ဝတ္ထုစ၍ ရေးရချိန်
ပညာ့အလင်း မဂ္ဂဇင်း၌ ပါရှိသော (သစ္စာနှင့်မေတ္တာ) (စိန်နှင့်ဘေး) (အချစ်နှင့်အပြစ်) စကားပြေ ၀တ္ထု တို ကလေး များကို၎င်း၊ ဤနှစ်ထည်းမှာပင် ရှေ့ဆက် နောက်ဆက် ထုတ်ဝေသော သူရိယမဂ္ဂဇင်း မှ ခေတ်ဝတ္ထုတို တပုဒ်ကို ဖတ်ရသောအခါ ကျမ ရေးလိုသော နိုင်နိုင်နင်းနင်းရေးနိုင်မည့် အရေးအသားမျိုး ဟု ယူဆ ပိုင်းဖြတ်ပြီး တခါတည်း စ၍ရေးလိုက် မိခြင်းဖြစ်ပါတော့သည်။

စာရေးလိုက်၍ အစပျိုးပြီးတွေးတောကြံဆနေချိန်ကမှု လူတွေ၏ ပြောင်းလဲသော စရိုက်နှင့်စိတ်နေ သဘောထားကို ရေးသားလိုသည်၊ သို့သော် ဦးတည်၍ တိုက်ခိုက်လိုသော စစ်မျက်နှာကို ကလောင် လက်နက် မချိန်မိဘဲ၊ ဘတ်ကောင်းစေမည့် ဇာတ်အိမ်ကလေးတခု မူထားပြီးလူတို့၏ စရိုက်များကို တတ်အား သလောက် အကောင်းအဆိုး ခွဲခြား ဖေါ်ပြသွားရန်ဖြစ်ပါသည်။
သို့ကြောင့် ၁၉၁၆- ခုနှစ်ထည်းမှာ ပဋ္ဌမဦးဆုံးပွဲဦးထွက် အနေနှင့် နွဲ့နွဲ့ဟူသော ခေါင်းစီးအမည်တပ် သည့်ဝတ္ထုတိုတပုဒ်ကို ရေးမိသည်။ ဇာတ်လမ်းမှာ စိတ်ကောင်းရှိသူနှင့် စိတ်ထားမကောင်းသူတို့ နှစ်ဦး ကြား၌ ဖြစ်ပျက်တွေ့ကြုံ သွားရသောနွဲ့နွဲ့အမည်ရှိ မိန်းကလေးတယောက်၏ ၀တ္တုဇာတ်လမ်း ဖြစ်ပါသည်။ ၀တ္တုရေးပြီးသောအခါ ပညာ့အလင်းမဂ္ဂဇင်းမှာ ဦးတင်မောင်နှင့် ဦးမောင်ကြီးတို့က တာဝန် ယူ၍ ၀တ္ထုတိုကလေးများ ရေးနေသောကြောင့် အပြင်မှပေးပို့သည်ကှို လက်ခံမည်ဖြစ်ကြောင်း နှင့် ထည့်သွင်း ပါရှိသော ၀တ္ထုတို၏အစတွင် ရေးသူဆုရသည်ဟု ရေး၍ ၀တ္ထု ၏ အဆုံးတွင် ရေးသူ၏ ကလောင်အမည်ကို ထည့်ထား ပါသည်။
ထို့ကြောင့် စီးကမ်းချက်အတိုင်း စာတိုက်မှပို့ပေးလိုက်ပြီး မေ့မေ့လျော့လျော့ နေခဲသည်။ ၎င်းအချိန်နှင့် မရှေးမနှောင်းမှာပင် ၀တ္ထုတိုတခုကိုလည်း ရေးသားပြီးစီးသွားပြန်သည်။ ၎င်းတ္ထုတိုမှာ တနှစ်လောက်ရှိမှ ဒဂုံမဂ္ဂဇင်း ၏ ၀တ္ထုတိုပြိုင်ပွဲတွင် ၀င်ရောက် အရွေးခံရန် ပို့လိုက်ရပါသည်။
ကျမစာရေးစ ပြုနေချိန်တနှစ်အတွင်း၌လည်း အိမ်တွင်းရေး တိုက်ပွဲအမျိုးမျိုးကို မိခင်ဖြစ်သူနှင့် အတူ ကျမပါ ဝေပုံကျခံစားတွေ့ကြုံ လာရပါသည်၊ ရှေးယခင်က မိခင်ဖြစ်သူ၏ ပေးကမ်းထောက်ပံ့ခံရများ သည် မုဆိုးမ ဖြစ်နေသောမိခင် ဖြစ်သူအားနှစ်မြောသည်၊ တွန့်တိုသည်၊ ကပ်စေးနဲသည်ဟူသော ဘွဲ့ ထူး, ဂုဏ်ထူးများ နှင့်ရှုံ့ချ ဖိနှိပ်ပြောဆိုခြင်း ပြုနေသည်ကိုပင်အားရ တင်းတိမ်မှုမရှိသေးဘဲ၊ ကျမတို့မိ သားစုသုံးယောက်ကို သံယောဇဉ်ကြီးစွားနှင့် လာရောက်နေထိုင်ကာဝေယျာဝစ္စ လုပ်ကိုင်ပေးခြင်း၊ ဈေးသွားထမင်းချက် စသော မီးဖိုချောင်ကိစ္စများကို လုပ်ကိုင်ပေးနေသူ ဖခင်၏တပည့်လင်မယားအား ကျမ၏မိခင်နှင့် အဆင်မပြေ အောင်သွေးခွဲ ပေးလိုက်ပါသည်။ သူတို့လင်မယား ရွာကိုပြန်သွားကြ သောကြောင့် ထိုအချိန်မှာ တပည့်တပန်း အိမ်ဖေါ် မငှါးမဖြစ်၍ ငှါးရသည်၊ ငှါးထားသော သူများကိုလည်း ဖြစ်သည့်နည်းနှင့် မနေနိုင် အောင် သာ တဘက်လှည့်နှင့် မောင်းထုတ်ပစ် ကြပြန်သည်။
