Monday, January 4, 2010

ဒဂုန်ခင်ခင်လေး စာဆိုတော် အခန်း(၁၈)

အခန်း(၁၈)

မြ၀တီမင်းကြီးရေးသားသော ကိန္နရီချောင်းခြားငယ် သီးချင်းခန့်
"အာကာယံတဲ စံမြဲမြန်းလို့ နန်းဖန်ဆောင်လှိုင်း၊ ရွှေတိမ်တောင်၊ စိမ့်ကြီးမြိုင်ကြီး ရိပ်ကြီး သာခေါင်၊ မှိုင်းဝေဆာမှောင်၊ မြအရောင်လို တစ်တောင်လုံး ရွာမည့်ဟန်လို၊ မိုမိုဆင်လာပါ ဆိုင်းထွေထွေ၊ မှိုင်းဝေေ၀ သဲခုံပေါ် ငွေပုလဲလိုကုံး၊ ဆည်းဆာညံညံ ဖန်လာ၊ တောဟေ၀န္တာ၊ တောင်ဂန္ဒာ၊ မာလာဂန္ဓာ၊ နတ်ကယ် ဖန်တော် နန်းငယ်နန္ဒာမူ၊ မဉ္စူရွှေရောင်လှိုင်ရနံ့မွှေး၊ ယူဆောင်လေညင်းသွေး၊ ကျေးလုံးညိုညိုပြာ ပေါင်စိမ်းလဲ့ငွေ ရောင်၊ ဖြန့်ရွှေတောင် ပုလဲကူတနဲထူး၊ မြိုင်ဦးရဂုံမှာ၊ မှောင်မှောင်သာ မိုက်ပါလို့ ပိန်းဝိုက် ကာ ရွာသလေ တိမ်တိမ်ညို ကြောငယ်က၊ ပန်းဖြေလှုံကာ၊ လဲ့လဲ့ငယ်ပြာပြာ၊ တောင်ရိပ်ကယ်သာ၊ မြိုင်ကြီး တေဟေမာ၊ လမ်းဘယ်ညာငယ်လေး၊ မိလ္လာငယ်ရောင်မြန်း၊ ပန်းတော်ဆွတ်သည့်ပန်း၊ ညွန့်ရှင်လူလန်း၊ ပင်နန်းငယ်သပြေ၊ သီးမှည့်ဇမ္ဗုရွှေစီး၊ ရေ၊ မြ အဆင်း၊ သောင်ငွေပုလဲခင်း၊ အို၊ ရင်တွင်း တုန်လှကံ၊ မြင်ဖူးကြုံရပြန်၊ နတ်ကယ်ဘန်၊ မှန်မည်ဖြစ်မြဲ ပေပလေ၊ ဆက်သရာဖူး ရွှေစာရွှေထွင် ဆိုင်းလို့လေး၊ ရေးရုပ်သွင်၊ ပါးတွင် ကွယ်ထင်ရှိလို့၊ မြင်မိယောင်သား၊ ရွေသုံးရံကာတဲ့၊ ရွှေမျက်နှာတော် တာဝန်ငယ်ကို၊ နောင်... ထွန်းပေ,လား။

အထိန်းတော်ကြီး ခင်ဘွားသစ်မှာ တောင်ဥယျာဉ်တော်မှ မောင်မောင်တုတ် မောင်မောင်ငယ်တို့နှင့် တွေ့ဆုံ၍ သီပေါမင်းသား၏ ရွှေလွှာတော်ကို ယူဆောင်လာခဲ့ရ သော်လည်း အလွှာတော်တွင် ပါရှိသော စကားအဓိပ္ပာယ်တို့မှာ အခါတိုင်းကဲ့သို့ မဟုတ်ဘဲ ထူးကဲသော အချက်များ ပါရှိရုံမက ထိုကိစ္စကို စိတ်ချက် ကျေကုန်စွာ အမှုတော်ထမ်းပါမည် ဟု အာမ၀န်တာခံလိုက်သည့်အတွက်ကြောင့် စုဖုရားလတ် အား အချက်မိမိ အကွက်စိစိနှင့် သိလိုသောအဖြေကို ရနိုင်အောင် စိတ်တော်ညွတ်နူး ပျော့ပျောင်း လာစေရန်၊ အတန်တန် သွေးဆောင်ဖြားယောင်းပြီးမှ အလွှာတော်ပါ အဓိပ္ပာယ်အနက်ကို ကွယ်ဝှက် ထိန်ချန်တော် မမူစေလိုသဖြင့် မိမိပါ အသိလုပ်ပြီး ခရီးရောက်အောင် ဆက်သလိုသောကြောင့် စုဖုရား လတ်အား အမျိုးမျိုး ချော့မော့ဖျောင်းဖျမှန်းမသိ ချော့မော့ ဖျောင်းဖျရင်း အပျင်းတော်ပြေ အထက်ပါ ကိန္နရီချောင်းခြားငယ် သီချင်းခန့်ကြီးကို ကိုယ်တိုင် စိတ်ရှည်ရှည်နှင့် သီဆိုလျက် အငြိမ့် အပျိုတော် ကလေး ခင်သက်ကို တီးကွက်မြိုင်မြိုင်နှင့် စောင်းကောက် ပွေ့ကိုင်တီးစေသည်တွင် စုဖုရား လတ် လည်း သီချင်းကြီး နှင့် အတီးကို စိတ်ဝင်စားစွာ နားဆင်တော်မူလျက် ရှိလေ၏။

သီချင်းဆုံးလျှင် ခင်ဘုန်းကို စုဖုရားလတ်က အပါးတော်သို့ ခေါ်တော်မူပြီး
"ကိုင်း ... သစ်သစ်ဆိုတဲ့ သီချင်းကြီးလို စုစု နားဆင်တော်မူလို့ နှစ်သက်မဲ့ သီချင်းကြီး တစ်ပုဒ်ကို ခင်ဘုန်းကဆို ခင်သက်ကတော့ စောင်းကောက်တီးမြဲတီး စုစု အချစ်တော် သစ်သစ်ကြီးကတော့ ယင်းတော်တို့ကတဲ့ ယိုးဒယားက ပုံအတိုင်း ကျကျနန စုစုကို ကပြီး ပြပါ"

မိန့်တော်မူရာ ခင်ဘွားသစ်ကြီးမှာ ဆိုရုံသာ ဆိုတတ်သူဖြစ်၍ က,ရန်မှာမူ အတော်ပင် ၀န်လေးလျက် ရှိသောကြောင့်
သစ်။      ။"စုထားဖုရားရဲ့၊ ကြီးထောင့်ကြီးမားနှင့် သစ်သစ် မကပါရစေနဲ့၊ သီချင်းထပ်ဆိုရ မှာဖြင့် ဆိုပေးပါရစေ"
စု။       ။ "အို ... သစ်သစ်ကလည်း သစ်သစ် က,တာကိုမှ စုစုက ရှုစားတော်မူချင်တာကို"

သစ်။      ။ "ကလေးတွေထဲမှာ ကြီးထောင့်ကြီးမားနဲ့ မဟားတရား မလုပ်ပါရစေနဲပ စုထားဖုရားရဲ့၊ လူမြင်ရင် ရယ်စရာကြီး ဖြစ်နေပါလိမ့်မယ်"
သစ်။       ။"ဒါဖြင့် စုထားဖုရားနှင့် သစ်သစ် နှစ်ယောက်တည်းရှိမှ ကပြပါရစေ၊ ဒီကောင်မလေး တွေကို သီချင်းအဆိုခိုင်းတော်မူဦးမှာဖြင့် ခိုင်းတော်မူပါ၊ သူတို့တစ်တွေဆိုလို့ တီးလို့ ပြီးမှ အားလုံး အပြင်ဘက် ထုတ်ပစ်ပြီး သစ်သစ်ကိုယ်တိုင် အဆိုနဲ့တကွ ယိုးဒယား က,ရော၊ တလိုင်းက,ရော၊ ရှမ်းက,ရော၊ ဟန်အမျိုးမျိုး စုံအောင် က,ပြပါမယ်၊ ဣန္ဒလိဒ္ဒနှင့် ဟနုမာန်တိုက်ခန်းလို ခပ်ကြမ်းကြမ်း ကလေးတစ်မျိုး၊ မောင်ရင် စံတုတ်တို့ လက်ချိုးသလို ယိုးဒယား အနုအယဉ်အက,တစ်မျိုး မရိုးအောင် အမှုတော်ထမ်းပါမည် စုထားဖုရား"
စု။       ။ "ဒါနဲ့နော် သစ်သစ်၊ နောက်တော့မှ မကချင်ပါဘူး၊ ရှက်ပါသလေး၊ ဘာလေးနဲ့ မလုပ်ရဘူး၊ အဟုတ်ကို က, ရမယ်"
သစ်။        ။"မလိမ့်ဝံ့ပါဘူး စုထားဘုရားရဲ့၊ ကဲ ... ကဲ ခင်ဘုန်းတို့ကို သီချင်းဆိုခိုင်းမှာသာ အရင် ခိုင်းတော် မူနှင့်ပါ"
စု။         ။ "ကိုင်း ... ခင်ဘုန်း ဆိုစမ်း"

အပျိုတော် ခင်ဘုန်းမှာ နဂိုကပင် အဆိုဝါသနာပါသူ ဖြစ်သည့်အားလျော်စွာ စုဖုရားလတ် ခိုင်းတော်မူရာ တွင် "ရေငတ်တုန်း ရေတွင်းထဲကျဘိ" အလား အချိန်များများဆိုရ စေခြင်းငှာ မယ်ဘွဲ့ဘောလယ် ပတ်ပျိုးသီချင်းကြီးကို စည်းဝါးကျနစွာ ဆိုလေရာ ခင်သက်ကလည်း လက်ကလေး ခပ်သွက်သွက်နှင့် တီးကွက်ကိုလိုက်၍ နေလေ၏။
လှိုင်မြို့စား အိမ်ရှေ့ထိပ်ထား ရေးတော်မူသော-

