ညက်ညက်ဝါးဝါး
သာမန်အားဖြင့် အစားအစာကိုစတင် စားသောက်သည်နှင့် "အီတာဒါကီမာဆု" (ကျွန်ုပ်သည် ကျေးဇူးတင်စွာဖြင့် ပါဝင်စားသောက်ပါသည်)ဟု ပြောဆိုလေ့ရှိသော်လည်း တိုမိုဂါကူအန်၌မူ ခြားနားမှု ရှိလေသည်။ အစားအစာမစားမီ ကျောင်းသားတိုင်း သီချင်းဆိုရသည်။ ကျောင်းအုပ် ဆရာကြီးသည် တေးဂီတ သမားတစ်ယောက် ဖြစ်သည်။ သူသည် နေ့လယ်စာမစားမီ သီဆိုရန် သီချင်းတစ်ုဒ်ကို အထူး ရေးစပ်ထားသည်။ "လှော် လှော် လှေကိုလှော်" ဟူသော ထင်ရှားသည့် တေး၏ တေးသွားအလိုက်အတိုင်း ရေးဖွဲ့ထားသော သီချင်းဖြစ်သည်။
ဆရာကြီး၏ သီချင်းပါ စာသားများမှာ
"၀ါးပါ ၀ါးပါ ညက်ညက်ဝါးပါ
သင်စားမည့် အစားအစာတိုင်းကိုသာ
ဝါးပါ ၀ါးပါ ညက်ညက်ဝါးပါ ညက်ညက်ဝါးပါ
သင်စားမည့်ထမင်း ငါးဟင်းနှင့် အသားဟင်းတွေကိုသာ ..." ဟူ၍ ဖြစ်သည်။
ထိုသီချင်းကို သီဆိုပြီးသောအခါမှ ကျောင်းသားအားလုံးသည် "အီတာဒါကီမာဆု" ဟု ပြောကြရ လေသည်။

"လှော် လှော် လှေကိုလှော်"
တေးသွားအလိုက်အတိုင်း ရေးဖွဲ့ထားသည့် ၎င်းသီချင်းကို နောင်နှစ်ပေါင်းများစွာ ကြာသောအခါ တွင်လည်း များစွာသော တပည့်များသည် အစားအစာမစားမီအမြဲ သီဆိုရမည့် သီချင်းဖြစ်သည်ကို စွဲမြဲစွာ မှတ်ယူထားကြလေသည်။
ဆရာကြီး၌ သွားအချို့မရှိတော့သည့်အတွက် ထိုသီချင်းကို ရေးခဲ့ခြင်း ဖြစ်သည်ဟု ယူဆမည် ဆိုက ယူဆနိုင်၏။ သို့သော်လည်း သူသည် သူ၏တပည့်များအား အစားအစာကို စားလျှင် ဖြည်းဖြည်းစားပါ။ အချိန်များများ ယူပြီး စားပါ။ စိတ်ကြည်နူးဖွယ်ရာ စကားများပြောရင်း စားကြပါ ဟု ပြောလေ့ရှိသည်။ ဆရာကြီးသည် တပည့်များအား သူပြောလေ့ရှိသည့်အထက်ပါ စကားများကို အစဉ်သတိရစေလိုသောငှာ" ညက်ညက်ဝါးပါ" သီချင်းကို စပ်ဆိုထားဟန် ရှိလေသည်။
ကျောင်းသားများအားလုံး အသံကုန်ဟစ်၍ သီချင်းဆိုပြီးသောအခါ "အီတာဒါကီမာဆု" ဟု ပြောပြီး ထိုင်ခုံများပေါ်တွင် ထိုင်ရင်း "ပင်လယ်သမုဒ္ဒရာထဲက တစ်မျိုးမျိုးနှင့် တောင်ကုန်းတွေပေါ်က တစ်မျိုးမျိုး" ကို စားကြလေတော့သည်။
ကျောင်းမှ လမ်းလျှောက်ထွက်ခြင်း
နေ့လယ်စာ စားပြီးသောအခါ တော့တိုး-ချန်သည် ကျောင်းဝင်းထဲရှိ မြေကွက်လပ်၌ အခြား ကျောင်းသား များနှင့်အတူ ကစားသည်။ ကစားပြီးသောအခါ သူတို့သည် စာသင်ခန်းသို့ ပြန်ဝင်လာ ကြသည်။ ဆရာမ သည် သူတို့ကို စောင့်နေသည်။
"ဒီနေ့မနက်မှာ မင်းတို့အားလုံး အလုပ်ကို ကြိုးစားလုပ်ခဲ့ကြတယ်၊ ဒါကြောင့် ဒီနေ့မွန်းလွဲပိုင်းမှာ မင်းတို့ဘာလုပ်ချင်ကြသလဲ"ဟု ဆရာမက မေးလိုက်သည်။
တော့တိုး-ချန်တစ်ယောက် သူမ ဘာလုပ်ချင်သည်ကို စဉ်းစားရန် အချိန်ပင် မရလိုက်မီ ကျန်ကျောင်းသား များထံမှ အသံသည် တညီတညွတ်တည်း ပေါ်ထွက်လာသည်။
"လမ်းလျှောက်ချင်တယ်"
"ကောင်းပြီ"
ဆရာမက ထိုသို့ပြောလိုက်သည်နှင့် ကလေးများအားလုံးတံခါးပေါက်များ ရှိရာသို့ အလုအယှက် တိုးဝှေ့ထားကြလေတော့သည်။ တော့တိုး-ချန်သည် အဖေ၊ ရော့ကီတို့နှင့်အတူ လမ်းလျှောက်လေ့ ရှိသော်လည်း ကျော်ငး၌ လမ်းလျှောက်ထွက်ရသည်ဆိုသည်ကို သူမ မကြားဖူးချေ။ ထို့ကြောင့် အံ့သြခြင်း ဖြစ်မိသည်။ သူမသည် လမ်းလျှောက်ခြင်းကို နှစ်သက်၏။ ထို့ကြောင့် ကြာကြာစောင့် ဆိုင်းမနေတော့။
နောင်သောအခါ တော့တိုး-ချန် သိရှိရသည်မှာ ကျောင်းသားများသည် နံနက်ပိုင်းအချိန်၌ ကြိုးကြိုး စားစား အလုပ်လုပ်ကြပြီး ကျောက်သင်ပုန်းကြီးပေါ်တွင် ဆရာမရေးသားထားသည့် အလုပ်များ အားလုံးကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ပါက မွန်းလွဲပိုင်းတွင် သူတို့အားလုံး လမ်းလျှောက်ခွင့်ရကြလေသည်။ ဤ အခွင့်အရေးကို ပထမတန်းမှ ကျောင်းသား များဖြစ်ဖြစ်၊ ဆဌမတန်းမှ ကျောင်းသားများဖြစ်ဖြစ် မည်သည့် အတန်းမှ ကျောင်းသားများ မဆို ရရှိကြလေသည်။
သူတို့အားလုံး ကျောင်းဝင်းတံခါးဝမှ ထွက်လာကြသည်။ ဆရာမနှင့် သူမ၏ တပည့်ကိုးယောက်။ သူတို့သည် စမ်းချောင်းကလေးနံဘေးမှ လမ်းလျှောက်သွားကြလေသည်။ စမ်းချောင်းဘေး တဘက် တချက်စီတွင် ချယ်ရီပင်များ တန်းစီပေါက်ရောက်နေကြ၏။ ချယ်ရီပွင့်များမှာလည်း မကြာမီ ရက်ပိုင်း အတွင်းကပင် အစွမ်းကုန်ပွင့်ပြီးကြလေပြီ။ အ၀ါရောင် မုန်ညင်းပန်းပွင့်များမှာလည်း ကွင်းပြင်များ ထဲ၌ ပွင့်နေသည်ကို မျက်စိတဆုံး မြင်တွေ့နိုင်လေသည်။
"ငါတို့ ကူဟွန်းဘတ်စု ဘုရားကျောင်းအထိ သွားကြရအောင်"
ယုန်အရုပ်ပါသည့် ဂါဝန်ကို ၀တ်ဆင်ထားသော မိန်းကလေးက ပြောလိုက်သည်။ သူမ၏ အမည်မှာ စက်ကိုး-ချန် ဖြစ်သည်။
"ငါတို့ ဟိုအရင်တစ်ခါသွားကြတုန်းက ရေကန်ထဲမှာ မြွေတစ်ကောင် တွေ့ခဲ့တယ်။ နောက်ပြီး တော့ ဘုရားကျောင်းဝင်းထဲမှာ ရေတွင်းဟောင်းကြီးတစ်ခု ရှိတယ်။ အဲဒီရေတွင်းဟာဆိုရင် ဟိုးရှေးရှေးတုန်းက မိုးပေါ်က ကျလာတဲ့ ကြယ်ပျံကြီးကြောင့် ဖြစ်ပေါ်နေတဲ့ ရေတွင်းလို့ ပြောကြ တာပဲ"ဟု စက်ကိုး-ချန်က ပြောလိုက်ပြန်သည်။
ကလေးများသည် လမ်းလျှောက်သွားရင်း သူတို့ပြောလိုသည့် အကြောင်းအရာများကို ပြောဆိုသွား ကြလေသည်။
မိုးကောင်းကင်မှာ အပြာရောင်သမ်းနေ၏။ လေထဲတွင် အတောင်ပံများကို တဖျပ်ဖျပ်ခတ်၍ ပျံသန်း သွားလာ နေ ကြသော လိပ်ပြာများ၏ အရေအတွက်မှာလည်း မနည်းလှပေ။
ဆယ်မိနစ်ခန့်လမ်းလျှောက် ပြီးသောအခါ ဆရာမသည် ရပ်လိုက်သည်။ သူမသည် အ၀ါရောင် ပန်းပွင့်များ ကို လက်ညှိုးထိုးပြီး "အဲဒီမုန်ညင်းပွင့်တွေကို ကြည့်ကြစမ်း၊ ပန်းတွေဘာဖြစ်လို့ ပွင့် တယ်ဆိုတာ မင်းတို့ သိကြရဲ့လား" ဟု မေးလိုက်သည်။
ဆရာမက ၀က်ဆံမများနှင့် ၀က်ဆံဖိုများအကြောင်းကို ရှင်းပြရာ ကျောင်းသားကလေးများသည် လမ်းနံဘေးသိုပ ဆင်း၍ ဆောင့်ကြောင့်ထိုင်ကာ ပန်းပွင့်များကို လေ့လာကြလေတော့သည်။ ပန်းများ ပွင့်နိုင်ရန် လိပ်ပြာများက အကူအညီပေးပုံအကြောင်းကိုလည်း ဆရာမက ဆက်လက် ရှင်း ပြသည်။ မှန်ပါ၏။ လိပ်ပြာများသည် ပန်းများပွင့်နိုင်ရန် အလုပ်များနေကြသည်မှာ မှန်ပါ၏။
ထို့နောက် ဆရာမသည် ဆက်လက်ထွက်ခွာပြန်ရာ ကလေးများသည် ပန်းများကို လေ့လာရခြင်း ကို ရပ်နား၍ မတ်တတ်ရပ်လိုက်ကြပြီး ဆရာမနောက်သို့ ဆက်လိုက်ကြသည်။
"သူတို့ရဲ့ ပုံသဏ္ဍာန်ဟာ ပစ္စတိုသေနတ်နဲ့ မတူဘူးနော်"
ကျောင်းသားတစ်ယောက်က ပြောလိုက်လေသည်။
ထိုကျောင်းသား ပြောသည့်အတိုင်းပင် တော့တိုး-ချန်ကလည်း တူသည်ဟု မထင်ချေ။ သို့သော် လည်း အခြား ကျောင်းသားများနည်းတူ ၀က်ဆံနှင့် ၀က်ဆံဖိုများ၏ အရေးကြီးနေပုံကို သူမ သေသေချာချာ သိရှိခဲ့လေပြီ။
နောက်ထပ် ဆယ်မိနစ်ခဲ့လမ်းလျှောက်မိကြပြန်သောအခါ သစ်ပင်ကြီးများ ထူထပ်စွာ ပေါက်နေသည့် ဥယျာဉ်ကြီးတစ်ခုက တွေ့လိုက်ရသည်။ ၎င်းဥယျာဉ်ကြီးသည် ကူဟွန်းဘတ်စုဟုခေါ်တွင် သော ဘုရားကျောင်းကို ၀န်းရံထားသော ဥယျာဉ်ကြီး ဖြစ်လေသည်။ ဘုရားကျောင်းဝင်ထဲသို့ ၀င်ရောက်မိ ကြသော အခါ ကျောင်းသားများသည် အုပ်စုကွဲသွားကြပြီး မိမိတို့ကြည့်လိုသည်များကို သွားကြည့်ကြ လေတော့၏။
"ကြယ်ပျံရေတွင်းကို ကြည့်မလား" ဟု စက်ကိုး-ချန်က မေးလိုက်သည့်အခါ တော့တိုး-ချန်သည် ကြည့်ရန် သဘောတူလိုက်ပြီး၊ သူမနောက်မှ ပြေးလိုက်သွားလေသည်။
ရေတွင်းကို ကြည့်ရသည်မှာ ကျောက်တုံးများနှင့် ပြုလုပ်ထားပုံရသည်။ ရေတွင်းဘောင်သည် သူတို့၏ ရင်ဘတ်နားအထိရောက်နေသည်။ ရေတွင်း၌ သစ်သားအဖုံး ရှိသည်။ သူတို့သည် အဖုံး ကို မပြီး အတွင်းသို့ ငုံ့ကြည့်ကြသည်။ ရေတွင်းထဲ၌ မှောင်မည်းနေသော်လည်း တော့တိုး-ချန်သည် ကွန်ကရစ် သို့မဟုတ် ကျောက်တုံးပုံးနှင့်တူသော အရာသတ္ထုကို ခပ်ရေးရေး မြင်တွေ့ရသည်။ သို့သော်လည်း သူမထင်မှတ် ထားသလို တလက်လက်တောက်ပနေသော ကြယ်နှင့်တော့ မတူချေ။ ရေတွင်းထဲသို့ အချိန် ခပ်ကြာကြာ ငုံ့ကြည့်ပြီး သောအခါ တော့တိုး-ချန်က "ဒီအထဲက ကြယ်ကို နင်မြင်ဖူးသလား" ဟု မေးလိုက်သည်။
"ဟင့်အင်း မမြင်ဖူးဘူး"
စက်ကိုး-ချန်သည် သူမ၏ဦးခေါင်းကို ယမ်းရင်း ဖြေလိုက်သည်။
၎င်းသည် အဘယ့်ကြောင့် မတောက်ပဘဲ ဖြစ်နေရသည်ကို တော့တိုး-ချန်သည် စဉ်းစား၍မရ။ သူမသည် ခေတ္တမျှ စဉ်းစားလိုက်ပြီး "အိပ်နေတာဖြစ်ရမယ်" ဟု ပြောလိုက်သည်။
"ကြယ်တွေအိပ်တယ် ဟုတ်လား"
စက်ကိုး-ချန်သည် မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် မေးလိုက်သည်။
"ကြယ်တွေ နေ့အချိန်မှာ အိပ်ကြပြီး၊ ညဘက်ရောက်ရင် အိပ်ရာက နိုးလာပြီးတော့ အရောင် တောက်တယ် လို့ ငါထင်တာပဲ"
တော့တိုး-ချန်သည် သေသေချာချာ မသိသဖြင့် ခပ်မြန်မြန် ပြောလိုက်လေသည်။
ထို့နောက် ကလေးများအားလုံး ပြန်စုမိကြပြီး ဘုရားကျောင်းဝင်း လှည့်ပတ်သွားကြသည်။ သူတို့ သည် ဘုရားကျောင်း၏ တံခါးဝတဘက်တချက်တွင် ဘုရားကျောင်းကို စောင့်ရှောက်နေသော ဒေ၀နတ်ရုပ်ကြီး နှစ်ရုပ်၏ ၀မ်းဗိုက်သားများကို ကြည့်ပြီး ရယ်ကြသည်။
၎င်းနောက် ခန်းမကြီး၏ ခပ်မှိန်မှိန်အလင်းရောင်ထဲ၌ တည်ရှိသော ဗုဒ္ဓဆင်းတုတော်ကြီးကို အံ့သြစွာဖြင့် ငေးမောကြည့်နေ မိပြန်သည်။ ထိုမှတဖန် သူတို့သည် ရေကန်ကို ပတ်၍ လမ်းလျှောက်ကြသည်။ ရေကန်ထဲ၌ လှေလှော်နေသူများကို "ဟဲလို" ဟု နှုတ်ဆက် ကြသည်။ တော့တိုး-ချန်အဖို့ သူမမြင်တွေ့ ရသမျှ အားလုံးသည် အသစ်အဆန်းများ ဖြစ်နေသည်။ အသစ်အဆန်း တစ်ခုခုကို မြင်တွေ့တိုင်း သူမ၏ နှုတ်မှ အံ့သြသံသည် ထွက်ပေါ်သွားသည်။
"ကျောင်းကိုပြန်ဖို့ အချိန်ရောက်ပြီ"
ဆရာမက ပြောလိုက်သည်။ နေမှာ စောင်းနေပြီ ဖြစ်သည်။
ကျောင်းသားများသည် မုန်ညင်းပန်းများနှင့် ချယ်ရီပ်ငများ အကြားရှိ လမ်းအတိုင်း ကျောင်းသို့ ပြန်လာ ကြသည်။ ဤလမ်းလျှောက်ခရီးသည် တကယ့်တကယ်အားဖြင့် သူတို့အတွက် တန်ဖိုးရှိ သော သိပ္ပံ၊ သမိုင်းနှင့် ဇီဝဗေဒဘာသာရပ်များ မသိရှိကြ။ သူတို့သိသည်မှာ ဤလမ်းခရီးသည် သူတို့အတွက် အားလပ်ချိန် ခရီးနှင့် ကစားရန် အချိန်သာ ဖြစ်သည်ဟု သိထားကြလေသည်။
တော့တိုး-ချန် သည် သူမ၏အတန်းသား အားလုံးနှင့် ရင်းရင်းနှီးနှီး ဖြစ်သွားလေပြီ။
"မနက်ဖြန်ကျရင် ငါတို့ လမ်းထပ်လျှောက်ကြရအောင်"
အပြန် ခရီး၌ သူမက ကျောင်းသားများအားလုံးကို အော်ပြောလိုက်သည်။
"ဟုတ်တယ် ငါတို့ လမ်းလျှောက်ကြဦးမယ်"
သူတို့သည် ခုန်ပေါက်၍ သွားနေရင်းမှ ပြန်လှန်အော်ပြောလိုက်ကြသည်။
လိပ်ပြာ များသည် သူတို့အလုပ်နှင့် သူတို့ ရှုပ်နေကြဆဲပင်။ ငှက်များ၏ တေးဆိုသံများသည် လေထဲ တွင် ပျံ့လွင့်လျက် ရှိကြသည်။ တော့တိုး-ချန်၏ နှလုံးသားမှာလည်း ပျော်ရွှင်မှုနှင့်အတူ ခုန်လျက် ရှိနေပါ တော့သည်။

ကျောင်းသီချင်း
တော့တိုး-ချန်သည် တိုမိုဂါကူးအန်၌ အံ့သြဖွယ်ရာများကို တစ်နေ့တစ်မျိုး ကြုံတွေ့ခဲ့ရသည်။ သူမသည် ကျောင်းသို့ သွားရန်ကိုသာ အမြဲတစေ စိတ်စောလျက် ရှိ၏။ နံနက်မိုးသောက်ယံများ သည် အရောက် နှေးသည် ဟု အမြဲထင်မှတ်မိသည်။
