Thursday, February 18, 2010

ရွှေစင်ဦး ကြိုက်တဲ့ အရိုး ဆန်ပြုတ်

ကျနော် လည်း တရက် စာမရေးရရင် တရက် စားမဝင်၊ အိပ်မပျော် ဖြစ်နေတော့ ဒီနေ့ လည်း စာရေးအုန်းမှ ပါလို့...၊ အင်း ဘာအကြောင်း ရေးရကောင်း မလည်း.. အညာဟင်းလေး ချက်ရကောင်းမလား... အကယ်ဒမီ ဆုကြီး အသင်းတုပ် ရကောင်းမလား.. စဉ်းစားတယ်ခင်ဗျ...။ 

ဟင်းချက်တာနဲ့ ပတ်သက်ရင် ကျနော့် စိတ်ကိုသိတဲ့ ကျနော့် ဖေဖေ ပြောတာလေး သွားသတိရမိတယ်.. ကျနော် ဟင်းချက်တာ ကောင်းတယ်တဲ့ဗျ.. စားဘူးတဲ့ သူတိုင်းကလည်း ထောက်ခံကြတယ်.. ကျနော် ဟင်းချက်ပြီဆိုရင် ချက်ရမဲ့ ဟင်းကို လိုက်ပြီး ထည့် ရမဲ့ အစာပလာ အကုန်ပါမှ ချက်တယ်ဗျ.. ကျနော် ထည့် ချင်တာ မရရင် အဲဒီဟင်းဟာ မပြည့်စုံဘူးလို့ထင်တယ်..ဒါကြောင့် ကျနော် ချက်တဲ့ ဟင်းတိုင်းဟာ ကောင်းတယ်.. နောက်ပြီး ကျနော် ချက်ချင်တဲ့ စိတ်ရှိမှ ချက်တယ်..၊ စိတ်မရှိရင် မချက်ဘူးဗျ.. ။

အဲဒီတော့ ကျနော့် ဖေဖေက ပြောတယ် ရွှေစင်ဦး ဟင်းချက်တာကောင်းတယ်.. ဒါပေမဲ့ တနှစ်မှ တခါလောက် ချက်တော့ ဘယ်လိုလုပ်မလည်းတဲ့.. အဟဲ..မမေဓါဝီ ရေ ခဏ စောင့်ပါအုန်းနော်.. တနှစ်ပြည့် ဘို့ နဲနဲဘဲ လိုတော့တာပါ...။

ဟင်းတော့ ဒီနေ့ မချက်တော့ဘူး.. ဆန်ပြုတ်တော့ ပြုတ်မှ ဖြစ်မယ်ဗျ.. ကျနော် ချစ်အကိုကြီး ကိုကြီးကျောက် ကြီးလည်း ဖျားနေတယ်တဲ့.. နောက်ပြီး ချစ်ညီမ မိုမိဂျိ လေးလည်း သွားကိုက်လို့ တဲ့ဗျာ.. နှစ်ယောက်စလုံး အတွက် ဆန်ပြုတ် ပြုတ်ပေးပါမယ်..၊ ပြီးတော့ ဆန်ပြုတ်ကြိုက်တဲ့ ချစ် သော စာဖတ်သူများ အတွက် ရောပေါ့...။

ကျနော် ကြိုက်တဲ့ အစာ ထဲမှာ ဆန်ပြုတ်ပါတယ်ဗျ.. ၊ အိမ်မှာ ပြုတ်ရင်ပြုတ်သောက်.. ၊ ဒါမှမဟုတ် ဝယ်သောက်.. ကျနော် သောက်နေကြ ဆန်ပြုတ်ဆိုင်တွေက  အရင်တုန်းက ရတနာပုံ ရုပ်ရှင် ရှေ့က တွန်းလှည်း လေးနဲ့ ဆန်ပြုတ် ၊ ကျနော် သောက်တာကိုက အနှစ် ၂၀ ကျော်ပြီ.. သူ့ အရသာကတော့ ကြက်ပြုတ်ရေ နဲ့ ရိုးရိုးပါဘဲ.. ဒါပေမဲ့ ကျနော်က ဆန်ပြုတ်ထဲမှာ မုံကြွပ်ဖတ် မျှင်မျှင် လေး အကြွပ်ကြော်လေး ဖြူးပေးတာ ကြိုက်လို့ သောက်နေပါတယ်..။

နောက် တဆိုင် က ကောင်းမှကောင်း ဆန်ပြုတ်ပါ.. ၃၇ လမ်း ၈၂-၈၃ ကြား ထင်တယ်.. အဲဒီဆိုင်က ကြတော့ ကြက်ပေါင်းရေ ကို သီးသန့် ထားတယ်..၊ ဆန်ပြုတ် မှာမှ ကြက်ပေါင်းရေ ထဲ့ ပြီး ဆန်ပြုတ်ထဲ ထည့် ပေးပါတယ်..၊ ငုံးဥ၊ အသဲအမြစ် အကုန်ရတယ်..၊ အဲဒီဆိုင်မှာ စားတာလည်း နှစ် ၂၀ ကျော်ပါပြီ..၊ နောက်တဆိုင်ကတော့ ဆေးရုံကြီး နဲ့ မျက်နှာခြင်းဆိုင်က ဆန်ပြုတ် ဆိုင်ပေါ့ဗျာ..၊ ဒါပေမဲ့ အဲဒီဆိုင်ကတော့ တကယ် နေမကောင်းမှ ကျနော် ကြိုက်တဲ့ ဆိုင်တွေ မဖွင့်မှ သောက်တာပါ..၊ ဟိုဆိုင်တွေက ညနေပိုင်းမှ ဖွင့်တာဆိုတော့ မရှိသုံးလေး ပေါ့ဗျာ...။

ကျနော် အကြိုက်ဆုံးကတော့ ကျနော်ဘာသာပြုတ်တဲ့ ဝက်ရိုးဆန်ပြုတ် ဗျ...၊ ကျနော်က အရိုးဆန်ပြုတ် တော့ ကြိုက်တယ်.. ဒါပေမဲ့ ဈေးထဲမှာ ၀က်ရိုး ၀ယ်ရမှာတော့ ရှက်တယ်ဗျ.. ဒါကြောင့် ဆန်ပြုတ် သောက်ချင်ရင် အရင်ဆုံး ဝက်ရိုးကောင်းကောင်း လေး ရွေးဝယ်တယ်..၊ အရိုးဝယ်ရတာ ရှက်လို့ အသားအရင် ဝယ်ပြီးမှ အိမ်က ရွှေစင်ဦး လေး အရိုးကိုက်ရအောင် ဆိုပြီး အရိုးလေး သီးသန့်ဝယ်ရတယ်...။

ပြီးတော့ ငရုပ်ကောင်းစေ့..၊ ဒါလည်း ready made ထုတ်တွေ ရှိပေမဲ့ မသုံးဘူးဗျ.. ကိုယ်ဘာသာ လှော်ထည့် တယ်..၊ နောက်တခါ ဘဲဥ ဗျာ..၊ ကြက်သွန်ဖြူကြော်..၊ တရုပ်နံနံ .. ကဲ အားလုံးပြည့်စုံရင် စပြီဗျာ..။

ပေါ်ဆန်းမွှေး ဆန် နို့ဆီဗူး တလုံးလောက် ရေဆေးပြီးရင် မီးအေးအေးနဲ့ ဒယ်အိုးထဲ ဆန်ထည့်ပြီး လှော်တယ်.. နဲနဲလေး နီပြီး မွှေးလာပြီ ဆိုမှ အအေးခံထားတယ်..၊ အဲဒီအချိန်မှာ ဝက်ရိုး ကို ပဲငံပြာရည် တို့ ဂျင်းတို့ နဲ့ နှယ်ပြီး ပြုတ်လိုက်တယ်.. ဘဲဥပါ ရေစင်စင် ဆေးပြီး ပြုတ်တယ်..၊ ခဏနေ ကြတော့ ဆီစိမ်း ထဲမှာ ကြက်သွန်ဥလိုက် ကြက်သွန်ဖြူ အမြှောင်းလိုက် ဆီသတ်တယ် ဆီနဲနဲ ဘဲထည့်ရတယ် အရောင်တင် နနွင်း ဘာမှ မထည့်ရဘူး..၊ ကြက်သွန် အစိမ်း နံ မနံ အောင် ဆီသတ်တာဘဲ ဆီတွေလည်း ဆန်ပြုတ်အိုးထဲ မထည့်ရဘူး..၊ ကြက်သွန် တွေဘဲ ဆယ်ထည့်ရတယ်..။

