အဓိဌာန်ပြည့်ခဲ့ရပုံ
သို့ရာတွင် ဖြစ်မြဲပျက်မြဲ သင်္ခါရတရားအတိုင်း ဂျပန်တခေတ်လုံး လူတွေဝင်နေပြီး ဘုရား လက်တော်တွေ ခြင်ထောင်ကြိုးချီခံခဲ့ရရုံမက လွတ်လပ်ရေးခေတ်သို့ ရောက်ခါမျ အလွန် လှပ အဘိုးတန်သော ပျော်ဘွယ်ကြီး တန်ဆောင်းမှာ ဓာတ်မီးကြိုးပြတ်၍လား ခိုသိုက် တက်နှိုက်သူများ၏ ဆေးလိပ်မီးကြောင့် လားမသိ၊ မီးခ ပျက်စီး သွားခဲ့ရပါသည်။ နှစ်အတန်ကြာ မပြုမပြင်ထားရာမှ ယခု ထိုတန်ဆောင်းနေရာတွင် ကျမက ၀င်၍ မဟာဗောဓိတန်ဆောင်း ကြီး ဆောက်လုပ်လှူဒါန်းခွင့်ရသည်မှာ ထိုအချိန် ထိုအခါက ကျမ၏ ပြင်းပြသော ဆန္ဒနှင့် အဓိဌာန်ပြုကာ တောင်းခဲ့သောဆု ပြည့်စုံလာရသည်သာဟု ယုံကြည်မိပါသည်။ တချိန်က ဤနေရာတွင် အထည်ကြီးပျက်၊ လူရောစိတ်ပါ ဆင်းရဲဒုက္ခခံနေသော ဒုက္ခသည်အဖြစ်နှင့် နေ့စဉ် လာရောက် ဆုတောင်းခဲ့ရသူ တစ်ဦး ဖြစ်နေသည်မှာ ကိုယ်တွေ့ကိစ္စ ကိုယ်တွေ့ ခံစားရချက် များဖြစ်၍ ဘယ်လို နည်းနှင့်မျှ တသက်မေ့မရတော့ပါ။
မိမိ အဆင့်အတန်းနှင့် စာလျှင် လူက အလွန်တရာ ဆင်းရဲနေစေကာမူ စိတ်မဆင်းရဲလျှင် ရသမျှနှင့် ရောင့်ရဲ တင်းတိမ်ခြင်းဖြင့် လူဆင်းရဲသည်ကို ကာကွယ်ခုခံနိုင်သော်လည်း စိတ်ဆင်းရဲမှုကို ကြာလျှင် သီးခံနိုင်ခြင်း မရှိပါ။ ကျောပူခြင်းထက် နားပူခြင်း မခံမရပ်နိုင် ဆိုသလို သဘောထားမတူ အယူအဆချာင်း မတိုက်ဆိုင် တိုင်း တကျက်ကျက် ဖြစ်ရပေါင်း များ၍ နားပူ နားဆာခြင်း၏ ဆင်းရဲဒုက္ခမှာ တနေ့ထက်တနေ့ ၀န်လေး ဖိစီး လေသည်။
သည်နည်းအတိုင်း သွားလျှင် တသက်လုံး သည်လိုသာ တကျည်ကျည် တလောင်လောင် ဖြစ်နေရ တော့မည်။ ခေါင်းရှင်းရှင်း နားအေးအေး ဘ၀ကို ဘယ်ပုံ ဘယ်နည်းနေရမည်ကို ရွေးချယ်လျက် ရှိပါသည်။ ထိုအတွင်း ပုလိပ်မင်းကြီးရုံး၌ အလုပ်ဝင်လုပ်ရ၍ ခြောက်လခန့် မျှ သာ ရှိသေးသည်။ အခြားသော မိန်းမ တစ်ဦးနှင့် အဆက်အသွယ်ဖြစ်လျက် မျက်နှာ ကွယ်ရာတွင် တိတ်တဆိတ် ညား၍ပင်နေကြောင်း ကြားသိ ရပါသည်။
မကောင်းမည့်အတူတူ စလယ်ဝင် ဖင်မမဲခင်က ကွဲဘို့အတန်တန် ကြိုးစားခဲ့သော်လည်း ၀ဋ် မကုန်သ၍ သုံးနှစ်ခန့် နေလိုက်ရသေးသည်။ ယခုအခါမှာ ကျမ ရှာပေးထားသော အလုပ် နှင့် တဆင့် တက်ပေးဦးမည့် ရာထူး ကိုပင် မစောင့်စား တဘက်မှာ မယားတယောက် ရထားခြင်း တည်းဟူသော (အတွယ်အတာ) ရှိသွားပြီ ဖြစ်သောကြောင့် ပြတ်ပြတ်သားသား ဖြစ်အောင် ကြိုးစားဘို့ အခွင့်အလမ်း ပေါ်လာပေပြီ။ ဤတွင်မှ ကျမသည် ကွာရှင်း စာချုပ် ကို အမြန်ရေးသားခိုင်းကာ သက်သေစုံရာနှင့် နှစ်ဦးနှစ်ဘက် လက်မှတ် ထိုးကာ အပြီး အငြိမ်း ကွာရှင်း ပြတ်စဲပစ်လိုက်ရပါသည်။
ထိုသို့ ယတိပြက် ပြဿနာ ဖြေရှင်းလိုက်သောအခါ ပေါ့ပေါ့ပါးပါးနှင့် နာအေးစိတ်အေး ဖြစ်လာသည်။
တရုပ်တန်း ရပ်ကွက် ဒါလဟိုဇီလမ်း တနေရာမှာ တိုက်ခန်းတစ်ခုငှားပြီး အိမ်ဖေါ်မကလေးတစ်ဦးသာမက၊ မောင်ငယ်နှင့် ယောင်းမတို့ကိုပါ အတူလာနေရန် အဖေါ် ခေါ်ထားလိုက်ပါသည်။ ကျမသည် ဗမာရပ်ကွက် ကုလားရပ်ကွက် စသည်ဖြင့် နေခဲ့ပေါင်း များလှပြီ၊ အိမ်နီးနားချင်းဆိုသည်မှာ မပေါင်းလည်းအခက်၊ အပေါင်းအသင်းလုပ်လျှင် လည်း ရှုပ်ရှုပ်ရှက်ရှက် ဖြစ်တတ်သောကြောင့် ဘယ်သူနှင့်မှ အပေါင်းအသင်း မလုပ်ရဘဲ ခပ်အေးအေး ဇာတ်မြှုပ်နေရမည့်အရပ်ကို ရွေးချယ်သောအခါ၊ ဤနေရာတိုက်ခန်းကလေး ကို အကြိုက်ဆုံး ဖြစ်ပါသည်။ တိုက်ခန်းက သုံးထပ်တွင်ရှိ၍ မိမိကသာ လူတွေကို မြင်ရ သည်။ လူတွေက ပြန်၍မမြင်ရ၊ တရုပ်ရပ်ကွက်ဖြစ်သောကြောင့် စားကောင်း သောက်ကောင်း ဟူသမျှ အောက်ဆင်း လိုက်ရုံနှင့် အချိန်မရွေး ရပါသည်။ မြစ်ဘက်မှ လာသော လေကောင်းလေသန့်ကလည်း အမြဲတိုက်ခတ် လျက်ရှိသောကြောင့် ဈေးနဲနဲနှင့် အကဲထိုက်သော နေရာကလေးဟု စိတ်တိုင်းကျခဲ့မိပါသည်။
ရုပ်ရှင်ဇာတ်ညွှန်းများ
စိတ်အနှောင့်အယှက်များ မကပ်မသီ၊ လွတ်ပြီ ကျွတ်ပြီဖြစ်၍ ခေါင်းအေးအေးနှင့် ရေးချင် သော စာတွေကို ရေးနိုင်လေသည်။ ၀င်ငွေ, ထွက်ငွေမျှတခြင်းမှာလည်း တနည်းအားဖြင့် လူနေမှုကိစ္စမှာ အေးချမ်း သာယာခြင်း ဖြစ်ရပါသည်။ ကျမက နေရေး၊ စာရေး တာဝန် ယူထား သဖြင့် မောင်ငယ်လင်မယားမှာ သူတို့ရရှိလာသော ၀င်ငွေဖြင့် လုံလောက်အောင် သုံးစွဲနိုင်ကြရာ အခြေအနေမှာ အလိုက်အထိုက် သာယာလျက် ရှိနေကြပါသည်။ အေ၀မ်းရုပ်ရှင်ကုမ္ပဏီမှ ဦးလှဘူး ကလည်း ကုမ္ပဏီမှ စေလွှတ်ချက်အရ အသံထွက် ရုပ်ရှင်ဇာတ်ညွှန်းများကို မကြာခဏ လာရောက် တောင်းသဖြင့် ရှေးဇာတ်ကား၊ ခေတ် ဇာတ်ကား များ ရိုက်ကူးဘို့ ရပ်နားရသည်မရှိအောင် ရေးသား ပေးနေရပြန်ပါသည်။
ထိုဇာတ်ကား များတွင် အေးဝမ်းကိုတင်အောင်နှင့် ခင်နှင်းရီတို့၏ ပွဲကြီး ပွဲကောင်းဟု ဆိုရမည် ဖြစ်ပြီး ဦးလေးကြီး ဆိုသော အမည်နှင့် ဦးတင်မောင်အား နာမည်ကြီးသွားစေသော ချစ်စနိုး ဇာတ်ကားမှာ ကျမ၏ ဇာတ်ညွှန်း မပါ ၀တ္ထုကိုသာ သုံးလိုက်သော်လည်း နောက်တစ်ဇာတ်ဖြစ်သော မမထားနှင့် အပါဟုနာမည် ရလာ ပြန်သော မြားနတ်မောင် ဇာတ်ကားမှာတော့ ကျမက ဇာတ်ညွှန်း ရေးပေးရပါသည်။ မူလ ဇာတ်လမ်း အတိုချုပ်မှာတော့ ဒဂုန်မြတ်လေးနွယ်က တကယ့်အဖြစ်အပျက် တစ်ခုကို ရေးပို့ လိုက်ခြင်း ဖြစ်ရာ အသက်ငယ်ရွယ်သူ လူပျိုပေါက်စနှင့် အပျိုကြီးမမတို့ အဖြစ် အပျက်ဖြစ်၍ ထိုစာရွက်၂ရွက်မျှသာ ရှိသော ဇာတ်လမ်းအတိုချုပ်ကို စကားပြောကွက် ဒိုင်ယာ လောက်များနှင့်တကွ ဇာတ်ကွက်ဇာတ်လမ်းများ ပြည့်ဝ စုံလင်လာရန် ထပ်မံဖြည့်စွက် ရေးသား ပေးရသည်။
ယခင်ချစ်စနိုး ဇာတ်လမ်းတွင် အသက်ငယ်ရွယ်သူ မိန်းခလေးများနှင့် လူပျိုကြီး ကိုတင်မောင်တို့ အချစ် ဇာတ်လမ်းကို ပရိသတ်စွဲလမ်းသကဲ့သို့ ထိုဇာတ်လမ်းကို ဗြောင်းပြန်ထား၍ ကိုတင်မောင်နှင့် မေရှင်တို့ တွဲထားသော ကာလသား လူပျိုပေါက်စနှင့် အသက်ကြီးသော အပျိုကြီး တစ်ဦးတို့ အချစ်ဇာတ်ကားဖြစ်ရာ ဇာတ်အိမ်ဇာတ်ကွက် အကြောင်းအရာချင်းကတော့ ချစ်စနိုးနှင့် တဘာသာစီ ခြားနားလျက် ရှိပါသည်။ ဤတွင် လူပျိုကြီး ကိုတင်မောင်မှာ ကာလသား လူပျို ပေါက်စ အပါအ၀င်ဖြစ်၍ ပရိသတ် ကြိုက်သွား ပြန်ပါသည်။
ထိုပြင် ရှေးနန်းတွင်း ဇာတ်ကားများဖြစ်သော ရေနန်းသိဒါ ခေါ် ဇာတ်ညွှန်းတစ်ခုနှင့် ရွှေပုပ္ပါး ဇာတ်ညွှန်း တစ်ခု မှတ်မှတ်ရရ ရေးပေးလိုက်ရပြီး အခြားမမှတ်မိသော တစ်ပိုင်းတစ်ဇာတ်ညွှန်းများ လည်း ရှိခဲ့သေး၏။ ထိုအချိန်က ဇာတ်ညွှန်းအပြည့်အစုံ ရေးခသည် ၅၀၀ိ မျှသာ ရသော်လည်း ငွေတန်ဘိုး ရှိနေသော အချိန်အခါ ဖြစ်ပါသည်။ သို့ရာတွင် ရေနန်း သူဇာနှင့် ရွှေပုပ္ပါး ဇာတ်ကားတို့ မှာ ခမ်းခမ်း နားနား အချိန်ယူ၍ ရိုက်ရန် စီမံနေရင်း စစ်ကြီး ဖြစ်လာပြီး စစ်အတွင်းက အေ၀မ်းခြံမှာ မီးလောင် ဗုံးကျသဖြင့် ပါသွား သည်ကိုဟု သိရပါသည်။ ကျမထံမှာ ဇာတ်လမ်းအတိုကောက် မှတ်ချက်ကလေးများ ကျန်ရှိနေ သောကြောင့် ဖတ်ကောင်းမည့် ၀တ္ထုရှည်အဖြစ် ထပ်ရေးဦးမည် ရည်ရွယ်ထားသော်လည်း ယနေ့အထိ အထ မမြောက်ခဲ့သေးဘဲ ရှိနေပေသည်။
ဥာတကာနံ၏ အညှဉ်းဆဲခံ ဘဝ ဆက်ရန်

.
No comments:
Post a Comment