ဒဂုန်မဂ္ဂဇင်းမှာ ရေးခဲ့သမျှ
ထိုအချိန်ကစ၍ ဒဂုန်မဂ္ဂဇင်းတွင် ကျွန်မ၏၀တ္တုများ၊ မြင်းခင်းတော်ဆောင်းပါးနှင့် အိမ်သူကညာ မှတ်စရာမှ ဇာထိုး, ပန်းထိုးအခန်းများမှာ လစဉ်, လတိုင်းပါဝင်ရေးသားပေးပို့နေရသည်။ သို့နှင့် ကိစ္စမပြီးသေးဘဲ လယ်တီ ပဏ္ဍိတဆရာ ဦးမောင်ကြီးကလည်း သူဖွင့်ထားသော ယုဝတီစက္ခုခေါ် အခဏ်းမှာ ကျမပါဝင် ရေးစေ လိုကြောင်းစာနှင့် အကြောင်းကြားပြန်ပါသည်။

သူ၏လိုလားချက်မှာ ထိုစဉ်က အမျိုးသမီး စာရေးသူများ မရှိသလောက်ဖြစ်နေသေး၍ သူရေးနေသော ဒဂုန်မဂ္ဂဇင်းမှ ယုဝတီစက္ခုအခဏ်းမှာ မန္တလေး ခင်တုတ်၊ ရန်ကုန်ခင်ဆွေ၊ သလ္လာဝတီတင့်အုန်၊ ပျဉ်းမနားစုစု စသူတို့မှာ သူတစ်ဦးတည်း စိတ်ကူးပေါက် သလို ရေးနေခြင်းဖြစ်၍ မြင်းခြံခင်ချစ်၊ မြစ်သားအကျော့၊ မော်လမြိုင်သန်းသန်းတို့မှာလည်း နောက်ပိုင်းမှ ၀င်ရောက် လာသည်။ စာပေရေးသားရာဝါသနာပါ သော ယောက်ျားကြီးတွေသာ ပေးပို့သောကျမ၏ လက်ရာကို အထူး လိုလားပါသည်ဟု အဆိုရှိပါ သည်။ ဒါကြောင့် ယုဝတီစက္ခုအခဏ်းမှာ ရတနာပုံ ထိပ်တင်လှိုင် ဟူသော အမည်နှင့်စာပေးစာယူ ဆောင်းပါးရေးပို့ခဲ့ရပြီး ပုဂံခေတ်၏ ဆံထုံး ၅၅-မျိုး အကြောင်းကို ဆံထုံးပုံစံများနှင့် အစပ်ဆိုင်ဆုံး ဖြစ်သောဆံထုံးဋီကာကိုပါ ရေးသား ခဲ့ပါသည်။
ထိုနှင့်မျှမပြီးပြန်ပါ၊ မြန်မာအဆွေကုမ္ပဏီမှ ရှေးဦးစွာရိုက်ကူးထုတ်လုပ်၍ ပြသခဲ့သော တောမြိုင်စွန်း က လွန်းအောင်ဖန်ခေါ်သော ရုပ်ရှင်ဇာတ်ကားပြပြီးနောက် လူကြိုက်များလှသော ထိုဇာတ်ကား၏ အဆက် ဥစ္စာာစောင့် ကလေးနှုင့် ကိုဘဌေးတို့ကို ထပ်မံတောင့်တနေကြပြန်သဖြင့် ဇာတ်လမ်းတခု ရေးသား ဖန်တီး ပေးရန် စာအတန်တန် ပို့ပြန်ပါသည်။
ထိုတောမြိုင်စွန်းဇာတ်ကားတွင် နာမည်ရခဲ့သော အဘိုးကြီးဦးရွှေရိုး(ကွယ်လွန်သူ ကာတွန်းဦးဘကလေး) အတွက် ရယ်စရာဇာတ်ထုတ်တခုအဖြစ် ရိုက်ရန်နောက်ထပ် လိုလားပြန်၍ ပလုပ်တုတ် တုတ်စကြာရှင်ခေါ် ဇာတ်ကား၌ကင်မရာထရိတ်ခေါ်သော ဓါတ်ပုံလှည့်စားရိုက်နည်းမျိုး အများဆုံး သုံးရမည့်အတွက် အခဏ်း များကို စိတ်ကူးရေးသားပေးပို့ရန်စာ ရောက်လာပြန်ပါသည်။

ကျွန်မလည်း စိတ်ကူးယဉ်ယဉ်နှင့် လက်ထဲတွေ့သလောက် အလျင်အမြန်ပင်ေ၇းသားပေးလိုက် သည်။ ၎င်းတောမြိုင်စွန်းအဆက် ဇာတ်ကား၏ဇာတ်လမ်းကို ၀တ္တုကဲ့သို့ ဖတ်ကောင်းဘို့မရေးဘဲ ဇာတ်ကား ရိုက်ဘို့ အကွက်ချ ရေးရသည်ကိုဇာတ်ညွှန်းရေးခဆို၍ ငွေသုံးရာနှင့်ရွှေဒင်္ဂါး ၃ ပြားခန့် ရှိ ရွှေတံဆိပ်တခုကို ဥာဏ်ပူဇော်ခ ပို့လိုက်ကြပါသည်။
သို့သော်တော်မြိုင်စွန်းအဆက်ကို ရုတ်တရက်ဆက်၍ မရိုက်နိုင်သေးဘဲ ကျားသစ်မယ်၊ အဘရေစ သည့် ဇာတ်ကား များကို ကြားဖေါက်ရိုက်ကူးနေစဉ် ဥစ္စာစောင့်မကလေးအဖြစ် နာမည်ရခဲ့သော ဇာတ်လိုက် မင်းသမီး မမြညွှန့်နှင့်ရိုက်ရန် အကြောင်းမညီညွှတ်၍ ဆိုင်းရပြန်သည်။ ထိုမှတဖန် မှိုင်းဝေေ၀ဇာတ်ကားကို မဲပြီးရိုက် နေချိန်လည်းဖြစ်ရာ နောက်ဆုံး၌ ဇာတ်လိုက်မင်သမီး မခင်သစ် လည်း အိမ်ထောင်ကျသွား၍ ဇာတ်ကား မရိုက်တော့ဘဲ ရှိခဲ့ရာထိုဇာတ်လမ်းမှာ နောက်၆ နှစ်ခန့်ကြာမှ ဇာတ်လိုက်မင်းသား မောင်မောင် ကလေးနှင့် ခင်ခင်အေးတို့ ခေါင်းဆောင်ပြု၍ စိမ်းရောင်စိုဟူသော အမည်နှင့် ဇာတ်ထုပ်တခု ရိုက်ထုတ် အသုံး ပြုလိုက် ကြသည်ကို တွေ့ရပါသည်။