        "မယ်ဘွဲ့ဘောလယ်ပတ်ပျိုး"
    ကိုးမျက်ရောင်ဝေ၊
သီဟာဆွေမြင့်မှာလ
မြူရှစ်ဆိုင်ဖွင့်ပါလို့ နောင်နှင့်စံ၊
ဗြဟ္မာသဟံ၊
အောင်သံညွန်းတယ်၊
သွန်း ... တူဆက်ခံ။
    အို ... ရှုမအားနိုင်ဘု တစ်ပါးဟန်၊
သနားတော်ပိုရန်ကော့၊
ဖန်ဖန်ဆင်ကုံး၊
ဆယ်သင်္ချေဆုံးစေတော့၊
ဘုန်းတစ်မေ၊
အောင်ပန်းဘိသေ၊
နေနွယ်နတ်ကယ်၊
မျိုးဥက္ကဠ်ဆွေ။
    သည်လှတစ်ပါးပြင်ဖြင့်၊
ခြားမသွေ၊
နယ်ကုမ္မာလာစေတော့၊
သွေပေါင်ဘယ်နဲ့၊
ကမ္ဘာတိုင်ခွဲပါဘု၊
မြဲနှစ်ကိုယ်၊
နောင်ငဲ့မေတ္တာ၊
ဂင်္ဂါသဲလို၊
ကဲဆထက်ပို။
    ယုံတော်မူစမ်းပါတော့၊
နန်းပင်ကိုယ်၊
မှန်သစ္စာဆိုမယ်ပ၊
 ငြိုမပြယ်ဘူး၊
နောင်မဂ္ဂင်ကူးမယ်လို့၊
ဆူထူးဆင်၊
မရသဉ်မှန်စေတော့၊
နောင်တစ်ဥာဏ်ဆန်းပေါင်၊
နန်းညာငဲ့ပြင်၊
    သည်ဆွေလိုမြဲပါစေ၊
စွဲစိတ်တွင်
မြခြူးကြာညောင် ငသဉ်မြင့်၊
သဇင်စက်အုံး၊
နွဲ့နိုင်ဆုံးငယ်ကဘုန်းနှင့်ရွယ်၊
သစ္စာတော်သွေဖီလို့၊
မတည်ကြည်ဆိုးရန်၊
စိုးပူမူကြွယ်။
    ပန်းစုံသင်းတဲ့၊
ခင်းစက်လယ်၊
နှစ်နားကြည်ဖွယ်နှင့် စပါယ်ချိုခွန်း၊
တကယ်ညွှန်းပါမှ၊
ကျွမ်းသလိုဆွေ၊
ပတ္တမြားဝေဘူငဲ့၊
စံတစ်ဆူထူးကို
မှူးညာမြင့်နေ။
    ဆွယ်ဘက်ရန်ရှားပါငဲ့၊
တစ်ပါးမေ၊
တော်လေးဝင်ညာမဟေသို့၊
နောင်သွေပေါင်ပဲ၊
ယဉ်ဟန်တော်ကဲပါဘိ၊
လှနဲစုံ၊
ဖြူရိပ်ကယ်ကြာ ငသဉ်ညောင်က၊
တောင်ဆောင်တွေခေါင်ညာနေနတ်ကိုလေး၊
အားသတ်လို့ပုံ။

ခင်ဘုန်း သီချင်းဆုံးလျှင် စုဖုရားလတ်က ဆင်တော်မူထားသော လက်ဝတ်တော်တစ်ခုကို ဆုအဖြစ် သနားတော်မူလိုက်ပြီးလျှင်-
"ခင်ဘုန်းဟာ အသံကလေးသာသာနှင့် အဆိုမှာလည်း အင်မတန် လိမ္မာတယ်၊ ခင်ဘုန်း အဆိုကောင်း သလောက် စောင်းကောက်ကို နိုင်နိုင်နင်းနင်း တီးနိုင်တဲ့အတွက် ခင်သက်ကိုလည်း လက်ဝတ်တော် တစ်ခု သနားတော်မူရဦးမယ်"
မိန့်တော်မူပြီး ဆင်တော်မူထားသော လက်ဝတ်တော်တစ်ခုကို ထပ်မံသနားတော်မူပြန်လေ၏။

ခင်ဘုန်းနှင့် ခင်သက်တို့လည်း စုဖုရားလတ်တော်နှင့်ကိုင်၍ ပေးသနားတော်မူသည့် ဆုတော်များကို အားရ၀မ်းသာ ရှိခိုးခံယူကြလေရာ ပထမရှေးဦးစွာ အဆိုတော်ဆက်ရသော အထန်းတော်ကြီး ခင်ဘွားသစ် က အားကျမခံ မျက်နှာထားဖြင့်
"အရှင်ထိပ်စုဖျားက သစ်သစ်တော့ ပစ်ပယ်သလို ချန်ခြွင်းတော် မူထားပြီထင်ပါရဲ့၊ သစ်သစ်ရဲ့ အသံ လည်း ခင်ဘုန်းလို မနွဲ့တာတစ်ခုပါ၊ အရွယ်ကကြီးတာနှင့် ပွဲမမက်တဲ့ အမယ်ကြီးဆိုပြီး ဆုသနားတော်မူ လိုစိတ်များ ရှားပါးတော်မူနေပြီ ထင်ပါရဲ့"

မကြားတကြားပြောလျှင် ထိပ်စုဖုရားလည်း ပြုံးတော်မူလျက် အထိန်းတော်ကြီးဘက်သို့ ရှုစားတော်မူ ကာ-
"သစ်သစ်က စုစု ဘယ်လို ဆုတော်ပေးမယ်ဆိုတာ အစအဆုံး မသိသေးဘဲနှင့် အေးအေး စောင့်နေတာ မဟုတ်ဘူး၊ ခင်ဘုန်းနဲ့ ခင်သက်တို့က အလှည့်ပြီးသွားလို့ ဆုတော်သနားလိုက်တာပါ၊ သစ်သစ်က တကယ့်ခေါင်းဆောင် မင်းသမီးကြီးမို့ ဆိုမို့ ကဖို့တွေက အများကြီး ကျန်သေးတယ်၊ ဒီတော့ အဆိုအက ကိစ္စတွေ ပြီးစီးတော့မှ များများကြီး ဆုတော်ချမှာပေါ့၊ ကဲ ... စောစောက သစ်သစ် ကတိခံထားတဲ့ အတိုင်း ယိုးဒယားအက၊ တလိုင်းအက၊ ရှမ်းအကမှစပြီး ဣန္ဒလိစ္စနှင့် ဟနုမာန် စစ်တိုက်ခန်းအက ကလေးတွေပါ ခပ်ကြမ်းကြမ်း ကပြပေတော့၊ သစ်သစ် ကပြတာကို အပျိုတော်ကလေးတွေ မြင်မှာ စိုးရင် သူတို့ကို အဆောင်တော် အပြင်သို့ နှင်လို့လွှတ်လိုက်ပါမယ်"

မိန့်တော်မူသောအခါ အထိန်းတော်ကြီး ခင်ဘွားသစ်လည်း မိမိ၏ကတိနှင့် အခိုင်အမာ ပိတ်ဆို့ပြီး ဖြစ်ရကား ရှောင်လွှဲတိမ်းပါး စကားတွေ လိမ်မနေ၀ံ့ဘဲ စုဖုရားစိတ်ကောက်တော်မူသွားမည်ကိုလည်း တွေး၍ရွံ့ သဖြင့်-

"သစ်သစ်တော့ ဖြစ်ဖြစ်မြောက်မြောက် က,တတ်သည်မဟုတ်ပါ၊ စုဖျား ရှုစားတော်မူလိုလို့သာ မတတ် တတတ်နှင့် ဖြစ်ကတတ်ဆန်း ကပြရပါတော့မယ်၊ ဒါပေတဲ့ အရွယ်ကကြီးမားတော့ ကလေးကလား လုပ်ရမှာ ရှက်လှပါတယ်၊ စုထားဖုရားရာ်၊ အပျိုတော်ငယ်တွေ ရှေ့မှာဖြင့် က,လို့ မပြပါရစေနှင့်"

လျှောက်ထားသည်နှင့်-
"ကဲ ... ကဲ ... ဒါဖြင့် အပျိုတော်တွေ တစ်ယောက်မှ အတွင်းဆောင်တော်မှာ မနေရအောင် ထုတ်ပစ်လိုက်ပါ မယ်၊ စုစု တစ်ပါးတည်းရှေ့မှာသာ ကပြပါတော့၊ ကိုင်း ... ခင်ဘုန်း၊ ခင်မကြီးတို့တစ်တွေ အားလုံး တစ်ဦး မကျန် အပြင်ဆောင်တော်ထွက်လို့ နေကြပေတော့၊ ဟောဒီ အမေကြီးက ရှက်သည်တဲ့၊ ဟိုအပြင်ဘက် ကလည်း ချောင်းကြည့်မနေကြနှင့်ဦး"

မိန့်တော်မူလိုက်သဖြင့် အပျိုတော်များလည်း တင်ပါဘုရားဆို၍ တစ်ဦးမကျန်အပြင်သို့ ယို့၍ ထွက်သွား ကြရ လေရာ အဆောင်တော်အတွင်းတွင် စုဖုရားနှင့် ခင်ဘွားသစ်တို့သာလျှင် ကျန်ရစ်လေ၏။
အထိန်းတော်ကြီး ခင်ဘွားသစ်လည်း အဆောင်တော်တံခါးရွက်၊ ကျည်းရှင်နှစ်ဖက်ကို ရုတ်တရက် ပိတ်လိုက် ပြီး စုဖုရားအနီးသို့ တိုးကပ်ကာ-
"ကိုင်း ... စုထားဖုရား အမိန့်တော်အတိုင်း အထိန်းတော်ကြီး အကနှင့် အပျင်းတော်ဖြေဆက်ပါမည်၊ နှစ်သက်တော်မူတဲ့ အက,ကို အမိန့်ရှိတော်မူပါဖျ"
စု။       ။ "အီနောင်ဇာတ်ဖြည့် ယိုးဒယားသီချင်းတစ်ပုဒ်ဆိုပြီး ယင်းတော်တို့ က,သလို ယဉ်ယဉ်နုနုကလေး ရှေးဦးစွာ က,စမ်းပ သစ်သစ်ရဲ့
သစ်။         ။ "သြော် ... တကယ့် အခက်ကြီးကစပြီး ကိုင်ရမှာပါကလား၊ အီနောင်ဇာတ်ဖြည့် ယိုးဒယား သီချင်းထဲက ဘာများရပါလိမ့်၊ စဉ်းစားပါရစေဦးဘုရား၊ အဲ ... အဲ ... သတိရပြီ၊

အီနောင်မင်းသားနှင့် ကိန္နရာမင်းသမီး ရေကန်တော်မှာ ရေကစားတော်မူတဲ့အခိုက် ကြာဝတ်မှုံနှင့် ပစ်တဲ့ အခန်းကလေး သတိရပြီ ဘုရာ့"
စု။       ။ "အဲဒီ ... အခန်းကို စုစုလည်း ခပ်မေ့မေ့ ဖြစ်နေတယ်၊ ရေရေလည်လည်ရှိအောင် ဇာတ်ကြောင်း ပြန်ဦးမှပေါ့"
သစ်။         ။"ဒါဖြင့် နားဆင်တော်မူပေရော့ဘုရာ့၊ မံရာမင်းကြီး စိုးစံတော်မူတဲ့ မံရာပြည်ကို ခုနှစ်ပြည်ထောင် စစ်သည်တို့ ၀ိုင်းနေတဲ့အခါ ကူရေပန်ပြည်ကြီးရှင် ကူရေပန်မင်းကြီးက သားတော် ဣန္ဒာဝုဓ  အီနောင် မင်းသားအား မံရာပြည်သို့ စစ်ကူစေလွှတ်တော်မူသည့်အတွက် အီနောင်မင်းသားမှာ ဘထွေးတော် မိထွေးတော်များ စံတော်မူရာဖြစ်တဲ့ မံရာပြည်သို့ စစ်သည်တပ်သားပေါင်း မြောက်မြားစွာ ခြံရံလျက် ရတနာ ပေါက် ပြောင်ဆင်တော်ကို ပတ္တမြားက ကြိုးတင်၍ စီးနင်းထွက်တော်မူပြီး မံရာပြည်ကြီးကို ၀ိုင်းဝန်းထား သည့် ခုနှစ်ပြည်ထောင်သော မင်းများနှင့် စစ်သည် ဗိုလ်ထုများကို ချွံချွံရက်ရက် တိုက်ဖျက်လုပ်ကြံတော်မူ ခြင်းဖြင့် ရန်သူခုနှစ်ပြည်ထောင်မင်းတို့ သေကြေ ပျက်စီးခြင်း သို့ရောက်ပြီး ကြီးစွာသော အောင်ပွဲရတော်မူပါ သည်။ ထိုအခါ ဘထွေးတော်၊ မိထွေးတော်များဖြစ်တဲ့ မံရာပြည်ကြီးရှင်ဘုရားနှင့် မိဖုရားတို့က တူတော် အီနောင်မင်းသားကို အားရကျေးဇူးတင်တော်မူလှသဖြင့် မိထွေးတော် မံရာမိဖုရားကြီးက သမီးတော် နန်းကိန္နရာ မင်းသမီးအား အခေါ်တော်စေလွှတ်ပြီး
"သမီးတော် မိမိငဲ့၊ ကူရေပန်မောင်မောင်သည် ခုနှစ်ပြည်ထောင်မင်းတို့ရံသည့်စစ်ကို သုတ်သင်၍ အောင်မြင် ရပေသည်၊ ကျေးဇူးလည်း အထူးကြီးလှသည်၊ ကူရေပန်မောင်ကြီးကို ရိုသေစွာ ကန်တော့လိုက်ပါဘိ"

မိန့်တော်မူတာနှင့် နန်းကိန္နရီ မင်းသမီးက မောင်တောင် အီနောင်မင်းသားကို ကန်တော့ရာ မင်းသား မင်းသမီး မျက်နှာချင်းဆိုင်မိတဲ့အခါ အီနောင်မင်းသားမှာ နှမတော်ကို စွဲလမ်းချစ်ခင်တော်မူသွားပါရော၊ မံရာ မင်းမိဖုရားတို့ကလည်း ကျေးဇူးများတဲ့ တူတော်တစ်ပါးရယ်လို့ အခွင့်အရေးများစွာ ပေးထားတော်မူလိုတဲ့ စေတနာအတိုင်း-
"တူတော်ပျော် သလို စံတော်မူပါ၊ တိုင်းတော်ပြည်တော်ကို ပြန်လိုတဲ့အခါမှ ပြန်တာပ"

ကျေကျေနပ်နပ်ကြီး မိန့်တော်မူကြပြီး နောက်တစ်နေ့ စစ်အောင်တော်မူခြင်း အထိမ်းအမှတ်အဖြစ်နှင့် ဟံသာဣဏ္ဍလာရေကန်သို့ထွက်၍ ဇေယျာဘိသိက်ခံလျက် ဦးဆေးသင်္ကြန်မင်္ဂလာ ပြုတော်မူကြရန် ဘုရင် နှင့် မိဖုရား၊ သမီးတော် နန်းကိန္နရာ၊ တူတော် အီနောင်မင်းသားတို့ စစ်သည်ဗိုလ်ပါ ခြံရံကာ ထွက်တော်မူလာ ကြပြီး နန်းကိန္နရာမင်းသမီးက အခြေအရံများနှင့် ရေကန်တော်မှာ ရေကစားတော်မူ နေတဲ့အခိုက် အီနောင် မင်းသား ဆိုက်ရောက်တော်မူလာပြီး ရေကန်တော်ထဲ သက်ဆင်း၍ ကြာဖက် တို့အတွင်း ပုန်းကွယ် ချောင်းမြောင်းကာ နန်းကိန္နရာမင်းသီး ရေကစားရာသို့ ကြာဝတ်မှုံ ကြာဝတ်ယက် တို့ကို ဆွတ်ချွေ၍ ပစ်တော် မူတဲ့အခန်းပါ သတိတော်ရပါစေဘုရာ့"

စု။       ။ "ခုလောက်ပြောရင်ဖြင့် သတိမရချင်လို့ နေပေရော့မလား၊ သစ်သစ်ကဲ့ ကိုင်း ... အီနောင်မင်းသား က ကြာဝတ်မှုံနှင့်ပစ်တော့ ဘာဖြစ်ပါသလဲ၊ က,ပါဆိုတာက မကချင်လို့ တမင်စကားရှည်နေတာ ထင်ပါရဲ့"
သစ်။        ။ "ဘာမှတော့ မဖြစ်ပါဘူးဘုရာ့၊ မက,ချင်လို့လည်း မဟုတ်ပါဘူး၊ နန်းကိန္နရီ ဘာမှမသိရှာဘဲ ရေကစား ရင်း ပန်းဝတ်မှုံတွေကျင်းပြီး သီချင်းသီဟန် ကဟန်တို့ကို ဇာတ်တော်ကြီးဟန် အက,အတိုင်း က,ပြချင်တဲ့အတွက် ပလ္လင် ခံနေတာပါ၊ စုထားဖုရားက သတိမရဘူး မိန့်တော်မူတာနှင့် အစအဆုံး သိတော်မူပါစေတော့လို့ အရင်းကလှန်ပြီး အီနောင်တစ်ဇာတ်လုံး အံနေရတာပါ၊ ကိုင်း ... ဘုရား၊ ကြာပါတယ်၊ ဆိုတော့, ကတော့မယ်ဘုရာ့ ရွှေလိပ်ပြာ မခုန် အောင် ရွှေရင်အုံကို လက်စုံနှင့်ဖိပြီး သတိနှင့် သာ ရှုစားတော်မူပါရော့"

ဆိုကာ အီနောင်ဇာတ်လာ 'မံရာခန်း'မှ နန်းကိန္နရာ မင်းသမီး ရေကန်တော်ထဲတွင် ရေကစားရင်း ကြာဝတ်မှုံများ ကောက်ခြွေပျော်မြူးဟန် အက,မျိုးနှင့် ဇာတ်ကွက်တွင် သီဆိုရသော အီနောင်ဇာတ်ဖြည့် ယိုးဒယား သီချင်း တစ်ပုဒ်ကို အောက်ပါအတိုင်း
(အို ... မြင်လှည့်စမ်း၊ သည်ပန်းရွှေလျှံ၊ သည်ရေသာရန်၊ ဘယ် ... ဘုန်းစီမံ၊ ကျံကျံလဲ့ဝင်း၊ ပျံ့သင်းလှိုင်ညီ၊ ကန်မင်းမန္ဒာကီ။ အို ... တွေးတတ်ပြီး၊ ကေသီကြော့ဖျား၊ နန်း-မှန်မြင့်ဖွား၊ သည်ကိုပါးငယ်၊ နတ်ကယ်ဖန်၊ ဥာဏ်ရော်လို့၊ ခုမျှော်လား၊ မိုးနတ်ကလွန်၊ ပူညွတ်ရုံထင့်၊ မှုံရွှေဝတ်ကယ်မှာ ကျွေလွတ်လဲ့သား ...)

လေးလေးတွဲ့တွဲ့ ဇာတ်တော်ကြီးထဲက မင်းသမီးအတိုင်း သီဆိုရင်း ကိုယ်ကလေးယိမ်းနွဲ့ကာ ယိုးဒယားဟန်အကဖြင့် ရေချိုးဟန် ပန်းဝတ်မှုံကောက်ယူ ဖြန့်ကျဲဟန်မျိုးနှင့် က,လေလျှင် ထိပ်စုဖျားရား ကလည်း အထိန်းတော်ကြီး မက,တတ် က,တတ်နှင့် က,ပြသည်ကို နှစ်သက်သဘောကျ ဟန်နှင့် အသံထွက်အောင်ပင် ပြုံးရယ်ရှုစားတော်မူလျက် ရှိလေ၏။
အထိန်းတော်ကြီး ကလည်း ဆိုရင်း က,ရင်းနှင့်ပင် အဆိုအကတွင် စိတ်ဝင်စား ပျော်ရွှင်လာဘိအလား စကားလုံး တွေ များလာပြီး-

"ကိုင်း ... တစ်မျိုးပြီးသွားပါပြီ စုထားဖုရားရဲ့၊ နန်းကိန္နရာ မင်းသမီးစံရာ အဆောင်နန်းသို့ အီနောင်မင်းသား စွန့်စား ၀င်တော်မူတဲ့အခန်းကလေးကို ရှုစားတော်မူပါဦး၊ ဒီလိုကိုးဖျ အီနောင်မင်းသား ခမည်းတော် ကူရေပန်မင်းကြီးက ညီတော် ဒါဟာမင်း၏ သမီးတော်ပွတ်စပါးနှင့် မောင်နှမချင်း ၀မ်းတွင်းကတိ ထားတော်မူကြပြီးကိစ္စကို အခြားသော ဆွေတော် မျိုးတော် ထီးဆောင်နန်းနေ အပေါင်းတို့က သိကြပြီး ဖြစ်တဲ့အတိုင်း နန်းကိန္နရာ မင်းသမီးက မောင်တော် အီနောင် မင်းသား တိမ်ညွှတ်တော်မူတာ သိတော်လည်း လက်မခံဝံ့သဖြင့် ကွေ့ရှောင်တိမ်းဖယ်တော်မူလျက် နေသည်ကို အီနောင်မင်းသားက မရမက ကြိုးပမ်းတော်မူသော်လည်း ရုတ်တရက် နီးတော်မမူရဘဲ နန်းကိန္နရာ မင်းသမီး၏ အထိန်းတော်၊ အပျိုတော်များ လော်လည်မှုဖြင့် နန်းကိန္နရာမင်းသမီး လက်နှင့်ယာသည့် ကွမ်းယာတော် ပန်းလွှာညဥ့် ရုံတော်များကို ရရှိတော်မူထားရုံမျှနှင့် ကျေနပ်တော်မမူနိုင်သဖြင့် မံရာပြည်ကို နောက်တစ်ကြိမ် အရောက် သွားပြီး နန်းကိန္နရာ မင်းသမီး အဆောင်တော်ထဲသို့ သန်လျက်ကြီးဆွဲပြီး တစ်ခါတည်း ဟောသလို ၀င်တော်မူလာပါလေ ရောဘုရား"

ဆိုကာ လက်တစ်ဖက် သန်လျက်ကိုင်ဟန်၊ လက်တစ်ဖက်က ပုဆိုးစ မ,ဟန်ပြုလျက် ယိုးဒယား တေးသွား အလိုက်ကို ပါးစပ်ဆိုင်းချက်တီး၍ အဆောင်တော်ထဲ ၀င်လာဟန်ပြုလေ၏။ ထိုနောက် ကိုယ်ရှိန်သတ်ကာ-

"နေပါဦးဖျ ... ပြုံးတော်မူမနေပါနှင့်၊ အစအဆုံး အီနောင်ဇာတ်လုံးခင်းပြီး အပျင်းတော်ဖြေပါ့မယ်၊ အဲဒီလို အီနောင် မင်းသားက ညိုသော ၀တ်လဲတော်ပုဆိုးဆင်ပြီး သန်လျက်ကြီးဆွဲလို့ အဆောင်တော်ထဲ ၀င်လာတော့ နန်းကိန္နရာ မင်းသမီး အဆောင်တော်မှာရှိတဲ့ အပျိုတော်တွေမှာ အံ့အားသင့်ပြီး အထိတ် အလန့်ကြီး ကြည့်နေရာက မင်းမြသားဆိုတဲ့ အပျိုတော်က ဒီလိုပြောသကိုး ဘုရား"
ဆိုကာ အပျိုတော်ဟန်မျိုး အတုခိုးလျက် ထိတ်ထိတ်ပျာပျာ ရှိဟန်နှင့် ရင်ကို လက်နှင့် ဖိပြီး သံနေ သံထားနှင့်

"အဲလို ... ဘယ့်နှယ်လဲ၊ အို ... ရဲလေခြင်း၊ ရွှေသည်းလှိုက်ခုန်၊ ရင်မှာပဲတုန်လှချည့် ကြုံလေရခြင်းမမရို့"
ဆိုတော့ မင်းမြညှာဆိုတဲ့ အပျိုတော်ကလေးက အသံညောင်နာနာနှင့် တုန်လှုပ်ဟန် ပြုကာ။
"ဟုတ်ကဲ့လေ ... မမ ဘယ်ဆီကပါလိမ့်၊ ကြောက်လှချည့်၊ အလို ... အော်လိုချည့် ငိုရော့မယ်ဆိုရင်လည်း ဆိုလိုက်ပါ မမငဲ့"
ဆိုတော့ "မင်းမာယာဆိုတဲ့ အပျိုတော်တစ်ယောက်ကလည်း ၀င်တဲ့ပြီး နှုတ်သီးစွာစွာနှင့် ဒီလိုပြောပြန် တာကိုးဘုရာ့"
"အို ... မိမိရို့၊ အသက်ပင်ဖိုခဲ့ပြီ၊ ကြောက်ဖို့သည်မှာ ဖြစ်ပြန်လာလေခြင်း၊ ရာဇ၀တ်ကို ပေါက်လွှတ်ကျင့်သူ၊ ဘယ့်နှယ် လူပါလိမ့်၊ တမူတရာ၊ သူ့လက်မှာလည်း ဖြာဖြာရောင်လက်၊ စိန်သန်လျက်နှင့် ခက်ပါပြီလား မအေရို့"
ဆိုတော့ မင်းအံစာဆိုတဲ့ ခပ်သွက်သွက် အပျိုတော်ကလေးက နှုတ်ခမ်းပါကလေးနှင့် ၀င်တဲ့ပြီး-
"အို ... မြင်ပါပြီ၊ မမလှလေခြင်း၊ အလို ... ၀တ်လဲတော်ညိုညိုနှင့် ဟို ... ကိုယ်တော်ပါကလား၊ လူများကြားရော့မယ်၊ သနားလှချည့်ငဲ့ မမရို့"
ဝင်တဲ့ပြီးပြောမှ အပျိုတော်တွေက ငြိမ်သွားပြီး၊ မင်းမာလာဆိုတဲ့ အပျိုတော်နဲပ ရေစမ္ပာယ် ကတော်ဆိုတဲ့ အထိန်းတော် ကြီးက သစ်သစ်တို့လိုပေါ့လေ၊ ထဘီနားဒယဥ့်တိုက်နှင့် ထတဲ့လာပြီး-
"အလို ... တိတ်ပါစေ မိမိတို့။ ကူရေပန်မင်းသားပါ။ သူရောက်လာလို့ရှိသည်ကို အထူးကြံစရာ မလိုပါဘူး၊ ဖြစ်လိုရာ ဖြစ်ပါစေရော့။ တိတ်တိတ်သာ နောက်ဆုတ်၍ နေကြပါစို့"
"ပြောပြီး ဟောဒီလို ဟောဒီလို အသာကလေး ဒူးထောက်ပြီး နောက်ဆုတ်နောက်ဆုတ်နှင့် ရှောင်သွား ကြပါရော စုဖုရား ဘုရားရဲ့"

ပြောကာ လူပါ ဒူးထောက်၍ နောက်ဆုတ်နောက်ဆုတ်သွားလျက် အဆောင်တော်နံရံအနီးရောက်မှ မတ်တတ်ပြန်ထ လိုက်လေ၏။ စုဖုရားလည်း ပြုံးအားသန်တော်မူ၍ နေရာမှ-
"ဟင် ... ဒါဖြင့် နန်းကိန္နရာ မင်းသမီးအပါးမှာ ခစားထမ်းရွက်နေကြတဲ့ အထိန်းတော်၊ အပျိုတော်တွေဟာ တယ်ယုံကြည် စိတ်ချရပါကလား။ ကိုယ့်လူ သူ့ဘက်သားတွေပေါ့လေ။ တကယ်ဆိုလျှင် သခင့်အကျိုးလိုလားပြီး အနီးအပါးမှာ တိုးကပ် ခစားနေသင့်လျက်ပါကို ရန်သူ အားပေးလုပ်သလို နောက်ဆုတ် ရှောင်တိမ်းသွားကြတာ တော်ရော့လား"
မိန့်တော်မူလျှင် အထိန်းတော်ကြီးသည် အတော်လန့်သွားမိလေ၏။ သို့နှင့် ဟန်မပျက် ဣနြေ္ဒဆယ်ကာ-

"ဒီလိုပါ စုထားဖုရားရယ်၊ သင်းတို့ အထိန်းတော်တွေ ရှောင်ဖယ်သွားကြတယ်ဆိုတာလည်း တကယ် နက်နက်နဲနဲ တွေးမည်ဆိုလျှင် အရှင်သခင်ရဲ့ကောင်းကျိုးကို လိုလားအားကြီးရှာကြလွန်းလို့ပါ။ သူတို့သာ မလော်လယ် အလိုက်မသိ ဘူးဆိုလျှင် အခက်သားပါဗျ။ ခမည်းတော် မယ်တော်များ အလိုအတိုင်းကလည်း အီနောင်မင်းသားမှာ ပွတ်စပါးမင်းသမီး နှင့် လူကြီးချင်း ကတိထားပြီးကြောင်းအသိမို့ သဘောတူ မည်မဟုတ်။ နန်းကိန္နရာမင်းသမီးကလည်း မောင်တော်ကို ချစ်ခင်တော်မူရဲမည် မဟုတ်တဲ့ အတွက် အီနောင်မင်းသားမှာ အကြံတော်မမြောက်ဘဲ နှလုံးအသည်းမှာ မေတ္တာလောင်မီး စွဲနေရုံရှိပြီး နန်းကိန္နရာမင်းသမီးမှာလည်း တစ်သက်မှာ ရနိုင်ခဲလှတဲ့ လူမတူနတ်တမျှ ဘုန်းလက်ရုံးနှင့် ပြည့်စုံတဲ့ ဘုရင် လောင်း မင်းသားလှလှကလေးတစ်ပါးနှင့် အလွဲကြီးလွဲသွားမှာပါဘုရား။ ယခုတော့ သူ့အထိန်းတော်၊ အပျိုတော်တွေ အကျိုးဆောင်လို့ ခေါင်ခေါင်ဖျားဖျား၊ လူမတူ နတ်တမျှ လှပပြီး ဘုန်းကျက်သရေ ရွှန်းရွှန်း ဝေတဲ့ မင်းသားတစ်ပါးနှင့် ပျော်ရွှင်စွာ စုလျားပတ်ပြီး လက်ထပ်တော်မူရသည် မဟုတ်ပါလား၊ ဟို အပျိုတော် များမှာတော့ 'မိုးကောင်းလည်း တစ်စလောင်း၊ မိုးမကောင်းလည်း တစ်စလောင်း၊ မိုးမကောင်း လည်း တစ်စလောင်း' 'ကောင်းတော့ ထန်းပင်မြစ်၊ ညောင်းတော့ ထန်းစေ့မှုတ်က' ဆိုသလိုပါဘုရား"

"အင်း ... လေတွေများပြီး စကားတန်ရှည်နေပြန်ပြီ၊ သူ့ကို ဟို ... ဇာတ်ထဲက အပျိုတော်တွေက ရှေ့နေတော် အလိုက် ငှားထားတဲ့အတိုင်း ကိုင်း ... ကိုင်း ... ခုနင်က ဇာတ်ကွက်ကို ရှေ့ဆက်လို့ ပြောစမ်းပါဦး"

"ဟဲ ... ဟဲ ... စုထားဖုရားက၊ ဟို ... တစ်ဖက်သားတွေကို အကျိုးလိုလို့ ညောင်ရေလောင်းနေကြတာ၊ အသိသားနှင့် အလကား အပြစ်တော်တင်နေတာကိုးဖျ။ ကဲ ... ကဲ ... ဘယ်ရောက်သွားပလဲ၊ သြော် ... သတိရပြီး အဲ ... ဒီလို အပျိုတော်၊ အထိန်းတော်တွေ အဆောင်တော်ထဲက ရွဲ့ပြီးထွက်သွားတော့ အီနောင်မင်းသားကလည်း သန်လျက်တော် ကို ဆွဲပြီး ရဲရဲရင့်ရင့်နှင့် မင်းသမီး စံတော်မူတဲ့ သလွန်တော် ရှိရာသို့ ဟောဒီလိုသွားပြီး ဟောဒီလို နန်းကိန္နရာ မင်းသမီး အပါးမှ ၀င်ပြီးထိုင်တော်မူပါရော"

ပြောကာ စုဖုရားအပါးတွင် အီနောင်မင်းသားဟန်နှင့် ၀င်၍ ထိုင်လေ၏။ စုဖုရားလည်း ပြုံးမြဲတိုင်းပြုံး၍ ရှုစားတော်မူလေ ၏။ ထို့နောက် အထိန်းတော်ကြီးက ဆက်လက်ခါ၊
"အဲဒီလို အီနောင်မင်းသားက ရဲရဲရင့်ရင့် အပါးတော်ထိုင်လိုက်တဲ့အခါ နန်းကိန္နရာ မင်းသမီးကလေးမှာ ထိတ်လန့် ကြောက်ရှက်တော်မူရှာတာနှင့် သလွန်တော်ပေါ်က အသာ ဟောဒီလိုကလေး ဆင်းပြီး မျက်နှာ အောက်ချ နှင့် ဟောဒီလို ကလေး စံနေလိုက်တာ ကိုးဘုရာ့"

ဆိုကာ နန်းကိန္နရာ မင်းသမီးလေး အမူအရာနှင့် ကြမ်းပေါ်မှာ ကျုံ့ကျုံ့ကလေး ခေါင်းငုံထိုင်ပြလေ၏။ ထို့နောက် ထလာကာ မင်းသားဟန် ပြောင်းလိုက်ပြီး သလွန်တော် စောင်းမှ ခြေတွဲလောင်းချထိုင်ရင်း အီနောင်မင်းသားက နန်းကိန္နရာမင်းသမီးကို စိမ်းစိမ်း စားစား ကြည့်ဟန်ဖြင့် ကြည့်ပြီး အီနောင် မောင်စံတုတ်၏ လေသိမ်းလေယူအတိုင်း လက်ဟန်ကိုယ်ဟန်များကို နွဲ့ကာနွဲ့ကာနှင့်-
"တစ်ပင့်ရိပ်ကြာ၊ နန်းမံရာမှာ၊ ရွှေကြာလုံး ပတ္တမြား လှများဖျားငဲ့၊ သနားမိရက်၊ ပျော်ရေးမှ စက်နိုင်ဘု၊ သက်ကယ်မညှာ ခုရောက်ပါ၊ ယာယီနဂိုရ် ဖြစ်ဘိတယ်၊ မထိုက်တယ်မတန်လို့၊ မုန်းမာန်နှင့် လွှဲတော်မူ လေသလား၊ ထောက်ထားရေးယူ၊ မောင်ကြီးပူရော့မာ်၊ အတူစံ နေတော်မူပါလှည့် မိမိငဲ့"

အငို အဟဲ မူမကွဲစေရအောင် ဇာတ်ချင်းကို ဆိုလိုက်ပြီး တစ်ဖန် မင်းသမီး အမူအရာနှင့် ကြိုးပြောင်းလိုက်ပြန်ကာ-
"အဲဒီလို အီနောင်မင်းသားက စကားနှုတ်ခွန်း ကြူတော်မူတဲ့အခါ နန်းကိန္နရာမင်းသမီးက ရှက်ကြောက်အားကြီးနှင့် ဖွဲ့နွဲ့ 'ညည်းညူတော်မူပြန်တာကိုး စုထားဖုရားရဲ့'
ဆိုကာ ယင်းတော်မလေး၏ ဟန်ပန်မူရာ၊ အပြောအဆိုမျိုးအတိုင်း လက်ဟန် ကိုယ်ဟန်နွဲ့လျက်-

"ရတနာတစ်ပင်၊ ဖြူရွက်ရှင်နှင့်၊ ဥကင်န၀ရတ်၊ စိုးစောင့်တတ်သည့် နတ်ကယ်မြင်လွှဲ့၊ အို ... ခက်ခဲ့ပြီ၊ မယ့်စံသလွန်၊ ကိုးမျက်ပြွန်မှာ ရောင်ဝှန်တင့်ရွှန်း၊ နေနတ်ကယ်ထွန်းသည့်နှယ် ဘယ်ကျွန်းခွန်ချင်၊ စိုးသည့်ရှင်ပါလိမ့်၊ သက်ခင်လှိုက်ခွန်၊ အလိုကြုံလေခြင်း၊ ရွှေဘုံသာကျယ်၊ မြနန်းလယ်ကို အလယ်ချင်း ဖောက်၊ ဘယ့်နှယ်နှင့် ရောက်လေသည့်၊ ရှက်ကြောက် ပူရန်၊ အတန်တန်မှာ ဖန်နိုင် အောင်လေ၊ လူလုပ်လို့နေပြီဟု သေသာ သေချင်ပါရော့တယ်"

ဆိုကာ ငိုမလို မမဲ့တမဲ့နှင့် ဇာတ်တော်ကြီးထဲက နန်းကိန္နရာ မင်းသမီးလုပ်သူ၏ အမူအရာအတိုင်း လုပ်ပြရာ ထိပ်စုဖျားလည်း အားရနှစ်သက်စွာ ပြုံးရယ်ရှုစား ရွှေနား ဆင်လျက် ရှိလေ၏။ အထိန်းတော်ကြီးလည်း စုဖျားနှစ်သက် စိတ်ပါလာ တော်မူသည်ကို ရိပ်မိသည်တွင် မိမိလိုအင်ရှိရာသို့ ဆွဲယူရန် မခဲယဉ်းတော့ဟု တွေးတောစဉ်းစားမိသည့် အားလျော်စွာ-
"အဲဒီလို မင်းသမီး ကြောက်ရှက်ထိတ်လန့် စိတ်မသန့်ဟန်နှင့် ဖွဲ့နွဲ့ညည်းညူ တော်မူလိုက်တဲ့အခါ အဆောင်တော်သို့ ကျူးကျော်ပေါက်ရောက်အောငေ် ချစ်အားကြီး တော်မူ၍ သွေးဆောင်ထွက်တော်မူရတဲ့ အီနောင်မင်းသားမှာ နှမတော် နန်းကိန္နရာ မင်းသမီးကို စကားဖွဲ့ချိုမိန့်ဆိုတုံ့ပြန်လိုလှပါလျက် အကွက်မဆိုက်နိုင်သေးသည့်အတွက် နောက်တစ်ကြိမ် ဆက်ပြီး ဆိုပြန်သည်မှာ နားဆင်တော်မူပါ စုထားဖုရားရဲ့၊ ဒီအလှည့် ကလေးမှာ မောင်ရင်စံတုတ်တို့ နွဲ့ပုံမူပုံများ၊ ခေါင်းပေါ်က ဆောင်းထားတဲ့ သရဖူအထွတ် ကလေးဟာ ချိုင်းအောက်များတောင် ရောက်လာပါရောတဲ့၊ သစ်သစ်တို့ မိန်းမသားတွေ တောင် မောင်ရင်စံတုတ်လောက် မပျော့ပျောင်းတာ အမှန်ပါပဲ၊ ကဲ ... မတူသော်လည်း နည်းနည်း ဆင်ဆင်ပေါ့လေ၊ စုဖုရားဘုရား အပျင်းတော်ပြေရုံ၊ အပျော်တော် ဆက်ရတာ ကလား၊ အဲ ... အဲ ... ဒါနှင့် အီနောင် မင်းသားက ..."

"သြော် ... ကြုံရကံ၊ ကြံရာခက်ခဲ့၊ ကိုယ်လုံးနွဲ့ပါပြီ၊ လုပ်လဲ့နတ်တူ၊ နန်းကြော့သူငဲ့၊ ဆယ်ဆူနေလျှံ၊ ဆမတန်၊ ရေကန် သာဆန်း၊ မြကွန်နန်းမှာ၊ ကြော့လန်းဝတ်မှုံကို မြင်ရုံသာ အဝေးက၊ အတွေးနှင့်ပူရသည်၊ သူကဖြင့် သိတော်မူပေဘူး၊ ထူးလို့တာ၊ ပူပြန်ရအောင်၊ ဘခမည်းတော်၊ ခေါ်တော်မူရာ မနေသာသနှင့် မယ့်မှာကိုယ်စား စုထားအသက်၊ ဆက်တဲ့ ညဥ့်ခြုံ၊ နိတုံခြယ်သန်း၊ နန်းသူ့တဘက်၊ မယ့်လက်သိင်္ဂါ၊ ရာတော်တဆန်း ကွမ်းနှင့်မြ ကြုတ်၊ လဲ့လုပ်ညံ့စိ၊ မိကမောင့်ထံ ပြန်လို့နှင်းသ၊ ဟုတ်လသခင်၊ သေချင်ရော့နော်၊ စက်လို့ငယ်ပျော်သလို မေ့တော်မူလေရာ့သလား"
"မိန့်တော်မူတာပ၊ အဓိပ္ပာယ် ခပ်ရှင်းရှင်းနှင့် အတိအလင်း ဖွင့်ရမယ်ဆိုလျှင် ဟို ... ယခင်တုန်းက နှမတော် နန်းကိန္နရာ မင်းသမီးကို ချစ်မြတ်နိုးတော်မူလှသဖြင့် အလွှာတော်နှင့် ညဥ့်ခြုံတော်များကို လူပျိုတော်သားတွေ စေလွှတ်ပို့သစေပြီး မင်းသမီး ထံက ကိုယ်တော်တိုင် ယာသည့် ကွမ်းယာတော်နှင့် ခြုံတော်မူသည့် ညဥ့်ခြုံတော်များ လဲလှယ်တုံ့ပြန် တောင်း တော်မူသောအခါ နန်းကိန္နရာမင်းသမီးမှာ ရှက်ရွံ့တော်မူခြင်းဖြင့် အရေးမယူသလို နေတဲ့အတွက် မင်းသမီးရဲ့ အထိန်းတော်၊ အပျိုတော်တွေက လော်လည်ကြံဖန်ပြီး မင်းသား အလိုတော်ပြည့်ဝအောင် နန်းကိန္နရာမင်းသမီး ခြုံတော်မူတဲ့ ညဥ့်ခြုံတော်နှင့် မြကွမ်းကြုတ်တော်များ တုံ့ပြန်လို့ ဆက်သလိုတဲ့အတွက် အီနောင မင်းသားက နန်းကိန္နရာမင်းသမီး ကို အရင်တုန်းကတော့ ညဥ့်ခြုံတော်နှင့် ကွမ်းယာတော် မြကြုတ်များ ဆက်သဖူးပါလျက် အိပ်စက်ပျော်သူအလား မေ့နိုင် မူအားပါပေ့လို့ အထေ့နှင့် မိန့်တော်မူလိုက်တဲ့အတွက် နန်းကိန္နရာ မင်းသမီးမှာ ရုတ်တရက် အံ့အားသင့်တော်မူ သွားပြန် တာကိုး စုထားဖုရားရဲ့"
"တယ်ပြီး လော်လော်မာမာရှိတဲ့ အထိန်းတော် အပျိုတော်တွေပဲ၊ မင်းသမီးကလေး သူ့ဘာသာသူ နေရှာတာ အကောင်း သားနှင့် အလကားပဲ သူတို့ ပွေပွေလီလီလုပ်ပြီး ၀င်ရှုပ်ချင်ကြတယ်"
"သြော် စောစောက တင်ပါပြီကော စုထားဖုရားရဲ့၊ ကိုယ့်အရှင်သခင် ကောင်းသည်ထက် ကောင်းတာ မြင်ချင်ရှာလွန်းလို့ အကျိုးတော်ဆောင်ရှာကြရတာပါ ဘုရား၊ အစအဆုံး နားဆင်တော်မူပါဦး၊ အဲဒါနှင့် နန်းကိန္နရာ မင်းသမီးက ဟော ... ဒီလို ရွှေရင်တော် ကလေးမပြီး"

"အို ... ကြုံရချက်၊ ခက်ခဲပြီ၊ အသက်လိပ်ပြာ၊ ကိုယ်ကကွာအောင်၊ သိင်္ဂါစံမှုံ၊ ရွှေညဥ့်ခြုံနှင့်၊ နိတုံရတနာ၊ မြလွှာတဘက်၊ ကွမ်းယာဆက်သည်လို့၊ အမြွက်ထပ်မို၊ မိန့်ခွန်းတော်ချိုရာမှ အို ... သိပါဘူး၊ ရွှေမျက်နှာ မှောင်ကူးလို့ စူးစူးရွယ်ကာ နန်းဒါဟာ၊ ဒီမှာထင်တော်မူ ရော့သလားလို့ ပြန်ပြီး တင်လျှောက်တာ ကိုးဘုရာ့"
ညဥ့်ခြုံ ကွမ်းယာဆက်သည်ဟု စွပ်စွဲပေတဲ့ သူမသိပါဘူး၊ ယခုရောက်နေတာ မံရာပြည်ပါ၊ အီနောင် မင်းသားနှင့် ၀မ်းတွင်း ကတိထားတော်မူထားတဲ့ ပွတ်စပါးမင်းသမီးစံရာ၊ ဒါဟာ ပြည်နယ်လို့ အထင်တော်ရှိပြီး ပြောမိပြောရာ လွဲမှားတော်မူနေပါ ပြီလို့၊ ပြန်ပြီးပြောတော်မူလိုက်တဲ့အတွက် အီနောင် မင်းသားမျာ ဒါဟာ သူ့ပွတ်စပါးကြောင့် နန်းကိန္နရာမင်းသမီး ချစ်အား တော် နှောင့်နှေးသည်ကို ကြည်သာတော် မူရန် နောက် ထပ်မံပြီးတော့-

"ကိုယ်နှင့်သက်ကို ဆက်လိမ့်ရွယ်ရန်၊ နန်းကြော့စံငဲ့၊ ဖန်ဖန်စေ့ရာ၊ လျှောက်သည်မှာ မသာမယ့်နား၊ ရှိခဲ့ငြားလည်း အမှား ယူတော်မူပါနှင့်၊ လဲ့လဲ့ပြာပြာ၊ ရွှေမျက်နှာမှာ၊ တိမ်လွှာချပ်ရုံ၊ လနန်းကို အုံသည့်နှယ်၊ မှုံမှုံပြေပြေ၊ ပူရသူသေအောင်၊ သွေးလို့ဆိုတော်မူပါနှင့်၊ မယ့်ကိုသက်ပုံ၊ မောင့်မှာကုန်တော့၊ ယုန်လသခင်၊ မိမိပြင်၊ နတ်ပင်ဖြစ်ကတဲ့ မချစ်သည့်တွက် မောင်ကြီးရှက်လိမ့်၊ အိပ်မက်မျှ မမြင်လိုပါဘူး၊ ကူးလိုထွေထွေ၊ မုန်းမာန်တော်ဝေပါနှင့်၊ ဖြစ်လေသမျှ ကြောင်းစစကို အို... မမငယ်၊ ကြုံရတယ်၊ တာတွယ်လို့ ထောက်တော်မူပါလား၊ မိမိငယ်လို့၊ ကိုယ်ကလေး နွဲ့နွဲ့ပြီး တကယ့်ကို သနားတော် မူလောက်အောင် မိန့်တော်မူတာကိုးဘုရား"

တစ်ယောက်တည်း ဇာတ်ခင်းဘိအလား မင်းသားလိုတစ်မျိုး၊ မင်းသမီးလိုတစ်ဖုံ၊ တစ်လှည့်စီ ကြိုးမျိုးစုံ ကလျက်ရှိရာ အားရနှစ်သက်စွာ ရှုစားနေသော စုဖုရားလည်း နားများငြီးငွေ့တော်မူလာသည်နှင့်-
"အို ... သစ်သစ်ရယ်၊ အီနောင်ဇာတ်ကြီးကို နှုတ်တတ်အာဂုံ၊ တစ်နေ့တည်းစုံအောင် ခင်းလို့ ပြီးနိုင်ပါ့မလား၊ ဇာတ်တော် ကြီးများတောင်မှ အတွင်းတော်မျာ လေးဆယ့်ငါးရက် ဆက်လက်က,ပြမှ ဆုံးတာပဲ၊ သစ်သစ် လည်း မမောသေးဘူးလား"
မိန့်တော်မူလျှင်-

"ဟင် ... စုထားဖုရားကပဲ က,ရမယ်၊ ဆိုရမယ်နှင့် ခိုင်းတော်မူထားပြီး ယခုမှတော့ ကောင်းခန့်ရောက်ကာနီးမှ ဖြတ်လို့မထားပါရစေနှင့်တော့၊ တယ်ကြီးလည်း မကျန်တောပါ ဘူး၊ မင်းသမီးနှင့် မင်းသား၊ အချစ်တော်စုလျားဆင်ပြီး သလွန်တော်တွင် ပျော်ရွှင်စွာ စက်တော်ခေးသည်အထိ လုံးစေ့ပတ်စေ့ကလေး ရွှေနားတော်သွင်းပါစေဦးဘုရား"
တောင်းတောင်း ပန်ပန် အမိန့်တော်ခံနေပြန်သည်နှင့်-

"ကိုင်း ... ကိုင်း ... အလိုရှိရာ ဆက်ပြီး ဇာတ်ထွက်နေပါဘိ၊ အစဖြင့် ရှက်လှသလေး ကြောက်လှသလေးနှင့်၊ အရေးသယ်လိုက်တာ က,မဲ့ကတော့လည်း တော်ပါတော့ဆိုတာ တောင် အဆစ်တွေထည့်လို့ မပြီးနိုင်ပါလား၊ ကဲ ... သစ်သစ်ရယ် မြန်မြန်လွယ်အောင် ဇာတ်သွားကို ဆက်ပါလေတော့"
မိန့်တော်မူရာ အထိန်းတော်ကြီးလည်း လိုရာခရီးသို့ နီးသည်ထက်နီးစေလိုသဖြင့်-
"ဒီလိုပါ စုဖုရားရဲ့၊ ခုနင်ကလို အီနောင်မင်းသားက မိန့်စကားဆိုလိုက်တော့ နန်းကိန္နရာ မင်းသမီးက ပြန်ပြီး လျှောက်ရသည့်စကား......"
"မဆင်ဝံ့ရက်၊ အလိုခက်ပါပြီ၊ သက်ကယ်ရတနာ၊ နန်းဒါဟာ ကြားပါမည်ဘုရား။ မြတ်မိန့်တော်ထားရာမှာ တောင်လျားမြောက်နွဲ့၊ လေညင်းသွဲ့သည့်နှယ်၊ ချစ်ဖွဲ့စတေ၊ မာယာတော် ပွေလွန်းလို့၊ တသေတချာ၊ ယုံမှားပါရော့မည်၊ ဒါဟာ ရွှေနန်းမှာမှ၊ စံမြန်းထိုက် ပါသည် ဘုရားလို့ စိတ်အားမလျှော့ဘဲ တင်းတင်းမာမာ ငြင်းရှောင်လျှောက်တင်မြဲ လျှောက်တင်နေသည့်အတွက် အီနောင်မင်းသားက စိတ်အားရော့တော်မူဟန်နှင့်"

"အို ... ပူဖွယ် သစ်လှချည့်၊ မချစ်တဲ့ယူ လှမဉ္ဖူငဲ့၊ တိမ်မြူတသန့်၊ တောင်တကန့်နှင့်၊ ဟန့်သမျှရန်ပုံ၊ စစ်ရေးကြီး ကုန်ခဲ့သည်၊ နန်းငုံပွင့်လျာ၊ မယ့်မောင်ပါးကို ဘယ်ဒါဟာသူ၊ သိတော်မူပါဘူး၊ ပူရက်နှင့်သေ၊ ခုသခဲကြွေအောင်၊ ယဉ်ကေလုံ့ရတနာ၊ မိန့်ရက်ပါနှင့် မညှာမတာ၊ မုန်းဘက်က သာခဲ့လျှင်၊ ဖြာဖြာရောင်ချက်၊ သည်သန်လျက်နှင့်၊ သက်ကို မညှာ၊ ဆက်ခဲ့ပါတော့မည်၊ သိင်္ဂါမဉ္ဇူ၊ နန်းကြော့သူ၊ ယူတော်သာ မူရစ်ပါတော့ မိမိငဲ့"

ဆိုပြီး သန်လျက်တော်ကို မင်းသမီးလက်သို့ ကမ်းပေးတော်မူလိုက်တာကိုးဘုရာ့၊ ဒီတော့ မင်းသမီးကလည်း အတင်ခက်၊ အလျှောက်ခက် စိုးရိမ်ကြောက်ရွံ့လှသည်ကလည်း တဖက်ကြောင့် သန်လျက်တောကို ပြန်ဆက်ရင်း-

"ရှိဦးဆင်ရတယ်၊ မတင်နိုင်တတ် စိုးပူဖွယ် မှတ်လှချည့် မြတ်ဥပရာ၊ မိန့်ခွန်းတော်သာရာ မှာ၊ ဒါဟာသခင်၊ ညာရွှေရင်နှင့်၊ နှစ်ပင်ရွှေခိုင်၊ သစ္စာတော်ပြိုင်ကတည်းက သောင်းမြိုင် ဇာတိ၊ များဗိုလ်လူသိပါငဲ့၊ သတိလွတ်ကွာ၊ သည်မံရာကို၊ ဒါဟာအယူ ရှိတော်မူလို့၊ နေတူ လျှံလက်၊ စိန်သန်လျက်နှင့် သက်စွန့် မယ်လေ၊ မြတ်မိန့်တော်ခြွေတာဖြင့် သည်မြေ၀ယ်၊ မသင့်ပါဘုရား"
လျှောက်တင်ပြီး ရတနာရောင်ရှက် စိန်သန်လျက်ကို မင်းသားလက်သို့ ပြန်၍ ဆက်သည် တွင် အီနောင်မင်းသားက သန်လျက်တော်ကို လှမ်းယူသလိုနှင့် မင်းသမီးလက်ကို ယုယစွာ ဆွဲကိုင်တော် မူလိုက်ပြီး-
"မြကေသီငဲ့၊ ရွက်ညီလဲ့လဲ့၊ လက်သင်ဖွားလို့၊ တွဲ့တွဲ့လျှော့ဖြေ၊ နောင့်သဲမှာဝေလှချည့်၊ ယဉ်ရွှေလုံး ပတ္တမြား၊ လှများဖျားငဲ့၊ သနားစရာ၊ မိန့်တတ်ကယ်ရှာပါဘိ၊ ဒါဟာသခင်၊ အသိ တော်လျှင် ရန်ကောင့်၊ အို ... ဘယ်တွင် မအေ့ မောင်ကြီးဖြင့် တွေ့ပါဘူး၊ သုံးရွှေ့ဆံညှာ၊ လှရွှေညာငဲ့ လိပ်ပြာအသက်၊ မယ့်ဝယ်ဆက်ပါပြီ၊ ပုန်းဘက်ကလေ၊ မိမနေလို့၊ တိမ်မြေ မိုးယံ၊ ရထားပျံနှင့်၊ ပျံပါသော်လည်း ကူရေပန်မောင်၊ ခုကြိုးလို့ဆောင်မယ်ပ၊ ရွှေတောင် မေရု၊ မြေအထုနှင့် ပံ သုသီလာ-မြမြေလွှာပင် ကွယ်ကာ ထားစေ လွတ်ရပေဘူး သေစေ မရှောင်ရဲသည့် မောင်ကို ပန်းအောင်သာစေ အရေးတော်ထွေပါနှင့်တော့ ကြာဝေရိပ်မွန် သည်သလွန်မှာ ပူဝန်ကို သိမ်းတော်မူပါလှည့် မိမိငယ်"

ဆိုပြီး မင်းသမီးကို ယုယဖြေဖျော်တော်မူလျက် သလွန်တော်ဘက်သို့ တင်ပါလေရောတဲ့ စုဖုရားရဲ့၊ ဒီတွင်ပဲ မင်းသားနှင့် မင်းသမီးအဆောင်တော်ထဲမှာ ရင်းနှီးချစ်ခင် မေတ္တာတော် ယှဉ်မိကြပါသည်။ မင်းသားမှာ အလိုတော်ကျ မြတ်နိုးတော်မူလှတဲ့ လူမက နတ်တမျှ အလှ ရွှေညာ နန်းကိန္နရာထိပ်ထာှးင့် အဆောင်တော် မှာ ပျော်ရွှင်စွာ စံစားတော်မူရတဲ့အတွက် ဘယ်လောက်များ နှစ်သက် ၀မ်းမြောက် လိုက်မည်ဆိုကာ တကယ့် တကယ် အမှုသွားနှင့် အသက်ထင်ရှားရှိတဲ့ မင်းသား မင်းသမီးမားဖြစ်လျှင် မေးလျှောက် ချင်စမ်း ပါဘိဘုရား"
စကား အညွန့်နှင့် အဆုံးသတ်လိုက်သည်တွင် စုထားဖုရားကလည်း ဆိုလိုရင်း အဓိပ္ပာယ်ကို နားလည်တော်မမူသေးသည်နှင့် အမှတ်မဲ့ပင်-
"အလိုလေး ... မေးချင်ကမေးချေပါဘိ သစ်သစ်ရယ်၊ အီနောင်မင်သားဆိုတာ တကယ်ပင် အသက်ထင်ရှား မရှိကထဲ အချစ်သက်ထား မြောက်သားကြင်ရာ ရှိတော်မူပြီးဖြစ်တဲ့ မက္ခရာကိုယ်တော်ကြီးတို့၊ သုံးဆယ် ကိုယ်တော်ကြီး တို့ကို သွားမျှ မေးပါတော့လား"

"အလိုလေးဘုရား၊ ဒီမင်းသားကြီးတွေကို သွားလို့မေးဝံ့ချည်ဘူး၊ အထိန်းတော်ကြီး ဆက်ဆော့လှတယ်လို့ ဓားနှောင့်နှင့် ဆောင့်လွှတ်လို့ အောင့်ပြန်လာရတာ မြင်တော်မူချင် နေပြီထင်ပါရဲ့ စုထားဖုရား"
"အနို့ ... သစ်သစ်ကိုက စစ်စစ်ပေါက်ပေါက် သိချင်နေကိုး"
"သိတော့ သိချင်လှတာ၊ ရွလို့နေပါရော့ဘုရာ့၊ ဒါပေတဲ့ ဟို ကိုယ်တော်ကြီးတွေကို မေးရမှာ သေမလောက် ကြောက်ပါတယ်၊ ဒီလို ပေါက်ပေါက်ရှာရှာတွေ မေးဖို့နေနေသာသာ သူတို့ ရှေ့နားတောင်သွားလို့ မခစားဝံ့ပါဘူး၊ မသကာ သီပေါကိုယ်တော်ကလေးလို ပျော့ပျော့ ပျောင်းပျောင်းနှင့် စိတ်သဘောကောင်းတဲ့ မင်းသားဆိုရင်လည်း အတင့်ရဲပြီး မကြောက် မရွံ့ စွန့်စွန့်စားစား သွားမေးမယ်ဆို မေးဝံ့စရာ ရှိပါသေလေးရဲ့"

"အို ... ဒါဖြင့်လည်း သစ်သစ်ရဲ့၊ သီပေါကိုယ်တော်လေးကိုပဲ သွားမေးပါတော့လား သစ်သစ်"
"စုဖုရားကလည်းနော်၊ မိန့်တော်မူတော့ ဟုတ်ပါရဲ့၊ ဟိုရွှေကိုယ်တော်ကလေးမှာ မေးစရာ သူ့မှာ ကြင်ရာ မြောက် သားတော်မှ မရှိသေးဘဲ၊ ဘယ်လိုသွားမေးမေး မှန်ကန်တဲ့ အဖြေကို ပေးတော်မူနိုင်ပါဦးမလား၊ တကယ်ဆို စုဖုရားနှင့် နှစ်ပါးစုံညီ ရွှေမေတ္တာညီမညီ အချစ်ရည် တူ မတူ၊ ရာဇူချိန်စက်၍ သစ္စာတော် ပန္နက်မြဲအောင် နှစ်ပါးတည်းတွေ့တော်မူပြီးတဲ့အခါ ဆိုလျှင်လည်း အကောင်းသား၊ ဒါနှင့် ရွှေကိုယ်တော်ဖျားကလည်း ဖျာ့ကျွန်မရဲ့ အလိုဆန္ဒ ကို အလိုလို သိတော်မူထားနှင့်သည့်အလား နှမတော် စုထားဖုရားနှင့် နှစ်ပါးချင်း ရွှေမျက်နှာ ဆုံရရန် အပုံကြီး အာရုံသန်တော်မူနေသည်တဲ့၊ ရွှေမေတ္တာ မဏ္ဍိုင်ကြီး ကြံ့ကြံ့ ခိုင်ခိုင် စိုက်ထူပြီး သစ္စာတော်မူချင်လှကြောင်းနှင့် အချိန်အခွင့်ကောင်းကို တောင်းဆို တော် မူတဲ့ စကားနှင့် ရွှေလွှာတော်ပင် ပါးလိုက်ပြန်...။
(စကားမဆုံးမီ စုဖုရားက)

"တန်တန် ... သစ်သစ်လည်း မညံ့ဘူးနော်၊ ဟို အီနောင်ဇာတ်တော်ထဲက ရွပိုးထတဲ့ ရေစပ္ပါယ်ကတော်ကြီး အားကျနေပြန်ပြီထင်တယ်"
မရယ်တပြုံး ဣနြေ္ဒသုံး၍ မိန့်တော်မူလိုက်သောအခါ ခင်ဘွားသစ်မှာ ရုတ်ခနဲ ကြောက်လန့် တကြားနှင့် အံ့အားသင့်သွားပြီးမှ မျက်နှာအနည်းငယ်ပြင်၍ ရယ်ရွှမ်းပါရွှမ်း လုပ်လိုက်ကာ-
"ဟဲ ... ဟဲ ... စုထားဖုရားကလည်းနော်၊ ဒီအထိန်းတော်ကြီးရဲ့ စေတနာက ရေစပ္ပါယ် ကတော်ဆိုတဲ့ ဟို ... အီနောင်ဇာတ်တော်ထဲက အထိန်းတော်ကြီးမျိုးထက် အဆရာ ထောင်မကအောင် သာသမို့ ကိုယ့်အရှင်သခင်ဖြစ်တဲ့ စုတစ်ပါးကို သိကြားလက်နက်ရတဲ့ ဣန္ဒာဝုဓဆိုတဲ့ မင်းသားလို့ မင်းသားဆို ဆိုသလောက် ရဲရဲတောက် ဘုန်းသမ္ဘာပညာနှင့် ပြည့်စုံမဲ့ မင်းသားတစ်ပါးကို ဆက်သွယ်တော် မူထားမိလျက်သား ဖြစ်နေတော့ ကိုယ့်အရှင် သခင်နှင့် ထိုက်တန်တဲ့ ပန်တော်ဝင် သဇင်ပန်းကို အခြား သော မင်းသမီးတွေ ဆင်မြန်း သွားမှာ စိုးရိမ်ပူပန်မိတာနှင့် အဖိုးတန်တဲ့ မာလာဖူးကို ဦးဦးဖျားဖျား ဆက်ရ အောင် နေ့ရက် ဆက် အကျိုးတော်ဆောင်နေခဲ့ရတဲ့အတွက်"

