Wednesday, February 17, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆ဝ အပိုင်း (၂၂)

ဆက်တိုက်ထုတ်ခဲ့ရသော လုံးချင်းဝတ္ထုများ

ကျမရေးသော လုံးချင်းဝတ္ထုမှာ တလလျှင်တကြိမ်သာ ထုတ်ဝေနိုင်ပါသည်။ ဒဂုန်ခင်ခင်လေး စာအုပ်တိုက် မှ ၀တ္ထုကို ၂-ကြိမ်ထုတ်ပေးပါဟု စာကြည့်ပရိတ်သတ်တောင့် တချက်ကို စာအုပ်ကိုယ်စားလည်များ မှ တဆင့် ယူလာကြ၍ စာရေးဆရာကြီးရွှေဥဒေါင်း ဘာသာပြန်တို့ အလှည့်ကျ ထုတ်ဝေသွားရပါသည်။

ရွှေဥဒေါင်း ဘာသာပြန် ၀တ္ထုများမှာ တောင်းအော့(ဖ်) မွန်တီခရစ်စတို ခေါ် ရတနာသိုက် ၀တ္ထု ပဋ္ဌမ တွဲ မှ တတိယတွဲ အထိဖြစ်၍ စောလမွန်သိုက် စသောဝတ္ထုများ ဖြစ်ရာ ကျမရေးသောလုံးချင်း ၀တ္ထုများမှာ ဂုဏ်မြင့်သူ မှ အစ ဖြစ်၍ ချစ်အဏ္ဏ၀ါ၊ သမုဒယ၊ ဆရာမ၊ မြမြ၀င်း၊ တသက်လျှာ၊ ငယ်ကျွမ်းခင်၊ ရွှေစွန်ညို၊ သားရွှေစွန်ညို၊ ဖေ့သီးချာ၊ မေ့သီးချာ၊ မိန်းမဘ၀၊ ဂုဏ်နိမ့် သူ၊ ကျွန်းဘိုညို၊ သ၀ဏ်လွှာ၊ စသည်များ ဖြစ်ပါသည်။

တိုက်အလုပ်ကို အုပ်ချုပ်ကြီးကြပ် ရသည်ကတဘက်၊ စာစီသမားလက်သို့ စာမူကော်ပီကို အလျှင်မှီအောင် တရွက်ပြီးတရွက်ရေးပြီး လက်ဆင့်ကမ်း လှမ်းပေးနေရသည် က တဘက်နှင့် စက်လည်သကဲ့သို့ လုပ်ကိုင်နေရသောအခါ ခေါင်းအေးအေးနှင့် ကိုယ်ပိုင်စိတ်ကူး ၀တ္ထုများ သဘောကျ အချိန် ယူရေးသားရန် မဖြစ်နိုင်သောကြောင့် အင်္ဂလိပ်ရုပ်ရှင်ကားမှ ဇာတ်လမ်းကောင်း များနှင့်ကုလားဇာတ်ကားမှ ဇာတ်လမ်း ကောင်းများ ကိုယူကာမြန်မာနှင့် သင့်လျော်သလို ရေးသားလိုက်ရပါသည်။

ထို့ကြောင့် ၀ါတာလူး တံတား ခေါ် အင်္ဂလိပ်ဇာတ်ကား ရုံတင်ပြဆဲမှာပင် ဂုဏ်နိမ့်သူဝတ္ထုထွက်ပေါ် လာပြီး ကုလားဇာတ်ကား ခါဆန်ချီ ပြနေချိန်မှာ ဖေ့သီးချာဝတ္ထု ထွက်ပေါ် လာခဲ့ပါသည်။ ချစ်အဏ္ဏ၀ါ သမုဒယ စသည့်ဝတ္ထုများမှာ လည်းနာမည်ကြီး အင်္ဂလိပ်ဝတ္ထုများမှာ မှီးယူရေးသား လိုက်ရခြင်းများ ဖြစ်ပါ သည်။

နာမည်ကျော် အင်္ဂလိပ်ဝတ္ထုကြီးများကို မှီးယူခြင်းနှင့် အစအဆုံးမြန်မာ လိုသင့်တော်သလို ပြန်ဆို ရေးသား ခြင်းမှာ မောင်ရင်မောင်မမယ်မ ၀တ္ထုမှ စခဲ့သည်ဖြစ်၍ အဆန်းမဟုတ်တော့ သော် လည်း အင်္ဂလိပ် ရုပ်ရှင် ကား၊ ကုလားဇာတ်ကား များမှ ကောင်းနိုင်မည်ထင်ရာကို မြန်မာလိုဝတ္ထုရေး၍ အပြေးအလွှား အချိန်မှီ ထုတ်ဝေ ခဲ့ခြင်း မှာ ကျမက စ၍ အချောင်ခိုနည်း နိသျှည်းပြ ပေးသလို ရှိပါ၏။

သို့ရာတွင် စာဖတ်သူပရိသတ်များမှာ စာဖတ်ရာ၌ တမျိုးအရသာခံစားရ၍ ရုပ်ရုင်ကားအဖြစ် ကြည့်ရသော အခါ အာရုံ တမျိုးခံစားရပြီး နှစ်နည်းနှစ်ဘက် လက်ခံနှစ်သက်ကြသည်ကို တွေ့မြင်သိ ရိုရပါသည်။
သို့ကြောင့် စစ်ပြီးခေတ် နာမည်ကျော်ကြား၍ လူကြိုက်များသော စာရေးဆရာ များအားအချို့က ရုပ်ရှင် ဇာတ်ကားမှ ဇာတ်လမ်းများ ယူရေးသည်ဟု ဝေဖန်ကြသည်ကို တွေ့မြင် ရသောအခါ ကျမက ကိုယ်ချင်း စာမိပါသည်။ မဂ္ဂဇင်းတွေမှာ အချိန်မှီစာမူပေးရန် အလောတကြီးပူလာကြသော အခါ သူ့ခမြာများလည်း ဤနည်း ကိုသာ အသုံးပြုရ ရှာကြရပါမည်။

ဦးနှောက် ဆိုသည်မှာ အသုံးချ ရပါများ လာသောအခါ၌ စက်ကဲ့သို့အချိန်မှီ ထုတ်လုပ်၍ရသော အလုပ်မျိုး မဟုတ်ပါ။ တခါ, တခါရေးရင်း အတွေးမပေါ်၍ ထစ်ငေါ့နေလျှင် စာလေးငါးကြောင်း ရဖို့ပင် တနေကုန် သွားချင် က သွားလေ့ရှိပါသည်။
ကျမအဖို့ကတော့ ဘယ်နည်းနှင့်မဆို တလတကြိမ်အချိန်မှန်မှန် ထုတ်ဝေနိုင်ရန် လုံးချင်းဝတ္ထုရှည် တခုကို အမြဲ ပြုစု ရေးသားလျက် သာ ဖြစ်၍တခါတရံမှာလည်း အလုပ်တိုက်အုပ်ချုပ်ရသော အထွေထွေ ကိစ္စများ ထည်းမှ စိတ်ကူးတချက်ရလိုက်သည်နှင့် အမျှကိုယ်ပိုင် စိတ်ကြိုက်ဝတ္ထုဇာတ် သွားများပေါ်လာတတ်သဖြင့် အခွင့်သင့် ပြီး ကလောင်ကို လက်သွက်သွက် လွှတ်ပေးလိုက် သောအခါ ငယ်ကျွမ်းခင်၊ မေ့သီးချာ၊ ကျွန်းဘိုညို  စသောဝတ္ထုမျိုး တွေထွက်လာ တတ်ပါသည်။

စာအုပ်များအတွက် ပြီးစီးသမျှ စာဖောင်များကို အပြင်စက်အချို့သို့ ထွက်ရိုက်ခြင်း၊ စာအုပ်ချုပ်သမား များအား သွားရောက် အပ်ခြင်း ၊ စက္ကူထုတ် များ ၀ယ်ယူခြင်း၊ မျက်နှာဖုံး ပန်းချီ ဘလောက် တာဝန်များ၊ တိုက်တွင်းရှိ စာစီစက်ရိုက်ဋ္ဌာနများ ကိုကြည့်ကြပ်ရသူ ဖိုမင်မောင်သန်းက အထွေထွေလုပ်ကိုင် ဆောင်ရွက် ၍ သူ၏လခမှာ တလလျှင် ၁၅၀ ပေးထားရပါသည်။ သို့ကြောင့် အလုပ်တိုက်ဆိုင်ရာ ပြင်ပကိစ္စများကို ကျမကိုယ်တိုင် ကြောင့်ကြ စေခိုင်းရခြင်း မရှိ၍ သက်သာရာ ရပါတော့သည်။

ထိုသို့ တိုင်းပြည်ပြု ပုံနှိပ်တိုက် နှင့် ဒဂုန်ခင်ခင်လေး စာအုပ်တိုက် ကို ဖွင့်လှစ်အုပ်ချုပ် စာအုပ်ပါ ရေးသား ထုတ်ဝေ ရသော တာဝန်များကို ထမ်းဆောင် နေရသောအချိန်မှာ ကျမ၏ ဘ၀ခရီးဖော် ဖြစ်နေသူသည် ပုံနှိပ်တိုက် တည်ထောင်စက လိုအပ်သမျှ ပစ္စည်းပစ္စယများ ၀ယ်ယူ ခိုင်းစေပေးခြင်း၊ နဂါးနီ တိုက်မှပါလာသော သူ၏ တပည့် များကို တိုင်းပြည်ပြု ပုံနှိပ်တိုက်တွင် နေသားတကျ အလုပ်ဋ္ဌာန အသီးသီးမှာ နေရာချထား ပေးရုံသာရှိ၍ အလုပ်တိုက်ကို ကြည့်ရှုခြင်း မရှိဘဲ ဗြိတိသျှဘားမား ရုပ်ရှင်ကုမ္ပဏီသူဌေး ဦးညွန့်၏ ဟံသာဝတီ စာပုံနှိပ်တိုက်တွင် တစ်လလျှင် လခ-၁၅၀ိနှင့် အလုပ်ဝင် လုပ်လိုက်ပါသည်။ ကျမက ကိုယ့် စာပုံနှိပ်တိုက် တွင် တိုးတက်ရာ၊ တိုးတက်ကြောင်း ပူးပေါင်း လုပ်ကိုင်ခြင်း မပြုဘဲ သူတစ်ပါးတိုက်မှာ သွား၍ အလုပ် လုပ်ရန် မသင့်ဟုပြောသော်လည်း ဦးညွန့် က ခေတ္တလာရောက် ကူညီပါဆို၍ မိတ်ဆွေ ၀တ္တရား အတိုင်း သွားရောက် ကူညီခြင်းသာ ဖြစ်ပါ သည်။

တာရှည်မလုပ်ပါ၊ ယခု လောလောဆယ်အားဖြင့် ဟံသာဝတီဂျာနယ် ကို ထုတ်ဝေပေးရန် တာဝန်ခံ ထားသည် ဆိုသော အဖြေကို ပေးပြီးလျှင် ဒို့ရှမ်းပြည် ဦးအုန်းမြင့်နှင့် အတူ သူဋ္ဌေး ဦးညွန့်၏ ဟံသာဝတီ ပုံနှိပ်တိုက် တွင် ဟံသာဝတီဂျာနယ် ကို ထုတ်ဝေ ပေးနေပါသည်။ သို့လျှင် ကိုယ်ကျိုး ကိုယ့်စီးပွားကို စိတ်အား ထက်သန်စွာ ဦးစီး ကြီးကြပ် ရမည့် အခိုက်အခါမှာ ဟံသာဝတီ ပုံနှိပ်တိုက် တွင် မဖြစ် စလောက် သော လခငွေနှင့် ၀င်လုပ် ကူညီသည်ကိုပင် သူ့အား မလိုလားသူ အချို့က သူတို့တွင်လည်း တိုင်းပြည်ပြု ပုံနှိပ်တိုက် တစ်ခုရှိသောကြောင့် ဟံသာဝတီ ပုံနှိပ်တိုက်ကြီးကို ထိုးအပ် မထားသင့်ကြောင်း ခြေထိုးစကား ပြောကြားခြင်း ခံရသေးသည် သည်အကြောင်း တွေကို ကြားသောအခါ သာ၍ပင် မလုပ်စေချင်သောကြောင့် မကြာ မကြာ အလုပ်မှ ထွက်လာရန် ပြော ကြားမိပါသည်။

တရားကျဘွယ်ရာသင်္ခါရလောက

သို့လျှင် စားပွဲတလုံးနှင့်ထိုင်ကာ စာရေးလိုက် စာရင်းအင်း ကိုင်သူ စာရေးများ အလုပ်သိမ်းချိန်မှီ လယ်ဂျာ စာအုပ် နှင့် ၀င်ငွေထွက်ငွေ စာရင်းများ စစ်ဆေးကြည့်ရှုခြင်းဖြင့် နေ့စဉ် အလုပ်ဝတ္တရားများ ကို ဆောင်ရွက် ခဲ့သည်မှာ တနှစ်နီးပါး ရှိလာတော့မည်။ စာအုပ်တိုက် လုပ်ငန်းက အောင်မြင်နေ သောကြောင့် ပင်ပန်း ရသည် တို့ကို ကျေနပ်မိပါသည်။ နောက်ထပ် သည်အခြေအနေထက် တိုးတက် ချဲ့ထွင်ရန်ကိုပါ စိတ်အား ထက်သန်လျက် ရှိနေပါသည်။ သို့ရာတွင် စစ်ရိပ်၊ စစ်ရောင်များ မှာ မငြိမ်းအေးရုံမက ရန်စက နီးကပ်လာပြီ ဖြစ်၍ ရန်ကုန်မြို့မှာ အစမ်းမီးမှောင်ချခြင်း၊ ဗုံးခိုကျင်း  အုတ်ဂူကလေးများ တည်ဆောက်ထားခြင်း၊ စစ်သား အကာ အကွယ် အလေ့အကျင့်များကို အစိုးရ ဌာနများမှ လုပ်ကိုင်နေကြပြီ ဖြစ်ပါသည်။

ကျမ၏ စာအုပ်တိုက်နှင့် တိုင်းပြည်ပြု ပုံနှိပ်တိုက် လုပ်ငန်း များ အောင်မြင်နေသည်ဟု ကြားသောအခါ မန္တလေး ရွှေမြို့တော်ရှိ ဘကြီး ၀က်မစွတ် မောင်မောင်ကြီးထံမှ အိမ်ကိစ္စက ဆက်ရန် ရှိသေးသည် ဖြစ်လာ ပြန်ပါ၏။ ၎င်း၏စာဆိုအရ ချစ်တီး ကို အနိုင်ပေးလိုက်သော ရုံးမိန့်ဒီဂရီ ချမှတ်ချက်အရ ချစ်တီးက အိမ်ကို လေလံပစ် တော့မည်ဖြစ်၍ အရှက်တကွဲ မဖြစ်ရန် စသည်တို့ ဖြစ်၏။ ကျမက တဘက်သတ် ရုံးက အမိန့်ချ ပြီးသား ဖြစ်၍ အကြွေးရှင်ဖြစ်သူ ဘကြီးသဘောအတိုင်း ရောင်းယူသည်ဖြစ်စေ၊ လေလံပစ် ယူသည်ဖြစ်စေ၊ ကျေနပ် ပြီးသား ဖြစ်သောကြောင့် ဘာမှ မပြောလိုပါဟု စာပြန်ပါသည်။

သို့သော် နောက်ဆက်တွဲ လာလိုက်ပြန်ချေသေး၏။ ချစ်တီးက ဒီဂရီကျထားသော သူ့ငွေများကို ရလိုသဖြင့် လေလံပစ်ယူမည်ဆိုသောကြောင့် အရှက်ရမည်စိုးသဖြင့် သူကဘဲ ခေတ္တငွေစိုက် ပေးထားလိုက်ရသည်။ ထိုကြောင့် သုံးထပ်တိုးနှင့် တရား စရိတ်များပါ ကျသင့်သမျှ ထိုငွေများကို ပေးဆပ်စေလိုကြောင်း စာ လာပြန်ပါသည်။ ကျမသည် မူလကတည်းမှပင် ချစ်တီးကပင် ဒါးစားခံ အမည်ဝင်တပ်ခြင်းသာဖြစ်၍ အထပ် ထပ်ငွေတိုး ယူမှု ရုံးတွင် တရားစွဲ၍ ကုန်ကျစရိတ်ပါ အနိုင်ယူ ရမှုများကို ဘကြီးအဖြစ်နှင့် တူမအပေါ်တွင် ထင်ထင် ပေါ်ပေါ် ရက်ရက် စက်စက် လုပ်လျှင် လူကဲ့ရဲ့ ခံရမည် စိုးသောကြောင့် သူနိုင်ရသော ချစ်တီး အမည်နှင့် လှည့်ထားကြောင်း၊ အိမ်ဂရံနှင့်တကွ တဘက်သတ် အနိုင် ရထားသော ရုံးမိန့်ပါ သူ့ထံမှာ ရှိကြောင်း တို့ကို ထိုစဉ်က ရုံးပြင်ကန္နားဝင်ဆန့် သူ အတွင်းသိ ရှေ့နေကြီး နှစ်ဦးသုံးဦးထံမှ သတင်း အတိ အကျ ရပြီးသား ဖြစ်ပါသည်။

ကျမကလည်း ဇာတ်တူသား စားရက်လေခြင်းဟု ယူဆမိစေကာမူ ငွေရေးကြေးရေးဆိုလျှင် သူလဲ ဘယ်မှာ အနစ်နာ ခံချင်ပေမှာလဲဟု ဖြေရသည်။ ထိုကြောင့် လောဘ ရှေ့ဆောင်ပြီး အိမ်ကြီးတစ်ခု လုံးရအောင် ယူလိုသည် ထင်၍ လျှော့ပေးလိုက်ခါမှ ယခုတော့ အိမ်ထက် ကျသင့်ငွေများကို လိုချင် ပြန်သည်ဟုဆိုရာ နောက်ဆုံး မှာ ကျမက ယခုအချိန်၌ အလုပ်တိုက် တည်ထောင်ထားရ၍ စိန်ထည် လက်ဝတ်လက်စား အနည်းငယ် မှ တပါး ငွေပိုငွေလျှံ မရှိသေးကြောင်း၊ ငွေပိုရှိလာသော အခါ ကြိုက်သလို လုပ်ပေးပါမည်ဟု နှစ်သိမ့်ရာ နှစ်သိမ့်ကြောင်း စာပြန်ထားရပါသည်။

ထိုသို့ အိမ်ကိစ္စပြန်လည်း နှူးဆွခြင်းမှာလည်း အခြားအကြောင်းကြောင့် မဟုတ်ပါ။ ၄၇လမ်းရှိ ကျမအိမ်တွင် ၀င်ရောက် တည်းခိုလာကြပြန်သော ဘကြီး၏သား၊ ချွေးမ၊ သမက်များနှင့် ကြီးဒေါ်၏ သားများမှတဆင့် ကျမမှာ ငွေကြေးချောင်လည်စွာနှင့် အလုပ်တိုက် ပုံနှိပ်တိုက်များ ဖွင့်ထားခြင်း၊ ၀င်ငွေကလည်း စီးပွား တိုးတက်စ ပြုလာပြီး အော်စတင် (ဂ) မော်တော်ကား ကလေးတောင် စီးနေ ပြီဟု သတင်း ပေးကြ သောကြောင့် ဖြစ်ပါသည်။ အလုပ်တိုက် ဖွင့်စကလည်း မန္တလေးသို့ တစ်ခေါက် သွားရောက်မိကြသည်။

ထိုအချိန် အခါ က ယခုတိုင် ကျမတစ်သက် ၌ မမေ့နိုင်သော စကားတစ်ခုကို လည်း သတိရလိုက်မိသေး၏။ ကျမမိခင်၏ အမဖြစ်ြသူ ၀က်မစွတ် ခင်ခင်ကြီးခေါ် ကြီးတော်သည် မျက်စိရောဂါ စွဲကပ်နေသည်ဆို၍ သွားရောက် မေးမြန်းသည်။ ကျမကို အနားကပ်မိအောင် ဆွဲ ခေါ်ပြီး လက်များ၊ နားရွက်များ စမ်းသပ် ကြည့်ရှုသည်။ မျက်စိမမြင်၍ ဒါတွေ စိန်အစစ်တွေဘဲနော် ဟု မေးသောအခါ သူ့အနီးရှိ ညီမ၀မ်းကွဲတော် ဒေါ်ခင်ခင်မျိုးက အစစ်မှ ရေမရော ပါနီ မရောဟု ၀င်တောလိုက်သည်။

ကျမက သူ ဘာအဓိပ္ပာယ်နှင့် မေးသည်ကို သတိမပြုမိဘဲ အိမ်ခန်းထဲတွင် ၀င်သွားစဉ် အပြင်မှာ ကျန်ရစ်သော (      ) အား တီးတိုးစကားနှင့် မှာကြား ပြောဆိုလိုက်သည်။ ကျုပ်တူမ က အင်မတန် ဆိုးတယ်၊ သည်းညည်း တော်တော်ခံပေါင်းရလိမ့်မည်ဟု ပြောသည်။ အပြော ခံရသူက ဒီအဒေါ်ကြီးဟာ ကိုယ့်တူမ ကိုယ် ဒီလိုပြောဘို့ မကောင်းကြောင်း တွေးမိသော်လည်း၊ မပြောအပ်ကြောင်း ပြန်မပြောခဲ့ဘဲ ကျွန်တော် တို့ဟာ တစ်ယောက်ဘ၀ တစ်ယောက် သိကြပြီးပါ၊ ဘယ်လောက်ပင် ဆိုးဆိုး သည်းညည်း ခံနိုင်ပါတယ်လို့ ဖြေခဲ့ရပုံ ကို ရန်ကုန် ပြန်ရောက်သောအခါ ပြန်လည် ပြောပြ၍ သိရှိရပါသည်။

ကျမနှင့် ကျမ၏ မိခင်ကို ငယ်စဉ်က စပြီး နိုင်ထက်စီးနင်း ပြုခဲ့ရသည်တို့ကို မကျေနပ်နိုင်သေးဘဲ မျက်မမြင် ဒုက္ခိတ ဘ၀ရောက်သော အချိန်မှာပင် လင်ခန်း၊ မယားခန်းမှာ ၀င်၍ ခြေထိုးသွေးခွဲ ပစ်ချင်သော အရိပ် လက္ခဏာ ကလေးမှာ ထိုအချိန်ကိုက ဇာတိပြလွှတ်လိုက်ပါသည်။ သို့ရာတွင် ယနေ့အထိ သူ့သား၊ မြေး၊ မြစ် တို့မှာ ကျမ၏ အရိပ်အာဝါသ အောက်မှာ လာရောက် ခိုလှုံ နေနိုင် အောင် ခေါ်ယူထောက်ပံ့ ကြည့်ရှု ပြုစု ထားခဲ့ရာမှ သူ့ဇာတိမျိုးရိုးမူအရ ကျမ၌ သေရေး၊ ရှင်ရေး တမျှ အရေးကြီးလှသော အချိန်အခါမှာပင် သူခိုး ဒါးရိုးကမ်း ရန်သူအားပေးဆိုသော စကားပုံပမာ ကျင့်သုံး ဆောက်တည် နေရှာကြပါသည်။

ရေးလက်စနှင့် ဆက်ရေးရဦးမည်ဆိုလျှင် အိမ်နှင့် ငွေတစ်ခုခုကို ပုံသေကားကျ ရလိုယူလိုနေသော ဘကြီး ဖြစ်သူ ၀က်မစွတ် မောင်မောင်ကြီးမှာ ကျမနှင့် အိမ်ကိစ္စ စကား အဆက်အစပ် ပြုနေဆဲ တွင် ဒုတိယ ကမ္ဘာစစ်ကြီးက ၀င်၍ မွှေလိုက်သောအခါ၌ မန္တလေးတစ်မြို့လုံး ဂျပန်၏ မီးလောင်းဗုံး များ အောက်မှာ ပြာပုံ အတိ ဖြစ်ရှိသွားသောကြောင့် ငွေရင်းရှစ်ရာတွင် အပြန်တရာ ထပ်၍ အတိုး ယူ အပိုင် သိမ်းထားသော ကျမ မိခင်၏ အိမ်သာမက သားသ္မီးတွေ မြိုင့်မြိုင့်ဆိုင်ဆိုင်နှင့် သူပိုင် နေထိုင်သော အိမ်ကြီးပါ မီးလောင်စာ အဖြစ်နှင့် ပြာကျသွားခြင်း ခံလိုက်ရရှာပါတော့သည်။ သင်္ခါရလောကကြီးသည် အလွန်ကြောက်စရာ ကောင်းကြောင်း စဉ်းစားမိသူတိုင်း တရားကျသွား ဘွယ်ရာ ကောင်းလှပါသည်။

လူ့ဘ၀၌ တခဏတလေး လူဖြစ်ရစဉ် လူတို့သည် လောဘတရား ကြီးမား ထူပြောစွာ ရှေ့ဆောင်လျက် တရား မဘက်နိုင်သော အပြုအမူတို့ကို မဆင်မခြင် ပြုမိမှား သော်လည်း အမှန်တရားကြီးသည် အချိန်ကို စောင့်စားကာ ဖြေရှင်းပေးနေပါသည်။ ထိုထက်ပင် သံသရာ၌ ကျင်လည်ရဦးမည် ဖြစ်သော ဘ၀များတွင် ပင်ကိုယ် စိတ်ဓာတ်အရ ပြုမူခဲ့ကြသော ကုသိုလ်၊ အကုသိုလ် အမှား၊ အမှန်ကို သံတရာ တစ်လျှောက်လုံး ရောက်ရာ ဘ၀မှ ဆုံးဖြတ်ချက်ချ ၍ ပေးခြင်း ခံရတတ် လေရာ၊ သူတော်ကောင်းများ သည် သံသရာဝန် ကို ပို၍ ကြောက်လန့်တတ် ကြသည်ဟု ဆိုရိုး စကား အလာ ရှိခဲ့ပါသည်။

နောက်ဆုံး ပရိဒေဝမီး ဆက်ရန်
.

1 comment:

မေဓာဝီ said...

ဒီအပိုင်းကိုဖတ်ရင်း မူပိုင်ခွင့်ကိစ္စ တွေးမိလိုက်တယ်။
အဲဒီခေတ်ကတည်းက နိုင်ငံခြား ရုပ်ရှင်တွေ ၀တ္ထုတွေကို မှီးလိုက် ကော်ပီကူးလိုက် လုပ်လာကြတာ ခုထိအောင်ပဲ ပျော်ပျော်ကြီး လုပ်နေကြတုန်း။ ရုပ်ရှင်၊ ၀တ္ထု၊ သီချင်း နေရာတကာမှာ ဒီအတိုင်းပဲနော်။

နောက်တခုက ဒဂုန်ခင်ခင်လေးက အဲဒီစာအုပ်ထဲမှာ ဦးအုန်းခင် နာမည်ကို ထည့်မရေးဘူးနော်။ ကျမ ငယ်ငယ်က ဖတ်ဖူးတာဆိုတော့ ထည့်ရေးမရေး မေ့နေပြီ။ ဦးအုန်းခင်က ဟံသာဝတီမှာ လုပ်ဖူးတာလဲ ကျမ မသိတာလား အမှတ်တမဲ့ သတိမထားမိတာလား မပြောတတ်ဘူး။ ခုမှ သိပြီး အံ့သြနေတာ။ ဦးညွန့်က အဖေ့ အဖိုးတော်ပါတယ်။