အားလုံး အဆင့်သင့် ဖြစ်ရင် ခုန ဆန်လှော် တွေကို နဲနဲလေး ငရုပ်ဆုံထဲ ထည့်ထောင်း တပိုင်းကြိုးလေးတွေ ဖြစ်သွားအောင် မထောင်းလည်း ရတယ် သူဘာသာ သူ ခဏနေ ကြေသွားရော..၊ အဲဒီ ဆန်လှော် တွေ ကို ရေထဲပြုတ်.. ခုန ၀က်ရိုး တွေနဲ့ ဝက်ရိုးပြုတ်ရေ တွေလည်း ထည့်..ကြက်သွန် ဖြူ နီတွေလည်းထည့် .. ပဲငံပြာရည် တို့ ဆားတို့ထည့် ပြီး ဝက်ရိုး မနူးမခြင်း ပြုတ်တော့ဗျာ...၊ သြ မေ့တော့ မလို့ ခုနက ဘဲဥပြုတ် တွေကို အခွံခွာပြီးတော့.. ပါးပါးလှီးပြီး ဆန်ပြုတ်ထဲ ထည့်လိုက်အုန်း..၊ ကျန်သေးတယ်ဗျ.. ဝယ်ထားတဲ့ ဝက်သားတွေထဲက ဟင်းမချက်ခင် မေမေ ဆီက ဒါးမြတိုက်ထားတဲ့ ဝက်သားပြုတ် တွေလည်း ပါးပါးလှီးထည့် လိုက်အုန်း...။

ဆံပြုတ်နံ တွေ မွှေးကြိုင်လာပြီဆိုရင် ငရုပ်ကောင်း လှော်မှုံလေး နဲ့ တရုပ်နံနံ ပင်လေး လှီးထည့် လိုက်အုန်းဗျ...၊ ကဲ.. ရွှေစင်ဦး အကြိုက်ဆုံး ဝက်ရိုး ဆန်ပြုတ်လေး ကျက်ပါပြီဗျ.....ချစ်သော စာဖတ်သူများ သုံးဆောင် နိုင်ပါပြီ...။

မေ့တော့ မလို့ဗျ... နေမကောင်းတဲ့ ကိုကြီးကျောက် နဲ့ မိုမိဂျိ လေး အတွက် တဂျိုင့်ဆီ ထည့်ပြီး အရင်ပို့လိုက်ကြအုန်းဟေ့.. ကိုကြီးကျောက် အတွက် ဟိုး..မော်ဒယ်မမလေးများ (အဲ..ယောင်လို့ )...ကိုပီတာ ဘလော့ထဲက မော်ဒယ် ဖွားဖွားလေး များက ချော့တိုက်စေ.. ညီမ မိုမိဂျီလေး အတွက်တော့ ချော့ကလက် လေးပြပြ ပြီးတော့ တိုက်စေ....။

စာရေးသူ-ရွှေစင်ဦး
.

12 comments:

moemoestar said...

မမရွှေစင်ရေ...
ရန်ကုန်မှာတော့ ညနေပိုင်းမှာရောင်းတဲ့ တရုတ်တန်းကငါးရံ့ ဆန်ပြုတ် ကောင်းတယ်...
ဘဲအူသုပ်၊ဘဲသွေးသုပ်၊ဘဲသားသုပ်၊ကြက်သားသုပ်...အစုံရတယ်...ကောင်းမှကောင်း...

Anonymous said...

ama, thanks................i am still paining.
but.. i cannot bite pork bones now :(( .my tooth-cover is swelling. sometime ,cannot open widely mouth, after took a medicine, i can ate chocolate.