သို့သော်ဦးရွှေရိုး၏ရိုက်ကွက်ရယ်စရာကင်မရာ လှည်းစားခန်းများကို တကဲ့ဇာတ်ကားကောင်းကြီး တစ်ခု ဖြစ်သော မြတဘက်ဇာတ်ကား၌ ပြောင်းလဲထည့်သုံးထားသည်။ ဆင်ပျံနှင့်ကောင်းကင် တက်ခန်းများ၊ နတ်ဘီလူး ၏ကိုယ်လုံး အသေးဆုံးမှအကြီးဆုံး ကူးပြာင်းခန်းများနှင့် အချို့မမှတ်မိ တော့ပါ၊ နောက်ပိုင်း မှာတော့ လူကိုကြီးအောင်သော်၎င်း၊ အလွန်ငယ်အောင်သော်၎င်း၊ လှည့်စား ကွက်များသည် ဆန်းပြား အံ့သြ စရာ မဟုတ်တော့ပဲ အပေါစား လှည့်ကွက်များ ဖြစ်လာပါသည်။
မြတဘက် ဇာတ်ကားမှာ ရှေးပုံပြင်ဇာတ်လမ်းဖြစ်သော်လည်း ဓါတ်ပုံလှည့် စားကွက် အမျိုးမျိုးနှင့် အသိုင်း အ၀ိုင်း ပြုထားသောကြောင့် ပရိသတ်က စွဲလန်း နှစ်သက် ကြသည်။ ထိုခေတ်က သူ, မတူအောင် ခမ်းနား ဆန်းပြားသော ဇာတ်ကားဟူ၍လည်း ကောင်းချီးပေးခံရသည်။ ထို့ကြောင့် ဒုတိယအကြိမ်လည်း ၎င်း ဇာတ်ကား မျိုးကိုသာ ရိုက်ထုတ်ရန်ရည်ရွယ်လျက် ဒဂုန်မဂ္ဂဇင်းမှာ ထည့်ရန် ပေးပို့ ထားသော "တမြေစံ" ခေါ်ကျမ၏ ၀တ္တုကို "မြအေးယဉ်"ဟု အမည်ပေးပြီး အရေးတကြီး ရိုက်ကူးကြပါသည်။ ဇာတ်ထုပ် ရိုက်ကူး တော့မည်ဆိုလျှင်ပင် မင်းသားမောင်မောင်စိုးနှင့် မင်းသမီး တို့၏ စတေလ်ခေါ်ပုံသေဓာတ်ပုံများ၊ ဇာတ်ကွက်နှင့် ဆိုင်ရာအခန်းများကို ရုက်ကူးလျက်မဂ္ဂဇင်းမှာ ကြော်ငြာပါသည်။ ထိုကြော်ငြာများနှင့်အတူ မြအေးယဉ် ဇာတ်ကား၏ ဇာတ်လမ်းမှာ ဒဂုန်ခင်ခင်လေးရေးသော ၀တ္ထုဇာတ်လမ်းဖြစ်ကြောင်း ကျေညာ လိုက်ပါသည်။
ဒဂုန်ခင်ခင်လေးဆိုသည်မှာ ပရိတ်သတ်ကမည်သူမှန်းလည်း မသိကြသေးဘဲ ရှိပါသည်။ ယောက်ျားကြီး များကလည်း အမျိုးသမီးအမည်ကလောင်နာမည်ယူ၍ ရေးနေကြသည်။ အထူးသ ဖြင့်လယ်တီပဏ္ဍီတ ဦးမောင်ကြီး၏ ယုဝတီစက္ခုအခန်းမှ မန္တလေးခင်တုတ်လို အမည်လွှဲများကို အကြောင်းပြု၍ မိန်းမ အမည် ပါလျှင် ဦးမောင်ဟုသာစွပ်စွဲကြသည်။ အချို့ကလည်း ဘုန်းတော်ကြီး တစ်ပါးဖြစ်ရမည်ဆိုသည်။ ထိုအခါက စာပေ ကဗျာ ရေးသားပေးပို့သော ၀ါသနာရှင်အချို့မှာ အမျိုးသမီးနာမည်ခံထားသည့် ဘုန်းတော်ကြီး များနှင့် ဘုန်းကြီးလူထွက်များသာ အများအပြားရေး လေ့ရှိပါသည်။
တကြိမ်မှာလည်း ဒဂုန်မဂ္ဂဇင်းကဗျာခန်း၌ ကဗျာရှင် အများအပြား ၀င်ရောက်ရေးသား နေကြရာမှ ရှင်သန်းမေ အမည်ခံ ကဗျာရှင်၏ ကဗျာများသည် ကြွကြွရွရွ သွက်သွက် လက်လက် ရှိ၍ လူကြိုက် များနေ သည်။ သူ့ကဗျာတွေနာမည်ရသွားချိန်၌ အခြား ကဗျာရှင် ယောကျာ်းကြီး နှစ်ဦးက ချိတ်တိတ်တိတ် ရိပ် တိတ်တိတ် နောက်ပို့ခန်း ဖွင့်သောကဗျာများ ပါလာလေသည်။ ထိုကဗျာရှင်တို့မှာ တဦးက ကျော်စွာ၊ တဦးက ကျော်စွာ၊ တဦးကနင်းပြားဆိုသူတို့ ဖြစ်ကြပါသည်။ ဤတွင် အတွင်းသိ ကဗျာရှင် တဦးဖြစ်သူ ဦးဇေယျဟာ လက်မနေနိုင် ၍ ၀င်ကလိလိုက်သည်ကို အမှတ်ရမိပါသည်။
