Monday, January 4, 2010

စာအုပ် (၃) အထောက်တော် လှအောင် စူဇီဝေါင်း အခန်း(၄)

အခန်း(၄)

(၁)
"စူဇီ...အခု လျှို့ဝှက်ကိစ္စကြီးမှာ မောင်တို့နှစ်ယောက်ရဲ့ ပူးပေါင်းဆာင်ရွက်မှုဟာ အင်မတန်ကို အောင်မြင် သွားပြီ၊ ဒီတော့ မောင်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ထပ်ပြီး တိုးချဲ့ကြဖို့လိုပြီလို့ မောင်ထင်တယ်၊ လက်ထပ်တဲ့ သဘောမျိုးပေါ့၊ မောင်နဲ့ မင်း လက်ထပ်မလား စူဇီ"
    "ဘာရောဂါ တက်လာပြန်တာလဲ စူဇီ"
    "မင်းနဲ့လက်ထပ်ဖို့ မောင် စဉ်းစားနေခဲ့တာ ကြာပါပြီ စူဇီ၊ မောင့်ကို လက်ထပ်မလား"
    "၀မ်းနည်းပါတယ် မောင်ရယ်"

    "မရူးစမ်းနဲ့ စူဇီ၊ မောင့်ကိုတော့ "ကျွန်မယောက်ျား၊ ကျွန်မယောက်ျား"နဲ့ မင်း ပြောပြောနေတယ်၊ လက်ထပ်ဖို့ကိစ္စကျတော့ မင်းငြင်းတယ်၊ ဘာကြောင့် လက်မထပ်နိုင်ရထာလဲ"
    "မောင်က အင်မတန်ကြီးကျယ်တဲ့ ပုဂ္ဂိုလ်ကြီးပါ၊ တစ်နေ့ကျရင် မောင့်ကို လော့ဒ်ဘွဲ့ ပေးကြလိမ့်မယ်၊ အဲဒီတော့ မောင်ဟာ မစ္စတာလော့ဒ်လို မက်ခ်စ် ဖြစ်သွားမယ်"
    "မောင် ဂရုမစိုက်ပါဘူးကွယ်၊ မင်း မောင်နဲ့ လက်ထပ်လိုက်ရင် မောင့်မှာ အမြဲတမ်း စံပြမယ် တစ်ယောက် ရသွားတာပေါ့"
    ထိုနေ့က သူ့ကို ကျွန်တော် ပန်းချီဆွဲနေသည်။ ခုတင်ပေါ်မှာ ကွာစေ့လှော် တစ်ပန်းကန်နှင့် သူ လဲလျောင်း နေသည့်ပုံကို ဆွဲနေခြင်းဖြစ်သည်။ စုတ်တံများကို ချခဲ့ပြီး ခုတင်ပေါ်မှာ ကျွန်တော် သွားထိုင် သည်။

    "စူဇီ၊ မင်းရဲ့ ပေါင်တံကလေးတွေဟာ သိပ်လှတာပဲ၊ ဂျပန်မကလေးတွေရဲ့ ပေါင်တံ အတိုင်းပဲ"
    "မောင် ဘယ်လိုလုပ် သိတာလဲ၊ ဂျပန်တုန်းက ဘယ်ဂျပန်မနဲ့မှ မဖြစ်ခဲ့ပါဘူးလို့ မောင်ပြောဖူးတယ် မဟုတ်လား"
    "မဖြစ်ခဲ့ပါဘူး"
    "မယုံဘူး၊ ကျွန်မ မယုံဘူး၊ မောင် ဂျပန်မတွေနဲ့ ရှုပ်ခဲ့မှာပါ"

    "ဟုတ်တယ်၊ တစ်ယောက်တော့ ကြုံခဲ့ဖူးတယ်"
    "ဒီလိုဆိုရင် မောင့်ကို သတ်ရမယ်၊ ကျေးဇူးပြုပြီး ကတ်ကြေးတစ်ချောင်းလောက် ပေးစမ်းပါ မောင်ရယ်၊ မောင့်ကို ကတ်ကြေးနဲ့ ထိုးချင်လွန်းလို့ပါ"
    "မောင့်ကို လက်ထပ်မလား စူဇီ"
    "မဖြစ်ပါဘူး၊ အင်္ဂလိပ်မတစ်ယောက်ကိုပဲ ရှာပြီး မောင်လက်ထပ်ပါ"

(၂)
"အခု မောင် ဖတ်ပြလိုက်တဲ့ စကားလုံးက ဘာအဓိပ္ပာယ်တဲ့လဲ မောင်"
    "စပိန် နွားရိုင်းသတ်သမား"
    "ဘယ်လို နွားရိုင်းသတ်သမားလဲ"
    "နွားရိုင်းနဲ့ ယှဉ်ပြိုင်တိုက်ခိုက်တာဟာ စပိန်နိုင်ငံမှာ သိပ်ကို လူကြိုက်များတဲ့ အားကစားတစ်မျိုးပေါ့၊ သိပ်ဒေါသဖြစ်နေတဲ့ နွားရိုင်းတစ်ကောင်ကို ပတ်လည်ခြံခတ်ထားတဲ့ ကွင်းတစ်ခုထဲကို လွှတ်လိုက်တယ်၊ သူနဲ့ ယှဉ်ပြိုင်တိုက်ခိုက်မယ့် လူက ဓားတစ်ချောင်းနဲ့ အ၀တ်တစ်ထည်ကိုင်ပြီး ဆင်းသွားတယ်၊ ဘေးကကြည့်နေတဲ့ ပွဲကြည့်ပရိသတ် ထောင်ပေါင်းများစွာကလည်း အော်ဟစ်အားပေးကြလို့ပေါ့၊ နွားက အတင်းဝှေ့၊ သူက အ၀တ်စနဲ့ကွယ်ပြီး ရှောင်ပြီး၊ နောက်ဆုံးတော့ သူ့လက်ထဲကဓားနဲ့ နွားကို အသေ သတ်ပြရတယ်"

    "စပိန်လူမျိုးတွေဟာ ခရစ်ယာန်ဘာသာဝင်တွေ မဟုတ်ဘူးလားမောင်"
    "ဟုတ်တယ်၊ ဘာသာရေးမှာ အင်မတန် ကိုင်းရှိုင်းကြတဲ့လူမျိုးပဲ၊ အင်္ဂလိပ်လူမျိုးတွေလည်း ခရစ်ယာန်ဘာသာဝင်ပဲလေ၊ ဒါပေမဲ့ သူတို့လည်း မြေခွေးတွေ၊ ဖျံတွေကို ခွေးနဲ့လိုက်ကြတာပဲ မဟုတ်လား"