စကားနည်း၍ သီးခံတတ်သော မိခင်သည် အိမ်ဖေါ်ငှါးခြင်းကိစ္စကို လက်မြှောက်လိုက်ပြီး သူကိုယ်တိုင် မီးဖို တခု နှင့် စားမှုသောက်မှုစီစဉ်ရပါသည်။ သည်အဖြစ်ကို တွေ့မြင်ရသူ ကျမမှာ မိခင်၏ ဒုက္ခကို ကြည့်မနေနိုင် တော့ပါ။ ဤ အသက် အရွယ်အထိ မီးဖိုချောင် ကို တခါမှ မ၀င်ဘူးသေးသော်လည်း တနေ့ ကြည့်ယုံနှင့် ထမင်းချက် နည်း ဟင်းချက်နည်း ကို လက်တွေ့ ဆည်းပူးနည်းယူကာလေ မီးဖိုတခု နှင့် ချက်မှုပြုတ်မှုကို တာဝန်ယူ လိုက်ပါသည်။ လောကဓံကို ကြံ့ကြံ့ခံ၍ ရင်ဆိုင်မည်ဟု ယူဆတတ်သေးသော အရွယ် မဟုတ် စေကာမှု မခံချင်စိတ်တခုကို အရင်းထား၍ ကြိုးစားလိုက်ခြင်းသာ ဖြစ်ပါသည်။

ယင်းသို့စားဖိုဆောင်ကိစ္စ တာဝန်ယူ၍ တက်သမျှ မှတ်သမျှနှင့် သန့်သန့်ရှင်းရှင်း ဖျပ်ဖျပ်လပ်လပ် လုပ်ကိုင် ပြန်ရာမှာလည်း မလိုလားသော မျက်နှာထားနှင့် ခါးထောက်ကြည့်ကာ တသက်လုံး ဗိုလ်မစိတ် ပေါက်နေတဲ့ မိန်းခလေး ခုတော့ ဘာတတ်နိုင်သေးလဲ-ဟု ကြေနပ် ၀မ်းသာစွာ ရင့်ကျူးခံရပါသည်။ မခံ ချင်မှု တခုကို အရင်းတည်၍ အိမ်မှုကိစ္စနှင့်တကွ မီးဖိုဆောင်၏ အလုပ်ဝတ္တရားကို နားလည်ကျွမ်းကျင် ပြီးသား ဖြစ်သွားရ သည့်အတွက် ကျမအဘို့ တွက်သားကိုက်သည်ဟု ဆိုရမည်ဖြစ်ပါသည်။
မောင်ငယ်လေးအား လေးနှစ်သားတွင် မေမေက ကျောင်းစအပ်ပါသည်။ ဖခင်အမှုထမ်းရင်း သေဆုံး၍ သူ့အတွက် ကျောင်းစရိတ်ကို အစိုးရကစတိုင်ပင်ထောက်ပံ့ သောကြောင့် အိတ်ထည်းကမစိုက် ရစေကာမှု ပစ္စည်းများကို ထုခွဲရောင်းချ စားသောက်ရသော အချိန်တွင်ရှိနေပါသည်၊ ကျမသည် အိမ်ထည်းမှနေ၍ ၀င်ငွေရသော အလုပ်တခုခုကို လုပ်ချင်သောစိတ် ဖြစ်ပေါ်လာသည်။ ဇာထိုးပန်းချုပ် အလုပ်များကို ခပ်စောစောပိုင်းက လေ့အထရှိထားသဖြင့် တက်တင်းခေါ်ဇာတမျိုးနှင့် သံအပ်နှစ်ချောင်း နှင့် ထိုးသော ခေါင်းအုံးစွပ် ဇာမြိတ် (ထိုအချိန်က ခေတ်အစားဆုံး လက်မှုပညာ) များကို အချိန်အားတိုင်း ထိုး၍ စုထား တတ်ပါသည်။ များလားသောအခါ သူငယ်ချင်း မိတ်ဆွေများသို့၎င်း၊ ကုန်တိုက်များသို့၎င်း ပေးပို့ ရောင်းချသော အလုပ်ကို စတင် လုပ်ကိုင်မိပါသည်။
မိခင်ဖြစ်သူ၏ အတွင်းပစ္စည်းဥစ္စာများကား တစတစ ထုခွဲရောင်းချလာရသည်မှာ ပဋ္ဌမပိုလျှံနေသော မိုးကုတ်ကျောက် ပတ္တမြားများမှ စိတ်ထည် ရွှေထည် လက်ဝတ်လက်စား များအထိဖြစ်ပါသည်။ ရောင်းချ ပေးသော စိတ်ကျောက်ပွဲစားများသည် ပွဲခရောအမြတ်ပါ နှစ်မျိုးမရလျှင် ရုတ်တရက် ရောင်း ထုတ်မပေး တတ်ကြပါ၊ တဘက်၌ အမြတ်မရဘူးဆိုလျှင် ပစ္စည်းရှင်ဘက်သို့ ထိုးစစ်ဆင်ကာ တန်ဘိုးကို အဆမတန် နှိပ်ချ ပေးလေ့ ရှိပါသည်။ ဤအခါ၌ ငွေအသုံး လိုနေသောမိခင်က ရသမျှအဘိုး နှင့်ပင် ရောင်ချရန် သဘောတူ လိုက်ရသည်။
စိန်ကျောက် ပတ္တမြားစသည်တို့ကို ရောင်းဝယ်သော ပွဲစားကုန်သည်များမှာလည်း ၎င်းတို့ထံမှ ပစ္စည်း ၀ယ်မည့်သူဆိုလျှင် လျှာထွက်တံတွေးမတင် အင်မတန်မှလောကွတ်ကြေ သည့် အမြှောက်အပင့်တွေ နှင့် ခြေမကိုင်မိ, လက်မကိုင်မိ ရှိတတ်သည်။ သူတို့ ရောင်းလာသော ပစ္စည်းများမှာ ထိုက်တန်သော ဘုန်းကံ ရှိသူမှရနိုင်သော ပစ္စည်းမျိုးဖြစ်သည်။ အပြစ်, အနာအဆာ ဆို၍လည်း ပြစရာဘာမျှ မရှိကြောင်း ရွမ်းရွမ်းဝေ အောင် ပြောပြီး ရောင်းတတ်သည်။
ယခုငွေရေးကြေးရေးကြောင့် အသုံးလို၍ ပြန်ထုတ်ပေးရန်ပြန်အပ် သောအခါ ယခင် ချီးကျူးထားသော သူတို့ပစ္စည်းများကို သူတို့ကိုယ်တိုင်ပြန်၍ အပြစ်အမျိုးမျိုးပြပြီး နှိမ့်ချတတ်သည်။ ပစ္စည်းဝယ်နိုင်စဉ်က လို ချိုပြုံးသော မျက်နှာမျိုးလည်း မထားတော့ဘဲ အကဲရောက်သော ဟန်ပန်လေသံများသာ ထားကြ ခြင်းခံရပါသည်။ ပစ္စည်းဝယ်နိုင်သော ဖေါက်သယ်တဦးဖြစ်စဉ်က ဖျာလိုလိပ်၍ ထိပ်ပေါ်တင်ကြ သလောက် နောက်ပိုင်း အ၀ယ်ဘက်သို့ ကူးပြောင်းလာရသောအခါ ဟ,ဟခေါ်ချင်သူပင် အတော်ရှား နေသည်။ သို့သော် အချောင်ရမည် ထင်သူ ပွဲစားများကလည်း မျက်နှာထားတည်တည်ပင် စိတ်ထည်း မှာ စားလမ်း ကိုစောင့်ကာ စိတ်မပါ့တပါ ဆက်ဆံကြသေးသည်။
ကျမသည် မိခင်၏ငွေရေး, ကြေးရေးကို ငဲ့၍ ငယ်စဉ်ကကဲ့သို့ လိုချင်ရာရာကို ပူဆာခြင်း မပြုဘဲ အိမ်ထဲ မှနေ၍ လက်မှုပညာဖြင့် ရှာသော ရငွေနှင့် လိုရာကို သုံးစွဲခြင်းပြုပါသည်။ ထိုအတော်အတွင်း၌ ရေးပို့ ထားသော ၀တ္တုများက ဆုငွေများ ရရှိလာပြန်ပါသည်။ မဂ္ဂဇင်းတိုက်များမှ မန်နီအော်ဒါနှင့် ငွေရောက်လာ သည်ကိုပင် အိမ်သူအိမ်သားများအား အသိမခံဝံ့ပါ။ သူတို့မှာဝတ္ထု စာပေရေးသားနေသည်ဟု သိသွား လျှင် ချီးကျူး အားပေးမည်ဝေးစွ၊ အဖတ်ဆယ်၍ မရအောင်ပင်ပြစ်တင် ကဲ့ရဲ့ကြမည့် အရိပ်အခြေ တွေကို တွေ့နေ ရသောကြောင့် ဖြစ်လေသည်။
နေ့ခင်းနေ့လည်အခါ ဇာထိုးရင်းက စားရေးစရာ အချက်အလက်များ စိတ်ကူး ရှာဖွေ လျက်ရှိသည်။ စိတ်ကူး ပေါ်သည်နှင့် တပြိုင်တည်း အနီးတွင်ချထားသော ဖေါင်တိန်နှင့် စာရွက်ကို ကောက်ယူ ရေးမှတ် လိုက်သည်။ များလာသောအခါ စာတပုဒ်ရေးရပြန်သည်။ ဒါကလေးမျိုးကိုပင် တွေ့မြင်ပါ များသွားသောအခါ ရီးစားစာရေးဘို့ လေ့ကျင့်နေသည်ဟု ယုတ်ညံ့စွာပြောဆိုခံရသည်။ အသက်မှာ ဆယ်သုံး လေးနှစ် မျှရှိလာပြီဖြစ်၍ ရှက်ကြောက်စိုးရွံ့ ဖြစ်လာတတ်သော အရွယ်နမှာ ဤအပြောမျိုးနှင့် သားသမီးချင်းမစာ ပြောခံရသောကြောင့် ပူထူ, ရှိန်းဖိန်း သွားမိသည်။ စိတ်ဆိုးခြင်း၊ စိတနာခြင်းများ လည်း ရောပြွမ်း လျက်ရှိသည်။
ဖခင်ရှိစဉ်ကမှု လုပ်သရွေ့ အကောင်းချည်းသာဟု မျက်နှာလိုအားရ ချီးမွမ်းခဲ့သမျှ ယခုအချိန်မှာ အကောင်း လုပ်သည်ကိုပင် လှုပ်ရှားသမျှ၌ ရှုတ်ချကဲ့ရဲ့ လျက်သာရှိသဖြင့် ကျမသည်ငယ်ရွယ်သူဖြစ် သည်တကြေင်း၊ လောကရေးရာကိုဝေဖန်နိုင်စွမ်း မရှိသေးသည်တကြောင်း၊ ထိခိုက်ခံရပါများလျှင် မကြာခဏထိုးဆွ ခံရသော မြွေဟောက် ပမာ တရှူးရှူး တရှားရှား ပါးပျဉ်းထောင်လာသလို ဒေါသ အလျောက်ပြန်လှန်ချေပ တတ်လာ သည်။ လဆန်းနေတက်, ရေတက် မွေးသောစနေသ္မီးပီပီ မဟုတ်မခံချင် သောစိတ်ဓါတ်ကလည်း တားမနိုင် ဆီးမရ ဖြစ်လာပြီး ချုပ်တီး သီးခံရမှန်းသိသေးသော အရွယ်ကလည်း မဟုတ်သဖြင့် ဇတ်ဇတ် မကြဲချင် ပေမဲ့လည်း တခါ, တခါတော့ ကျောင်းမှန်း, ကန်မှန်း သိအောင် ကြဲ ပေးလိုက်မိသည်။
ဤအခါမျိုးမှတော့ သာ၍ဆိုးလာပါသည်။ စွာသည်၊ မိုက်ကန်းသည်ဆိုတော့ ဘွဲ့ထူး, ဂုဏ်ထူး တမျိုး ထပ်မံ တိုးလာပါသည်။ အိမ်မှုကိစ္စ လုပ်မြဲလုပ်သည်။ လက်မှုပညာနှင့် စာရေးခြင်းကို နေ့လည်အချိန်မှာ လုပ်မြဲ လုပ်လေ့ ရှိပြီး ဘိုးဘိုးဝက်မစွတ်မြို့စားမင်း၏ ထမင်းပွဲကိုလည်း မနက်တကြိမ်, ညတကြိမ် လိုက် မြဲ လိုက်လျက် ရှိသည်။ ပေးသမျှဗဟုသုတများ ခံယူသည်၊ နေ၀င်မီးထွန်းချိန်မှာ အိမ်ဦးရှိ ဘုရားဆောင်၌ ဖွားဖွား ၀က်မစွတ်မြို့စား ကတော်ကြီး နှင့် အတူကူညီ၍ ရေချမ်းလဲခြင်း၊ ဆီမီးပူဇော်ခြင်း၊ ဘုရားရှိခိုးဝတ် ပြု၍ ပရိတ်တော်များ ရွတ်သည်။

ဖွားဖွားနှင့်အတူအရဟံဂုဏ်တော် ပုတီးစိပ်သည်မှာ ၈-နာရီလောက်မှ ပြီးစီး ပါသည်။ နောက်ပိုင်းဖွားဖွား ၀န်ကတော်ကြီး နေထိုင်မကောင်းသော အခါ ဘုရားဆောင်ကိစ္စကို ကျမ တဦးတည်းပင် တာဝန်ယူ၍ လုပ်ကိုင်ပါသည်။ သို့သော် ဤကိစ္စမျိုးကိုတော့ မည်သူမှအသိအမှတ် မပြု၊ မြင်လျက်နှင့်ပင် မမြင်ချင်ပြုနေကြသည်။ ကျမကလည်း သူတို့မြင်သည်ဖြစ်စေ၊ မမြင်သည်ဖြစ်စေ ဂရုစိုက် နေသူ မဟုတ်ပါ။ ငယ်စဉ်အခါကပင် ကုသိုလ်နှင့် အကုသိုလ်ကို ခွဲခြားအသိပေးထားသော ဘိုးဘွားတို့ အဆုံး အမ ကြောင့် ကောင်းသော ကုသိုလ်ပြုမှုကို စိတ်ဝင်စား၍ လုပ်နေခြင်းသာ ဖြစ်ပါ သည်။
အဘမဲ့ မျက်နှာငယ်ဘ၀၌ နောက်ပိုင်းက မည်သို့ပင် နှိမ့်ချခြင်းခံရစေကာမှု အိမ်ဦးခန်းဘက်သို့ ရောက်လာသောအခါ ကျမ၏လှုပ်ရှားမှုကို ကောင်းမွန်ကြေနပ်စွာ လက်ခံလျက်ရှိသူကား ဘိုးဘိုးဝက်မ စွတ်မြို့စားမင်းကြီး ဖြစ်ပါသည်။ ထိုစဉ်က အတူနေ မြေလေးယောက်ရှိသည့် အနက်၃-ယောက်မှာ ယောကျာင်္လေး ဖြစ်ပြီး အင်္ဂလိပ်ကျောင်းသားများ အဖြစ်ပညာသင်ကြား လျက်ရှိသောကြောင့် အဘိုး အပါးသို့ လာရောက်ချဉ်းကပ် မှု မပြုနိုင်ကြပါ။ ကျမသာလျှင်မိန်းခလေးဖြစ်၍ အိမ်မှာမြဲသလောက် ဘိုးအေ အပါးကပ်၍ စာပေဗဟုသုတ သင်ပြသလောက် လိုလို လားလားခံယူနေသူ ဖြစ်သည်။ သင်ပြ သလောက် လည်း တတ်လွယ်သည်ဟု ချီးကျူးခံရသည်။ မသိသော ခဲရာခဲဆစ် များကိုလည်း အချိန်အခါ မရွေး သွားရောက် မေးမြန်း တတ်သည်။
ဤသို့မေးသည်ကို ဘိုးဘိုးဝက်မစွတ် မြို့စားမင်းကြီးသည် အလွန်သဘောကျသည်။ မေးတိုင်း, မေးတိုင်း တပြုံးပြုံးနှင့် ငါ့မြေးကအရွယ်နှင့် မလိုက် ဗဟုသုတလို လားသည်။ ဘိုးဘိုးက ဒီလိုစိတ်မျိုး ရှိသူကို အထူး သဘောကျ ကြေနပ်မိသည်ဟု ပြောတတ်ပါသည်။ ဘိုးဘိုးဝက်မစွတ်မြို့စား မင်းကြီးသည် ရဟန်းရှင်သူများ အား၎င်း၊ မိမိထံသို့ ခဲရာခဲဆစ်ရှိတိုင်း လာရောက် မေးလျှောက်လေ့ ရှိသူများအား၎င်း၊ အမြဲတမ်း လက်ခံကာ မငြီးမငြူ အိမ်ဦးခန်းမှ ထိုင်ရင်း ဖြေရှင်းလျက် သူ၏ ပညာရွှေအိုးကြီးကို နှိုက်ယူဝေငှ နေတတ်သူ ဖြစ်ပါည်။ မြေးထည်း မှ ပညာရွေအိုးကို နှိုက်ယူနေသူမှာ ကျမတယောက်သာ လက်တွေ့အားဖြင့် တွေ့မြင် ရသော ကြောင့် ဝမ်းသာအားရ ခွဲဝေ ပေးနေခြင်းဖြစ်ပါသည်။
သို့ကြောင့် အိမ်နောက်ပိုင်းမှ တခါတခါ မီးလို ပူသော်လည်း အိမ်ကြီး၏ ရှေ့ပိုင်းသို့ ထွက်လာမိသော အခါ သီတာ ရေစင်နှင့် တွေ့ထိလိုက်ရသည့်အလား ကျမ၏ စိတ်ထဲမှာ အေးမြကြည်လင်သွားမြဲ ဖြစ်ပါသည်။ ကျမ ရေးသား ထားသော ၀တ္ထုကို ကလေးများသည် ၂-နှစ်အတွင်း ကြိုးကြား၊ ကြိုးကြား သူရိယ မဂ္ဂဇင်း တွင် ပါရှိပါသည်။ ထိုအချိန်ကတော့ သူရိယ မဂ္ဂဇင်းတစောင်သာ ၀တ္ထုတိုများ တလတပုဒ် ထည့်သဖြင့် ကျမ ၀တ္ထုတို မှာ ၃-လ တကြိမ်လောက် အလှည့် သင့်သလို ပါရခြင်းဖြစ်ပါသည်။