တုံချပ် တုံချပ်နှင့် ဘုံပတ်ဆော်က ဒဂုန်ဇာတ်တော်မှာ နွှဲရှာကြ...အစချီသော ကဗျာနှင့်နောက်ပိုး ကဗျာ ရှင်နှစ်ဦးကို ချလိုက်သည်။ သူတို့သည်ရှင်သန်းမေကို တကယ်မိန်းမမှတ်သည် သျှင်သန်းမေ ဆိုလျှင်တော့ ၀ိဝါဒ ရှိချင်ရှိလေဦးမည်။ ရကောက်နှင့်ရှင့်မှာတော့ တကဲ့ မိန်းမ အစစ်ပင် ဖြစ်ရမည်ဟု တထစ်ချ ယူဆလိုက် ဟန်တူပါသည်။ တဖန်အစေခံရဖန်များလာသောအခါ ရှင်သန်းမေ ကဗျာရှင် မှာ မခံချင်စိတ် ဖြစ်လာသော ကြောင့်လားမသိ၊ ကဗျာတခုနှင့်ဖိ၍ ထောင်းလိုက်သည်ကို တွေ့ရသည်။ ထိုကဗျာ၏ အဆုံး၌ အရေးကြီးသော အချက်နှင့်နှက်လိုက်သည်မှာတော့ အောက်ပါအတိုင်းဖြစ်ပါ သည်။

သရည်စာကျော်စွာစားရန်ဘို့၊ အနှီဟာပေါ်ကာသွားတဲ့အောင်။ ထမီသာတော်ရာထားလိုက်ရင် ပြားယောင်နှင့် လုံး။ ဟုသူ့ဘ၀မှန်ကိုထုတ်ဖေါ်လိုက်သဖြင့် မီးနှင့်ရေသတ်သလို ငြိမ်ဝပ်ပိပြား သွားကြ ပါတော့သည်။ ထိုစဉ်က ရှင်မေသန်းမှာ ရဟန်းတော်ဖြစ်သည်၊ နောက်ပိုင်းမှာတော့ သျှင်မေသန်းဟု အမည်ကို ပြောင်း၍ ကဗျာရေးရင်းပင် လူဝတ်လဲကာစာပေလောကသို့ ၀င်ရောက်လာပါသည်။
ယင်းသို့သော် အထောက်အထားများကြောင့် ဒဂုန်ခင်ခင်လေးရေးသော စာများကိုကဏ္ဍအမျိုးမျိုး နှင့်ဖတ်ကြဖန် များ၍ မေးမြန်းကြသည်။ အချို့က ဒဂုန်ခင်ခင်လေးဆိုသူမှာ နှုတ်ခမ်းမွေး ရေးရေးနှင့် ကတုံးပြောင်ကြီး ဟု ၎င်း၊ ဘုန်းကြီး တပါးက မိန်းကလေး နာမည်ကို ကလောင်အမည်ခံ ယူ၍ ရေးနေ သူဖြစ်ကြောင်း သာ ဆုံးဖြတ်မှုပြုပါသည်။ ကျွန်မကိုယ်တိုင် ကလည်း စာဖတ်ပရိသတ် ကို အသိ မပေးခဲ့ပါ။ ယခုခေတ် ကဲ့သို့ ဓါတ်ပုံများ ထည့်ပြရခြင်းကိုလည်း ပတ်ဝန်းကျင်ကြောင့် အပြစ် တခုခု ကျုးလွန်လိုက် ရတော့ မလိုရှက်ရွံ့ခြင်း၊ ကြောက်လန့် စိုးရိမ်ခြင်း ကြီးလှသည်။ သို့ကြောင့် ဒဂုန် မဂ္ဂဇင်းနှင့် ဆိုင်ရာ တို့ကလည်း အထူး သက်ညှာစွာ ဖုံးဖိ လျှို့ဝှက် ပေးထားပါသည်။
သို့လျှင် စာရေးသူကို မသိမမြင်စေရဘဲကလောင်အမည်နှင့်သာ စာဖတ်ပရိတ်သတ် ကို ရင်ဆိုင် တွေ့ဆုံလျက် ရှိခဲ့သော်လည်း ကြာတော့ မန္တလေးမှ နီးစပ်သူ စာဖတ် ပရိတ်သတ် အချို့ကတော့ ဘယ်သူ ဖြစ်ကြောင်း သိကြပါပြီ။ သူတို့မှတဖတ်တဆင့် စကားကြောင့်လည်း အပြင်လူတွေပါ ကြားသိ ကုန်ကြ ပါသည်။ သို့ကြောင့်ဒဂုန်းခင်ခင်လေးဆိုသူမှာ နှုတ်ခမ်းမွေးနှင့် ကတုံးပြောင်လူကြီး တစ်ယောက်လည်း မဟုတ်၊ ရွှေမျက်မှန်နှင့် ဘုန်းတော်ကြီးတပါးလည်း မဟုတ်ကြောင်း ပြဿနာရှင်း သွားကြပါသည်။
ထိုအချိန်အထိ ကျမအသက်မှာ ၁၈-နှစ်ခန့်ရှိလာပါပြီ ၄-၅နှစ်ကာလအတွင်းမှာ မိခင်၏အတွင်း ပစ္စည်း များလည် ထုခွဲရလွန်း၍ ကုန်သလောက်ရှိလာသည်။ အသေးအဖွဲ့ အကျွင်းအကျန်ကလေး များမှာလည်း အရေးတကြီး အသုံးလိုသောအခါ ရောင်းချနေလျှင် အချိန်ကြာမည်စိုး၍ မတန်တဆ နှင့် ခေတ္တခဏ အပေါင် သဘောထား ပေးထားပြီး ငွေများ ယူသုံးလေ့ရှိပါသည်။ ရင်းနှီးသူ သားချင်း ဖြစ်၍ ထုတ်ယူ ရောင်းချပေး လိုက်လျှင် အပိုသုံးရန် ကျန်ရှိဦးမည်ထင်၍ ရောင်းလိုသော အခါ ခေတ္တ ရောင်းရန် ပြသဘို့ တောင်းသည် ကိုပင် မယုံသင်္ကာ ဖြစ်ခါ ပြန်မပေးတော့ဘဲ အချိန် ဆွဲထားလျက် အတိုး တက်နေပြီဖြစ်၍ တန်ဘိုး ပြည့်နေပြီ ဆိုကာ အပိုင်စီးခြင်း ခံရပါသည်။
