အခန်း (၂)
ဂျပန်ဗုံးကြဲလေယာဉ်ပျံများ အလာကျဲသွားသဖြင့် ကျွန်မနှင့်အယ်နီတို့သည် ဆေးရုံတွင်နေသားတကျ ဖြစ်အောင် လုပ်နိုင်ခဲ့ကြသည်။ ဂျပန်များက ကျွန်မတို့အပေါ်သနားကရုဏာရှိ၍တော့ မဟုတ်ပါ။ တောင်ကြီး မြို့ပေါ်တွင် ဗုံးကြဲချရမည့်နေရာ မကျန်တော့၍ ဖြစ်ပါသည်။
တောင်ကြီးမြို့တွင် ခြောက်ကပ်ကပ်ဖြစ်နေပါသည်။ အုပ်ချုပ်ရေးဘက်ဆိုင်ရာ ဗြိတိသျှအရာရှိများနှုင့် သူတို့၏၀န်ထမ်းများကျန်နေသေးစေကာမူ အုပ်ချုပ်ရန်မြို့သူမြို့သားများကတော့ မရှိတော့ပါ။
တစ်နေ့သောနံနက်ခင်းတွင်တိုင်းမင်းကြီး ဖရက်ဒီပီးယား(စ်)ကျွန်မထံရောက်လာပါသည်။ ကျွန်မအနေ နှင့် တောင်ကြီးမြို့မှ ထွက်ခွာသွားရမည့် လူမမာများ၏ စာရင်းကိုပြုစုရန် ပြောပါသည်။

ကျွန်မက စာရင်းလုပ်ထားပြီးဖြစ်ကြောင်း၊ ခရီးမသွားနိုင်၍ကျန်နေမည့် လူနာများကို စွန့်ခွာမသွားနိုင် ပါကြောင်း ပြန်ပြောလိုက်သည်။ ၎င်းအပြင် ကရိတ်မိုးနေအိမ်၌ သူ့အပေါ်အလွန်သစ္စာစောင့်သိကြ သော အစေခံ များနှင့် အတူရှိနေသည့် ဖခင်အတွက်လည်း ထည့်သွင်းစဉ်းစားရပါဦးမည်။
ဘုရင်ခံတိုက်တွန်းခဲ့သလို ကျွန်မသည် တာဝန်နှင့်အလုပ်တွင် နေရမည့်အကြောင်းကိုလည်း အသံ တိုးတိုးနှင့် ရိလိုက်ပါသေးသည်။ ဖရက်ဒီကိုကျွန်မငယ်စဉ်ကပင် သိခဲ့ပါသည်။ သူသည် သည်းခံကြင်နာ စိတ်ရှိသူ ဖြစ်ပါသည်။ သူကတော့ ဒီကောင်မလေးဟာ တယ်မိုက်ပါလား။ ဥာဏ်လည်းမရှိဘူးဟု ထင်ကောင်း ထင်မည် ဖြစ်သော်လည်း ပါးစပ်ကမူ ထုတ်ဖော်ပြောမပြဘဲ မျိုသိပ်ထားပါသည်။
မင်းအနေနဲ့လူမှုရေးအရ တာဝန်ကျေပွန်ခဲ့ပြီဖြစ်လို့ အခုနေထွက်သွားရမယ်ဆိုရင်လည်း နောင်တ ရစရာ မရှိတော့ပါဘူး ဟု သူကတိုက်တွန်းနေပါသည်။ ကျွန်မက ကျွန်မရဲ့ လူမမာတွေကို ကြည့်ရှုဖို့ကျွန်မမှာ တာဝန် ရှိသလို သူ့အရာရှိများကိုလည်း သူ့အနေနဲ့ ဂရုစိုက်သင့်ကြောင်း တိုတို တုတ်တုတ် ပြန်ပြော လိုက်မိသည်။
သူ့လက်အောက်တွင် အမှုထမ်းနေသော အစိုးရအရာရှိများသည် သူတို့၏ တာဝန် ၀တ္တရား ထက် သူတို့၏ သားမယားနှင့်ဆွေမျိုးများအချိန်ရခိုက် ထွက်သွားနိုင်ရေးအတွက် လုပ်ကိုင်ဆောင်ရွက်နေခြင်း ကို ကျွန်မ ဘ၀င် မကျခဲ့ပါ။ ဖရက်ဒီ၏အကြံပေးချက်မှာ မှန်ကန်ကောင်းမွန်ပါသော်လည်း သည်းမခံနိုင် ဘဲ ပြန်ပြော လိုက်မိခြင်း ဖြစ်ပါသည်။