ကျောင်းမှ အိမ်သို့ ပြန်ရောက်သည့်အခါတွင်လည်း သူမသည် မရပ်မနား စကားပြော၏။ ရော့ကီကို ဖြစ်ဖြစ်၊ အမေ့ကိုဖြစ်ဖြစ်၊ အဖေ့ကိုဖြစ်ဖြစ် ထိုနေ့ကကျောင်း၌ သူမတွေ့ကြုံရသည့် အဖြစ်အပျက် များ၊ ပျော်စရာ ကောင်းပုံများနှင့် ထူးဆန်းအံ့သြဖွယ်ရာများကို ပြောပြလေသည်။ နောက်ဆုံးတွင် အမေက "တော်ပါတော့ သမီး ရယ်၊ စကားပြောရပ်ပြီး စားစရာရှိတာကို စားလိုက်ပါဦး" ဟု တားမြစ် လိုက်ရလေသည်။
တော့တိုး-ချန်သည် ကျောင်းသစ်တွင် အသားကျသွားသော်လည်း ပြောစရာစကားများမှာမူ နေ့စဉ်ပင် တောင်ပုံရာပုံ ရှိနေသည်။
တစ်နေ့တွင် ကျောင်းသို့အသွား မီးရထားပေါ်၌ တော့တိုး-ချန်သ်ည တိုမိုကျောင်း၌ ကျောင်းသီချင်း ရှိရဲ့လားဟု ရုတ်တရက် စဉ်းစားမိသည်။ ဤကိစ္စကို သူမအမြန်ဆုံး သိချင်၏။ ထို့ကြောင့် ကျောင်းသို့ အမြန်ဆုံး ရောက်ချင်သည်။ ကျောင်းသို့ရောက်ရန် နောက်ထပ်နှစ်ဘူတာလိုသေး သော်လည်း သူမသည် ရထားတံခါးဝအနီး၌ ရပ်ပြီး ဂျီယူဂါအိုကာ ဘူတာရုံသို့ ရထားဆိုက်သည်နှင့် ခုန်ဆင်းရန် အသင့် ပြင်ထား လိုက်လေတော့သည်။ ဘူတာရုံတစ်ရုံ၌ မီးရထားပေါ်သို့ တက်လာသော မိန်းမလိုက်သည့်အခါ ဤဘူတာ၌ ဆင်းမည့် မိန်းကလေးဟု အစပထမတွင် မှတ်ယူလိုက်မိ သည်။ သို့သော်လည်း ထိုမိန်းကလေး သည် အပြေးသမား တစ်ယောက်က ပြေးရန်အသင့်ပြင် အနေ အထားရှိနေသည့် ပုံစံမျိုးဖြင့် မလှုပ်မယှက် ရပ်နေသည်ဟု သတိပြုမိသည့်အခါ "ငါ့နှယ်နော် ဒီမိန်းကလေး ဘာများဖြစ်နေပါလိမ့်" ဟု နှုတ်မှ ခပ်တိုးတိုးကလေးရေး ရွတ်လိုက်မိလေတော့ သည်။
'ဂျီယူဂါအိုကာ'သို့ မီးရထားထိုးဆိုက်လိုက်သည်နှင့် တော့တိုး-ချန်သည် တွဲပေါ်မှ အမြန်ဆုံး ခုန် ဆင်းလိုက်လေတော့သည်။ မီးရထားလက်မှတ်စစ်က 'ဂျီယူဂါအိုကာ'ဟု အော်၍ မီးရထားစင်္ကြံပေါ် သို့ ဆင်းလိုက်ချိန်တွင်မူ တော့တိုး-ချန်သည် ဘူတာရုံထွက်ပေါက်မှ ထွက်ခွာကာ အဝေးသို့ပင် ရောက်နေပြီ ဖြစ်သည်။
မီးရထားတွဲ စာသင်ခန်းထဲသို့ ရောက်လျှင် ရောက်ချင်း တော့တိုး-ချန်သည် စာသင်ခန်းထဲသို့ ရောက်နှင့် နေပြီဖြစ်သော တာအိဂျိယာမာနိုအုချိအား "တာအိ-ချန်၊ ဒီကျောင်းမှာ သီချင်းရှိသလား" ဟု မေးလိုက် သည်။
ရူပဗေဒ ဘာသာရပ်တွင် စိတ်ဝင်စားသော တာအိ-ချန်သည် အတန်ကြာ စဉ်းစားလိုက်ပြီးမှ "ရှိတယ် လို့ ငါမထင်ဘူး"ဟု ပြန်ပြောလိုက်သည်။
"အိုး ငါ့အထင်ကတော့ ရှိသင့်တယ်လို့ ထင်တယ်၊ ငါနေခဲ့တဲ့ အရင်ကျောင်းမှာတော့ ကျောင်းသီချင်း ရှိတယ်"ဟု ပြောလိုက်သည်။
ထို့နောက် တော့တိုး-ချန်သည် အသံကုန်ဟစ်၍ ယခင်ကျောင်းမှ ကျောင်းသီချင်းကို ဆိုလိုက် သည်။
"ဆန်ဇိုကူးရေအိုင်မှ ရေများ တိမ်ပါသော်လည်း ကျွန်ုပ်တို့၏ ပညာသင်ကြားမှုသည် နက်ရှိုင်းလွန်း လှပါ၏" တော့တိုး-ချန်သည် ယခင်ကျောင်းတွင် ကြာကြာမနေခဲ့ရပေ။ ကျောင်း၏သီချင်း စာသား များမှာ သူမ အတွက် ခက်ခဲသော စာလုံးများ ဖြစ်သော်လည်း သူမသည် ထိုကျောင်းသီချင်းကို မမေ့ပေ။ အထူးသဖြင့် အထက်ပါစာပိုဒ်ကို မမေ့ချေ။
တာအိ-ချန်သည်လည်း သီချင်းကို သဘောကျပုံရသည်။ ထိုအချိန်တွင် အခြားကျောင်းသားများမှာ လည်း ရောက်လာကြပြီဖြစ်ရာ။ သူတို့သည်လည်း တော့တိုး-ချန် သီဆိုသွားသည့် သီချင်းကို စိတ်ဝင်စားပုံရသည်။
"ကျောင်းသီချင်းတစ်ပုဒ် ရေးစပ်ဖို့ ကျောင်းအုပ်ဆရာကြီးကို ငါတို့ သွားတွေ့ကြအောင်"
တော့တိုး-ချန်က ပြောလိုက်သည်။
"ဟုတ်တယ် ငါတို့သွားတွေ့ကြမယ်"
အခြား ကျောင်းသားများကလည်း သဘောတူကြသည်။ ထို့ကြောင့် သူတို့အားလုံး ဆရာကြီး၏ ရုံးခန်းသို့ တစုတဝေးတည်း သွားကြလေတော့သည်။
တော့တိုး-ချန် သီဆိုပြသော အခြားကျောင်းမှ သီချင်းကို နားထောင်ပြီး ကျောင်းသားကလေးများ၏ တင်ပြချက်အပေါ် စဉ်းစားပြီးသောအခါ ဆရာကြီးက "ကောင်းပြီ မနက်ဖြန် မနက်မှာ မင်းတို့ အတွက် ကျောင်းသီချင်း တစ်ပုဒ်ရစေ့မယ်" ဟု ပြောလိုက်သည်။
"ဆရာကြီး ကတိအတိုင်းပဲနော်"
ကလေးများအားလုံးသည် ပြိုင်တူပြောလိုက်ကြပြီး သူတို့၏ စာသင်ခန်းရှိရာသို့ တန်းစီ၍ ပြန်လာ ကြသည်။
နောက်တစ်နေ့နံနက်တွင် ကျောင်းသားများအားလုံး ကျောင်းဝင်းမြေထဲရှိ မြေကွက်လပ်ပေါ်တွင် စုဝေး ကြရန် အတန်းတိုင်း၏ ကြော်ငြာသင်ပုန်း၌ ကြေညာချက်ထွက်လာသည်။ တော့တိုး-ချန်သည် ကျောင်းသား များ စုဝေးနေရာသို့ သွားသည်။ အားလုံးမှာ စိတ်ဝင်စားသော အသွင်ကို ဆောင်နေ ကြသည်။ ဆရာကြီးသည် ကျောက်သင်ပုန်းကြီး တစ်ချပ်ယူ၍ မြေကွက်လပ်အလယ်သို့ ရောက်ရှိ လာပြီး "အခု အချိန်ကစပြီး မင်းတို့ရဲ့ တိုမိုကျောင်းအတွက် သီချင်းတစ်ပုဒ်ရပြီ"ဟု ပြောရင်း သင်ပုန်းကြီးပေါ်တွင် မျဉ်းကြောင်း ငါးကြောင်းရေးဆွဲကာ သီချင်းစာသားများကို ရေးချလိုက်သည်။
၎င်းနောက်ဆရာကြီးသည် တီးဝိုင်းခေါင်းဆောင်သဖွယ် သူ၏ လက်များကို မြှောက်၍ "အခုအချိန် ကစပြီး ငါတို့သီချင်းဆိုကြရအောင်၊ အားလုံး ကြိုးစားဆိုကြပါ"ဟု ပြောလိုက်သည်။ ဆရာကြီးသည် လက်များ မြှောက်၍ ဂီတသံစဉ်အတိုင်း အနိမ့်အမြင့် ပြုလုပ်ကာ သီချင်းဆိုလေရာ အရေအတွက် အားဖြင့် ငါးဆယ် ရှိသော ကျောင်းသားများအားလုံးက လိုက်ဆိုကြလေသည်။
တို-မို-အီ၊ တို-မို-အီ၊ တို-မို-အီ
"ဒါ သီချင်းစာသား အားလုံးပဲလား"
သီချင်းဆိုခြင်းကို ခေတ္တရပ်လိုက်ချိန်တွင် တော့တိုး-ချန်က မေးလိုက်သည်။
"ဟုတ်တယ်၊ ဒါအားလုံးပဲ"
ဆရာကြီးက ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
"ဆွဲဆောင်မှုရှိတဲ့ စကာားလုံးတွေ ထပ်ဖြည့်ရင်ကောင်းမယ်၊ ဆန်ဇူကူးရေအိုင်က ရေများ တိမ်သော်လည်း ဆိုတဲ့ စာသားမျိုးတွေ ထပ်ဖြည့်ရင်ကောင်းမယ်"
တော့တိုး-ချန် သည် မကျေနပ်သော လေသံဖြင့် ပြောလိုက်သည်။
"မင်းသဘောမကျဘူးလား၊ ငါ့အထင်ကတော့ ငါတို့ကျောင်း သီချင်းဟာ တော်တော်ကလေး ကောင်းတယ် လို့ ထင်တာပဲ"
ဆရာကြီးက ပြောလိုက်သည်။ သူ၏မျက်နှာသည် အနည်းငယ်နီနေ၏။ သို့သော် ပြုံးနေ၏။
သီချင်းကို မည်သူမျှ မကြိုက်ကြ။ ရိုးလွန်းသော သီချင်း ဖြစ်သည်။
"ဒီလောက်ရိုးတဲ့ ကျောင်းသီချင်းကိုထားမဲ့အစား လုံးဝမထားတာက ပိုကောင်းတယ်" ဟု ပြောကြ သည်။
ဆရာကြီးသည် စိတ်မကောင်း ဖြစ်သွားပုံရသည်။ သို့သော် သူသည် စိတ်မဆိုးချေ။ သင်ပုန်းကြီး ပေါ်မှ စာသား များကို ဖျက်လိုက်သည်။ သူတို့ပြောစကားများက ဆရာကြီးကို စိတ်မကောင်းဖြစ်စေ သည်ဟု တော့တိုး-ချန် နားလည်လိုက်သည်။
ဆရာကြီးသည် သူ၏တပည့် ကျောင်းသားများနှင့် ကျောင်းအပေါ် မေတ္တာစေတနာထားသူ ဖြစ် သည်။ သို့သော် တပည့်ကျောင်းသားများသည် ငယ်ရွယ်နုနယ်သေးသူများ ဖြစ်သည့်အတွက် ဆရာကြီး၏ မေတ္တာ စေတနာကို ကောင်းစွာနားမလည်ကြသေးချေ။
မကြာမီ အချိန်အတွင်း၌ပင် သူတို့သည် ကျောင်းသီချင်းအကြောင်းကို မေ့သွားကြသည်။ ဆရာကြီး ကလည်း နောက်ထပ် ကျောင်းသီချင်း အသစ်တစ်ပုဒ်ကို မစဉ်းစားတော့။ ဆရာကြီးကား သင်ပုန်းကြီးပေါ်မှ သီချင်းစာသားများကို ဖျက်လိုက်သည့်အချိန်မှစ၍ ကျောင်းသီချင်းကိစ္စသည် အဆုံးသို့ ရောက်ရှိ သွားလေပြီ။ တိုမိုဂါကူးအန်တွင် ကျောင်းသီချင်းဟူ၍ လုံးမ၀ရှိမလာတော့။

အားလုံးကို ပြန်ထည့်ပါ
တော့တိုး-ချန်သည် ဤမျှ ပင်ပန်းသည့် အလုပ်မျိုးကို ရှေးယခင်က မလုပ်ခဲ့ဖူးချေ။ ထိုနေ့မှာ သူမ နှစ်သက် သော ပိုက်ဆံအိတ် အိမ်သာကျင်းထဲသို့ ကျသွားသည့်နေ့ ဖြစ်သည်။ ပိုက်ဆံအိတ်ထဲတွင် ပိုက်ဆံများ မရှိပေ။ သို့သော်လည်း ထိုအိတ်မှာလှပသော အိတ်ကလေးဖြစ်သောကြောင့် တော့တိုး-ချန်သည် အိမ်သာသွားရင်း ယူသွားမိလေသည်။ ပိုက်ဆံအိတ်၌ အနီရောင်၊ အ၀ါရောင် နှင့် အစိမ်းရောင် များ ပါရှိသည်။ အမှန်တကယ်ပင် လှပသော အိတ်ကလေး ဖြစ်သည်။
တော့တိုး-ချန်၌ ထူးခြားသော အလေ့အထတစ်မျိုး ရှိခဲ့သည်။ သူမသည် ငယ်စဉ်ကပင် အိမ်သာကို အသုံးပြုပြီးလျှင် အိမ်သာပေါက်မှ နေ၍ အောက်ဘက်ရှိ တွင်းထဲသို့ ငုံ့ကြည့်လေ့ ရှိသည်။ သူမ သည် မူလတန်းကျောင်းသို့ စသွားစဉ်ကလည်း ဤသို့ငုံ့ကြည့်မိသည့်အတွက် ဦးထုပ်များ အိမ်သာတွင်း ထဲသို့ကျကာ ဆုံးရှုံးခဲ့ရသည့် အကြိမ်ပေါင်မှာ မနည်းလှပေ။ ထိုအချိန်ထိုအခါက အိမ်သာများမှာ ရေဆွဲအိမ်သာ များ မဟုတ်ဘဲ တွင်းအိမ်သာများသာ ဖြစ်သည်။ သူမ၏ လှပသော ဦးထုပ်များသည် အိမ်သာတွင်း ထဲရှိ ရေများထဲ၌ ပေါလောမျောနေတတ်သည်။ အမေသည် သမီး ဖြစ်သူအား အိမ်သာကို အသုံးပြုပြီး လျှင် တွင်းထဲသို့ ငုံ့မကြည့်ဖို့ အမြဲမပြတ် ဆုံးမစကားပြောလေ့ ရှိသည်။
ထိုနေ့က တော့တိုး-ချန်သည် ကျောင်းမတတ်မီ အိမ်သာသို့ သွားသည်။ အမေ၏ သတိပေးစကား ကို သူမမေ့သွားသောကြောင့် အိမ်သာတွင်းထဲသို့ ငုံ့ကြည့်လိုက်စဉ် သူမကိုင်ထားသော ပိုက်ဆံ အိတ်သည် လက်ထဲမှ လွတ်ထွက်ကာ တွင်းထဲသို့ ကျသွားလေတော့သည်။ သူမ၏ နှုတ်မှ အော်မြည်သံ ထွက်သွားချိန်တွင် ပိုက်ဆံအိတ်သည် မှောင်နေသော တွင်းထဲ၌ ကွယ်ပျောက်သွား လေပြီ။
သို့သော်လည်း တော့တိုး-ချန်သည် မျက်ရည်များ မကျမိ။ ပိုက်ဆံအိတ်ကို ပြန်ဆယ်ယူရန် အား ထုတ်လေတော့သည်။ သူမသည် ကျောင်းစောင့်၏ အခန်းသို့သွား၍ သစ်ပင်များကို ရေလောင်း ရာ၌ အသုံးပြုသော ရှည်လျားသည့် သစ်သားလက်ကိုင်ရိုးတပ်ထားသည့် သစ်သားခွက်ကို ဆွဲယူ လာသည်။ လက်ကိုင်ရိုးသည် သူမ၏အရပ်ထက် နှစ်ဆ ရှည်လျားသည်။ သူမသည် ထိုသစ်သား ခွက်ကို ဆွဲယူပြီး ကျောင်း၏ နောက်ဘက်သို့ သွားသည်။ အိမ်သာတွင်းထဲမှ အညစ်အကြေးများ ကို ခပ်ထုတ်ရာ အပေါက်ကို လိုက်ရှာသည်။ ၎င်းအပေါက်သည် အိမ်သာနံရံ၏ အနောက်ဘက် တွင် ရှိမည်ဟု သူမ ထင်မိသည်။ အချိန်အတန်ကြာ ရှာဖွေပြီးသောအခါတွင်မှ သူမနှင့် သုံးပေခန့် အကွာတွင် အဖုံးဝိုင်းတစ်ခုကို တွေ့သည်။ တော့တိုး-ချန်သည် ခက်ခဲစွာဖြင့် အဖုံးကို ဖွင့်လိုက် သည်။ အဖုံးပွင့်သွားလေပြီ။ သူမရှာနေသော တွင်းကို တွေ့လေပြီ။ တွင်းထဲသို့ ငုံ့ကြည့်လိုက်သည်။
"အမေလေး ကူဟွန်းဘတ်စုက ရေကန်နီးနီးကြီးတဲ့ တွင်းကြီးပါလား"ဟု တော့တိုး-ချန်၏ နှုတ်မှ အသံ ထွက်သွား သည်။
၎င်းနောက် တော့တိုး-ချန်သည် သူမ၏လုပ်ငန်းကို စတင်လေတော့သည်။ တွင်းထဲမှ အညစ်အကြေးများကို သစ်သားခွက်ကြီးဖြင့် ခပ်ထုတ်သည်။ အစပထမတွင် သူမ၏ ပိုက်ဆံအိတ် ကျရာ နေရာတ၀ိုက်မှ အညစ် အကြေးများကို ခပ်ထုတ်သည်။ သို့သော်လည်း တွင်းမှာ နက်လည်း နက်၊ ကျယ်လည်းကျယ်ပြီး မှောင်နေသည်။ အိမ်သာသုံးလုံးမှ လာသော အညစ်အကြေးများ အားလုံးကို သိုလှောင်ထားရာ တွင်းကြီး ဖြစ်သည်။ သူမသည် တွင်းထဲသို့ လိမ့်မကျသွားရေးကို လည်း ဂရုစိုက်နေရသည်။ ထို့ကြောင့် သူမသည် တွင်းဝနားသိပ်မကပ်ဘဲ မလှမ်းမကမ်းမှနေ၍ သစ်သားခွက်ဖြင့် ခပ်ထုတ်ကာ အညစ်အကြေးများကို တွင်းဝတ၀ိုက်၌ သွန်ချလိုက်သည်။ တစ်ခွက်ခပ်ပြီးသည့်အခါတိုင်း သူမ ပိုက်ဆံအိတ်ပါလာခြင်း ရှိမရှိကို စစ်ဆေးသည်။ ပိုက်ဆံအိတ် ကို အလွယ်တကူ ပြန်တွေ့လိမ့်မည်ဟူ၍လည်း သူမ မှတ်ယူထားသည်။ သို့သော် ပိုက်ဆံအိတ်၏ အရိပ်အရောင်ကိုမျှပင် မတွေ့ရ။ ဘယ်များရောက်နေပါလိမ့်။ ကျောင်းတက် ခေါင်းလောင်းသံမှာ လည်း မြည်နေလေပြီ။
ဘာဆက်လုပ်ရပါမလဲဟု တော့တိုး-ချန် စဉ်းစားလိုက်သည်။ ဤမျှအချိန်ကြာကြာ ရှာဖွေပြီးမှ တော့ဖြင့် မထူးတော့ပါဘူး။ ဆက်ရှာလိုက်ဦးမယ်ဟု ဆုံးဖြတ်လိုက်သည်။ သူမသည် အားသစ် လောင်း၍ အညစ် အကြေး များကို ဆက်လက်ခပ်ထုတ်ပြန်သည်။
ထိုနေရာသို့ ကျောင်းအုပ်ဆရာကြီး အမှတ်မထင် ရောက်လာချိန်တွင် အညစ်အကြေးပုံသည် အတော် အသင့် မြင့် နေလေပြီ။
"မင်း ဘာလုပ်နေတာလဲ"ဟု ဆရာကြီးက မေးလိုက်သည်။
"ကျွန်မရဲ့ ပိုက်ဆံအိတ် ကျသွားလို့ပါ"
သူမသည် အညစ်အကြေးများကို ခပ်ထုတ်နေရင်းမှ ဖြေလိုက်ခြင်း ဖြစ်သည်။ သူမအနေဖြင့် အချိန် ကို အနည်းငယ်မျှမဖြုန်းလိုပေ။
"သြော် ဒီလိုလား"
ဆရာကြီးသည် ထိုမျှသာ ပြောပြီးနောက် လမ်းဆက်လျှောက်သည်။ သူသည် လက်နှစ်ဘက်ကို နောက်သို့ ပစ်ရင်း လမ်းလျှောက်သည့် အကျင့်ရှိသူ ဖြစ်သည်။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးလျက် ရှိသည်။ ပိုက်ဆံအိတ်ကို ပြန်မတွေ့သေး။ အညစ်အကြေး ပုံမှ ထွက်လာသော အနံ့များသည် ပို၍ ပို၍ ပြင်းထန်လာသည်။ ဆရာကြီးနောက်တစ်ကြိမ် ရောက် လာပြန်သည်။
"မင်းရဲ့ ပိုက်ဆံအိတ် ကို တွေ့ပြီလား"ဟု မေးလိုက်ပြန်သည်။
"မတွေ့သေးပါဘူး" တော့တိုး-ချန်က ဖြေလိုက်သည်။ သူမတစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲလျက် ရှိ သည်။ မျက်နှာလည်း နီရဲနေ၏။
ထိုအခိုက်ဆရာကြီးသည် သူမအနီးသို့ ကပ်လာပြီး ချိုသာသော လေသံဖြင့် "မင်း အခုလုပ်နေတာ တွေ ပြီးသွားရင် ဒီအညစ်အကြေးတွေ အားလုံးကို ကန်ထဲ ပြန်ထည့်ရမယ်နော်၊ ပြန်ထည့်မယ် မဟုတ်လား"ဟု ပြောလိုက်သည်။ ထိုသို့ပြောပြီးနောက် ဆရာကြီးသည် ယခင်ကအတိုင်း ပြန်လည် ထွက်ခွာသွားသည်။
"ဟုတ်ကဲ့ ဟုတ်ကဲ့"
တော့တိုး-ချန်သည် ရွှင်ရွှင်ပျပျ လေသံဖြင့် ပြန်ပြောလိုက်သည်။ ၎င်းနောက် သူမ၏အလုပ်ကို ဆက်လုပ်သည်။ ဤသို့ဆက်လုပ်နေရင်းမှာပင် ခေါင်းထဲသို့ အတွေးတစ်ခု ၀င်လာသည်။ သူမသည် အညစ်အကြေး ပုံကြီးကို ကြည့်လိုက်သည်။
"ငါလုပ်စရာရှိတာ လုပ်ပြီးရင် ဒီအပုံကြီးထဲက မာတဲ့အရာဝတ္ထုတွေကိုတော့ ပြန်ထည့်လို့ရမယ်။ အရည် တွေကို ဘယ်လိုပြန်ထည့်မလဲ"
အရည်များ သည် မြေကြီးထဲသို့ စီးဝင်ပျောက်ကွယ်သွားကြကုန်လေပြီ။
တော့တိုး-ချန်သည် အလုပ်လုပ်နေခြင်းကို ရပ်လိုက်သည်။ အညစ်အကြေးများကို ကန်ထဲသို့ မည်သို့မည်ပုံ ပြန်ထည့် ရမယ်ကို စဉ်းစားလိုက်သည်။ နောက်ဆုံး၌ သူမသည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ စိုနေသော မြေကြီးတချို့ကိုပါ ပြန်ထည့်လိုက်မည်။
အညစ်အကြေးပုံကြီးမှာ အတော့်ကို ကြီးလာပြီ။ ကန်ထဲ၌လည်း အညစ်အကြေး ကုန်သလောက် နီးနီး ဖြစ်နေသည်။ သို့သော်လည်း ပိုက်ဆံအိတ်ကို မတွေ့ရသေး။ ပိုက်ဆံအိတ်သည် အညစ် အကြေးကန်၏ နှုတ်ခမ်းတစ်နေရာတွင် ကပ်နေကောင်း ကပ်နေမည်။ သို့မဟုတ် ကန်၏ အောက်ခြေသို့ ရောက်နေကောင်း ရောက်နေမည်။ တော့တိုး-ချန်သည် ဘာကိုမျှ ဂရုမစိုက်တော့။ သူမအနေဖြင့် သူမလုပ်နိုင်သရွေ့ကို လုပ်ပြီးပြီ ဖြစ်သောကြောင့် ကျေနပ်သွားလေပြီ။ တော့တိုး-ချန် ၏ ကျေနပ်မှုတွင် ဆရာကြီးက မိမိကိုမဆူဘဲ၊ ယုံကြည်စွာဖြင့် တာဝန်ပြန်ပေးသွားသည့် အချက် လည်း ပါဝင်သည်။
များစွာသော လူကြီးများသည် တော့တိုး-ချန် ယခုလို လုပ်ပုံကိုင်ပုံကို မြင်တွေ့လိုက်ပါက "ဟဲ့ နင်ဘာလုပ် နေတာလဲ" သို့မဟုတ် "မလုပ်နဲ့လေ ဘေးအန္တရာယ်ရှိတယ်" ဟူ၍ ဆူပူကြပေလိမ့်မည်။ သို့မဟုတ် သူမကို ၀ိုင်းဝန်း ကူညီကြပေလိမ့်မည်။
ဆရာကြီးအနေဖြင့် အများနှင့်မတူဘဲ "မင်းရဲ့အလုပ်တွေ ပြီးရင် အားလုံးကို ပြန်ထည့်ပါ။ ပြန်ထည့် မယ် မဟုတ်လား" ဟူ၍သာ ပြောသည်။ "စိတ်ထား သဘောထား ပြည့်ဝတဲ့ ဆရာကြီးပါပဲ" ဟု တော့တိုး-ချန်၏ အမေသည် သမီးပြန်ပြောသော ဇာတ်လမ်းကို ကြားရသောအခါ ဆရာကြီးကို ချီးကျူးမိလေသည်။
ထိုအဖြစ်အပျက်ဖြစ်ပြီးနောက် နောက်ပိုင်းတွင် တော့တိုး-ချန်သည် အိမ်သာကို အသုံးပြုပြီးသည့် အခါ အိမ်သာကျင်းထဲသို့ ငုံ့ကြည့်သည့်အလေ့ကို လုံးဝစွန့်လွှတ်လိုက်လေတော့သည်။ ၎င်းအပြင် သူမသည် ဆရာကြီးကိုလည်း ရှေးကထက်ပို၍ ချစ်ခင်မိပြီး ဆရာကြီးသည် သူမလုံးလုံးလျားလျား ယုံကြည်ရမည့် လူကြီး တစ်ယောက်ဖြစ်သည်ဟူ၍လည်း မှတ်ယူထားလိုက်လေတော့သည်။
တော့တိုး-ချန်သည် သူမ၏ ကတိအတိုင်း အညစ်အကြေးများအားလုံးကို ကန်ထဲသို့ ပြန်ထည့် သည်။ အညစ်အကြေးများကို ထုတ်ယူခြင်း အလုပ်သည် ပင်ပန်းပြီး အချိန်ကြာသည်။ ပြန်ထည့် ရာ၌မူ လျင်မြန်သည်။ သူမသည် ရေစိုနေသော မြေကြီးအချို့ကိုလည်း ကော်ထည့်လိုက်သည်။ ထို့နောက် မြေကြီးကို ညီသွားအောင် ညှိလိုက်သည်။ အဖုံးကိုလည်း ဖုံးလိုက်သည်။ ပြီးတော့မှ သစ်သားခွက် ကို ကျောင်းစောင့်၏ အခန်း၌ ပြန်ထားလိုက်သည်။
ထိုည အိပ်ရာသို့ မ၀င်မီ တော့တိုး-ချန်သည် မှောင်မည်းနေသော အိမ်သာတွင်းထဲသို့ ကျသွား သည့် သူမ၏လှပသော ပိုက်ဆံအိတ်ကို ပြန်လည် သတိရမိသည်။ ပိုက်ဆံအိတ်ဆုံးရှုံးသွားသဖြင့် သူမသည် စိတ်မကောင်း ဖြစ်မိသည်။ သို့သော်လည်း ပင်ပင်ပန်းပန်းအလုပ်က သူမကို ပင်ပန်း နွမ်းနယ် စေသည့် အတွက် များမကြာမီ အိပ်ပျော်သွားလေတော့သည်။
ထိုအချိန်၌ပင် သူမ ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့သော နေရာကို ပြန်ကြည့်ပါက မြေကြီးသည် လရောင် အောက်တွင် အရောင်တလက်လက်ဖြစ်နေရာ လှပသော အရာဝတ္ထုပစ္စည်း တစ်မျိုးမျိုးနှင့် ပုံသဏ္ဌာန်တူ နေပေသည်။
တော့တိုး-ချန်၏ ပိုက်ဆံအိတ်ကလေးမှာလည်း တစ်နေရာရာ၌ ငြိမ်သက်စွာဖြင့် အနားယူနေမည် ဖြစ်သည်။

တော့တိုး-ချန်၏ နာမည်
တော့တိုး-ချန်၏ နာမည်အမှန်မှာ တက်ဆူးကိုး ဖြစ်သည်။ သူမကို ကိုယ်ဝန်ဆောင်ထားစဉ်က အမေနှင့် အဖေတို့၏ မိတ်ဆွေများနှင့် ဆွေမျိုးများက ယောက်ျားကလေး မွေးလိမ့်မည်ဟု အသေ အချာ ပြောကြသည်။ မွေးလာမည့်ကလေးမှာ သူတို့၏ ပထမကလေးဖြစ်ရာ ယောက်ျားကလေး မွေးမှာ သေချာ သည်ဟု သူတို့ကလည်း ယုံကြည်မိသည်။ ကလေးကို 'တိုယို'ဟု ခေါ်တွင်ရန် ဆုံး ဖြတ်ထားကြသည်။ သို့သော်လည်း မိန်းကလေးမွေးလာသည့်အတွက် သူတို့သည် စိတ်အနှောင့် အယှက် အနည်းငယ် ဖြစ်မိသည်။
သမီး၏နာမည်ကို "ဆက်ဆူးကိုး" ဟု မှည့်လိုက်ကြသည်။ ထို့ကြောင့် လူတိုင်းက သူမကို "တက်ဆူး ကိုး-ချန်" ဟု ခေါ်ကြသည်။ (ချန်ကို "ဆန်"ကဲ့သို့ပင် လူနာမည်၏ နောက်၌တွဲသုံးလေ့ရှိ ကြသည်။)
သို့သော်လည်း သူမသည် တက်ဆူးကို-ချန်ဟူသော အသံထွက်ကို သိပ်မကြိုက်။ ထို့ကြောင့် တစ်ဦး တစ်ယောက်က မင်းနာမည်ဘယ်လိုခေါ်သလဲဟု မေးသည့်အခါ "တော့တိုး-ချန်"ဟု ပြန်ဖြေ လေ့ရှိ သည်။
အဖေသည် သူမကို သားအမှတ်ဖြင့် "တော့စကီ"ဟု တစ်ခါတစ်ရံ ခေါ်လေ့ရှိသည်။ အဖေက "တော့စကီ၊ အဖေ့ကို ကူညီပါဦး"ဟု ပြောတတ်သည်။ အဖေနှင့် ရော့ကီမှလွဲလျှင် လူတိုင်းက သူမ ကို တော့တိုး-ချန်ဟူ၍သာ ခေါ်လေ့ရှိကြသည်။ သူမသည် သူမ၏ကျောင်းစာအုပ်များပေါ်တွင် တက်ဆူးကိုးဟု နာမည်ထိုး ထားသော် လည်း သူမကိုယ်ကိုသူမ တော့တိုး-ချန် ဟူ၍သာ မှတ်ယူ ထားလေသည်။
ရေဒီယို လူရွှင်တော်များ
တော့တိုး-ချန်သည် ယမန်နေ့က စိတ်အနှောင့်အယှက် ဖြစ်ခဲ့သည်။ အမေက "ရေဒီယိုက လွှင့်တဲ့ လူရွှင်တော် တွေရဲ့ ပြက်လုံးတွေကို သမီးဘယ်တော့မှ နားမထောင်ရတော့ဘူး" ဟု ပြောခဲ့သော ကြောင့် ဖြစ်သည်။
တော့တိုး-ချန်တို့ ငယ်စဉ်က ရေဒီယိုများမှာ ကြီးမားပြီး သစ်သားဖြင့် ပြုလုပ်ထားသည်။ ခန့်ခန့် ညားညား ရှိသော ရေဒီယိုများ ဖြစ်သည်။
သူမ တို့အိမ်မှ ရေဒီယို ပုံသဏ္ဌာန်မှာ စတုရန်းပုံသဏ္ဌာန်ဖြစ်ပြီး ထိပ်ပိုင်းမှာ ခပ်ခုံးခုံးကလေး ဖြစ် သည်။ အသံချဲ့စက် မှာလည်း ကြီးများသည်။ ၎င်းကို ပန်းနုရောင် ပိုးသားဖြင့် အုပ်ထားသည်။ ရေဒီယိုတွင် ခလုတ် နှစ်ခု ပါရှိသည်။
တော့တိုး-ချန်သည် ကျောင်းမသွားမီ အရွယ်ကတည်းက ရာကူးဂိုးလူရွှင်တော်များ၏ ဟာသများနှင့် ပြက်လုံး များကို နားထောင်ရန် နှစ်သက်ခဲ့သည်။ သူမသည် သူ၏ နားရွက်ကို ပန်းနုရောင် ပိုးသား နားအထိ ကပ်ပြီး နားထောင်လေ့ရှိသည်။ ဟာသများသည် စိတ်ပျော်ရွှင်ချမ်းမြေ့မှုကို များစွာပေး သည်ဟု သူမထင်မှတ်သည်။ အမေသည် ယမန်နေ့ နံနက်ပိုင်းအထိ ရေဒီယိုမှ လူရွှင်တော်များ၏ ပြက်လုံးကို သူမ နားထောင်ခြင်းကို ခွင့်ပြုခဲ့သည်။
သို့သော်လည်း လွန်ခဲ့သော ညက အဖေ၏ ဂီတမိတ်ဆွေများသည် တေးဂီတများကို တီးမှုတ် လေ့ကျင့်ရန် အိမ်သို့ ရောက်လာကြသည်။ သူတို့သည် ဧည့်ခန်းကို အသုံးပြုကြသည်။
"ဆယ်လိုတီးတဲ့ မစ္စတာဆူနီဆာဒါတာချီဘားနားက သမီး အတွက် ငှက်ပျောသီးတွေ ယူလာ တယ်" ဟု အမေက ပြောလိုက်သည်။ တော့တိုး-ချန်သည် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
သူမသည် မစ္စတာ တာချီဘားနားကို ယဉ်ကျေးသိမ်မွေ့စွာဖြင့် ဦးညွှတ်လိုက်ပြီးနောက် သူမ၏ အမေဘက်သို့ လှည့်၍ "အမေ ငှက်ပျော်သီးဟာ သိပ်လှသိပ်ကောင်းတာပဲ" ဟု ပြောလိုက်သည်။
နောက်ပိုင်းတွင် တော့တိုး-ချန်သည် အမေနှင့်အဖေတို့အိမ် အပြင်ဘက်သို့ ထွက်သည့်အခါတွင်မှ ရေဒီယိုကို တိတ်တဆိတ် နားထောင်ရသည်။
လူရွှင်တော်များ၏ ပြက်လုံးများ ကောင်းသည့်အခါ သူမသည် ဟားတိုက်၍ ရယ်မိသည်။ အကယ်၍သာ လူကြီးများ သူမအနား၌ ရှိနေမည်ဆိုလျှင် ဤမျှအသက်ငယ်သော မိန်းကလေးက ပြက်လုံးများကို နားထောင်ပြီး ဘာများနားလည်လို့ ရယ်ပါ လိမ့်ဟု အံ့သြခြင်းဖြစ်မိကောင်း ဖြစ်မိကြလိမ့်မည်။ ကလေးသူငယ်များ၌ မွေးကတည်းက ဟာသ ဥာဏ်ပါလာသည်ဆိုသည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပါ။ သူတို့မည်မျှပင် အသက်ငယ်ပါစေ၊ သူတို့ သည် ရယ်စရာကောင်း၏ မကောင်း၏ ဆိုသည်ကို မစဉ်းအမြဲခွဲခြား သိရှိကြသည်သာတည်း။
မီးရထားတွဲတစ်တွဲ ရောက်လာခြင်း
"ကနေ့ညမှာ မီးရထားတွဲသစ်တစ်တွဲ ရောက်လာဖို့ ရှိတယ်"
နေ့လယ်စာ စားရန် အားလပ်ခွင့်ပေးချိန်၌ မိရိုး-ချန်က ပြောသည်။ မိရိုး-ချန်သည် ဆရာကြီး၏ တတိယ သမီး ဖြစ်သည်။ သူမသ်ည တော့တိုး-ချန်နှင့် အတန်းတူ ဖြစ်သ်ည။
စာသင်ခန်းများအဖြစ် အသုံးပြုထားပြီဖြစ်သော မီးရထားတွဲ အရေအတွက်မှာ ခြောက်တွဲ ဖြစ်သည်။ နောက်ထပ် တစ်တွဲရောက်လာဦးမည်။ နောက်ရောက်လာမည့် တွဲကို စာကြည့်ဆောင် တွဲအဖြစ် အသုံး ပြုမည်ဟု မိရိုး-ချန်က ပြောသည်။
"ကျောင်းထဲကို ရော်ကလာဖို့ ဘယ်လမ်းကများ လာမယ်ဆိုတာ ငါတော့ စဉ်းစားလို့မရဘူး"
ကျောင်းသား တစ်ယောက်က ပြောသည်။
ဤအကြောင်းကိစ္စသည် အငြင်းအခုံဖြစ်နိုင်သော ကိစ္စ ဖြစ်သည်။ ထင်မြင်ချက်အမျိုးမျိုး ပြောကြ သည်။
"ရထားတွဲကို အိုအိမာချိ လမ်းအတိုင်း ဆွဲယူလာမယ်၊ ပြီးတော့မှ ဒီဘက်ကိုလာမယ့် လမ်းခွဲက တစ်ဆင့် ယူလာမယ်လို့ ငါထင်တယ်"
ကျောင်းသားတစ်ယောက်က ပြောလိုက်သည်။
"အဲဒီလိုဆိုရင် ဒီထဲကို လာဖို့ရာ ရထားလမ်းရှိမှာ မဟုတ်ဘူး"
ကျောင်းသားတစ်ယောက်က သူ၏ထင်မြင်ချက်ကို ပြောလိုက်ပြန်သည်။
ထိုအခါ အခြားတစ်ယောက်ကလည်း အားကျမခံဘဲ ...
"လှည်းတစီးစီးပေါ်မှာ တင်ယူလာမယ်လို့ ငါထင်တယ်"ဟု ပြောလိုက်လေရာ အခြားကျောင်းသား တစ်ယောက် က ...
"ဟာ မဖြစ်နိုင်တာဘဲ၊ ရထားတွဲတင်ဖို့ ဒီလောက်ကြီးတဲ့ လှည်းမျိုး မရှိပါဘူး"ဟု တမုဟုတ်ချင်း ပြန် ပြောလိုက် သည်။
"ငါလည်း မထင်ပါဘူး"
ကျောင်းသားတစ်ယောက်၏ အသံ ဖြစ်သည်။
ထင်မြင်ချက် အမျိုးမျိုး ထွက်လာသည်။ ကလေးများအနေဖြင့် မီးရထားတွဲကို လှည်းပေါ်တွင် လည်းကောင်း၊ ကုန်တင်ကားပေါ်တွင်လည်းကောင်း တင်ယူပြီး သယ်ဆောင်၍ မရပါဆိုသည့် အချက်ကိုမူ သဘောပေါက်နားလည်ထားလေသည်။
"မီးရထားလမ်းလိုတယ် မီးရထားလမ်း၊ ဒီကျောင်းထဲကို ရောက်အောင် မီးရထားလမ်းခင်းမယ်လို့ ငါထင် တယ်"
တော့တိုး-ချန်သည် အတန်ကြာ စဉ်းစားပြီးသောအခါမှ သူမ၏ ထင်မြင်ချက်ကို ပြောလိုက်သည်။ "ဘယ်နေရာက စပြီး မီးရထားလမ်းကို ခင်းမှာလဲ"
တော့တိုး-ချန်က ပြန်ပြောလိုက်သည်။ ထိုသို့ ပြန်ပြောပြီးသောအခါမှ သူမ၏စိတ်ကူးသည် သိပ် မဟန် ကြောင်းကို သူမနားလည်လိုက်သည်။ မီးရထားတွဲ ဘယ်နေရာမှ လာမည်ကို သူမ မသိချေ။
ကျောင်းဝင်းထဲသို့ ရောက်အောင် မီးရထားလမ်းကို တည့်မတ်စွာ ဖောက်ရေးအတွက် အိမ်များနှင့် အခြား အရာဝတ္ထု ပစ္စည်းများကို ရှင်းလင်းမှာ မဟုတ်ဆိုသည့်အချက်ကို သူမ စဉ်းစားလိုက်သည်။
သူတို့သည် အချိန်အတန်ကြာပြောဆို ဆွေးနွေးကြပြီးနောက် ထိုနေ့မွန်လွဲပိုင်း ကျောင်းလွှတ်ချိန် တွင် အိမ်သို့မပြန်ကြဘဲ မီးရထားတွဲ ရောက်ရှိလာသည်အထိ ကျောင်း၌ပင် ဆက်နေကြရန် ဆုံး ဖြတ်လိုက် ကြသည်။ ညဘက်တွင် ကျောင်း၌ နေခွင့်ရရေးအတွက် ဆရာကြီးထံ သွားရောက် ခွင့်ပန်ဖို့ အတွက် မိရိုး-ချန်ကို ရွေးချယ်တာဝန်ပေးလိုက်ကြသည်။
ခဏအကြာတွင် မိရိုး-ချန် ပြန်ရောက်လာသည်။
"ရထားတွဲဟာ ညဥ့်နက်မှ ရောက်လာလိမ့်မယ်။ ပြေးဆွဲခုတ်မောင်းနေတဲ့ ရထားတွဲတွေ ရပ်နားတော့မှ သယ်ယူလာလို့ရမှာ၊ ရထားတွဲ သယ်ယူလာတာကို ကြည့်ချင်ရင် အိမ်ကို ပထမပြန် ပြီး ခွင့်ပြုချက် တောင်းခံ ရမယ်တဲ့၊ ပြီးတော့မှ ဒီကိုပြန်လာရမယ်၊ ညအိပ်အင်္ကျီရယ်၊ စောင်ရယ် ယူခဲ့ရမယ်၊ နောက်ပြီး တော့ ညစာကို စားခဲ့ရမယ်တဲ့"
မိရိုး-ချန်က ထိုသို့ပြောလိုက်သောအခါ ကလေးများအားလုံး ပျော်မြူးသွားကြသည်။
"ဟေး ..."
"ဆရာႀကီးက ညအိပ္အက်ႌ ယူခဲ့ရမယ္တဲ့"
"စောင်တွေပါတဲ့"
ထိုမွန်းလွဲပိုင်း၌ ကျောင်းသားများသည် ကျောင်းသင်ခန်းစာများကို စိတ်မ၀င်စား ကြတော့ချေ။ ကျောင်း လွှတ် သည့်အခါ တော့တိုး-ချန်၏ အတန်းမှ ကျောင်းသားများအားလုံးအိမ်သို့ အမြန်ဆုံး ပြန်သွားကြသည်။
အိမ်သို့ ပြန်ရောက်ရောက်ချင်း တော့တိုး-ချန်သည် အမေ့ကို ပြောပြလေတော့သည်။
"ရထားတွဲ တစ်တွဲ ရောက်လာမယ်အမေ၊ ဘယ်လိုရောက်မယ်ဆိုတာ ကျွန်မတို့မသိဘူး၊ ညအိပ် အင်္ကျီနဲ့ စောင်တစ်ထည် ရယ်၊ ကျွန်မ သွားမယ်နော်"
တော့တိုး-ချန် ဘာကိုဆိုလိုသည်ကို အမေ မသိသဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။ သို့သော်လည်း သမီး၏ မျက်နှာအမူအရာကို ကြည့်ခြင်းအားဖြင့် တစ်ခုခုတော့ ထူးထူးခြားခြား ရှိ လာသည်ကို သူမ မှန်းဆ ၍ ရသည်။
အမေသည် တော့တိုး-ချန်ကို မေးခွန်းအမျိုးမျိုး မေးသည်။ နောက်ဆုံးတွင်မူ သူမ၏ သမီး ပြောလို သည့် အချက်များနှင့် ပေါ်ပေါက်မည့်အခြေအနေကို သူမ သိရှိလေသည်။ ရထားတွဲကို သယ်ယူ လာပုံကို သွားကြည့်ခွင့် ပေးသင့်သည်ဟု အမေ ထင်သည်။ ဤလိုအခွင့်အရေးမျိုး တော်ရုံတန်ရုံနှင့် မကြုံကြိုက်နိုင်။ အမေ သည်ပင်လျှင် သွားကြည့်ချင်သေးသည်။
အမေသည် ညစာစားပြီးချိန်တွင် တော့တိုး-ချန်၏ ညအိပ်အင်္ကျီနှင့် စောင်တစ်ထည်ကိုယူ၍ သမီးကို ကျောင်းသို့ ခေါ်သွားသည်။ ကလေးဆယ်ယောက်ခန့် ရောက်ရှိနေကြလေပြီ။ သူတို့အထဲတွင် ကျောင်းသား ခပ်ကြီးကြီးများလည်း ပါဝင်သည်။ သူတို့သည် မီးရထားတွဲယနေ့ည ရောက်လာမည်ဟု တစ်ဆင့် စကား ကြား၍ လာကြခြင်း ဖြစ်သည်။ အချို့မိခင်များသည်လည်း သူတို့၏ ကလေး များနှင့်အတူ ကျောင်းသို့ ရောက်လာ ကြသည်။ သူတို့ကို ကြည့်ရသည်မှာ ကလေးများနှင့်အတူ ကျောင်း၌ ရှိနေချင်ပုံရသည်။ သို့သော် ကလေးများကို ဆရာကြီးထံ အပ်နှံပြီးသောအခါတွင် အိမ်သို့ ပြန်သွားကြလေတော့သည်။
"မီးရထားတွဲရောက်လာရင် မင်းတို့ကို ဆရာကြီးနှိုးမယ်"
ဆရာကြီးသည် သူ၏တပည့်များကို စုဝေးခန်းမကြီးထဲ၌ အိပ်ရန် နေရာချထားပေးရင်း ပြောလိုက် သည်။ သူသည် သူ၏တပည့်များကို စောင်များဖြင့် နွေးနွေးထွေးထွေး အိပ်စေသည်။
မီးရထားတွဲ ဘယ်လိုနည်းနဲ့ ရောက်လာမလဲဆိုသည်ကို ကလေးများသည် စဉ်းစားနေကြသဖြင့် ရုတ်တရက် အိပ်မပျော်ကြ။ သို့သော်လည်း များမကြာမီ သူတို့သည် အိပ်ငိုက်လာကြသည်။ တစ်နေ့လုံး ဆော့ကစား ထားသဖြင့် မောပန်းနေပြီ ဖြစ်သည်။
"ငါ့ကို နှိုးဖို့မမေ့နဲ့နော်"ဟု တစ်ယောက်ကို တစ်ယောက်ပြောနေချိန်တွင် အချို့ကလေးများမှာ အိပ်မောကျ နေပြီ ဖြစ်သည်။
"ရောက်လာပြီဟေ့၊ ရောက်လာပြီ"
ဆူဆူညံညံအသံများကြောင့် တော့တိုး-ချန်သည် အိပ်ပျော်နေရာမှ နိုးလာလေတော့သည်။ တော့တိုး-ချန်သည် အမြန်ဆုံး ထရပ်လိုက်ပြီးနောက် ကျောင်းတွင်းရှိ မြေကွက်လပ်ကို ဖြတ်ကျော် ကာ ကျောင်းဝင်း တံခါးသို့ ပြေးသွားသည်။ နံနက်ခင်း၏ မှုန်မွှားမွှားအလင်းရောင်းအောက်၌ မီးရထားတွဲကြီးကို မြင်တွေ့ လိုက်ရသည်။ အိပ်မက်မက်နေသည်ဟု ထင်မှတ်ရသည်။ မီးရထား လမ်းလည်းမရှိ။ အသံလည်းမမြည်ဘဲ လမ်းအတိုင်း တရွေ့ရွေ့လာနေသော မီးရထားတွဲတစ်တွဲ။ ၎င်းတွဲကို အိုအိမာချိမီးရထားလိုင်းမှ ၀န်လေး ဆွဲယာဉ် က ဆွဲယူလာခြင်း ဖြစ်သည်။ တော့တိုး-ချန် နှင့် အခြားကျောင်းသားငယ်များသည် ယခင်က သူတို့မတွေ့ဖူးသည်များကို ယခုတွေ့မြင်ရလေပြီ။ လှည်းတစ်စီးထက်ပို၍ ကြီးသော ၀န်တင် နောက်တွဲ ယာဉ်ကို ၀န်လေးဆွဲယာဉ်တစ်စီးက ဆွဲယူ သွားပုံကို ယခုသူတို့မျက်မြင်တွေ့ရသဖြင့် အတောမသတ် အောင် အံ့သြခြင်း ဖြစ်မိသည်။
လူသွားလူလာကင်းမဲ့ပြီး ရှင်းလင်းနေသော နံနက်ခင်းတွင် လမ်းမကြီးပေါ်၌ ၀န်လေးဆွဲယာဉ်သည် မီးရထား တွဲတင်ထားသော နောက်တွဲယာဉ်ကို တဖြည်းဖြည်းချင်း ဆွဲယူလာသည်။
လူသွားလာကင်းမဲ့ပြီး ရှင်းလင်းနေသော နံနက်ခင်းတွင် လမ်းမကြီးပေါ်၌ ၀န်လေးဆွဲယာဉ်သည် မီးရထား တွဲတင်ထားသော နောက်တွဲယာဉ်ကို ၀န်လေးဆွဲယာဉ်ကို တဖြည်းဖြည်းချင်း ဆွဲယူလာ သည်။
များမကြာမီ ဆူဆူညံညံအသံများက တိတ်ဆိတ်ခြင်းကို ဖြိုခွဲလိုက်သည်။ ထိုအချိန်ထိုအခါက လေးလံသော ပစ္စည်း များကို သယ်ပိုးသည့် ၀န်ချီစက်ကြီးများ မရှိသေးချေ။ ထို့ကြောင့် ရထားတွဲကို နောက်တွဲယာဉ် ပေါ်မှချပြီး ကျောင်းဝင်းအတွင်းရှိ မြေကွက်လပ်ပေါ်ရှိ နေရာချထားဖို့အလုပ်မှာ အလွန်ကြီးမားသော အလုပ် တစ်မျိုးပင် ဖြစ်သည်။ ရထားတွဲကို သယ်ယူလာကြသူများသည် သစ်လုံးအများအပြားကို ရထားတွဲ အောက်သို့ ထိုးသွင်းကြပြီးနောက် ရထားတွဲကို နောက်တွဲယာဉ် ပေါ်မှ မြေကြီး ပေါ်သို့ ရောက်အောင် တဖြည်းဖြည်း ဆွဲချယူရသည်။
"သေသေချာချာ ကြည့်ကြနော်၊ သစ်လုံးတွေကို တလိမ့်တုံးတွေလို့လဲ ခေါ်ကြတယ်။ အဲဒီ ရထားတွဲ ကြီး ရွှေ့ဖို့ အတွက် တလိမ့်တုံးတွေရဲ့ လိမ့်အားကို အသုံးပြုရသည်။
ဆရာကြီးက တပည့်များကို ရှင်းပြသည်။
ကလေးများအားလုံးသည် စိတ်ဝင်စားစွာဖြင့် ကြည့်နေကြသည်။
"ဟေး ဟို၊ ဟေး ဟို"
အလုပ်သမားများသည် အလုပ်လုပ်ရင်း နှုတ်ဖျားမှလည်း ရေရွတ်နေကြသည်။
သူတို့၏ ညီညီညာညာရေရွတ်သံများနှင့်အတူ နေမင်းကြီးမှာလည်း တဖြည်းဖြည်း ထွက်ပေါ်လာ သည်။
ကျောင်းသို့ ရောက်နှင့်နေပြီဖြစ်သော အခြားတွဲခြောက်တွဲကဲ့သို့ပင် ခရီးသည်များစွာကို သယ်ဆောင် ခဲ့သော ဤရထားတွဲ၌လည်း ဘီးများ မရှိတော့။ ဘီးများကို ဖြုတ်ထားလိုက်ပြီ ဖြစ် သည်။ ၎င်း၏ ခရီးသွား သက်တမ်းမှာ ကုန်ဆုံးသွားလေပြီ။ ယခုအချိန်မှစ၍ ဤရထားတွဲသည် ကလေးသူငယ်များ၏ ရယ်မောသံ များကိုသာ သယ်ယူရပေတော့မည်။
နံနက်ခင်း၏ နေရောင်ခြည်အောက်တွင် ညအိပ်အင်္ကျီများကို ၀တ်ဆင်ပြီး ရပ်ကြည့်နေကြသော ယောက်ျား ကလေးများနှင့် မိန်းကလေးများသည် ပျော်လွန်းသောကြောင့် လက်ခုပ်လက်ဝါးတီးကာ ခုန်ပေါက် ကြသည်။ အချို့က ဆရာကြီး၏ လည်ပင်းမှ လက်မောင်းများကို တွဲလဲခိုစီးကြလေတော့ သည်။
ကိုယ်ခန္ဓာ ယိုင်ထိုးနေသော ဆရာကြီး၏ မျက်နှာမှာ ပြုံးပြုံးရွှင်ရွှင် ဖြစ်နေသည်။ ဆရာကြီး၏ ပြုံးရွှင် သော မျက်နှာကို မြင်ကြရသောအခါ ကလေးများကလည်း လိုက်ပြုံးကြလေသည်။
ထိုကလေး များအားလုံးသည် ထိုနေ့က ပျော်ရွှင်ခဲ့ကြပုံများကို အစဉ်အမြဲ သတိရနေကြလေသည်။
ရေကူးကန် မနက်ဖြန်
.
2 comments:
ကျောင်းမသွားခင် တော့တိုးချန် လာဖတ်သွားတယ် မရွှေစင်ဦးရေ .. ။ သူ့လို မီးရထားတွဲနဲ့ ကျောင်းမျိုး တက်ချင်လိုက်တာ။ :)
စာတွေနေ့တိုင်းတင်ပေးတာ ကျေးဇူးပါရှင်။
မမရွှေစင်ရေ...
တကယ်အမောပြေပါတယ်။ ညီမလေး ပြောဖူးတဲ့ ခြောက်တန်းနှစ်ကတည်းက ခေါင်းထဲမှာ စွဲနေတဲ့ အကြောင်းအရာလေးက အဲဒီအိမ်သာတက်ရင် တွင်းထဲကို ငုံ့ငုံ့ ကြည့်လို့ ပိုက်ဆံအိတ်လေးကျသွားတဲ့အခန်းပေါ့.. :)
ချစ်ညီမလေး
Post a Comment