    "အရင်အပတ်တုန်းက အစ်ကိုဖတ်ပြတဲ့ စာအုပ်ထဲမှာ ခရစ်ယာန် ဘာသာဝင်တွေဟာ တိရစ္ဆာန် တွေအပေါ် အကြင်နာတရား ထားရမယ်လို့ ဆိုတယ်မဟုတ်လား၊ တိရစ္ဆာန်တွေဟာလည်း လူတွေ လိုပဲ ဘုရားသခင် က ဖန်ဆင်းထားတာဆို"

    "ဟုတ်တယ် စူဇီ၊ ဒါပေမဲ့ လူတွေရဲ့ ဦးနှောက်ဟာ အင်မတန် အံ့သြစရာကောင်းတယ်၊ ဘာကိုမဆို ယုံကြည်နိုင်တယ်၊ အမည်းကို အဖြူလို့လည်း ဒီကနေ့ ယုံကြည်နိုင်တယ်၊ မနက်ဖြန်ကျတော့ အဲဒီအဖြူကို အနီလို့ ယုံချင်လည်း ယုံနေပြန်ရော၊ တစ်ချိန်တည်းမှာပဲ ဖြူလည်းဖြူတယ်၊ နီလည်းနီတယ်လို့ ယုံချင် ယုံနေပြန်တယ်၊ လူတွေ ဦးနှောက်ကို လျှော့ပြီးတွက်လို့ မရဘူး"
    "ဒီလိုဆိုရင် တစ်နေ့ကျတော့ ယောက်ျားတစ်ယောက်ဟာ မိန်းမနှစ်ဆယ် ယူခွင့် ရှိတယ်လို့များ လူတွေက ပြောချင် ပြောလာကြမှာပေါ့နော်"

    "ဟုတ်တာပေါ့၊ အခုလည်း မိန်းမတွေ အများကြီး ယူခွင့်ရှိတယ်လို့ ယုံကြည်တဲ့ ဘာသာဝင်တွေတောင် ရှိနေတာပဲ"
    "ကဲ... ဆက်ဖတ်ပါဦး မောင်"
    "နေပါဦးလေ၊ မောင်တို့ စကားနည်းနည်းလောက် ဆက်ပြောကြရအောင်၊ စူဇီ... မင်းနဲ့ အတူတူနေရတာ မောင် သိပ်စိတ်ချမ်းသာတာပဲ၊ မောင်တို့နှစ်ယောက် လက်ထပ်ကြရအောင်ကွယ်"
    "မဖြစ်ပါဘူးမောင်ရယ်၊ အပျိုစစ်စစ်ကလေး တစ်ယောက်ကို မောင် ရှာပြီးလက်ထပ်ပါ၊ ခရစ်ယာန်ဘာသာဝင် ယောက်ျားတွေဟာ အပျိုစစ်စစ် ကလေးတွေနဲ့ လက်ထပ်သင့်ပါတယ်"
    "နမ်ကောက်မှာ လုပ်သက်နှစ်နှစ် ပြည့်ပြီးတဲ့ မိန်းကလေးကိုမှ လက်ထပ်ရမယ်လို့ တစ်နေ့ ပြောမလာဘူး မဆိုနိုင်ဘူး၊ ဘာပဲဖြစ်ဖြစ် မင်းဟာ အပျိုစစ်စစ်ပါပဲ"

    "မောင် သည်လိုပဲ ထင်သလား၊ လူတွေရဲ့ အသိဥာဏ်ဟာ ဘာကိုမဆို ယုံကြည်နိုင်တယ်လို့ မောင် ပြောခဲ့သေးတယ် မဟုတ်လား"
    "မင်းဟာ စာပေအသိပညာနဲ့ ပတ်သက်လာရင် အပျိုစင်ပါပဲ စူဇီ၊ အဲဒါကလေးကိုပဲ မောင် ချစ်နေရ တာပါ၊ မင်းနဲ့ပတ်သက်လာရင် မောင့်ကိုယ်မောင် ပစ်ဂမာလီယန်လို့တောင် ထင်မိတယ်"
    ပစ်ဂမာလီယန်သည် သူ ပန်းပုထုထားသည့် ယမင်းရုပ်ကလေးကို အရူးအမူး ချစ်နေမိသည့် ပန်းပု ဆရာကြီး ဖြစ်သည်။
    "အဲဒါက ဘာလဲဟင်"
    "ထားလိုက်ပါတော့လေ၊ မောင့်ကို မင်း လက်ထပ်မလား"
    "မထပ်ဘူး"
    "မငြင်းပါနဲ့တော့ စူဇီရယ်"
    "ငြင်းမယ်"
   
(၃)
တယ်လီဖုန်း ခေါင်းလောင်းသံ မြည်လာသောကြောင့် စူဇီက သွားကောက်ကိုင်သည်။
    "မဟုတ်ပါဘူး၊ သူ အလုပ်များနေပါတယ်၊ ကောင်းပါပြီ" ဆိုသို့ ပြောပြီး ကျွန်တော့်ထံသို့ တယ်လီဖုန်း လှမ်းပေးသည်။ "အဲလိုလူ.." ဟုလည်း ဆက်ပြောသည်။
    ကျွန်တော် ခဏစဉ်းစားနေသည်။ မနှစ်မြို့သောလေသံဖြင့် "အဲဟိုလူ"ဟု ပြောလိုက်သည့်အတွက် ရော့ဒ်နေ ပြန်ရောက်လာလေသလားဟု ကျွန်တော် တွေးလိုက်မိပါသည်။ သို့သော် ရှေ့နေဟိန်း ဖြစ်နေ သည်။

    "ကျွန်တော်တို့ အချိန်အကြာကြီး စောင့်နေဖို့ မလိုတော့ဘူးဗျ" ဟု ဟိန်းကပြောသည်။ "တရားရုံးမှာ အမှုတွေနဲ့ပတ်သက်ပြီး အစီအစဉ်တစ်မျိုး ပြန်လုပ်လိုက် တယ်၊ ဒါကြောင့် ကျွန်တော်တို့ အမှုကို နောက်အပတ်မှာ စစ်တော့မယ်၊ နောက်ပြီးတော့ ကျွန်တော်တို့ လိုချင်တဲ့ တရားသူကြီးပဲ ဖြစ်သွားတယ်၊ ချာလီကောက်ရုံးမှာ ကျတယ်"
    "၀မ်းသာလိုက်တာဗျာ" ဟု ကျွန်တော်က ပြန်ပြောသည်။

    "ချာလီနဲ့ဆိုတော့ တစ်မျိုးရယ်စရာ ကောင်းတာပေါ့ဗျာ၊ သူကလည်း ဒီလို အမျိုးသမီးကလေးတွေကို စိတ်ဝင်စားတယ်"
    ထိုအကြောင်းကို ကျွန်တော် ပြောပြသောအခါ စူဇီ စိတ်ချမ်းသာသွားသည်။ တရားရုံးမှာ အစစ်အဆေး ခံရတော့မည် ဆိုခြင်းသည် သူ့အနေဖြင့် ဘက်တီလောင်း အကြောင်းတွေကို အိတ်သွန်ဖာမှောက် ပြောခွင့်ကြုံ တော့မည်ဟူသော သဘောမျိုးဖြင့် သူက မှတ်ယူထားသည်။

    "အဲဒီကောင်မ မကောင်းဘူးဆိုတာ သူတို့ကို ကျွန်မ ပြောပြရမယ်၊ အကုန်လုံး ပြည့်စုံအောင် ပြောပြရမယ်"ဟု စူဇီက ပြောနေသည်။
    "မင်း ဒီလိုပြောလို့မဖြစ်ဘူး စူဇီ၊ မောင်သတင်းပေးထားတဲ့အတိုင်းပဲ သူ တို့ကို မင်း ပြောပြရမယ်"
    "မောင် သင်ပေးထားတာတွေ မေ့ကုန်ပြီ"
    "မပူပါနဲ့လေ၊ ပြန်သင်ပေးတာပေါ့"

    အမှုစစ်မည့်နေ့မှာ ကြာသပတေးနေ့ဖြစ်သည်။ အမှုမစစ်မီ တစ်နေ့အလို မွန်းလွှဲပိုင်းတွင် စူဇီနှင့် အခြား အမျိုးသမီး လေးယောက်တို့ကို ပြန်ခေါ်ကာ ရုံးတော်တွင် သူတို့ ထွက်ဆိုကြရမည့် စကားများကို တစ်လုံး မကျန် ပြန်သင်ပေးသည်။

    နောက်နေ့မနက်တွင် ဗဟိုခရိုင်သို့ ဓာတ်ရထားစီးပြီး ကျွန်တော်တို့သွားကြသည်။ အဲလစ်ကလေးတစ်ယောက်တော့ မပါ။ ယနေ့မနက် အချိန်မီ ပြန်ရောက်မလာပေ။
    ဓာတ်ရထားမှဆင်းပြီး တရားရုံးရှိရာ တောင်ပေါ်သို့ မတ်စောက်သော လမ်းကျဉ်းကလေးအတိုင်း ကျွန်တော်တို့ တက်လာကြသည်။ တရားရုံးသည် ရဲစခန်းနှင့် ထောင်ဟောင်းအလွန်မှာ ရှိသည်။ ရုံးခန်းတွေ အများကြီး ရှိသည်။ ရုံးခန်းတိုင်းမှာ လူတွေ ပြည့်ကျပ်နေသည်။

    စူဇီကို အာမခံပြန်ရုပ်သိမ်းပြီး အမျိုးသမီးရဲတစ်ဦးက ခေါ်သွားသည်။ ဂွမ်နီတို့ သုံးယောက်မှာ ရုံးအရှိန်ကြောင့် အနည်းငယ် ကြောက်ရွံ့နေကြပုံပေါ်သည်။ ကာယကံရှင် စူဇီထက်ပင် သူတို့က ပိုကြောက်နေကြသည်။ ယူနီဖောင်းဝတ် ရဲသားများကို မသိမသာ ခိုးကြောင်ခိုးဝှက် ကြည့်နေကြသည်။

    ရုံးခန်းထဲရှိ လွတ်နေသည့် ခုံတန်းတစ်ခုမှာ ကျွန်တော် သွားထိုင်သည်။ ပူအိုက်ခြင်းနှင့် ပန်ကာတွေ တပ်ထားခြင်းမှလွဲပြီး လန်ဒန်ရှိ တရားရုံးခန်းများအတိုင်းဖြစ်သည်။ ယခုမှ မနက်ကိုးနာရီခွဲပဲ ရှိသေးသည်။ သို့သော်လည်း နေရှိန်က အလွန်ပူပြင်းနေပြီ။ ကျွန်တော့် အင်္ကျီများမှာ ချွေးတွေ နစ်နေပြီး အသားနှင့် ကပ်နေသည်။

    ခဏကြာတော့ ဟိန်း ရောက်လာသည်။ သူ့မျက်နှာနှင့် လည်ပင်းမှ ချွေးများကို လက်ကိုင်ပ၀ါဖြင့် သုတ်နေသည်။ အနေရ အထိုင်ရလည်း အတော် ကျပ်ပုံရသည်။
    "ဟိုက်ကုတ်မှာစစ်ရင် ဘယ်လောက်ကောင်းမလဲဗျာ" ဟု သူကပြောသည်။
    "ဘာဖြစ်လို့ ဟိုက်ကုတ်မှာ စစ်ရမှာလဲ" ဟု ကျွန်တော်က အလန့်တကြား ပြန်မေးမိသည်။

    "ဟိုက်ကုတ်က လေအေးစက် တပ်ထားတယ်"
    အများထိုင်သည့် ခုံတန်းတစ်ခုမှာ ကျွန်တော် ထိုင်နေရာ သတင်းထောက်များနေရာမှာ သွားထိုင်ဖို့ ဟိန်းက ပြောသည်။ ထိုနေရာက ပိုပြီး နေသာထိုင်သာရှိမည်ဟု ပြောသည်။ ထိုနေရာတွင်လည်း သတင်းထောက် တစ်ယောက်မှ မရှိ။

    မကြာမီမှာပင် စတင် စစ်ဆေးတော့သည်။ စောစောက ကျွန်တော် စိတ်ပူခဲ့သလို မဟုတ်ပါ။ အစစ အရာရာ ချောချောမောမောပင် ဖြစ်ပါသည်။ တရားသူကြီး ချာလီကောက်သည် ကန်တုန်တရုတ်လူမျိုး ဖြစ်သည်။ အလွန်အနောက်တိုင်းဆန်သူ ဖြစ်သည်။ ကိုယ်လုံးကိုယ်ထည် သေးသေးကွေးကွေးနှင့် မျက်နှာထား ချိုသည်။

    အမှုလိုက်ရဲအရာရှိသည် တရုတ်လူမျိုး လူငယ်ရဲအုပ် ဖြစ်သည်။ သူ့အမူအရာကလည်း နူးညံ့ သိမ်မွေ့ သည်။ လူတစ်ဖက်သားကို ကူညီတတ်သည့် ပုံစံမျိုး ဖြစ်သည်။
    ပထမဆုံး သက်သေအဖြစ် ဒေါရစ်ကို စတင်စစ်ဆေးသည်။ ကျွန်တော် ယုံကြည်မှု အနည်းဆုံးသော အမျိုးသမီး ဖြစ်သည်။ ကျွန်တော်တို့ ဇာတ်တိုက်ထားသည့်အတိုင်း အစစ်မခံဘဲ မဟုတ်တာတွေ ဖွင့်ပြောလိုက် လျှင် ခက်ရချည်ရဲ့ဟူသော စိုးရိမ်စိတ်ဖြင့် အသည်းတထိတ်ထိတ် ဖြစ်နေမိသည်။ သို့သော်လည်း စိတ်ပူသလို ဖြစ်မလာပါ။ ကျွန်တော် သင်ပေးထားသည့်အတိုင်း မှန်မှန် ကန်ကန် ထွက်ဆိုသွားသည်။ လေသံကတော့ စိတ်ပါလက်ပါမရှိ။ ခြောက်ကပ်ကပ် ဖြစ်နေသည်။ အမှုလိုက်ရဲ အရာရှိလည်း ကတ်သီးကတ်သတ် မေးခွန်းများမမေး။

    အမှုစစ်နေသည်မှာ အချိန်အလွန်ကြာပါသည်။ တရားရုံးက သတ်မှတ်ထားသော ဘာသာသည် အင်္ဂလိပ်ဘာသာဖြစ်သည်။ သို့သော်လည်း သက်သေကို စကားပြန်မှ တစ်ဆင့် တရုတ်လိုစစ်သည်။ ထိုတရုတ်ဘာသာကို စကားပြန်က အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပေးနေရသည်။ ထို့ကြောင့် အချိန်ကြာ သင့်သည်ထက် ပိုကြာနေသည်။
    စကားပြန်သည် တရုတ်လူမျိုး လူငယ်တစ်ယောက်ပင် ဖြစ်သည်။ တရားရုံးသုံး ခက်ခဲ့သည့် ဥပဒေစကားလုံးများကို သူက အရသာရှိရှိ ပြောဆိုနေသည်။ သူ့အတွက်တော့ ဘာအခက်အခဲမှ ရှိပုံမရ။
    ဒေါရစ်ကို စစ်ဆေးသည်မှာ ဆယ့်ငါးမိနစ်ခန့် ကြာသည်။ ဒေါရစ်ထွက်သွားတော့ တရားသူကြီးက အမှုလိုက် ရဲအရာရှိကို ပြုံးပြပြီး လှမ်းနောက်နေသည်။
    "ဒီအမျိုးသမီး များများစားစား အလုပ်ဖြစ်မယ့်ပုံမျိုး မဟုတ်ဘူး ထင်တယ်၊ မောင်ရင် ဘယ်လိုထင်သလဲ"
    "ကျွန်တော်လည်း မပြောတတ်ပါဘူးခင်ဗျာ" ဟု ရဲအရာရှိက ပြန်ဖြေသည်။

    "သူတပ်ထားတဲ့ မျက်မှန်ကို ပြောတာလေ၊ ဒီလို မျက်မှန်တပ်ထားရပြီဆိုရင်တော့ တယ်ပြီး အလုပ်ဖြစ်တော့မှာ မဟုတ်ဘူး၊ ကျွန်တော် လန်ဒန်မှာ ကျောင်းနေတုန်းက အကြောင်းတွေ ပြန်မှတ်မိ နေတယ်၊ ယုံနိုင်စရာတောင် မရှိဘူးဗျ၊ လမ်းပေါ်က အမျိုးသမီးတွကို ပြောတာလေ၊ ဒါပေမဲ့ အခုလို အသက်ကြီးကြီးတော့ မနိမ့်တော့ပါဘူး၊ လန်ဒန်မှာလည်း ဒီအတိုင်းပါပဲ၊ မဟုတ်ဘူးလား မစ္စတာဟိန်း" ဟု ဟိန်ကို လှမ်းမေးသည်။

    "ဗျာ... အင်း... ဟုတ်ပါတယ်၊ ကျွန်တော်လည်း ဒီလိုပဲ ထင်ပါတယ်"
    "ကဲ ဆက်စစ်လိုက်ကြဦးစို့၊ နောက်ထပ် သက်သေဘယ်သူလဲ"
    ဂွမ်နီနှင့် ဗုဒ္ဓဟူး လူးလူးသည်လည်း ချောချောမောမောပင် အစစ်ဆေးခံသွားကြပါသည်။ အမှားအယွင်း တစ်စုံတစ်ရာ မပါပါ။
    သက်သေတွေကုန်တော့ ဘက်တီလောင်းကို စစ်သည်။ ရုံးခန်းအတွင်းသို့ ဘက်တီလောင်း ၀င်လာတော့ ရုတ်တရက် ကျွန်တော် မမှတ်မိပါ။ ဆေးရုံမှ သူ ဆင်းလာသည်မှာ ဘာမျှမကြာသေးပါ။ မျက်နှာပေါ်တွင် ဘာမိတ်ကပ်မှ လိမ်းခြယ်မထားသောကြောင့် မမှန်မိခြင်း ဖြစ်ပါသည်။

    စူဇီကို ဘာစကားပြောသလဲဟု ဟိန်းက မေးသည်။ ရုတ်တရက် သူ မဖြေ။ ဟိန်းက ထပ်မေးသည်။ နောက်ဆုံး ကျတော့မှ သူ ဖြေသည်။ စကားပြန်က အင်္ဂလိပ်လို ပြန်ပြောသည်။
    "သူ့ရည်းစားအကြောင်း ကျွန်မ ကြားဖူးတာကို ပြောပါတယ်၊ သူ့ရည်းစားဟာ ရာဂစိတ် အလွန်ကြီးတယ်လို့၊ အမျိုးသမီးတွေနဲ့ ဆက်ဆံရာမှာလည်း ဖောက်ဖောက်ပြန်ပြန် ရှိတယ်ဆိုတာ ကြားဖူးတယ်လို့ ကျွန်မက ပြောတာပါ"
    တရားသူကြီး ချာလီကောက်က ၀င်ပြောသည်။

    "သက်သေအမျိုးသမီး အစစ်ခံသွားတာက ဒီလောက်မကပါဘူး၊ ဒါပေမဲ့ စကားလုံး အပြည့်အစုံ ကြားဖို့ မတော်ဘူးလို့ ကျွန်တော်တို့ စကားပြန်က ယူဆပါတယ် မစ္စတာဟိန်း၊ ခင်ဗျား ကျေနပ်ရဲ့လား"
    "ဟုတ်ကဲ့၊ ကျေနပ်ပါတယ်၊ သူ လုံလုံလောက်လောက် အစစ်ခံသွားတယ်လို့ ကျွန်တော် ထင်ပါတယ်၊ ရှင်းပါတယ်ခင်ဗှား၊ ဘာမှမေးစရာ မရှိတော့ပါဘူး" ဟု ဟိန်းက ပြန်ဖြေသည်။
    ထို့နောက် စူဇီကို စစ်ဆေးရန် ထုတ်လာသည်။ အပြာရောင် တရုတ်ဂါဝန်ကို ၀တ်ထားသော စူဇီသည် အလွန်တရာ ချောမောလှပနေသည်။ ရုံးခန်းထဲသို့ လျှောက်ဝင်လာသောအခါ ချာလီကောက်က မျက်ောင်မခတ် စိုက်ကြည့်နေပြီး အမှုလိုက်ရဲအရာရှိကို မျက်လုံးတစ်ဖက် မှိတ်ပြလိုက်ကာ"

    "ဒီသူငယ်မကို ဖက်ပြီး အိမ်ပဲခေါ်သွားချင်တော့တယ်ကွာ" ဟု လှမ်းပြောသည်။ ပြီးတော့ အလွန်လှပ ချောမောသည့် တူမကလေးကို ဦးလေးတစ်ယောက်က စိတ်ထိန်းပြီး ပြောရသည့် ပုံစံမျိုးဖြင့် စကားလှမ်း ပြောနေသည်။

    မည်သို့ဆိုစေ စူဇီသည် သူ့အမှုကြီးကို သူ ဖျက်ဆီးပစ်တော့မည့် အနေအထားသို့ ရောက်လာသည်။ ဘက်တီကို ကတ်ကြေးနှင့် သူ ထိုးခြင်းသည် တရားမျှတကြောင်း၊ ထိုးသင့်ထိုးထိုက်သောကြောင့် ထိုးခြင်းဖြစ်ကြောင်းများကို ယုံယုံ ကြည်ကြည်ကြီး ပြောနေသည်။

    အမှုလိုက် ရဲအရာရှိ၏ ချိုချိုသာသာ မေးခွန်းများကိုလည်း ဂရုမစိုက်တော့ဘဲ  တရားသူကြီးကိုသာ တိုက်ရိုက်ပြောနေတော့သည်။ ဘက်တီသည် မည်မျှဆိုးရွားကြောင်းများ ရှင်းပြနေသည်။ သူ ပြောပြ နေသည်များကို တရားသူကြီးက သဘောပေါက်နားလည်စွာဖြင့် လက်ခံနေပြီဟုလည်း သူ ယုံကြည် နေပုံရသည်။ နောက်ဆုံး ချာလီက ကောင်းကောင်း အစစ်ခံရန် သတိပေးရတော့သည်။
    "ဒီသူငယ်မ တော်တော်သတ္တိကောင်းတာပဲ၊ ဟုတ်တယ်၊ ကျုပ်တော့ ဒီအတိုင်းပဲ ပြောရတော့မှာပဲ" ဟုလည်း ပြုံးပြီး ပြောသည်။

    ထို့နောက် ဟိန်းက ပြန်လှန်မေးခွန်းများ မေးသည်။ ဘက်တီကို ကတ်ကြေးနှင့် ထိုးခြင်းမှာ စိတ်လွတ်ပြီး လုပ်မိကြောင်း၊ ဘာလုပ်လိုက်မိသည်ကိုပင် မသိကြောင်း လမ်းကြောင်းပေးပြီး မေးသည်။ ရုတ်တရက် ဒေါသထွက်လာသောကြောင့် ထိုသို့ ပြုလုပ်မိသော်လည်း ယခုအခါ စိတ်မကောင်းဖြစ်ကာ နောင်တရနေပြီ မဟုတ်လားဟု မေးသည်။

    ထိုစကားလုံးသည် စူဇီအတွက် ဆေးခါးကြီး ဖြစ်နေလေတော့သည်။ ဘက်တီကို ကတ်ကြေးနှင့် ထိုးမိသည့်အတွက် သူ လုံးဝစိတ်မကောင်းမဖြစ်မိပါ။ လုံးဝ နောက်တမရပါ။ နည်းတောင် နည်းသေး သည်ဟု သူ ထင်သည်။ ထိုအကြောင်းများကို သူ ထုတ်ဖော် ပြောတော့မည်ကဲ့သို့ ရှိနေသည်။

    ကျွန်တော် အသက်မရှူဝံ့အောင် ဖြစ်နေပြီ။
    ခဏကြာတော့ ဒေါသတကြီးဖြင့် သူ တရုတ်လို ပြောနေသည်။ ကျွန်တော် နားမလည်ပါ။ သို့သော်လည်း သူ့အမူအရာနှင့် လေသံကို ကြည့်ခြင်းအားဖြင့် သူ ၀မ်းမနည်းကြောင်း၊ ဘက်တီသည် ထိုက်ထိုက် တန်တန် ခံသွားရခြင်းဖြစ်ကြောင်း ပြောနေမှန်း ကောင်းကောင်း သိသာပါသည်။

    ရုတ်တရက် သူ ရပ်ပစ်လိုက်သည်။ ကျွန်တော့်ကို လှမ်းကြည့်သည်။ ပထမပိုင်းကတော့ အာခံသည့် အကြည့်မျိုးဖြင့် ကြည့်နေခြင်း ဖြစ်သည်။ ကျွန်တော်ကလည်း မျက်တောင်မခတ် ပြန်စိုက်ကြည့်နေသည်။ ခဏကြာတော့ သူ့မျက်နှာ အောက်ငုံ့သွားသည်။ မျက်နှာအမူအရာက ရှက်ကိုးရှက်ကန်း ဖြစ်သွားပုံရသည်။

    ပြီးတော့မှ စကားပြန်ကို လှမ်းကြည့်သည်။ တစ်စုံတစ်ရာ ပြောသည်။ သူ ပြောနေသည့်စကားကို သူ မယုံကြည်ကြောင်း လေသံက ဖော်ပြနေသည်။ မယုံကြည်သော်လည်း သူ ထောင်ကျသွားနိုင်သည်ဟု ထင်နေသည့် ကျွန်တော် စိတ်ချမ်းသာအောင် ပြောနေရသည့် ပုံမျိုးဖြစ်သည်။
    "ဟုတ်ကဲ့၊ ကျွန်မ ဒီလို လုပ်ခဲ့မိတဲ့အတွက် အများကြီး ၀မ်းနည်းပါတယ်"

    စကားပြန် တရုတ်လူငယ်က ပြန်ပြောသည်။ သူ့ကို ကျွန်တော် အများကြီး အထင်ကြီး လေးစားသွားပါတော့သည်။ သူ ပြောလိုက်ပုံက လှိုက်လှိုက်လှဲလှဲကြီး ရှိသည်။ စူဖီ ပြောပုံမျိုးမဟုတ်။ ယုံယုံကြည်ကြည်နှင့် တကယ်ပင် စိတ်မကောင်းဟန်မျိုးဖြင့် ပြောလိုက်ခြင်းဖြစ်သည်။

    နေ့လည်စာ စားရင်း အမှုစစ်ခြင်းကို ခေတ္တရပ်နားသည်။ မွန်းလွဲပိုင်းတွင် အမှုဆက်စစ်သင့် မစစ်သင့် ဆွေးနွေးကြသည်။ တရားဝင်ကား မဟုတ်ပါ။ အလွန်သဘော ပြောဆိုကြခြင်းဖြစ်သည်။ ယနေ့ ဆက်မစစ် ဘဲ မနက်ဖြန်ကျမှ စစ်ဆေးလျှင် ကောင်းမည်လားဟု ဆွေးနွေးကြသည်။

    တရားသူကြီး ချာလီကောက်က သူ့အဖို့တော့ ယန့ပဲစစ်စစ်၊ မနက်ဖြန်ပဲစစ်စစ် အရေးမကြီးကြောင်း၊ ဟိန်းနှင့် အမှုလိုက်ရဲအုပ်အပေါ် တည်ကြောင်းပြောသည်။ ဟိန်းက မျက်နှာကျက်မှပန်ကာများ လည်မှ လည်ပါလေစဟူသော သဘောဖြင့် မော့ကြည့်သည်။ သည်လို မော့ကြည့်သည်မှာ အကြိမ်နှစ်ဆယ်လောက် ရှိပြီထင်သည်။ သူ့တစ်ကိုယ်လုံး မှာလည်း ချွေးတွေရွှဲနေသည်။ သူ့ရုံးမှာ ပြန်နေရလျှင် ကောင်းမည် ထင်ကြောင်း သူက ပြောသည်။ သူ့ရုံးတွင် လေအေးစက် တပ်ထားကြောင်းကိုတော့ မပြော။

    သို့သော်လည်း အမှုလိုက် ရဲအုပ်က မနက်ဖြန်မနက်တွင် ကိုလုန်းဘက်ကမ်းသို့ ကူးပြီး အမှုလိုက်စရာတစ်ခု ရှိနေကြောင်း၊ ထို့ကြောင့် ယနေ့ မွန်းလွှဲပိုင်းမှာပင် အပြီး ဆက်စစ်စေလိုကြောင်း ပြောသည်။
    နေ့လယ်စာ စားချိန်တွင် စူဇီကို ရုံးအချုပ်ခန်းထဲသို့ ပြန်သွင်းထားသည်။ ထို့ကြောင့် ဟိန်းကိုခေါ်ပြီး ပါရီရှန်ဂရေးဟိုတယ်သို့ လာခဲ့သည်။ ထိုဟိုတယ်က လေအေးစက် တပ်ထားသောကြောင့် ဟိန်းက ရွေးခြင်း ဖြစ်သည်။ ဈေးတော့ အတော်ကြီးသည်။ သို့သော်လည်း အမှုကို ကြိုးစားပမ်းစား လိုက်ပေးသော ကြောင့် ဒါလောက်တော့ ပြုစုရပါမည်။ ၀ိုင်သောက်မလားဟု ကျွန်တော်က မေးသည်။
    "အောင်မလေး... မလုပ်လိုက်ပါနဲ့ဗျာ၊ ဒါလောက် ပူနေတာ၊ ၀ိုင်ထပ်သောက်ရင် သေရုံပဲ ရှိတော့မှာပေါ့" ဟု သူက ပြန်ပြောသည်။

    "ဒီညနေ အခြေအနေ ဘယ်လိုနေမလဲ"
    "သုံးနာရီလောက်အထိတော့ ကြာသွားမယ်ထင်တယ်၊ ချာလီကောက်က အပြစ်ရှိတယ်လို့မြင်ရင် လျှောက်လဲချက်ထဲမှာ ပြည့်စုံအောင် ထည့်ရမယ်၊ မိန်းကလေးဟာ အကျင့်စာရိတ္တကောင်းကြောင်း၊ အမှုကိစ္စကလည်း ဒေါသပေါက်ကွဲရာကနေ မတော်တဆ ဖြစ်သွားကြောင်း၊ အခုလည်း ဂုဏ်သရေရှိ အမျိုးသား တစ်ယောက်နဲ့ တည်တည်တံ့တံ့ နေနေကြောင်းတွေ လျှောက်လဲရမယ်၊ သက်သက်ညှာညှာ စီရင်ဖို့ ပြောရမှာပေါ့၊ သင်ခန်းစာ ပေးတဲ့အနေနဲ့ ဒဏ်ငွေနှစ်ရာလောကတော့ ရိုက်လိမ့်မယ်ထင်တယ်"

    "ခင်ဗျား အရင်ပြောတုန်းက သုံးရာဆို"
    "အများဆုံးအထိ ပိုတွက်ထားတာပါ"
    နောက် တစ်နာရီမျှကြာတော့ ရုံးခန်းထဲမှာ ကျွန်တော်တို့ ပြန်ရောက်နေကြပြန်ပြီ။ ဟိန်း၏ တွေးထင်ချက်အားလုံး မှားသွားတော့သည်။ စူဇီကို ဒေါ်လာနှစ်ရာ ဒဏ်ငွေမရိုက်ပါ။
    ထောင်ချပစ်လိုက်လေသည်။

(၄)
သည်လိုဖြစ်ရသည်မှာ ဟိန်း၏ အပြစ်မပါပါ။ ပြစ်ဒဏ်ကို လျှော့လျှော့ပေါ့ပေါ့ တွက်ခြင်းသည်လည်း သူ့အမှားမဟုတ်ပါ။ မူလခန့်မှန်းထားသည့် ရက်ထက်စောပြီး ဘာကြောင့် အမှုစစ်သနည်းဆိုသည်ကို ဟိန်း မသိသောကြောင့် အတွက်မှားသွားခြင်း ဖြစ်ပါသည်။ ချာလီကောက်က စီရင်ချက်ချတော့မှ ကျွန်တော်တို့ သဘော ပေါက်ကြ ပါတော့သည်။

    "ကပွဲခန်းမများနှင့် ဘားခန်းများတွင် အလုပ်လုပ်သည့် အမျိုးသမီးများကြောင့် ယခုအခါတွင် ကျွန်ုပ်တို့ အတော် ဒုက္ခရောက်နေကြရသည်"
    ထိုစီရင်ချက်ကို ဖတ်ကြားသောအခါ ချာလီကောက်၏ အမူအရာသည် စောစောတုန်းကလို ရွှတ်နောက်နောက် မဟုတ်တော့။ မျက်နှာတည်တည်ကြီးနှင့် ဖြစ်နေသည်။
    "ယခင်တုန်းကဆိုလျှင် ထိုအမျိုးသမီးကလေးများနှင့် ပတ်သက်ပြီး ကျွန်ုပ်တို့ အများကြီး သက်ညှာခဲ့ကြသည်။ ထိုသို့ သက်ညှာသည်ကို အမျိုးသမီးများက အဓိပ္ပာယ် အကောက်လွဲကာ တရား ဥပဒေကို မထီလေးစား လုပ်လာကြသည်။ ထိုသို့ အဓိပ္ပာယ် အကောက်လွဲသည်မှစပြီး အမှုပေါင်း များစွာ ပေါ်လာသည်။ ဆက်လက် ကြားနာစစ်ဆေးရမည့် အမှုပေါင်းများစွာ ကျွန်ုပ်တို့ တရားရုံးတော် များတွင် တန်းစီရှိနေသည်။

    "ထို့ကြောင့် အမှုအချို့ကို စောစောစီးစီး မြန်မြန် ဆန်ဆန် စစ်ဆေးပြီး လိုအပ်သည့်အတိုင်း စီရင်ချက်ချရန် လိုအပ်လာသည်။ သို့မှသာ တရားဥပဒေနှင့် ပတ်သက်ပြီး အယူလွဲနေကြသော အမျိုးသမီးကလေးများကို စောစောစီးစီး ပညာပေးရာ ရောက်လိမ့်မည်။

    "ယခုအမှုတွင် ဝေါင်းမီလင်းသည် အခြားအမျိုးသမီးတစ်ယောက်ကို ဒဏ်ရာအကြီးအကျယ်ရအောင် ကတ်ကြေးဖြင့် ထိုးခဲ့သည်။ ရရှိသွားသော ဒဏ်ရာက ကြီးမားသောကြောင့် ယခုရုံးထက် အဆင့်မြင့်သည့် ရုံးမှာပင် စစ်ဆေး သင့်သော အမှုဖြစ်သည်။

    "တရားခံမသည် ယခုအမှုကို ကျူးလွန်ခဲ့မိသည့်အတွက် ၀မ်းနည်းကြောင်း လုံးဝမတွေ့ရပါ။ ထို့ကြောင့် ယခုအမငကို အလေးအနက်ထားပြီးကျွန်ုပ် လေ့လာသုံးသပ် ကြည့်သည်။ တရားခံမကို ယခုအမှုအတွက် ဒဏ်ငွေ ရိုက်ရုံလောက်ဖြင့် လုံလောက်သော သင်ခန်းစာကို ရနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် ထောင်ဒဏ် စီရင်ရန်သာ ရှိတော့သည်ဟု ကျွန်ုပ် သဘောရသည်"
    ချာလီကောက်က စကားဖြတ်လိုက်သည်။ တစ်စုံတစ်ရာကို ဆက်ရေးနေသည်။ ပြီးတော့မှ အပေါ်သို့ မော့မကြည့်ဘဲ ပြောသည်။

    "ထောင်ဒဏ် သုံးလ"
    ရုတ်တရက် ကျွန်တော် အသက်ရှူမှားသွားသည်။ ရုံးတော်၏ စီရင်ချက်သည် ဒဏ်ငွေ ပေးဆောင်ရန်သာ ဖြစ်လိမ့်မည်ဟု ကျွန်တော် ထင်ခဲ့သည်။ ထို့ကြောင့် ဒဏ်ငွေ ပေးဆောင်ဖို့သာ ကျွန်တော် ပြင်ဆင်ခဲ့သည်။ ထောင်ထဲသွားဖို့ လုံးဝမပြင်ဆင်ခဲ့မိ။

    ကျွန်တော်နှင့် မလှမ်းမကမ်းတွင် အပြာရောင် ၀တ်စုံကလေးနှင့် ရပ်နေသော စူဇီသည် အလွန်တရာ ချောမောလှပသည်။ သည်မိန်းကလေးသည် လိုင်ချီကောက်လို မိန်းမထောင်သို့ မသွားသင့်။ ထောင်ထဲမှာ ထည့်ထားသင့်သော မိန်းကလေးမျိုးမဟုတ်။ ဘယ်နည်းနှင့်မှ မဖြစ်နိုင်။
    စကားပြန်က တရားသူကြီး၏ စီရင်ချက်ကို ရှန်ဟဲ တရုတ်ဘာသာဖြင့် ဘာသာပြန်ပေးသည်။

    "ထောင်ဒဏ် သုံးလ"
    စူဇီ မျက်မှောက်ကုတ်သွားသည်။ စီရင်ချက်ကို ကြားရသော်လည်း သူ့နားသူ မယုံဟန်ဖြစ်သည်။ တစ်စုံတစ်ရာ ရှင်းပြလိုက်ဟန်ဖြင့် တရားသူကြီးကို မော့ကြည့်သည်။ သို့သော်လည်း တရားသူကြီးက စာဆက်ရေးနေသောကြောင့် သူ ပြောခွင့်မကြုံ။

    စူဇီ အနားမှာရှိနေသော အမျိုးသမီးရဲတစ်ဦးက စူဇီကို တစ်စုံတစ်ရာ ပြောနေသည်။ စူဇီကတော့ ကြားပုံမရ။ အမျိုးသမီးရဲနှစ်ဦးက သူ့လက်မောင်းကို ဆွဲပြီး အပြင်သို့ခေါ်သည်။ ချောက်ချောက် ချားချားဖြင့် ရုံးခန်းထဲမှာ ကျွန်တော့်ကို လှည့်ရှာနေသည်။ သို့သော်လည်း ဘက်မှားပြီး သူကြည့်နေသည်။ အမျိုးသမီးရဲ၏ ခြေထောက်ကို တက်နင်းမိပြီး လဲမလို ယိုင်သွားသည်။ သူ့ကိုယ်သူ ပြန်ဟန်နိုင်ပြီး နောက်စ်ကြိမ် ပြန်ကြည့်မည်အလုပ်တွင် အပြင်သို့ ဆွဲခေါ်ထုတ်သွားတော့သည်။

    ကျွန်တော် ကြက်သေသေနေမိသည်။ တရားသူကြီးက ကုလားထိုင်မှ ထသည်။ သို့သော်လည်း သူ တရားသူကြီး မဟုတ်တော့ပါ။ သူ့ကိုယ်ပေါ်မှ တရားသူကြီး အဆောင်အယောင်များကို ခွာချလိုက်ပြီးဖြစ်သည်။ ရိုးရိုး ချာလီကောက် ဖြစ်သွားတော့သည်။

    "အင်း..ကျုပ်လည်း သွားဆရာဝန်ဆီ လစ်လိုက်ဦးမှ၊ သွားတွေ သွားခြစ်ပစ်လိုက်ဦးမယ်လေ၊ သွားမခြစ်ရင် ကျုပ်မိန်းမက ကျုပ်နဲ့ အပြင်ကို တွဲမသွားဘူးလို့ ပြောနေတယ်ဗျာ၊ ဆေးလိပ် အသောက် များတာကြောင့် ဖြစ်တာ" ဟု ချာလီကောက်က ပြောသည်။

    "အခု အသစ်ထုတ်တဲ့ ရက်စပေါ့စီးကရက် သောက်စမ်းကြည့်ပါလားခင်ဗျာ၊ ရက်စပေါ့က သွားကို ဆေးချေး မစွဲဘူးလို့ ပြောကြတာပဲ" ဟု ရဲအရာရှိက ပြန်ပြောသည်။
    "ရက်စပေါ့လား၊ တို့တောင် မတို့ရဲပါဘူးမောင်ရာ၊ ဘာဆေးတွေနဲ့ လိပ်ထားမှန်းမှ မသိတာ"
    တံခါးပေါက်မှ အပြင်သို့ သူ ထွက်သွားသည်။ ဟိန်း ရောက်လာသည်။ သူ့လည်ပင်းမှ ချွေးများကို သုတ်နေသည်။ သူ အတော်စိတ်မကောင်း ဖြစ်နေပုံရသည်။
    "ကျွန်တော်တော့ ဘာပြောရမှန်းတောင် မသိတော့ပါဘူးဗျာ၊ တကယ့်ကို ဘာမှမပြောတတ်တော့ဘူး" ဟု သူကပြောသည်။
    "ဒါဟာ ခင်ဗျားအမှား မဟုတ်ပါဘူးဗျာ" ဟု ကျွန်တော်က ပြန်ပြောသည်။

    "တစ်ခုခု အပြောင်းအလဲ ဖြစ်နေတာကို ကျွန်တော် သိခဲ့ဖို့ကောင်းတယ်၊ အပြောင်းအလဲ ဖြစ်နေတာ ကိုသာ ကြိုသိထားခဲ့ရင် ဘာဖြစ်မယ်ဆိုတာ မှန်းနိုင်တာပေါ့"
    "သူတို့ ခေါ်မသွားခင် စူဇီနဲ့ ကျွန်တော် တွေ့လို့ရမလား"
    "မရဘူး၊ တွေ့ခွင့်မရှိဘူး၊ သူ့ရှေ့နေပဲ တွေ့ခွင့်ရှိတယ်၊ ခင်ဗျား မှာချင်တာရှိရင် မှာလိုက်လေ၊ ကျွန်တော် ပြောပြလိုက်မယ်"
    "သူ့ကို အပြင်ခေါ်ထုတ်သွားတဲ့အခါတော့ မြင်ရမယ်ထင်တယ်"
    "အချုပ်ကားကိုပဲ မြင်ရလိမ့်မယ်"

    "ကိစ္စမရှိဘူးလေ၊ ကျွန်တော် စောင့်ကြည့်နေမယ်၊ ကျွန်တော် စောင့်ကြည့်နေကြောင်းသာ သူ့ကို ပြောပြလိုက်ပါ"
    တရားရုံးအဆောက်အအုံ၏ အပြင်ဘက် ခြံဝင်းတံခါးဝမှာ ဂွမ်နီနှင့် ကျွန်တော် စောင့်နေသည်။ နှစ်နာရီ လောက်ကြာအောင် စောင့်နေပြီးမှ အချုပ်ကား ထွက်လာသည်။ လမ်းပေါ်မှာ ရပ်နေသောရဲသားက လက်ပြ လိုက်သဖြင့် အချုပ်ကားက လျင်မြန်စွာ မောင်းထွက်သွားသည်။ ပြူတင်းပေါက်များက အပြာ ရင့်ရောင်မှန်များ တပ်ထားသည်။ အတွင်းသို့ လုံးဝလှမ်းမမြင်နိုင်ပါ။ ဂွမ်နီနှင့် ကျွန်တော်ကမူ စူဇီ မြင်လို့ မြင်ငြား လက်ဝှေ့ယမ်းပြလိုက်ကြသည်။

    မြို့ထဲသို့ ကျွန်တော်တို့ ထွက်ခဲ့ကြပြီး ကမ်းနားလမ်းအတိုင်း လျှောက်လာခဲ့ကြသည်။ သင်္ဘောဆိပ် ရောက်တော့ တစ်ဖက်ကမ်းသို့ ကူးမည့် မော်တော်ကားများ တန်းစီပြီး မော်တော်ယာဉ် တင်သင်္ဘောကို စောင့်နေကြသည်။ အချုပ်ကားက ရှေ့ဆုံးမှဖြစ်သည်။ ကိုလုန်းဘက်မှ မော်တော်ယာဉ် တင်သင်္ဘောလည်း ကမ်းဘက်သို့ ခုတ်မောင်းလာနေပြီ။

    ကမ်းမှာ ကပ်ပြီးသောအခါ ထိုသင်္ဘောပေါ်တွင် ပါလာသည့် မော်တော်ကားများ ကမ်းပေါ်သို့ မောင်းတက် လာသည်။ နောက်ဆုံးကား မောင်းတက်ပြီးသောအခါ အချုပ်ကားက ရှေ့ဆုံးမှမောင်းကာ သင်္ဘော ပေါ်သို့ တက်သွားသည်။ နောက်ကားတွေ တန်းစီလိုက်သွားကြသည်။ ခဏကြာတော့ မော်တော်ယာဉ် တင် သင်္ဘောလည်း ကိုလုန်းဘက်ကမ်းသို့ ခုတ်မောင်းထွက်သွားတော့သည်။

    ဂွမ်နီသည် ကျွန်တော့်လက်မောင်းကို ဆုပ်ကိုင်ထားကြောင်း သတိထားမိသည်။ မြင်ကွင်းမှ သင်္ဘော ပျောက်သွားတော့မှပင် ကျွန်တော်တို့ နှစ်ယောက် တိတ်ဆိတ်စွာဖြင့် ဘုရင်မလမ်းဆီသို့ ဓာတ်ရထား စီးရန် ထွက်လာခဲ့ကြသည်။

အခန်း (၅) မျှော်
.

No comments: