Tuesday, January 12, 2010

ဒဂုန်ခင်ခင်လေး စာဆိုတော် အခန်း(၂၅)

အခန်း (၂၅)

မောင်မောင်ငယ် သည် မြတ်လေးပန်းများပါသည့် ကရမက်သား သေတ္တာကလေးကို တရိုတသေကိုင်ကာ သီပေါ မင်းသား၏ စံအိမ်တော်ပေါ်သို့ ရောက်လာလေ၏။ အိမ်တော်ပေါ်သို့ ရောက်လာလျှင်ပင် ခင်ခင်ကြီး ကို ချစ်ခင်စွဲလမ်း၊ တမ်းမှန်းရည်ရော်ခဲ့သော စိတ်များနှင့် လွန်ခဲ့သည့် ညဥ့်အခါက နှလုံးသွေး တုန်စရာ ကောင်းသော အိမ်မက်၏ အခင်းသွားများကို စဉ်းစားစိုးရိမ်မိသည်တို့အား ခေတ္တခဏ လုံးဝ မေ့လျော့ ထားလိုက်ကာ အဆောင်တော် လေသာတံခါးမှ စောင့်ငဲ့၍ မောင်မောင်တုတ်ကို မျက်လုံးဖြင့် ကြည့်ရှု ရှာဖွေနေလျှင် မောင်မောင်တုတ်မှာ မျက်နှာသစ်တော်ရေဖလားကိုင်၍ သီပေါမင်းသား စံတော် မူရာအခန်းမှ ထွက်လာသည့် လူပျိုတော်သားကလေး မောင်မောင်နွဲ့နှင့်အတူ လေသာခန်းဘက်သို့ ထွက်လာ သည်ကို တွေ့မြင်ရလေ၏။

    မောင်မောင်ငယ် လည်း မောင်မောင်တုတ်သွားရာနောက်သို့ ဖြည်းညင်းသာယာစွာ လိုက်သွားပြီး အနီးသို့ ရောက်သည်တွင် မောင်မောင်တုတ်သည် မောင်မောင်နွဲ့ ကလေးနှင့်အတူသွားရာမှ လှည့်ကြည့် ကာ....
    “အလို... ကိုရင်ငယ် ပြန်လာမှကိုး” ဆို၍ မောင်မောင်နွဲ့အား သွားတော့ဟု အခွင့်ပြုလိုက်ကာ မောင်မောင်ငယ်ရှိရာသို့ ပြန်လာလေ၏။
    ငယ်။ “နိုးတော်မူပြီလား”

    တုတ်။ “အခုပဲ မျက်နှာသစ်တော်ရေကျပြိးလို့ ဗောင်းတော် ဆင်တော်မူနေတယ။ ဒါနဲ့ ကိုရင်ငယ်ရေ့... မြတ်လေးပန်း ပါရဲ့လား၊ မပါရင် အပြစ်တော်တင်နေမယ်ဗျ။ သည်မြတ်လေးပန်း ရာဇ၀င်က ကျုပ်တို့ တမင်အကျပ်ကိုင်ထားရတဲ့ ထိုးဇာတ်ရာဇ၀င်ဖြစ်နေတော့ ပေါ့ပေါ့လျော့လျော့ လုပ်လို့မဖြစ်ဘူးနော်။

    ငယ်။ “(ကရမတ်သားသေတ္တာကလေးကို မြှောက်ပြရင်း)” ဟောဒီမှာပါပါတယ်ဗျ၊ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဆိုတာလို ကျုပ်လည်း မေဖုရားတို့ အိမ်သွားရ၊ မြတ်လေးပန်းလည်း ဆက်ရအောင် ဆင်ယူ ရတဲ့ ဇာတ်ကွက် ဆိုတော့ အကွက်လည်အောင် မလှည့်နိုင်လို့ ဘယ်ဖြစ်မတုံး၊ သည်တော့ ရောက်လျှင် ရောက်ချင်း ဆိုသလိုပဲ မေဖုရားကို ရွှေနန်းတော် အနောက်ပိုင်း အခစားဝင်ပြီး မြတ်လေးပင်ရှိတဲ့ အဆောင်မှာ ကြာကြာနေပါလို့ မရမက ပူဆာတော့တာပဲ။ ကျုပ်တို့ မေဖုရားခမျာလည်း မစွမ်းမသန်ရာက အကျိုးဆောင် ပေးလိုက်ရှာ ပါတယ်ဗျာ၊ ဟောဒီမှာ ကြည့်စမ်းပါ၊ အခါရာသီ မဟုတ်ဘဲနှင့် ရတောင့်ရခဲ ရလာတဲ့ ပန်းတွေ အတော်များသား”

    ဆို၍ သေတ္တာအဖုံးကလေးကို ဖွင့်ပြရာ ထုံဝတ်ရည်ပြည့်လျှမ်းသော ဖွေးဖွေးဖြူသည့် မြတ်လေးပန်းများ ကို တွေ့မြင်ရလေလျှင် မောင်မောင်တုတ်က...
    “အို...ဟုတ်လိုက်လေ ကိုယ့်လူရယ်၊ ကျုပ်တော့ ရမှရပါ့မလားလို့ စတ်တပူပူနဲ့ နေလိုက်ရတာ၊ ခုမှအေး ပေတော့တယ်ဗျာ”
    အားရ၀မ်းသာသော မျက်နှာထားနှင့် တီးတိုးပြောကာ မောင်မောင်ငယ်၏ ပခုံးကို ကိုင်လျက်....

    “ကဲ...ကဲ၊ လာ...လာ၊ တစ်ခါတည်း ၀င်သာဆက်ပေတော့၊ ဗောင်းတော်ဆင်ခိုက်မှာ တစ်ခါတည်း စိတ်ကြိုက်တွေ့တော်မူသွားအောင် ဗောင်းတော် ပ၀ါအစ်ထဲမှာ ပါလာတဲ့ မြတ်လေးပန်းတွေကို ရှေ့တော် မှာပဲ ဖြူးထည့်လိုက်ပါဘိ ကိုရင်”

    ပြောလျက် စံဆောင်တော်ဘက်ကို ခပ်သွက်သွက် ဆွဲလာရာမှာ မောင်မောင်ငယ်က တစ်စုံတစ်ခု သတိရ၍ ခေတ္တတန့်ရပ်ခါ....
    “နေပါအုံး၊ ကိုရင်တုတ်ရဲ့၊ သေသေချာချာ တွေးရင် မြတ်လေးပန်း ဆက်နိုင်တဲ့အတွက် ကိုယ်တော်ဖျား က နှစ်သက်တော်မူမယ်၊ မနှစ်သက်တော်မူမယ် ဆိုသည်ကို ပြန်၍ စဉ်းစားစမ်းပါးဦး ဗျ။ အစပထမ မူလ အမိန့်တော် ရှိရင်းက စုဖျားအကြောင်း စကားစပ်မိစေလို၍ ရေလာအောင် မြောင်းတူးပေး တော်မူ လိုက်တာ၊ ကျုပ်တို့တစ်တွေက ရေကို မြောင်းထဲမသွင်းစေဘဲနှင့် လယ်ထဲရောက်အောင် လမ်းလွှဲပို့ လိုက်တဲ့ အတွက် မြတ်လေးပန်း ရှာဖွေရတဲ့ စခန်းကို ရောက်ခဲ့ရတယ် မဟုတ်ပါလား။ သည်တော့ ရွှေကိုယ်တော် ဖျားမှာ မြတ်လေးပန်း ပါလာတဲ့အတွက် အပေါ်ယံက နှစ်သက်ဝမ်းမြောက် တော်မူဟန် ပြရသော်လည်း စိတ်တော်တွင်းကတော့ နှစ်သက်တော်မူလှမယ် မဟုတ်ပေဘူး၊ သည်တော့ မြတ်လေးပန်း ကို ဗြုန်းခနဲဆက်၍ မတော်သေးဘူး၊ လူကိုယ်တိုင် ရှေးဦးစွာ ၀င်ခစားပြီး အမေးတော်ရှိမှ ဆက်ရလျှင် သာလို့ ကောင်းမယ်ထင် တယ် ကိုရင်ရဲ့"

    ဆိုကာ နှစ်ယောက်သား အဆောင်ထဲသို့ ဖြည်းညင်းစွာ ၀င်လာကြပြီး သီပေါမင်းသား အနီးတွင် ခံစား မိကြလေ၏။
    သီပေါမင်းသား လည်း ထိုအခိုက်တွင် ဗောင်းတော်ကို ဆင်သတော်မူရာမှ ခစားလာကြသူများ လှည့်၍ ရှုစားတော်မူပြီး တည်ကြည်ငြိမ်သက်သော မျက်နှာတော်ဖြင့်...
    "သြော်... မောင်ဖေငယ် ပြန်လာပြီလား၊ မောင်မင်း ရှာခဲ့မယ်ဆိုတဲ့ မြတ်လေးပန်းများကော ပါရဲ့လား မောင်မင်း"

    စတင် မိန့်တော်မူလိုက်သည်တွင် မောင်မောင်ငယ်နှင့် မောင်မောင်တုတ်တို့မှာ သီပေါမင်းသား ကိုယ်တော်တိုင်က ယခုကဲ့သို့ စတင် အမေးတော်ရှိသည်ကို အံ့သြသော မျက်လုံးတို့ဖြင့် အချင်းချင်းသာ သိနိုင်သည့် အဓိပ္ပာယ်နှင့် လျင်မြန်ဖျတ်လတ်စွာ လှမ်းကြည့်မိကြ ပြီးမှ မောင်မောင်ငယ်က ပန်းသေတ္တာကို ရှေ့တော်သို့  ဆက်ကာ။

    " မှန်လှပါ၊ ရွှေကိုယ်တော်ဖျား အလိုရှိတော်မူသော ပန်းများ ရရှိခဲ့ကြောင်းပါ ဘုရား" လျှောက်လျင် သီပေါမင်းသား လည်း ပန်းသေတ္တာကို ကိုင်ယူရှုစားတော်မူကာ အပွင့်အနည်းငယ်ကို နုတ်ယူတော်မူပြီး သေတ္တာ ကို မောင်မောင်ငယ်လက်သို့ ပြန်ပေးတော်မူကာ…
    " အခု ရာသီ မဟုတ်ဘဲ ရှာ၍ရတတ်ပလေတယ်၊ ကိုင်း…မောင်မင်း ပန်းများကို ဗောင်းအစ် ထဲသို့ ရနံ့ မပြယ်မီ ထည့်လိုက်ပေတော့"
    မိန့်တော်မူပြီးလျှင် လက်တော်ထဲတွင် ကျန်ရစ်သော မြတ်လေးပန်း အနည်းငယ်ကို အထပ်ထပ် အပြန်ပြန် ရနံ့ခံ၍ နေတော်မူပြီး တစ်စုံတစ်ခုကို စဉ်းစား တွေးတောတော်မူဟန်ဖြင့် အတန်ကြာ တိတ်ဆိတ် ငြိမ်သက်စွာ စံနေတော်မူလ၏။

    သီပေါမင်းသားလည်း မြတ်လေးပန်းများကို အတန်ကြာ ရနံ့ရှူ ခံစားတော်မူနေရာမှ မောင်မောင် တုတ်အား စကားစပ်၍ အမိန့်တော်ရှိလေဟန်ဖြင့်……
    " သြော်……..သည်မြတ်လေးပန်းများကို ရှုမြင်တော်မူရတော့ ဟိုယခင်အစ ပထမစုစုထံတော် က စာတော်ပြန်ပွဲ ဆင်နွဲတော်မူဖို့ရန် ၀တ်လဲတော်ပုဆိုးနှင့်အတူ မွှေးကြူးပျံ့လှိုင်ရနံ့ကြိုင် တဲ့မြတ်လေးခိုင် မြတ်လေး ကုံးကြီးများကို သွား၍သတိရတော်မူမိတယ် မောင်မင်း"

    မိန်တော်မူရာ မောင်မောင်တုတ်လည်း မပြုံးမိစေရန် အတန်တန် ဟန်လုပ်ချုပ်တည်း၍ နေရလေ၏ မလှမ်းမကမ်းမှ ဗောင်းတော်ပ၀ါများကို ပန်းသပ်နေသော မောင်မောင်ငယ်မှာလည်း မိမိတို့ အရှင်မင်းသား သည် ကျေးကျွန်များအပေါ်၌ ကြာရှည်ဟန်လုပ်တော်မမူနိုင်တော့ဘဲ စုဖုရားကြီးကို အတိ အလင်း စတင် မိန့်တော်မူရပြီးဟု ရယ်ချင်သည်ကို အတော်ပင်မသိမသာ နားစွင့်နေမိလေ၏
    မောင်မောင်တုတ်ကားသီပေါမင်းသားက စကားစတင် မိန့်တော်မူလိုက်လျှင်ပင် လျှေက်တင်လိုသော အချက်တွေ ပြည့်နှက်လျှံစေ၍ နေသောကြောင့် မည်သည့်စကားတွေ စ၍ လျှောက်ထားရမည်ကိုပင် မသိနိုင်ဘဲ အတန်ကြာ ဆွံ့အသူကဲ့သို့ ရှိနေရာမှ လျှာပေါ်တွင် ဦးစွာ ဖိတ်စဉ်လာသော စကားတစ်လုံးကို ဗလုံးဗထွေး လျှောက်တင်လိုက်ရဘိအလား….
   
    "မှန်လှပါ၊ မြတ်လေးပန်းများမှ အရှင်စုဖုရား အဆောင်တော်တွင် အလွန်တရာပေါများလှ ပါသဖြင့် အထိန်းတော်ကြီး ခင်ဘွားသစ် လာခွင်ကြုံတိုင်းလိုလိုပင် ရွှေကိုယ်တော်ဘုရားထံသို့  ဆက်သရန် ပါလာ တတ်ြမဲ ဖြစ်ပါသည်။ ယခုလည်း အထိန်တော်ကြီးနှင့် ကျွန်တော်မျိုးများ တွေ့ဆုံရန် အခွင်အရေး မသာ သေးအောင် ဖြစ်နေဆဲအခါ ဖြစ်ပါ၍သာ"
    ကိုယ်တော်ဖျာထံတော်သို့ မြတ်လေးပန်းများ အပို့အဆက်မရောက်နိုင်သည့်နှင့် ဤမျှ ပြတ်လုပ် နေသည်နဲ့ တူကြောင်းပါဘုရား၊ အကယ်၍သာ ရွှေကိုယ်တော်ဖျားက အခွင်အရေးသာပါ လျှင်မြတ်လေး ပန်းမျှသာမက မြတ်လေးပင်၏  အလိုအလျှောက် ပို့ဆက်ရန် ရောက်ရမည်မလွဲဖြစ် ပါသည့်ဘရား"   

    လျှောက်တင်လိုက်သောအခါ သီပေါမင်းသားက ပြုံးတော်မူပြီး…….
    " မောင်မင်းစကားက အလုံးထွားလိုက်ပါဘိတယ်၊ ငါကိုယ်တော်မြတ်ကလည်း အခွင်အရေးမသာ ရအောင် မလာနဲ့လို့ မဆိုရပါပဲကလား………ဟဲ့"
    " မှန်လှပါ၊ မင်းတို့မျက်စော်ငး အကြောင်းသုံးပါးမရွေး ဆိုသလို ရွှေကိုယ်တော်ဖျားက မျက်ထားတော် တင်းတင်းနှင့် မောင်မင်းတို့ ဒီအကြောင်းကို တော်တော်လည်း ပြောကြဟု အမန်တော်မြတ် မှတ်တော်မူပြီး ကတည်းက စကားစပ်လို့မှ မတင်ဝံ့သဖြင့် တရွံ့ရွံ့နှင့် နေခဲ့ရ မည်သည့်နယ်နှင့်မျှ လျှောက်တင်ဝံ့ တော့မည် မဟုတ်သဖြင့် အသာကုတ်၍ နေခဲ့ရပါသော်လည်း အထိန်းတော်ကြီး ခင်ဘွားသစ်မှာ ကျွန်တော်မျိုး များထံမှ စကားပြန် ရလေမလားဟု အမြဲမပြတ် စောင့်စားနေလျက် ရှိကြောင်ကိုလည်း သိရှိရပါသည်။

ဤကဲ့သို့ အထိန်းတော်ကြီး တောင်ဥယျာဉ်တော်ထံမှ တစ်စုံတစ်ရာ အမိန်တော်ပြန်မရသဖြင့် အကြောင်း မပြန်နိုင်။ ရွှေကိုယ်တော်ဖျားကို လည်း နောက်ထပ် မလျှောက်ထားဝံ့နှင့် အချိန်ကုန်ခဲ့ရပါ၍ ကျွန်တော်မျိုး များမှာ အထိန်းတော်ကြီး နှင့်အတွေ့မခံဝံ့ဘဲ တမင် ရှောင်လွှဲပုန်းလျှိး၍ နေခဲ့ရပါသည်။ အထိန်တော်ကြီး ကဖြင့် ကျွန်တော် မျိုးများ၏ ဒုက္ခကို မရိမ်မိဘဲ တစ်မျိုးတစ်မည် အထင်အမြင် လွဲနေမည်ကိုလည်း တစ်ဖက် တစ်လမ်းမှ စိုးရိမ်ရန် အကြောင်းရှိနေပြန်ပါတယ်။ 

အထိန်းတော်ကြီးက ကျွန်တော်မျိုးတို့ကို တလွဲအ မှားထင်သည်က အရေးအမကြီးသော်လည်း မြတောင် စုဖုရား အဆောင်တော်နှင့် သီပေါမင်းရွှေ ကိုယ်တော်ဖျားတို့ အဆောင်တော်ချင်း ဆက်သွယ် တော်ကြသည့် အရေးမှာ ကျွန်တော်မျိုးများက အခြွေအရံမျှသာဖြစ်ပါ၍ အကယ်စင်စစ် အပြစ်တင်တော်မူစရာအကြောင်း ပေါ်ပေါက်လာပါက ' ကျေးကျွန်းမကောင်း အရှင်သခင်ခေါင်း' ဆိုသော စကားအတိုင်း အထိန်း တော်ကြီးထံက မလျော်သော စကားကို ကြားရသဖြင့် မြတောင်စုထားဖုရားက အရှင် ရွှေကိုယ်တော်ဖျား ကို စိတ်ထားတော်ခု၍ သူ့မယ်တော်ကို နွဲးဆိုးဆိုးပြီး  သူ့မယ်တော်ကို တစ်မျိုး တစ်ဖန်လျှောက်တင် လိုက်မယ် ဆိုပြန်လျှင်လည်း သည်ကိစ္စဟာ အေးကြမည်မဟုတ်ဘဲ ကိုယ်တော် ရွှေလွှာတော်တွေ ကလည်း စုထားဖုရား၏ အဆောင်တော်တွင် သက်သေခံအထင်အရှားနှင့်ဖြစ်၍ မယ်တော် ဆင်ဖြူရှင် မိဖုရားကြီးက မဟုတ်မခံနှင့် ဘုန်းတော်ကြီးလှသော အရှင့်ခမည်းတော်ဘုရားထံ ဆက်မှဖြင့် အခက်တွေ့တစ်မျိုးကြုံရပြန်ဦးမယ် ထင်ပါတယ်။ သို့အတွက် မူလစနက်မီးဖြစ်တဲ့ အထိန်းတော်ကြီး အထင်မမှားအောင် ကျွန်တော်မျိုးများ သွား၍ အတွေခံပြီး အရှင်ထံမှ စကားလက်ဆောင် များ ပို့ဖို့ အချိန်တန်ပြီထင်ကြောင်းပါ။ ယခုထက် ကြာကြာရှောင်လွှဲ၍ နေပါလျှင် ကျွန်တော်မျိုးတို့မှာ နောင်အခါ ရာဇာဝတ်အပြစ် မကင်းနိုင်ဖြစ်လာမယ် ထင်ကြောင်းပါဘုရား"

    မိမိဆိုလိုရင်းကိစ္စသို့ ရောက်အောင်အခြောက်အလှန့်၊ အဟန့်အတားတွေနှင့် ခပ်သွက်သွက် တင်လျှောက် လိုက်ပြီး တစ်နေရာမှ 'တတ်နိုင်ရန်ကော'ဆိုသော မျက်နှာထားဖြင့်အကြောင်း သာကြည့် နေသော မောင်မောင်ငယ်ဘက်သို့ လှည့်၍ မျက်စိတစ်ဖက်ကို မသိမသာမှိတ်ပြလိုက်ခါ ရှေ့တော်တွင်ပင် ဣနြေမပျက် ပြားပြားဝပ် ခစားနေလေ၏။

သီပေါမင်းသားမှာ ကာလအတန်ကြာကပင် နှမတော် စုဖုရားလက်ထံတော်မှ အခါတိုင်းကဲ့ သို့ရွှေလွှာတော် လက်ဆောင်တော် အမှာစကားတော်များ ကူလူးဆက်သွယ်မှု နည်းပါးပြီး တဖြည်းဖြည်း လုံးဝ ပြတ်လပ် သွားခြင်းကြောင့် တနုံ့နုံ့တမ်းတ သတိတော်ရလျက် ရှိသော်လည်း ငယ်ကျွန် တော်များကို စတင်မိန့်တော် မမူလိုသဖြင့် အနိုင်နိုင် ဟန်လုပ်တော်မူပြီး ' သင်းတို့ကစ၍ တင်လျှင် တင်လျှောက်စေ၊ ငါကစ၍ မမေး' ဟုနေတော်မူခဲ့သလို၊ ရိုးသားတော်မူလှသော သခင့်အလိုတော် ကိုသိရှိပြီးဖြစ်သော ကျွန်တော်မျိုး များကလည်း သီပေါမင်းသားက စုဖုရားအကြောင်း ပွင့်ပွင်လင်း လင်းစ၍ အမေးတော်မရှိသမျှ မလျှောက်တင်ကြစတမ်းဟု တိုင်ပင်ကာ သီပေါမင်းသားက ရေလာ မြောင်းပေး စကားအရိပ်နိမိတ်ပြ၍ မေးသည့် တိုင်အောင် မသိကျိုးကျွှန်ပြုကာ ရှောင်နိုင်သမျှ ရှောင်တိမ်း၍ လာကြရာတွင် ယနေ့အဖို့ မှာကား သီပေါမင်းသားမှာ မိမိကျေးကျွန်းများ အကယ်ပင် မသိတတ်၍ မလျှောက်ကြသည်ဟု အယူရှိတော် မူကာ  အတိအလင်း စုဖုရားအကြောင်းကို စကား ဦးဆိုက်တော်မူလတော့သဖြင့် ပြုံးရွှင်ကျေနပ်တော် မူသော မျက်နှာတော်နှင့် အတန်ကြာ စဉ်းစား နေတော်မူရာက-

    မင်းသား။    ။ " မောင်မင်းလျှောက်တင်တဲ့ စကားထဲမှာ ငါကိုတော်မြတ်က အခွင့် အရေး မပေးဘူး ဆိုသည်ကို နားရှင်းတော် မမူပါကလား၊ ငါကဘာများ တားမြစ်ထားတော်မူသတုံး၊ မောင်မင်းတို့ကို ခင်ဘွားသစ်က  မကောင်းထင်မည်ဆိုသည်မှာလည်း သူတို့ထံမှ အကြောင်း ကိစ္စထူးထွေမရှိ၍ မလာဘဲ နေသည် မဟုတ်လားမောင်မင်း"

    တုတ်။    ။ "ကိုယ်တော်ဖျားထံက အခွင်အရေး မသာသဖြင့် အထိန်းတော်ကြီးထံသို့ အဆောင်တော် သို့  ထွက်တော် မူဖို့ အရေး၌ နောက်ထပ်၍ တိုက်တွန်းအားပေးခြင်း မပြုရအောင် ထားမြစ်ထားတော်မူသည် တစ်ကြောင်း ကြောင့် ကျွန်တော်မျိုးမှာ ရှေ့မတိုးသာ နောက်မဆုတ် သာနှင့် စပ်ကြားက အလွန်တရာမှ အနေကျပ် လှသဖြင့် အထိန်းတော်ကြီးကို အတွေ့မခံဝံ့သည့် အတွက် ဟိုတစ်ဖက် အထင်အမြစ်လွဲပြီး မိုးမီးလောင် သွားမည်စိုးကြောင်း လျှေက်ထားခြင်း ဖြစ်ပါသည်ဘုရား"

မင်သား။    ။ '' မောင်မင်းတို့ပရိယာယ်တွေကို ငါကိုယ်တော်မြတ်လည်း နားလည်တော်မမူပါ ဘူး။ ငါ့စိတ်မှာ စုစုကို ချစ်မြတ်နိုးတော်မူခြင်း တစ်ခုသာရှိ၍ စုစုကလည်း ငါကိုယ်တော်ကဲ့သို့ပင် ချစ်မြတ်နိုး တော်မူလိမ့်ဟု စိတ်ချ ယုံကြည်တော်မူပြီးသား ဖြစ်တယ်၊ သည်အရေးမှာ မောင်မင်းတို့ ဘယ်ကဲ့သို့ ပြုပြင် ခြယ်လှယ်ချင်ကြသေးတယ် ဆိုတာ အတိအလင်း ဖွင့်၍လျှောက်တင်ပြီး အထိန်း တော်ကြီး ခင်ဘွားသစ် ကိုလည်း် မောင်မင်းတို့ဘာသာ သင့်လျော်သလို တိုင်ပင်ပြောဆိုလိုက်ကြပါ တော့လား''

    မိန့်တော်မသည်တွင် မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့လည်း မိမိတို့ အရှင်မင်း သား အလိုတော် ညွတ်နူးလာသည်ကို ရိပ်မိကြသည်နှင့် လျှောက်တင်ခွင် ရှိသလောက်အရေးကုန် လျှောက်ထား ကြရတော့မည့် အတွက် အထူးအားတက်၍ လာကြပြီးလျှင်….''

    ''ဘုရာ့ကျွန်တော်မျိုးများ အထိန်တော်ကြီးနှင့် သွား၍ တွေ့ဆုံရန် မခဲယဉ်းလှကြောင်း၊ သို့ပါသော်လည်း အရှင်ကိုယ်တော်ထံမှ ဒုတိယအကြိမ် ရွှေလွှာတော်တစ်ခု ထပ်၍ပေးတော်မူပါမှ ရှေ့စကား နောက်စကား ညိညွတ် မည်ဖြစ်ကြောင်းပါ ဘုရား''
    လျှေက်တင်၍ သီပေါမင်းသားက……
    '' အင်းလေ…. မောင်မင်းတို့ သင့်မြတ်မည်ထင်သလို စီစဉ်ကြတော့လို့ မိန့်တော်မူပြီး ဖြစ်တယ်။ ရွှေလွှာတော် ဆက်လိုက်လျှင်လည်း မောင်ဖေငယ်ရှိပြီ မဟုတ်လား''

    မိန့်တော်မူလိုက်သောအခါ မောင်မောင်ငယ်နှင့် မောင်မောင်တုတ်တို့မှာ မိမိတို့ကိုအရေး ကုန်လွဲအပ်တော်မူကြောင်း သိရ၍ အတိုင်းမသိ ၀မ်းသာအားရ ဖြစ်သွးရှာကြသဖြင့် "တင်ပါဘုရား" ဟုသွက်လက်စွာ လျှောက်ထား၍ အပါးတော်မှ ခွဲခွာခဲ့ပြီး ၀ဲဆောင်ထဲတွင် နှစ်ယောက်သား တီးတိုး တိုက်ပင်၍ နေကြပြန်လေ၏။

    ငယ်။    ။ "ကဲ…….ဘယ့်နှယ်ရှိစ ကိုရင်တုတ်၊ ကျုပ်တို့နှင့် ရွှေကိုယ်တော်ဖျား အင်းအား ပြိုင်ကြသည့် အရေးမှာ ဘယ်သူက အရှုံးပေး ရပါသလဲဗျ"
    တုတ်။    ။"တိုးတိုးပြောပါဘိ ကိုရင်ငယ်ရာ၊ ကြားတော်မူသွားလို့ အမျက်တော်ထား၍ နေပါဦးမည်။ သူ့ခမျာ ချစ်တော်မူသည်မှာလည်း လွန်ပါရော၊ အဆုံးမှာတော့ ရိုးတော်မှူရှာလွန်း လို့ပါပဲ"
    ငယ်။    ။ " ဟုတ်ရှာပါတယ်။ ကြာကြာလည်းအောင့်၍ နေတော်မမူနိုင်ရှာဘုး ကိုရင်တုတ် ရဲ့။ ယခုအရေးမှာဖြင့် ကျုပ်တို့ကို လုံးဝ တာဝန်လွှဲပေးတော်မူလိုက်ကပြီ။ သည်တော့ မိုးလေဖျက် ၍ခေတ္တ ရပ်နား ထားခဲ့ရသည့် ဇာတ်ကွက်ကို ဘယ်ဆီက ပြန်၍ ဆက်ကြမတုံးဗျ။ အထိန်းတော် သခင်မကြီးနှင့် မတွေ့ရသည် မှာလည်း အတန်ကြာပြီ။ ကျုပ်တို့ ဘယ်လိုများ ထင်နေမယ် မသိရသေးဘူးဗျ၊ တွေ့မှကိုယ်တို့ အပြစ်လွတ်အောင် မနည်းကြံဖန် ပြောရဦးမှပဲ"

    တုတ်။    ။ " သူ့ခများလည်း ကျုပ်တို့ကို ကြားထဲက အနေခက်နေသလားမှ မသိဘဲ၊ ထိမ်စုမြတ်ဖုရား၏ သဘောထားကလည်း တွေ့ဆုံတော်မူရန် လိုလားသည် မလိုလားသည် မသိရ သေးဘူး။ အထိန်းတော်ကြီးကို တွေ့မှ စကားကုန် မေးစမ်းကြည့်ရမယ်။ ကဲ……ကိုရင်ငယ် ရွှေလွှာ တော်ဆက်သ ဖို့အရေး နှင့် စုဖုရား စိတ်တော်ဘညွတ်ပျောင်း လာတော်မူအောင် ကြိုးစားပေတော့"
    ငယ်။    ။ " ဘယ်လို အဓိပ္ပာယ်မျိုး ရေးရမယ်ဆိုတာ အကြံညဏ်ကလေးများလည်းပေး စမ်းပါဦး ကိုရင်ရဲ့"

    တုတ်။    ။ "အခြားအရေးတွေ တွေး၍ ရှုပ်မနေပါနှင့်ဗျာ။ လိုရင်းအချက်ကိုသာ ကိုင်လိုက     ပါ။ အရင်တစ်ကြိမ် ပို့လိုက်တဲ့ ရွှေလွှာမှာ နှစ်ပါးတွေ့ဆုံတော်မူဖို့အရေး စုစုက အခွင့်ပေး တော်မူဖို့ အရေးခဲ့တယ် မဟုတ်လား။ သည်အရေးနှင့်ပတ်သက်ပြီး ဟိုတစ်ဖက်က အသွားမျိုးအ တိုင်း အဖွဲ့အနွဲ့ အကွန့်အလှိုင်းတွေနှင့် ညွန့်ချင်တိုင်း ညွန့်သွားအောင် လုပ်စမ်းပါ။ ယခု ရွှေကိုယ်တော်ဖျာ ပွဲတော်တည်ပြီးလျှင် လွှတ်တော်မူတော့မယ်။ ကျုပ်လည်းနောက်တော်က ပါရမယ်။ အိမ်တော်မှာ ခင်ဗျား တစ်ယောက်တည်း စိတ်အေး လက်အေးမှာတမ်းတော် ရေးပေ တော့။ နှစ်ချက်တီး၍ ရွှေကိုယ်တော် ပြန်ရောက်တော် မူတဲ့အခါ အလွှာတော်ပြပြီး အထိန်းတော်ကြီး နှင့်တွေ့ဆုံရအောင် တောင်ဥယျာဉ်တော် သွားကြမယ်ဗျာ"

    ငယ်။    ။ "ကောင်းလှပါပြီ။ ကိုရင်ပြောသည့်အတိုင်း စိတ်အေးလက်အေးနှင့် ကျုပ်တစ် ယောက်တည်း ရေးနေမယ်၊ ရွှေပြားတစ်ခုသာ အဆောင်တော်ထဲမှ ယူခဲ့ပါဘိ"
    ဆို၍ မောင်မောင်တုတ်လည်း အလွှာတော်ရေးရန်ု ရွှေလွှာတော်တစ်ခုကို အလျင်အမြန် ယူ၍ပေးသဖြင့် မောင်မော်ငယ်သည် လူပျိုတော်သားများ နေထိုင်ရာဖြစ်သော ၀ဲဆောင်ထဲတွင် စိတ်ကူးယဉ်ယဉ်နှင့် အရှင်၏ အမူတော်ထမ်းရန် ကြိုးပမ်းလျက် ရှိလေ၏။

    အတန်ကြာလျှင် သီပေါမင်းသားလည်း ပွဲတော်များ ကျပြီနောက် လွှတ်တော်သို့ ထွက်တော်မူလေရာ မောင်မောင်တုတ်နှင့်တကွ အိမ်တော်ရှိ အခြားသော အမှုထမ်းလူပျိုတော်သား ကလေးများလည်း အဆောင် အယောင် များကို ကိုင်လျက် အသီးသီး လိုက်ပါမြဲအတိုင်း လိုက်ပါ သွားကြသဖြင့် အိမ်တော်တွင် မောင်မောင်ငယ်နှင့် လူပျိုတော်သား အနည်းငယ်သာ ကျန်ရစ်သော ကြောင့် အထူး တိတ်ဆိတ် ငြိမ်သက် လျက် ရှိလေ၏။

    "အင်း……..မောင်မင်းတို့ဟာက ငါကိုယ်တော်နှင့် စုစုကို နှစ်ပါးဆုံတွေ့ရန် ဒုတိယအကြိမ်မြောက် အခွင်ပန်သည့် အလွှာတော်ပါပဲကလား၊ သည်စခန်းနှင့် သည်လမ်းကလွဲ၍ မောင်မင်းတို့ မသွားတတ် ကြဘူးလား ဟရို့ရဲ့"
    ခပ်ပြုံးပြုံးပင် မိန့်တော်မူသဖြင့် မောင်မောင်တုတ်နှင့် မောင်မာင်ငယ်တို့မှာ သခင့်မျက်နှာ တော်သာခိုက်တွင် လျှောက်ထိုက်သော စကားများကို ခြွင်းချက်မထားလိုကြတာ့ဘဲ…….. "မှန်လှပါ၊ သည်ခရီး ကိုသွားလျှင် သည်စခန်းကို ကွင်းရှောင်တော်မူနေ၍ ဖြစ်ကောင်းသည်လမ်းကို မသွားဘဲ နောက် ဆုတ်တော် မူရန်သာ ရှိပါတော့ကြောင်း၊ ရွှေကိုယ်တော်ဘုရားမှာလည်း အရှင် စုဖုရားကို အလွန်တရာ မြတ်နိုးတော် မူသဖြင့် မည်သည့်နည်းနှင့်မျှ နောက်ဆုတ်တော်မူနိုင်မည် မဟုတ်ကြောင်း သိရပါ၍ ဤကဲ့သို့ စီစဉ် ရခြင်း ဖြစ်ပါသည်ဘုရား"
    လျောက်ထားသည်တွင်မှ သီပေါမင်းသားလည်း ပြုံးတော်မူလျက်သားကပင်……..

    "အေးလေ ………မောင်မင်းတို့ သင့်လျော်မယ်ထင်သလိုသာ ဆောင်ရွက်ကြပါတော့လို့ အခွင့်အရေး လွဲ၍ ပေးတော်မူပြီးဖြစ်တဲ့အတွက် ရှိပါစေတော့။ ကဲ….ကဲ ဒီအလွှာတော်ကို မောင်မင်းတို့နှစ်ယောက် သွား၍ စုစုလက်ရောက် ဆက်ကြမယ် မဟုတ်လား"
    တုတ်။    ။ "ကိုင်း……ကျုပ်တို့တာဝန်တော့ အေးသွားပြီ ကိုရင်။ အထိန်းတော် သခင်ကြီးနဲ့ မြုပ်ချက်ကောင်း ပါကလား ကိုရင်ရဲ့"
    တုတ်။    ။ "ဟုတ်တယ်၊ ဒီအမေကြီး ဘာဖြစ်နေတယ် မသိဘူးဗျ။ အခါတိုင်းဆိုလျှင် ကျုပ်တို့က မသွားသည့် တိုင်အောင် ပြောဆိုတိုင်ပင်ရန် ကိစ္စရှိလျှင် အခေါ်လွှတ်မြဲပဲ မဟုတ်လား။ ကျုပ်အထင်တော့ သူလည်း ကိုရင်တို့လိုပဲ သူ့စုဖုရားနှင့် အတိုင်အဖောက်မတည့်ကြတဲ့အတွက် ရုတ်တရက် စကားပြန် ခက်နေပြီထင်တယ် ကိုရင်ရဲ့"

    ငယ်။    ။ "ဟုတ်စရာရှိပါရဲ့၊ ဘာပဲဖြစ်ဖြစ်လေ၊ သည်ယနေ့တော့ ကျုပ်တို့နှင့် အထိန်း တော်ကြီး တွေ့ရ တော့မှပဲ။ သည်တော့ အကြောင်းပြခြင်းရာ သိရမှာပေါ့။ ယခုကျုပ်တို့ တောင်ဥယျာဉ်တော်သို့ သွားကြမယ်လားဗျ"
    တုတ်။    ။ "ဟုတ်ကဲ့၊ ဥယျာဉ်တော်သွားကြရမှာပဲ၊ သို့သော်လည်း မသွားမီ အနောက်တန်း လျားက သူငယ်တော် ကလေးကို သွားကြမယ်လားဗျ"
    ပြောကာ မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့သည် အ၀တ်ပုဆိုးများ လဲလှယ်ဝတ် ဆင်ကာ အိမ်တော်မှ ထွက်လာခဲ့ကြလေ၏။

    အထိန်းတော်ကြီး ခင်ဘွားသစ်သည် စုဖုရားလတ်အား သီပေါမင်းသားနှင့် တွေ့ဆုံတော်မူ ရန်အတန်တန် ဖျောင်းဖျ နားသွင်းလျက် ရှိခဲ့သော်လည်း စုဖုရားမှာ သီပေါမင်းသားအား ချစ်ခင် တိမ်ညွှတ်တော်မူသော စိတ်ထားရှိလင့်ကစား ရုတ်တရက် နှစ်ပါးတွေ့ဆုံတော်မူရန် အရေးကို တွေးတော စဉ်းစားတော်မူ၍မရ၊ ရှက်အားတော်ပိုလှသဖြင့် အလိုမကျယောင်နှင့် ငြင်းရှောင်တိမ်း ဖယ်တော်မူဆဲ ဖြစ်သောကြောင့် ခင်ဘွားသစ်မှာ သီပေါမင်းသားနှင့်တကွ မောင်မောင်တုတ်တို့အ ပေါ်တွင် အလွယ်တကူ ကတိအပေးလွန်၍ စကာကျွံ့ခဲ့သလောက် အရေးမပါ အရာမရောက်နိုင်  သေးသဖြင့် တွေးမိတိုင်း မျက်နှာပူနေသောကြောင့် မိမိထံမှ စကားလက်ဆောင် အပြန်အလှန်မလှ ၍မောင်မောင်တုတ်၊ မောင်မောင်ငယ်တို့နှင့် အတွေ့စုဖုရားလတ်အား ရှောင်လွှဲတိမ်းဖယ်၍ နေခဲ့ သည်ဖြစ်လေရာ နေ့ရှိသမျှလည်း အခွင့်ရတိုင်းပင် စုဖုရားလတ်အား ဆံတော်ရှင်းပေးရသည့် အခိုက်အတန့် တွင် လည်းကောင်း၊ ဒဏ္ဍာရီပုံဝတ္တုများ ဆက်ရသည့် အခါတွင်လည်းကောင်း၊ အကြောင်းတိုက်ဆိုက်ရာ အာလာပသလ္လာပစကားပြောဟော နှီးနှောတိုင်ပင်ကြသော အချိန်အခါ တွင်လည်းကောင်း အကြောင်း အခွင့် သင့်လျော်ပတ်သလို သီပေါမင်းသားကလေးမှ ချစ်ခင်မြတ်နိုးတော်မူရှာသော စေတနာ အရင်းခံဖြင့် စုဖုရားနှင့် များစွာ တွေ့ဆုံတော်မူလိုရှာ ကြောင်း၊ စုဖုရားကလည်းသီပေါမင်းသားအား ချစ်ခင် မြတ်နိုး တော်မူရိုး မှန်ပါက တွေ့ဆုံတော်မူရန် အခွင့်အရေး ဆိုလာသည်ကို အသာတကြည်ပင် ခွင့်ပြုတော် မူသင့်ကြောင်း၊

စုဖုရားက အခွင့်အရေးပေးတော်မူပါလျှင် အရှင်နှစ်ပါးကို အလွယ်တကူ အနှောင့်အယှက်မရှိ ချောင်ချိလုံ
ခြုံစွာ တွေ့ဆုံတော်မူရန် မိမိတို့က စီမံဖန်တီးပေးမည်ဖြစ်ကြောင်း စိတ်ထားသန်သန်နှင့် ချစ်ခင် တော်မူရိုး မှန်ပါက တွေ့ဆုံတော်မူရန်အရေးကို ကြည်ဖြူစွာ အခွင့်ပေးသင့်ပြီဖြစ်ကြောင်း၊ တွေ့ တော်မူနိုင်ရိုးနှင့် မျှော်ကိုး စောင့်စားတော် မူနေရှာရသော သီပေါမင်းသားအတွက်လည်း ကရုဏာ ဖက်၍ သနားသက်ညှာ တော်မူသင့်ကြောင်း စသည်များကို စကားဝင်နိုင်ခွင့် ရှိသည့်အခါတိုင်း အသိုင်းအ၀ိုင်း အဖွဲ့အနွဲ့များနှင့် လှည့်ပတ်၍ တစ်မျိုး၊ ရိုးရိုဦးတိုက်လျှောက်သည်တို့က တစ်ဖုံ၊ အချစ်ရည်ဖြင့် လျှမ်းထုံလျက်ရှိခဲ့ရာ စုဖုရား၏ စိတ်တော်ကို နူးညံ့ညွတ်ယိုင်လာသည်တိုင်အောင် ဖျောင့်ဖျ နားသွင်းလျက်ရှိခဲ့ရာ အချိန်ကာလကြာသော် စုဖုရား လက်မှာလည်း အထိန်းတော်ကြီး စကားကို ရွှေနားဝင်တော်မူလာကာ ညွတ်ယိုင်ပျောင်းနွဲ့ နေရှာတော့၏။

    သို့နှင့်လည်းစုဖုရားမှာ မူလကတည်းက သီပေါမင်းသားအပေါ်တွင် ချစ်မြတ်နိုးတော်မူ ကတည်းက ရှက်ရွံ့တော်မူသည့်စိတ်က ပြည့်သိပ်ကျပ်တည်းလျက် ရှိတော်မူသောကြောင့် နှုတ်တော်က ဖွင့်၍ အခွင့်အရေး ပေးတော်မူရမည်ကို တွန့်တို နှမြောလျက်ရှိသဖြင့် နေ့ရက် ရှည်ကြာနေခဲ့လေတော့ရာ စပ်ကြားမှ အကျိုးတော်ဆောင်သမား လုပ်ရသော ခင်ဘွားသစ်ကြီးမှာ စုဖုရားထံတော်က အမိန့်တော် မရလေလေ၊ အနေရအထိုင်ရ ခက်လေလေနှင့် ရက်ရှည်ဝေးတိုင်း စိတ်လေးထိုင်းမှိုင်း၍ နေခဲ့ရှာလေ၏။

    မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့ အပေါ်တွင်လည်း မိမိဘက်မှ၎င်းတို့ အထင်ကြီး ခဲ့သလောက် ခရီးမရောက်၍ ရှက်ကြောက်အားနာဖြစ်ကာ တွေ့ရမှာကိုပင် တရွံ့ရွံ့နှင့်ကျောတွန့် ၍ နေမိပြီး မောင်မောင်တုတ် တို့လည်း ကံအားလျော်စွာပင် ကိုယ်အရေးနှင့်ကိုယ်တာဝန်မ ကျေလည်ကြသေး၍ တစ်ဦးကို တစ်ဦး ဝေးဝေးက ရှောင်ကွင်းနေကြခြင်းဖြင့် ရက်ပေါင်းအတန်ကြာ ခဲ့ရာ နှစ်ဖက်လုံးမှ အချစ် စေတမန် များ တာဝန်မကျေကုန်၍ နေ့ရက်တွေ ဖြုန်းတီးခဲ့သလောက် ကာယကံရှင်များဖြစ်ကြသော သီပေါမင်းသား နှင့် စုဖုရားလက်တို့တွင် အချင်းချင်းတွေ့ဆုံတော်မူ ကြရန် အရေးကို အရှက်သွေးတွန့်၍ အရွံ့သွေးဝင်ပြီး ခပ်အင်အင် ဟန်လုပ်တော်မူခဲ့ရင်းမှ ရက်ပေါင်းအတန်ကြာ တစ်ပါးထံတစ်ပါး ကူးလူး သွားလာနေမြဲဖြစ်သော အလွာတော်ကလေးများ ပင် ပြတ်လက်ကွာဝေးနေကြသောကြောင့် လွမ်းတာ ကြွယ်၍ ပူနယ်သို့ဝင်ရတော့မယောင်ယောင် ဖြစ်လာနေကြလေတော့၏။

    အထိန်းတော်ကြီး ခင်ဘွားသစ်မှာ စုဖုရား၏ အတွင်းစိတ်ထားတော် မည်သို့ရှိတော်မူကြောင်း ရိပ်မိပါသော်လည်း စုဖုရားမှာ ရှက်ရွံ့တော်မူခြင်း တည်းဟူသော ခံတပ်ကို မဖြိုနိုင်၍ ဤအရေးကို မည်သို့ အေးအောင် အကျိုးဆောင်ရပါမည်နည်းဟု တစ်ယောက်တည်းအကြံညဏ် ထုတ၍ နေခဲ့ရာမှ နောက်ဆုံး တွင် သီပေါမင်းသား အား အဆောင်တော်သို့ သွားပင့်ခေါ်လာပြီး စုဖုရားနှင့် နှစ်ပါးတည်း တွေ့ဆုံတော် မူနိုင်စေရန် စီမံဖန်တီးပေးလိုက် တော့မည်ဟုဈတ်ကူးကြံစည် လေ၏။

    ဤသို့စိတ်ကူးကြံစည်ပြီးသည့်နောက်မှလည်းစုဖုရားသည်ထိုအကြံအစည်ကို နှစ်သက် တော်မမူ ပြန်ပါက စိတ်တော်က ဆတ်ဆတ်နှင့် မအပ်မရာ ဖြစ်လေမည်လားဟု စဉ်းစားမိပြန်၏။ သို့ရာတွင် စုဖုရား မှာ အချစ်တည်းဟူသော နယ်ပယ်အတွင်းသို့ သက်ဆင်းကျူးကျော်မူခဲ့ပြီးဖြစ်၍ မိမိထင်သလေက် ကမောက်ကမ ဖြစ်ကြရန်မရှိဟု ထင်မိသည့်အတိုင်း မိမိ၏အစီအမံကို ထပ်မံအားပေး၍ အခွင့်အရေးကို တွေးတော ကြံဖန်မိပြန်ရာ ယခုအခြေအနေတွင် သီပေါမင်းသား ဘက်ကလည်း မည်သို့ရှိမည် မသိရသေးသောကြောင့် မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့ကို မေးမြန်း တီးခေါက်ကြည့်လိုသော ဆန္တပေါ်ပေါက်လာပြန်လေ၏။

    ထိုအခါမူကား မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့ အသွာအလာ ပြတ်လပ်ကာ မတွေ့ကြပြီလည်း ကြာပြီဖြစ်သဖြင့် သူတို့တစ်တွေ နေမှနေနိုင်လွန်းကြပေလေဟု စိတ်တွင်းက ညည်းညူမိရာ တစ်ဖန်လည်း စဉ်းစားမိသောကြောင့် '' အင်း… သူ့ခမျာများလည်း ငါကိုအများကြီးတွေ့ချင်ရှာကြပေလိမ့်မယ်၊ ငါက အတွေ့မခံ ၍သာ မတွေ့မမြင်ရဘဲ နေကြရှာ သည်''ဟု တစ်ယောက်တည်း တွေးတောစဉ်းစားလျက် ရှိစဉ် လက်ပါးစေ အပျိုတော်ကလေး တစ်ဦးအနီးသို့ရောက်လာပြီး။

    '' သခင်ကြိးဘုရား၊ အဆောင်တော် နောက်လှေကားတွင် သူငယ်တော်လေးတစ်ဦး သခင်ကြီးဘုရားကို တွေ့လိုကြောင်း ပြောလာပါသည်။ သည်ကို ခေါ်ခဲ့ရပါမည်လားဘုရား''
    ပြောသောကြောင့် အထိန်းတော်ကြီး ခင်ဘွားသစ်လည်း သူငယ်တော်လေး လာသည်ကိုသိသည်နှင့် တစ်ပြိုင်နက် မိမိနှင့် မောင်မောင်တုတ်တိုတ်တို့ လူစုအဆက်အသွယ်ပြု ပြုရာမှ အနောက်ပိုင်း မင်းမိန်းမတို့ဌာန၌ အစစအရာရာ အထွက်အ၀င်၊ အသွားအလာ လွယ်ကူချောင်ချိစေခြင်းငှာ အဆိုပါ သူငယ်တော်ကလေးမျာကို လက်သုံးပြု၍ ထားခဲ့သည့်အ လျောက်မောင်မောင်တုတ်တို့ထံမှ စကားအပို ရောက်လာသည်ဟု အတက်တွေးမိကာ။

    '' ဟဲ့… ငါထွက်၍တွေ့ခံလိုက်ပါမယ်။ ဒီဆီကိုမခေါ်ခဲ့ပါနှင့်''
    ဆိုကာ အထိန်းတော်ကြီးသည် ကပျာကယာ ထွက်၍လာလေ၏။ သူငယ်တော်က လေး လည်းအထိန်းတော်ကြီးကို မြင်လိုက်သောအခါ လှေကားခုံအောက်မှ ဒူးထောက်၍ ထိုင်ပြီးလက်ထဲ က အင်္ဂလိပ် စက္ကူလွှာကလေးကို လူသူလေးပါး အမြင်အောင် အမှတ်မဲ့ လှမ်းပေးလိုက်သည်နှင့်
''အေး…အေး'' ဟုဆိုကာ ဖြန့်ကြည့်လိုက်သည်တွင်။
    အရီးတော်ဖုရားထံတော်သို့ အစီရင်တော်ခံပငါသည်။

    မောင်မောင်တို့ တောင်ဥယျာဉ်တော်တွင် စောင့်၍ နေပါသည်။ အရီးဖုရားအမြန်ကြ တောာ်မူခဲ့ပါ။ ရွှေကိုယ်တော်ဖျား ထံမှ အလွှာတော်လည်း ပါရှိပါသည်။ အရီးဘုရားကို မောင်မောင် တို့အစီရင်ခံရန် စကား များလည်း အတော်များပါသည်။ သို့ဖြစ်ပါ၍ ယခုအလွှာတော်ကို ရရှိတော်မူ ပါက တောင်ဥယျာဉ် တော်သို့ အမြန်ကြွလာတော်မူစေလိုပါကြောင်း။
                                မောင်မောင်တုတ်။
                                မောင်မောင်ငယ်။
    ပါရှိသဖြင့် အထိန်းတော်ကြီးမှာ 'ရေငတ်တုန်း ရေတွင်းထဲကျဘိအလား' ကျေနပ်ပြုံးရွှင်သော မျက်နှာထား နှင့် သူငယ်တော်ကလေးအား…….
    '' ဟဲ့….အကောင်ကလေး၊ ငါယခုပင် လာခဲ့ပါမယ်ဆိုတာ မောင်မောင်တို့ကို သွား၍တင် ချေပါဘိ''
    ဆို၍သူငယ်တော်ကလေးသည်''တင်ပါဘုရား'' ဟုဆိုကာ အဆောင်တော်ဘက်သို့ဖြည်း ညင်းစွာ စောင့်ငဲ့ကြည့်သည်တွင် စုဖုရားလတ်မှာ စောစောက မိမိပုံပြော၍ ဆက်ရင်းစက်ပျော်တော်မူသွားသဖြင့် လက်ပါးစေကလေး ခါနွေက သလွန်တော်ခြေရင်းတွင် ဒေါင်း မြီးယပ်လေ သွေးနေမြဲ နေလေသည်နှင့် မိမိပ၀ါကို အသာယူ၍ လောပဲတင်ခြုံပြီး ခင်မကြီးတို့နေ ရာသို့ ကူးလာခဲ့ရာ စုဖုရား စက်တော်မူ ဆဲဖြစ်၍အဆောင်တော် တစ်ဖက်တွင် တီးတိုးစကားဝိုင်း ဖွဲ့နေကြသည့် ခင်မကြီးစသော အပျိုတော်များမှာ အထိန်းတော်ကြီး ၀င်လာသဖြင့် စကားပြောရာ မှ အသာရပ်နားကြပြီး ခင်မကြီးကပင် စတင်ကာ….

    '' အလို …. သခင်ကြီးဘုရား၊ ဘယ်များထွက်တော်မူမည်တုံးဘုရား''    ဟုဆီး၍မေးသဖြင့် အထိန်းတော် ကြီးလည်း တီးတိုးပြောစေရန် လက်ဝါးဖြန့်ကာ လက်ဆောင်တော်ရသည် ကြား၍ ပုတီးတစ် ကုံးလောက် သွားတောင်း မယ်လို့၊ တယ်၍မကြားစေဘူး။ ယခုပင် ပြန်လာခဲ့မယ်။ စုစုဖုရား စက်ရာက နိုးတော်မူ၍ မေးလျှင် လျှောက်တင်လိုက်ကြပါဘိ "
    ဆိုကာ အထိန်းတော်ကြီး ခင်ဘွားသစ်သည် ကသီကရီနှင့် ကပျာကယီ ထွက်လာခဲ့လေ ၏။ မိမိစကားအတိုင်း အပျိုတော်ကလေးများ ယုံမှားသံသယ ကင်းရှင်းကြစိမ့်သောငှာ မိဖုရားငယ် များ ခံစား နေထိုင်ရာဖြစ်သော အနောက်ဆောင်များဆီသို့ ဦးတိုက်ထွက်လာခဲ့ရာမှတစ်ဖန် အ နောက်ပန်းခုံတော် ဘက်သို့ ချိုးထွက်ကာ မိန်းမစိုးတို့စောင့်သော အနောက်အုတ်လှေကားကြီးမှ အမှတ်မဲ့ ဆင်းလျက် တောင်ဥယျာဉ် ဘက်သို့ ခပ်သွက်သွက် လှမ်းခဲ့လေသတည်း။

    ဥယျာဉ်တော်ထဲတွင် လည်တဆန့်ဆန့်နှင့် စောင့်မျှော်လျက်ရှိကြသော မောင်မောင်တုတ် နှင့် မောင်မောင်ငယ်တို့လည်း အထိန်းတော်ကြီး ရောက်လာသောအခါ အားရ၀မ်းသာ ဆီးကြိုကာ ဖြင့်……
    "ဟော…….. အရီးဖုရား ချက်ချင်းပဲ ကြွလာတော်မူလာပြီ၊ ကျန်းမာတော်မူပါစေ"
    နှုတ်ခွန်း ဆက်ကြ၍ အထိန်းတော်ကြီးကလည်း……..
    "အရီးဖုရား ကျန်းမာပါရဲ့ မောင်မောင်တို့ရယ်၊ ဒါနှင့် မောင်မောင်တို့လည်း နေပဲနေနိုင်  တော်မူကြပါပေရဲ့ ။ ရွှေကိုယ်တော်ဖုရားကော ကျန်းမာတော်မူပါရဲ့လား"
    အပြစ်တင်သံကလေးပေးလျက် ပြန်လှန်နှုတ်ခွန်း ဆက်လိုက်သောခါ မောင်မောင်ငယ်က လည်း အရှုံးမပေး လိုသော စိတ်ထားနှင့်။

    " အလိုလေး……အရီးဖုရားက အပြစ်တော်တင်ချက် စောလှပါတယ်၊ မောင်တို့မှာဖြင့် အရီးဖုရားနှင့် တွေ့လိုတွေ့ငြား ဆိုသလို သုံးရက်တစ်ခါ၊ လေးရက်တစ်ခါ  သည်ဥယျာဉ်တော်အ တွင်းမှာ  မယောင်မလည် လာလိုက်ရတာ  မော၍နေပါပြီ။ အရီးဖုရား နေနိုင်တော်မူလိုက်ပုံများ နှယ်။ အရိပ် အယောင် ကလေးမှ  မတွေ့ရပါ။ သြော်……. အရီးဖုရားတို့မှာတော့ အကျော်အမော် ဇော် အတိပတိ သမီးတော် ထိပ်ခေါင်ဖုရား၏ အထိန်းတော်ကြီး တစ်ပါးဆိုတော့ ကျွန်တော်တို့လို အောက်တန်းစား ဘာမဟုတ် တဲ့ လူပျိုတော်ကလေးများကို"

    စကားမဆုံးခင် အထိန်တော်ကြီးက မောင်မောင်ငယ်၏ ကျောကို ပုတ်ခါ………
    "အမယ်မင်း………တော်ပါ၊ မဟုတ်တာတွေ ငေါ့တော်မူမနေစမ်းပါနှင့်။ မောင်မောင်တို့လာ တယ်ဆိုတာ တကယ်ပြောနေတာလား။ လာရိုးမှန်ပါလျှင် အရီးဖုရား မလာသည်တိုင်အောင် ယခုလို သူငယ်တော် ကလေးကို စေလွှတ်၍ အကြောင်းကြားလိုက်ပါတော့လားလို့။ ဒီလိုအကြောင်း ကြားလျက် ကာမှ မလာတော့ အရီးဖုရားအဆိုးပေါ့ မောင်မောင်"
    ပြောလျှင် မောင်မောင်တုတ်က ကြားဝင်ကာ ပြုံးရွှင်သောမျက်နှာနှင့် ……

    " ဒီလိုစေလွှတ်မယ်ဆိုတာလည်း စဉ်းစားမိပါရဲ့ အရီးဖုရားရယ်၊ သို့ပေမဲ့ အရီးဖုရားတို့ စုထားဖုရားက ကျွန်တော်တို့ ရွှေကိုယ်တော်ဖုရားအား မည်ကဲ့သို့ သဘောတော်ထားသည်လဲ မသိ ရ ၊ အရီးဖုရား ထံကလည်း ဘယ်လို အကျိုးအကြောင်းမှ ပြန်ကြားခြင်း မရှိသေးတဲ့အတွက် အရီးဖုရားမှာ ကိုယ့် အရှင်သခင် ထံမှ အခွင့်အရေးမသာသေးလို့ ကျွန်တော်တို့ထံ အကြောင်းမပြန်သေးတာနှင့်တူရဲ့ဆိုပြီး နားပူ မတိုက်ချင်၍ အလိုက်သိစွာ နေရခြင်းပါ အရီးဖုရားရဲ့"

    ပြောလျှင် အထိန်းတော်ကြီးခင်ဘွားသစ်မှာ မောင်မောင်တုတ်၏ မျက်နှာကို ခပ်ပြုံးပြုံးပြန် ကြည့်လျက် အင်း………အတော်ထိတဲ့ စကားလုံးပါကလားဟု စိတ်ထဲမှ စဉ်းစားမိကာ ဖြေရန် စကားစ ရှာမရ သေးသကဲ့သို့ ငေးနေမိစဉ် မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့မှာ "ချက်ဆိုရုံ နှင့် နားခွက်က မီးတောက်"သူများ ဖြစ်သည့်အတိုင်း အထိန်းတော်ကြီး ခင်ဘွားသစ် ခပ်ငေးငေးဖြစ် နေသည်ကိုပင် မိမိတို့ တွေးထင်ခဲ့သည့်အတိုင်း ဟုတ်လေပြီဟု ရိပ်မိလျက် အချင်းချင်း မျက်စိမှိတ် ၍ အချက်ပြလိုက်ကာ မောင်မောင်တုတ်က သွက်လက်သော အမူအရာနှင့်………….
    "နေပါဦး အရီးဖုရားရဲ့၊ ထိပ်စုမြတ်ဖုရားက ကျွန်တော်တို့ ရွှေကိုယ်တော် ထွက်တော် မူဖို့ ကိစ္စအတွက် ဘယ်လိုများ အမိန့်တော်ရှိပါသတုံး၊ လုံးလုံး အတွေ့ခံတော် မမူဘူးလို့များ ငြင်းပယ် တော်မူလိုက်ပါသလား"

    အထောက်တော်စစ် ကောက်ခါငင်ကာ စစ်လိုက်သည်တွင် ခင်ဘွားသစ်မှာ ကယော်ကက တမ်းနှင့်။
    "အို…….သည်လိုလည်း ပြတ်ပြတ်တောင်းတောင်း မိန့်တော်မမူပါဘူး  မောင်မောင်ရဲ့၊ အလွှာတော် ရရှိတော်မူသော်လည်း တွေ့ဆုံတော်မူရနအ်ရေးတွင်  အရှက်သွေး ၀င်တော်မူနေ  သေးတဲ့ လက္ခဏာပါ။ အရီးဖုရားက သည်အကြောင်းကို ပြောတိုင်း ပြောတိုင်း ခပ်အင်အင်နှင့် ငြင်းပယ် ပြီး'ကြွတော် မူလာပါတော့လို့ အလွှာတော် ပြန်ရမှာ ရှက်ပါတယ် သစ်သစ်ရယ်' လို့ မိန့်တော်မူနေတော့တာပဲ မောင်မောင် ရဲ့။ အရီးဖုရားလည်း ရွှေကိုယ်တော်ဘုရား အလိုတော်ပြည့် စေရန် စုထားဖုရားကို အမြဲလိုပဲ တိုက်တွန်းသွေးဆောင်လျက် ရှိပါတယ်။ စုထားဖုရား၏ ရွှေစိတ် တော်ကလည်း ရွှေကိုယ်တော်ဖျားကို ချစ်အားသန်တော်အမူသားမို့ ရွှေကိုယ်တော်ထံမှ နောက် တစ်ကြိမ် အလွှာတော်ရလျှင် ဘယ်လိုနည်းနှင့်မျှ  ငြင်းရှောင် တော်မူတော့မည် မထင်ပါဘူး      မောင်မောင်တို့ရယ်။

ဒါကြောင့်လည်း အရီးဖုရားမှာ စိတ်တော်တော်အမောသားပါပဲ၊ တော်တော် စောစောက သူငယ်တော် ကလေး ရောက်လာပြီး မောင်မောင်တို့ တောင်ဥယျာဉ်ထဲမှာ စောင့်နေ ကြောင်း ရွှေကိုယ်တော် ဖျားထံမှ အလွှာတော်ပါလာကြောင်း သိရသည့်အတွက် အတော်ပင် စိတ် အေးပြီး ၀မ်းအမြောက်ကြီးမြောက် သွားမိတယ်။ ဘယ်မလဲ မောင်မောင်တို့ယူလာတဲ့ ရွှေလွှာတော်"
    မောင်မောင်ငယ်သည် မိမိတို့ယူဆောင်လာသော ရွှေလွှာတော်ကို အထိန်းတော်ကြီး လက် သို့ပေးအပ်လျက်………..

"ဟောသည် ရွှေလွှာတော်ဟာလည်း အဆောင်တော်သို့ ထွက်တော်မူလိုသည့်အကြောင်းနှင့် အခွင့်တောင်း တော်မူလိုက်တာပါပဲ၊ ယခုလို တစ်ကြိမ်က နှစ်ကြိမ် အခွင့်ပန်လို့မှ ဟန်ကျပုံ မပေါ်ရင် လည်း ကျွန်တော်တို့ ရွှေကိုယ်တော်ကတော့ ချစ်တော်အမူသား အရီးဖုရားတို့ အရှင်စုထိပ်မြတ် ဖုရားကသာ ရွှေမေတ္တာဖက် မညီလို့ ရှက်သည်လေး ကြောက်သည်လေးနှင့် အမျိုးမျိုး ဆင်ခြေပေးပြီး  နှောင့်နေတော်မူနေသည်လို့ တွေးစရာ ဖြစ်နေတော့မှာပဲ အရီးဖုရားရဲ့"
    လေးလေးတွဲ့တွဲ့ ပြောလိုက်ခြင်းဖြင့် ခင်ဘွားသစ်ကလည်း နက်နက်နဲနဲတွေးပြီး……….

    "အင်း……. ဒီလိုထင်မယ်ဆိုရင်လည်း ထင်စရာပဲပေါ့ မောင်မောင်ရယ်၊ သို့ပေမဲ့ စုဖုရားရဲ့ စိတ်တော်ကို အရီးဖုရား သိသလောက် ပြောရမည်ဆိုလျှင် ရွှေကိုယ်တော်ဖုရားအပေါ်တွင် အတော်ပင် မြတ်နိုး ကြင်နာတော်မတာပါပဲ။ သို့သော်လည်း ဒီလိုတွေ့ဆုံတော်ကြဖို့ အရေးမှာဖြင့် ရှက်သွေး ၀င်တော် မူနေတဲ့အတွက် ရုတ်တရတ် အခွင့်အရေးပေးတော်မမူသေးတာနှင့် တူပါတယ်။ တကယ်တမ်း ရွှေကိုယ်တော်ဖျား ထွက်တော်မူလာမည် ဆိုလျှင်လည်း အခွင့်အရေးပေးတော်မမူ သည်တိုင်အောင်  စိတ်တော်အထွေအထူး ရှိမယ်မထင်ပါဘူး မောင်မောင်ရဲ့။ ဒါကြောင့်လည်း သည်အလွှာ ပေးဆက်ပြီးလို့မှ မထူးလျှင်  အရီးဖုရားက တစ်မျိုးတစ်မည်ကြံပြီး စုစုအဆောင်တော် ထဲသို့ မောင်မောင်တို့ ရွှေကိုယ်တော် ဖျားကို မရောက်လျှင် ရောက်အောင် ကြံဆောင်လို့ဖြစ်စေ၊ သို့မဟုတ်လည်း အခြား တစ်နည်းနည်း နှင့် နှစ်ပါးဆုံ တွေ့တော်မူစေရန် စီမံဖန်တီးလို့ ပေးတော့မယ်လို့ စိတ်ကူးထားပါတယ် မောင်မောင်ရဲ့"

    ဆို၍ မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့မှာ အတော်ပင် စိတ်အားထက်သန်လာကြ လျက် ရုတ်တရတ် အထိန်တော်ကြီးအနီးသို့ ကပ်ကာ ………
    "အဲ……..သည်အကြံဖြင့် အင်မတန် နေရာကျလိမ့်မယ် ထင်ပါတယ်၊ အရီးဖုရား ယခု အလွှာတော် ရောက်လို့မှ နောက်နောက်ကထက် ပိုပြီး မထူခြားဘဲ နှစ်ပါးတွေ့ဆုံတော်မူဖို့ အရေး ဖင့်နှေး ကြန့်ကြာ နေဦးမယ် ဆိုပါက အရီးဖုရား အမိန့်ရှိတော်မူတဲ့အတိုင်း တစ်နည်းနည်းနှင့် ကြံဖန်၍ အမြန်ဆုံး ကိစ္စ ပြီးအောင် ဆောင်ရွက်မှ နေရာကျပါတော့မယ်။ အမှန်အတိုင်း အစီရင် ခံရမယ်ဆိုတော့ ကျွန်တော်များရဲ့ ရွှေကိုယ်တော်ဖျား ကလည်း အင်မတန်မှ ရိုးတော်မူလှတဲ့ မင်းသားတစ်ပါး ဖြစ်လေတော့ စုထားဖုရားထံက စုစုက လက်ခံသင့်ပါမည်၊ မြန်မြန်သာ ထွက်တော် မူခဲ့ပါ

မောင်မောင်ဘုရားဆိုတဲ့ ပြန်လွှာတော်ရသည်တိုင်အောင် ကြောက်ကြောက်ရွံ့ရွံ့ နောက်တ တွန့်တွန့် ထွက်တော်မမူဝံ့ မူဝံ့နှင့် အရဲစွန့်ပြီး ကြွလာတော်မူရှာရမယ့်သူ ဖြစ်လေတော့ ကျွန်တော်တို့နှင့်  အရီးဖုရားက ဖိဖိစီးစီး ကြံစည်လို့ထားမှ အစစ ရှေ့စကား နောက်စကား ညီပြီး အစီအစဉ် သင့်မြတ် ပါလိမ့်မယ်။ ဤလိုသာ တစ်ပါးကလည်း ရှက်အားကိုငဲ့၊ တစ်ပါးကလည်း ကြောက်အားတော်ပိုနှင့် အလိုလို စိတ်မောတော် မူနေကြရသမျှ ကျွန်တော်တို့၊ အရီးဖုရားတို့မှာ လည်း စပ်ကြားက အလကား ဗျာများ နေကြ ရတော့မှာပဲ"

    ပြောပြသောကြောင့် ……..
    " အို….. ဟုတ်ပါပေတယ်၊ ဟုတ်ပါပေတယ်၊ မောင်မောင်တို့ သခင်နှင့် အရီးဖဖုရားတို့ ထိပ်ခေါင်တင်ဖုရား ချစ်ရင်ငွေ့စုလျား လှုံမိကြမှ သည်ကိစ္စ ပြီးစီးကြရပေမယ်၊ အေးစက်အေးစက် နှင့် ယခုလိုသာ အရေးပျက်နေလျှင် လေးနက်တဲ့ ချစ်မေတ္တာတော်များတွင် အနှောင့်အယှက် အဖျက်အဆီးတွေ ၀င်တတ်တယ် မောင်မောင်ရဲ့"
    " ဟုတ်ပါတယ်။ သို့အတွက် အရီးဖုရားက ယခု အလွှာတော်ကို ဆက်ပြီး၊ ခပ်မြန်မြန်က လေး ခရီးနှင်တော်မူပါ။ အရှင်စုဖုရားနှုတ်တော်က အခွင့်သာလျှင်သာ သို့မဟုတ် ကာလမကြာစေ ဘဲ ကျွန်တော် တို့နှင့် အရီးဖုရားစည်းဝါးကိုက်ပြီး အမြန်ဆုံး နည်းနှင့် နှစ်ပါးတွေ့တော်မူကြရန် တေ့ ဆို်င်စီမံပေးကြမှပဲ"

    မောင်မောင်ငယ်က ၀င်၍ တလောပူပြန်သည်တွင် ခင်ဘွားသစ်လည်း အကြောင်းမဲ့ ပျာယီးပျာယာ ဖြစ်လာရတော့ကာ………
    "ကောင်းပါပြီ မောင်မောင်ရယ်၊ ကဲ …….ဒါဖြင့် အရီးဖုရားလည်း ကြာကြာစကားပြော၍ မနေသာ တော့ဘူး၊ နောက်များမှ တွေ့ကြသေးတာပေါ့။ ခုတော့ ပြန်လိုက်ဦးမယ်။ အရီးဖုရားသည် ကို ထွက်လာ တော့ စုထားဖုရား စက်ပျော်တော်မူရစ်တယ်။ ခုနှယ် နိုးတော်မူပြီး အမေးတော်ရှိ  နေလို့ အနီးမှာ မတွေ့ရတဲ့အတွက် စိတ်ကောက်တော်မူနေဦးမှာလည်း စိုးရသေးတယ် မောင်မောင်တို့ရဲ့"
    ပြောဆိုနှုတ်ဆက်ကာ ဆက်သရန် ရွှေလွှာတော်ကလေးကို လုံခြုံစွာ လျှို့ဝှက်ယူဆောင် လျက် တောင်ဥယျာဉ်တော် ထဲမှ ခပ်သုတ်သုတ်လေး ထွက်သွားသော အထိန်းတော်ကြီးအား မောင်မောင်တုတ် နှင့် မောင်မောင်ငယ်တို့ နှစ်ယောက် ငေးမျှော်ကြည့်ပြီးပြုံးပြုံးကြီး ကျန်ရစ်ကြရာ မှ မောင်မောင်တုတ် စတင်၍ မောင်မောင်ငယ်၏ ပခုံးကို ပုတ်ကာ………

    "ကဲ……… တစ်ပူတော့ အေးသွားပြန်ပြီ ကိုရင်ရေ့၊ ဒါနှင့် ရှေ့တော်က အကျိုးတော်ဆောင် ရန် ထွက်ခဲ့ကြရပြီ၊ ရွှေကိုယ်တော်လည်း မျက်နှာတော်သာတဲ့အခိုက် နေ၀င်ခါနီးမှပဲ အိမ်တော်သို့ ပြန်ကြမယ်၊ ထွက်လာရတဲ့ တစ်လက်စတည်း အချိန်လည်း စောသေးသည့်အတွက် ကျုပ်တို့ တဲအို ပျက်ကလေးကို နှုတ်ဆက် ၀င်ကြဦးစို့လား"
    ပြောသဖြင့် မောင်မောင်ငယ်က ……..

    "ဟောဗျာ၊ အပြင်ထွက်ရသည်နှင့် တစ်ချက်တည်း ဗွေဖောက်၍ လာတော့သည်ပဲ။ ကိုရင့်တဲကို ကျုပ်ကလည်း မလိုက်ချင်ဘူး၊ ခက်လို့တော့နေသည်ဗျ"
    ညည်းညည်းညူညူ ပြောလေရာ ……..
    "အို…….မလိုက်ချက်ပေတဲ့ သည်းခဲပြီး လိုက်ခဲ့ပါဦးဗျာ၊ နှစ်ယောက်အတူ လာပြီးမှကိုရင် တစ်ယောက် တည်း ပြန်လာပြီး ကျုပ် မပါလာဘူဆိုရင် ဘယ်ကောင်းမလဲ။ နို့ပြီး တမင်တကာ အမိန့်တော် ခံပြီးမှ ထွက်ရပြန်တော့လည်း ခုလို အရေးကြီးနေတဲ့အခါမှာ အခွင့်တော်မူမှာ မဟုတ်ဘူးဗျ။ ဒါကြောင့် ယခု ထွက်ရတဲ့ တစ်လက်စတည်း ကျုပ်ကိစ္စလည်း ပြီးလိုက်ပါရစေတော့။

အရင်က ကိုရင်နှင့် တစ်လှည့်စီ အမိန့်တော်ခံပြီး အိမ်ပြန်မည် ပြောထားတာလည်း ကျုပ်အလှည့်ကို အခုဟာ နဲ့ ပဲ ခြေလိုက်ပါ။ နောက်တစ်ခါ ကိုရင့်ကိုပဲ အလှည့်ပေးပါမယ်။ ကဲ……..ကျေနပ်ရဲ့ မဟုတ်လား"
    ပင်ကျရည် ကြည်ကြည်လဲ့ကလေးများကို စိတ်ထဲက တွေးမိလျက် နှုတ်ခမ်းများကို လျှာနှင့် လျက်ခါ ထပ်တလဲလဲ တောင်းပန်ရှာသည်တွင် ခပ်ခပ်အင်အင်နေခဲ့သော မောင်မောင်ငယ်က လည်း ကိုယ့်အကြံနှင့်ကိုယ် အပြုံးပြုံးလာပြီး ………
    "ဒါဖြင့်လည်း ရှေ့က ကြွတော်မူပါဗျာ။ ကျုပ်လိုက်ရတော့မှာပေါ့"
    ခပ်ငေါ့ငေါ့ပြောကာ  နှစ်ယောက်သား တောင်ဥယျာဉ်တော် အတွင်းမှ ထွက်၍ မြောက်မြို့ တံခါးဘက်သို့ ရှေးရှု့ သွားကြလေ၏။

အခန်း (၂၆) မနက်ဖြန်
.

No comments: