Tuesday, January 12, 2010

ပန်းသတင်း (ဇန်နဝါရီ ၁၀)

ကျနော် ရဲ့  ပန်းသတင်း ထဲမှာ တနေ့ ဖတ်တဲ့ အထဲက ကောင်းတာလေး တွေ ထည့်ပေးဖို့ စဉ်းစား ထားတာပါ။ ဒါပေမဲ့ အခြေအနေအရ အဆင်ပြေ သလိုဘဲဖော်ပြပရစေ..ခွင့်လွှတ်ပါ..။

အခု သော်တာဆွေ ရဲ့ အေးဆွေ၊ ပေါ်အူး ဇာတ်လမ်းတွဲ များကို တင်ပေးပါမယ်..၊ ကျနော် တို့ မောင်နုမ အားလုံးဟာ သော်တာဆွေ  crazy တွေပါ..။ သော်တာဆွေ စာအုပ် တွေလည်း အများကြီး ဝယ်ပါတယ် ဒါပေမဲ့ သိတယ်မဟုတ်လား..၊ အခုကတော့ ဆရာသော်တာဆွေ ရဲ့  အေးဆွေ ပေါ်အူး ဇာတ်ကောင် တွေကို ဘယ်လို မွေးဖွား လာသလည်း ဆိုတာလည်း သိစေချင်လို့ ဘယ်ထဲမှာ ပါသလည်း ဆိုတာ ပြန်ရှာနေလို့ပါ..၊ အခု ဒီပို့စ် ထဲမှာ တခါထဲ ဖော်ပြပေးလိုက်ပါတယ်..။

နောက်ပြီး မူရင်း စာရေးဆရာ ပီဂျီ ဝုဒ်ဟောက်စ် ရဲ့ ဒုတိယ ကမ္ဘာစစ် အတွင်းက နာဇီ အကျဉ်းထောင်မှာ နေခဲ့ရတဲ့ အကြောင်းလည်း အရင်ရေးပြချင်လို့ပါ..ဒါပေမဲ့ အဲဒီအကြောင်းကတော့ ဘယ်စာအုပ်ထဲမှာ မှန်း မသိတော့ ပြန်ရှာလို့ မတွေ့တော့ဘူး..၊ တချို့လည်း သိမယ်ထင်တယ်..သိတဲ့သူများ ရှိရင် ပို့ပေးစေချင်ပါတယ်..၊ တနေရာထဲ စုထားလို့ရတာပေါ့..။

အေးဆွေ - ပေါ်ဦး ဇာတ်ကောင် နှစ်ကောင် အား
သော်တာဆွေ မွေးဖွားလာပုံ


ဟာသနှင့် ဘ၀သရုပ်ဖော်
သော်တာဆွေ

'ဦးဆွေရဲ့ စာရေးဆရာဘ၀ကို ပြန်လည်သုံးသပ်ကြည့်တဲ့အခါမှာ မူလဖြစ်ချင်တာက စုံထောက် ၀တ္ထုရေး ဆရာ၊ နောက်ဖြစ်လာတော့ ဟာသ၀တ္ထုရေးဆရာ ဟော အခုတော့ ဘ၀သရုပ်ဖော် စာတွေချည်း ရေးနေ ပြန်တယ်၊ ဘယ်လိုက ဘယ်လိုကြောင့် ပြောင်းလဲ သွားရတာလဲ'

'အဲဒါ ကျွန်တော့်ကိုယ် ကျွန်တော် ပြန်လည် စိစစ်ကြည့်လိုက်တော့ ကျွန်တော်က စာဖတ်တတ်စ အချိန်မှာ စုံထောက် ၀တ္ထုတွေကို သိပ်ကြိုက်တယ်ဗျ၊ ဒါကြောင့် စုံထောက် မောင်စံရှားဝတ္ထုတွေ ဖတ်ရာက ဆရာကြီး ရွှေဥဒေါင်း ကို အားကျပြီး သူ့လိုပဲ စုံထောက် ၀တ္ထုရေးဆရာ ဖြချင်စိတ်ပေါ်တာပဲ၊ အဲဒါနဲ့ ကျွန်တော် ကျောင်းသား ဘ၀ကတည်းက စုံထောက်ဝတ္ထုရေးဖို့ ဇာတ်လမ်းတွေ တွေးလေ့ရှိပြီးတော့ ၁၉၄၁ခုနှစ် (ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ခါနီးမှာ) သူရိယမဂ္ဂဇင်းက ၁။ ဟာသ၀တ္ထု၊ ၂။ စုံထောက်ဝတ္ထု၊ ၃။ စွန့်စား၍ ကြီးပွားချမ်းသာခြင်း ၀တ္ထုတို ပြိုင်ပွဲတစ်လတစ်မျိုး သုံးမျိုးခေါ်တော့ ကျွန်တော် သုံးမျိုးစလုံးကိုပဲ ရေးပို့ လိုက်တယ်'

'ဒီသုံးမျိုးစလုံး ကို ရေးတတ်သလား'
'ကိုယ့်ဟာကိုယ်တော့ ရေးတတ်တယ် ထင်ပြီး ရေးပို့လိုက်တာပဲ၊ အဲဒီသုံးပုဒ်ထဲမှာ ကိုယ်ဝါသနာပါနေတဲ့ စုံထောက်ဝတ္ထုကိုတော့ အားအရဆုံးပဲဗျာ၊ သို့သော် ဒီစုံထောက် ၀တ္ထုက ပြိုင်ပွဲမလုပ်ဖြစ်ပါဘူး၊ ပထမဦးဆုံး ဟာသ ၀တ္ထုကိုသာ ညစ်ညမ်းတယ်လို့ အပယ် ခံရပြီး စုံထောက်ဝတ္ထုအလှည့်ရောက်တော့ ဒုတိယ ကမ္ဘာ စစ်ကြီး မြန်မာပြည်ရောက်ခါနီးနေ ပြီမို့ စက္ကူ အခက်အခဲကြောင့် သူရိယမဂ္ဂဇင်းကို ရပ်ဆိုင်းလိုက်ရပြီဆိုပြီး ကျွန်တော့ ၀တ္ထု စာမူတွေ ပြန်ပို့လိုက်တယ်ဗျ။

'အဲသည်နောက် ဂျပန်ခေတ်ရောက် ကျွန်တော် အိမ်ထောင်ကျပြီး ယောက္ခမ ခိုင်းစေချက် အရ မြင်းလှည်း မောင်းရတယ်၊ ဒါပေမယ့် ကျွန်တော် စာရေးဆရာဖြစ်ချင်တဲ့ စိတ်က မပြယ် တော့ အခွင့်ရတိုင်း ရတိုင်း ဒီပြိုင်ပွဲ ၀င်ခဲ့တဲ့ စုံထောက်ဝတ္ထုတိုကလေးကို ချဲ့ချဲ့ရေးလိုက် တာ လုံးချင်းဝတ္ထု ဖြစ်သွားရောဗျို့၊ ရန်အောင် ရတနာ လို့ နာမည်ပေးလိုက်တယ်။

'အဲဒါနဲ့ ၁၉၄၆ ခုနှစ်မှာ အဖေက ငွေရင်း မတည်ပေးလို့ ကျွန်တော် ဆန်ကုန်သည်အဖြစ်နဲ့ မန္တလေးကို ရောက်သွားတဲ့အခါမှာ ဆရာကြီးရွှေဥဒေါင်းဆီ ရောက်သွားအောင် လူချင်း ခင်မင်အောက်လုပ်ပြီး ဒီဝတ္ထုကို ကြည့်ရှုဝေဖန်ပြီး အမှာစာရေးပေးဖို့ တောင်းပန်လိုက်ရပါ တယ်။

'ဆရာကြီးက ဒီဝတ္ထုဖတ်ပြီးတော့ အမှာစာ ရေးပေးပါတယ်၊ တော်တော်လေးလည်း ချီးမွမ်း ပါတယ်၊ နောက်ပြီးတော့ ကျွန်တော့်ကို မေးတယ်၊ မင်းဒီဝတ္ထုရေးရတာ ဘယ်လောက်ကြ သလဲတဲ့၊ ဒီတော့ ကျွန်တော် ဟာ ဆရာကြီးရေ ကြာခဲ့တဲ့ အချိန်ကတော့ ၁၉၄၁ခုနှစ်က စပြီး အခု ၁၉၄၆ခုနှစ်အထိပဲ ဆိုပါ တော့ဗျာ၊ အထပ်ထပ်အခါခါ ပြန်ရေးခဲ့တာပဲဆိုတော့ ဆရာကြီးက မင်းအခု ဒါမျိုးတစ်လ တစ်ပုဒ်လောက် ရေးနိုင်ပါ့မလားတဲ့၊ ကျွန်တော်က ဘယ်ရေးနိုင်မှာလဲ ဆရာကြီးရယ်ဆိုတော့၊ ဒါဖြင့် မင်း စုံထောက် ၀တ္ထု ရေးဖို့ စိတ်မကူးပါနဲ့၊ ဟာသ၀တ္ထုများ ရေးနိုင်မလား၊ အဲဒီလိုင်းက ချောင်တယ်ကွ၊ ဇ၀န တစ်ယောက်ပဲ ရှိတယ်။

သူ့ထက် မကောင်းတော် သူ့တစ်ဝက်လောက် ရေးနိုင်ရန် ဟန်လိမ့်မယ် ထင်တယ်ဆိုတာနဲ့ ကျွန်တော် သူရိယ မဂ္ဂဇင်းက ညစ်ညမ်းတယ်လို့ ပယ်လိုက်တဲ့ ဟာသ၀တ္ထုတိုလေးကို အထပ်ထပ်အခါခါ ပြုပြင် ရေးသားပြီး အဲသည်တုန်းက ၁၉၄၇ခုနှစ် ဇွန်လမှာ စတင် ထွက် လာတဲ့ ရှုမ၀ မဂ္ဂဇင်းကို ဘရန်ဒီ တစ်ပုလင်းဆိုတဲ့ နာမည်နဲ့ ဇူလိုင်လဆန်းမှာ ပို့လိုက်တာ၊ တစ်ပတ်အတွင်းမှာပဲ ရွေးချယ်ကြောင်း၊ နောက်ထပ် ဤကဲ့သို့ ဟာသ၀တ္ထုများ ပေးပို့ပါ ဦး  ဆိုတဲ့ ပြန်စာလာတော့ ကျွန်တော် ၀မ်းသာအားရနဲ့ ဟာသ ၀တ္ထုတွေချည်း တစ်ပုဒ်ပြီး တစ်ပုဒ် ရေးပို့တော့တာပဲဗျို့၊ ရှုမ၀ကလည်း ကျွန်တော် ရေးပို့သမျှ အပယ် မရှိ၊ သြဂုတ်လ ရှုမသအမှတ် ၃ မှာ ဘရန်ဒီတစ်ပုလင်း ၀တ္ထုပါလာပြီး ကျွန်တော် ဟာသ ၀တ္ထုရေး ဆရာ ဖြစ်သွားတော့တာပဲဗျို့'

'ဦးဆွေ စာရေးဆရာ ဖြစ်တာ မြန်တယ်နော်'
'မြန်တယ်လို့ ခေါ်သလား၊ ကျွန်တော် စာရေးဖို့ လေ့ကျင့်နေတာက ၁၀တန်း၊ ၁၈နှစ်သား လောက်ကတည်း ကဗျ၊ နောက် ဂျပန်ခေတ်ရောက်၊ စာပေတွေ ပျောက်နေပြီး ၁၉၄၇ခုနှစ်မှ ကျွန်တော် စာရေးဆရာ ဖြစ်ရတယ်ဆိုတော့ ကျွန်တော့် အသက်က ၂၈နှစ်သား ရှိနေပြီ၊ ဘ၀အတွေ့အကြုံကလည်း တော်တော် စုံနေပြီ၊ စာရေးဆရာနဲ့ အခြေခံပစ္စည်းဟာ ဘ၀ အတွေ့အကြုံများဖို့ပဲဗျ၊ ကျွန်တော် ပထမဦးဆုံး ရေးပို့လိုက်တဲ့ ဘရန်ဒီတစ်ပုလင်းဝတ္ထုကို ရှုမ၀က လက်ခံပြီးဆိုကတည်းက ခေါင်းထဲက တစ်ပုဒ်ပြီးတစ်ပုဒ် ထွက်လာ လိုက်တာလေ၊ လက်ကမပြတ် ရေးတော့တာပဲ'
'ဘာဝတ္ထုတွေလဲ'

'ဟာသ ၀တ္ထုတွေချည်းပဲ၊ စင်စစ်တော့ ကျွန်တော်က ဆရာကြီးရွှေဥဒေါင်းကို အားကျပြီး စုံထောက်ဝတ္ထု ရေးဆရာ ဖြစ်ချင်နေတာ၊ အမှန်အားဖြင့် ကျွန်တော် အဲဒီ အချိန်အရွယ်မှာ ကျွန်တော့်ပင်ကို အားသာတာ၊ ကျွန်တော့် ဦးနှောက်ထဲ ရှိနေတာတွေက ဟာသဗျ၊ အဲဒီ မှာ ကံကကောင်းချင်တော့ ကျွန်တော် ဟာသ ၀တ္ထုတွေ ရေးဖို့ နယ်ပယ်ကျယ်လာအောင် ဖန်တီးပေးတဲ့ ကျေးဇူးရှင်က ပေါ်လာသေးဗျ'

'ဘယ်သူပါလဲရှင်'
'အစ်မကြီး ဒေါ်ခင်မျိုးချစ်ရယ်ပေါ့ ခင်ဗျာ၊ ကျွန်တော် ကောင်းကောင်းကြီး အမှတ်ထား လိုက်ပါတယ်၊ ၁၉၄၈ခုနှစ် မတ်လ ရှုမ၀မဂ္ဂဇင်းမှာ ကျွန်တော်ရဲ့ သည်မောင့်လက်သံ ၀တ္ထု ပါလာတော့ တစ်နေ့ခင်းမှာ ရှုမ၀တိုက် ရောက်လာတဲ့ ဒေါ်ခင်မျိုးချစ်ကို ဦးကျော်က ကျွန်တော်နဲ့ မိတ်ဆက်ပေးတော့ သူက ကျွန်တော့် ကို တွေ့တွေ့ချင်း ဘာပြောလဲဆိုတော့၊ ဟေ့ကောင် သော်တာဆွေ၊ မင်းဂျိဗ်စ်ကာရိုက်တာယူတာ လွဲနေတယ်ကွ တဲ့၊ ဟယ်၊ ကျွန်တော် သူ့စကား ဘာမှ နားမလည်ဘူး၊ အစ်မကြီး ဘာပြောတာလဲ ဆိုတော့၊ မင်း ဒီလ ရှုမ၀ထဲမှာပါတဲ့ သည်မောင့်လက်သံ ၀တ္ထုထဲက အေးဆွေနဲ့ ပေါ်အူးဟာ ပီဂျီ ၀ုဒ်ဟောက်စ် ရဲ့ ဘာထရန် ၀ု စတားနဲပ ဂျိဗ်စ်ကို မှီးရေးတာ မဟုတ်လားဆိုတော့ ကျွန်တော့်မှာ အူကြောင်ကြောင် ဖြစ်ပြီး အစ်မကြီး ရယ် ကျွန်တော် အင်္ဂလိပ်စာလည်း ကောင်းကောင်း မတတ်ပါဘူး၊ အစ်မကြီး ခုနပြောတဲ့ အင်္ဂလိပ် နာမည် တွေလည်း ကျွန်တော် ဘာမှန်းမသိ ပါဘူးဆိုတော့ သူပါ အံ့အားသင့်ပြီး ဒါဖြင့် မင်း အဲဒီ သည်မောင့် လက်သံ ၀တ္ထုအစပိုင်းဟာ ဘယ်က ရတာလဲ၊ ဒါ မင်း အော်ရီဂျင်နယ် မဟုတ်ဘူး ဆိုတော့မှ ကျွန်တော် သူခိုး ပေါ် တော့တာကိုးဗျ'

'ဦးဆွေက ခိုးမိတာလား'
'အဲဒီလိုဆိုရမှာပေါ့ဗျာ၊ အဖြစ်က ဒီလိုဗျ၊ တစ်နေ့ ဆရာကြီးရွှေဥဒေါင်းအိမ်မှာ ၀တ္ထုစာအုပ် သေတ္တာ တစ်ခု ကို ရှင်းတော့ ဆရာကြီးလက်ရေးနဲ ဖူးလ်စကက် ၁၇မျက်နှာရှိတဲ့ စာမူ ဟောင်းတစ်ခု တွေ့တယ်၊ ကျွန်တော် ဖတ်ကြည့်တော့် ၀တ္ထုတစ်ပုဒ်ရဲ့ အစပိုင်းဗျ၊ ၀တ္ထု နာမည်လည်း ပေးမထားသေးဘူး၊ တပည့်က အုပ်ပေါင်း ဗျ၊ သူ့ဇာတ်လမ်း ဖတ်ကြည့်တော့ ဆရာကြီး မရေးဖူးတဲ့ ဟာသ၀တ္ထုမျိုး ဖြစ်နေတယ်၊ ဆရာက မြာ တစ်ယောက်နဲ့ နောက်ကောက်ကျတော့ စိတ်ညစ်လို့ ဘင်ဂျိုတီးတယ်၊ ပတ်ဝန်းကျင်က နားမခံနိုင်လို့ အိမ်ရှင်က နှင်ချတော့ ကဲ၊ တပည့်ရာ ရန်ကုန်မြို့မှာ အိမ်တွေ ပေါလွန်းလို့ ကမာရွတ်ဘက် ထွက်ပြီး ခြံနဲ့ဝင်း နဲ့ သီးသန့် အိမ်တစ်လုံး ငှားနေမယ် ဆိုတော့ တပည့်က ဆရာ ဟိုရောက် ဒီလိုပဲ ဘင်ဂျို တီးဦးမှာလား၊ အို၊ တီး မှာပေါ့ကွယ်၊ ဒီထက် ပိုတီး ဦးမယ်။

ဒါဖြင့် ကျွန်တော် ဆရာ့ဆီက အလုပ်ထွက်ပါရစေ ဆရာ၊ ဘာလို့လဲကွယ်၊ ဆရာ့လက်သံ ကျွန်တော်လည်း နာမခံ နိုင်တော့ဘူး၊ ဆရာ ကျွန်တော့်ကို ဘင်ဂျိုတီးသတ်သလို နေပါလိမ့်မယ်၊ သြော်၊ မင်းကလဲ ဒီလိုကိုး၊ ဒါဖြင့် ထွက်လေကွာ၊
'ဆရာကြီး ရေးထားတာက အဲသည်လောက်ပဲ၊ အဲဒါလေး ကျွန်တော်ချဲ့ပြီး စဉ်းစားလိုက်တော့ သည်မောင့် လက်သံ ၀တ္ထုတစ်ပုဒ် ဖြစ်သွားတာဗျ၊ ဆရာကြီး ရေးထားတဲ့ ဇာတ်လိုက် မူလနာမည်က မောင်ထွန်းလင်း ကို ဒီနာမည်က မာတယ်၊ ဇာတ်လမ်းနဲ့ မကိုက်ဘူးဆိုပြီး ကျွန်တော်က အေးဆွေလို့ ပြောင်းလိုက်တယ်၊ အုပ်ပေါင်း ကိုတော့ ပေါ်အူး လုပ်လိုက်တယ်၊

'အဲသည့် အကြောင်း ကျွန်တော် အစ်မကြီး ပြောပြတော့၊ မင်းဆရာကြီးက ပီဂျီ ၀ုဒ်ဟောက်စ်ရဲ့ ဂွဒ်မောနင်း ဂျိဗ်စ်ကို မှီးရေးထားတာကွ၊ အဲဒီ စာအုပ်ကြည့်ချင်ရင် လာ ငါ့အိမ်လိုက်ခဲ့ဆိုပြီး ကြည့်မြင်တိုင် သံတံတား လမ်း၊ သူတို့နေတဲ့အိမ် ခေါ်သွားတယ်ဗျ၊ ဟိုရောက်တော့ သူ့ခင်ပွန်းသည် ဦးခင်မောင်လတ်နဲ့ပါ တွေ့ပြီး အကျိုး အကြောင်း ပြောပြ တော့ သူတို့စာအုပ် ဗီရိုထဲမှာ အသင့်ရှိနေတဲ့ Goodmorning Jeeves by P.G. Wodehouse ဆိုတဲ့ ကတ်ထူဖုံးနဲလုံးချင်း စာအုပ်ထူကြီး ကို ပြတယ်ဗျ။

'အမှန်တော့ ဆရာကြီးက အဲဒီထဲက အခန်းသုံးခန်းပဲ ရေးရသေးတာ၊ ၀တ္ထုနာမည်တောင် မပေးရသေးဘူး၊ မူရင်း ဇာတ်လိုက်နာမည်က Bertram Wooster ဘာထရမ် ၀ုစတားကို မောင်ထွန်းလင်း၊ သူ့အိမ်ဖော်တပည့် Jeeves ဂျိဗ်စ်ကို အုပ်ပေါင်း၊ အဲဒါ ကျွန်တော်က ကိုယ့်စိတ်ထဲ တွေ့ရာ အေးဆွေနဲ့ပေါ်အူး လုပ်ပစ် လိုက်တာဗျ၊ ပေါ်အူးကို ကျွန်တော် နာမည်ပေးပုံက (သူ့မိဘများကင်ပွန်းတပ်စဉ်က ပေးသောနာမည်မှာ သားဦးမို့ ပေါ်ဦး ဖြစ်သော်လည်း ကျွန်တော့်ဆီ ရောက်လာသောအခါ ဟေ့မင်းနာမည်က တို့မြန်မာပညာရှိ အမတ်ကြီး နာမည်ကွ၊ မင်းနဲ့ မတန်ပါဘူး၊ ဒီတော့ မင်းနာမည် အသံလည်း မပြောင်းရ အောင် အက္ခရာသာ ပြောင်းပြီး ပေါ်အူး လုပ်တယ်ကွာလို့ သည်မောင့်လက်သံဝတ္ထုမှာ ကျွန်တော် ရေးခဲ့ပါတယ်၊ တကယ်တော့ ဒီ အေးဆွေ၊ ပေါ်အူး နာမည်တွေဟာ ဒီဝတ္ထု တစ်ပုဒ်တည်းနဲ့ ပြီးရော၊ ရှေ့ဆက်စရာလည်း မရှိတော့ဘူး အောက်မေ့ ခဲ့တာ၊ ဒါပေမယ့် နောက် သူတို့ပါဝင်တဲ့ ၀တ္ထုတွေ များစာရေးဖို့ ဖန်လာပုံက ဒေါ်ခင်မျိုးချစ်တို့ ဇနီးမောင်နှံရဲ့ ကျေးဇူးပါပဲခင်ဗျာ'
'ဘယ်လိုပါလဲ ရှင်'

'သူတို့လင်မယား နှစ်ယောက်စလုံးက ဟာသ၀တ္ထုတွေကို အင်မတန်ကြိုက်ကြလေတော့ ကမ္ဘာ့ဟာသ  ချန်ပီယံ ပီဂျီ ၀ုဒ်ဟောက်စ်ရဲ့ ၀တ္ထုတွေအားလုံးကို သူတို့ စာအုပ်ဗီရိုထဲမှာ ရှိ နေပြီး ကျွန်တော့်ကို ပြောတယ်၊ 'ကဲ၊ မင်းနဲ့ ပီဂျီဝုဒ် ဟောက်စ်နဲ့ ကိုက်တယ်ကွာ၊ သူ့ဝတ္ထု တွေ မင်း မှီးရေးရအောင် လိုချင်တာ ယူသွားပေရော့ ဆိုတော့ ကျွန်တော် ချောက်ကျရော ဗျ'
'ဘာလို့လဲရှင်'

'ကျွန်တော်က ပီဂျီ ၀ုဒ်ဟောက်စ် ၀တ္ထုတွေ ဖတ်နိုင်လောက်အောင် အင်္ဂလိပ်စာမှာ မတတ် ဘဲဗျ၊ ဒါနဲ့ ရှက်နိုင်ပါဘူး၊ ကိုယ့်ဘ၀ အမှန်ကို ဖွင့်ပြောရော၊ ကျွန်တော်ဟာ ငယ်ငယ်က အင်္ဂလိပ်စာ သင်ခဲ့ရတာ မဟုတ်ဘူး၊ မြန်မာလို ၁၀တန်းနဲ့ အထက်တန်းဆရာဖြစ်အောင် ပြီးတော့မှ အင်္ဂလိပ်စာကို အလွတ် ပညာ သင်ကျောင်း မှာ နှစ်နှစ်ခွဲလောက်ပဲ ဖုတ်ပူမီးတိုက် သင်လိုက်ရတာပါ၊ နောက်တော့ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာတာနှင့် ကျွန်တော် ပညာ သင်ပျက်သွားရပါတယ်ဆိုတော့၊ ဆရာဦးခငမောင်လတ်က ဟာ၊ ဒါလောက် ဆို ဖြစ်တယ်၊ မင်း ဘာမှ မပူနဲ့၊ ဒီစာတွေ ငါတက်ပေးမယ်ဆိုပြီး လင်မယားနှစ်ယောက် တစ်ယောက် တစ်လဲ ပီဂျီ ၀ုဒ်ဟောက်စ်ရဲ့ ၀တ္ထုတွေကို တစ်ပုဒ်ပြီး တစ်ပုဒ် ကျွန်တာ့်ကို စာတတ်ပေး လိုက်ကြ တာဗျာ၊ ကျွန်တော်ရေးခဲ့တဲ့ အေးဆွေ ပေါ်အူးဝတ္ထုတွေ၊ ပတ္တမြားဝင်းထိန် ၀တ္ထု တွေ၊ လက်ဝှေ့ ချန်ပီယံ ကြံ့ဗဟုံး ၀တ္ထုတွေဟာ ကျွန်တော့်ရဲ့ ပင်ကို မဟုတ်၊ ဆရာ ဦးခင်မောင်လတ်နဲ့ ဒေါ်ခင်မျိုးချစ်တို့ ကျေးဇူး ကြောင့် ပီ ဂျီ ၀ုဒ်ဟောက်စ် ၀တ္ထုတွေကို ကျွန်တော် မှီးရေးနိုင်တာပါခင်ဗျာ'
'ကျန်တာတွေ ကတော့ ဦးဆွေရဲ့ ပင်ကို အော်ရီဂျင်နယ်လ် တွေပေါ့'

'ဟုတ်ပါတယ်၊ သူတို့လင်မယားကျေးဇူးကြောင့် ကျွန်တော် ဟာသ၀တ္ထုတွေ ကျယ်ကျယ် ပြန့်ပြန့် များများ စားစား ရေးသွားနိုင်တာ၊ တိုင်းပြည်စာဖတ် ပရိသတ်အဖို့ရော ကျွန်တော့် အဖို့ရော သိပ်ကောင်း သွားပါတယ်၊ ဟာသ ၀တ္ထုရေးဆရာ သော်တာဆွေလို့လည်း တစ်ခါ တည်း နာမည်ကြီးသွားပါတယ်'
'နောက်တော့ ဘ၀သရုပ်ဖော်ဘက် ကူးသွားပုံကကော'

'အဲဒါက ကျွန်တော် ၁၉၄၇ခုနှစ် ကျော်ပြီး ၁၉၅၃ ခုနှစ်အထိ ၆နှစ်တိုင်တိုင် ဟာသ၀တ္ထုတွေ ချည်း ရေးနေရာ က ကျွန်တော့်စိတ်ထဲ တစ်မျိုး တစ်ဖုံသော ၀တ္ထုမျိုး ရေးချစ်စိတ်ပေါ်လာ တယ်၊ ဒါနဲ့ ကျွန်တော် မြင်းလှည်း သမားဘ၀က ကိုယ်တွေ့တွေကို ဇာတ်ကွက်ဆင်ပြီး တော့ ကြုံခဲ့ရသည်ဆိုတဲ့ ၀တ္ထု ရေးလိုက် တာ ၁၉၅၃ခုနှစ် ဇွန်လ ရှုမ၀မှာ အဲဒီဝတ္ထုပါလာ တော့ လူကြီးပိုင်း ပရိသတ်က ဟာသထက် ပိုနှစ်သက် ကြပြီး၊ ဟင်း ဒါမျိုးလည်း ရေးတတ် သကိုး၊ ဒါမှတကယ့် စာကောင်းကွ၊ နောက်ထပ်လည်း ရေးဦးကွာလို့ ၀ိုင်းဝန်း အားပေးကြ တာနဲ့ ကျွန်တော်ဟာသ၀တ္ထုနဲ့ ဘ၀သရုပ်ဖော်ဝတ္ထုတွေ တစ်လှည့်စီ ရေးသား လာခဲ့တာ၊ နောက် ကျွန်တော် အသက်က ကြီးကြီးလာတော့ ဟာသ၀တ္ထုတွေ တဖြည်းဖြည်း နည်းနည်း လာရာက အခုတော့ ဘ၀ သရုပ်ဖော်ဘက် လုံးလုံး ရောက်သွားတယ် ဆိုပါတော့ ခင်ဗျာ'
'ဘ၀ သရုပ်ဖော် စာပေတွေက ဦးဆွေ စာပေဆုရခဲ့တယ်နော်'

'သုံးကြိမ် ရခဲ့ပါတယ်'
'ဟာသ၀တ္ထုတွေတော့ ဆု မပေးကြဘူးနော်'
'စာပေ လူရွှင်တော်အဖြစ်နဲ့ စာဖတ်သူတွေရဲ့ ချစ်မေတ္တာကို ရခဲ့ပါတယ်'
'ဟာသ၀တ္ထုနဲပ ဘ၀သရုပ်ဖော်စာပေ ဘယ်လိုခြားနားသလဲ'
'နိုပျိုခြင်း နဲ့ ရင့်ကျက်ခြင်း ပါပဲ'

'ဦးဆွေ၊ ခုနှယ် ဟိုတုန်းကလို ဟာသ၀တ္ထုတွေ ပြန်ရေးနိုင်ပါဦးမလား၊ ရေးချင်စိတ်ကော ရှိသေးရဲ့လား'
'မခင်ကျော့ ဟိုတုန်းကလို အပျိုကလေး ပြန်ဖြစ်နိုင်ပါဦးမလား၊ ဖြစ်ချင်စိတ်ကော ရှိသေးရဲ့ လား'
'ဟွန်း၊ ရှိတဲ့အခါ ရှိတယ်တော့'
'အင်း၊ ကျွန်တော်လည်း ဒီလိုပဲပေါ့'

(သောင်းပြောင်းထွေလာ။     ။ နိုဝင်ဘာ၊ ၁၉၈၇)


သည်မောင့် လက်သံ (မနက်ဖြန် မျှော်ပါ)
.

No comments: