Friday, February 12, 2010

မြန်မာပြည်၏ ဟယ်လင် အပိုင်း ( ၁၂)

ကျနော် တင်တဲ့ စာအုပ်လေးတွေကို နှစ်သက်ကြတဲ့ အတွက် ကျေးဇူးတင်ပါတယ်..၊ ကျနော် ပထမ နှစ်အုပ် ကွိ နဲ့ မောင်သိက္ခာ တုန်းက scan ဖတ်ပြီး upload လုပ်ပါတယ်..ဒါပေမဲ့ ကော်နက်ရှင် မကောင်းတဲ့ အတွက် ည ၂နာရီလောက်မှ upload ရပါတယ်..၊ ကျနော်လည်း အဲဒီတုန်းက အိပ်ရေးတွေပျက်ပြီး တော်တော် ဒုက္ခ ရောက်တဲ့ အတွက် အခု upload လုပ်ရမှာကို ကြောက်သွားပါတယ်..။ အဲဒီအတွက် နဲနဲ သီးခံပြီး ဖတ်ကြပါဗျာ..၊ အများကြီးဖတ်ချင်ရင် ၂ရက်တခါ ၃ရက်တခါ လောက်မှ ဖတ်ပါ..။ အခု အချိန်က ဆိုင်မှာ အလုပ်များတဲ့ အချိန်လည်း ဖြစ်နေလို့ပါ နဲနဲ အလုပ်ပါးသွား တာနဲ့ အများကြီးတင်ပေးပါမယ်..ကျေးဇူးပါ..။

အကောင်းပကတိ ရှိနေသေးသော ပန်းကန်ပြား နှစ်ချပ်ကို ရင်ခွင်ကြားထဲသို့ သွင်းပြီး အိမ်ကြီးကို တစ်ချက်မျှ လှည့်မကြည့်ဘဲ ထွက်လာခဲ့တော့သည်။

အိမ်နားတွင် ရစ်သီရစ်သီ လုပ်နေရန် အကြောင်းမရှိတော့ပါ။ ဖေဖေ ဘယ်ဆီသို့ ရောက်နေသည်ကို မေးမြန်းရမည့်သူ တစ်စုံ တစ်ယောက်မှ မကျန်ခဲ့တော့၍ မသိနိုင်ပါပြီ။

ကျွန်မသည် တောင်အောက်သို့ ဆင်းလာခဲ့ပြီး ကားနောက်ခန်းသို့ တက်ရောက်၍ ဆေးရုံသို့ ပြန်မောင်းရန် ညွှန်ပြပါသည်။ ကျွန်မက ဖေဖေ၏ အကြောင်းကို တစ်စုံတစ်ရာပြောမပြပါ။ ခွေးများရူးနေကြ၍ သတ်ပစ်ခဲ့ကြောင်းတော့ ပြောပြပါသည်။ သူတို့သည် ကျွန်မ၏သေနတ်သံကို ကြားသည် မကြားသည် မသိပါ။ တိုဘာယာရှီသို့ အစီရင်ခံသည် မခံသည်ကိုလည်း မသိပါ။

သူတို့ သတင်းပို့ကောင်းပို့ခဲ့ပါမည်။ သို့သော် ဗိုလ်တိုဘာယာရှီက ထိုအကြောင်းနှင့် ပတ်သက်၍ ကျွန်မအား တစ်စုံတစ်ရာ မေးမြန်းခြင်းမပြုပါ။
ထိုနေ့ ညနေဘက်တွင် ကွန်ဗင့်ကျောင်းသို့ သွားရောက်ပြီး မာသာ စူပီးရီးယားအား ကျွန်မရင်ဆိုင် နေရသော ဘေးအန္တရာယ် အသွယ်သွယ်နှင့် ၀မ်းနည်းဖွယ်ရာ အဖြစ်အပျက်များကို အိတ်သွန်ဖာမှောက် ပြောပြ ခဲ့၏။

မာသာကြီးက ကျွန်မ၏ လက်ကို ဆွဲလျက် ဘုရားရှစ်ခိုးကျောင်းထဲသို့ ၀င်သွားက်ြပြီးနောက် ကျွန်မက ဒူးထောက်၍ 
'ကျွန်မ၏ ဖခင်ကြီးနှင့် သူ့အစေခံများ မည်သည့်ဒေသတွင် ရောက်ရှိနေကြသည်ဖြစ်စေ ခလုတ်မထိ ဆူးမငြိ ပြန်လည်ပို့ပေးပါရန် နှင့် သူတို့အား ဘေးအန္တရာယ်အသွယ်သွယ်မှ အကာအကွယ် ပေးပါမည့်အကြောင်း' ဆုတောင်းပါသည်။

နောက်တစ်နေ့တွင် ဂျပန် အရာရှိတစ်ဦး ရောက်လာပါသည်။
သူသည် လင်ပန်းတစ်ချပ် လာငှားခြင်း ဖြစ်ပါသည်။ ယာဉ်ကျေးသိမ်မွေ့စွာ ပြောကြားပါသည်။ ကျွန်မထံတွင်ရှိသော အကောင်း ဆုံး ယွန်းလင်ပန်းတစ်ချပ်ကို ထုတ်ပေးလိုက်ပြီး ' မည်သို့ မည်ပုံ အသုံး ပြုနည်း' ဟု မေးမြန်းမိသည်။

'တောင်ကြီးမြို့ကို သိမ်းပိုက်ရရှိသော အထိမ်းအမှတ်အဖြစ် အောင်ပွဲသဘင် ဆင်ယင်ကျင်းပမည်ဖြစ်၍ စစ်သည်တော်များ၏ စစ်ရေးပြပွဲကို တောင်ကြီးမြို့ အားကစားကွင်း၌ ပြုလုပ်မည်ဖြစ်ကြောင်း ထင်ရှား သော အောင်ပွဲကို ချီးကျူးသည့် အနေဖြင့် ဘုရင်မင်းမြတ်၏ ဂုဏ်ပြု ချီးကျူး သ၀ဏ်လွှာကို ယွန်းလင်ပန်း တွင် ထည့်၍ သယ်ဆောင်သွားမည်ဖြစ်ကြောင်း' သူက၀င့်ကြွားစွာ ပြောပြပါသည်။

ဧည့်သည်တော်အဖြစ် အောင်ပွဲ အခမ်းအနားတက်မည်ဆိုပါက ၀မ်းသာစွာ ကြိုဆိုမည်ဟု သူက ပြောလာ သေးသည်။ ကျွန်မက စစ်ရေးပြပွဲသို့ မတက်ရောက်တော့ပါ။ သို့သော် ကိစ္စ၀ိစ္စများပြီးပါက လင်ပန်းကို ပြန်လည် ပို့ပေးရန် ပြောပါသည်။

ထိုနေ့ညက ကျွန်မအိမ်မပျော်ပါ။ ၀ရန်တာသို့ ထွက်၍မတ်တပ်ရပ်ပြီး 'ကရိတ်မိုး' အိမ်ကြီးဆီသို့ လှမ်းမျှော်ကြည့်ရင်း ဖခင်ကြီးသည် တရုတ်စစ်သား မောင်ရမ်းကားများ၏ ဘေးရန်မှ လွတ်မြောက် သွားပါ၏လော ဟူ၍ တွေးတောနေမိသည်။

အိမ်ဟောင်းကြီးကို မျှော်ကြည့်ရင်း မိခင်ကြီးသည် မည်သည့်ဒေသသို့ ရောက်နေပါသနည်းဟုလည်း စဉ်းစားနေမိပါသည်။
လပင်သာစေကာမူ တိမ်ဖုံးနေ၍ အလင်းရောင်မှိန်မှိန်တွင် အရိပ်မည်းမည်းတစ်ခု ကျွန်မ၏ တူရူသို့ ချဉ်းကပ် လာနေပါသေးသည်။ ကျွန်မ၏ ဖခင်လေလားဟု ထင်မြင်မိ၍  ခေတ္တ အသက်ရှု ရပ်သွား ပါသေးသည်။

သို့သော် အချို့သူများက အောင်ပွဲဆင်နိုင်ကြသည်ဖြစ်၍ ပျော်ရွှင်တပြုံးပြုံး ဖြစ်၍ အရှုံးနှင့် ရင်ဆိုင် နေကြရသော ရှုံးနိမ့်သူများ ကမူ ၀မ်းနည်းကြေကွဲနေကြပါသည်။

ကျွန်မသည် ထိုအချိန် ထိုအခါကပင် ယနေ့အောင်ပွဲဆင်၍ ပျော်တပြုံးပြုံး မော်မဆုံးဖြစ်နေသော ဂျပန်များသည် တနေ့နေ့ တချိန်ချိန်တွင် သွေးနှင့်ရင်းပြီး သုတ်သင်ခြင်းခံရလိမ့်မည်ဟု တွေးမိပါသည်။ မည်သည့်တိုင်းပြည်မဆို စစ်ပွဲမှာ အမြတ်ထုတ်ယူ၍ ရမည်မဟုတ်။ အရှုံးကြီးနှင့် အရှုံးလေးသာ ကွာခြား မည်ဟု ကျွန်မက သေသေချာချာ ယုံကြည်ခဲ့ပါသည်။

နေ့ရက်များသည် တထိတ်ထိတ် တလန့်လန့်နှင့် ကုန်ဆုံးသွားခဲ့ပါသည်။ ကျွန်မသည် လူနာများနှင့် မအားလပ် နိုင်အောင် အလုပ်ရှုပ်နေပါသော်လည်း ကျွန်မ၏စိတ်အစဉ်သည် ဖခင်ထံသို့သာ အမြဲရောက် နေပါ၏။

ကျွန်မသည် 'ကရိတ်မိုး' ၏ အပျက်အစီးများကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။ ဖခင်ကြီးသည် ကျွန်မ တွေ့ခဲ့သလို တိရ စ္ဆာန်များ ကို အစာငတ်ရေငတ်ဘ၀ဖြင့် မည်သည့်နည်းနှင့်မျှ ထားရစ်ခဲ့မည် မဟုတ်ပါ။ ခွေးများ မှာ လှောင်အိမ်အတွင်း၌ အစာမရှိ ရေမရှိ ငတ်ပြီး ရူးကုန်ကြသည်။ သေကုန်ကြသည်။

ဖခင်ကြီးအား မည်သည့်အရပ်သို့ ခေါ်ဆောင်သွားခဲ့ပါသနည်း။ သူ့အား ရှာဖွေရန် ကျွန်မတွင် နည်းလမ်းမရှိတော့ပါ။ နယ်မြေတစ်ခုလုံး ကို စစ်နယ်မြေအဖြစ် ကြေညာထားသဖြင့် ကျွန်မအနေဖြင့် လှုပ်ရှား ရန် မလွယ်ကူပါ။ အနေကျုံ့လှပါသည်။

အရေးထဲမှာ အရာက ပေါ်လာပြန်သည်။ ဆေးရုံတွင် လူနားများ အခြေအနေမှာ တဖြည်းဖြည်း ကောင်းလာပြီ ဖြစ်သဖြင့် တိုဘာယာရှီက ကျွန်မအား ဆေးရုံမှ ဖယ်ရှားပေးရန် ပြောပါသည်။ ဆေးရုံသို့ မှန်မှန်လာပြီး လူနာများ၏ အခြေအနေကို အကဲခတ် ကြည့်ရှုသော ဂျပန်က တိုးတက်လာသော အခြေ အနေကို သူ့အား ပြောပြခြင်းဖြစ်ပါသည်။

ကျွန်မကမူ ဆေးရုံမှ မည့်သည့်နည်းနှင့်မျှ ဖယ်မပေးရန် သန္နိဋ္ဌာန်ထားသည်။ ကျွန်မ၏ ဖခင်ကြီး သိထားသော ကျွန်မ၏ နေရပ်သည် ဤဆေးရုံပင်မဟုတ်ပါလား။ ဖေဖေသည် ကျွန်မနှင့် မဆက်သွယ်ဘဲ နေမည် မဟုတ်ပါ။

သို့ပင်ဖြစ်လင့်ကစား ဆေးရုံ၌ ဆက်လက်နေဖို့က အကြောင်းပြတော့ ကောင်းရပါလိမ့်မည်။ သိပ်တော့ မလွယ်ပါ။ ကျွန်မ ဖခင်အတွက် ဆက်လက်နေခွင့်ပြုပါရန် အမှန်အတိုင်းပြောပါလျှင်လည်း ကျွန်မကလွဲ၍ မည်သူကမှ ကျွန်မ ဖခင်၏ ကံကြမ္မာကို စိတ်ဝင်စားကြမည် မဟုတ်ပါ. ယုတ်စွ အဆုံး ဗိုလ်တိုဘာယာရှီ သည်လည်း အတူတူနှင့် အနူနူပင်။

မြန်မာပြည် တစ်နံတစ်လျားတွင် စစ်ပြေးများ၏ အလောင်းများနှင့် ပြန့်ကျဲလျှက်ရှိပါသည်။ ဖုန်ထူသော လမ်းကြီးလမ်းသွယ် တစ်လျှောက်တွင် အမှတ်အသားမရှိသော မြေပုံများကို ဟိုတစ်ပုံ သည်တစ်ပုံ တွေ့နေရသည်။ အလောင်းတစ်လောင်း တိုးလာ၍ လည်း အောင်ပွဲခံနေသော ဂျပန်စစ်သည်များအဖို့ မည်သို့ မျှ ထူးခြားလာမည် မဟုတ်ပါ။
ကျွန်မသည် ယင်းပြဿနာကို မည်သို့ ဖြေရှင်းရပါမည်နည်းဟု တစ်နာရီပြီးတစ်နာရီ အချိန်ယူ၍ ထိုင်စဉ်းစား နေပါသော်လည်း အဖြေက ထွက်ပေါ်မလာပါ။

ဂျပန်များသည် ကူးစက်တတ်သော ရောဂါများကို ကြုံရလေတိုင်း အလွန်ကြောက်တတ်ကြသူများ ဖြစ်ကြောင်း ပြန်ပြောင်း သတိရမိ၏ ရောဂါအကြောင်းပြောပြရုံနှင့်ပင် ခပ်ဝေးဝေးသို့ ရှောင်တိမ်း သွားကြသူများဖြစ်၏။ မည်သူမျှ ကူးစက်တတ်သော ရောဂါကို လက်တည့်မစမ်းဝံ့ပါ။ ကျွန်မကသာ လိုအပ် သော ပြင်ဆင်မှုကို ပိရိစွာ လုပ်နိုင်မည်ဆိုပါက ကျွန်မအဖို့ စိတ်အေး နိုင်မည်ဖြစ်ပါသည်။

ဂျပန်များက ကူးစက်တတ်သောရောဂါဆိုလျှင့် လှုပ်ပင် မလှုပ်ရဲအောင် ကြောက်ရွံ့ကြပါသည်။ သို့သော် အကာအကွယ် ဆေးများ မရှိပါ။ သူတို့၏ အသိက ရောဂါရသူနှင့် ဝေးဝေးရှောင်နေခြင်းပင် ဖြစ်ပါသည်။
ကျွန်မသည် ကျောက်ရောဂါဖြစ်နေကြောင်း အယောင်ဆောင်ရန် ဆုံးဖြတ်လိုက်ပါသည်။

ယုံကြည်စိတ်ချရ၍ လှုပ်လှုပ်ရှားရှား သွားလာနိုင်သော လူသုံးဦးကို လူမမာများထဲမှ ရွေးထုတ်လိုက်သည်။ သူတို့ကို ခေါင်းမှ ခြေဖျားအထိ ဆေးရုံတွင် ရှိနေသော မိုက်ကူရိုက ရှမ်းဆေးဖြင့် တစ်ကိုယ်လုံး အဖုအပိမ့်များသဏ္ဍာန် ဆေးခြယ်ပေးသည်။ ယင်းနောက် ၎င်းတို့ သုံးဦးအား အခန်းတစ်ခန်းတွင် သီးသန့် ထည့်ထားသည်။ ဆိုင်းဘုတ်တစ်ခုကို အခန်းအပြင်ဘက်၌ ကပ်ထားသည်။

'ကျောက်ရောဂါ၊ မလာရ' ဟူ၍ဖြစ်သည်။
နောက်တစ်နေ့တွင် ဂျပန်အကဲခတ်သမားသည် ဆေးရုံသို့ လူနာဆောင်များ စစ်ဆေးရန် ရောက်လာသည်။ သူက ဤဆေးရုံမှ အမြန်ဖယ်ရှားပေးရန် တတွတ်တွတ်ပြောနေပါသည်။

'မင်းဟာ ခုထက်ထိ ကန့်လန့်တိုက်နေတယ်' ဟုလည်း ပြောပါသေးသည်။
'ဒီနေရာက ဖယ်ပေးဖို့ ကိစ္စနဲ့ပတ်သက်ပြီး ရှင်နဲ့ကျွန်မ သဘောချင်းတိုက်ဆိုင်ပါတယ်၊ ကျွန်မရဲ့ တာဝန်ဝတ္တရားတွေ ကုန်ဆုံးတဲ့အခါမှာ ပြောင်းပေးရမယ်ဆိုရင် ကျွန်မထက် ပိုဝမ်းသာမယ့်သူ မရှိနိုင်ပါဘူး။ ဒါပေမယ့် အခုတော့ မဖြစ်နိုင်သေးဘူးရှင့်'
'မင်းဟာ ဒီဆင်ခြေချည်းပဲ ပေးနေတာပဲ' ဟု သူကပြောသည်။

'ဘာကြောင့် ပြောင်းမပေးနိုင်သေးသလဲဆိုတဲ့အကျိုးအကြောင်း ကို ရှင်သိချင်သပဆိုရင် ကျွန်မပြမယ်၊ ကျွန်မနောက်လိုက်ခဲ့' ဟုစိတ်ဆိုးဟန်ဆောင်ပြီး ပြောလိုက်သည်။
လူမမာ သုံးဦးထားသော အခန်းသို့ သူ့ကို ခေါ်သွားသည်။ ကျောက်ရောဂါ၊ မလာရ ဟူသော ဆိုင်းဘုတ်ကို ညွှန်ပြ ပြီး သူ့ကို အထဲသို့ ခေါ်သွားသည်။

အနီရောင်ရဲရဲ နှင့် ခြယ်ထားသည့် လူမမာ သုံးဦးကို သူက ဖျတ်ခနဲ ကြည့်လိုက်ရင်း `ကျောက်` ဟု တစ်လုံး တည်း ရေရွတ်သည်။
ကျွန်မ၏လူများကလည်း ဟန်ဆောင် ကောင်းလှပါသည်။ ကျွန်မက အသားလွတ် နှစ်သိမ့်နေသည်ကို နားထောင်ပြီး ဝေဒနာ အပြင်းအထန် ခံစားနေရလေဟန် ညည်းညူနေကြပါသည်။ အကဲခတ်သမား၏ မျက်နှာ ဖြူရော်ရော် ဖြစ်သွားပြီး သူ၏ တပ်မှုးထံသို့ သုတ်ခြေတင် ပြေးပါလေတော့သည်။

ခဏအကြာတွင် သူပြန်လာပြီး ကျွန်မတို့ အနားသို့ပင် မကပ်ဝံ့ တော့ဘဲ ခပ်ဝေးဝေး ကနေ၍
`မင်းတို့ ဒီမှာပဲနေပါ၊ တခြားဘယ်မှ မသွားရဘူး၊ ဒါဟာ အမိန့်ပဲ` ဟု ပြောသွားခဲ့သည်။

ကျွန်မ ကြားချင်တာကလည်း ဒီအတိုင်းပင် ဖြစ်သည်။ သူ့အမိန့် ကြောင့် ကျွန်မ အသက်သေနိုင်ကြောင်း၊ သို့တည်းမဟုတ် အကြီးအကျယ် နာဖျားနိုင်ကြောင်း သူ ထင်မှတ်ယုံကြည်နေည်မှာ သံသယ ဖြစ်စရာ အကြောင်း မရှိပါ` ရှောင်တခင် လာစစ်ခဲ့သော် တစ်သက်လုံး ဖုံးသမျှ ကုန်းတော့မှပေါ် `ဖြစ်မှာဘဲ စိုးရိမ်ရသည်။ ထို့ကြောင့် နေ့စဉ်ပင် လူမမာများကို ဆေးခြယ်ပေးရပါသည်။

သို့သော် နောက်တစ်ခါ ထပ်ပြီး ကျွန်မကို ဒုက္ခ မပေးတော့ပါ။ အချိန်များကား တရွေ့ရွေ့ ကုန်လွန်လျက် ရှိသည်။ ဆေးရုံ မှာ ကြာကြာ ဆက်၍ နေရအောင် ကျွန်မ၏ ဖန်တီးမှုသည် အချည်းနှီး ဖြစ်လေပြီလား ဟု စိုးရိမ်စိတ် ၀င်လာသည်။ ဖေဖေသည် မည်သည့် နေရာသို့ ရောက်နေကြောင်း သတင်းအစအန တစ်ခုမှ ရောက်မလာပါ။

ဖခင်အား ဂရုစိုက်ပြုစု ဆေးကုသမှု့ မပေးခဲ့သော် သူ၏ ကျန်းမာရေး အခြေအနေ အရ အသက်ရှင်လျှက် ရှိပါဦးမလား၊ သူ သေမား သေသွားပြီလား ဟု စိုးရိမ်စိတ် ၀င်လာသည်။ ဖေဖေ သည် မည်သည့် နေရာသို့ရောက်နေကြောင်း သတင်းအစအန တစ်ခုမျှ ရောက်မလာပါ။
ဖခင်အားဂရုစိုက်ပြုစု ဆေးကုသမှု မပေးခဲ့သော် သူ၏ ကျန်းမာရေးအခြေအနေအရ အသက်ရှင်လျှက် ရှိပါဦးမည်လား ၊ သူ သေမာ်းသေသွားပြီလား ဟု စိုးရိမ် နေခိုက် ကရိတ်မိုးအိမ်ကြီးသို့ သွားရောက်ခဲ့သည့် ရက်သတ္တသုံးပတ် ပြည့်ရန် တစ်ရက်အလိုတွင် အယ်နီသည် ကျွန်မ ရှိနေသော အခန်းတွင်းသို့ ကမန်းကတန်း ဝင်လာပြီး ကျွန်မကို မြန်မာ လူစိမ်းနှစ်ယောက် က တွေ့လိုကြောင်း ပြောပါသည်။

ကျွန်မသည် ပုံပန်းပျက်နေကြသော သူနှစ်ဦးထံသို့ သံသယ အပြည့်ဖြင့် တုံ့နှေးစွာ လျှောက်သွားပါသည်။ သူတို့၏ ပုံပန်းမှာ တစ်ကိုယ် လုံး ရွံ့များပေကျံလျက် အင်ကျီ အဝတ်အစားများက စုတ်ပြတ်လျှက် ပိန်ချုံးပြီး ထမင်းငတ်နေသူများ အသွင် ဆောင်နေသူများအသွင် ဆောင်နေပါသည်။ ထမင်းတစ်နပ် အတွက် လူသတ်ရန် ဝန်မလေးမည့် သူများလားဟု ကျွန်မ ထင်မှတ်မိပါသည်။

ဆက်ရန်
.

3 comments:

မောင်မောင် said...

မရွှေစင် ရေ
စာလာဖတ်ပါတယ်ဗျ။
အင်း ဗျာ အလုပ်တဖက် နဲ့ မအားတဲ့ကြား က စာရိုက်တင်ပေးနေရတာ အားလဲနာတယ် ဆက်လဲဖတ်ချင်တယ်။
ကျွန်တော် ဆိုလိုတဲ့ UP Load ကကျတော့ Scan မဟုတ်ပဲ နဲ့ လေ မရွှေစင် ရေးထားတဲ့ စာတွေကို MS ပေါ် ကို copy , paste လုပ်ပြီးယင် pdf နဲ့  save လုပ်ထားပြီး တော့ insert page နဲ့စာမျက်နှာထပ်တိုးသွားတာပေါ့။
တစ်တွဲ ၁၀ မျက်နှာ ဆိုယင်ပဲ ခွဲပြီး media fire မှာ uplodaing လုပ်ယင်ရပါပြီ။ Link ကိုတော့ ဘလော့ဂ် မှာ ဖော်ပြထားယင် သူ က သွားပြီး ဒေါင်းလုပ်ဆွဲ ကြည့်သွားနိုင်ပါတယ်။
( ဆရာလုပ်တယ် မထင်စေချင်ပါနော်။)
ကျွန်တော့်ဆီမယ် ရှိတဲ့ စာအုပ်တွေလဲ တင်မယ်ဆိုပြီး တစ်ချို့ upload ပြီးနေပါပြီ။
( လျှာ ရှည်တယ် ဆိုယင်လဲ ပြောယင်ခံရမှာပါပဲ။ :) )၊

ခင်မင်သော
မောင်မောင်

Anonymous said...

အားနာပါတယ်။ ခဏခဏ လာပြောနေတာ။ ၅ မျက်နှာလောက် scan ဖတ်ပြီး တင်ပေးပါလို့ ပြောတော့ဘူးနော်။

တင်ပေးရင်လဲ စိတ်ဆိုးဘူး။ သိလား။

SHWE ZIN U said...

ဟုတ်ကဲ့ ကိုမောင်

ကျေးဇူးပါ ကျနော် ကျိုးစားပြီးလုပ်ပါ့မယ်

ခင်တဲ့
ရွှေစင်