Sunday, February 28, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆၀ အပိုင်း (၃၃)

ဖဆပလခေတ်

ယင်းသို့လျှင် ခေတ်အမျိုးမျိုးပြောင်း၍ လာရောက်နေထိုင်သူတွေသာ ပြောင်းလဲခဲ့သည်။ အိမ်ထည်း မှာတော့ လူမလျှော့ဘဲ အမြဲပြည့်လျက်ရှိနေပါသည်။ သတင်းစာလုပ်ငန်းမှာ ငွေရေးကြေးရေးလိုလာသမျှ ကျမ ဘက်က စိုက်ထုတ်ပေးနေရသည်။ စက္ကူဝယ်စရာ ငွေမပြည့်လျှင် ဖြည့်ခဲ့ရသည်။ အလုပ်တိုက် သားများ လခပေးစရာ ငွေမပြည့်လျှင်လည်း ဖြည့်ခဲ့ရသည်။ နေ့စဉ်ဝင်ငွေကို ထိန်းသိမ်းပေးရသော အလုပ်က တမျိုး၊ နေ့စဉ်အသုံးစရိတ် ပြန်လည်ထုတ်ပေးရသည်က မကြာခဏနှင့် အပိုကိစ္စတွေက ပင်ပန်း လာပြန်ပါသည်။

ထခါ,တခါလည်း အရေးတကြီးရိုက်လာသော ဓါတ်ပုံများရှိလျှင် ကျမကိုယ်တိုင် ဖလင်ဆေးခြင်း၊ ပုံကြီးချဲ့ ပေးခြင်းများကို လှေခါးအောက်ရှိဓါတ်ပုံ ဆေးကူးသော မှောင်ခန်းကလေးသည် ၀င်၍ ကူညီလုပ်ကိုင် ပေးခဲ့သည်။ ထိုစဉ်က ဗမာ့ခေတ် သတင်းစာတိုက်၌ အရေးပေါ် တနာရီအတွင်း ဓါတ်ပုံကူဆေးပေးနိုင်သူမှာ ကျမ တယောက်သာ ရှိပါသေးသည်။ နောက်ပိုင်းမှာတော့ လခနှင့် ဆရာ့ဆရာတွေ တသီကြီး ပေါ်လာ ပါတော့သည်။ ပင်ပန်းသော်လည်း လူတွေစုစုဝေးဝေးနှင့် သတင်းစာထုတ်ဝေးရေးမှာ တနေ့ထက်တနေ့ ကောင်းရာကောင်းကြောင်း တိုင်ပင်ဆွေးနွေးလုပ်ကိုင်ကြရသဖြင့် စိတ်ပျော်လက်ပျော် ဖြစ်ရပါသည်။

နိုင်ငံရေးသမားတွေ တစုတဝေး ရောလာလျှင်လည်း ပျော်ပျော်ပါးပါး စားလား, သောက်လားနှင့် ညီအကို မောင်နှမသားချင်းများပမာ တိုင်ပင်ညှိနှိုင်းပြီး ရင်းရင်းနှီးနှီး ရှိခဲ့ကြပါသေးသည်။
သူတို့တတွေမှာ အဖြူအနီအရောင်ဆိုးမှုလည်း မရှိကြသေးဘဲ၊ လက်တွေ့အခြေအနေ ပေါ်တွင် ရင်ဆိုင်ရင်း အချင်းချင်းနှီးနှော၍ သဘောကျရာ ၀ါဒကို ရှေ့မှချပြီး အဖွဲ့အစည်းပြုလုပ်ရန် ကြိးစားနေ ကြဆဲဖြစ်ပါသည်။ 1945-ခုနှစ်ကုန်ခါနီးမှစ၍ ၁၉၄၆-ခုနှင့် ၁၉၄၇-ခုနှစ်အထိ သုံးနှစ်အတွင်းသို့ ရောက်လာ သောအခါ ဗိုလ်ချုပ်အောင်ဆန်း အမှူးရှိသော ဖဆပလအဖွဲ့မှာ ပြည်လုံးကြိုက်အားပေးခြင်းခံရသော အင်အား အတောင့်ဆုံး အဖွဲ့ကြီးဖြစ်လာသည်။

ယာယီအစိုးရအဖွဲ့မှာ အင်္ဂလိပ် ဘုရင်ခံက ဦးစီးသော်လည်း ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသော်လည်း ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသော ဖဆပလအဖွဲ့ကြီးကို ခန့်ညားလေးစား နေရသည်။ အုပ်ချုပ်ရေးမှာ အရေးပါ သူတွေ အလတိုင်ပင်ခံတွေအထိ ဖ်ြစလာပြီး ယာယီဝန်ကြီးတွေလည်း ပုဂ္ဂိုလ်အသီးသီးထည်းမှ တဦးပြီး တဦး ဖြစ်လာကြသည်။ ဖဆပလဦးစီးနှင့် ဗိုလ်ချုပ်တို့မှာ ထိုစဉ်အခါက ဤမျှလောက်နှင့် ရပ်နား မနေသေးဘဲ ဗမာ့လွတ်လပ်ရေး ကိုယ်ပိုင်အုပ်ချုပ်ရေးစခန်းအထိ လက်လှမ်းခူးဆွတ်နိုင်စေရန် အမျိုးမျိုး အဘက်ဘက် မှ ကြံစည်အားထုတ်နေကြရသည်။

ကျမတို့သတင်းစာတိုက်မှာ ဤအရေးအခင်းနှင့် သတင်းအလှည့်များကို ကြိုးကြိုးစားစား အမှီလိုကေ နရချိန်ဖြစ်ပါသည်။ သတင်းစာတိုက် အလုပ်သမားအင်အား ဖြည့်တင်းရာမှာ ဆိုင်ရာဋ္ဌာနအလိုက် တိုးထား ရသည်။ ပညာအရည်အချင်းရှိသူ လူသစ်ကလေးများကို လက်ထောက် လက်သင်အယ်ဒီတာအဖြစ်၎င်း၊ သတင်းထောက် လက်သင်အယ်ဒီအဖြစ်၎င်း၊ သတင်းထောက်များဆိုင်ရာဋ္ဌာနတွင်၎င်း၊ လက်တွေ့ ဆည်းပူး သင်ကြားရင်း အလုပ်ခွင်သို့ ၀င်စေခဲ့သည်။

တောရွာမှာ လာရော်ကမှီခိုနေသော (....)၏ တူနှစ်ယောက်အား ကျမပင် မီးဖိုခန်းမှ ထုတ်ခါ သတင်းစာ ခေါက်သောဋ္ဌာန၌ တလ ၃၀ိ-နှင့် ခန့်ထားပေးလိုက်သည်။ စားရေး,နေရေးမှာတော့ ရှေးကလိုပင် တာဝန် ယူမြဲ ယူထားသည်။ ၄င်းတို့နှင့်အတူ လာရောက် မှီခိုနေကြသော သူတို့ တောပိုင်းမှ ဆွေတစမျိုးတစများ၊ ရပ်ဆွေ ရပ်မျိုးများမှာလည်း ၀မ်းရေးခက်တိုင်း တဖွဲဖွဲရော်လာလေ့ရှိရာ သတင်းစာခေါက်၊ သတင်းစာပို့ မှအစ စက်တည်းက အမှိုက်သိမ်းအထိ အရည်အချင်းရှိသလောက် အဆင့်အတန်းနှင့် ညီမျှသော အလုပ်အကိုင် များ အသီးသီးနေရာချထားကာ ချွေးသိပ်စေခဲ့ပါသည်။

ဤမျှသာမကသေး၊ မြစ်ဝကျွန်းပေါ်တောရပ်ဒေသ၏ လှေလှော် ငါးဖမ်းအလုပ်ကြမ်းသမား ကလေး တွေအဖြစ်မှ ဘ၀,၀မ်းရေးကို တဆင့်မြှင့်၍ လုပ်ကိုင်နိုင်စေခြင်းငှာ အင်္ဂလိပ်ပညာစာပေ အနည်းအပါး ရေးတတ်, ဘတ်တတ်လာရန် ညဥ့်ဦးပိုင်းမှာ အင်္ဂလိပ်စာ သင်ပေးမည့် ဆရာတယောက်ဖြစ်သူ ဦးစံမြင့်အား ငှားရမ်း၍ သင်ကြားပို့ချပေးစေပါသည်။ ဗမာ့ခေတ် သတင်းစာမှာ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ဖြစ်လာသည့် တိင်အောင် ငွေဝင်ငွေထွက် မျှတသေးဘဲ ရှိရာ လိုလာတိုင်း ကျမဘက်မှ စိုက်ထုတ်ကုန်ကျမှုက ပြတ်သည် မရှိရသေးဘဲ ဖြစ်နေပါသည်။

အပျံသင်လက်သင်တွေလည်း များသည်။ ဘိုးရေးချင်တွေလည်းများသည်။ သတင်းစာ ခေါင်းကြီးပိုင်း ရေးပေးသူကစပြီး ရေးသားနေသူဟူသရွေ့အား လွှတ်ပေးထားသကဲ့သို့ရှိရာ တခါတခါလည်း ခလုပ်ကံဇင်း တိုက်မိသလို သူ့ခိုက်မိ၊ ငါ့တိုက်မိနှင့် ပူညံပူညံ, ဖြစ်သံကြားရသည်။ အချို့ကလည်း ညှိုးထား, တေးထား ကြသည်။ ကလောင်တချက် ကလိလိုက်ရုံနှင့် စီးပွားရေး ထိခိုက်သွားလျှင်၊ ဘယ်သူမှခံချင်ကြမည်မဟုတ်ပါ။ ဤလိုအစွန်းအစ ကလေးပါလာလျှင် ကြီးကြပ် အုပ်ချု့်သူက ပြေပြစ်အောင် ထိန်းသိမ်းပြုပြင်ပေးရမည့် တာဝန်ရှိပါသည်။

တုန်းထိန်းသိမ်းပြုပြင်ပေးရမည့် တာဝန်ရှိပါသည်။ တနုးတိုက်တိုက်, တိုင်တိုက်တိုက် ဖြစ်ချင်ရာဖြစ်စေ လူတွေ လက်ခုပ်တီးပေးပြီးရောဆိုသော သဘောမျိုးကို ကျမမနှစ်မြို့ခဲ့ပါ။ ယုတ်စွအဆုံး စာအုပ်ဝေဘန်မှု အခန်းကပင် သူတပါး အကျိုးတရားပျက်စီးထိခိုက်သွားအောင် စိတ်ရှိသဘောက်က လောင်းကစား လိုက်သည်။ ခံရသူက သတင်းစာကို မဲပြီး အခဲမကျေဖြစ်ခဲ့လေသည်။ ရေးသူကတော့ ရေးရလည်းရသည်။ အမုန်း လည်းမခံရ၊ စာအုပ်ရှင်နှင့် အပြုံးမပျက် လည်ပင်းဖက်၍ နေကြရာကြားက တန်ဆာခံမှာ ဗမာ့ခေတ် သတင်းစာလျှင် ဖြစ်ပါသည်။

ယုယပိုက်ထွေးခဲ့ရပုံ

နောက်ထပ်ပြီး ဤနည်းဤပုံကိစ္စမျိုးကလေးတွေက မပြတ်ကြုံခဲ့ရသည်။ သတင်းစာထုတ်ဝေသူမှာ စိတ်ရှည်ရှည်သဘောကြီးကြီးနှင့် ဦးစီးကြီးကြပ်တည်းဖြတ်တတ်ပါမှ ကြည်ညိုမှု ရနိုင်မည်ဖြစ်ပါသည်။ တည်တန့်ကြန့်ခိုင်၍ မဏ္ဍိုင်ကဲ့သို့ကျင့်သုံးဘို့ ခဲယဉ်းသလောက်တစ်စုံတစ်ယောက်တဖွဲ့သတင်းတို့ ကို မလိုလျှင် မလိုသလိုလိုလျှင်လိုသလို ပြုလုပ်ရန်လွယ်ကူလှပါသည်။ လွတ်လပ်ရေးနှင့်ကိုယ်ပိုင် အုပ်ချုပ်ရေး အတွက် အဘက်ဘက်မှ ကြိုးစားနေကြသောအချိန်အခါတွင် ရှမ်း ကရင် ကချင်စသော တောင်တန်းဒေသများ အပါအ၀င်ပြည်ထောင်စုကြီးအဖြစ် မရောက်နိုင်အောင် နှောင့်ရှက်သွေးခွဲထားခဲ့ သော နယ်ချဲ့ပယောဂကို ကုစားရသည်က တစ်မျိုး၊ လွတ်လပ်ရေးတိုက်ပွဲ၌ ပြည်လုံးကျွတ်သပိတ်ကြီး အထိ ကြိုးပမ်း သွေးစည်ကြရသော ကိစ္စကတ၀၊ အကြိတ်အနယ်ဖြစ်လာကြရပါသည်။

ထို့ကြောင့် တနေ့တွင် အောင်ဆန်းအက်တလီစာချုပ်မှ ပင်လုံစာချုပ်ကိစ္စများအထိ အောင်မြင်ခဲ့သည်။ အထွေထွေသပိတ်ကြီးမှာလည်း ရှေးအခါက  မပေါ်ပေါက်ခဲ့ဘူးသော အစိုးရအမှုထမ်းအရာထမ်းများ နှင့် ပုလိပ်အရာရှိတို့ သပိတ်ကြီးများပါဝင်လာသောအခါ အုပ်ချုပ်ရေးစက်ယန္တရားကြီး ရပ်ဆိုင်းထားရ မလောက် စူးယှထက်မြက်လာသည်။ ဤအခါ၌ လွတ်လပ်ရေးကိုမပေးမနေသာတော့သော အချိန်အခါ တိုင်ရောက် လာသည်။ တင်းတင်းမာမာဖြစ်လာသောအခါ တပြည်လုံး၏ ညီညွှတ်သွေးစည်းမှုကို ဖြိုခွင်း ရန်နယ်ချဲ့၏ ပယောဂများဝင်လာသည်။

သွေးစည်းညီညွှတ်မှုကို ရာထားအာဏာအစာပြီးပြီး ခေါင်းဆောင်အကြီးပိုင်းကို သွေးခွဲဖြိုလှဲပစ်မည်ဟူ သော အစီအမံဖြင့် ရန်တိုက်ပေးလိုက်သော အခါကစပြီး လုပ်ကြံမှုကြီးပေါ်လာသည်၊ ဗိုလ်ချုပ်အောင်ဆန်း အမှူး ရှိသော အုပ်ချုပ်ရေးအဖွဲ့ဝင်အတိုင်ပင်ခံဝန်ကြီးများ အဖြစ်လွတ်လပ်ရေး ကြိုးပမ်းနေခိုက်မှာ အသက် စည်းစိမ် ဆုံးရှုံးအနစ်နာခံသွားရသော အာဇာနည်ပုဂ္ဂိုလ်များအတွက် တိုင်းပြည်တွင်ယူကြုံးမရဖြစ်ခဲ့ရသည်။
ဗြိတိသျှ အစိုးရများ ပြန်ရောက်လာသည်မှ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးရသော အချိန်ကာလ အပိုင်း အခြား ရောက်လာသော အခါ ဗမာ့ခေတ်သတင်းစာမှာ အဆင်းတွန်းခံရပါတော့သည်။

စောစောပိုင်းဆီ က ဆော်ခဲ့ကလော်ခဲ့လေသမျှ အတိုးချ၍တွန်းကြသည်။ ယခင်ကလည်းကွန်မြူနစ် ၂ ပါတီမှမိတ်ဆွေ များကိုကော်ဆဲမှုနှင့် စိတ်ဝမ်းကွဲပြီး သတင်းစာမီးရှို့ခံရသည်အထိ တုံ့ပြန်ကြသည်၊ ပုဒ်မ ၅၀၀ အသရေပျက်မှုတွေနှင့်လည်း အဆက်မပြတ်ရုံးတက်ရသည်။

သတင်းစာတို့မည်သည် ပုဒ်မ ၅၀၀မှာနေ့စဉ်သတင်းစာများအတွက် တခါမထိ တခါထိရမည်မှာ မလွတ်ကင်း နိုင်သော ဓမ္မာတာပင်ဖြစ်သော်ငြားလည်း တမင်တကာကိုယ့်အမှုကိုယ်ရှာ သလိုဖြစ်သော တမင်တကာ မသိသားဆိုးဝါးချက်မျိုးနှင့် ပတ်သက်၍ ခံရခြင်းမှာတော့ သတင်းနှင့်အရေးအသားကို ကျင်လည်စွာ လိုရာရောက်အောင် ထိန်းသိမ်းပြုမှုမပြုတတ်၍သာဟု ဆုံးဖြတ်သူရှိသလို၊ လက်ခုတ် တီးပြီး အောက်ခြေ လွတ်သွားအောင် မြှောက်ပေးနေသူများရှိသောကြောင့်လည်း ဖြစ်ခဲ့ရသည်။

အများကြိုက်ကို မျှောမလိုက်ရွဲ့တိုက်ရေးနေသော သတင်းစာဟုအထင်မှားစရာဖြစ်လာသည်တွင် သတင်းစာလုပ်ငန်းပေါ်မှာ ၀င်ငွေနှင့်ထွက်ငွေမမျှတဖြစ်လာသည်။ ဤအခါမျိုးမှာလည်း ကျမဘက်မှ သာငွေရေး ကြေးရေးနှင့်အားသစ် ဖြည့်လောင်းပေးခဲ့ရပါသည် လူကိုလည်း ပုဒ်မ ၅ နှင့်မကြာခဏ ဆွဲသွားခြင်း ခံရသည်။ ဆွဲပုံဆွဲနည်းကလေးမှာလည်း မှတ်သားလောက်ဘွယ်ရာကောင်းသည်။ ကွန်မြူနစ် ကို ပစ်ပစ်ခါခါဆဲနေသူအား အလံနီကွန်မြုနစ်များနှင့် ဆက်သွယ်မှုရှိသည်ဟု အကြောင်းပြ ၍ဆွဲပါသည်။

ဗိုလ်ချုပ်အောင်ဆန်းအမှူးရှိသော အာဇာနည်များ ကျဆုံးသွားပြီးနောက် လွတ်လပ်ရေးပန်းတိုင်ခရီး ရောက်ခါနီး၌ အစည်းအလုံးအင်အားစုကြီး ပျက်စီးမသွားရန် ဖဆပလတွင် ထိုအချိန်ကပါဝင်နေပြီ ဖြစ်သောဦးနုကခေါင်းဆောင်ပြီး လှမ်းလက်စလွတ်လပ်ရေး ခရီးစခန်းကို ပါဝင်နေပြီဖြစ်သော ဦးနုက ခေါင်းဆောင်ပြီး လှမ်းလက်စလွတ်လပ်ရေး ခရီးစခန်းကို လှမ်းတက်လာခဲ့ကြဆဲဖြစ်ပါသည်။

ယင်းသို့ပုဒ်မ ၅နှင့် ဆွဲ၍ဒုက္ခသုက္ခတွေရင်ဆိုင်ရသော အခါတိုင်းကျမက ဝေပုံကျဒုက္ခခံယူလျက် အလုပ်တိုက်နှင့်  သတင်းစာတိုက်ကို မပျက်မစီးမတိမ်းမစောင်းရလေအောင် ငွေရောလူပါ အားခွန်စွန် စိုက်ပိုက်ထွေးယုယထိန်းသိမ်းစောင့်ရှောက်ခဲ့ရပါသည်။ မည်သူမှလာရောက် ကူညီအားပေးခြင်းမရှိပါ။ အိမ်နေပရိတ်သတ်များကူညီအားပေးခြင်းမရှိခဲ့ပါ။

အိမ်နေပရိသတ်များကိုလည် အစားအနေမချို့တဲ့ စေရာ၊ဗုံးခိုကျင်းဆင်းခဲ့ရသော ခေတ်မှသည် ယခုပုဒ်မှ ၅အဆွဲခံရသော ခေတ်အထိ။ တသုတ်ဆင်း တသုတ်တက်ပြည့်နှက်နေသော အိမ်သူအိမ်သား ပရိတ်သတ် တို့မှာ အစားအနေမပျက်စေရပါ။ ထိုအခိုက်အတန့်မှာလက်ရှိအိမ်ပရိသတ်များကတော့ ယခင် ကလို လျှပ်ပေါ်လော်လီသူ ငါးခုံးမများမရှိကြတော့ဘဲ၊ သူ့အတွဲနှင့်သူနေကြသူ အစိုးရလခစားနှင့် ဗမာ့ခေတ် သတင်းစာ မှာ အလုပ်လုပ်သူအယ်ဒီတာအဖွဲ့ဝင်အချို့နှင့် အလုပ်သမားအချို့တို့ဖြစ်သည်။

မန္တလေးမှဆွေမျိုးသားချင်းထဲကလည်း ကျမပေါ်မှာအခိုက်အတန့်ကြုံလာသောတစ်နေ့၌ ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်လုပ်ကကျမအိမ်ပို့ထားပြီး ကျောင်းသွားစေသည်။ ကျမမှလည်း သားသမီးမရှိ ဖြစ်သောကြောင်း ထိုစဉ်ကအပြစ်ကင်းမဲ့ပေးသူခလေးများကို သားသ္မီးသဖွယ် လက်ခံ ထိန်းသိမ်း စောင့်ရှောက် ကျွေးမွေးထားပြီး၊ ကျောင်းသွားစေသည်မှာ မဂိုတန်းပလာတာ ကောလိပ်ခေါ်သော ကောလိပ် ကျောင်းသားမှ စိန်ဖလိုမီနာကျောင်း သူများအထိ ရှိခဲ့ပါသည်။

    သူတို့သ္မီးများ လာထားသည်ကို အကြောင်းပြုပြီး ဥဒဟို လာရောက်တည်းခို ၀င်ထွက်နေကြသောလည်း သူတို့၏ အဇ္ဈတ္တအတွင်း သဏ္ဏာန်မှာ အမြစ်တွယ်နေသော မကောင်းကြံလိုမှုကို ကျမကလုံးဝ မရိပ်မိ ခဲ့သူဖြစ်သည်။ ဤကျေးဇူးပြုထားသော အကျိုးတရားကြောင့် လည်းမည်သည့်နည်းနှင့် မှကျမအား ပျက်စီး ရာ ပျက်စီးကြောင်း-မကောင်းကြံကြ လိမ့်မည်ဟု မယူဆခဲ့မိပါ။ သို့သော်နှစ်ပေါင်း (၆၀)၏ စာရင်း ပိတ်ခါနီးတွင် လူသားစင်စစ်တိုက ပြုနိုင်ခဲ့သော အပြုအမူများပြုကြသည်ကို အံ့အား သင့်လောက် အောင် တွေ့မြင်ရပါမည်။

လွတ်လပ်ရေးရပြီးစ အချိန် ဆက်ရန်
.

No comments: