတ်အေး ဖြစ်မည် ထင်ခဲ့သော်လည်း စိတ်သဘောချင်း ရင်းနှီးစပ်ဟပ် မရ၍ ယခင်အတိုင်း တကျည်ကျည်၊ တကျက်ကျက် နှင့်သာ ဆက်လက် စခန်းသွား နေရပါသည်။

အဓိဋ္ဌာန်ဆုတောင်း

ယင်းသို့ ကျမနေ့စဉ်လိုလိုပင် စိတ်သဘောမညီညွတ်မှုနှင့် ရင်ဆိုင်နေရသော အချိန်မှာ မောင်အငယ်တို့ ဇနီး မောင်နှံက ယောက္ခမအိမ်တွင် ပျော်ပျော်ရွှင်ရွှင် နေထိုင်လျက် ရှိကြပါသည်။ မောင်မောင်၏ အလုပ် အကိုင်မှာ သူဝါသနာပါလွန်းသော အလုပ်ကိုသာ စိတ်အားထက်သန်နေ သဖြင့် အေ၀မ်းရုပ်ရှင် တီးဝိုင်းက လူများ နှင့် သွား၍ ပေါင်းဆုံမိပါသည်။

ထိုအချိန်မှာ အေ၀မ်း ရုပ်ရှင်ကလည်း အသံထွက် ဇာတ်ကားများသာ ဆက်တိုက် ရိုက်ထုတ်လာ သဖြင့် ကိုယ်ပိုင် တီးဝိုင်းတခု တည်ထောင်စဖြစ်သည်တွင် ဦးတင်မောင်၊ မောင်တင်ယု၊ ပြည်လှဖေ၊ ခေတ္တရာအေး၊ မောင်မောင် နှင့် အဆိုတော် မအေးမိ၊ ရုပ်ရှင်င်းသမီး မေရှင်စသဖြင့် ဖွဲ့စည်းထားပြီး အေ၀မ်း ဓာတ်ပြား လုပ်ငန်းကိုပါ ပူးတွဲ လုပ်ကိုင်လျက် ဒိုရာမသန်းနှင့် မလှရွှေ၊ (ယခုရက်ပိုင်းတွင် ကွယ်လွန်ရှာသူ ဒေါ်လှရွှေ) တို့၏ သီချင်းဓာတ်ပြားများကိုပါ ထုတ်လျက် ရှိပါသည်။

ဝါသနာပါသော အလုပ်ကိုသာ စွဲစွဲမြဲမြဲ လုပ်တော့မှာဖြစ်၍ သည်အတိုင်း လွှတ်ထားလိုက်ရပါသည်။
ကျမသည် မောင်အငယ်အတွက် ဖြစ်သလိုနှင့် စိတ်အေးသွားရပါပြီ။ ရေးရန်ဝတ္ထုများကို ညဥ့်ဘက် တွင်သာ စာအရေး များ၍ နေ့အချိန်များမှာ အိမ်တံခါးပိတ်ပြီး ရွှေတိဂုံဘုရားသို့ အဓိဋ္ဌာန် ပုတီး သွားစိပ်ခါ နေကုန် ခါနီးမှ ပြန်လာသည်။ ဘုရား သွားရာတွင် ဓာတ်ရထား ပဋ္ဌမခန်း၌ အသွားအပြန် စီးရသည်မှာ သက်သက် သာသာနှင့် သန့်သန့်ရှင်းရှင်းလည်း ရှိပါသည်။ ယခုခေတ်ကဲ့သို့ ကြပ်ကြပ် တည်းတည်း မရှိပါ။ ဥပုပ်နေ့ များမှာ န၀င်္ဂသီလကိုစောင့်လျက် အဓိဋ္ဌာန်စိတ်ပုတီးသာမက မေတ္တာ ဘာဝနာ ကမ္မဋ္ဌာန်းကို အထူး အားထုတ် ပါသည်။

ကျမမှာ ၁၀-နှစ်ရွယ်ကစ၍ အရဟံ ဂုဏ်တော် ပုတီးပတ်ကို တနေ့လျှင် ဂုဏ်တော်တထောင်ကျော် အဓိဋ္ဌာန်နှင့် စိပ်လာခဲ့သူ ဖြစ်ပါသည်။ ဂုဏ် တော်ပေါင်း ရှစ်သောင်းလေးထောင် အပြန်ပြန်ဆောင်နိုင်ရမည် ဆိုသော ကြိုးစားချက်ကို မပျက်စီး စေရန် ယနေ့အထိ ၀တ္တရား အပျက်မခံခဲ့ပါ။ ထိုအခါက ရွှေတိဂုံ ကုန်းတော်ပေါ်မှာ ဘုရားဖူးခြင်း၊ အဓိဋ္ဌာန် ပုတီးစိပ်ခြင်းပြုသော ဗဟန်းတန်ဆောင်းနှင့် ရာဟုဒေါင့်ရှိ ဆုတောင်းပြည့် ဘုရားရှေ့  တော်တွင် ဖြစ်ပါသည်။ သို့သော် ထိုနေရာများမှာ ဘုရားဖူးလာသူတွေ ခလေး မြေးငယ်တွေနှင့် မကြာခဏ ဆူညံလှ၍ အာရုံ ပျက်စေသောကြောင့် လူရှင်းရှင်း နေရာတခုကို ရှာသောအခါ သွေးဆေးကန် စောင်းတန်းထိပ် ယပ်ပြင်တော် မြောက်ဘက်က ပျော်ဘွယ်ကြီး တန်ဆောင်း အတွင်း၌ အုတ်လက်ရမ်း အကာအကွယ် တခု၏ နောက်ကွယ်မှာ ပြောင်းရွှေ့ အာရုံပြုရပါသည်။

ထိုတန်ဆောင်းမှာ စေတီကြီးကို မျက်နှာစာ ပြုထား၍ ဘုရားကြည်ညိုရာ အကောင်းဆုံးလည်း ဖြစ်သည်။ အကာ အကွယ်နှင့် နေရာကျဉ်းမြောင်းသဖြင့် ဘုရားဖူးဝင်သူများလည်း နည်းပါးခြင်း ကြောင့်၊ ကျမအဘို့ အာရုံ ဖြောင့်ဖြောင့် ထား၍ ပုတီးစိပ်များ တွင်ကျယ်စေရာ နောက်ကို ဤနေရာ တန်ဆောင်းမှာ အမြဲတန်း တနေကုန်နေလေ့ ရှိပါသည်။ ရွှေတိဂုံ ဘုရားကြီး ကုန်းတော် အနောက်မျက်နှာမှစ၍ လွန်ခဲ့သော တနှစ် ကျော်က မီးလောင်ခံရသဖြင့် တန်ဆောင်းအပျက်အစီး များ အတော်များသည်။ အနောက်ဘက်မှ မီးသည် အရှေ့ဘက် ဗဟန်း တန်ဆောင်းကိုပင် မီးလောင်းကျွမ်းလိုက်သဖြင့် ဘုရားကုန်းတော်မှာ မီး၏ ဒဏ်ရာ၊ ဒဏ်ချက်တွေ အများအပြားပင် ကြည့်မကောင်း၊ ရှုမကောင်း တွေ့မြင်နေရပေသည်။

အချို့သော ဘုရားတန်ဆောင်းရှင်များက ပြုပြင်နိုင်သော်လည်း အချို့ ကုသိုလ်ရှင်များမှာ စီးပွားရေး အလှည့် မသာသဖြင့် သည်အတိုင်း ကြည့်နေရရှာကြသည်။ ထိုအခါ ဘုရားတန်ဆောင်း အပျက်အစီးများကို ကြည့်ကြည့် ပြီး ကျမ စိတ်ထဲမှာ ပြင်ဆင်တည်ဆောက် လှူဒါန်းလိုသော ဆန္ဒ က ပြင်းပြ၍သာနေပါသည်။ သို့သော် ကျမ၏ အခြေအနေမှာ ဘုရားတန်ဆောင်း ကျောင်းကန် ဇရပ်များ လှူဒါန်းနိုင်ဘို့နေနေသာသာ ကိုယ်ရေး ကိုယ်တာအတွက် လုံလောက်အောင် နေနိုင်ရုံ ကလေးမျှ ရှိပါသည်။ ဒါတောင်မှ အသွင်မတူသူနှင့် အိမ်ထောင်ပြု နေရသောကြောင့် နားအေး စိတ်အေး မဖြစ်လွန်းလှ၍ ရသမျှ အချိန်မှာ ဘုရားသို့ လာပြီး ပုတီး စိပ်ခြင်း ဘုရား အာရုံပြုခြင်းဖြင့် စိတ်၏ ချမ်းသာအေးမြမှုကို ရှာနေရသူ ဖြစ်ပါသည်။

ယင်းသို့ စေတနာ ပေါက်နေရာတွင် လက်ကမပါ နိုင်သောအခါ ကျမသည် ရွှေတိဂုံ စေတီတော်မြတ် ကြီးအား အဓိဋ္ဌာန်ပုတီး များ စိပ်အပြီး၌ ကြိတ်၍ ဆုတောင်းလျက် ရှိပါသည်။ ကျမ၏ အဓိဌာန်နှင့် ဆုတောင်း မှုကား ဤရွှေတိဂုံ စေတီတော်ကြီး၏ ထီးတော်ရိပ်နှင့် မဝေးမကွာသော အရပ်မှာ ပုံသေ ကားကျ နေထိုင် ရပြီး စေတီတော်ကြီး၏ အထွဋ်အထိပ် ဖြစ်သော ငှက်မြက်နားစိန်ဖူးတော်မှာ အဘိုးတန်ရတနာ စိန်ကျောက် ပတ္တမြား များ လှူဒါန်းနိုင်ရန်နှင့် ယင်ပြင်တော်၌ ပျက်စီးယိုယွင်းသော တန်ဆောင်းကြီးများကို ပြင်ဆင် ရလိုပါ၏ ဟူသော ဆုတောင်း ဖြစ်ပါသည်။

ကျမသည် ပြင်းပြသော ဆန္ဒအရ တ၀ါတွင်းလုံး မိုးရွာ နေပူမရှောင် လာရောက်ခါ ထိုနေရာမှ မိုးပက်လျှင် လည်းမထ၊ နေပူ လျှင်လည်း မရွှေ့ဘဲ သဲသဲမဲမဲ အဓိဋ္ဌာန်နှင့် ဆုတောင်းမိ ခဲ့သည်။ ဘာသာရေး၌ မယုံကြည် မလေးစား သူတို့က ဤသို့ အတိအကျ ရေးပြသည်ကို ပြုံးရယ်ကောင်းပြုံးရယ် မိကြမည် ဖြစ်သော် လည်း ကျမအဘို့ ထိုအချိန် ထိုအခါက ပြင်းပြစွာ စွဲလန်းခဲ့သော စိတ်ဆန္ဒကို မဖေါ်ပြဘဲ မနေနိုင် အောင် ရှိပါသည်။

သို့ရာတွင် ရွှေတိဂုံ စေတီတော်၏ စိန်ဖူးတော်လည်း တင်ပြီးသွားပြီ၊ ပျက်စီးယိုယွင်းသော တန်ဆောင်း များလည်း ထိုက်သည့် အားလျော်စွာ ပြင်ဆင်ပြီး ကုန်ကြလေပြီ၊ ကျမ အမြဲတန်း ထိုင်ပြီး အဓိဋ္ဌာန်ပုတီးစိပ်၍ ဆုတောင်းနေသော ပျော်ဘွယ်ကြီးတန်ဆောင်းမှာလည်း မှန်စီရွှေချ အရောင်တို့ဖြင့် ပြိုးပြိုးပြောင်ပြောင် လှပ တင့်တယ် ကြည်နူးဘွယ်သာ ရှိနေပါသည်။

အဓိဌာန် ပြည့်ခဲ့ရပုံ ဆက်ရန်
.

No comments: