Tuesday, February 2, 2010

မြန်မာပြည်၏ ဟယ်လင် အပိုင်း ( ၂)

မြန်မာပြန်သူ၏ အမှာ

၁၉၈၅ ခုနှစ်၊ စက်တင်ဘာလ၊ ၂၃ ရက်နေ့တွင် ဗြိတိန်နိုင်ငံ ဘာဆယ်လ်ဒန်မြို့၌ အလုပ်လုပ်နေသော သမီးနှင့်သားမက်များ လာခေါ်သဖြင့် အလည်အပတ် ရောက်ခဲ့၏။ ဘာဆယ်လ်ဒန် မှာ လန်ဒန်မြို့  အရှေ့ဘက်မိုင် ၃၀ ခန့်အကွာတွင် ရှိသည်။
တနေ့တွင် ဘာဆယ်လ်ဒန် စာကြည့်တိုက် ရောက်သွားခဲ့ရာ ' မြန်မာပြည်၏ ဟယ်လင်' (Helen of Burma) ကိုစာအုပ် စင်ပေါ်၌ တွေ့၍ ငှားလာခဲ့သည်။ ဤစာအုပ် လက်ဝယ်ရရှိပြီး များမကြာမီ ကျွန်ုပ်၏ ခြေထောက် နှစ်ဖက် စလုံးမှာ ခြေချောင်းကလေးများ မတော်တဆ မီးလောင်သွားသည်။

ဗြိတိန်နိုင်ငံသို့ ရောက်ပြီး တစ်လတိတိဖြစ်သောအောက်တိုဘာလ၊၂၄ရက်နေ့တွင် ဆေးရုံတက်ခဲ့ရ သည်။ ဆေးရုံတက်နေစဉ် လမ်းလျှောက်ခွင့်မပြုပါ။ ပျင်းပျင်းရှိတိုင်း မြန်မာပြည်၏ ဟယ်လင်ကို  အဖော်ပြုရသည်။
ဒုတိယ ကမ္ဘာစစ်ကြီး မြန်မာနိုင်ငံသို့ ကူးစက်လာသောအချိန်တွင် ဟယ်လင်သည် တောင်ကြီးမြို့ ဆေးရုံ၌ သူနာပြုချုပ်အဖြစ် တာဝန်ယူနေသည်။ ၁၉၄၂ ခုနှစ်၊ဧပြီလ ၁၀ရက်နေ့တွင် တောင်ကြီးမြို့ကို  ဂျပန် လေတပ်က လာရောက်ပြီး ဗုံးကြဲစက်သေနတ်နှင့် ပစ်ခတ်၍ လူအမြောက်အမြား သေဆုံးဒဏ်ရာ ရသည်။ အဆောက်အအုံနှင့် အိမ်များ၊ဆေးဆိုင်များ၊ ရုပ်ရှင်များ မီးလောင်၍ ကမ္ဘာပျက်သလို  ဖြစ်ခဲ့သည်။

ဆေးရုံမှဆရာဝန်များ၊ သူနာပြု ဆရာမများ အားလုံးလွတ်ကင်းရာသို့ အပြီးအပိုင် ထွက်သွားကြသည်။ ဟယ်လင်တစ်ဦးတည်း ဆေးရုံကို တာဝန်ယူ ကျန်ရစ်ခဲ့သည်။ တိုင်းမင်းကြီးနှင့် စစ်ဘက်အကြီးအကဲတို့က ဟယ်လင်အား တောင်ကြီးမြို့မှ ထွက်ခွာသွားရန် ပထမ တိုက်တွန်း သည်။ နောက် အမိန့်ပေးသည်။ ဟယ်လင် က ဆေးရုံတွင် ရှိနေကြသော မကျန်းမာသူများ၊ ဒဏ်ရာရသူများကို ပစ်ပြီး မသွားရက်၍ ခေါင်းမာ နေသည်။ နောက်ဆုံး အင်္ဂလိပ်စစ်တပ်၊ တရုတ်စစ်တပ်များ ဆုတ်ခွာသွားကြသောအခါ  ကျန်နေ ရစ်ခဲ့သည်။

ဟယ်လင်၏ ဖခင်မှာ ပေါ်တူဂီ အမျိုးသား သမားတော်ကြီးဖြစ်သည်။ မိခင်မှာ စကော့အမျိုးသမီးဖြစ်သည်။ မြန်မာနိုင်ငံ ဆေးဘက်ဌာနတွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ဆုံး  တောင်ကြီးမြို့သို့ ဆရာဝန်ကြီးအဖြစ် ရောက်သွားသည်။
တောင်ကြီးမြို့သည် စကော့တလန်နှင့် ရေ မြေ ရာသီဥတု အစစ တူညီနေမှုကြောင့် ဟယ်လင်၏ မိဘများက မြန်မာနိုင်ငံတွင် ခေါင်းချတော့မည်ဟု ဆုံးဖြတ်ခဲ့ကြသည်။ အငြိမ်းစားယူပြီး မြေယာများ ၀ယ်ယူ ၍ အိမ်ဆောက်ကြသည်။

ဟယ်လင်သည် သူမ၏ စစ်အတွင်း အတွေ့အကြုံများကို ရေးသားထားသည်။ ဗုံးဒဏ်၊ စက်သေနတ် ဒဏ်ကြောင့် ဒဏ်ရာရသူများကို ပြုစုကုသရာတွင် သူမ၏ အပင်ပန်းခံနိုင်မှု၊ စိတ်စေတနာ ရှိမှုတို့သည်  အံ့မခန်း ချီးကျူးဖွယ်ရာအတိ ဖြစ်ပါသည်။
စစ်ဦး ဘီလူးဆိုဘိသကဲ့သို့ ဂျပန်စစ်သားများ၊ တရုတ်စစ်သားများ၏ အနိုင်ကျင့် ဗလက္ကာရပြုခြင်း ခံရသော အချိန်တွင် သူမက သတ္တိရှိရှိဖြင့် ရင်ဆိုင်ရာတွင်လည်း သည်းထိတ်ရင်ဖိုဖြစ်ဖွယ်  ကောင်းလှပါသည်။

ဂျပန်စစ်သားနှစ်ဦးအား နပန်းခံလုံးခဲ့ရုံမျှမက သေနတ်နှင့် ပစ်သတ်ခဲ့သည်။ တရုတ်စစ်သား တစ်ဦး သည်လည်း သူမအား အနိုင်ကျင့်ရင်း အသက်ပေးသွားခဲ့ရသည်။
ဂျပန်ကင်ပေတိုင်က သူမအား သူလျှိုအဖွဲ့တွင် ပါဝင်သည်ဟု စွပ်စွဲ၍ ရက်ပေါင်းများစွာ ဖမ်းဆီးထားပြီး ညှဉ်းပမ်း ရိုက်နှက်ခဲ့သည်။ လက်သည်းခွံများ ခွာခဲ့သည်။ ဖမ်းဆီးထားသူများကို သူမမြင်နိုင်သည့်  နေရာသို့ အကြိမ်ကြိမ် ခေါ်ယူလာခဲ့ပြီး သူမ၏ရှေ့တွင် သေနတ်နှင့် ပစ်သတ်ခဲ့သည်။ ထိုလူသတ်ပွဲများကို သူမအား အတင်းအဓမ္မ ကြည့်ခိုင်းသည်။
ဟယ်လင်သည်ဂျပန်ဆိုးများနှင့် ခါးသီးစွာ တွေ့ကြုံခဲ့ရသလို ဂျပန်လူကောင်းများနှင့်လည်း ရင်းနှီးစွာ ဆက်ဆံ ခဲ့ ရသေးသည်။

အင်္ဂလိပ်စစ်ပြေးများ၏ အကျဉ်းစခန်းမှ ဗိုလ်ကြီးမူရန်နိုင်သည် အင်္ဂလိပ်တပ်များ ရောက်လာသော အခါသတ်သေသွားခဲ့သည်။ ဟယ်လင်တို့က ပုပ်ပွနေမှ အလောင်းကိုသွားတွေ့သည်။ အလွန်စိတ်သ  ဘောထား မွန်မြတ်သူ ဖြစ်၍ ရုပ်အလောင်းကို ကောင်းမွန်စွာ သင်္ဂြိုလ်ပေးရန် ဟယ်တို့က စီစဉ်သည်။
ယင်းအခိုက် အင်္ဂလိပ်စစ်ဗိုလ်များ စခန်းသို့ရောက်လာကြသည်။ ညတွင် ကပွဲပြုလုပ်မည်ဖြစ်၍ အသက် ငယ်ရွယ်သူ အမျိုးသမီးများအား ညကပွဲသို့တက်ရောက်ရန် ဖိတ်ကြားလာခြင်း ဖြစ်သည်။
ဟယ်လင် ငိုကြွေးနေသည်ကို ကြည့်ပြီး အင်္ဂလိပ်စစ်ဗိုလ်တစ်ဦးက ပြက်ရယ်စကားဆိုသည်။ ဟယ်လင်သည် သူစီးထားသော ခုံဖိနပ်ကို ချွတ်၍ စစ်ဗိုလ်အား ပါးချခဲ့သည်။

ဘာသာပြန်သူသည် ဘာသာပြန်ခြင်းနှင့် စိမ်းနေသူဖြစ်သည်။ ဘာသာပြန်ဖြစ်ခြင်းမှာ ဟယ်လင် အပေါ် ၌ အလွန် လေးစားသည်လည်း ပါပါသည်။ ခြေချောင်းများ မီးလောင်၍ အိပ်ရာထဲ၌ လဲနေသူတစ်ဦး  စိတ်ဓာတ် မကျစေရန် ဖြေဖျောက်သည်လည်း ပါသည်။ စစ်အတွင်း အတွေ့အကြုံများကိုယနေ့ မြန်မာစာတ် ပရိသတ်အား ဖတ်စေချင်သော စေတနာလည်းပါသည်။
မိမိ၏ ညီငယ်ပမာ ချစ်ခင်သော အထောက်တော်လှအောင် မိမိ၏စာမူကို တည်းဖြတ်ပြင်ဆင်ပေးရန် မေတ္တာရပ်ခံခဲ့သည်။ အတောက်တော်လှအောင်က စေတနာအပြည့်အ၀ဖြင့် တည်းဖြတ်ပေးခဲ့သဖြင့်  သူ့အား ကျေးဇူးအနန္တ တင်ရှိကြောင်း ဖော်ပြလိုသည်။

စစ်ကြိုခေတ်ကတည်းက ဟယ်လင်နှင့် သိကျွမ်းရင်းနှီးခဲ့သော ရဲဘော်ကြီးသခင် ကျော်စိန်အား မိတ်ဆက် အမှာစာရေးပေးရန် ဟယ်လင်၏ မူရင်းစာအုပ်ကို ဖတ်ကြည့်ရန် ပန်ကြားခဲ့သည်။
သခင်ကျော်စိန်ကလည်း သူနှင့်ဟယ်လင်တို့မည်သို့မည်ပုံ ကြုံတွေ့လာခဲ့သည်ကို မိတ်ဆက်အမှာ စာတွင်ဖော်ပြထားသည်။ စာအုပ်နှင့် ပတ်သက်၍လည်း သူ၏အမြင်ကို ကွက်ကွက်ကွင်းကွင်း ရေးသား  ခဲ့သည်။
သခင်ကျော်စိန်အား အထူးပင် ကျေးဇူးတင်ကြောင်းဖော်ပြလိုပါသည်။

 စကားချီး

ကျွန်ုပ်သည် ဟယ်လင်ရောဒရစ် ကို တစ်ကြိမ်သာ ဆုံတွေ့ခဲ့ဖူးပါသည်။ သို့သော် အမှတ်ထင်ထင် ဖြစ်သောကြောင့် ကျွန်ုပ် သူမကို ဘယ်တော့မှ မေ့ပျောက်တော့မည်မဟုတ်ပါ။ သူမသည် အလွန်ဝပါသည်။ 
သို့သော် သူမ၏ ဖိုင့်ဖိုင့်ကြီး အခြေအနေထက် သူမ၏ အားအင်နှင့်အသက်ဝင်လှုပ်ရှားးမှုတို့ကိုသာ ခံစားမိသည်။ သမားရိုးကျ စံချိန်များအရ သူမသည် အရုပ်ဆိုးပါ၏။ သို့စင်လျက် သူမ၏ သူရ သတ္တိ နှင့် ဂုဏ်ကျက် သရေ ရှိမှုတို့ကြောင့် တစ်မျိုးလှပါသည်။ သေမတတ် ခံလိုက်ရသည့် နှလုံးရောဂါ ဒဏ်ခံရပြီးနောက် ဖြည်းဖြည်းချင်း နာလန်ထလာနေပေသည်။ ၄င်းပြင် လပေါင်းများစွာတွင် ပထမဦးဆုံး  အိမ်ပြင် ထွက်ခြင်းလည်း ဖြစ်ပါ၏။ ခြေဖ၀ါးများကို မကြာမြင့်မီက ခွဲခဲ့ရာ ဒဏ်ရာများမှာ ရင်းနေသည်။

မြေကြီးနှင့် ခြေဖ၀ါးထိတိုင်း မချိမဆံ့ ခံရရှာသည်။ မော်တော်ကားမှနေ၍ စားသောက်ဆိုင်စားပွဲအထိ ကိုက်သုံးဆယ်ခန့်သာရှိပါ၏။ ယင်းခရီးကို တစ်ကြိမ်လျှင် လက်မအနည်းငယ်မျှ ရှပ်တိုက်  လျှောက်လာခဲ့ရာ ဆယ့်တစ်မိနစ် မျှထိ ကြာသည်။ သူမ၏ မျက်နှာမှာ နာကျင်လွန်း၍ ရောင်နေသည်။ ပြက်လုံးထုတ်လိုက်၊ ညည်းလိုက်၊ ကိုယ့်ဒုက္ခကိုယ် သရော်တော်တော် တိုးတိုးရေရွက်လိုက်နှင့်  ရှိနေသည်။ အမှန်မှာ ကျွန်ုပ်တို့က သူ့အိမ်လာခဲ့ရမှာ ဖြစ်သည်။ သို့သော် သူမက သူ အိမ်ပြင်ထွက်ချိန် တန်ပြီဟု ဆုံးဖြတ်ပြီးနေပြီ။ ဒီတော့ ဘာမှမပြောသာ။ သူမ ဘာလုပ်အပ်သည်ကို ဟယ်လင်  ဆုံးဖြတ်ပြီးလျှင် သာမန်လူသားကတော့ သူ့စိတ်ကို မပြောင်းနိုင် ကောင်းပါ။

သူမ ထိုင်ရမည့် ကုလားထိုင်ကို ရောက်သောအခါ မိနစ်အနည်းငယ်အမောဖြေ နားနေသည်။ သို့သော် သူမ ရှိနေခြင်း မှာ ၀ိုင်းတွင် လွှမ်းမိုးနေသည်။ စကားစပြောသည်နှင့် သူမကို ၀ိုင်း၍ အာရုံစိုက်ကြ၏။ 
စကား ရှည်ရှည် သို့မဟုတ်ဲ ကျယ်ကျယ်လောင်လောင် ပြော၍ မဟုတ်ပါ။ ထိုသို့မဟုတ်ရုံသာမကဘဲ သူမ သည် တစ်ပါးသူ ပြောစကားကို ကောင်းကောင်းကြီးနားထောင်သူဖြစ်၍ သူမအကြောင်းကိုလည်း  ပြောချင် လှသူမဟုတ်ပါ။ စကားလုံးတိုင်းတွင် ပါလာသည့် သူမ၏ပုဂ္ဂလိက အားအင်ကြောင့်သာ သူမအား ၀ိုင်းဝန်း အာရုံစိုက်ကြခြင်း ဖြစ်ပါသည်။

စိတ်ရှည် ညင်သာစွာ ဖြည်းဖြည်းချင်း တိုက်တွန်းသည် ပထမ ကမ္ဘာစစ်အတွင်း မြန်မာပြည်၌ သူမ ကြုံတွေ့ခဲ့ရသည့် ဘ၀ကိုပြောလာသည်။ ရိုးရိုးစင်းစင်းနှင့် ဟာသပါပါ ပြန်ပြောပြ ခြင်း ဖြစ်သည်။ ၄င်းပြင် မိမိကိုယ် မိမိကရုဏာသက်မှုလည်း လုံးဝမပါ။ အဖြစ်အပျက်များ သည်ကြောက်ခမန်းလိလိဖြစ်ပြီး ဖိစီး တွန်းကန်မှု များမှာလည်း မပြတ်မလပ်ဖြစ်ရာ လူတစ်ယောက်အဖို့ မည်သို့ ကျော်လွားခဲ့သည်ကို  စဉ်းစားရန် ပင်ခက်လှသည်။ အသတ်ခံရမူးမူးလည်း ဖြစ်ခဲ့ပေါင်း များခဲ့ပေပြီ။ သို့ရာတွင်ထိုညက ကျွန်ုပ်တို့ အား ပြောပြနေသည့် အမျိုးသမီး၏ စိတ်ဓာတ်ကိုကား မည်သည့်အရာ ကမျှ ချေမှုန်းခဲ့နိုင်မည်  မဟုတ်ပေ။

နောက်ခြောက်လ ခန့်် အကြာတွင် သူမ၏ ဘ၀ မှတ်တမ်း ပထမ စာမူကြမ်း ကောလင်းထုတ်ဝေရေးသို့ ရောက်ရှိလာသည်။ သူမရေးထားသည့် အနက် အများစု အထောက်အထားများအရ မှန်ကန်ကြောင်း  ထင်ရှား ပါသည်။ ဥပမာ ဂျော့ခ်ျ တံဆိပ်ဆိုလျှင် ပေါ့ပေါ့ တန်တန် နှင့် ရသည်မဟုတ်ပါ။ သို့စင်လျက် စာရေးသူကိုသာ မသိခဲ့လျှင် သူမ၏ ဇာတ်လမ်းမှာ တကယ်ပင် မယုံစရာ ထင်မြင်ရပါမည်။ 
ဇာတ်လမ်းမှာ မြင့်မြတ် လှသည့် စွန့်စား စွန့်လွှတ်မှု ဇာတ်လမ်းဖြစ်သည်။ ခံနိုင်ရည်ရှိမှုများလည်း သံန္န်ဋ္ဌာန် ချမှတ်ထားသည့် သဖွယ်။ လူသား တို့၏ မကုန်ခန်းနိုင်သော စွမ်းအားများကို အံ့ချီးရုံသာရှိသည်။ 'မြန်မာပြည် ၏ ဟယ်လင်' ကို ဖတ်လျှင် လူသားတို့အနေနှင့် ဟယ်လင်ရောဒရစ် ကြောင့် ပိုမို ကြီးမြတ် လာရသည်ဟု ခံစား ရမည်မှာ အမှန်ပင်။

အတန်ကြာသည်တွင် သူမသေရှာပါသည်။ သူမစာအုပ်၏နောက်ဆုံး ပုံပန်းကို မမြင်လိုက်ရရှာ။ အသေ စောပါ၏၊ ၀န်နှင့်အားမမျှအောင် ထမ်းခဲ့ရသည့် နှလုံးသည် မခံနိုင်တော့။ အိပ်နေစဉ် သေသွားသည်။ 
သူမသာ ရှိလျှင် ဝေဖန်ချက်များ၊ ဆောင်းပါးများကို အရသာခံ ဖတ်မည်ဖြစ်သည်။ ပုဂ္ဂိုလ် အနေနှင့် အထင် ကရ ဖြစ်ခြင်းကို သူမနှစ်သက်မည် မဟုတ်။ သို့သော် ကျက်သရေရှိရှိ ခံယူပေလိမ့်မည်။ 
ဤစာအုပ်သည် သူမအဖို့ကျောက်တို်င်အဖြစ် ရပ်တည်ရပေမည်။ ရိုးရိုးလေးနှင့် စိတ်လှုပ်ရှား စရာ ပြောထားသည့် ဇာတ်လမ်းမှာ ကျွန်ုပ်တို့ မျိုးဆက်တွင် အကြီးမြတ်ဆုံး အမျိုးသမီး တစ်ဦး၏ ဇာတ်လမ်း  ဖြစ်ပေသည်။

ဟယ်လင်သာရှိလျှင် ဤစာအုပ်ပုံနှိပ်ထုပ်ဝေရာတွင် သူမ၏မိတ်ဆွေ ဖြစ်သူ အယ်ဖရက်ဒရေပါ ၏ ဆောင်ရွက်ချက်ကို ဂုဏ်မပြုဘဲ နေမည်မဟုတ်ပေ။ အယ်ဖရယ်သည် သူမအား အကြံဥာဏ်ပေးသည်၊   အားပေး သည်၊ ထိုအကြံဥာဏ် အားပေးချက်များသည် ဤဇာတ်လမ်း ပြောဖြစ်သွားအောင် ကြီးစွာ အထောက် အကူပြုခဲ့ပေသည်။

(၁)

ဧပြီလ ၁၀ ရက်နေ့နံနက် ၁၀ နာရီထိုးပြီးစ အချိန်တွင် အေးချမ်းသာယာလှပသော တောင်ပေါ်စခန်း မြို့ဖြစ်သည့် တောင်ကြီးမြိုသို့ စစ်ဘေးစစ်ဒဏ် ကျရောက်လာခဲ့ပါသည်။ လေထုကို ခွဲ၍ ကျလာသော ဗုံးသံများ၊ဗုံးပေါက်ကွဲသံများ၊ စက်သေနတ်ဖြင့် တရစပ် ပစ်ခတ်သံများ သည် တိတ်ဆိတ်ငြိမ်သက်နေမှုကို ဖျက်ဆီးပစ်လိုက်ပါသည်။ အထက်မြန်မာနိုင်ငံ ရှမ်းပြည်နယ်  တောင်ပိုင်း၏ သေးငယ်သော မြို့တော်သည် မိနစ်ပိုင်းအတွင်းမှာပင် သားသတ်ရုံသဖွယ် ဖြစ်သွားခဲ့ပါ သည်။

ဗုံးကြဲလေယာဉ်ပျံများ၊ တိုက်လေယာဉ်များသည် အသစ်တစ်ဖန်တိုက်ခိုက်ရန်အတွက် နိမ့်နိမ့်ကလေး ပျံသန်းနေရမှ ကောင်းကင်သို့ ထိုး၍ တက်သွားခိုက် အချိန်၌ ဒဏ်ရသူများ၊ သေအံ့မူးမူးရှိနေသူ များ၏  ကမ္ဘာ ပျက်ခမန်း အော်ဟစ် ညည်းညူသံများကို ကြားနိုင်ကြပါသည်။
အကာအကွယ်မဲ့နေသော မြို့ကို တစ်န်ာရီပြီး တစ်န်ာရီ ဂျပန်လေသူရဲများက ချေမှုန်းနေကြပါသည်။ လက်လွတ်စပယ်၊ အဓိပ္ပာယ်မဲ့ ဖျက်ဆီးနေခြင်း ဖြစ်ပါသည်။ အဆင့်အတန်း မြင့်မြင့် ကျွမ်းကျင်ပြီး သော လေသူရဲများအနေဖြင့် အားစိုက်စရာ မလိုဘဲ အလွယ်တကူပင် လေ့ကျင့်ခန်း ဆင်းသလို ပစ်ခတ်သလို ပစ်ခတ်တိုက်ခိုက် နိုင်ကြပါသည်။ သူတို့သည်  နိမ့်နိမ့်ပျံသန်း၍ ပစ်မှတ်ကို စိတ်ကြိုက် ရွေးချယ် ဖျက်ဆီး ပစ်နိုင်ကြပါသည်။

စစ်စည်းကမ်းများကို လုံးဝ ဂရုမပြုဘဲ သူတို့သည် ဆေးရုံနှစ်ရုံကို အထူးတလည် ရွေးချယ်၍ တိုက်ခိုက်ကြလေသည်။ ဗြိတိသျှ စစ်ဆေးရုံလုပ်ထားသော တောင်ကြီးမြို့ ရှမ်းစော်ဘွားသားများ၏  ကျောင်းဟောင်း နှင့် အသက် ၂၆ နှစ်အရွယ် သူနာပြုဆရာမချုပ် လုပ်နေသော ကျွန်မတို့၏ဆေးရုံနှစ် ကိုမဲနေ ကြပါသည်။
စာဖတ်သူများ အနေနှင့် စိန့်သောမတ်(စ်)ဆေးရုံကြီးလို သို့တည်းမဟုတ် စိန့်ဘာသိုလိုမြူး(စ်) ဆေးရုံကြီးလို ကြီးကျယ်ခမ်းနားသည့် ဆေးရုံများကိုသာ ဆေးရုံအဖြစ် သိနေကြရာ ကျွန်မတို့၏ဆေးရုံ  ကိုလည်း အလယ် အလတ် တန်းစားဟု ယူဆကြပေလိမ့်မည်။ အမှန်တော့ ကျွန်မတို့ဆေးရုံမှာ သွပ်မိုးပြီး လေးဘက်လေးတန် ၀ရန်တာထုတ်ထားသော တစ်ထပ်တိုက်ကလေးသာ ဖြစ်ပါသည်။ မိုးရွာသော အခါသွပ်မိုးမှထွက်လာသည့် အသံသည် ဗုံးအလုံးပေါင်းတစ်ထောင် တီးနေသလိုထင်ရ၏။

ကျွန်မအတွက်မှု အားလုံးပြည့်စုံပါသည်။ ပြင်ပလူနာဋ္ဌာန၊ ခွဲစိတ်ကုသသော ယောက်ျားဆောင်၊ ခွဲစိတ် ခန်းမ၊ ကလေးများနှင့် ရောထားသော အမျိုးသမီး လူမမာများအတွက်အဆောင်၊ ဆေးပေးခန်းနှင့်  ယောကျာ်း ဆေးကုအဆောင် များရှိပါသည်။
 ဆေးရုံဝင်း အတွင်း၌ ၀န်ထမ်းများ နေရန်ဆောက်ထားသည့် အဆောက်အအုံမှ ကျွန်မအတွက် သေးငယ် သော အခန်းနှစ်ခန်း ပေးထား၍သက်သောင့်သက်သာ ရှိပါသည်။ ဆေးရုံနှင့် အိမ်မှာနီးနီး  ကပ်ကပ် ရှိမှုကြောင့် အလုပ်ဆင်းရာတွင် လမ်းများများမလျှောက်ရပါ။ မိဘများ၏ အိမ်နှင့်လည်း မဝေး လွန်းလှပါ။

ပထမဦးဆုံး ဗုံးကျလာသည့်အချိန်တွင် ကျွန်မသည် ဆီးချိုရောဂါရှင် လူမမာအဘိုးကြီးတစ်ဦး၏ ခြေချောင်း ကလေးများ ဖြတ်ပေးပြီးစ ဖြစ်ပါသည်။ ခြေချောင်းကလေးများအား ဆေးကြာသုတ်သင်ပေး  စက်သေနတ် ဒဏ်ကြောင့် ပြတင်းပေါက်မှ မှန်စအကွဲများ လွင့်စဉ်လာပါသည်။
လူမမာ မှာ လှုပ်ရှားနိုင်မည် မဟုတ်၍ ကျွန်မသည်လူမမာအား အိပ်ရာခင်းနှင့်အတူ ချီမပြီးကြမ်းပြင်ပေါ် ၌ချထားလိုက်သည်။ စက်သေနတ်သံများ ပျေက်သွား၍ခေါင်းမော့ကြည့်လိုက်သောအခါ အုတ်နံရံတွင် စက်သေနတ် ကျည်ဆန်ရာ များမှာ အကျီင်္ချုပ်ရိုးကဲ့သို့ သီတန်းနေသည်ကို တွေ့ရပါသည်။

ကျွန်မ၏ အလိုအလျောက်ဖြစ်ပေါ်လာသော စိတ်ဖြင့် လူမမာကိုအိပ်ရာပေါ်မှ ဖယ်ရှားခြင်းမပြုခဲ့သော် ကျွန်မတို့နှုစ်ဦးစလုံး စက်သေနတ်စာ ဖြစ်သွားဖို့သေချာပါသည်။
'' ငြိမ်ငြိမ်နေ၊ မလှုပ်နဲ့ '' ဟုကျွန်မက လူမမာအားပြောလိုက်သည်။ ထိုအချိန်က ထိုစကားကို ပြောခဲ့စေကာမူ ယခုပြန်လည်စဉ်းစားကြည့်သောအခါ လူမမာသည်လှုပ်ရှားနိုင်သောအခြေအနေတွင် မရှိပါ။
ဗုံးကြဲချပြီး နာရီအနည်းငယ် ကြာသည်အထိ ကျွန်မ၏စိတ်အစဉ်သည် မှုန်ဝါးဝါးဖြစ်နေခဲ့သည်။ ကျွန်မတို့ စိတ်အစဉ်သည် မှုန်ဝါးဝါးဖြစ်နေသည်။ ဘာတွေဘယ်လိုဖြစ်ကုန်သည်ဆိုတာကို အစီအရီ  တွေးမရခဲ့ပါ။ ကျွန်မနှင့် လက်အောက်ခံသူနာပြု အဖွဲ့တို့အနေမူ ကမ္ဘာပျက်သလို ဖြစ်ခဲ့ရပါသည်။ ကျွန်မတို့သည် ၉၆ ပါးသော ရောဂါဝေဒနာရှင် များကို ဆေးကုသပေးနေကြရာမှ လူသား အချင်းချင်းနှိပ်  စက်မှု ကြောင့် ဖြစ်ပေါ်လာသော ခြေကျိုး၊ လက်ကျိုးများ၊ ကျည်ဆန်(သို့မဟုတ်) ဗုံးဆန်တို့ကြောင့် ဖြစ်ပေါ်လာသော ဟောင်းလောင်း ပေါက် ဒဏ်ရာများ၊ သွေးတစ်ပေါက်ပေါက် ပန်းထွက်နေသော  ဒဏ်ရာများ၊ ခြေပြတ် လက်ပြတ် များကို ကုသပေးကြရပါသည်။

လေယာဉ်ပျံများက ဗုံးကြဲ၊ စက်သေနတ်များနှင့် ပစ်ခတ်သွားပြီး နောက်မကြာခင်မှာပင် အမြှောက်ဆန် များကတောင်ကြီးမြို့ပေါ်သို့ ကျရောက်လာကြပြန်ပါသည်။
တောင်ကြီးမြို့မှာ စစ်ဘက်ရေးရာနှင့် ကြည့်လျှင်အရေးကြီးသော မြို့မဟုတ်ပါ။ မီးရထားလမ်းဆုံး ဖြစ်သော ဟဲဟိုးမြို့နှင့် ၂၂ မိုင်ကွာဝေး၍ နွားလှည်းနှင့် သွားရပါသည်။ ကျွန်မ၏စိတ်ထဲ၌ လူတွေကို  ရက်ရက် စက်စက် သတ်ဖြတ်ပွဲ ကျင်းပနေရော့သလား ဟုယူဆပါသည်။

ယနေ့သည် တောင်ကြီးမြို့၏ ဈေးနေ့ ဖြစ်ပါသည်။ တောင်ကြီးမြို့ပတ်ဝန်းကျင် ကျေးရွာများမှ တောင်သူ များသည် ဟင်းသီးဟင်းရွတ် သစ်သီးဝလံများ၊ ငါးများ၊ ငွေလက်ကောက်များ၊ ယက်ထည်များကို ဈေးနေ့တွင် မြို့ပေါ်သို့ တက်ရောက်ရောင်းချသော အလေ့အကျင့်မှာ နှစ်ပေါင်းရာ နှင့်ချီနေပါပြီ။ ဒီလိုနေ့ရက်မျိုးကိုမှ ရွေးပြီးဗုံးကြဲ၊ စက်သေနတ်နှင့်ပစ်ရသည်ကို အားမရဘဲအမြောက်  နှင့်တ၀ုန်းဝုန်း ထုနေပြန်ပါသည်။

ကျွန်မငယ်စဉ်တောင်ကျေး ကလေးဘ၀ကပင် တောင်သူများကိုသိနေ့သည်။ သူတို့လောက်ချစ်စရာ ကောင်းပြီးကလေးဆန်သော တိုင်းရင်းသားများ မြန်မာနိုင်ငံတွင် မရှိပါ။ တောင်သူများသည်  အသောက် အစား၊ အကစား မရှိ။ လူသတ်မှုဆိုသည်ကိုလည်း မသိ၊ ခိုးမှုကိုလည်းနားမလည်ကြပါ။ လွပ်လွပ် လပ်လပ် ပျော်ပျော် ရွှင်ရွှင် နေတတ်ကြသူများဖြစ်ပါသည်။
ဈေးရောင်းလာကြသော တောင်သူပျိုဖြူများ၏ ရုပ်သွင်ကထူးခြင်းလှပသလို မျိုးရိုးစဉ်လာအရ အကျီအနက်၊ စကတ်အနက်တို့နှင့် တွဲဖက်ဆင်ယင်လာသော ခြေကျင်းနှင့် လက်ကောက် များသည်  ၎င်းတို့နှင့် တွဲသီ ထားသည့် တချွင်ချွင်အသံထွက်ပေါ်လာသော ငွေကွင်းကလေးများနှင့်တင့်တယ်လှ ပါနေကြပါသည်။ ရိုးသားပြီး အစွဲအလမ်းကြီးသူများဖြစ်၍ ငွေကွင်းများသည် သူတို့ကိုဘေးအန္တရာယ်မှ  အကာ အကွယ် ပေးသည်ဟု ယုံကြည်ကြသည်။ ခြောက်ကိုက်မျှ ရှည်လျားသော အနီရင့်ရင့် အ၀တ်ကို လည်းခေါင်း၌ ပေါင်းထား ကြသည်။

နောက်ကျောတွင် ကလေးများကိုအ၀တ်နှင့် ရစ်ပတ်ချီပိုးထားကြသေးသည်။ သူတို့ကြောင်း ရာင်းချရန် သယ်ယူလာကြသော ပစ္စည်းများအနီး၌ ဆောင့်ကြောင့်ထိုင်၍ ဈေးဝယ်လာမည့်သူများကို  ငံ့လင့်လျက် ရှိကြပါသည်။ သူတို့အတွက် သေမင်းတမန်သည် မိုးပေါ်ကကျလာလိမ့်မည်ဟု လုံးဝမထင်မှတ်ခဲ့ကြပါ။
ထိုအချိန်မှာပင် ကောင်းကင်ယံမှ စက်သေနတ်သံများ ပေါ်ထွက်လာကာ တောင်သူအမျိုးအသီးမျာိး၏ ရင်ဘတ်တွင်ဒဏ်ရာရရှိပြီး သေဆုံးကုန်ကြရရှာသည်။ ရင်နာစရာမြင်ကွင်းပင် ဖြစ်ပါသည်။ 
ကလေးများ ၏ သနားဖွယ်ရာငိုကြွေးသံ။ ဒဏ်ရာရသူများ၏မချိမဆံ့ ညည်းညူသံနှင့် ဖုန်တထောင်း ထောင်းထနေ သော ဈေးဝင်းအတွင်း၌ အနီရောင်ခေါင်းပေါင်းစများက သွေးအိုင်ထဲတွင်   စိုနစ် လျက်ရှိ ပါသည်။ ဗုံးအစ အနများမှန်၍ ဒဏ်ရာရနေကြသော ကျွဲနွားများ၏ ဟစ်အော် ညည်းညူသံ များကလည်း ဆူညံ လျက်ရှိပါ သည်။

ကလေးအများစုမှာမူ အသက်ရှင်ကျန်ရစ်လျက်ရှိသည်။ သေရအံ့ဆဲဆဲမိခင်များသည် ကျောတွင်ချီပိုး ထားကြသောကလေးငယ်များကို ကာကွယ်ပေးနိုင်ရန် ကျော့ကော့ပစ်ကြသည်။ မိခင်၏ မေတ္တာသည်  သေအံ့ ဆဲဆဲတွင်ပင် ကြီးမား လှပေသည်။ ကလေးများသည် သူတို့၏မိခင်များကို ဆုံးရှုံးရသည်သာ မကသေးပါ။ သူတို့၏အိမ်များမီးလောင်သွားပြီဖြစ်၍ အိုးမဲ့အိမ်မဲ့လည်းဖြစ်ကုန်ကြရရှာပါပြီ။
ကျွန်မတို့သည်ရန်သူ ဂျပန်များနှင့်ဤမျှနီးကပ်နေသည်ကို လည်းကေင်း၊ ရန်သူများသည် ဤမျှအထိ ရက်စက်လိမ့်မည်ဟူ၍လည်းကောင်း မထင်မှတ်ခဲ့ကြပါ။ တောင်ကြီးတစ်မြို့လုံးသည် အမှတ်တမဲ့ခံ  လိုက်ရခြင်း ပင်ဖြစ်သည်။ ယခုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ထိုနေ့ထိုရက်တွင် တစ်ခုခု တော့ အလိုလိုဖြစ်လိမ့်မည်ဟု ကျွန်မ၏စိတ်ထဲ၌ ကြိုတင်သိနေသလိုဖြစ်ခဲ့ပါ၏။

တောင်ကြီးမြို့ဈေးနေ့မှာ ရက်သတ္တပတ်မှတစ်ကြိမ်သာရှိသည်။ မေမေသည်ဈေးနေ့တွင် ဈေးဝယ် ထွက်လေ့ ရှိသည်။ တစ်ကြိမ်တစ်ခါမျှမပျက်ကွက်ခဲ့ပါ။ သို့သော်ထိုနေ့တွင် တစ်စုံတစ်ရာက လှုံ့ဆော်  ပေးလေ သလားပဲမသိပါ။ မေ့မေ့ကိုဈေးမသွားရန်ပြောမိသည်။ မေမေဈေးသို့မသွားဖြစ်ပါ။ ကျွန်မသည် လည်း ဆေးရုံ မသွားမီ စာတိုက်သို့သွား၍ စုထားသောငွေများကို လိုရမည်ရထုတ်ယူလိုက်ပါသည်။
ဗုံးသံများ၊ စက်သေနတ်သံများပျောက်သွားသောအခါ ဒဏ်ရာပြင်းထန်စွာရရှိထားသော လူနားများကို နွားလှည်းများဖြင့် တစ်မျိုး၊ တစ်ပုခက်များနှင့် တစ်ဖုံ၊ တွန်းလှည်းများနှင့်တစ်သွယ် သယ်ယူလာသည့်  ရှည်လျား သောလူတန်းကြီးသည် ကျွန်မတို့၏ ဆေးရုံသို့ရောက်လာကြပါသည်။ တစ်ချို့ကဒဏ်ရာရ သူများ ကလေးဘက်တွား၍ လာသည်လည်းရှိပါသည်။ အချို့ကိုလည်း ကျောတွင်ချီပိုးလာကြသည်။
ကျွန်မတို့၏ဆေးရုံမှာ လူ ၁၂၀စာမျှသာ ဆံသော်လည်းယခုရောက်လာကြသူများက လူပေါင်း ၄၀၀ ကျော်ရှိ ပါသည်။

အိမ်များ၊ ဈေးဆိုင်များသည် မီးလောင်နေကြပြီး လမ်းမများပေါ်၌ တိရိစ္ဆာန်နှင့်လူသေအလောင်းများက ပြန့်ကြဲနေပါသည်။ အသားများကို မီးလောင်သောအခါ ထွက်ပေါ်လာသည့် ညော်နံ့များကလည်း  တစ်လောကလုံး ကို ဖုံးအုပ်ထားပါသည်။
ပျောက်ဆုံးနေသော ဆွေမျိုးများ၊ မိတ်ဆွေအပေါင်းအသင်းများကို ရှာဖွေနေကြလေသလား မသိပါ။ ခြေဦး တည့်ရာ လျှောက်သွားနေကြသူများကိုလည်း တွေ့ရပါသည်။ ပျက်စီးနေသော ပြတင်းပေါက်မှ မြို့ဘက် သို့ မျှော်ကြည့်လိုက်သည်တွင် မီးလောင်နေသော အဆောက်အအုံများပေါ်ဝယ် မီးခိုးလုံးများ ကို မြင်ရ သည့်အခါ ကျွန်မ၏ရင်ထဲ၌ နတ်ဘုံနတ်နတ်တမျှ ထင်မှတ်ထားခဲ့သော တောင်ကြီးမြို့သည်  အပြီး အပိုင် ကွယ်ပျောက် သွားခဲ့ပါပြီိ။

ကျွန်မ၏ဘ၀ကို ကြားဖြတ်ပြီးတင်ပြပါသည်။
စကော့တလန်သူမိခင်နှင့် ပေါ်တူဂီလူမျိုး ဖခင်တို့၏ သမီးဦးဖြစ်သောကျွန်မသည် မြန်မာနိုင်ငံရှမ်းကုန်း မြေမြင့်၌မည်သို့မည်ပုံ ကြီးပြင်းလာရသည်ကို စ၍ဖော်ပြရန်လိုအပ်ပါသည်။
ကျွန်မ၏ဖခင်မစ္စတာလင်းဘတ်၊ ကင်နက်၊ ရော့ဒရစ်သည် အိနိ¢ပြည်မှ ဆရာဝန်ဘွဲ့ကို ရရှိခဲ့သည်။ သူသည်စကော့တလန်ပြည်အီဒင်ဘာရာ တက္ကသိုလ်မှ အမ်အာစီပီ ဘွဲ့ယူရန်အတွက် အီဒင်ဘာရာမြို့  ရောက်လာခဲ့သည်။ သူနာပြုဆရာမလုပ်နေသော ကျွန်မ၏မိခင်နှင့်သူတို့နှစ်ဦး တွေ့ဆုံချစ်ကြိုက် ကြသည်။

ကျွန်မ၏အဘိုးမှာလည်း ၎င်းယူနီဘာစီတီတွင် အနာတော်မီနှင့် သဘောမတူကြပါ။ စကော့လူမျိုး မိကောင်း ဖခင်သားသမီးများနှင့် အသားအရောင်ညိုသော သူစိမ်းတစ်ရံများလက်ထက်ခြင်းကို သဘောမတူကြပါ။ သို့ဖြင့် ဖခင်သည် လက်လျှော့ပြန်သွားခဲ့ရသည်။
ဖေဖေသည် နောင် နှစ် နှစ်ကြာသောအခါ စကော့လားရှစ်ဆုကို ရပြီး အမ်အာစီပီ၊ ပီအယ်(လ်)အာစီပီ၊ ဒီပီအိပ်ခ်ျဘွဲများကို ဖြေဆိုရန်အရည်အချင်းရှိသူ တစ်ယောက်အဖြစ်အီဒင်ဘာရာသို့ ပြန်ရောက်လာ  ပြန်သည်။ ယူနီဘာစီတီတွင် ဂုဏ်ထူးရကျောင်းသားများ၏ အမည်များ ရေးထားသော ကျောက်သင်ပုန်း ၌ ဖေဖေ၏ နာမည်မှာ ယနေ့တိုင်ရှိနေပါသေးသည်။

ဖေဖေသည်ဆေးပညာကိုသာ အပတ်အကုတ် ကြိုးစားသည်မဟုတ်ပါ။ မိန်းမပိုးရာတွင်လည်း ဇွဲနပဲ ကြီးသူ ဖြစ်ပါသည်။ မိခင်ဘက်မှ လက်ထပ်ပေးရန်သဘောမတူသည်ကို သူအောင်နိုင်ခဲ့ပါသည်။ အခြား  အတား အဆီးတစ်ခုမှာ ဖခင်ဘက်ကဘရင်ဂျီဘာသာဖြစ်၍ မိခင်ဘက်က ပရိုတက်(စ်)တင့် ဖြစ်နေခြင်းပင်။ နောက်ဆုံး၌ သူတို့၏ လက်ထပ်ပွဲကို ဘုရားရှိခိုးကျောင်း နှစ်ခုစလုံး၌ ကျင်းပရန် ညှိနှိုင်းလိုက်ကြ သည်။

ဖေဖေသည် မြန်မာနိုင်ငံ ကျန်းမာရေးဌာန၌ ၀င်ရောက်အလုပ်လုပ်ခဲ့ပါသည်။ ပထမဦးဆုံး အလုပ်မှာ ချင်းတောင် တွင်ဖြစ်ပါသည်။ ကျွန်မကို ၁၉၁၄ခုနှစ်၊ အော်တိုဘာလ၊ ၂၄ရက်နေ့တွင် ချင်းတောင်၌ပင်  မွေးဖွား ခဲ့ပါသည်။ ဖေဖေသည်ပထမကမ္ဘာစစ်ပွဲကြီး၌ မက်ဆိုပိုတေးမီးယား စစ်မြေပြင်၊ ၎င်းနောက် အာဖဂန် နစ္စတန် စစ်မြေပြင်၌ စစ်မှုထမ်း ခဲ့ ပါသည်။
ပထမကမ္ဘာစစ်ကြီးပြီးဆုံးသွား၍ မြန်မာပြည်သို့ရောက်လာသောအခါ ဖေ့ဖေ့အားဝေသီခေါင်ဖျားကျ သော ဒေသများသို့ ပို့ထားပြီး ချောင်းထိုး ထားခဲ့သည်။ နေရာ တစ်ခု၌မူ မေမေသည် တစ်ညတည်း တွင်  မြွေငါးကောင်ကို အိမ်ထဲမှာပင် သတ်ခဲ့ရပါသည်။ ယင်းနောက် ဖေ့ဖေ့ကို တောင်ကြီးမြို့ဆေးရုံ၌ ခရိုင် ဆရာဝန်ကြီး အဖြစ် ခန့်ထားခဲ့ပါသည်။

မိခင်မှာကျန်းမာရေးမကောင်းသဖြင့် ဖေဖေကပင်စကော့တလန်ပြည်သို့ အပြီးအပိုင်ပြန်ရန် အကြံပေး ပါသည်။ ၁၉၁၉ခုနှစ်က ဖြစ်ပွားခဲ့သော တုပ်ကွေးရောဂါကပ်ထဲတွင် ထမင်းချက်၊ မြင်းထိန်းနှင့်  ကလေး ထိန်းသုံးဦးကွယ်လွန်သွားခဲ့သည့် အချိန်မှစ၍ မေမေသည်တရှောင်ရှောင်ဖြစ်နေခဲ့သည်။ သို့သော် မေမေ သည် တောင်အကြီးကြီး ရှိနေသည့် တောင်ကြီးမြို့သို့ရောက်လာသည်တွင် သူမ  အလွန် နေချင်သော မြို့ဟု နားလည်ခဲ့သည်။

"ငါ့တိုင်းပြည်ကို ပြန်ရောက်နေသလို သိပ်လှတဲ့မြို့ပါကလား"ဟုမေမေက ရင့်ကျုးခဲ့သည်။ "တို့တစ်တွေ ဒီမှာပဲ တစ်သက်လုံးနေမယ်"ဟု ထုတ်ဖော်ပြောခဲ့ပါသည်။ ဆရာဝန်ကြီးအတွက် သတ်မှတ်ထားသော အိမ်တွင် ကျွန်မတို့ မိသားစုနေကြသည်။ ဆေးရုံနှင်နီး၍ သွားရေးလာရေးအဆင်ပြေလှပါသည်။
ဖေဖေသည်သူအိမ်၌ နေလိုသူဖြစ်သည်။ ထို့ကြောင့် မြေရှစ်ဧက ၀ယ်ပြီး အိမ်အကြီးကြီး တစ်လုံးကို သူ စိတ်ကူး ရသမျှတို့နှင့် တန်ဆာဆင်ကာ အကောင်းဆုံးလက်သမား၊ အကောင်းဆုံး ပန်းရံ၊ အကောင်းဆုံး ပစ္စည်းများ သုံး၍ ပြီးသွားသော အခါ မေမေ၏ဇာတိဖြစ်သော "ကရိတ်မိုး" မြို့၏ နာမည်ကို ပေးခဲ့သည်။

သူသည်ခြံဝင်းအတွင်း၌ တိရိစ္ဆာန်များ၊ ငန်း၊ ဘဲ၊ ကြက်များသစ်သီးပင်များ စိုက်ပျိုးမွေးမြုပါသည်။ မြင်းဇောင်း နှင့် နွားတင်းကုပ်များတည်ဆောက်ကာ မြင်းနှင့်ကျွဲနွားများ မွေးမြူပါသည်။ ရေကန်ကျယ်ကျယ် တစ်ခု ကိုလည်း တူးဖော်ပါသေးသည်။

ဖေဖေသည် ထိုမျှနှင့် မကျေနပ်သေးပါ။ သူ၏မိတ်ဆွေတစ်ဦး ပြင်သစ်ပြည်သို့ အပြီးအပိုင် ပြန်သွား သည် တွင် မြေလေးဧကပေါ်၌ ဆောက်ထားသော "ဂလင်းဗျူး" အမည်ပေးထားသည့်အိမ်ကို ၀ယ်ပါ  သေးသည် ထိုမြေ၌သစ်သီးပင်အမျိုးမျိုးနှင့် သစ်ပင်အများအပြား စိုက်ပျိုးရာတွင် အတွင်းဘက်ကျကျတွင် ရှိနေ သဖြင့် လျှံကျလာသောရေများကို ဆည်၍ မြောင်းများဖောက်ကာ သွယ်တန်းယူပါသည်။  မြေသြဇာ က အလွန် ကောင်းသည်။ တကူး တကန့် မစိုက်ရဘဲ အပင်ပေါက်ပါသည်။

မေမေသည် ဘိုးစဉ်ဘောင်ဆက် လက်ထက်ကတည်းက တရိုတသေ သိမ်းဆည်းလာခဲ့သော အဖိုးထိုက် အဖိုးတန်ပစ္စည်းများကို စကော့တလန်နိုင်ငံမှ သယ်ယူလာခဲ့ပြီး ရန်ကုန်မြို့ သောမတ်(စ်) ကွတ်  ကုမ္ပဏီ တွင် နှစ်ပေါင်းများစွာ အပ်ထားခဲ့ရာမှ ပြန်ယူကာဤအိမ်နှစ်အိမ်တွင် တန်ဆာဆင်ခဲ့ပါ သည်။ ငွေထည် ပစ္စည်း အသုံးအဆောင်များ၊ အိုးခွက်များ၊ ကြည့်မှန်များကို အိမ်နှစ်လုံး စလုံးတွင် တပ်ဆင် ခဲ့ပါ သည်။

မြန်မာပြည်ရှိ ဘိလပ်သားများသည် မိမိတို့အိမ်ကိုပြင်ဆင်မွမ်းမံရာတွင် ပြည်တွင်းဖြစ်ပစ္စည်းများကိုသာ အသုံးပြုကြသဖြင့် ကျွန်မတို့ကို အိမ်နီးနားချင်းများက မနာလိုကြပေ။ အိမ်ထောင် ပရိဘောဂများမူ   ကျွန်းသားဖြင့် မြန်မာပြည်၌ လုပ်သော ပစ္စည်းကများပါသည်။ နံရံများပေါ်၌ စကော့တလန်နိုင်ငံ၏ ရှုမျှော်ခင်းများ၊ ဖေဖေအာဖဂန်နစ္စတန်နိုင်ငံ လေလံပွဲမှ ၀ယ်ယူလာခဲ့သော ကော်ဇောများဖြင့် တန်ဆာ  ဆင်ထား ခဲ့ပါသည်။

ပန်းခြံထဲ၌မူ အရောင်မျိုးစုံဖူးပွင့်နေကြသော နှင်းဆီပန်းများ၊ ရောင်စုံပန်းအမျိုးမျိုးနှင့် သစ်ခွပန်းများ ဝေဆာ လျက် ရှိပါသည်။ မိတ်ဆွေ အပေါင်းအသင်းများက မေမေ့ကိုသစ်ခွပန်းပါရဂူဟူ၍ နာမည် ပေးထားကြသည်။

ဆက်ရန်
.

3 comments:

Anonymous said...

wanna read...more until ending.........

:)


million thanks,ama.


momiji

မိုးခါး said...

အရမ်း စိတ်ဝင်စားဖို့ ကောင်းပါတယ်
ကျေးဇူးတင်ပါတယ် ..း)

အင်ကြင်းသန့် said...

အင်း...စစ်ပွဲတွေကို မုန်းတယ်
ဟယ်လင်ရဲ့ သတ္တိကိုတော့ အံ့သြမိတယ်...

ချစ်ညီမလေး