"အမယ်မင်း ... စကားပလ္လင်ခင်းပုံကြီးက ရှည်လျားလိုက်တာ၊ သစ်သစ် လျှောက်တင် လိုတာကို တစ်ခါ တည်း တိုက်ရိုက်ပြောလိုက်ပါတော့ စုစုက 'ဟောဆို ... ဒိုင်းခနဲ' မှ နှစ်သက်တော်မူတယ်ဆိုတာ အသိသား နဲ့"
"ယခုလို ပွင့်ပွင့်လင်းလင်း လျှောက်တင်ခွင့် သနားတော်မူရင်လည်း စကားတွေများများ ပလ္လင်မခင်းဘဲ  လိုရင်းကို တင်ဝံ့ပါတယ်ဘုရား၊ သစ်သစ်က ဟိုတုန်းကလိုများ ကွေ့လည် ကြောင်ပတ် ဖြစ်နေဦးမလားလိုပ စဉ်းစားပြီး စိုးရိမ်မိတာနှင့် အခါအခွင့်ကို မျှော်ပြီး အလိုတော်စမ်းနေရခြင်း ဖြစ်နေပါတယ်"

"စုစု ရိပ်မိပါတယ်၊ ဒီနေ့ သစ်သစ်ကြီးမှာ လျှောက်တင်စရာထူးလို့ မျက်နှာကြီးရူးနေတာ ကပဲ ဘာလဲ သီပေါမောင်မောင်ဆီက ရွှေလွှာတော်ပါလာတယ် မဟုတ်လား၊ ရွှေလွှာတော် များဟာ 'နေ့စဉ်နဲ့ ရက်မခြား' ဆိုတာလို ဟိုကပို့ ဒီကပြန်နှင့် ကူးလူးဆက်ဆံတော်မူနေကြ တာ ရိုးလို့ပင် နေပါပြီ၊ ဒီကနေ့မှ အသစ်လုပ်ပြီး ရွှေလွှာတော်မဆက်ခင် စကားပလ္လင်ခံရ တာတွေက ဘယ်လိုများ အကြောင်းထူးထွေလာပြန်လို့လဲ၊ သစ်သစ်ရဲ့ စကားစပုံကို အကဲ ဖမ်းရတာကတော့ သီပေါမောင်မောင်က စုစု အဆောင်တော် ထွက်တော်မူ လိုတဲ့ အရိပ် နိမိတ်တို့ပါကလား"
ယင်းသို့ မျက်နှာတော် ပကတိဖြင့် ခင်ဘွားသစ် တင်လိုသည့်အချက်ကို လက်စဖော်တော် မူလိုက်လျှင် ယခင်က အထင်ခံ လျှောက်တင်ရမည်ကို ကြောက်ရွံ့စိုးရိမ်နေမိသော အထိန်းတော်ကြီး ခင်ဘွားသစ်မှာ ခက်မယောင်ယောင်နှင့် လွယ်လာသည်ကို တွေ့ရ သဖြင့် မျှော်လင့်အားရ စိတ်တက်ကြွလာပြီးလျှင်-

"ယခုလို စုထားဖုရားက လျှောက်တင်ခွင့်သနားမည်ဆိုပါလျှင် အလုံးစုံ လျှောက်တင်ဝံ့ပါပြီ ဘုရား၊ သီပေါကိုယ်တော်ကလေးက ယခုတစ်ကြိမ် သ,တော်မူလိုက်တဲ့ ရွှေလွှာတော်မှာ အသက်တမျှ ကြင်နာစုံမက်တော်မူလှသည့် နှမတော်စုထားနှင့် မေတ္တာတော် သွယ်တန်း၍ အချစ်လမ်း ဖောက်တော်မူခဲ့ကြတာလည်း အချိန်ကာလ အတန်ကြာခဲ့ပြီ၊ ဒီနေ့ ဒီရက်အထိ ချစ်မိတဲ့ စေတနာက ဝေဆာ တင့်ဖြိုး တိုးချင်တိုင်း တိုးလာခဲ့ရသော်လည်း အကျိုးတော် ဆောင် အထိန်းတော်ကြီးကို စေတမန် ထား၍ အလွှာတော်ပါးခြင်းဖြင့်သာ ရောင့်ရဲကျေနပ် တော်မူခဲ့ရပြီး မေတ္တာနှင့် သစ္စာကို အလွှာတော် များတွင်သာ ရေး၍ နှစ်ပါးစလုံး အပြန် အလှန် တုံ့လှယ်ပြီးနေရသည်မှာ ရိုးလို့ ပင်နေပါပြီတဲ့ဘုရား"

"နှစ်ပါးမေတ္တာတော် ပေါင်းကူးမိကြတဲ့ အချိန်အခါ အတန်ပင် ကြာခဲ့လို့ ကြာခဲ့သမျှ အချိန် များမှာလည်း မေတ္တာနှင့် ချစ်သဒ္ဒါရွှေမိုးက တဖြိုးဖြိုးရွာခဲ့သဖြင့် ရွှေကိုယ်တော်ဖျားမှာ ရင်တွင်းမဆန့်အောင် ချစ်မေတ္တာ ပျံ့နှံ့လို့နေပြီ၊ ဘယ်နည်းဘယ်ပုံ ချစ်တော်မူရကြောင်း၊ အလွှာတော်ပေါင်းများစွာ စာစီနှုန်းဖွဲ့ရသော်လည်း အားရတင်းတိမ်တော်မမူနိုင်ဘဲ ရှိတော် မူရုံမက ဤမျှ ချစ်မြတ်နိုးတော်မူလှတဲ့ ညာရွှေလုံးထိပ်ထား လှများအခေါင်၊ မြတောင် စုစုကို နီးနီးကပ်ကပ်ရှုပြီး စုဆောင်းသိုမှီးလာခဲ့ရတဲ့ အချစ်တော်ပဏ္ဏာများကို နှုတ်စကားနှင့် ဆက်တော်မူလိုပြန်ပါသည်တဲ့၊ ရွှေကိုယ်တော်ဖျားက ချစ်အားသန်တော်မူသလို စုထား ဖုရားကလည်း အချစ်တော်အင်အားက အတန်းအစား ညီမျှပါမလားလို့ စဉ်းစားတော်မူမိတဲ့ အတိုင်း စုထားဖုရားနှင့် နှစ်ပါးစုံညီ မေတ္တာရည်တူ မတူကို ရာဇူနှ့် ချိန်စက်၍ သစ္စာတော် ပန္နက်သဲကို မြဲအောင် စိုက်တော်မူရန် အင်မတန်မှ အာရုံသန်တော်မူလှသည့်အတိုင်း စုထားဖုရားထံတော်သို့ ရွှေမေတ္တာ မဏ္ဍိုင်ကို ကြံ့ကြံ့ခိုင်ခိုင် စိုက်ထူပြီး သစ္စာတော်မူနိုင် စေကြောင်း၊ အချိန်အခွင့်ကောင်းကို တောင်းဆိုတော် မူတဲ့စကားနှင့် အလွှာတော်ပါးလိုက် ခြင်း ဖြစ်ပါသည်။ အလွှာတော်ပါးရုံနှင့် အားရတော်မမူဘဲ ဘုရားကျွန်မကိုလည်း နှုတ်တော် အထပ်ထပ် မပြတ်အောင် မှာတော်မူလိုက်ပါသေးတယ် စုထား ဖုရားရဲ့"

လျှောက်တင်ကာ ပါလာသော အလွှာတော်ကို စုဖုရားလတ်သို့ ဆက်လေ၏။ စုဖုရားသည် လည်း ရွှေကလပ်မှ ရွှေပြားအက္ခရာ အလွှာတော်စာကို အသာလက်တော်နှင့် ကိုယ်ယူ ရှုစားတော်မူပြီး အထိန်းတော်ကြီး လျှောက်တင်သောစကားများနှင့် အလွှာတော်တေးထပ် တွင် ပါဝင်သော အဓိပ္ပာယ် များကို အတန်ကြာ စဉ်းစားဝေဖန်တော်မူလျက် ရှိလေရာ အထိန်းတော်ကြီး ခင်ဘွားသစ် မှာလည်း အနီးတွင် ခစားလျက် စုဖုရာ၏ မျက်နှာရိပ် မျက်နှာကဲကို အမြဲစောင့်၍ ကြည့်နေလေ၏။ အတန်ကြာ သည်တိုင်အောင် စုဖုရားလတ်၏ အမိန့်တော်သံကို မကြားရဘဲ နေသော ကြောင့် အထိန်းတော်ကြီးမှာ ကြာကြာ အောင့်မနေ နိုင်ဘိအလား အပါးသို့ တိုးကပ်သွားပြီ-

"ဘယ်လိုများ စိတ်ကူးတော်မူပါသလဲ စုထားဖုရား၊ သီပေါကိုယ်တော်ကလေးလည်း တကယ်ဆိုတော့ သနားစရာပါပဲ၊ သူ့ခမျာလည်း တွေ့ဆုံတော်မူချင်ရှာမှာပေါ့ဘုရား၊ မေတ္တာဆက်သွယ် ချစ်တုံ့လှယ်တော်မူကြတာက အတော်ကြာပြီမို့ တွေ့ဆုံတော်မူကြဖို့ သင့်တော်လောက်ပြီလို့ ထင်ပါတယ်"
ကိုယ့်အဖြေနှင့်ကိုယ်၊ လျှောက်တင်လေရာ စုဖုရားလတ်မှာမူကား အလွှာတော်ကို လက်တွင် ကိုင်ထားလျက်ပင် မျက်နှာတော် ဣနြေ္ဒတည်တည်နှင့်-
"ဖြစ်နိုင်မယ် မထင်ပါဘူး သစ်သစ်ရယ်"

ခပ်လေးလေး တစ်ခွန်းတည်း မိန့်တော်မူကာ ရွှေလွှာတော်ကို ကလပ်ပေါ်ပြန်ထားပြီး နောက်ထပ် စကားမဆက်ဘဲ နေပြန်သည်နှင့် ခင်ဘွားသစ်မှာ အားမလိုအားမရနှင့် အပါးက ခစားပြီး မကျေမနပ်ကြီး ဖြစ်၍နေလေ၏။


အခန်း (၁၉) နက်ဖြန်

1 comment:

Unknown said...

တကယ်ပဲ ချီးမွမ်းထောမနာ ပြုမိပါတယ်ခင်ဗျား။ ဒီလို အဘိုးထိုက်စာပေတွေကို မငြီးမငြူ မပင်မပန်း ရိုက်နှိပ်ပြီး ဘလော့ဂ်ပေါ်တင်ပေးနိုင်တာ တကယ်ကိုပဲ အံ့သြမိပါ။ ဒီစာဆိုတော်ဝတ္ထုကြီးကို လူတိုင်းမဖတ်ဖူးဘူးဗျ။ ကုသိုလ်ထူးလို့သာ ဖတ်ရတာပ။ နောက်ထပ် စာဆိုတော်လို အဘိုးတန်စာပေးများ ရှိပါရင် လိုလိုချင်ချင်နဲ့ တောင့်တနေပါတယ်ခင်ဗျား။

ရွင်လမ်းချမ်းမြေ့ပါစေ..။