ကျနော် ဒီတခါ စူဇီဝေါင်း နေရာမှာ နောက်တအုပ် တင်ဘို့ စဉ်းစားတဲ့ အခါမှာ ကျနော် ငယ်ငယ်က စွဲလန်းခဲ့တဲ့ မြသိန်း ဘာသာပြန်တဲ့ တော့တိုးချန် ကို ရွေးဘို့ စဉ်းစားလိုက်ပါတယ်..။
ဘာကြောင့်လည်း ဆိုတော့ ကျနော့် ရဲ့ ဘလော့ စာဖတ်သူများဟာ လူရွယ်လူလတ် တွေနဲ့ အပျိုကြီး လူပျိုကြီး တွေ များတဲ့ အတွက် နောင် တချိန်မှာ သား၊ သမီး တွေများရလာရင် ကျောင်းထားဘို့ ရွေးချယ်တဲ့ အခါ ကမ္ဘာပေါ် မှာ တကျောင်းထဲ ရှိခဲ့ဘူးတဲ့ ဂျပန်နိုင်ငံ က တော့တိုး-ချန် နေခဲ့တဲ့ စံပြ ကျောင်းလေး ကိုသတိရနေ စေချင်လို့ ပါဘဲ..။
ဒုတိယ ကမ္ဘာစစ် မတိုင်ခင်က တကယ်ဘဲ ဂျပန်နိုင်ငံမှာ ဒီကျောင်းလေး ရှိခဲ့ဘူးပါတယ်။ ဒီကျောင်းကလေး (တိုမို စံပြ ကျောင်း) ကို တည်ထောင်သူကတော့ ဂျပန် လူမျိုး မစ္စတာ ဆိုဆာကိုဘာယာရှီ ဖြစ်ပါတယ်။ ဒီကျောင်း ကလေး ကနေ နိုင်ငံကျော် ရူပဗေဒ ပညာရှင်..၊ ရုပ်မြင်သံကြား မင်းသမီး..(အခု ဒီစာအုပ်ကို ရေးတဲ့ စာရေး ဆရာမလေး) နဲ့ တခြား သူတို့ ဝါသနာပါတဲ့ လုပ်ငန်းတွေမှာ ထူးချွန်တဲ့ သူ့ သူငယ်ချင်းများ ဟာ တိုမိုကျောင်း (စံပြကျောင်း) ထွက်များ ဖြစ်ပါတယ်။
ဒီစာအုပ်ကို ဘာသာပြန်သူ ၂ယောက်ရှိပါတယ်.၊ ကျနော် ကတော့ မြသိန်း ဘာသာပြန်တာဘဲ ဖတ်ဘူး ပါတယ်၊ ပထမ တအုပ်က စာပေဗိမ္မာန် ဆုရတဲ့ စာအုပ်ဖြစ်ပါတယ်.၊ ကျနော့် ရဲ့ ထုံးစံအတိုင်းဘဲ အဲဒီစာအုပ်က ပျောက်ဆုံးသွားတာ နှစ်ပေါင်းအတော်ကြာပါပြီ..၊ အခု စာအုပ်က ဒုတိယ အကြိမ် ပြန်ဝယ်ထား တဲ့ စာအုပ်ကလေးပါ.၊ ပ စာအုပ်က အဖုံးစိမ်းလေးနဲ့ အခုစာအုပ်က ပန်းရောင်လေးနဲ့ပါ.. ဒါပေမဲ့ ဒီစာအုပ်မှာ ပုံနှိပ် ထုတ်ဝေ တဲ့ အကြိမ်က ပထမ အကြိမ် (၂၀၀၅) ခုဖြစ်နေတယ်..၊ ဘယ်လိုလည်း ကျနော် လည်း မသိတော့ဘူး..၊ ကျနော် ဖတ်ဘူးတာတော့ နှစ် ၂ဝ ကျော်လောက်ပြီ ထင်တာဘဲ..။
ကျနော် မှာသာ အရည်အချင်းရှိရင် တချိန်ကြ စံပြကျောင်းလေး ဖွင့် ဖို့ ရည်ရွယ်ထားပါတယ် ၊ ခင်ဗျားတို့ ကလေး ပိစိကလေး များ ထားချင်အောင် ပထမ အကြိမ် အဖြစ် မဲဆွယ် ထားခြင်းဖြစ်ပါတယ်..၊ သေချာ ဖတ်ကြပါခင်ဗျား..၊ သိပ်ကောင်း တဲ့ စံပြကျောင်းလေးပါ..။
ဘူတာရုံ
ဂျီယူဂါအိုကာ ဘူတာရုံသို့ အိုအိမာချိမီးရထား ဆိုက်ရောက်သောအခါ သူတို့သည် မီးရထားပေါ်မှ ဆင်းသက်ခဲ့ ကြသည်။ အမေသည် တော့တိုး-ချန်၏ လက်ကိုဆွဲကိုင်ရင်း လက်မှတ်သိမ်းသော အပေါက်ဝ ရှိရာသို့ ဦးဆောင်၍ သွားသည်။ တော့တိုး-ချန်သည် ရှေးယခင်က မီးရထား သိပ်မစီးဖူးချေ။ သူမ၏ လက်ထဲတွင် ဆုပ်ကိုင်ထားသော မီးရထားလက်မှတ်ကို ပေးလိုက်ရမည်ကို တွန့်ဆုတ် နေမိသည်။
"ကျွန်မ ယူထားလို့ ရမလား"
တော့တိုး-ချန်က လက်မှတ်သိမ်းသူက မေးလိုက်သည်။
"ဟင့်အင်း ယူထားလို့မရဘူး"
လက်မှတ်သိမ်းသူသည် ပြန်ဖြေရင်း သူမထံမှ လက်မှတ်ကို ယူလိုက်သည်။
သူမသည် မီးရထားလက်မှတ်များဖြင့် ပြည့်နေသည့် သူ၏ သေတ္တာကို ညွှန်ပြလိုက်သည်။
"အဲဒီထဲကဟာတွေ အားလုံးဟာ ဦးလေးကြီးရဲ့ လက်မှတ်တွေလား"
"မဟုတ်ဘူး၊ ဒီလက်မှတ်တွေ အားလုံးကို ဘူတာရုံက ပိုင်တယ်" ဟု သူသည် ဘူတာရုံအပြင် ဘက်သို့ ထွက်ခွာသွားသူများထံမှ လက်မှတ်များကို သိမ်းယူရင်း ဖြေလိုက်သည်။
"အိုး ..."
တော့တိုး-ချန်သည် သေတ္တာကို ငေးကြည့်ရင်း ဆက်ပြောလိုက် ပြန်သည်။
"ကျွန်မ လူကြီးဖြစ်လာရင် မီးရထား လက်မှတ်ရောင်းမယ်"
လက်မှတ်သိမ်းသူသည် သူမကို ပထမဆုံးအကြိမ် စောင်းငဲ့ကြည့်လိုက်သည်။
"ငါ့သားငယ်ဟာလည်းပဲ ဘူတာရုံမှာ အလုပ်လုပ်ချင်တယ်။ အဲဒီတော့ မင်းတို့အတူတူ အလုပ်လုပ် နိုင်တာပေါ့"
တော့တိုး-ချန်သည် နံဘေးတစ်ဖက်သို့ ခြေလှမ်းတစ်လှမ်းလှမ်း၍ ကပ်လိုက်ပြီး လက်မှတ်သိမ်း သူကို အသေအချာ ကြည့်လိုက်သည်။ သူသည် လူဝတစ်ယောက် ဖြစ်သည်။ မျက်မှန်တပ်ထား၏။ သနား ကြင်နာစိတ် ရှိပုံရသည်။
"ဟမ်း"
သူမ၏ လက်နှစ်ဖက်ကို သူမ၏တင်ပါးပေါ်တင်ရင်း ထိုသူ ပြောသည့်ကိစ္စကို အသေအချာ စဉ်းစား လိုက်သည်။
"ဦးလေးကြီး သားနဲ့ အတူတူ အလုပ်လုပ်ဖို့ရာ ကျွန်မမှာ အနှောင့်အယှက် မဖြစ်ပါဘူး။ ကျွန်မ ပြန်စဉ်းစား ပါဦးမယ်။ ဒါပေမဲ့လို့ အခု လောလောဆယ်မှာတော့ ကျွန်မ အလုပ်ရှုပ်နေတယ်၊ ကျောင်းသစ် တစ်ကျောင်း ကို ကျွန်မသွားစရာ ရှိသေးတယ်"
သူမသည် အမေစောင့်နေသည့် နေရာသို့ ပြေးသွားပြီး အော်ပြောလိုက်သည်။
"ကျွန်မ လက်မှတ်ရောင်းသမား ဖြစ်ချင်တယ်"
အမေသည် အံ့သြခြင်း မဖြစ်ပေ။
"ငါကတော့ နင်ဟာ သူလျှိုတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ထင်တာပဲ" ဟု ပြောလိုကသည်။
တော့တိုး-ချန်သည် အမေ၏လက်ကို ကိုင်ဆွဲ၍ လမ်းလျှောက်သွားရင်း တမြန်နေ့က သူလျှို တစ်ယောက်ဖြစ်ချင်သည်ဟု ပြောခဲ့ပုံကို ပြန်လည် သတိရနေမိသည်။ သို့သော်လည်း လက်မှတ်များ ပြည့်နေသည့် သေတ္တာကို စောင့်ရှောက်နေသော အလုပ်သည် ပျော်စရာကောင်းသည့် အလုပ် တစ်မျိုးပင် မဟုတ်ပါလော။
"သိပ်ဟုတ်တယ်"
သူမ၏ ဦးခေါင်းထိပ်၌ စိတ်ကူးကောင်းတစ်ခု ပေါ်လာသည်။ သူမသည် အမေ့ကို မော့ကြည့် လိုက်ပြီးလျှင် သူမ၏ စိတ်ကူးကို အသံ ခပ်ကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"ကျွန်မဟာ လက်မှတ်ရောင်းတဲ့ တကယ့်သူလျှိုတစ်ယောက် မဖြစ်နိုင်ဘူးလား"
အမေသည် ပြန်မဖြေပေ။ ပန်းပွင့်ငယ်များ ထိုးထားသည့် သူမ၏ ဦးထုတ်ပြားပြားအောက်တွင် သူမ ၏ လှပသော မျက်နှာသည်တစ်မျိုး ဖြစ်နေသည်။ အကြောင်းရင်းမှာ အမေသည် အလွန်တရာ စိတ်ပူ နေသောကြောင့် ဖြစ်သည်။
သူတို့တတွေ က တော့တိုး-ချန်ကို ကျောင်းသစ်တွင် လက်မခံကြဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ သူမ သည် တော့တိုး-ချန်ကို ကြည့်လိုက်သည်။ တော့တိုး-ချန် သည် တစ်ယောက်တည်း စကား ပြောရင်း ခုန်ဆွ ခုန်ဆွနှင့် လမ်းပေါ်၌ သွားနေသည်။ အမေစိတ်ပူနေသည်ကို သူမ မသိချေ။ ထို့ကြောင့် သူတို့ နှစ်ယောက် အကြည့်ချင်း ဆုံမိကြသောအခါ သူမသည် ရွှင်ပျစွာဖြင့် ပြောလိုက်သည်။
"ကျွန်မ စိတ်ပြောင်းသွားပြီ၊ ဈေးဆိုင်အသစ်တွေကို လိုက်လံကြော်ငြာနေကြတဲ့ လမ်းပေါ်က အတီး အမှုတ် သမား အုပ်စု တစ်စုစုထဲကို ၀င်လိုက်ရရင် ကောင်းမလားပဲ"
"မြန်မြန်လျှောက်စမ်း၊ ငါတို့နောက်ကျနေလိမ့်မယ်၊ ကျောင်းဆရာကြီးက ငါတို့ကို စောင့်နေရတယ် ဆိုတာ မကောင်းဘူး၊ နောက်ထပ် စကားမပြောနဲ့တော့၊ လမ်းသွားတာလည်း ကြည့်သွားဦးနော်"
အမေက ပြောသည်။ အမေ၏ လေသံသည် စိုးရိမ်စိတ် ဖုံးလွှမ်းနေသော လေသံ ဖြစ်သည်။
သူတို့သည် သူတို့နှင့် ရှေ့တည့်တည့် မလှမ်းမကမ်းတွင် ခပ်ငယ်ငယ် ကျောင်းတစ်ကျောင်း၏ ခြံဝင်းတံခါး ကို မြင်တွေ့နေရပြီ ဖြစ်သည်။
ပြတင်းပေါက်က မိန်းကလေး
နက်ဖြန် ဆက်မယ်
(စာဖတ်သူများ - ဖတ်ချင် တဲ့ စာအုပ်များ ကို အဆင်ပြေသလို တင်ပေးပါမယ်.၊ အေးဆွေ-ပေါ်အူး က စာအုပ် ပြန်ရှာနေတယ် ကိုကျောက်ရေ ရရခြင်း တင်ပေးမယ် ပန်းသတင်း ထဲမှာ ထည့်ပေးမယ်.)
3 comments:
အရမ်းကျေးဇူးတင်ပါတယ်
လင့်ထားပြီးတင်သမျှဖတ်ပါတယ်...
ပျော်ရွှင်ပါစေ ...
မမရွှေစင်ရေ..
ဒီ..တော့တိုး-ချန်ကို ညီမလေး ၆ တန်းကျောင်းသူ ဘ၀တုန်းက ဆရာမတစ်ယောက်က ပြောပြဘူးလို့ ခေါင်းထဲမှာ အမြဲစွဲနေခဲ့တာ၊ စာအုပ်ဖတ်ချင်လို့ ရှာခဲ့ပေမယ့် အခုချိန်ထိကိုမရခဲ့ဘူး...အခု မမရွှေစင်တင်ထားတာကိုတွေ့လိုက်ရတော့ အရမ်းကိုဝမ်းသာသွားခဲ့တယ်...ဆက်ဖတ်ချင်လှပြီ....မြန်မြန်လေးတင်ပေးပါနော်...
ချစ်ဖို့ကောင်းလိုက်တဲ့ မမရွှေစင်...ရွှတ်.... :)
ချစ်ညီမလေး
အင်ကြင်း
ကျေးဇူးတင်လိုက်တာလို့ အထပ်ထပ် အခါခါ ပြောနေမိပါတယ်။
:)))
ခုမှတွေ့လို့ ခုမှ လာဖတ်ရတယ်။
အင်မတန် စွဲလမ်းခဲ့ဖူးတယ်။ ခုချိန်ထိလည်း စွဲလမ်းနေတုန်းပဲ။
Post a Comment