I ate sanpyoute with prown which i made small pieces.:((

i wanna recover asap.

momiji

Anonymous said...

i am also like sanpyote esp in 22nd street in chinatown,Ygn.

I always ate it with eikyarkwe.
:(( miss that shop.

momiji

Unknown said...

Mama Shwezin,I also like dumpling with bone.My sister,my daddy and I always choose to eat the bones from the curry except my mum.It is the pleasure of a bite of bone with a spoonful of soup or dumpling.
Witing for your posts,
Yours lovinlgy,Jasmine.

မေဓာဝီ said...

မရွှေစင်ရေ .. (ဦးဖြုတ်လိုက်ပီနော် :P)
ကျမကတော့ အိမ်မှာပြုတ်တဲ့ ဆန်ပြုတ်ကို မကြိုက်ဘူး။ ဘယ်ကြိုက်မလဲ ဘာမှမှ မပါဘဲ။ ဆန်ပြုတ်ပလိန်းလေ။ ငယ်ငယ်တုန်းက နေမကောင်းဖြစ်ရင် ဆန်ပြုတ်ပလိန်း၊ တခါတလေ ငါးတို့ ကြက်သားတို့တော့ ထည့်တယ်။ သောက်လို့မကောင်းဘူး။ ပြီးပြီးရော အမြန်ပြုတ်ပေးကြတာကို။ မရွှေစင်ပြုတ်သလို လှော်ဟယ် ထောင်းဟယ်လဲ ကရိကထများလို့ ဘယ်သူမှ လုပ်မပေးကြပါဘူး။ (သနားပါတယ်နော်)

ရန်ကုန် တရုတ်တန်းက ဆန်ပြုတ်တွေတော့ အကြိုက်သား။ ဘဲဥအငံတို့၊ ဆေးဘဲဥတို့ပါတယ်။ ဒါပေမဲ့လဲ ဆန်ပြုတ်ဆိုရင်ကို လူမမာဖီလင်ကြိး ဖြစ်ဖြစ်လာလို့ တော်ရုံတန်ရုံ ပြုတ်သောက်ခဲ ပါတယ်။
ဟိုလူမမာနှစ်ယောက်တော့ မရွှေစင်ရဲ့ ဆန်ပြုတ်နဲ့ နလန်ထလောက်ပြီ ထင်ပါရဲ့။

မရွှေစင်ရဲ့ အရိုးဆန်ပြုတ်တော့ မြည်းချင်သား။ မန္တလေးရောက်မှ ဆန်ပြုတ် လာသောက်မယ်နော်။ :)

ဂျူနို said...

မရွှေစင် မအယ်တို့တော့ ဆန်ပြုတ်ကြိုက်တယ်။ မရွှေစင်ပြုတ်တာ ကချင်ဆန်ပြုတ်နဲ့တူတယ်။ မအယ်လည်း ဆန်ကို လှော်ပြီး ကြိတ်ပြီးမှ ပြုတ်တယ်။ ၀က်သားထက် ကြက်သားနဲ့ လွယ်လွယ် လုပ်တယ်။
ခုတောင် သောက်ချင်လာပြီ။ ထမင်းလွတ်ကိုး တအိုးကြီး ပြုတ်သောက်တာ။:) ကြိုက်တယ်။

မအယ်

Flower said...

တစ်ချို့က ဆန်ပြုတ်ဆို လွယ်လွယ်ကူကူ ဖြစ်တယ် ထင်ကြတယ် မရွှေစင်ဆန်ပြုတ်ကို ဖတ်ကြည့်မှ လက်ဝင်မှန်းသိရတော့တယ်..
ရေးပြထားတာနဲ့တင် အရသာတော်တော်ရှိမယ်လို့ ခန့်မှန်းမိတယ်.. ကျွန်မလဲ ဆန်ပြုတ်ကို သိပ်ကြိုက်တယ်
ငယ်ငယ်က ဖျားရင် အရမ်းပျော်တယ် ဆန်ပြုတ်သောက်ရတော့မယ်ဆိုပြီးလေ..
ခုချိန်ထိလဲ ဆန်ပြုတ်ကိုကြိုက်တုန်း
ဝိတ်လျှော့ချင်တဲ့အခါ ထမင်းမစားဘဲ ဆန်ပြုတ်ဘဲသောက်တယ်.. ခုလဲ မရွှေစင်ဆန်ပြုတ်ကို သွားရေကျသွားတယ်..

မြစ်ကျိုးအင်း said...

တဆိုင်ကို ဆန်ပြုတ် နှစ် ၂၀ သောက်ခဲ့တာ ဆိုတော့ ဆန်ပြုတ်သောက်တဲ့ သက်တမ်းပဲ နှစ် ၄၀ ရှိနေပြီ။ ဒါတောင် အလှူတွေမှာ လိုက်သောက်တာ ထည့်မတွက်သေးဘူး ။
ဝါရင့်ဆန်ပြုတ်သောက်သူကြီးပေါ့လေ :)

ကျနော်တော့ နေမကောင်းမှပဲ ဆန်ပြုတ်သောက်ဖို့သတိရတယ်

ရွှေရတုမှတ်တမ်း said...

ဆန်ပြုတ်...ဆုတ်ပြန်..အဖွားကြီးတွေပြန်..
ဒို့ကြိုက်တာဖက်ထုပ်...မော်ဒယ်မလေးနဲ့ ဖက်ပြီးထုပ်

မောင်မိုး said...

၂ ခါပြန်ရေးရတော့ သိပ်တောင် မကျေနပ်ချင်ဘူး။
ဒီလိုဗျာ...ကျွန်တော်မန့်ခဲ့တာက။
ကျွန်တော်လည်း ဆန်ပြုတ်သမားဗျ။ မနက်တိုင်း ဘရိတ်ဖက်စ် ကို ဆန်ပြုတ်ပဲတီးတာ။ ထိုင်းမှာ ဆန်ပြုတ်ကို ကျူတ် လို့ခေါ်တယ်။ အဲဒီ ကျူတ်ထဲမှာ
ကြက်ဥတစ်လုံးဖောက်ထည့်ပေးတယ်။ နောက်ပြီး ဂျင်းကို ပါးပါးလှီးထားတာရယ်၊ ၀က်အူမကြီး ပါးပါးလှီးရယ်၊ ၀က်အသည်းအစိမ်းကို ရေနွေးဖျောထားတာရယ်၊ ငါးဖယ်လုံးရယ်။ ကြေးအိုးလိုပေါ့ဗျာ။ အစုံပါတယ်။ ပန်းကန်ကလည်း အကြီးကြီး။ ကြေးအိုးခွက်နဲ့ နင်လားငါလားပဲ။ တစ်ပွဲကို ဘတ် ၂၀ ဆိုတော့ မြန်မာငွေနဲ့ ကျပ် ၆၀၀ ပေါ့။ အဲဒီင်္ ကျူတ်မှာ ငရုတ်သီးမှုန့်ဖြူး၊ ငရုတ်ကောင်းမှုန့်ဖြူး၊ ငံပြာရည်အကြည်ထည့်၊ ငံပြာရည်အပျစ်ထည့်ပြီး လွေးလိုက်တာပေါ့။ စိတ်ကူးကြည့်စမ်းဘာာာာာာာာာာာာ။ ဘယ်လောက်ကောင်းသလဲဆိုဒါါါါါါါါါါါါါါါါါါါါါါါါါါါါါါါါါ။

အင်ကြင်းသန့် said...

ဟင့်... ညီမလေးဖို့ကျတော့ မပါဘူး...ငိုပြီး ပြန်သွားပြီ
(မှတ်ထား...မှတ်ထား....မန်းလေးရောက်မှ ဆန်ပြုတ်ပြုတ်မတိုက်လို့ကတော့ သိမယ်)

ချစ်ညီမလေး

လသာည said...

ဆန်ပြုတ် ဆုတ်ပြန် :D
ရေးထားတာလေးက စားချင်စရာ ကောင်းတယ်ဗျ
ဗျ ဗျ နဲ့ ပြောတာလေးကလည်း ချစ်ဖို့ ကောင်းတယ်ဗျ ;D