အိမ်အုပ်ချုပ်ရေးတိုက်ပွဲ
ဤအတောအတွင်းမှာ ဖွားဖွားဝက်မစွတ်မြို့စား ၀န်ကတော်ကြီးသည် မကျန်းမမာ ဖြစ်ရာမှ ကွယ်လွန် အနိစ္စ ရောက်သွားပါသည်။ ထို့ကြောင့် အိမ်နောက်ပိုင်းတွင် သ္မီးသုံးယောက်ကသာ ဖခင် ၀က်မစွတ် မြို့စားမင်းကြီး၏ ၀တ်ကြီး ၀တ်ငယ် ပြုစု၍ အိမ်ထောင်ကြီးကို ထိန်းသိမ်းပေးရန် တာဝန်ကျ ရောက်လာ ပါသည်။ သ္မီးသုံးယောက် ဆိုရာမှာလည်း အကြီး နှင့် အလပ်မှာ မုဆိုးမများဖြစ်၍ အငယ်ဆုံးမှာ အိမ်ထောင် မရှိသော်လည်း မျက်စိ ရောဂါကြောင့် သူ့အတွက် တပါးသူက စောင့်ရှောက်ပြုစု ပေးနေခြင်း ခံရသူ ဖြစ်ရာ အိမ်၏ တာဝန်ကို ဦးစီးနိုင်သူ မဟုတ်ပါ။ သို့ဖြစ်၍ သမီးကြီးနှင့် သမီးလပ် ၂ဦး အား တလှည့်စီ အိမ်တာဝန် ကို အပ်နှင်း ပါသည်။
သို့သော် ကျမ၏ မိခင်မှာ စကားနည်း၍ အေးအေး နေတတ်သူဖြစ်သည်၊ သူ့သားချင်းများက ငြူစူရန် လုပ်သည့် တိုင်အောင် မျက်ရည် လဲ့လဲ့နှင့် ကြိတ်ခံလေ့ရှိရာ အိမ်ကို အုပ်ချုပ်ရေး၌ တဘက်က နယ်လု ခံရခြင်း၊ အခွင့် အရေး ပိုယူလိုခြင်း စသော အန္တရာယ်မျိုးကို ရင်မဆိုင်ရမှီက လာမည့်ဘေး အဝေးက ရှောင်သလို ရှောင်ချင် ပါသော်လည်း ဖခင်ကြီး၏ အမိန့်အာဏာကို မလွန်ဆန်ဝံ့၍ အိမ်တာဝန် ထိန်းသိမ်းရာ တွင် ပါဝင်တန်သမျှ ပါဝင်ရပါသည်။
ဤတွင် တဘက်မှ မကျေနပ်မှုများကြောင့် အိမ်တွင်းရေး တိုက်ပွဲသည် တခါတခါ တကျီကျီတစာစာ ဖြစ်လာသည်။ ဘယ်အခါမဆို ဖြစ်လာသမျှ သဘောကောင်း၍သီးခံတတ်သူ မေမေက သာလျှင် အရှုံးပေးရ သည်ချည်းဖြစ်ပါသည်။ ကျမသည် မိခင် မျက်လုံးနီစို့စို့ဖြစ်တိုင်း တခုခု ကြိတ်ခံရပြီဟု အတတ်သိ၍ မရမက မေးမြန်းစုံစမ်းကာ တခါတခါ ၀င်စွာ ပစ်လိုက်တတ်သည်။

အိမ်ရှေ့ဆောင်တွင် စံနေသေ အိမ်ဦး နတ်မင်းကြီးမှာ ဤလို အသေး အဖွဲ့များကို ဘာမျှမသိရှာပါ၊ သိရန်ထိုက်သော ပုဂ္ဂိုလ်ကြီးမျိုးလည်း မဟုတ်ပါ၊ ယင်းသို့ ရှိစဉ်တွင် အဝေးမြို့၌ ယစ်မျိုးဌာန အရာရှိအဖြစ် အလုပ် လုပ်နေသူသားအကြီးဆုံးသည် မန္တလေးမြို့သို့ ပြောင်းရွှေ့လာပြီး သမီးမုဆိုးမများနှင့်သာ နေရသော ဖခင် ၀က်မစွတ်မြို့စား မင်းကြီးအား စောင့်ရှောက်ရန် ဤအိမ်ကြီးမှာပင် အတူလာ၍ နေထိုင် ပါသည်။
ရောက်စ၌ လူတွေ စုရုံးမိသဖြင့် ပျော်သလိုလို ရှိလိုက်သော်လည်း အတော်ကြာလာသော အခါ ထွေလာ ကေလာတွေ များလာသည်။ အချင်းချင်း သွေးခွဲလာသည်။ လူငယ်ချင်း ရန်တိုက်ပေးခြင်း။ ဂုဏ်တု၊ ဂုဏ်ပြိုင် အမှုမျိုးတွေနှင့် သွေးထိုးပေးခြင်း စသော မပြေမပြစ်သည့် ကိစ္စများဖြစ်ပွား လာစေသည်။ ကျမတို့ မှာ မျက်နှာငယ်၍ ကုတ်ကုတ်နေရသော ဘ၀ရောက်ခါမှ နိုင်ထက်စီးနင်းနှင့် ဂုဏ်ပြိုင်ခြင်း၊ ၀ါကြွားခြင်း၊ ဖိနှိပ်ခြင်း စသည်တို့ဖြင့် မည်သူက ထိုးစစ် ဆင်စေကာမူ တုန့်ပြန်ရန် လိုအပ်သည် မဟုတ်ကြောင်း နားလည် ပါသည်။
မေမေသည် ပစ္စည်းရတနာများ ထုခွဲရောင်းချရာ၌ သူ့အတွက် ပြုလုပ်ထားသော ပစ္စည်းများကို သာ ထုတ်ရောင်း၍ ၀တ်စားဆင်ယင်သော အရွယ် ငယ်သေးသူ ကျမ၏ လက်ဝတ်လက်စား များကို တတ်အားသမျှ ချန်လှပ် ထားရှာပါသည်။ နောက်ပိုင်း၌ ၀င်ငွေမရှိလျှင် ကျန်သော ပစ္စည်းကလေးများပါ တာရှည်မည် မဟုတ်ကြောင်း တွေးမိသည်။ အိမ်တွင်းက အိမ်ပြင် ထွက်ဘူးကြသူများ မဟုတ်သဖြင့် ဘာမှလည်း မလုပ်တတ်၊ မရောင်းမ၀ယ်တတ်၍ အကြပ်တည်း တွေ့နေပါသည်။

ဤအချိန်မှာ ကံအားလျော် စွာ မိတ်ဆွေဟောင်း တဦး၏ ဆက်သွယ်ပေးမှုကြောင့် ကွယ်လွန်သူ ဖခင်ကြီး၏ မိတ်ဆွေ ဂျီမက်ကင်ဇီ ကုမ္ပဏီ မန်နေဂျာ မျက်နှာဖြူ တဦးနှင့် တွေ့ရသည်။ ထိုအချိန်က ဂျီမက်ကင်ဇီ ကုမ္ပဏီသည် မန္တလေးမြို့ အတွက် မော်တော်ကားများ ရောင်းချသော ကုမ္ပဏီဖြစ်သည်။ ၎င်း ကုမ္ပဏီမှ ရောင်းသော ကားများမှာ အိုဗာ လင်ဖိုးခေါ်သော ကားအမျိုးအစားများဖြစ်ပါသည်။ မက်ကင်ဇီ ကုမ္ပဏီ မန်နေဂျာက ကားသစ်တစီး ထုတ်၍ ပရိုက်ဘိတ် တက္ကစီ ပြေးလျှင် ငွေဝင်ကောင်းမည်ဟု အကြံပေးသည်။
ကားဘိုးငွေ ကိုလည်း တ၀က် သာပေးပါ၊ ကျန်သောငွေကို လစဉ် အရစ်ကျ ပေးသွင်းသွားခြင်းဖြင့် ကားအပိုင် ရပါစေမည်ဟုဆိုသည်။ ၄င်းပြင် ကားငှားစီးသူများမှာ နိုင်ငံခြားသားများသာဖြစ်၍ သူတို့ ကုမ္ပဏီ ကပင် အငှားအော်ဒါများ လက္ခံပေး ခြင်းကို တာဝန်ယူပေးမည် ဆိုသည်။ ဥပမာအားဖြင့် ထိုအချိန်က မေမြို့နှင့်မန္တလေး ကားလမ်းဖောက်စဖြစ် သည်။ မေမြို့ကို နေ့ချင်းပြန်တခေါက်ဆိုလျှင် ငွေနှစ်ရာရသည်။ သည်မြို့ပေါ်တွင် တစ်နေကုန်ငှားလျှင် တနေ့တရာရသည်။ သည်ထက် ကောင်းသော အလုပ် ဘယ်မှာ ရှိပါတော့မည်နည်း။ ၄င်းအချိန်က ကားအ မှတ်တွင် (R)ဆိုသော ရေဂျစ္စတီ တလုံးနှင့် နံပါတ် ဂဏန်း များသာ ရှိသေးသည်။ (R.A) (R B) စသည်များ မပေါ်သေးရုံမက (T) ဟု ရေးကပ်ရသော တက္ကစီများ မော်တော်ယာဉ် ထိန်း ရဲဠာနာများလည်း မန္တလေးမြို့၌ မရှိသေးသော အချိန်အခါဖြစ်ပါသည်။
သို့ကြောင့် ၀င်ငွေမရှိလျှင် ရှေ့အဘို့နေရေးထိုင်ရေးခက်မည် စိုးရိမ်သော မေမေသည် ကားဘိုးငွေတ၀က် ချေရန် မရှိသဖြင့် သူဝတ်သော စိန်လက်ကောက်ကို ရောင်း၍ ကားဝယ်လိုက်သည်။ မက်ကင်ဇီ ကုမ္ပဏီ၏ မန်နေဂျာ ကလည်း ကားဝယ်သည့်နေ့ကစ၍ နားရက်မရှိ အငှားအော်ဒါရက်များကို အစီအစဉ်ပြုလုပ်ပေးသ ဖြင့် မျှော်လင့်သည့် ၀င်ငွေနှင့် ကားစရိတ် ကားဘိုးသွင်းငွေများ ကြေနပ်လောက်အောင် ရရှိပါတော့သည်။
သို့သော် မကျေနပ်သူများမှာ မိခင်ဖြစ်သူ၏ သားချင်းများသာဖြစ်ပါသည်။ မုဆိုးမတန်မဲ့နှင့် ကားဝယ်စီးရသ လား၊ ကြွားရသလား၊ ဆွေထဲမျိုးထဲမှာ ဘယ်သူမှ ကားဝယ်မစီးနိုင်ကြဘဲ သူက ထူးထူးကဲကဲ ကားဝယ်စီးပြီး မော်မောက် နေသည်ဟု တယောက်တပေါက် ပြောကာ စကားတင်းဖွဲ့သည်။
ထိုနှင့် အားရကြေနပ်မှုမရှိဘဲ ရန်စ,ရန်ရှာ၍ ငြိုးသူရန်ဘက်ပမာ ပြုမူလာကြသည်။ မော်တော်ကားမှာ ညဥ့်ဘက်တွင် အိမ်အောက်ထပ်မှာ ဒရိုင်ဘာက သွင်းထားခဲ့ပြီး ပြန်သွားသည်၊ မနက်သူလာလျှင် ကားမှတ ခုခု ချို့ယွင်းပျက်စီးနေသည်ကိုသာ တွေ့ရသည်။ ထိုမျှမက နောက်ပိုင်းတွင် ကားကို မီးရှို့ပစ်လိမ့်မည်ဟု တစွန်းတစ ကြားရသောအခါ ကျမတို့ မိသားတစုမှာ ထိုအိမ်ကြီးပေါ်တွင် မနေ၀ံ့တော့ဘဲ လူရော ကားပါ ပစ္စည်းတွေသယ်ပြီး ဘေးအန္တရာယ်ကင်းမည့် နေရာသို့ ဆင်းပြေးလာခဲ့ကြရပါတော့သည်။
ရွေ့လာရသောနေရာမှာ ဘိုးဘိုး ၀က်မစွတ်မြို့စားမင်းကြီး၏ မြေယာကွက်တွင် ရှိသော အဆောင်ကိုင် ခေါင်းမင်း ၏ သမီးများ အိမ်တွင် ခေတ္တနေရသည်။ ၄င်းမြေနေရာကို ၀က်မစွတ်မြို့စားမင်းဝင်း ဟု ခေါ်ပါ သည်၊ ယခု မန္တလေးမြို့ ယိုးဒယားဈေး ရဲဌာနနှင့် မျက်နှာချင်းဆိုင်ဝင်း ဖြစ်ပါသည်။
သီပေါဘုရင်မင်း အိန္ဒိယသို့ ပါတော်မူသွားပြီးနောက်ပိုင်းမှာ အင်္ဂလိပ်အစိုးရများသည် နန်းတွင်း၌ တပ်စွဲ ချထားရာမှ မြန်မာဘုရင်မင်း၏ ဆွေတော်, မျိုးတော်, မှုးတော်, မတ်တော် အစ အမှုထမ်း, ရာထမ်းငယ် များအထိ မြို့ပြင်သို့ထွက်နေကြရန် စီမံသည်။ မှုးတော်, မတ်တော်ကြီးများမှာ မြို့တွင်း၌ အိမ်ဝင်းကြီး ကျယ် ကျယ်၊ တပည့်ငယ်သား အများအပြား အခြံအရံနှင့် နေရသူများဖြစ်၍ အသိုက်အအုံကြီးနှင့် ပြောင်းရွေ့ရ သည်မှာ လွယ်ကူလှသော အလုပ်မဟုတ်သဖြင့် အချိန်ကာလကြာသည်၊ အင်္ဂလိပ်အစိုးရများသည် မြို့ပြင်တွင် ကြိုက်ရာမြေကွက်များကို ၀ယ်ယူနိုင်ရန် ငွေထုတ်ပေးပြီး မှုးတော်, မတ်တော်များနှင့် ဘုရင့်ဆွေ တော်, မျိုးတော်များအား ပင်စင်လစာငွေများ ထောက်ပံ့ထားပါသည်။
ယခုကျမတို့ ရောက်လာသော ယိုးဒယားဈေးအရပ်ရှိ ၀က်မစွတ်မြို့စားမင်းကြီး၏ ၀င်းမှာ နန်းတော်တွင်းမှ မြို့ပြင်ပြောင်းဘို့ ပဋ္ဌမစ၍ ၀ယ်ယူသော မြေဖြစ်ပြီး ထိုမြေပေါ်၌ အိမ်ဆောက်နေသည်။ နန်းမြို့တွင်းမှ ပါရှိ လာသော တပည့်ငယ်သားများကိုလည်း ဘေးနားတ၀ိုက်၌ အိမ်ငယ်ကလေးများ ခြံရံဆောက်ခါ အသိုက်အ အုံမပျက်နေစေသည်။ သို့သော် ၁၅-နှစ်ခန့်ရှိသောအခါ ၀က်မစွတ်ဝန်ကတော်ကြီး မကျန်းမာသည်တ ကြောင်း၊ ၄င်းဝန်ကတော်ကြီး၏ဖခင် မိုင်းခိုင်းအတွင်းဝန်မင်းသည် ကွယ်လွန်အနိစ္စရောက်၍ မိုင်းခိုင်းမြို့စား အတွင်းဝန်မင်း၏ ၀င်းနေရာကို ပြောင်းရွေ့လာပြီး အိမ်သစ်ကြီးဆောက်နေခြင်း ဖြစ်ပါသည်။ ယိုးဒယားဈေး ၀င်းဟောင်းရှိ အိမ်ဟောင်းကိုဖျက်၍ ကျောင်းဆောက် လှူးဒါန်း သဖြင့် မြေရာလွတ်သာရှိနေပါသည်။
ခြံဝိုင်းကြီးအလယ်တွင် မြေလွတ်ရှိ၍ ခြံနံဘေးပိုင်းမှာ ရှေးအသိုက်အအုံမှ နေထိုင်ကျန်ရစ်သော အိမ်နှစ်ခု ရှိပါသည်။ ကျမတို့ ခေတ္တခဏစတည်းချနေသောအိမ်မှာ အဘိုး ၀က်မစွတ်မြို့စားမင်းကြီး ၏ မှူးတော်, မတ်တော်တို့ ထားရှိရမြဲဖြစ်သော အဆောင်ကိုင် အမှုထမ်းသားများ အပေါ်တွင် အကြီး, အမှူးပြုလုပ် အုပ်ချုပ်ရသူ အဆောင်ကိုင်ခေါင်း၏ အိမ်ဖြစ်၏။ သူ့အား အဆောင်ကိုင်ခေါင်း မင်းဟု ခေါ်ကြပါသည်၊ ကျမတို့ လူလားမြောက်သောအခါ သူ၏ သားသ္မီး များသာရှိပါတော့၏။ ကျန်သော အိမ်တအိမ် မှာ ၀က်မစွတ် မြို့စားမင်းကြီး ၏ နှမအရင်း သံတော်ဆင့်ကတော် မိသားစုများ ဆောက်လုပ် နေထိုင်သော အိမ်ဖြစ်ပါသည်။
ထိုအိမ်မှာ စတည်းချပြီး ကျမတို့နေစရာ အိမ်ဆောက်မည်ဟု စီစဉ်ရပါသည်၊ နောက်နေ့များတွင် မသယ်နိုင်သေး၍ ကျန်ရစ်ခဲ့သော ဖခင်၏ ဆီဆေးပန်းချီကားကြီး များနှင့် ဘိုးဘွားမိဘ တို့၏ ပုံကြီး ချဲ့ထားသော ဓါတ်ပုံကားကြီးများကို သွား၍ အသယ်ခိုင်းရပါသည်။ ပန်းချီကား-ဓါတ်ပုံကား ကြီးများမှာ ထိုခေတ်ကပင် တထောင်မှ ငါးရာအထိ တန်ဖိုးပေးထားရသော ကားများဖြစ်စေကာမူ ပါလာသောအခါ၌ ပုံကြီးများတွင် မျက်လုံး ရှိသမျှ ဒါးစူး နှင့်ထိုးဖောက်ထားကြသည်ကို တွေ့ရပါသည်၊ မည်သူ့လက်ချက်မှန်း မသိရသော ရက်စက်သေးနုပ်လှသည့် အပြုအမူကို ခံရသော်လည်း လက်သည်တရားခံ အကောင်အထည် မရှိသဖြင့် ရင်နင့်နင့်နှင့် ကြိတ်ခံရပါသည်။
ထိုဓါတ်ပုံများအနက် ဘိုးဘိုးမြို့အုပ်ကြီး ဦးဘိုးဆွေ၏ပုံတခုမှာ မျက်လုံးထိုးဖောက်ထားသော ဒဏ်ရာနှင့် ယနေ့အထိ ကျမထံ၌ ကျွင်းကျန် ရှိနေပါသေးသည်။
ဘိုးဘိုးဝက်မစွတ် မြို့စားမင်းကြီးသည် သ္မီးဖြစ်သူခွဲထွက် ပြောင်းရွေ့သွားသည်ကို စိတ်မချမ်းမသာ ဖြစ်ရှာ သည်။ ဒီသ္မီးမှာ စိတ်သဘော နူးညံ၍ အေးအေးနေတတ်သော သူတော်ကောင်းသ္မီးဟု ယခင် ကတည်းက ဂရုဏာပိုခဲ့သည်၊ မေမေသည် ထွေထွေထူးထူး မပြောခဲ့ပါ၊ ထွက်လာစဉ် ဦးချ ကန့်တော့ရင်း ဖျကျွန်မ တို့ဒီမှာနေလို့ မဖြစ်တော့ပါဆိုသော စကားတခွန်းသာ ပြောခဲ့သည်။ သူ့ဖခင်ကြီး သည် မျက်နှာ မကောင်းပါ။ သို့သော် ပညာရှိအမျက်ပြင်မထွက်ဆိုသလို မည်သူ့ကိုမျှ အပြစ်တင် ခြင်း၊ မေးမြန်း စီစစ်ခြင်း မပြုဘဲ လျစ်လျူ ရှုသလိုသာ နေရှာသည်။
ဒါပေမယ့် သ္မီးထံသို့ တပါတ်အတွင်း သုံးကြိမ်ထက်မနည်း လာရောက် ကြည့်ရူပါသည်။ အိမ်ဆောက်ရန် စီမံ ခန့်ခွဲသည်မှ အိမ်ပြီးသည်အထိ ခြောက်လခန့် ထိုအိမ်ငယ်တွင် နေထိုင်လျက် ရှိပါသည်။ ၆-လ လောက် ရှိသောအခါ ၀င်ငွေမှန်သည်ဆိုသော မော်တော်ကား ကိစ္စမှာလည်း ဖေါက်ပြန် လာပါသည်။ ကားဘိုး ငွေကြေ သော်လည်း ကားစရိတ် တွေကများလာသဖြင့် ၀င်ငွေမကျန် သလောက်ရှိသည်၊ ကားမောင်းသူ၏ မရိုးဖြောင့် မှုကြောင့်လည်း တကြောင်း၊ မက်ကင်ဇီ ကုမ္ပဏီမှ နိုင်ငံခြားအော်ဒါများ ရှေးကလို များများ မရတော့ဘဲ ကိုယ်ပိုင်ကား ၀ယ်စီးသူတွေ များလာသည်က တကြောင်းကြောင့် နောက်ဆုံးတွင် ကားကို ရောင်းချ ပစ်လိုက် ရပါသည်။
ဝတ္ထု, မဂ္ဂဇင်း ထုတ်ခဲ့ခြင်း ဆက်ရန်

.
4 comments:
when i reading this post,..............angry for this.
I know what her feeling well.
when I was young, I got such kind of problem . I hate for that.So, I responded sth say and showed my anger then they gave to me ,I am bad ..bad..bad.. among relatives.
I never forget this.And i never believed human esp relatives.
momiji
ကျေးဇူးအများကြီးတင်ပါတယ် ...ဒီစာအုပ်ကိုဖတ်ချင်နေတာကြာလှပီ.. ပြန်လည်းမထုတ်ဘူး။ စာဆိုတော် ကိုတော့ စာအုပ်ထုတ်တာတွေ့လို့ဝယ်ထားလိုက်တယ်။ :)
လောကဓံတွေပဲနော် ...
ဆင်းရဲချမ်းသာမရွေး ရာထူးကြီးငယ်မရွေး အသက်အရွယ်မရွေး
ဘယ်သူမဆို အကောင်းအဆိုး လောကဓံတွေကို ခံစားရတာပဲ။
ဖတ်ရတာ သံဝေဂရစရာ ... ။
တဝကြီး ဖတ်သွားပါတယ်။ ကျေးဇူးပါ။ နောက်အပိုင်းတွေမျှော်နေပါတယ်။
Post a Comment