ကိုယ်ပိုင်အိမ်ကြီးရာကြီးနှင့် နေရသော်လည်း မေမေမှအစိုးရ ထောက်ပံ့ကြေး ပင်စင်ရနေသည်မှ တပါး အတွင်း ပစ္စည်း ကတစ တစ်ကုန်ခန်းလာသောအခါ ရွှေကျောင်းပြောင်ပြောင် ဆွမ်းခေါင်ခေါင် ဆိုသော ကိန်းမျိုးသို့ ဆိုက်ရောက် နေပါသည်။ သည့်အခါကျတော့ ဝေဘန်ရှုတ်ချခြင်း၊ အမနာပ ပြောဆိုခြင်း ကလည်း အင်အားပြန်ကောင်းလာပါသည်။ အိမ်သို့တစ်ခါတစ်ရံရောက်လာသော မေမေ၏ ဆွေမျိုးသားချင်း များနှင့် ယခင်က ရင်းနှီးခဲ့သူ မိတ်ဆွေသင်္ဂဟအချို့သည် ကြည်တော် ဆက်မဂ္ဂဇင်းအမှတ် ၁-ကို ငါးထောင် ပိုရိုက်မိ၍ ရောင်းမကုန်၊ ကျန်ရှိသော စာအုပ်ပုံကြီး ကို ကြည့်ကာ မဲ့ရွဲ့ကြပါသည်။ ဒါတွေကို ရိုက်ပြီး မရောင်းရတော့ ပိုက်ဆံတွေ သိပ်ကုန်သွားသည်ဟု ရိုးစွပ်ကြ သည်။ စင်စစ်စာအုပ်ငါးထောင်၏ တန်ဘိုးမှာ ငွေသုံးရာ လေးရာနီးပါးသာ ရှိပါသည်။
သမီးကို အလိုလိုက်ပြီး စာအုပ်တွေရိုက်ရောင်းစေသောကြောင့် ရှိပစ္စည်းများ မွဲသွားပြီဆိုသော သတင်းကို မေမေ၏ ရင်းချာသော သွေးသားများက အားရပါးရပြောကြခြင်းကို ခံရပါသည်။ ကျမ အပေါ်၌ မူလကပင် မလိုလားသော စိတ်ရင်းစေတနာအရ စာပေလေးစားသူများက ချီးကျုးသမှုပြု လာသည်ကို အလွန်အမင်း မလိုလား ခြင်းကြောင့် မိခင်၏ပစ္စည်းများဖြုန်းတီးပစ်သည်ဆိုသော အမည်ဆိုးကိုလူသိအောင် ကြိုးစား ၀ါဒဖြန့် ပေးကြပါသည်။
တခါတရံလည်း ကျမရေးသောစာအမျိုးအမည်ကို ဖတ်မကြည့်ဘဲနှင့် ဒါတွေဟာသူ့အစွမ်းအစနှင့် ရေးခြင်း မဟုတ်ပါ၊ ဘိုးဘေးဆီမှတောင်းယူရရှိသော ရှေးကစာတွေကို ကူးယူ ရေးသားနေသည်ဟု ဆိုပါသေးသည်။ သို့သော်ကျမရေးသော ၀တ္တုဆောင်းပါးများကို ဘိုးဘိုးဝက်မစွတ်မြို့စား မင်းကြီးအား တကြိမ်တခါမျှမပြ၀ံ့ပါ၊ အိမ်သို့ မပြတ် မပြတ်ကြွရောက်လာသည့်တိုင်အောင် သည်ခေတ်ပေါ် ၀တ္တုစာမူတခုကို ပြမိပါသည်။ ဖတ်ရန်ပြသ မိသည်မှာလည်း ထိုဝတ္တု စာမူမှာ ထီးနန်း အတွင်းက အနေအထိုင် အသုံးမနှုန်းများနှင့် စာစီကုံးရာ ၌ အလင်္ကာဂုဏ်မြောက်ရန်၊ ရှေးပညာ ရှိတို့ရေးဟန်ရေးနည်းမှုတို့နှင့် ကိုယ်ပိုင်စိတ်ကူးအရ ဇာတ်လမ်း ဇတ်အိမ် ဖွဲ့ထားရာ ရသဂုဏ်ပါ မပါအကဲဖြတ် ဝေဖန်ပေးစေ လိုသောကြောင့်သာ ပြသ မိခြင်း ဖြစ်ပါသည်။
ထိုဝတ္တု၏ အမည်မှာ မြိုင်ယံဘွားဖြစ်ပါသည်၊ စာမူကိုကြည့်နေစဉ် ရင်တဒိတ်ဒိတ် ခုန်နေပါသည်၊ ဖတ်ပြီးသော အခါ ပြုံးပါသည်၊ ထိုအခါသာ၍ စိတ်လှုပ်ရှားမိပါသည်၊ လူမိုက်တရာ မဲ့ရွဲ့ကဲ့ရဲ့ပါလည်း ဂရုစိုက်စရာ မဟုတ်၊ ပညာရှိကြီး တဦး၏ ပြုံး၍ကြည့်လိုက်ခြင်းမှာ အပြစ်တင်ရန် ရယ်ဘွယ်ရာ တခုကဲ့သို့ ဖြစ်များ နေလေရော့ သလားဟုကြောက်လန့်တကြား ရှိနေစဉ် ငါ့မြေးအင်မတန် စာအရေးအသား တော်နေ ပါကလား၊ သည်အထဲက တချို့ ပေါရာဏစကား အသုံးအနှုန်း များမှ စကားလုံးပြောင်ပါပေရဲ့ ဟု အမိန့်ရှိလိုက် မှ ရင်ထဲက အလုံးကြီးကျသွားပါသည်။
ထိုဝတ္တုမှာ အရေးအသား၌ ပညာရှိသူတို့က လင်္ကာဂုဏ် ရသဂုဏ် မြောက်သည်ဟု ဆိုထားသည့် ပြင် ဇာတ်လမ်းများ အားဖြင့်လည်း နန်းတွင်းယဉ်ကျေးမှုနှင့် တောတွင်းလူရိုင်း တဦးအား ရောမွှေထားခြင်း ကြောင့် ဇာတ်ကွက် ဇတ်လမ်းပြည့်ဝ မြိုင်ဆိုင်သဖြင့် မြိုင်ယံဘွား ဇာတ်ကားကို နောင်သောအခါ၌ အေ၀မ်းရုပ်ရှင် ကုမ္ပဏီက ရုပ်ရှင်ဇာတ်ကား ရိုက်ကူးပြုကြပါသေးသည်။
သို့သော် ကောင်းသည်ကို ပြောလိုခြင်းထက်မကောင်းသည်ကို ပြောရခြင်းကပို၍မြိန်ရေယှက်ရေ ရှိတတ်သော လူတို့ဓမ္မတာ အတိုင်း ဆိုပေမဲ့ မေမေ၏ သွေးချင်းများမှာ ကျမအပေါ်၌ ပိုပိုသာသာ အလေးတင်း ထားသူများ ဖြစ်သောကြောင့် ဦးတကဲသာ ဒေါ်တကဲသာ များဟု စိတ် ထဲက စွဲမှတ်ထား ရုံမှတပါး ဟု ပြန်စကားချေပခြင်း မပြုခဲ့တော့ပါ။
နူရာဝဲစွဲလဲရာသူခိုးထောင်းဆိုသော စကားဥပမာကဲ့ သို့မျက်နှာကြီး၍ (ချွေနိုင်လျှင်) (ရွှေ) ကြသော ထုံးစံ အတိုင်း အမြှောက်အပင့်အသိုင်းအ၀ိုင်း ခံရဘူး လျှင် မပေးမကမ်းနိုင်သော အခြေဆိုက် သည့်နှင့် တစ်ပြိုင်နက် မျက်နှာငယ်ဘ၀ရောက်ခဲ့ရသည်မှာ လက်တွေ့ကိုယ်တွေ့ဖြစ်၍ ဟ-ဟ မခေါ်ချင်သူများ၊ မထီးမဲ့မြင်ပြုသူများ၊ နောက်ပိုင်းမှမြင်တွေ့ ကြရသော အိမ်နီးချင်းလူသစ်များ၏ ထိပါးပုတ်ခတ်၍ (မင်းမျိုး စိုးမျိုးလဲ ဆိုသေး၊ ဘာမှလဲမရှိဘူး) စသောမေးငေါ့မှုများခံရသည်မှာ ရှေးသွားသီချင်းခံကြီး ရွတ်ဆို ပြသည့် ပမာ ရိုးနေပါတော့သည်။
ရုပ်ရှင်ဇာတ်ညွှန်းများ
ကျမသည် မန္တလေးမြို့တွင် ၅-နှစ် ၆-နှစ်နေထိုင်မိသောအခါ ငယ်ငယ်က နှစ်စဉ်ခေတ္တခဏလာဘူး တိုင်း ကြုံတွေ့ ရသည့်သမ္ပတ္တိ ခေတ်နှင့်ယခုလက်တွေ့ဝိပတ္တိခေတ်ကို ယှဉ်ကြည့်မိပါသည်၊ ထိုခေတ်က မန္တလေးသည် ရှေးနန်းတွင်းအဆက် အနွယ်တွေကြောင့် ယဉ်ကျေးသော ကိုယ်အမူအရာ နှုတ်အမူအရာ တွေဖြင့် တမြို့လုံးဖုံးလွှမ်းလျက်ရှိလေသည်၊ အောက်ပြည် အောက်ရွာမှအစိုးရအရာရှိသူ မျက်နှာရှိသူဆိုပြီး သူ့ထက်ငါ ၀င်ထွက်ဆက်ဆံ ပေါင်းသင်းတတ်ကြ သည်။
သူတို့၌နဂိုရ်ပါလာပြီးဖြစ်သော မိမွေးတိုင်းဖမွေးတိုင်း မှည့်ခေါ်ထားသည့်နာမည်များ ရှေးမှ မောင်မောင် တို့ ခင်ခင်တို့ ထပ်၍ တပ်ခေါ်ပေးကြသည်၊ သည်ကဘုရားမှဘုရားပါ ဘုရားဆိုသော လောကွပ်တွေ ဘုရားထူး ဒူးတုပ်တွေနှင့် လုပ်လိုက်သောအခါ မူလကရိုးရိုးသားသားအရာရှိ ခမြာ များမှာ မူလက ရိုးရိုးသားသား အရာရှိခမြာများမှာ သာယာမှုတွေဖြစ်လာတတ်သည်၊ ဘုရားထူးပြော မှကြိုက်လာသည်၊ ခင်ခင် မောင်မောင်ခေါ်မှ ကြိုက်လာသည်၊ ခင်ခင်မောင်မောင်ခေါ်မှ ကြိုလာသည်၊ သူတို့ကို မြှောက်ပေါင်း နေမှန်းမသိ အောက်ခြေလွတ်လွတ်သွားတတ်သည်၊ အောက်ခြေလွတ်အားကြီး လာသောအခါ အပြင်အပက လူများအမြင် တွင် ရူးကြောင်ကြောင်ပေါ တောကြီးထင်လာပြီးပြုံးတတ်ကြသည်၊ ဒါကိုသူတို့မသိရှာပါ၊ ၎င်းပြင် ထိုခေတ်က မောင်ကြီးနှမ ကျားကိုက်ပါစေရဲ့ အရင်းတိုင်း နှင့် ရောင်းပါသည်ဟု ဆိုသဖြင့် ဒါလောက် ကျိန်ပြောရင် ဈေးသက်သာ မှာဘဲဆိုပြီး ၀ယ်ခဲ့ရာ နောက်ပိုင်း ပြုံးကျန်ရစ်သည်ကို လှည့်ကြည့် မိလျှင် ကျုံးထဲ ဆင်းသေချင် မလား မသိရပါ။
ကျမကိုယ်တိုင် မန္တလေး အဆက်အနွယ်ဖြစ်နေရာ ဒါတွေသိနေပါသည်၊ သူတို့မြှောက်ပင့်ထားသူများက မင်းစိတ် စိုးစိတ် ၀င်လာပြီး နန်းတွင်းသူနန်းတွင်းသားကြီးတွေ လိုအထင်ရောက်၍ ခြေထောက်နှင့် မြေကြီး ကွာလာမှန်း သိသောခါ အတောင်းအရမ်းအချေးအငှား တွေထူ လာတတ်ပါသည်။ မြှောက်ပင့်ပြီး အရူး လုပ်နည်း မှာလည်း အမျိုးမျိုးရှိပါ၏ အချို့မှာဘုရားထူး ဒူးထောက်၍ မောင်မောင်ခင်ခင်စသော အသုံးအနှုန်း နှင့် မြောက်၍ မြောက်သွားသည်။ အချို့မှာ ကြိုက်တတ်သော စရိုက်အမျိုးမျိုးကို စောင့်ကြည့်ပြီး ကျင်လည်စွာ ကျုံးသွင်း၍ လုပ်သမျှဘာဘဲ လုပ်လုပ်ကောင်း လှပါသည်ဆိုသော ပိပိယိယိ မြှောက်လုံးမျိုး နှင့်စပြီးမှ ရှေ့လိုရာခြေလမ်းများကို ဆက်နင်းတတ်ကြသည်။ မန်းမြေမှ မြှောက်၊ မြူ ၊ မြိုက် ဆိုသော မ ခြောက်လုံးမှာ အတော်နာမည်ကြီး ခဲ့ဘူးပါသည်။
မိမိကိုယ်ကိုလယ်လှပြီဟု ယူတထားသူများပင် ထိမှန်းမသိအထိခံလိုက်ကြရသည်။ ကျမတို့ကဲ့သို့ ဇာတိ နွယ်ချင်း ပင်လျှင် ပစ္စည်းရှိလျှင်တမျိုး၊ မရှိလျှင်တဖုံ၊ ဆုံစည်းတွေ့ကြုံခဲ့ရာ ဓာတ်ယာယီမသိ ရှာသော မျက်နှာစိမ်းများအဘို့တော့ ရုတ်တရက်ရိပ်စားမိရန် ခဲယဉ်းလှပါတော့သည်၊ စားပေါက် စားလမ်း အခွင့်အရေး တည်းဟူသော အညှီအဟောက်ကလေး ရှိရာတွင်တအုံးအုံး တရုံးရုံး ယင်တွေ အုံလာသကဲ့သို့ တကြိမ်မှာလည်း ဂျမားသူဌေးကြီး၏ ပဲဖြူကလေးအ၀ယ်တော် ကိုယ်စားလှယ် တဦး၏ အိမ်မှာစကြာမင်းနှင့် ဘိုးဘိုးအောင် ရောက်နေသည့်အလား ပြားပန်းခပ်မျှဝိုင်းအုံခစား လိုက်ကြသည်မှာ ပဲဖြူကလေးဈေးကျ၍ အရှုံးပေါ်ပြီး ငုတ်လျှိုးသွားရတော့မှာဘဲ လူစဲပြီး ကိစ္စအေးရ ပါတော့သည်။
ဆိုခဲ့ပြီးသော ပတ်ဝန်းကျင်မျိုးမှာ ကျမတဦးတည်းတလူးလွန့်လွန့်နေရင်း စာရေးခြင်းကိစ္စနှင့် အချုပ်အလုပ် ပါ နှစ်ဘက်နှစ်လမ်း မှ ငွေဝင်ရအောင် ရှာလျက် ကိုယ်တွက် ကိုယ်တာ သုံးစွဲ၍ မိခင်ဖြစ် သူကိုလည်း အထောက် အကူ ပြုခြင်း ထိုမှပိုလျှင် ရွှေတိုရွှေစများပင် ၀ယ်ခြမ်း ၀တ်ခြင်းပြုနိုင်ပါသည်။ သို့ရာတွင် အထင် သေးချင်သော သူတို့ အစွဲအလန်း အယူအဆကြောင့် ၀တ်ဆင်ထားသော ခြေကျင်း လက်ကောက် စသည်များကို တကူးတကန့် လာရောက် ကိုင်တွယ်ကြည့်ကာ ဒါရွှေအစစ် တွေလားဟူသော အမေးမျိုး ကိုလည်း ခံခဲ့ရဘူး ပါသည်။
ထိုသို့သော အချိန်အတောအတွင်းမှာ ကျမရေးသားပေးသည့် တမြေစံဝတ္တုကို ရုပ်ရှင်ဇာတ်ကား အဖြစ် ရိုက်ကူးလိုက်သော မြအေးယဉ် ဇာတ်ကားမှာ ရန်ကုန်မြို့၌ရုံတင်ပြသတော့မည့် အချိန်တွင် ဇာတ်ကား လည်းကြည့်ရန် ရန်ကုန်မြို့သို့အလည်အပတ် ဘုရားဖူးရင်း လာကြရန် ကွယ်လွန်သူ မြန်မာအဆွေ သူဌေးကြီး ဦးဘညွှန့်သူဌေးကတော်ဒေါ်ငြိမ်းရှင်တို့က စာအတန်တန် ရေး၍ ဘိတ်ခေါ်နေသဖြင့်၊ ကျမတို့ သားအမိ သုံးဦး သည် ရန်ကုန်မြို့ သို့ အလည် လာခဲ့ကြပါသည်။ ထိုအခါက မီးရထား ပဌမတန်း သီးသန့် တွဲ အသွားအပြန် နှင့်တကွ ကုန်ကျခံ၍ မြန်မာအဆွေတိုက်၏ သုံးထပ်ပေါ်တွင် သူဌေးကြီး မိသားစုများ က ဖေါ်ရွေ ခင်မင်စွာ ပြုစု ဧည့်ခံလိုက်ကြပါသည်။
ထိုအချိန်၌ ရန်ကုန်မြို့ရှိ ကမ်းနားရုံးသစ်ကြီးမှာ အုဋ္ဌ်မြစ်ချပြီးစဖြစ်၍ ယခုမြို့တော် ခန်းမခေါ် တောင်း ဟောလ်ကြီး နေရာမှာ မြေယာကွက်လပ်ကြီးအဖြစ်ရှိသဖြင့်၊ ဦးဘိုးစိန်ဇာတ်အဖွဲ့မှ သူပိုင်ရွက်ထည် ရုံကြီးနှင့် မကြာခဏကပြလျက်ရှိပါသည်။ မြအေးယဉ်ဇာတ်ကားမှာ ပန်းဆိုးတန်းထိပ်ရှိ အော်လံပီယာရုံ တွင် ရုံတင် ပြသ ပါသည်။ မြန်မာအဆွေသူဌေးနှင့် သူဌေးကတော်ကြီးတို့က သူတို့သ္မီးဖြစ်သူ ဒေါ်ခင်ခင်နှင့် ကျမကို အမျိုးသ္မီးဒါရိုက်တာလုပ်၍ ဇာတ်ထုတ်တခု ရိုက်ကူးရန် ပြောဆို တိုင်ပင်ကြ ပါသည်။ ကျမ ရောက်သော အချိန်တွင် မခင်ခင်(ဒေါ်ခင်ခင်) မှာ ဦးဘကလေးနှင့် ကွဲကွာပြီးဖြစ်ပါသည်။
၎င်းအပြင် ရန်ကုန်၌ တည်းခိုနေဆဲကျမရေးသားခဲ့သော နှမလေးဆိုသည့်ဝတ္တု ကိုလည်း ရုပ်ရှင်ရိုက် ကူး တော့မည်ဖြစ်၍ ဦးညီပုနှင့်ဇာတ်လိုက်မင်းသ္မီးသစ် ခင်ခင်ထားတို့၏ ပုံသေ စတေလ်များရိုက်ကူး ပြီး ဒဂုန်မဂ္ဂဇင်း မှာ ထည့်လိုက်ပါသည်။ ဧည့်သည်အဖြစ်တည်းခိုနေစဉ်အခါ မြန်မာအဆွေ မိသား တစုတို့က ရုပ်ရှင်ဇာတ်လမ်းအကြောင်းများကို ၀ိုင်းဖွဲ့မိတိုင်းစိတ်အားထက်သန်စွာ ပြောဆိုကြ သည်က များပါသည်။
ဒေါ်ခင်ခင်က သူတို့နှင့်တကြိမ်က မန္တလေးမြို့မှာ တွေ့ဘူးသည်ဟုဆိုပါသည်။ ကျမက မမှတ်မိပါ။ တွေ့သော နေရာမှာ မန္တလေးမြို့ တွင် မြန်မာအဆွေကုမ္ပဏီ နာမည်ကြီးစက ဆိုင်ခွဲဖွင့်ထားပြီး တနှစ်တကြိမ် စာရင်းပိတ်လျှော့ဈေးများလာရောက်ပြုလုပ်လေ့ရှိသည်။ ၀ှိုက်တဝေးကုမ္ပဏီ၊ ရိုးကုမ္ပဏီ စသည် တို့ထက် လာဘ်မြင်သေ မြန်မာအဆွေသူဌေးဦးဘညွှန့်၏ အစီအစဉ်နှင့် လျှော့ဈေး၌ တကျပ်တန် ပစ္စည်း ၀ယ်သူကို တမတ်တန် ပစ္စည်း လက်ဆောင် တခုခု ၀ယ်သောငွေ၏ အချိုး က ပြန်ပေးသော စနစ်ဖြင့် တည်ထွင်ကာ၊ ဆိုင်းသံဗုံသံငြိုးငြိုးညံ၍ ကြော်ငြာစာရွက်တွေ ပလူပျံအောင် ကမ်းလှမ်းခြင်းဖြင့် လျှော့ဈေး လာဝယ်သူများ မှာ ကြိတ်ကြိတ်တိုးနေလေ့ရှိပါသည်။
ဤအချိန်က ကျမတို့သားအမိကလည်း အထည်ပစ္စည်းအဆန်းအပြားနှင့် ဖခင်အတွက် ထမင်းပန်း ကန်စုံများသွားရောက်ဝယ်ခြမ်းစဉ် ယခုဒါရိုက်တာမောင်တင်ယု၏ မိခင်ဒေါ်မြခင်နှင့် ဒေါ်ခင်ခင်တို့ ညီအမမှာ အပျိုအရွယ်များဖြစ်ကြသည်။ ကျမကသူတို့ကို ကုန်ရောင်းသူစာရေးမကလေးများဟု သာထင်၍ လိုချင်သော ပစ္စည်းများပြောပြ၀ယ်ခြမ်းခါ အပေါ်ထပ်မှ အောက်ထပ်သို့ဆင်းလာခဲ့ပါ သည်။ ထိုအခါ၌ ကျမ ဆောင်း လာသော ကျောက်စီ ရွှေထီးရိုးကြီးမှာ သူတို့ညီအမ ရပ်နေသော အထည် အလိပ် ဘီရိုနား၌ မေ့ကျန် ခဲ့၍ ဒေါ်ခင်ခင် ကိုယ်တိုင်လှေခါးရင်းအထိ လိုက်ပေးရကြောင်း ပြန်ပြောပြမှ အမှတ်ရ ပါတော့ သည်။
မဂ္ဂဇင်းဝတ္တုနှင့်ဆောင်းပါးများကို တဘက်က ရေးသားရသည်ထက်၊ ရုပ်ရှင် အတွက် ၀တ္တုဇာတ်လမ်း များ ဇာတ်ညွှန်း များကို ပို၍ရေးသားရန်တိုက်တွန်းလိုက်ကြပါသည်။ ကျမကလည်း တတ်နိုင်သမျှ ရေးသား ရပါသည်။ ထိုအချိန်က ရုပ်ရှင်ဇာတ်ကားများမှာ အသံထွက် မပေါ်လာသေး၍ ဇာတ်ညွှန်း များတွင် စကား ပြောဘို့တိုင်တလ်ခေါ်သော စကားပြောကွက်များကို ဇာတ်ညွှန်းစာရွက် ၏အလယ်၌ ရေး၍ ဘေးမှ တီ ဆိုသော အင်္ဂလိပ်စာလုံး အတိုကောက်နှင့် ပြပေးရသည်။ စာတွေများနေလျှင် လည်းမရ။
တိုလွန်းလျှင်လည်း အဓိပ္ပာယ်မပြည့်စုံ၊ ပြောရမည့်စကားလုံးအတွက် ထိထိမိမိ စာသား က ပြောင်မြောက် ရသေးသည်။ တခါတခါအကွက်ဆိုက်လျှင်၊ ဒွေးချိုးကလေးစ သဖြန်ကလေး စလည်းထည့်ရေးရ၏ ညအခါ လသာသာ၌ လမင်းကိုတိုင်တည်ပြီး ရည်းစားမျှော်ခဏ်းများတွင် လည်း တေးထပ်များ၊ ဘောလယ်များ ပါရသေးသည်။ လွမ်းခဏ်းဆိုလျှင်လည်း ရှေးသီချင်းများမှ အလွမ်းပုဒ်များကို အလျဉ်းသင့်ရာ ဖြည့် ရေးပေး ရသေးသည်။ ရုပ်ရှင်ကားအဖြစ်ပြသောအခါ၊ ဒါတွေကိုတီးဝိုင်းမှ အဆိုတော်များက အံကျအောင်လိုက်၍ သီဆို တီးမှုတ် ပေးရသည်။ ကြည့်သူ များက အလွမ်းမိလျှင် မိသလောက် မျက်ရည် ပေါက်ပေါက် ကျကြရှာ ပါသည်။
သို့နှင့်မန္တလေးမြို့ တွင်ကျမ ဇာတ်လမ်းရေးသော မြအေးယဉ်ဇာတ်ကား ပြသပါတော့သည်။ ထီးနန်း သုံးနှင့် ရှေးဇာတ်ကားတွင် ရုပ်ရှင်ကင်မရာလှည့်စားခဏ်းများပါ၍ ပရိသတ်ကြိုက်ကြပါသည်။ ပရိသတ် ကြိုက်၍ ဇာတ်လမ်းရေးသူ ဒဂုန်ခင်ခင်လေးဆိုသောအမည်ကိုပါ ပဏာမစာတမ်းထိုးပြစဉ် ပါဝင်လျက် ရှိလေရာ၊ ဇာတ်ကားကြည့်သွားသူများမှတဆင့် ဈေးစကား အရပ်စကား ကာဖီဆိုင် စကားများ တွင် စကား စပ်မိသူ များက ကျမအမည်ပါ ထည့်ပြောကြမိပါလိမ့်မည်။
သည်တွင် ရုပ်ရှင်ဆိုသည်မှာ ဘာမှန်းမသိသေးသော (ကြည့်လေ့ကြည့်ထ မရှိခြင်းကို ဆိုလိုပါသည်) ရှေးကျကျ ရပ်ကွက်မှ လူကြီးတချို့က ကျမအား ရုပ်ရှင်ထဲလိုက်နေဆိုပါကလားဟု လေသံကြား နှင့်တရားနာသလို ကဲ့ရဲ့ အပြစ်ဆိုကြပြန်ပါသည်။ တချို့ကတော့ ကျမနှင့်တွေ့လိုက် လျှင် (ရုပ်ရှင်ထဲ လိုက်နေပြီဆို ဟုတ်လား)ဟု ခပ်ငေါ့ငေါ့ နှင့်မေးခြင်းခံရပါသည်။ ကျမအဘို့ကြူကြူ ချ၍ ငိုပစ်လိုက်ချင် အောင်ပင် စိတ်နှလုံးထိခိုက်သွားပါတော့သည်။
သူတို့ခေတ်က သူတို့သဘော ထားမှာ ဤအလုပ်ကိုလုပ်သော မိန်းကလေးမျိုး အား ကြေးစား ပြည့်တန်ဆာ နှင့် မတိမ်းမယိမ်း သဘောထားကြောင်း ကျမကိုယ်တိုင်သိပါသည်။ ထို့ကြောင့် ကျမသည် လှိုက်လှိုက်လှဲလှဲ ၀မ်းနည်းမိခြင်း ဖြစ်ပါသည်။ ကျမတို့၏ပတ်ဝန်းကျင်နှင့် ရှေးကျသော အယူအဆ များနှင့် မလိုသူ များ၏ဒဏ်ကိုကျမသည် အလူးအလဲခံလိုက်ရပါသည်။ ပါးစပ်ပေါက်ရှိသမျှကို ကျမက ဘယ်ပုံ ဘယ်သို့လိုက်၍ ရှင်းချက်ထုတ်ရမည်ဟု မစဉ်းစားတတ်တော့ပါ။ ဖြစ်သမျှ အကြောင်း ခေါင်းငုံ့ခံနေ ရုံမှတပါး အခြားအကြောင်းမရှိတော့ပါ။
သို့သော် ခေတ်မှီသူများနှင့် စာပေ၀ါသနာရှင်တို့ ရပ်ကွက်ကမူ ကျမ၏ အရေးအသားနှင့် ရုပ်ရှင် ဇာတ်ညွှန်း များအတွက် ချီးကျူးလျကှ်ရှိကြောင်း သတင်းကောင်းစာများ ရရှိပါသည်။ သို့ပေမင့် တဘက်မှ လည်း ဆွေမျိုး မကင်းသော တ၀င်းတည်း တခြံတည်းနေအိမ် တအိမ်မှဆွေမျိုးထည်းသို့ နောက်မှ နီးစပ် ၀င်ရောက်လာသူအချို့သည် ကျမတို့ အိမ်ဘက်သို့မသင်္ကာသောမျက်နှာနှင့် မျက်တောင်မခပ် စိုက်ကြည့် ကာ နေထိုင်စားသောက်လှုပ်ရှားသမျှကို အမြဲတမ်းလိုကဲ့ရဲ့နေရုံမက စောစောပိုင်းမှ ပတ်ဝန်းကျင် တို့၏ အဆက်အသွယ်ဖြစ်ပြီး မကောင်းသော လှုပ်ရှားမှုများဟုသာ ယူဆကာ အပြင်ဘက်သို့ ၀ါဒဖြန့် ပေးလိုက် သေးသည်။
အနုပညာမြတ်နိုးမှု ဆက်ရန်
.
1 comment:
ama yae....
feel sad to read.
But it is life. She is good .I like her .she know how to solve life problem with pain heart.
:)
We will do like this. Life is struggle and always hard,ever changed.
Anyway, thanks to you,ama.
Momiji
Post a Comment