Wednesday, February 3, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆ဝ အပိုင်း (၈)

ဝတ္ထု, မဂ္ဂဇင်း ထုတ်ခဲ့ခြင်း

ထိုအချိန်မှာ ကျမသည် ၀တ္ထု, မဂ္ဂဇင်း ခေါ်သော စာစောင်ငယ်တခုကို ရေးထုတ်လိုသောဆန္ဒရှိလာ ပါသည်။ မဂ္ဂဇင်းမှာ ၁၅-ရက်တကြိမ် ထုတ်ရန်ဖြစ်၍ ၀တ္ထုတိုတပုဒ်နှင့်ဆက်ရန် ၀တ္ထုရှည်တခဏ်း ကို ကိုယ်တိုင်ရေးမည်၊ တန်ဘိုးမှာ ယခု-၂၅ပြားနှင့် ညီမျှသော ၄-ပဲထားရမည်ဖြစ်ပါသည်။ ရုပ်ပုံများနှင့် ဒဂုန်မဂ္ဂဇင်းက တကျပ်တန်ဘိုးထား၍ အထွေထွေ ဗဟုသုတ အခဏ်းနှင့် ၀တ္ထုများပါ သော ပညာအလင်း မဂ္ဂဇင်း၊ သူရိယ မဂ္ဂဇင်းတို့က တန်ဘိုး ၁၂-ပဲနှင့် ၈-ပဲမျှထားသောကြောင့် ကျမထုတ်မည့်ဝတ္ထု မဂ္ဂဇင်း ကလေးကို ၄-ပဲမျှသာ တန်ဘိုးထားရခြင်းဖြစ်ပါသည်။

အပြင်သို့ မထွက်ရသူဖြစ်၍ လုပ်ကိုင်စီမံဖန်တည်းရေးကို စာတွေ့ဗဟုသုတနှင့်သာ စံနစ်ဇယားချ၍ စီစဉ်မှုပြုရပါသည်။ ထုတ်ဝေမည့်အကြောင်း ကြော်ငြာခြင်း၊ မြို့နှင့် နယ်ကိုယ်စားလှယ်များကို စာအားဖြင့် ဆက်သွယ်ခြင်း၊ ၀င်ငွေ-ထွက်ငွေ လက်ခံခြင်းစသော အုပ်ချုပ်မှုကိုလည်း တဦးတည်း ဒိုင်ခံ၍ တာဝန် ယူရဦးမည် ဖြစ်ပါသည်။ ပုံနှိပ်တိုက်ရှင် မိတ်ဆွေတဦးနှင့် ဆွေးနွေးသောအခါမှာ လည်း ၄-ပဲတန် စာတအုပ်၏ အပြီးအငြိမ်း ရိုက်ခငွေမှာ တပဲခန့်သာ အရင်းကျသည်၊ ကိုယ်စားလှယ် များကို ၂၅-ရာခိုင်နှုန်း နှင့် စာတအုပ်လျှင် တပဲပေးလိုက်ပါက နှစ်ပဲကျန်မည်၊ ထိုလက်ကျန်နှစ်ပဲမှ စရိပ်စက အနည်းငယ် ထုတ်လိုက် ရုံမှတပါး အမြတ်ကျန်နေပြီကို တွေ့ရပါသည်။

သို့ကြောင့် ထိုအလုပ်ကို စိတ်ဝင်စားသဖြင့် မေမေနှင့်တိုင်ပင်ကာ သဘောတူ စာအုပ်ထုတ်ရန် ဆုံးဖြတ် လိုက် ကြပါသည်။
ယင်းသို့ ၀တ္ထု မဂ္ဂဇင်းကို ထုတ်ဝေရန် စီမံဆုံးဖြတ်ပြီးနောက်၊ ကျမသည် ၀တ္ထုရှည်တပုဒ်နှင့် ၀တ္ထုတို ၃-၄ ပုဒ်ကို စတင်ရေးလျက်ရှိသည်၊ တခါတခါလည်း ၀တ္ထု မဂ္ဂဇင်းအနေအထားနှင့် ကဏ္ဍအပိုင်း အခြားများထိပ်စီးစာလုံးများကို အကြမ်းမျှ ရာထားကြည့်သည်၊ ထိုခေတ်က ပုံနိုပ်တိုက်များမှာ အများအားဖြင့် ကျမ်းစာအုပ်များ၊ တရားစာအုပ်များသော အငှားရိုက်လက်ခံလေ့ရှိသဖြင့် ၀တ္ထု မဂ္ဂဇင်း အနေအထားကို မည်သို့မည်ပုံထားရန် စသည်မျာအတွက် ဆွေးနွေးရာ၌ အတော်အခက် အခဲတွေ့ရပါသည်။

အထူးသဖြင့် မန္တလေးမြို့်မှ မဂ္ဂဇင်း ၀တ္ထုပုံနှိပ်ထုတ်ဝေမှုတွေ မစကြသေးပါ၊ ရွှေလိပ်ပြာ ၀တ္ထုတိုက်၊ ငွေစန္ဒာ ၀တ္ထု မဂ္ဂဇင်းတိုက်များပင် ကျမထုတ်သောစာအုပ်တိုက် ဖျက်သိမ်း ပြီး တနှစ်လောက်ရှိမှ ထုတ်ဝေ ကြပါသည်၊ သို့ကြောင့် ယုတ်စွအဆုံး စာပြင်ဆရာများနှင့်ပင် သတ်ပုံသတ်ညွန်းကိစ္စ၌ မဂ္ဂဇင်းဟု မရေးရ၊ မဂ္ဂဇဉ်းဟု ညငယ်သတ်၍သာ ရေးသာသုံးနှုန်းရမည် ဟု အငြင်းပွားနေကြရသေးသည်၊ ကျမအမြင်ကတော့ ခေတ်မှီလိုသည်၊ သူတို့အမြင်က ရှေးသတ်ပုံ ကို မဖျက်ဆီးလို၊ မဂ္ဂသဒ္ဒါက ဘာဘဲညာဘဲစသော သဒ္ဒါကျမ်း ၀ိဂြိုဟ်ကျမ်းများ က၀ိလက္ခဏာ သတ်ပုံကျမ်းကြီးများနှင့်ကိုင်၍ ပေါက်ကြသည်။

သို့သော်မဂ္ဂဇင်း, ဂျာနယ်, ဆိုသော စကားလုံးမှာ အနောက်နိုင်ငံမှလာသော အသုံးအနှုန်းဖြစ်၍ တလတကြိမ် ထုတ်လျှင် မဂ္ဂဇင်း၊ တပါတ်တကြိမ်ထုတ်လျှင် ဂျာနယ်ခေါ်သဖြင့် ၄င်းအသံထွက်အတိုင်း မြန်မာစာနှင့် လိုက်ရေးရခြင်းသာဖြစ်ပါသည်၊ က၀ိလက္ခဏာ သတ်ပုံကျမ်း၊ သဒ္ဒါကျမ်းတွေ ရေးသားစဉ် ခေတ်က မဂ္ဂဇင်းဂျာနယ်ဆိုသော ဝေါဟာရတွေ မပေါ်သေးကြောင်း အတော်ပင် တောင်းပန် ရပါသည်၊ ဒါတောင်မှ ကျမထုတ်မည့်စာစောင်မှာ တလတကြိမ်လည်းမဟုတ်၊ တပတ် တကြိမ်လည်းမဟုတ် ၁၅-ရက် တကြိမ်ကျဖြစ်၍ ကြည်တော်ဆက် ၀တ္ထု မဂ္ဂဇင်းဟု ဆုံးဖြတ်လိုက်ပါ လျက် စာအုပ်ထွက်လာချိန်မှာ ကြည်တော်ဆက် ၀တ္ထု ဟု စာမျက်နှာတိုင်း၏ ခေါင်းစီးစာလုံးများ ထည့်လွတ် လိုက်ပါသေးသည်။

၁၉၂၀-ခု ပဋ္ဌမ ကျောင်းသားသပိတ်ကြီးခေတ်မှာတော့ ရန်ကုန်မြို့ထက် ခေတ်နောက်ကျနေသေး သော မန္တလေးမြို့ကလည်း နိုင်ငံရေးလှုပ်ရှားမှု၌ ပုခုံးချင်းယှဉ်၍ တက်လာနိုင်ခဲ့သည်။ ဂျီစီဘီအေ၏ န၀မမြောက် ကွန်ဖရင့်ကြီးမှာ မန္တလေးမြို့တွင် ကျင်းပလိုက်ခြင်းကြောင့်လည်းတကြောင်း၊ အင်္ဂလန်နိုင်ငံသို့ ပဋ္ဌမဆုံးအကြိမ် ကိုယ်စားလှယ်တော်များအဖြစ်၊ ဖေ, ပု, ရှိန် ခေါ်သည့် ဦးဘဖေ၊ ဦးပု၊ ဦးထွန်းရှိန်မှာ သုံးဦးသွားကြရာတွင် ဦးထွန်းရှိန်မှာ မန္တလေးမြို့ ဗုဒ္ဓဘာသာကျောင်းမှ ကျောင်း အုပ်ဆရာကြီး တဦးဖြစ်၍လည်း ယခင်အေးဆေးငြိမ်သက်စွာ နေလေ့ရှိသောမန္တလေးက ဂုဏ်ယူကာ သွေးကြွ လာစ ဖြစ်နေပါသည်။

ကျမတို့ ယိုးဒယားဈေးရပ်သို့ ပြောင်းရွေ့လာစက သပိတ်ကြီးအတွင်းနှင့် န၀မ ကွန်ဖရင့်ကြီးပြီးစက လေးဖြစ်ပါသည်။ မန္တလေးမြို့က စာစောင်အထွက် နှေးနေသော်လည်း ရန်ကုန်မှထုတ်ဝေသော စာစောင် ဂျာနယ်အမျိုးမျိုးတွေမှာ၊ ဖတ်၍မကုန်နိုင်အောင် တခုပြီးတခု တိုးပွားများပြားပါသည်။ ဗန္ဓုလဂျာနယ်-လေဘာတီဂျာနယ်၊ လွတ်ငြိမ်းဘွယ်ဂျာနယ်စသော နိုင်ငံရေးနှင့် အထွေထွေ ဆောင်းပါး ၀တ္ထုများ ပါဝင်သောဂျာနယ်မျိုးပေါင်းမှာ စောင်ရေနှစ်ဆယ်ထက်နည်းမည် မဟုတ်ပါ၊ သို့သော် တချို့မှာ ထုတ်ပြီး မကြာခင် ပျက်သွားသည်၊ ဗန္ဓုလဂျာနယ်မှာ တည်တန့် ကျန်ရစ်ခဲ့ သည်၊ ကျမလည်း နိုင်ငံရေးလေသံ ဆောင်းပါး များကို ဗန္ဓုလဂျာနယ်၌ ကလောင်အမည်ဝှက်နှင့် မကြာခဏရေးပို့မိသည်။ ၀ံဿနုစိတ်ဓါတ်က အများနည်းတူ ၀င်လာသဖြင့် ပိုးဖဲကတ္တီပါအ၀တ်တွေ စွန့်ပစ်ပြီး ပင်နီအင်္ကျီနှင့် ယောထမီကိုသာ ၀တ်၍ ၀ံဿနုကို အားပေး၍ လူကိုယ်တိုင်မှာတော့ အပြင်မထွက်ရသဖြင့် ၀ံဿနုတရားပွဲများ ခေတ်စားချိန်ပင်ဖြစ်ငြားလည်း သွားရောက်နားထောင် ခွင့်သော်၎င်း၊ ဟောပြောခွင့်သော်၎င်း မရခဲ့ပါ၊ ဒါကြောင့်ပင် ထွက်ပေါ်လာသော ဂျာနယ်များသို့ နိုင် ငံရေးဆောင်းပါးများကို အတော်များများကလေး ကလောင်ဖြင့် ရေးသားလှုံ့ဆော်ပေးမိပါသည်။

ထွက်လာသမျှသော စာစောင်များကို တနိုင်ငံလုံးက အားပေးဖတ်ရှုသောကြောင့် အတော်အားတက် ဘွယ်ရာ ဖြစ်ပါသည်။ မိန်းကလေးများသာ ဦးစီးရေးသားထုတ်ဝေလိုပါသည် ဆိုသော ကျမ၏ ကြည်တော်ဆက် ၀တ္ထု မဂ္ဂဇင်းမှာလည်း ထွက်နေပါပြီ၊ အပြင်အပ မြို့ပေါ်ရှိ ကိုယ်စားလှယ်များထံ သွားပို့ရန်၊ ငွေတောင်းရန်၊ ပါဆယ်ပို့ရန် ဆွေမျိုးမကင်းသူထည်းမှ တဦးကို လခနှင့်ထား၍ ကျန်အလုပ်များကို ကျမတယောက်ထည်း တအားကြုံး၍လုပ်ကိုင်ပါသည်၊ စာတိုက်မှလပေးကြည့်သူများနှင့် ပါဆယ် ထုတ်ကပ်ရန် လေဘယ်လ်ပေါ်မှာ လိပ်စာရေးပေးခြင်းကအစ ဗီပီပီပုံစံရေးခြင်း၊ ရောက်လာသော ငွေများ လက္ခံသော စာရေးငွေထိန်းနေရာနှင့် ကြော်ငြာဆိုင်ရာ ကိုပါတယောက်ထည်း သေတ္တာ မှောက်ထိုင်လုပ်ရပါသည်။

ဝတ္ထုကော်ပီပေးရင်း အနေအထားကိုပါ အပြီးအငြိမ်းပြောအပ် လိုက်သော်လည်း ပဋ္ဌမထုတ်စာအုပ် တွင်စာမျက်နှာ များနေသည်ဟုဆိုကာ စဆုံးဝတ္ထုတိုကိုလည်း တပိုင်းဖြတ်လိုက်ပြီး ၀တ္ထုရှည်ကို လည်း တပိုင်းဖြတ်၍ စာတအုပ်လုံး ၂-ပိုင်းဖြတ်ကြီးနှင့် အမှတ်(၁) စာစောင်ကိုထွက်လာရပါသည်၊ စာအုပ်ချုပ်ပြီးမှ သိရသဖြင့်ဘာမှ မတတ်နိုင်ပါ၊ သို့ရာတွင်ထိုအချိန်အခါက စာဖတ်ပရိသတ်မှာ သီးခံကြပါသည်၊ နောက် အမှတ် (၂)မှ အစပြုပြီး နည်းစံနစ်မှန်လာပါသည်။

ကျမ၀တ္ထုမဂ္ဂဇင်းထုတ်ဝေစ တလလောက်မှာ ဆောက်ထားသော အိမ်ကလည်းပြီးစီးသွား ပါသည်၊ အိမ်တက်ပရိတ်နာ၍ ပြောင်းမည့်ဆဲဆဲမှာပင် မန္တလေးမြို့မင်းစုံပွဲသို့ ဆင်းလာမည့်စော်ဘွားကြီး များအနက်မှာ စကားစော်ဘွားကြီးတွက် ကျမတို့အိမ်မှာ တည်းခိုစရာအလိုရှိပါသည်ဟု မေတ္တရပ် ခံပါသည်။
ထိုကြောင့်စကားစော်ဘွားကြီး ၁၅-ရက်မျှသောရက်ပိုင်းမျှ တည်းခိုစေရန်ပေး၍ ကျမတို့မပြောင်း ရွှေ့သေး ဘဲ နေလိုက်ပါသည်။

အင်္ဂလိပ်အစိုးရများသည် ယခင်ကဆိုလျှင် စော်ဘွားကြီးများ၏ မင်းစုံပွဲခေါ် အစည်းအဝေးကို မန္တလးမြို့ တွင်သာ ကျင်းပလေ့ရှိပါသည်။ နောင်သောအခါ မြန်မာမားက နိုင်ငံရေး စိတ်ဓာတ် အား တက်ကြွ လာ သဖြင့် စော်ဘွားကြီးများအား မန္တလေးသို့မဆင်းစေဘဲ တောင်ကြီးမြို့၌သာ စည်းဝေးပွဲကို အမြဲတန်း ကျင်းပ စေသည်၊ စော်ဘွားများ၏ သားသ္မီးကိုလည်း မန္တလေး၊ ရန်ကုန်ကျောင်းများ၌ ရှေးကလိုမြန်မာ ကျောင်းသား များနှင့် ရောနှောပညာသင်ကြားမှု မပြုစေဘဲ တောင်ကြီးမြို့၌သာ သီးခြား ကျောင်းခွဲ ဖွင့်ပေး ပါသည်။ စကားစော်ဘွားကြီး ကျမတို့အိမ်လာ ရောက်တည်းခိုသော နှစ်သည်ပင် အစီစဉ်ရှိပြီးသားဖြစ်၍ အလွှဲသာသောကြောင့် ပြုလုပ်ရရာ နောက်ဆုံးနှစ်အဖြစ် မှတ်တမ်းတင်ဘွယ်ရာ ဖြစ်ပါသည်။

ကြည်တော်ဆက် ၀တ္တုမဂ္ဂဇင်းသည် ၁၅-ရက်တကြိမ် အကြိမ်မှန်မှန်ထွက်ရန် ဖြစ်သော်လည်း ရက်ချိန်းထက် ၂-ရက် ၃-ရက် နောက်ကျသည့်အခါလည်း ကျလျက်ရှိပါသည်။ ပုံနိုပ်တိုက်ရှင်များ ကလည်း ရှေးလူကြီး တွေဖြစ်သည်၊ စာအုပ်ရေများများရိုက်လျှင် ရိုက်ခသက်သာသည်။ စက္ကူဘိုး ကလည်း တထုပ်မှ နှစ်ကျပ် လောက်ကျသည်။ အုပ်ရေတသောင်း ရိုက်ပေးမည်ဆိုပြီး အမှတ်၁၊ ကိုတသောင်းရိုက်ချ လိုက်သည်၊ ကျမကလည်းလက်တွေ့အားဖြင့် လူရေမလည်သေးသော ကြောင့် သဘောတူလိုက်ပါသည်၊ သို့သော် ထိုအခါက စာအုပ်တသောင်း ကုန်အောင်း ရောင်းရသော ခေတ်မဟုတ် သေးသည်ကို မတွေးမိပါ၊ နောက်အမှတ် မှာတော့ ငါးထောင်နှင့် သုံးထောင် ကြားတွင် ကစားလျက်ရှိပါသည်။

လာကြပြန်ပြီ ဆွေသာကီ


မန္တလေးမြို့မှာ ရှေးအခါက ဆောင်းကုန်ခါနီးဆိုလျှင် ပလိပ်ရောဂါဖြစ်လေ့ရှိသည်။ ပလိပ်ရောဂါပိုး ပါသောကြွက်များသည် လူနေအိမပေါ်မှသေတတ်သည်။ ထိုကြွက်သေတွေ့လျှင် ကြွက်ကျသည် ဟုခေါ်ပြီး ထိုအိမ်မှခေတ္တခဏ ဖယ်ရှားပြောင်းရွှေ့နေကြရသည်။ ကြွက်သေတွေ့လျက်နှင့် မပြောင်းမရွှေ့ ဘဲပေ နေလျှင် ကြွက်မှကျန်ရစ်သော ပလိပ်ရောဂါပိုးသည် လူကိုကူးစက်ခါ ပလိပ်ရောဂါဖြစ်၍ သေဆုံး တတ်ကြပါသည်၊ တခါတရံတအိမ်သို့ ပြောင်းနေရာကြွက်သေ ထပ်တွေ့လျှင် ဒုတိယ တအိမ် ပြောင်းကြရ ပြန်သေးသည်။ ခေတ်ဟောင်းကမန္တလေးမြို့တွင် ဆောင်းကုန်တိုင်း ဒုက္ခမှာအလေ့အထ တခု ဖြစ်နေပါသည်။

ဤအချိန်တွင် ပြဿနာတခုသည် ပေါ်လာခဲ့၏ ထိုပြဿနာ မှာ စကားစော်ဘွားကြီး မဟာဒေ၀ီသားသ္မီး တပည့် တပန်းများ စည်းဝေးပွဲပြီး၍ ရှမ်းပြည်သို့ ပြန်သွားကြသောအခါ ဘိုးဘိုးဝက်မစွတ် မြို့စားမင်း ကြီးအိမ်တွင် ပလိပ်ရောဂါပိုး ပါသောကြွက် သေများတွေ့၍ နေချင်း, ညဥ့်ချင်း အလျင်အမြန် အိမ်ရွှေ့နေရမည့် ကိစ္စပေါ်လာလေသည်၊ ဤအခါ၌ငိုချင်လျက် လက်တို့ဆိုသလို သ္မီးအလတ်နှင့်အတူ လာနေချင်သော ဆန္ဒရှိသူ မေမေ၏ဖခင်ကြီးသည် ခေတ္တပြောင်းရွှေ့လာခဲ့မည်ဟု အကြောင်းကြား လာသည်။ ကျမတို့က ၀မ်းသာအားရ ကြိုဆိုရမည်ဖြစ်သော်လည်း ဘိုးဘိုးဝက်မစွတ် မြို့စားမင်းကြီး နှင့်အတူ သားသ္မီး မြေးများ တပည့်တပန်းများပါ အတူပါဝင်ရောနှော လိုက်လာကြမည်ဟု သိရသောအခါ အနည်းငယ် စိတ်လေးမိကြပါသည်။ အတူနေကြစဉ်က တကျီကျီ တကြက်ကြက် ဖြစ်ခဲ့ရသူများဖြစ်၍ ရန်အေး,နားအေး ထွက်ပြေးလာရရာ၌ ဒါတွေနှင့်ပြန်လည်ဆုံစည်း ရဦးမည်ကိုကြောက်လန့် စိုးရိမ် သွားမိသည်၊ သို့သော် လူကြီးများ၏ ရည်ရွယ်ချက်က ပြန်လည် ပြေပြစ်သွားရန်နှင့် စုစုစည်းစည်း ဖြစ်စေလိုသော ဆန္ဒရှိပုံရသည်။

သို့ကြောင့် ကျမတို့သည် အိမ်သစ်ကိုမတတ်ကြသေးဘဲ ဘိုးဘိုးဝက်မစွတ် မြို့စားမင်းကြီးနှင့် အတူ ပါရှိလာသော သားသ္မီးမြေးမြစ်နှင့် တပည့်တပန်းများပါ လူပေါင်းနှစ်ဆယ်ကျော် နေသာ အောင်တအိမ်လုံး ပေးအပ် လိုက်ပါသည်။ မေမေသည်ဒေသ,လောဘ အာဃတမထားတက်သူ ယုတ်စွအဆုံးစကားကိုပင် ကျယ်ကျယ် လောင်လောင် မပြောတတ်သူဖြစ်၍ သူ့အားထိပါးပုတ်ခတ် စကားပြောခံရသည် တိုင်အောင် မျက်ရည်ရွှဲရွှဲနှင့်သာ သီးခံနေလေ့ရှိသူ နူးညံ့သူဖြစ်သဖြင့် တကြောင်း၊ အိမ်ရှင်နှင့်ဧည့်သည် ဘ၀ရောက်နေထိုင်သော ဆွေမျိုးသားချင်း များကလည်းဧည့် သည်ဘ၀၌ ခပ်ခပ်လျော့လျော့ ခပ်ပြော့ပြော ဆက်ဆံလာကြသဖြင့် တကြောင်း၊ တလခွဲနှစ်လ ကြာအိမ်ချင်းယှဉ် နေထိုင်ခဲ့ကြရာတွင် ဘာမျှ ပြောပ လောက်အောင် အစွန်းမထင် အပြစ်မတွေ့ရှိ ခဲ့ပါသည်။ ကျမမှာတော့ ထိုအချိန်အခါက စာပေ လောက ထဲတွင် စိတ်ပါဝင်စား မြောပါးနေချိန်ဖြစ် ၍ နေ့ရောညဥ့်ပါဆိုသလို ကြည်တော်ဆက်ဝတ္တု မဂ္ဂဇင်း အတွက်ကိုပင် လုံးပန်းနေရကာ အိမ်ပေါ်မှ အိမ်အောက်သို့ပင် မဆင်းအားဘဲ ရှိနေပါသည်။

ကားပြန်ရောင်းပစ် လိုက်ရသော ကိစ္စကို၎င်း၊ ကျမ၀တ္ထုရေးသား၍ မဂ္ဂဇင်းငယ်တစောင် ထုတ်ဝေနေ သည့်ကိစ္စကိုသော်၎င်း၊ ထိုအချိန်မှာဘာမှာ ဝေဖန်ပြောဆိုသံများ ထွက်မလာ၊ ဒီရေးအတက်အကျမ ရှိသေးမီ "ရေအီ" နေသကဲ့သို့ ရှိနေပါသည်၊ သို့သော်မိန်းကလေးဆိုလျှင် ဘုရားတရား စာအုပ်က လွဲ၍ဖတ်ရန် မသင့်ဟု အယူအဆနှင့်အယူသီး အုပ်စုကြီးများထည်းတွင် ပါဝင်ကြသူများဖြစ်ပါသည်၊ ထိုခေတ် ကအပြင် စာပေ တည်း ဟူသော သတင်းစာဂျာနယ်ဝတ္ထုစသည် များကို မိန်းခလေးများ ဖတ်လျှင် လူကြီးမိဘ များသည် ပြင်းပြင်းထန်ထန် အပြစ်တင်လေ့ရှိကြပါသည်။ တရားစာပေကလွဲ လျှင် ဘာမှမဖတ်ရ၊ အချို့ဆရာတော်ကြီးများမှာ တရားစာပေနှင့် အကျွမ်းဝင်လျက်ရှိသော မဟာရ ဋ္ဌသာရ၏ ကိုးခန်းပျို့ကိုပင် မြတ်စွာဘုရား၏ အပြစ်တော်များကိုရေးသား စီကုံးထားပါလျက်က ဂီတသံ ပါသည်၊ ပျို့ကိုဖတ်လျှင် သံနေ သံထား နှင့်ဆွဲ၍ ဖတ်ရသောကြောင့် မနှစ်မျို့ကြဟုဆိုသည်၊ တရားစာပေမှလွဲ၍ အခြားသောလောကီ ကျမ်းဂန်များဖတ်လျှင် သမ္ဗပ္ပလာပဖြစ်သည်ဟု ခါးခါးသီး သီးပြစ်တင် ဝေဖန်ကြသည်ကို ခံရသဖြင့် ငယ်ရွယ်သူ မိန်းခလေးများမှာ ၀တ္ထုစာအုပ် မဂ္ဂဇင်းစာအုပ် များကို လူကြီးများ မမြင်ကွယ်ရာ၌ တိတ်တိတ်ခိုး ၍ ဖတ်ကြရပါသည်၊ အချို့မှာအိပ်ရာဝင် ခြင်ထောင်ချ၍ ဖတ်ကြရပါသည်။

ဤမျှကြပ်တည်းသော ခေတ်မျိုးတွင် ကျမသည်ဝတ္ထုမဂ္ဂဇင်း ဂျာနယ်များကို ဖတ်ယုံမကကိုယ် တိုင်ပင်ဝတ္ထုရေးသားခြင်း၊ ၀တ္ထုမဂ္ဂဇင်းထုတ်ဝေခြင်း ပြုနေမိရာ ဧရာမတော်လှန်မှုကြီး တခုကို ကျူးလွန် နေသကဲ့သို့ ရှိပါသည်၊ သို့အတွက်ကြောင့် အယူသီးသူအားလုံးကို အသိမပေးဘဲ ထား ကာ ကုန်ပစ္စည်း တခု ရောင်းချသော အလုပ်လိုလို အထင်ရောက်စေလျက် ခပ်အုပ်အုပ်နှင့် လျှို့လျှို့ ၀ှက်ဝှက် ရေးသား ထုတ်ဝေခြင်း အမှုကို ပြုလုပ်ရပါသည်။

သို့နှင့်ဆောင်းရာသီကုန်ဆုံး၍ နွေရာသီတန်ခူးလသို့ ရောက်သောအခါ ပလိပ်ရောဂါများ ကင်းရှင်းသွား ပြီးဖြစ်သောကြောင့် ဧည့်သည်များသည် သူတို့အိမ်သို့ပြန်၍ ပြောင်းရွှေ့သွားကြ ပါသည်၊ ထိုအခါကျမှ ကျမတို့လည်း အိမ်သစ်သို့ပြောင်ရွှေ့ နေထိုင်ကြရပါတော့သည်၊ ကျမတို့ အိမ်သစ်သို့ရောက်သောအခါ ဘိုးဘိုး ၀က်မစွတ် မြို့စားမင်းကြီးသည် အလုပ်အကျွေး တပည့်ငယ် တယောက်နှင့်အတူ ချန်နေရစ်ခဲ့ပါသ်၊ သားသ္မီးများအား အရင်ပြောင်းရွှ့ သွားနှင့်ကြဦး၊ သ္မီးခင်ခင် လတ်အိမ်မှာ ဆယ့်လေးငါးရက်နေဦးမည်ဟု အမိန့်ရှိကာ နေရစ်ခြင်းဖြစ်ပါသည်၊ ထိုအခါမျိုး၌ ၀တ်ကြီးဝတ်ငယ်ပြုစုရန် လွတ်လပ်စွာ အခွင့်အရေး ရရှိကြပါတော့သည်။

ကျမတို့အားအမိသည် အိမ်သစ်၏အိမ်ဦးခန်း၌ သင်ဖြူးချောကလေးပေါ်တွင် ကတ္တီပါအုံးဝန်းကြီး ကိုလက်ထောက်၍ စိတ်ပုတီးစိပ်လိုက်၊ ကျမ်းစာအုပ်များဖတ်လိုက်နှင့် စိတ်အေးချမ်းစွာနေရှာသော ဘိုးဘိုး ၀က်မစွက် မြို့စားမင်းကြီးအား တတ်နိုင်သမျှသော စားဦးစား ဖျား၊ စားကောင်းသောက် ဖွယ်များဖြင့် ပြုစု လုပ်ကျွေးလျက်ရှိသည်၊ အရှေ့ဝင်းအိမ်မှ ထမင်းချက် တပည့်ကလည်း ထမင်း အုပ်လာ၍ပို့ရသေးသည်။

ဝက်မစွတ် မြို့စားမင်းကြီးလက်ရှိနေထိုင်ရာ အိမ်ကိုအရှေ့ဝင်းအိမ်ဟု အတိုကောက်ခေါ်ခြင်းဖြစ်၍  ယခုကျမတို့နေသာဝင်းကို အနောက်ဝင်းဟုခေါ်ခြင်းပြုပါသည်။ အရှေ့ဝင်းအိမ်က သားသ္မီးများက ကျမတို့ အိမ်တွင် ကြာကြာနေသွားမည်၊ သို့မဟုတ် တခါတည်းများအတူ နေထိုင်သွားမည်လား ဟုစိုးရိမ်မကင်း ဖြစ်သွားပုံရသည်။ သို့ကြောင့်နည်းအမျိုးမျိုးနှင့် ပြန်လာဖို့အကြောင့်ပြလျှောက် ထားပေးရန် ဘေးကလူများ ကိုခိုင်းကြပါသည်။

အရှေ့ဝင်းအိမ်ကြီးသို့ ဆရာတော်-သံဃာတော်ထေရ်ကြီး ၀ါကြီးများမပြတ် ကြွလာသည်။ ၀က်မ စွတ်မြို့စား မင်းကြီး မရှိသဖြင့် မတွေ့ရဘဲပြန်သွားရသည်ဟု လာရောက်လျှောက်ထားကြသည်၊ စင်စစ်အားဖြင့်လည်း အတူနေသွားမည် မဟုတ်ပါ၊ ခေတ္တခဏနေရစ်ခြင်းသာဖြစ်ပါသည်။ သို့ကြောင့် ၁၅-ရက်ခန့်ကြာသောအခါ ပြန်ကြွသွားပါသည်၊ အရှေ့ဝင်းအိမ်ရောက်သော်လည်း ရှေးအခါကကဲ့သို့ပင် တရက်ခြား,နှစ်ရက်ခြား ဆိုသလိုနေ့လည်း နေ့ခင်းအချိန်၌ ကြွရောက် လာတတ်ပြီး ညနေစာစားချိန်နီးမှ ပြန်လေ့ရှိပါသည်။

ကျမထုတ်ဝေနေသော ၀တ္တုမဂ္ဂဇင်းမှာ တွင်ကျယ်သင့်သလောက် တွင်ကျယ်ကျယ်လျက် ရှိပါသည်၊ သို့ရာတွင် ၄-လခန့်ရှိသောအခါ ၀င်ငွေ, ထွက်ငွေစာရင်းမှာ ၀င်ငွေရသော်လည်း ထွက်ငွေက ပိုလျက် ရှိသည်၊ ပိုရခြင်းအကြောင်းမှာလည်း အိမ်စရိတ်သုံးငွေမှာ အခြားနေရာမှမ၀င် သဖြင့် သည်အထည်း ကပင် လွယ်လွယ်နှိုက်၍ သုံးလာကြရသည်၊ ကိုယ့်အလုပ်နှင့်ကိုယ့်ဝင်ငွေကို  ပြန်သုံးခြင်းသာဖြစ်သည်ဟု စာရင်း မခွဲတော့ဘဲ ပုံနှိပ်ခရိုက်ပေးခလဲ ဒီအထဲမှယူ၍ ပေးရသည်၊ နောက်ပိုင်းမှာ စာအုပ်ကိုယ်စား လည်များထံမှ ငွေရှင်းတမ်းလည်း မမှန်ခြင်း၊ အချို့လုံးဝတောင်း၍ ပင်မရခြင်း စသော စာအုပ်တိုက် တတိုက်၏ ဖြစ်ရိုးဖြစ်စဉ်မလွှဲမရှောင်သာ သောကိစ္စများက ၀င်ရောက် မွှေနောက် လာပြန်ပါသည်။

ယင်းသို့ချိနဲ့ ခြူခြာစပြုရာတွင်၊ အမြတ်တော်ခွန်ကောက်ရန် စရင်းပြပါဆိုသော စာရွက်ကလေး တရွက် ကလည်း ရောက်လာသောအခါ ရှေ့ဆက်ရန်မဟန်သော ဤအလုပ်ကို အခြေအနေအရ ခေတ္တဆိုင်းထားရ တော့မည် ကဲ့သို့ ဖြစ်လာပါသည်။

ဤအတွင်း နိုင်ငံရေးလှုံ့ဆော်မှု များသည်လည်း တဘက်တလမ်းမှ ပြင်းထန်လာချိန် ဖြစ်နေရာ ၀တ္တု မဂ္ဂဇင်း ပုံနှိပ် တိုက်ရှင်များနှင့် အစီအစဉ်တခု ပြုလုပ်ကြပါသည်။ ပုံနိုပ်တိုက်ရှင်တို့က ကိုယ်ပိုင် နေ့စဉ်သတင်းစာ ထုတ်ဝေစပြုပါသည်၊ သတင်းစာ၏ အမည်မှာဟုမ္မရူး သတင်းစာဖြစ်၍ ထိုသတင်းစာထွက်သည့် နေ့မှစ၍ ကျမက ဟုမ္မရူးလမ်းညွှန် ဆိုသော အခန်းတခုကို ရေးပေးပါ သည်၊ ထိုအခန်းတွင် ရေးသောစာမှ မြန်မာပြည် တွင်ထိုအချိန်က ခေတ်စားနေသော ကိုယ်အုပ်ချုပ် ရေးခေါ် ဟုမ္မရူးအစစ်ရလိုကြောင်း စိတ်ဝင်စား နေကြသည့်အလျောက်၊ အင်္ဂလိပ်အစိုးရက ပေးမည်ဟု ကြံရွယ်သော ဒိုင်အာခီအုပ်ချုပ်ရေးကို မလိုလား အပ်ကြောင်း၊ ပထမကမ္ဘာစစ်ကြီး အတွင်းက ဘိလပ်မှ မွန်တေဂူ၏ကတိမှလည်း ဗြိတိသျှအင်ပိုင်ယာ နိုင်ငံများကို ကိုယ်ပိုင်အုပ်ချုပ် ရေး ဟုမ္မရူးကိုပေးမည် ဆိုထား၍ဟုမ္မရူးအစစ်က တပြားမှ လျှော့မယူ ထိုက်သည့် အကြောင်းရေး သားလှုံ့ဆော်သော နိုင်ငံရေးဆောင်းပါးများကို စိတ်ဝင်စားစွာ ရေးနေပါသည်။

နေရှင်နယ်ဂျာနယ်၏ အယ်ဒီတာ ဆက်ရန်

.

1 comment:

မေဓာဝီ said...

ကျေးဇူးတင်ပါတယ်မရွှေစင်ဦးရေ
ညစာစားရင်း လာဖတ်သွားပါတယ်။
နည်းနည်းလေး လွဲနေတာ တခုပြောချင်လို့ပါ။
"ရှင်မဟာရဋ္ဌသာရ၏ ကိုးခန်းပျို့ကိုပင် မြတ်စွာဘုရား၏ အပြစ်တော်များကိုရေးသား စီကုံးထားပါလျက်က"
အဲဒီနေရာမှာ "အဖြစ်တော်" ဖြစ်ရမယ်ထင်တယ်။ မြတ်စွာဘုရားရဲ့ အဖြစ်အပျက်တော်တွေကို ရေးသားစီကုံးထားတာကို ဆိုလိုတာလို့ ထင်ပါတယ်။
နောက်ခုက သမ္ဖပ္ပလာပ စာလုံးပေါင်းလေးပါ။

တခြားဟာတွေတော့ အသေးအဖွဲမို့ ကိုယ့်ဟာကိုယ်ဖြည့်ဖတ်လိုက်ပါတယ်။