ကျွန်မကို မော်တော်ကားများပေးမည်ဟု ကတိပေးသော်လည်း အကောင်အထည်ပေါ်မလာခဲ့ပါ။ ထိုအချိန်၌မြန်မာနိုင်ငံတွင် တောင်မင်းကို မြောက်မင်းမကယ်နိုင်သော အခြေအနေဖြစ်နေ၍ မည်သူ့ကို မျှအပြစ်တင်ရန်မရှိပါ။ ရိုးရိုးသားသားကတိပေးကြခြင်းဖြစ်၍ အပြစ်တင်၍လည်းမရပါ။
ဆုတ်ခွာနေကြသော ဗြိတိသျှစစ်တပ်များကလည်း စစ်နှင့်ပတ်သက်သော အသုံးဝင်မည့်ပစ္စည်းများကို ရန်သူ၏ လက်တွင်းသို့ မကျရောက်စေရန် မီးရှို့သည့်စနစ်ကို အသုံးပြုလျက် ရှိသဖြင့် ယာဉ်များ ရှာဖွေ ရရှိရေးမှာ မလွယ်ကူပါ။ ထောင်ပေါင်းများစွာ စစ်ပြေးဒုက္ခသည်များက မြန်မာပြည်နှင့် အိန္ဒိယပြည် လမ်းမ တစ်လျှောက် တွင် တစ်ဆို့နေကြသဖြင့် ဗြိတိသျှတပ်များ စနစ်တကျ ဆုတ်ခွာရေး မဖြစ်နိုင်တော့ ပါ။
လမ်းမကြီးထဲ ၀ဲယာတစ်လျှောက်၌ ၀မ်းရောဂါ၊ ၀မ်းကိုက်ရောဂါ၊ ငှက်ဖျား၊ ဒဏ်ရာရသူ။ အစာရေစာ ငတ်ပြတ်သူများ ရာပေါင်းများစွာ သေဆုံးနေကြပါသည်။ ၎င်းပြင် ဓားပြများ၊ မြန်မာမျိုးချစ်တပ်သားများ ၏ လက်ချက် ကြောင့်လည်း သေဆုံးသူအများအပြားရှိပါသေးသည်။ လမ်းဘေး ၀ဲယာနှင့် တောတောင် များအတွင် အများအပြားရှိပါသေးသည်။
လမ်းဘေးဝဲယာ နှင့် တောတောင်များအတွင် အမှတ်အသားမဲ့ လူသေသင်္ချိုင်းမြေပုံများ ပြန့်ကျဲလျက် ရှိပါသည်။ ကျွန်မတို့ဆေးရုံတွင် သေဆုံးသူများအတွက် တရားစာများရွတ်ဆို ဆုတောင်းနိုင်ခြင်း၊ ကောင်းမွန် စွာ မြေမြုပ် သဂြိုလ်ခွင့်ရခြင်းတို့ကြောင့် တစ်ပန်းသာပါသည်။
ကျွန်မတို့၏ လူနာစာရင်းမှာလည်း တဖြည်းဖြည်းနည်းသွားပါပြီ။ သို့သော်အယ်နီ နှင့် ကျွန်မတို့နှစ်ဦး လုပ်နိုင်သည် ထက်တော့ အလုပ်ကပိုများနေပါသေးသည်။ ကျွန်မ၏ကံကြမ္မာကို ကျွန်မကိုယ်တိုင် ဆုံးဖြတ် သည်ဖြစ် ၍ ဆူးခင်းသော လမ်းတွင် လျှောက်ရသည် ဖြစ်ပါစေ မိမိကိုယ်မှ တစ်ပါး အခြား သူများကို အပြစ် တင်ရန် မလိုပါ။
နောက်တစ်နေ့ တွင် ဗိုလ်မှူးကြီးဘရော့ကယ်လ်ဟပ်(စ်) ဆေးရုံသို့ရောက်လာပါသည်။ ဗိုလ်မှူး မိုက်ကားလ်ဗတ် အုပ်ချုပ်သော တောတွင်း တိုက်ခိုက်ရေး သင်တန်းကျောင်းတက်လာခဲ့ကြသည့် ကွန်မန်ဒို အထူး တပ်ဖွဲ့သည် လမ်းများ၊ တံတားများဖျက်ဆီးရာတွင် အလွန်ကျွမ်းကျင်ကြပါသည်။
ဗိုလ်မှူးကြီးက သူတို့တပ်ဖွဲ့အား တောင်ကြီးတစ်ဝိုက်တံတားအားလုံးကို ချိုးပစ်ရန်တာဝန်ပေးထား ကြောင်း၊ ဂျပန်များချီတက်ရာတွင် နှေးကွေးသွားစေရန် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း၊ ဆုတ်ခွာနေကြ သောဗြိတိသျှ တပ်များမှာ ထောင်ပေါင်းများစွာသော စစ်ပြေးဒုက္ခသည်များကြောင့် နှောင့်နှေးနေခြင်းကို ကာမိမည် ဖြစ်ကြောင်း။ တိုက်ပွဲများမှာ တောင်ကြီးတစ်ဝိုက်တွင် ဖြစ်နေ၍ ပထမဆုံးတိုက်ပွဲတွင် သူ၏ အတွေ့အကြုံ အရ အလွန်တရာ ကြောက်စရာ ကောင်းကြောင်း များကို ပြောပါသည်။
ဗိုလ်မှူးကြီးမှာ အရပ် မြင့်မြင့်၊ အရိုးအရင်းကြီးကြီး၊ ခါးဘေးတွင်လည်၊ ကြီးမားသော ခြောက်လုံးပြူးကို ချိတ်လျက် ကျောင်းသားကလေးများ၏ စွန့်စားခန်းစာအုပ်များ၌ ပါရှိသော လူစွမ်းကောင်းရုပ် ပေါက်နေ ပါသည်။ သူသည် စာဖတ်ပုဂ္ဂိုလ် တစ်ဦးကဲ့သို့၊ မိကောင်းဖခင် သားသမီး များကဲ့သို့ စကားကို တိုးတိုး ပြောပါသည်။ လူကို အပြင်ပန်း အကဲခတ်လျှင်ထူးခြားမှု မရှိစေကာမူ သူ့ခန္ဓာကိုယ် အတွင်း သံမဏိကဲ့သို့ မာကျောသော စိတ်ဓာတ် ရှိနေသည်ကို သူ၏လေသံက ဖုံးကွယ်ထားနိုင်စွမ်းရှိပါ။ ကျွန်မ အနေနှင့် နောက်မှ သိရသည် မှာ ဗိုလ်မှူးကြီးသည် ကွင်းမေရီမိဖုရားကြီး ၏ တူဖြစ်၍ အိမ်ရှေ့စံ ၀င်ဆာမြို့စားကြီးနှင့် အမဲ လိုက်ဖက် ဖြစ်ကြောင်း၊ အီသီယိုးပီးယား နိုင်ငံတွင် ဗိုလ်ချုပ်ဝင်းဂိတ် နှင့် တိုက်ဖော်တိုက်ဖက်၊ အရှေ့ အလယ်ပိုင်း စစ်ပွဲ၌ ထင်ရှားစွာ မှတ်တမ်းတင် ခံရသူ တစ်ဦး ဖြစ်ကြောင်း သိရပါသည်။

''မြို့ထဲတွင် ကျန်ရစ်နေခဲ့ကြသော လူ လက်တစ်ဆုပ်စာအတွက် အချိန်များများစားစား မကျန်တော့ ကြောင်း၊ စနက်တံနှင့် ယမ်းအိုးတို့တွေ့ဆုံတော့မည်ဖြစ်ကြောင်း၊ လူ့လူများ၏ ဖောက်ခွဲရေးလုပ်ငန်းများ ပြီးစီးသည်နှင့်သူတို့လူစုမြို့မှ ဆုတ်ခွာတော့မည်ဖြစ်ကြောင်း၊ ကျွန်မကို သူတို့နှင့်အတူ လိုက်လိမ့်မည်ဟု မျှော်လင့်ကြောင်း''ပြောပါသည်။
သူ၏အမိန့်ကို လူအများက လိုက်နာကြသလို သူကကျွန်မကို မေတ္တာရပ်ခံခြင်းထက် အမိန့်ပေးသလို ပြောဆို နေခြင်းဖြစ်ပါသည်။
ကျွန်မက''အချိန်နည်းနည်းရနေသေးခိုက် ကျွန်မ၏ လူနာများကို စောင့်ရှောက်ခွင့်ပေးရန်၊ အခက်အခဲ ဖြစ်ပါလျှင် အခြေအနေကို ပြန်လည်သုံးသပ်ကြရန်'' ပြောပြပါသည်။ ကျွန်မကို သူရဲကောင်း သို့မဟုတ် ဂြိုလ်မွှေသူတစ်ယောက်အဖြစ် မြင်ချင်ရာ မြင်ပါစေတော့၊ ကျွန်မ၏ ခံယူချက်ကို လမ်းပြောင်းသွားနိုင် သောစွမ်းအင် မရှိတော့သဖြင့် အတိုက်အခံ ပြောနေရခြင်းဖြစ်ပါသည်။
ဗိုလ်မှူးကြီး ဘရော့ကယ်လ်ဟပ်(စ်)က ခေါင်းကို ဆတ်ခနဲ ညိတ်လိုက်ပြီး ကျွန်မ၏ တင်ပြချက်ကို ကန့်ကွက် စရာမရှိသေးသော ဟန်ဖြင့်''သူ့လူခြောက်ဦးကို ဆေးရုံတွင် ကူညီလုပ်ကိုင်ပေးရန် အခြေအနေ ပေးလျှင် စေလွှတ်မည် ဖြစ်ကြောင်း'' ပြောပါသည်။
တပ်ကြပ်ကြီးတစ်ယောက်အပါအ၀င် သူ့လူခြောက်ယောက် ထိုနေ့တွင်ပင် ရောက်လာကြပါသည်။ သူတို့ သည် မည်သည့် တာဝန်မဆို လုပ်ဆောင်ရန် ကျွန်မ၏ညွှန်ကြားချက်များကို တစ်သဝေမတိမ်း လိုက်နာ ဆောင်ရွက် ဖို့ ရောက်ရှိလာကြခြင်းဖြစ်ကြောင်း သိရှိရပါသည်။
၎င်းတို့သည် ဂျပန်စစ်သားများနှင့် တန်းတူရည်တူ တိုက်ခိုက်နိုင်ရန် စစ်ရေးလေ့ကျင့်ပြီး စစ်သားများ ဖြစ်ပါသည်။ တောတွင်းတိုက်ပွဲသင်တန်းများကိုလည်း တက်လာခဲ့ကြသည်။ တပ်ကြပ်ကြီးမှာ စစ်သား ဟောင်းကြီး တစ်ယောက်ဖြစ်ပြီး အပြင်ပန်းက ရုပ်ရည်ကြမ်းတမ်းသလောက် အတွင်းနှလုံးသားလှသူ ဖြစ်ပါသည်။ သူသည် လန်ဒန်မြို့ အရှေ့ပိုင်းသားတစ်ဦးဖြစ်၍ ရယ်စရာများကို ကောက်ကာငင်ကာ ပြောတတ် ပြီး အဆိုးနှင့် ရင်ဆိုင်နေရပါစေ အကောင်း ဘက်မှ ကြည့်တတ်သူတစ်ဦးဖြစ်ပါသည်။
ကျွန်မတို့တွင် ရှိနေသော အစားအစာများကို မထိဘဲ ကျောက်ခဲကဲ့သို့ မာသည့် ဘီစကွတ်များ၊ အမဲ သားများ စသော သူတို့၏ အစားအစာများ ကို ယူလာခဲ့ကြသည်။ ကျွန်မတို့အား စစ်ပြေးများက ပေးထားခဲ့ ကြသော ကြက်များ၊ ဘဲများကို ချက်ပြုတ်စားသောက်ရန် သူတို့ကို တိုက်တွန်းရသည်။ မူလ လက်ခံထား ခဲ့စဉ်က ယင်းသို့ ပြဿနာကို ကာကွယ်ပေးနိုင်လိမ့်မည်ဟု မေတွေးတော့ခဲ့မိပါ။
ကျွန်မက အမိန့် တစ်စုံတစ်ရာ ပေးခဲ့သော် တပ်ကြပ်ကြီး ဂျွန်၏ လူများသည် သူတို့ကို စစ်ရေးပြကွင်းထဲ၌ တပ်ကြပ်ကြီးကိုယ်တိုင် အမိန့်ပေးနေသည့်အလား လိုက်နာကြသည်။

ထို့အပြင် သူ၏ ကြူးနစ်အင်္ကျီ လက်မောင်းပေါ်၌ ရေးမှတ်ထားသော အဖြူစင်း သုံးစင်းသည် ဆေးနှင့်ပတ်သက်သော ညွှန်ကြားချက်များ၌ တန်ဖိုးလုံးဝ မရှိပါဟူ၍ သူကပြောပါသေးသည်။ ပေးသမျှ တာဝန်များကို စောဒကမတက်ဘဲ ဦးလည်မသုန် ဆောင်ရွက်ကြပါသည်။ သူတို့ကို ယခင်က တံတား များချိုးဖျက်ခိုင်းခဲ့သည့်အတိုင်း ယခုအခါ တာဝန်သစ်များကို ထမ်းဆောင်ခိုင်းရပါသည်။ သူတို့အား အညစ်အကြေးများကို သန့်ရှင်းရန်၊ အိပ်ရာများကို ပြင်ဆင်ပေးရန် တာဝန်ပေးသောအခါ ''ကျွန်တော်တို့ တစ်တွေ ဗော်လံတီယာ မလုပ်ခဲ့မိရင် ကောင်းမှာပဲဗျာ'' ဟု ရယ်စရာပြောကြပါသည်။
ကျွန်မသည် ဆေးရုံတစ်ခုလုံး ၂၄ နာရီလည်ပတ်နေစေရန် သူတို့ ခြောက်ဦးကို သုံးစုခွဲလိုက်ပြီး တစ်စုကို ၆ နာရီစီ တာဝန်ယူစေပါသည်။
မြန်မာပြည်မြေပေါ်မှ တောင်ကြီးမြို့ကို ပျောက်ကွယ်သွားစေလိုသလားမသိ။ ဂျပန်တို့သည် ဗုံးမိုး၊ စက်သေနတ်မိုးများ ရွာချစေသည် သာမက အမြောက်များနှင့်လည်း ပစ်ခတ်နေပြန်ပါသည်။ ဂျပန်တပ်များ တောင်ကြီးမြို့နှင့် ၁၂မိုင်မျှသာ ကွာသော ဟိုပုံးမြို့သို့ ရောက်နေကြပြီး အမြောက်တပ်ဖွဲ့ ကမူ တောင်ကြီးမြို့ကို အပေါ်စီးမှ မြင်နေရသော ကျောက်အငူကြီးပေါ်ဝယ် စခန်းချ၍ အမြောက်များနှင့် အဆက်မပြတ် ပစ်ခတ်နေပါသည်။
အမြောက်ကျည်ဆန်များနှင့်အတူ မကောင်းဆိုးဝါးကို တောထုတ်သလို သံပုံးများကို တီးခတ်သံများက တညံညံ ထွက်ပေါ်လာတတ်ပါသည်။ အချင်းချင်း သတိပေးသည့်သဘော ဖြစ်ပါသည်။ အမြောက်ပစ် ခတ်သံနှင့်အတူ စက်သေနတ်သံများပါ ပေါ်လာပါသည်။ ဆေးရုံသို့ ဒဏ်ရာရသူများ ရောက်လာ ကြပြန်သည်။ စစ်သားများသည် ရွံ့မုန်းစရာ ကောင်းသောတာဝန်များကို သူတို့ဘာသာ ဖြေရှင်း သွားနိုင်ကြ သည်ကို တွေ့ရ၍ အံ့သြမိပါသည်။ သူတို့သည် သင်တန်းတက်ပြီးသော ဆေးမှုထမ်း သူနာပြု များ ကဲ့သို့ ညင်သာစွာ၊ ကိုယ်ချင်းစာနာစွာ ဒဏ်ရာရသူများကို ပြုစု ကုသပေးသွားကြပါသည်။
အပျက်အစီးများ၊ မှန်ကွဲမှန်စများကို ရှင်းလင်း၍ ဘေးအပြင်ခန်းကို ဟိုယခင်ကအတိုင်းဖြစ်အောင် ဖန်တီး ပေးကြပါသည်။ အပျက်အစီးများကို ဖယ်ရှားသောအခါ အမှိုက်ပုံထဲတွင် ပိုက်ဆံကို လိုက်လံ ရှာဖွေသကဲ့သို့ ဆေးလုံးမျးကို တစ်လုံးချင်း လိုက်လံရှာဖွေကောက်ယူ ကြရပါသည်။ ပတ်တီးများ၊ ဂွမ်းများ၊ ကွီနင် ဆေးပြားများပါမကျန် ကွဲနေသော ပုလင်းများမှ ဖိတ်စဉ်သည်တို့ကို ရှာဖွေခဲ့ကြသည်။ မည်မျှပင် သေးငယ်သော ဆေးလုံးဖြစ်ပါစေ လူ့အသက်တစ်ချောင်းကို ကယ်နိုင်သည်ဟူ၍ ကျေနပ် နှစ်သိမ့် နေကြသည်။
တစ်ကြိမ်တွင် ဆေးရုံကို အမြောက်ဆန်က တိုက်ရိုက်ထိမှန်လာပါသည်။ အနီးအနားတွင် ပေါက်ကွဲသော ဗုံးဆန်ကြောင့်လည်း အဆောက်အအုံက ပျက်စီးသွားသေးသည်။ အဆောက်အအုံမှာ သစ်သားအများအပြား ပါရှိလေရာ မီးစွဲလောင်လေတော့သည်။ လူနာများ အရှင်လတ်လတ် မီးလောင်တိုက်သွင်းခံရတော့မလို ဖြစ်နေ၍ အဆောင်တစ်ခုလုံးမှ အမြန်ပြောင်းရွှေ့ပေးရသည်။ မီးဖိုထဲသို့လည်းကောင်း၊ အစားအသောက် သိုလှောင်ခန်း၌လည်းကောင်း၊ ၀ရန်တာ၌လည်းကောင်း လူနာများအတွက် အိပ်ရာများ ပြင်ဆင်ပေးရသည်။
စစ်သားများက သူတို့ ရင်ဆိုင်ရသမျှ အလုပ်များကို အသေးအဖွဲ့များပမာ လုပ်ကိုင်သွားကြသည်။ ပါးစပ် ကလည်း တစ်ခွန်းတလေမှ မကျေနပ်သံ ထွက်ပေါ်မလာခဲ့ပါ။ သူတို့သည် လူနာများကို ဗုံးခိုကျင်းထဲသို့ ရွှေ့ပြောင်းလိုက်၊ ဆေးရုံအဆောင်များ မီးစွဲနေသည်ကို ငြိမ်းသတ်လိုက်၊ လူများ လာရောက်လုယက် ယူငင် မည်ကို ရှာဖွေလိုက် စသည်ဖြင့် လူတစ်ယာက်တည်း တစ်ကြိမ်တည်း အလုပ်မျိုးစုံ လုပ်နေကြရသည်။
လောလောလတ်လတ် ဒဏ်ရာရသူများကိုလည်း ထမ်းစင်နှင့် ရွှေ့ပြောင်းပေးရသေးသည်။ သောက်သုံး ရေ များ ကို တစ်စက်မကျန် ကျိုချက်ခဲ့သော်လည်း ၀မ်းရောဂါနှင့် ၀မ်းကိုက်ရောဂါ ပိုးများကို ကာကွယ် နိုင်မည်မဟုတ်ကြောင်း ကြိုတင်သိရှိခဲ့ပါသည်။ စဉ်းစား၍ မရနိုင်လောက်အောင် ကြောက်စရာကောင်းသော အခြေအနေ မျိုးနှင့် ဆေးရုံသို့ ရောက်လကြသော လူမမာများက ပိုးမွှားရာထောင်ကို ယူဆောင် လာခဲ့ ကြပါသည်။
ဆက်ရန်
.
No comments:
Post a Comment