Wednesday, January 6, 2010

ဒဂုန်ခင်ခင်လေး စာဆိုတော် အခန်း(၂၀)

အခန်း(၂၀)

ထိုအချိန်ကား ဘ၀ရှင် မင်းတုန်းဘုရင် မင်းတရားကြီးမှာ စက်တော်အဆောင်တွင်းတွင် ရတနာခုနှစ်ပါး စီခြယ်သော ရွှေသလွန်ပေါ်ဝယ် ကိုယ်လုပ်တော်များ၊ ရွှေသား ဒေါင်းတောင် နှင့် ခပ်ဆက်သည်ကို ခံတော်မူရင်း အနောက်ဆောင်တော်ရှိ မင်းမိဖုရားများ အကြောင်းကို စိတ်တော်တွင် ဆင်ခြင်သုံးသပ်တော် မူလေ၏။

ဘ၀ရှင် မင်းတရားကြီးဘုရား၏ သဘောတော်ကား ကံကုန်တော်မူပြီးသော စကြာဒေ၀ီရှင် မိဖုရား ခေါင်းကြီး ၏ အရိပ်အရာဖြစ်သည့် အဂ္ဂမဟေသီခေါင် တောင်နန်းမယ်တော် မိဖုရား အရာကို ယခုလက်ရှိ မိဖုရားများအနက်မှ အလယ်နန်းမတော်မိဖုရားသာလျှင် မိဖုရားများ အနက်မှ အလယ် နန်းမတော် မိဖုရားသာ လျှင် ချီးမြှင့် သူကောင်းပြုမည့် အရည်အချင်း ရှိနေ သည်ကိုလည်း တွေးတော် မူမိ၏။ သို့ရာ တွင် သားတော်ကြီးများ၏ မယ်တော်ဖြစ်သူ အခြား မိဖုရားကိုလည်း သားတော်ကြီးများ မျက်နှာနှင့် ငဲ့ကွက်တော် မူမိပြီး သားတော်ကြီးတွေ မားမားရှိတော်မူသော မိဖုရားထဲမှ တစ်ပါးပါးကို ချီးမြှင့် သနား တော်မူမည် ဆိုပါကလည်း အလယ်နန်းမတော်မိဖုရားမှာ အိမ်တော်ပါ ဖြစ်သည် တစ်ကြောင်း၊ အဘတူ အမိကွဲ နှမတော် ဖြစ်လေသည်လည်း တစ်ကြောင်း၊ ဘကြီးတော် ရင်း၏ အဂ္ဂမဟေသီ မိဖုရား ခေါင်ကြီးမှ မနောဟရ ထီးဖြူတော်အောက်တွင် ရွှေလင်ပန်းနှင့် အချင်းသန့်စင် ဖွားမြင် တော်မူခဲ့သည့် သမီးတော် ရင့်မကြီးဖြစ်နေသည် တစ်ကြောင်းတို့ကြောင့် ငဲ့ကွက်ထောက် ထားစရာ တွေ များလျက်ရှိသဖြင့် မည်သည့်နည်းနှင့်မျှ အလယ်နန်းမတော် မိဖုရားကို ကျော်လွန်ချီးမြှင့်ရန် မသင့်လျော် ကြောင်း၊ စဉ်းစား တော်မူမိသောကြောင့် အဂ္ဂမဟေသီ ဘွဲ့ထူးကို အလယ်နန်းမတော် ဖုရားကိုသာလျှင် ချီးမြှင့် ပေးသနား တော်မူမှ သင့်တော်တော့ မည်ဟု ကြံတော်မူမိ၏။

သို့သော်လည်း ထိုအကြံတော်ကို တစ်ဖန် ပြန်၍ ရွှေဥာဏ်တော်နှင့် မျှော်ခေါ်စဉ်းစားတော်မူမိပြန်ရာတွင် အလယ်နန်းတော်ရှင် မိဖုရားမှာ လွန်တော်မူပြီးသော စကြာဒေ၀ီ မဟေသီမိဖုရားခေါင်ကြီးကဲ့သို့ နာယက ဂုဏ်နှင့်တကွ တရားပြည့်ဝတော် မူနိုင် လိမ့်မည်ဟု ယုံကြည် စိတ်ချတော်မမူနိုင်အောင် ရှိနေပြန် သောအခါ ချီးမြှင့်တော်မူလိုသည့် အကြံကို နောက်ဆံငင်တော်မူသွားပြန်လေ၏။ အချိန်အခါ တန်သင့်၍ ချီးမြှင့်ထိုက်သည့် အခါရောက်မှ ချီးမြှင့်သူကောင်းပြု ခံတော်မမူရပြန်လျှင်လည်း အလယ် နန်းမတော် မိဖုရား ဘက်မှနေ၍ တွေးတော်မူလိုက်သောအခါ ဤသို့ ဖင့်နှေးလေးဆေးစွာ ပြုတော်မူ နေသည် ကို စိတ်ခုရန် အကြောင်းဖြစ်နေဦးမည်ဟု စဉ်းစားတော်မူမိသည်တစ်ကြောင်း၊

 "မင်းနား တစ်ထောင်မင်းမြှောင်တစ်သိန်း" ဆိုသော စကားပမာ အလယ်နန်းမတော် ဖုရားမှာလည်း အဂ္ဂမဟေသီကြီးဖြစ်ရန် မြေကြီးလက်ခတ်မလွဲနိုင်ဟု ယုံကြည်တော်မူနေသည့် အားလျော် စွာ မိဖုရားခေါင် ကြီးတို့၏ အဆောင်အယောင် အခမ်းအနား အသုံးအနှုန်းများကို အဆော်ငတော်တွင် လျှို့ဝှက်စွာ စီစဉ်လျာထား နေခြင်း၊ "အရှင်မြင့်က ကျွန်မြင့်" ဆိုသလို  မိမိ လက်ရင်းအပျိုတော်များကိုလည်း မည်သည့် အပျိုတော်ကို မည်သည့်ဘွဲ့နှင့် မည်သည့် မြို့စား၊ မည်သည့်ရွာစား ပေးသနားတော်မူမည်ဟု စီစဉ်လျာထား နေတော်မူသည့်အတိုင်း အလယ်နန်းမတော် မိဖုရား၏ အပျိုတော်များကလည်း အရှင်သခင် ကောင်းစားကြီးမြင့် တော့မည့် အရေးကြောင့် သွေးတစ်မျိုး မြောက်ကာ မာနတံခွန်ကလေးများ စိုက်နေသလို အခြားသော မိဖုရားအဆောင်က အပျိုတော်များအပေါ်တွင် အဖက်မတန်ချင် သယောင် ယောင်၊ မျက်စိမပွင့်တပွင့်နှင့် ဘ၀င်မြင့် တင်ထားနေကြပြီဖြစ်သော အကြောင်း များကို ကြားသိတော် မူပြီး ဖြစ်နေသဖြင့် အဂ္ဂမဟေသီရာထူးကို မချီးမြှင့်ဘဲ နေတော်မူပြန် ကလည်း အလယ်နန်းမတော်ဖုရားမှာ သာ၍ပင် ရှက်စိတ်နာ ၀မ်းနည်းနှင့် နာကြည်း၍ သွားရှာမည်ကို ကြိုတင် သိမြင်တော်မူပြီး ဖြစ်နေရကား ဘ၀ရှင် မင်းတုန်းမင်းတရားကြီး ဘုရားမှာ ဤကိစ္စအတွက် ဝေခွဲဆုံးဖြတ်ချက် မချနိုင်ရှိတော်မူလေ၏။ တစ်ခါတစ်ခါလည်း အရည်အချင်းကို ကြည့်ရှုငဲ့ကွက်တော်မူကာ အလယ်နန်းမိဖုရား ကိုသာ နှင်းအပ် သူကောင်း ပြုတော်မူလိုက်ပါမည်ဟု ပိုင်းဖြတ်တော်မူမိမလိုလို ဖြစ်တော်မူတော့လျက် ချီးမြှင့်မည်၊ မချီးမြှင့် မည် ဤနှစ်လီကို အတည်တကျ ဝေပုံချ၍ ရတော်မမူနိုင် ရှိလေ၏။

ထိုအခိုက်တွင် အဆောင်တော်အတွင်းသို့ ခုနှစ်ရွာ မိဖုရား၊ လင်ပန်းတိုက်စား မိဖုရား သက်ပန်းမိဖုရား၊ မြောက်ရွှေရေးဆောင် မိဖုရား စသည်တို့ အမှူးပြုကာ များစွာသော ဆောင်ရ နန်းရ မိဖုရားကြီးငယ်တို့ တစ်စုတစ်ရုံးတည်း စုရုံးကာ ဘ၀ရှင်မင်းတရားကြီး ဘုရား စံတော်မူရာ အဆောင်တော်အတွင်းသို့ ၀င်ရောက်လာကြပြီး မင်းတရားကြီးဘုရား အပါးတော်တွင် ညှိုးငယ်ဝမ်းနည်းလှသော မျက်နှာများနှင့် ခစားကြလေလျှင် ဘ၀ရှင် မင်းတရားကြီးဘုရားလည်း များစွာ အံ့အားသင့်တော်မူကာ-
"မိမိတို့ ... အစုအရုံးအားကောင်းလှပါကလား၊ ဘာများ သံတော်ဦးတင်စရာရှိလို့ ရောက်လာကြသည်တုံး"
မေးတော်မူလိုက်ရာ မသာသော မျက်နှာနှင့် ခစားနေကြသော မိဖုရားများအနက်မှ ရှေ့ဆောင်ဦးစီးပြု လာသော ခုနှစ်ရွာတိုက်စား မိဖုရားက-
"ဖျာ့ကျွန်မတို့မှာ ရွှေနန်းရှင်ဘုရားမှတစ်ပါး ကိုးကွယ်အားထားစရာ မမြင်သဖြင့် အရေး တော် မကြိမ်ခင် စွန့်စွန့်စားစား လျှောက်ထားမှ ချမ်းသာရာရတော့မည်ဖြစ်ပါ၍ တစ်စု တဝေးတည်း တိုင်ပင်ပြီး အပါးတော်သို့ ခစားရန် ရောက်လာရကြောင်းပါဘုရား"

ရှေ့ဆောင်စွန့်စား၍ လျှောက်ထားလေလျှင် ရှေးမဆွကပင် မိဖုရားများ လျှောက်ထားမည့် စကားအရိပ်ကို နိမိတ်ထင်တော်မူမိပြီဖြစ်သည့်အားလျော်စွာ ရွှေမျက်နှာ ပြုံးတော်မူလျက်-
"ရုတ်တရက် အရေးတကြီးနှင့် ဘယ်လိုဘေးရန်များ နီးလာပေလို့တုံး မိမိတို့ရဲ့"
"မှန်လှပါဘုရာ့ ကျွန်မတို့တစ်စုမှာ ဘ၀ရှင် ရွှေနန်းရှင်ဘုရားနှင့် ကံကုန်တော်မူသွားသည့် ရှင်မိဖုရား ခေါင်ကြီး ဘုရားတို့၏ ရွှေဘုန်းတော်ရိပ်ကို ခိုလှုံနေခဲ့ရသည်မှာ အလွန်သာယာ အေးချမ်းသည့် အရိပ်အာဝါသ ကြီးအောက် ရောက်နေသူများနှင့် တူခဲ့ပါသည်။ ရှင် နန်းမတော်ဘုရားကြီး ကံကုန်တော်မူ သွားသည့် အခါမှာလည်း အရှင်တစ်ပါးတည်း၏ ဘုန်းတော်ရိပ်ကို ခိုလှုံအေးချမ်းမြဲ အေးချမ်းသာယာစွာ နေထိုင် ခဲ့ရသော်လည်း ယခုအခါ ရွှေနန်းတော် အနောက်ပိုင်းတစ်ခွင်တွင် အရှင်မိဖုရားခေါင်းကြီးဘုရား ရာထူးကို အလယ် နန်းမမအား ချီးမြှင့်ပေးသနားမည်ဟု သတင်းထွက်နေပါသောကြောင့် ဖျာ့ကျွန်မတို့တစ် တွေမှာ ရေမှဆယ်တင်၍ သောင်ပြင်တွင် အလှမ်းခံရမည့် ငါးများကဲ့သို့ ပူပန်ချောက်ချား လျက် ရှိနေကြ ပါပြီ၊ ဘ၀ရှင် ဘုရားက သနားတော်မူသဖြင့် ဘုရာ့ကျွန်မများ၏ ပူခွင့်ကို သိမ်းတော်မူပါရန် အသနား တော်မြတ် ခံရကြောင်းပါဘုရား"
မင်းတရားကြီးဘုရားလည်း ပြုံးတော်မူမြဲ ပြုံးတော်မူကာ-

"ခုနှစ်ရွာ မိမိ လျှောက်တင်တဲ့စကားက အလယ်နန်းမိမိ မိဖုရားခေါင်းကြီးဖြစ်တဲ့အခါ ဘယ်လို အရေး အကြောင်း ထူးများ ပေါ်မည်ထင်၍ ပူပင်စိုးရိမ်တော်မူရသလဲ"
"အလယ်နန်းမမဟာ စကြာဒေ၀ီရှင် မိဖုရားခေါင်ကြီးဘုရားကဲ့သို့ တရားပြည့်ဝ၊ နာယက ဂုဏ်ထူးနှင့် ညီမတော် များကို သနားကြင်နာတော်မူမည် မဟုတ်ဘဲ ဖျာ့ကျွန်မတို့ကို အမျိုးမျိုးညှဉ်းဆဲပါလိမ့်မည်ဘုရား၊ ဤသတင်းကို ကြားကတည်းက ဖျာ့ကျွန်မတို့ အနောက်ပိုင်းတစ်ခွင် ဆောင်ရ၊ နန်းရ မိဖုရား ကြီးကြီး ငယ်ငယ်များမှာယ ပူပန်စိုးရိမ်ခြင်း လွန်ကဲ၍ ပွဲတော်လည်း မတည်နိုင်၊ စက်တော်မှ ဖြောင့်ဖြောင့် မခေါ်နိုင်သော ဖြစ်နေကြရ ပါတော့သည်ဘုရား"

"ခုနှစ်ရွာ မိမိ သံတော်ဦးတင်သည့်အတိုင်း ဟုတ်ကြသလား မိမိရို့ရဲ့၊ လင်ပန်းတိုက်စား မိမိနှင့် သက်ပန်း မိမိတို့ကလည်း သဘောတူညီချက်ခြင်း တိုက်ဆိုင်ကြသလား"
သက်ပန်း။       ။"မှန်လှပါဘုရား၊ ဖျာ့ကျွန်မလည်း အလယ်နန်းမမကို နှင်းအပ်တော်ပါ တော့သည်၊ အရှည် မျှော်ချင့်တော်မူပါ၊ အလယ်နန်းမမသာ မဂ္ဂမဟေသီကြီး ဖြစ်ပါလျှင် ဖျာ့ ကျွန်မတို့ သူ၏ ညှဉ်းဆဲခြင်း ခံရပါတော့မည်ဘုရား"
လင်ပန်း။       ။"ဖျာ့ကျွန်မလည်း ဒီသတင်းကို ကြားသိရက်ကစပြီး ပွဲတော်တည်လို့ မဖြောင့်အောင် စိတ်သောကရောက်လျက် ရှိပါသည်ဘုရား၊ ဖျာ့ကျွန်မတို့ကို သနားညှာတာ တော်မူပြီး အားကိုးရာမရ ဖြစ်မည့်အရေးကို တွေးဆဆင်ခြင်တော်မူပါရန် အတန်တန် ရှိခိုး သံတော်ဦးတင်ဝံ့ကြောင်းပါဘုရား"
မင်းတရားကြီးဘုရားလည်း ပြုံးတော်မူလျက် နောက်ဘက်က မိဖုရားများကို လှမ်း၍ ရှုစား တော်မူကာ-

"ဟိုက မိမိတို့ကကော"
အမေးတော်ရှိပြန်ရာ ကျန်သော မိဖုရားကြီးငယ်တစ်စုလည်း-
"ဖျကျွန်မတို့လည်း ဤသတင်းကို ကြားကတည်းက ပူပင်သောကများပြီး ချောက်ချား တုန်လှုပ် နေကြပါသည်။ ဖျကျွန်မတို့ချင်းချင်း စိုးရိမ်ထိတ်လန့်မှု ပြင်းလွန်းလှသဖြင့် စုရုံးတိုင်ပင်ပြီး ဘုန်းတော်ကြီး လှသော ဘ၀ရှင်ဘုရားကို မိဖုရားတစ်စု တညီတညွတ် တည်း ၀င်ရောက်၍ သနားတော်ခံကြရန် အကြံဥာဏ် စုပေါင်းလျက် ခုနှစ်ရွာမမ သက်ပန်းမမတို့ကို ရှေ့သွားခေါင်းဆောင်ပြုစေပြီးမှ တညီတညွတ် တစ်စု တစ်စီး တည်း အပါးတော် ရောက်လာရခြင်းဖြစ်ကြောင်းပါ ဘုရား"
လျှောက်ထား သံတော်ဦးတင်ကြလေ၏။ မင်းတရားကြီးဘုရားလည်း မိဖုရားတို့၏ စကားကို ရွှေနားဆင် တော်မူပြီးနောက် စိတ်တော်မှ ဆုံးဖြတ်ချက် ချတော်မူပြီးဖြစ်သော် လည်း မိဖုရား၏ အလိုဆန္ဒကို သိရှိတော်မူလိုသောကြောင့်-

"သို့ဖြင့် ဘယ့်နှယ်ပြုံတော်မူရမည်တုံး မိမိတို့ရဲ့"
မပြုံးတပြုံး မျက်နှာတော်ထားပြီး ပြန်လည်မေးမြန်းတော်မူလေရာ ခုနှစ်ရွာ မိဖုရားကပင်-
"အလယ်နန်းမမတို့ အဂ္ဂမဟေသီရာထူး ချီးမြှင့်ပေးသနားတော်မမူပါမှ ဖျာ့ကျွန်မတို့ တစ်တွေ အေးချမ်း သာယာစွာ ဘုန်းတော်ရိပ်ကို ခိုလှုံခစားကြရပါမည် ကြောင်းပါဘုရား"
"သည့်နှယ်ဖြင့် မိမိတို့ နှစ်သက်ရာကို ရွေးချယ်စေရမည်လား"
"မဟုတ်ပေါင်ပါ၊ ဖျကျွန်မများ ရွေးချယ်ရန် မလိုပါဘုရား၊ ဘ၀ရှင်ဘုရား ရွှေဥာဏ်တော်နှင့် မျှော်ချင့် စဉ်းစားတော်မူပြီး နာယကဂုဏ်နှင့် ပြည့်စုံလုံလောက်သူကို ရွေးချယ်သူကောင်း ပြုစေလိုကြောင်းပါဘုရား"

"ကံကုန်တော်မူတဲ့ ရှင်မိဖုရားခေါင်းကြီးမှတစ်ပါး ယခုရှိကြသည့် မိဖုရားထဲမှဖြင့် အလယ်နန်း(*) မသဲအူထက် အရည်အချင်းပိုသူ မရှိပါဘူး၊ သူက မိမိတို့ သိကြသည့် အတိုင်း ဘကြီးတော် ဖန်နန်းရှင် မင်းတရားကြီး ဘုရား၏ အဂ္ဂမဟေသီအခေါင် တောင်နန်း မတော်မကြီးမှ ရွှေနန်းထက်တွင် မနောဂရ ထီးဖြူဆောင်းလျက် သစ်ကနက်ပေါ်တွင် ရွှေလင်ပန်းခံ၍ မီးရှူးသန့်စင် ဖွားမြင်ခဲ့တဲ့ နန်းထက်ဖွား မင်းသမီးကြီး တစ်ပါးလည်း ဖြစ် တယ်၊ နှမတော် ၀မ်းကွဲလည်း ဖြစ်တယ်၊ ငါအထွတ်အမြတ် မတိုင်မီ၊ မင်းသား ဘ၀စဉ်က မြောက်သားတော် ဖြစ်ခဲ့ရတဲ့ အိမ်တော်ပါ မိဖုရားတစ်ပါးလည်း ဖြစ်တယ်၊ သူ့ကို သူကောင်း ပြုသင့်လျက် မပြုဘဲ အခြားသော မိဖုရားကို စေတနာလွန်တော်မူလို့လည်း မတော်ဘူး"

(*အလယ်နန်းမတော် မိဖုရားအား ခမည်းတော် ဖန်နန်းရှင်ခေါ် ဘကြီးတော်ဘုရားက သမီးတော်အား သူအသည်းတမျှ ချစ်တော်မူလှသဖြင့် မသဲအူဟုလည်းကောင်း၊ မသဲဟု လည်းကောင်း၊ ချစ်စနိုး ခေါ်လေ့ရှိ၍ မောင်တော် မင်းတုန်းဘုရင် မင်းတရားကြီး ဘုရား ကလည်း ဘကြီးတော်ကဲ့သို့ မသဲအူဟုလည်းကောင်း၊ မသဲဟုလည်းကောင်း အမြဲခေါ် တော်မူတတ်ပြီးလျှင် ရံဖန်ရံခါလည်း ငယ်စဉ်က နန်းတွင်းအမည်အတိုင်း ထိပ်စုအကြီးစား မစုကြီးဟု ခေါ်တော်မူတတ်လေသည်။)

သက်ပန်းမိဖုရား။        ။"ဖျကျွန်မတို့ကလည်း အလယ်နန်းမမကို သူကောင်းပြုတော် မူရမည်လားဟု ၀န်တိုမိစ္ဆာ မဖြစ်မိရိုးမှန်ပါသည်၊ မိဖုရားခေါင်းကြီးကို ရာထူးကိုလည်း အလယ်နန်း မမလွဲပြီး အခြားသော မိဖုရားထဲမှ ပေးတော်မမူထိုက်ကြောင်းကိုလည်း သိကြ ပြီး ဖြစ်ပါသည်။ သို့ရာတွင် အလယ်နန်းမမဟာ သူနှင့်ထိုက်တန်ရာ ဖြစ်သော အဂ္ဂမဟေသီ၊ တောင်နန်းမတော်ကြီးအရာကို ရတော်မူပါလျှင် ဖျာ့ကျွန်မတို့ အခြားသော မိသားစုတစ်ခု မှာ 'တစ်နေ့တခြား ရေနည်းငါး' ဆိုသလို အလယ်နန်းမမ ညှဉ်းဆဲ ချုပ်ချယ် သမျှ ခံရကြရ ပါတော့မည်၊ ဒီအရေးများကို ဘ၀ရှင်ဘုရားမှ တစ်ပါး မကယ်နိုင်တော့ပြီဖြစ်၍ စွန့်စားပြီး လျှောက်တင် ရခြင်းဖြစ်ပါသည်ဘုရား"

"မိမိတို့အထဲက မိဖုရားခေါင်ကြီး လုပ်လိုသူများ ရှိကြသေးလို့လား"
"တစ်ဦးမျှ မရှိကြကြောင်းပါ၊ အလယ်နန်း မမကလွဲ၍ မထိုက်တန်းမှန်း သိကြပြီးဖြစ်တဲ့အတွက် မည်သူမျှ တပ်မက်ခြင်းမရှိကြကြောင်ပါ၊ သို့ရာတွင် အချို့ငယ်ရွယ်သူ မိဖုရားက လေးများက အချစ်ကို ယုံစားမိသဖြင့် ဘကြီးတော် ဖန်နန်းရှင်ဘုရား၏ နန်းမတော် မြှောက်စားရေးအကြောင်းကို အထောက် အထား ပြုကောင်းပြုမိခဲ့ ကြပါလိမ့်မည်၊ သို့ရာတွင် ဖျကျွန်မတို့လို ရှေ့နောက် တိုင်းထွာနိုင်သည့် မိဖုရား များ၏ ဆုံးမစကား ကြောင့် ဘ၀ရှင်ဘုရား၏ ရွှေနန်းတော် ထုံးတမ်းစဉ်လာ ဓမ္မာတာကို လွန်ဆန်တော် မူမည် မဟုတ်သော စိတ်တော်ကို ရိပ်မိကြပြီး ဖြစ်ပါသည်ဘုရား"
"အင်း..... ဒီလို သိတက်ကြလျှင် သင်းတို့လည်း စိတ်ချမ်းသာ ကိုယ်တော်လည်း စိတ်အေးတော်မူရမည်၊ မိမိတို့ စိုးရိမ်ကြသလို ကျုပ်လည်း စိုးရိမ်တော်မူတာနှင့် (*)အစ်မ ကံကုန်တော်မူသွား ကတည်းက မသဲ စိတ်မာန်ကြွလာမည်စိုး၍ အဂ္ဂမဟေသီရာထူးကို မည်သူ့ကိုမျှ မပေးနိုင် လိုချင်သည်ပြောသူ သူပုန်ဟုပင် တင်ကြို မိန့်တော်မူထားခဲ့သည့် မဟုတ်လား၊ သို့ကြောင့်သာ ယနေ့အထိ နန်းမတော်ဆောင်မှာ ဘယ်မိဖုရား အသစ်မှ မတက်လာရတာပ''

(* မင်းတုန်းမင်းတရားကြီးဘုရားက စကြာဒေ၀ီ မိဖုရားကြီးအား မိမိထက် သက်တော် အနည်းငယ် ကြီးသည်တစ်ကြောင်း၊ လောကီ၊ လောကုတ္တရာ ပညာဥာဏ် ရင့်သက် ထက်မြက်၍ တိုင်းပြည်တည်ဖက်၊ စီးပွားဖက် ဖြစ်တော်မူခဲ့သည်တစ်ကြောင်း၊ မယား အပြား ခုနှစ်ပါးတွင် အဆွေခင်ပွန်းနှင့်တူသောမယား၊ အမိနှင့် တူသော မယားဖြစ်၍ ချစ်မြတ်နိုးစွာ အရေးပေးည့်သဘောနှင့် 'အစ်မ' ဟု ခေါ်တော်မူသည်။)

လင်းပန်းတိုက်စား။ ။"ကျေးဇူးတော်ကြီးလှကြေင်းပါဘုရား"
"ယခုလည်း မိမိတို့ တစ်စုကသာ ပူပန်စိုးရိမ်ပြီး ပြေးလာကြသည်၊ ကျုပ်ကတော့ မယ်သဲကို အဂ္ဂမဟေသီ တင်ဖို့ စိတ်ပိုင်းဖြတ်တော် မမူရသေးပါဘူး"
မြောက်ရွှေရေး။ ။ (သက်ပြင်းချလိုက်ပြီးမှ) "ယခုအမိန့်တော်သံ၊ ဦးထိပ်ရွက် ပန်ဆင်ရမှပင် စိတ်အေး ရပါတော့သည် ဘုရား"
"အင်း.... အေးအေးနေကြပါ မိမိတို့ရယ်၊ ကျုပ်ကလည်း မိမိတို့အားလုံးအတွက် ခြုံတွေးနေရက်ပါပဲ၊ သို့သော်လည်း ဒီကိစ္စဟာ အနောက်ပိုင်း မိဖုရားများ ရက်ကွက်တွင် အင်မတန် သတင်းကြီးနေတော့ မသဲကလည်း သူရထိုက်လျက်သားနှင့် မရတဲ့အဆုံးကြ ရင် ကျုပ်ကို အခဲကျေမယ်မဟုတ်ဘူး၊ ဒီတော့ မသဲကိုလည်း နှလုံးစိတ်ဝမ်း မနည်းရ အောငတစ်နည်းနည်းနှင့် ကြည့်ရှုချီးမြှောက်ဖို့ တာဝန်က ရှိနေ သေးတယ်"

ခုနှစ်ရွာမိဖုရား။  ။ "မှန်လှပါ၊ အဂ္ဂအဟေသီ အခွင့်အာဏာကလွဲလျှင် ဘယ်နည်နှင့် သူကောင်း ပြုသည် ဖြစ်စေ ဖျကျွန်မတို့ ကျေနပ်ကြောင်းပါဘုရား"
"ကောင်းပြီ....ကောင်းပြီ၊ မိမိတို့လည်း စိတ်အးချမ်းစွာ နေရလေအောင် မစုကြီးလည်း စိတ်ကျေနပ်အောင် ဆွေးဆွေးနွေးနွေး အတွင်းရေးတိုင်ပင်ပြီး စီမံတော်မူရမှာပဲ"
ယင်းသို့ ဘ၀ရှင်မင်းတုန်းမင်းတရားကြီး ဘုရားနှင့် မိဖုရားများ အချေအတင်လျှောက်တင် ပြောဆို နေကြသော စကားများကို လက်ပါးစေတို့ နားစွန်နားဖျား ကြားသိကြသည့် အတိုင်း တစ်ဦးနှင့် တစ်ဦး မျက်လုံး နှင့်ကြည့်ကာ မသိမသာ အံ့သြ၍နေကြ၏။

နန်းမတော်ဆောင်နှင့် မှန်နန်းဆောင် အကူးရှိ ဖန်မြစိမ်း ပွတ်လုံးဝရန်တာဖြင့်  ပြီးတော့ နန်းမ (*) ဓနုဆောင်တစ်ခုတွင် အပျိုတော် စာတော်ဖတ်၊ ခင်လေးငယ်နှင့် ကိုယ်လုပ်တော်ကြီးတစ်ဦး၏ လက်ပါးစေ ကလေး မယ်ခင်တို့ တီးတိုးစကား ပြောဆိုတိုင် ပင်လျက် ရှိလေ၏ ။

(*စနုဆောင်ဆိုသည်မှာ နန်းတော်ကြီးတွင် အဆောင်ကြီးတစ်ဆောင်နှင့် တစ်ဆောင်ကို ဆက်ထားသော ဘုံသုံးဆင့်နှင့် ထရံမကာဘဲ ရွှေတိုင် ဖန်ပွတ်လုံးစိမ်း ၀ရန်တာများဖြင့် ခြယ်လှယ်ထားသော အဆောင် တိုင်းကို စနုဆောင်ခေါ်သည်။)

ခင်လေးငယ်။  ။ "ဟဲ့.... မယ်ခင်၊ နင့်မျက်နှာက ဘာအကြောင်းထူးများ ပြောချင်လို့ ငါ့ကို ကွက်ကြည့် ကွက်ကြည့် လုပ်နေရသလဲ"
မယ်ခင်။  ။ "ဖျာ့ကျွန်မရယ်၊ မယ်နွဲ့ရယ် ပန်းတော်တင်ကလပ် ပို့ရအောင် ဘ၀ရှင်ဘုရား အမြဲစံတော်မူရာဖြစ်တဲ့ ဘမရာသန ပလ္လင်တော်ထားရာ မှန်နန်းတော်ဆောင်တော်ကို ယခုပင် ရောက်ခဲ့ ပါသည်။ အထဲမှာ ခုနှစ်ရွာ မိဖုရားငယ်၊ သက်ပန်းမဖုရားရယ်၊ လင်းပန်းတိုက်စား မိဖုရားရယ်၊ မြောက်ရွှေးရေး ဆောင် မိဖုရားရယ်၊ ဦးစီးခေါင်းဆောင် ပြုလုပ်ပြီး ဒီပြင့် မိဖုရားတွေ အများကြီးပဲ ရောက်နေ ကြတယ်ဖျ"
ငယ်။  ။ "အင်း..... အထိတ်တလန့်နှင့်ပါကလား၊ မိဖုရားတွေအများကြီး ဘာဖြစ်သလဲ၊ ပြောစမ်းပါဦး မယ်ခင်ရဲ့"

ခင်။     ။ "ဒီလိုဘုရာ့ ဘုန်းတော်ကြီးလှသော ဘုရားကို အဲ... သည်မိဖုရားတွေက ဟို..... အလယ်နန်းမတော် မိဖုရားအကြောင်းတွေ ၀ိုင်းပြီးလျှောက်တင်နေကြ ပါတယ်ဘုရား"
ငယ် ။    ။ "အို.... ဟုတ်ကဲ့လား၊ ဖြစ်မှဖြစ်ရလေ၊ ဘယ်လိုများ ၀ိုင်းပြီး လျှောက်တင် နေကြသလဲ မယ်ခင်"
ခင်။    ။ "အလယ်နန်းမတော်ဖုရားကို နန်းမတော်ကြီး မြှောက်လို့ရှိလျှင် သူတို့တစ်တွေ ကိုနှိပ်စက် ညှဉ်းဆဲခံနေကြ ရပါလိမ့်မယ်တဲ့ဖျ၊ ဒါကြောင် သူတို့ကိုသနားငဲ့ညှာတော်မူပြီး အလယ် နန်းမတော် ဖုရားကို အဂ္ဂမဟေသီ မိဖုရားကြီး မမြှောက်တော်မူပါမည့် အကြောင်း ၀ိုင်းပြီး သံတော်ဦး တင်နေကြ တယ်ဘုရား"

ငယ် ။     ။ "သြော်.... ဟုတ်တော့ ဟုတ်ပါရဲ့၊ အလယ်နန်းမတော်ဖုရားကို အားလုံးက လန့် နေကြတယ်၊ အဲလေ.... လန့်မယ်ဆိုရင်လည်း လန့်စရာပဲပေါ့ မယ်ခင်ရဲ့"
ခင် ။      ။ "ဘာဖြစ်လို့ လန့်ရတာလဲဘုရာ့၊ အလယ်နန်းမတော်ဖုရားဟာ အင်မတန်နူးညံ့ သိမ်မွေ့ပါတယ်၊ ကိုယ်လုံး ကိုယ်ထည်ကလေးကလည်း သူများထက်တောင်မှ ပိုပြီး သေး သေးကွေးကွေး ပုပုပြတ်ပြတ် ကလေးနဲ့ ဘာများလန့်စရာ ရှိသလဲဖျ"

ငယ်။         ။"ဟဲ့ ... လူရုပ်ပုံ သိမ်မွေ့ပြီး သေးသေးသွယ်သွယ် ပုပုပြတ်ပြတ်ကလေးနေပေ မဲ့ စိတ်က သိမ်မွေ့ နုနယ်ဦးမှကိုး၊ လူက သိမ်သိမ်မွေ့မွေ့ ပုပုပြတ်ပြတ် မြင်ရပေမဲ့ စိတ်က ထောင်ထောင်လွှားလွှား ဖြစ်နေတာတွေ၊ ရက်စက်ကြမ်းကြုတ်တတ် တာတွေလည်း ရှိသေးတယ်"
ခင်။        ။ "ဖြစ်တတ်တာတွေ မပြောပါဘူးဖျ၊ အဲ ... ဒီအလယ်နန်းမတော်ဖုရား အတွက်ကို ပြောတော်မူပါ၊ သူတို့က ဘာကြောင့် လန့်ကြရပါသလဲ"

ငယ်။          ။"လန့်ကြတာက ဒိလိုဟဲ့၊ အလယ်နန်းမတော်ဖုရားဟာ စိတ်တော်က နည်းနည်း ထက်မြက်ပုံရတယ်၊ ဘုန်းတော်ကြီးလှသော ဘုရားကသာ သြဇာညောင်းခံတော်မူ မယ်ဆိုရင် ရွှေနန်းရှင်ဘုရားကို သူက ကြိုးဆွဲနေမယ်၊ ဟို ... က ပညာရှိ မင်းမို့ သတိတော် မလစ်ဟင်းဘဲ နေတော်မူလို့သာပေါ့။ ဒီအကြောင်းတွေအားလုံး ရိပ်မိနေတော့ ခုလို သူနှင့် ထိုက်တန်နေတဲ့ နန်းမတော်ကြီးရာထူးကို ရသွားရင် အနောက်ပိုင်းက မိဖုရားတွေမှာ အေးအေးချမ်းချမ်းမှ နေကြရပါတော့မလားဆိုတာ အားလုံး စိတ်ပူနေကြတာလည်း အတန်ပဲ၊ အလယ်နန်းမတော်ဖုရားရဲ့ မယ်တော်ကြီးဟာကလည်း အားကြီးဆိုးတယ်လို့ ရာဇ၀င်တွင်နေတော့ ဒီမယ်တော်ရဲ့ သမီးမို့ ပိုပြီးလန့်နေကြတာကလာဟဲ မယ်ခင်ရဲ့"

ခင်။    ။"ဒီလိုဆိုတော့လည်း တွေးကြောက်ရှာတာပေါ့၊ ဖျာ့ကျွန်မ အထင်ကျတော့ တမင်သက်သက် ၀ိုင်းပြီး ကုန်ချောနေကြတယ် ထင်တာကိုဘုရာ့၊ခုမှ သင်္ကာရှင်းပါတော့တယ်"
ငယ်။     ။"နေပါဦး မယ်ခင်ရဲ၊ ညည်းအစအဆုံး နားထောင်ခဲ့ရသလား၊ မိဖုရာတွေက ၀ိုင်ပြီးကန့်ကွက်တဲ့အခါ ဘုန်းတော်ကြီးလှသော ဘုရားကကော ဘယ်လိုပြန်ပြီး မိန့်တော်မူသေးသလဲ"
ခင်။    ။"ဘုန်တော်ကြီးလှသော  ဘုရားက သူတို့ ၀ိုင်လျှောက်တင်ကြတာကို နားဆင်တော်မူပြီး ပြုံးတော်မူတယ်ဘုရာ့၊ ပြုံးတော်မူပြီးမှ မိမိတို့အထဲက အဂ္ဂမဟေသီရာထူးကို အလိုရှိကြလို့လားတဲ့၊ သူတို့မရှိပါဘူးတဲ့၊ ဒီရာထူးဟာ အလယ်နန်းမတော်ဖုရားနဲ့သာ တန်ပါတယ်တဲ့၊ ဒါပေတဲ့ တန်သော်လည်း သူတို့ရဲ့ နောင်ရေကိုတွေပြီး  စိုးရိမ်စရာရှိနေတဲ့ အတွက် မပေးပါနှင့်လို့  ၀ိုင်းပြီးကန့်ကွက်ရခြင်း ဖြစ်ပါတယ်တဲ့ဖျ"

ငယ်။      ။ "အေးလေ...  ဟုတ်ပါပြီ၊  နောက်ဆုံး ဘုန်းတော်ကြီးလှသော ဘုရားက ဘယ်လိုမိန့်တော် မူသလဲ"
ခင်။      ။"ဘုန်းကြီးဘုရားက မိမိတို့ မပြောခင်တည်းက ကျုပ်ကလည်း နောင်ရေးကို တွေးမိလို့ ဒီထိအောင် အချိန်ဆွဲလာခဲ့တာပဲလို့ မိန်တော်မူတယ်၊ နို့ ... ပြီးတော့ အေသူနဲ့ ထိုက်တန်တဲ့နေရာကို မပေးပြန်ရင်လည်း ကျုပ်ကို အကြည်ညိုပျက် ပြီးအတွင်းကြိတ် ငြိုးနေမှာစိုးရတယ်၊ ဒီတော့ သူ့ကိုလည်း ကျေနပ်လောက်အောင် ပြုစုချီးမြှင့် ပေသနားစေကာမူ    ငြူစူဝန်တိုမည် မဟုတ်ပါဘူးတဲ့ဖျ"
ငယ်။    ။ "သြော်...   ဒါဖြင့် အလယ်နန်းမတော်ဖုရာတော့ ဘယ်နည်းနှင့်မှ အဂ္ဂမဟေသီဖြစ်ရှာတော့မယ် မဟုတ်ဘူးနော်၊ အင်း...   သူ့ခမျာတော့ ထိုက်လက်ခတ်မလွဲ ဘဲလို့   အစွဲအယူသန်တော်မူနေရှာတာပဲ"

ခင်။    ။"ဟုတ်တယ်ဘုရာ့၊ အလယ်နန်းမတော်ဖုရားဆိုတာ မပြောပါနှင့်ဦး၊ အလယ်မှန်နန်း အပျိုတော် တွေဆိုတာလည်း ငါတို့တော့ မှန်နန်းအပျိုတော်တွေ ဖြစ်ရတော့မယ်ဆိုတဲ့ မာနနှင့် မျက်တောင် ပင် မကြွနိုင်ကြတော့ဘူးဖျ၊ စကြာဒေ၀ီ ရှင်မိဖုရားခေါင်ကြီး၏ ရေရုပ်ပုံတော်ကို ယခုတိုင် ခစားနေကြရတဲ့ မှန်နန်းတော်ကြီးက အပျိုတော် လက်ဟောင်းကြီးတွေကိုပင် ဂုဏ်ပြိုင်နေကြလှပါပြီ၊ အို...   ဘုရား...   အပျိုတော်တွေ မဆိုထားနှင့် သူတို့ရဲ့ လက်ပါးစေတွေကပင် 'မြို့ဝန်မင် ဘုန်တော်တော့ ပါနောက်က ခြေကြွ' ဆိုတာလို သူတို့တစ်တွေကလည်း ဖြစ်နေလိုက်ကြတာ၊ ဖျာ့ကျွန်မဖြင့် နှလုံးကို နာလို့နေပါပြီ၊ ဒီလိုအတွင်း ရေးများ ကြားလိုက်ကြရရင် ဘယ်လိုများနေကြမည် မသိဘူးဘုရား၊

ဖျကျွန်မတော့ သူတို့မသိအောင် ခြေဖ၀ါး ကလိထိုး ရယ်ပစ်လိုက်ချင်တာပဲ"
ငယ်။      ။"အို ... အလို ... ဘာတွေ လျှောက်ပြီး တောက်တီးတောက်တဲ့ ပြောနေ မင်းနား တစ်ထောင်တဲ့နော်၊ တော်တော်ကြာတော့ ညည်း အမှုရောက်နေမယ်၊ ငါက သနားလို့ ပြောတာ၊ ညည်းဘာသာ သိ,ကြားလာတာ ညည်းဝမ်းထဲမှာပဲထား၊ အသိလုပ်ပြီး ဘယ်သူ့ ကိုမှ စကားဦး သွားမသန်း လေနှင့်"
ခင်။      ။"ဖျကျွန်မတော့ ဒါလောက်ထလှတဲ့, မိဟ၀ှါတွေ မျက်နှာညှိုးကလေးနဲ့ နေကြရအောင် သွားလို့သာ ပြောလိုက်ချင် တာပဲဘုရာ့၊ အလယ်နန်းမတော်ဖုရားကိုတော့ သနား အားနာပါရဲ့၊ ဒါပေမဲ့ ဟိုဟာမတွေ ငြိမ်သွားအောင်လို့ပါ"

ငယ်။      ။"မလုပ်လိုက်ပါနဲ့ မယ်ခင်ရယ်၊ ဒီစကားဟာ ဘယ်လောက်များ အရေးကြီးတယ် ဆိုတာ ညည်းလည်း သိသင့်သလောက်တော့ သိမှာပေါ့၊ နောင်ခါစကားတွေ တစ်ဆင့် တစ်ဆင့် ပေါက်ကြားလို့ သည်စကား ဘယ်ကစလာသည်လဲဟု အရင်းအမြစ်ထိတောင် လိုက်လာရင် ညည်းပါးစပ်ကို နတ်လမ်းညွှန် လိုက်ကြလိမ့်မယ်၊ အဲ ... ဒီတော့မှ လက်ပါးစေ ဆိုရင် လက်ပါးစေပီပီ မနေဘဲ အတွင်းရေးထဲမှာ လူရာဝင်ပြီး ပြောချင်ရမလားရယ်လို့ အပြစ်တော်သနားမှဖြင့် ညည်းလည်ပင် ဓားတင်ပြီး ကားစင်မှာ ဇီဝိန် ချုပ်လိမ့်မယ်၊ ကိုယ့် အခွင့်အရေးကို နားလည်ရင် ညည်း ကြားခဲ့တဲ့စကားကို ညည်းဝမ်းထဲမှာသာ သိုသပ်လို့ ထားပါဘိ"

ခင်။     ။"သည့်နှယ်ဖြင့် မပြောဝံ့ချည်ပါဘူးဘုရား၊ ကိုယ့်ဝမ်းထဲမှာပင် သိုသိပ်လို့ ထားလိုက် ပါတော့မယ်၊ ခင်လေးဘုရားကလည်း သူတစ်ပါးကို တစ်ဆင့်မြွက်ကြားတော်မမူနှင့်ဖျ"
ငယ်။      ။"ငါ့ကို မသင်ပါနှင့် မယ်ခင်ရယ်၊ ငါ နားလည်ပါတယ်၊ ရွှေနန်းတော်ထက်မှာ အသက် ငယ်ငယ်ကပင် စတင်ပြီး အမှုထမ်းခဲ့တယ်၊ ဘယ်တော့မှ ငါ့နာမည် မညှိုးခဲ့ဖူးဘူး၊ ညည်း ကြားလာတဲ့ သတင်းကို ငါ့ပြောမိတာ တော်သေးရဲ့လို့ အောက်မေ့ပါအေ၊ ကဲ ... ကဲ ... သွားတော့၊ ငါလည်း စာတော် ရွှေပုရပိုက်များ သန့်ရဦးမည်"

စတော်ဖတ် ခင်လေးငယ်သည် စကြာဒေ၀ီ မိဖုရားကြီး စာတော်ဖတ် မှန်နန်းအပျိုတော်ကြီး ဖြစ်သည့် အားလျော်စွာ မိဖုရားကြီး ရှိတော်မူစဉ်က စာတော်ရွှေပုရပိုက်များကို ဗောင်းတော်ဆောင်တွင် အမိန့်တော်နှင့် ခေတ္တထားတော်မူရသည့်အတွင်း စာတော် ပုရပိုက်များကို မကြာခဏသွား၍ သုတ်သင် ရှင်းလင်းရသည့် ၀တ္တရားအတိုင်း ဗောင်းတော် ဆောင်ဆီသို့ ထွက်သွားလေရာ မယ်ခင်လည်း မိမိ အမှုထမ်း ရရာ အဆောင်ဘက်သို့ ခပ်သွက်သွက် ထွက်သွားလေ၏။

မင်းတုန်းဘုရင် မင်းမြတ်သည် ဘိသက်ခံဖက်၊ ထီးဖြူဆောင်းဖက် တိုင်းပြည်တည်ဖက် ဖြစ်တော်မူသော မိဖုရားခေါင် တော်ညာဥက္ကဋ္ဌ် နန်းလုံး နတ်ဖြစ်သော နတ်ရွာစံ စကြာဒေ၀ီ ရှင် မိဖုရားခေါင်ကြီးအား သုဓမ္မစာရီ မင်းသမီးကဲ့သို့ ပညာရှိ မိန်းမမြတ်ပီပီ လောကီ လောကုတ္တရာ နှစ်ဖြာသော စာပေကျမ်းဂန် တို့နှင့်သာ အမြဲတစေ ပျော်မွေ့တော်မူတတ် လေသည့်အားလျော်စွာ လွန်တော်မူ သွားသည့်နောက် မိဖုရားခေါင်းကြီးဘုရား အမြဲ ဖတ်ရှု လက်သုံးပြုတော်မူသော စာတော်ပုရပိုက်များကို စာတော်ဖတ် အပျိုတော်ကြီးများအား တရိုတသေ စောင့်ရှောက်ကြစေရန် ခေတ္တ ဗောင်းတော်ဆောင်တွင် အမြတ်တနိုး ထားစေ သည်သာမက အဆိုပါ စာတော်ပုရပိုက်များ၊ ပေစာများကို အရှင်နန်းမတော်ဘုရားဝန် မိုင်းခိုင်းမြို့စားမင်းအား စာရင်းပြုလုပ်စေပြီး ထိုစာတော်များကိုပင် ပေရေး၊ မှင်ရေးတို့ဖြင့် အသစ်တစ်ဆင့် ကူးရေးထားတော်မူစေ၏။ ၎င်းစကြာဒေ၀ီ မိဖုရားကြီးပိုင် စာတော်များ အနက် မိုင်းခိုင်းမြို့စား အတွင်းဝန်မင်း အသစ်ထပ်မံ ရေးကူးစေသော လောကုတ္တရာ ကျမ်းဂန်စာပေ စာစောင်ရေပေါင်း (၅၀၇) (*) စာအင်္ဂါပေါင်း (၃၄၂၃) အင်္ဂါနှင့် တစ်ရွက် ဖြစ်၍ မြောင်လှမြို့စား ၀န်ထောက်မင်းသို့ အသစ်ရေးကူးရန် ပေးအပ်သည့် လောကီ စာရေပေါင်း (၃၀၀)ကျော်တို့ကို စုပေါင်းအသစ် ရေးကူးစေလျက် ဇေတ၀န်ဆောင်တော် တွင် ကောင်းစွာ ထားတော်မူလေ၏။

(*စာအင်္ဂါဆိုသည်မှာ အလျား တစ်ထောင့်ကွာ၊ အနံ ၃လက်မံခန့်ရှိ ပေရွက်ပေါ်တွင် စာကြောင်းရေ (၈ မှ ၁၂)အထိ နှစ်ဖက်အပြည့် ရေးထားသော ပေရွက်ပေါင်း ၁၂ ရွက်ခန့် တစ်စည်းလျှင် စာ (တအင်္ဂါ) ခေါ်သည်။ ယခုခေတ် စာပုံနှိပ်တိုက်သုံးစကား ဒင်ဗလယ် ကရောင်းဆိုက် ၁၆မျက်နှာ၊ ဒီမိုင်းဆိုက် ၈ မျက်နှာကို တစ်ဖောင်ခေါ်သကဲ့သို့တည်း။)

ဘမရာသလနပလ္လင်တော် တည်ရှိရာ မှန်နန်းဆောင်တော်ကြီးတွင် မင်းတုန်းမင်းတရားကြီး စံနေတော်မူခိုက် ခုနှစ်ရွာ မိဖုရား၊ လင်ပန်းမိဖုရား၊ မြောက်ရွှေရေးမိဖုရား၊ သက်ပန်း မိဖုရား စသည့် မိဖုရားများ အမှူးပြုကာ များစွာသော ဆောင်ရနန်းရ မိဖုရားလတ်၊ မိဖုရားငယ်များ တစ်စုတဝေးတည်း ခစားရောက်လာကာ အလယ်နန်းမတော်ဖုရားအား အဂ္ဂမဟေသီ တင်မြှောက်ရေးအတွက် ကန့်ကွက် အသနားခံ၍ နေကြသောအချိန်တွင် ရွှေနန်းတော် အနောက်ပိုင်းရှိ အလယ်နန်း မိဖုရား အဆောင်တော်၌ သားမယ်တော် လေးပါးသည် အခြွေ အရံ အပျိုတော်များနှင့် ပျော်ရွှင်ချမ်းမြေ့စွာ စံစားရင်း စကားနှီးနှော ပြောဟောတော်မူ၍ နေကြလေ၏။

စုဘုရားလတ်။         ။"မယ်မယ်ဖျားက အခေါ်တော်လွှတ်တယ်ဆိုတော့ စုစုက ဘယ်လို အရေးကိစ္စများ ဆွေးနွေးတော်မူမလို့ပါလဲဖျ"
မယ်တော်။         ။"တိုင်ပင်ဆွေးနွေးတော်မူစရာရှိမှ ခေါ်တော်မူရမလား စုလတ်ကဲ့၊ မယ်မယ် သမီးတော်တွေကို မယ်မယ့်အပါးတော်မှာ အမြဲရှုစားတော်မူနေချင်တာကလား၊ စုလတ်ဟာ ကိုယ့်အဆောင် တော်ထဲမှာပဲ အမြဲပျော်တော်မူနေတယ်၊ မယ်ဖျားထံများ အခေါ်တော်မရှိဘဲ အခစား ၀င်ပါတော့လား စုလတ်ရယ်၊ သမီးတော်စုကြီးလည်း အဆောင် တော် သီးခြား စံနေတော် မူတယ်ဆိုပေမဲ့ မယ်ဖျား အပါးတော်ကို နေ့စဉ် အခစားဝင် ရှာတယ်။ သမီးတော်ပင် စုလေးဆိုသည်မှာတော့ မယ်ဖျားနှင့် ရင်အုပ်မကွာ တစ်ဆောင် တည်း စံတော်မူရှာလို့ အထွေအထူး မရှိဘူး၊ သမီးတော် စုလတ်တစ်ပါးသာ အမြင်ရနည်း နေပါတယ်၊ မယ်ဖျားထံသို့ ဘာကြောင့် နေ့စဉ် အခစားမ၀င်ရသတုံး သမီးတော်ရဲ့၊ မယ်မယ့် ကို ချစ်တော်မမူဘူးထင်ရဲ့"

စုလတ်။      ။"ဒီလိုတော့ မိန့်တော်မူရပါနှင့်ဘုရား၊ စုစု မယ်တော်ဖျားကို အများကြီးပင် ချစ်တော်မူပါရဲ့၊ အဆောင်တော်ကို အခစားမရောက်နိုင်တာကတော့ စုစု အဆောင်တော် မှာ ပျော်စရာအချိန်တွေ များလွန်းသဖြင့် မေ့မေ့လျော့လျော့ ဖြစ်တော်မူသွားတာနှင့် မယ်ဖျားအဆောင်တော်သို့ ခစား ရောက်တော်မူရန် အချိန်အခါ မရတဲ့အတွက် မရောက်ရ ခြင်း ဖြစ်ပါတယ်ဖျာ့"
မယ်တော်။       ။"ဘယ့်ကလောက်များ ပျော်တော်မူနေရသတုံး စုလတ်ရဲ့"

စုလတ်။       ။"ဟောဒီက အထိန်းတော် သစ်သစ်ကြီးပေါ့ ဘုရာ့၊ စုစုကို နည်းနည်း ကလေးမှ ပျင်းရိငြီးငွေ့ တော်မမူရအောင် အီနောင်ဇာတ်တော်ကြီးကို သူ့တစ်ယောက် တည်း ခင်းကျင်းကပြနေတာပဲဖျ။ အီနောင်မင်းသားလည်း သူပဲ၊ ပွတ်စပါး မင်းသမီးလည်း သူပဲ၊ စရကားမင်းသား အခန်းများ နှုတ်ခမ်းမွေး အငှားတပ်ပြီး ကပ်သီးကပ်သပ် ကပြပါ တယ်ဖျ၊ စုလတ်တော့ ဒါတွေကြည့်ကြည့်ပြီး တခိခိနှင့် ရယ်လို့ချည်း နေတော်မူပါတယ်၊ သစ်သစ်ကြီးဟာ စုစု စိတ်ပျော်တော်မူအောင် အကျိုးတော် ဆောင်ရရှာလွန်းလို့ တစ်နေ့ တစ်နေ့မှ မောလို့ပင် နေရှာပါသည် မယ်မယ်ဖျား"

မယ်တော်။       ။"အင်း ... ဘွားသစ်တို့ကတော့ လုပ်ပါလိမ့်မယ်၊ သူ့ကိုကလည်း နင်ငယ် တော့တဲ့အရွယ် မဟုတ်ဘူး၊ ပျော်ဖို့ပြက်ဖို့ ကလက်ဖို့ချည်း စိတ်ကူးမနေနှင့်၊ နင့်အသက် အရွယ်နှင့် ရွာစား အထိန်းတော်ကြီးဆိုတဲ့ ဘွဲ့အရည်အချင်း ဂုဏ်သိက္ခာကို ထောက်ပြီး နေပါမှပေါ့၊ နို့ပြီး ငါ့သမီးတော် စုလတ် ဟာလည်း ငယ်တော်မူတော့သည် မဟုတ်လို့ ရှေးငယ်ရွယ်စဉ်က ချော့ပုံမျိုးကို အချိုးပြောင်းပါမှပ၊ ကြည့်စမ်း ... သမီးတော် စုကြီးဟာ သူ့ရဲ့ အထိန်းတော်ကြီး ခင်ထားကြီးကို ပုတီးလက်ကိုင်မြဲတဲ့အတွက် ဘယ့်ကလောက် နူးညံ့သိမ်မွေ့တရားပြည့်နေသလဲ၊ အကဲခတ်စမ်း နင် မရှက်ဘူးလား"

ပြုံးပြီးရယ်ရယ်နှင့်ပင် မိန့်တော်မူလေရာ စုဖုရားလတ်မှာ မိမိ၏ အထိန်းတော်ကြီးကို ထိလျှင် မခံချင်စိတ် ဖြစ်ပေါ်လာတော်မူသောကြောင့်-
စုလတ်။      ။"အို ... မယ်မယ်ဖျားကလည်း သစ်သစ်ကြီးကို အပြစ်တင်တော်မူနေပါနှင့်ဖျ၊ သစ်သစ် စိတ်သဘော ကလေ ပုတီးလောက်ကို ဟန်လုပ်တယ်ထင်ပြီး သူများအထင်ကြီးေ အောင် မလုပ်ရှာဘူးဖျ၊ ညည လူခြေတိတ်ကျမှ သူ့တစ်ယောက်တည်း ထထပြီး အာနာပါနကမ္မဋ္ဌာန်းကို သူ့တစ်ယောက်တည်း စီးဖြန်းတဲ့ဘာဝနာသည်ကြီးတစ်ဦးပါ၊ စုစု တောင် သစ်သစ်က နိသျှည်းပြလို့ အာနာပါန ကမ္မဋ္ဌာန်းကို အတော်ကလေး စီးဖြန်းမိတဲ့ အတွက် အနက်အဓိပ္ပာယ်တွေ အတော်ထင်နေပါပြီဖျ၊ ကတာ၊ ခုန်တာကတော့ စုစုကိုက မပျင်းလို့သဖြင့် အတင်းဆို အတင်းကရမယ်လို့ မရမကခိုင်းတာနှင့် သူက သိုင်းဝန်းကို ဘေးဖယ်ပြီး ကလေးငယ်ကို ချော့သလို စုစုအလိုကို တမင်လိုက်၍ အကြိုက်ကို ပြုနေရှာ တာပါ၊ သည်ကဲ့သို့ သမီးတော်၏အကျိုးလိုတဲ့ အထိန်းတော်မျိုး တစ်မိုးအောက် တစ်ယောက်သာရှိသဖြင့် အပြစ်တော်မတင်သင့်ဘဲ ချီးမြှင့်သူကောင်းပြုတော်မူစရာပင် ကောင်းပါသေးသည် မယ်မယ်ဖျ"

သွက်သွက်လက်လက်နှင့် အချက်ကျကျ လျှောက်တင်တော်မူလေလျှင် မယ်တော်ဘုရား က ပြုံးတော်မူကာ သမီးတော်၏ ကျောကို သပ်တော်မူပြီး
မယ်တော်။      ။"အမယ်မင်း ... သူ့အထိန်းတော်ကြီးဘက်က ရှေ့နေတော်လိုက်လိုက် မောလို့ပါကလား၊ မယ်ဖျားက ကျီစယ်တော် မူတာပါတော်၊ ကိုယ့်အထိန်းတော်ကြီးဘုရား ကို ဘယ်ကလောက် ချစ်တယ်ဆိုတာ သိချင်လို့ တမင် စိတ်တော်ကို စမ်းတာပါ၊ ဒီလို စုလတ်ပျော်ရွှင်အောင် အကျိုးတော် ဆောင်သည်ကိုပဲ ၀မ်းမြောက်တော်မူလှပါရဲ့၊ သိုပေမဲ့ မယ်ဖျား အဆောင်တော်ကိုလည်း မကြာမကြာ မခစား ရောက်လာစေချင်တယ်၊ မယ်တော် ဘုရားကို မေ့လောက်အောင်ပင် ပျော်ရွှင်တဲ့နေကြောမှာ နစ်မျော်တော် မူမနေနှင့်ဦး စုလတ်ရဲ့"
စုလတ်။      ။"တင်ပါဘုရား၊ ယနေ့ကစပြီး မယ်ဖျား အဆောင်တော်သို့ မကြာ မကြာ အခစား ၀င်လာပါတော့မယ်၊ စုစု သဘောတော်ကတော့ (+) 'မဖျား' နှင့် 'ညလေး' စုထား တို့ အရှိသားမို့ နေသာတယ် ထင်လို့ နေမိခြင်းလည်း တစ်ကြောင်းပါဘုရား"

မယ်တော်။        ။"စုကြီးတို့ စုလေးတို့ရှိပေမဲ့ စုလတ်ကိုလည်း မယ်ဖျားက ဖွားတော်မူထား တော့ ရှုစားတော် မူချင်သေးတာပေါ့ကွဲ့"

(+ နန်းတော် မင်းသမီးကြီးများမှာ စကားကို ရင့်သီးပြတ်သားစွာပြောလျှင် ကြမ်းတမ်း သည်ဟု ယူဆ၍ 'မဘုရား ညီမလေး' စသည်ကို ပီသစွာ မခေါ်ဘဲ လျှာဖျားသံကလေးနှင့် 'မဖျား' 'ညလေး' ဟု ခယောင့်ခရာ ခေါ်လေ့ ရှိကြသည်။)

ထိုအခိုက် ဟင်္သာတသူ အပျိုတော် ခင်မှုန်သည် ရက်လက်စ ရွှေသင်ဖြူးကိုပွေ့လျက် အလယ် နန်းမတော်ဖုရား အပါးတော်သို့ ရောက်လာကာ
ခင်မှုန်။      ။"ရွှေသင်ဖြူး အနားပန်းစ၍ ဖော်ပါပြီ၊ ရှုစားတော်မူပါဘုရား၊ အလယ်က ရုပ်လုံးမှာ ဒေါင်းယာဉ်သာ နှင့် လယာဉ်သာ နှစ်ခုစလုံးပါအောင် ရုပ်လုံးဖော်ပြီး ရက်ရမည် ဟု အမိန့် ချထားသည့် အတိုင်း ရုပ်ပုံများ အောက်ခြေက စထားကြောင်းပါဘုရား"

ဆိုကာ ရွှေသင်ဖြူးကို ဖြန့်၍ ပြလေ၏။ အလယ်နန်းမတော်ဖုရားနှင့် သမီးတော်များလည်း ရွှေသင်ဖြူးကို ငုံ့၍ ရှုစားတော်မူနေကြရာမှ အလယ်နန်းမတော်ဖုရားက-
" ဟဲ့ ... ခင်မှုန် တယ်ပြီး လက်ရာကောင်းပါကလား ယိုးဒယား (*) ဒက်တွေကလည်း ပီသ ပါသူသနှင့်၊ သည်အတိုင်းဆိုလျှင် စကြာဒေ၀ီဘုရားကြီး အသုံးအဆောင်တော်ဖြစ်သော ရွှေသင်ဖြူးတော်ထက်ပင် အများကြီး သာနေပေသေးတယ်၊ မဘုရားကြီးရဲ့ ရွှေသင်ဖြူး တော်မှာ ယခုလိုနေစက်ဝန်း၊ လစက်ဝန်းတွေပါဖို့ရာ မဆိုထားနှင့် ယိုးဒယားဒက်ကလေးမျှ ပင် မပါပေဘူး၊ ရိုးရိုး အိပ်ဖန်သင်ဖြူးက အကွက်အခန်း ကလေးလောက် ဖော်ရက်ထားတာ မြင်ဖူးတယ်၊ အဲ ... သည်ရွှေသင်ဖြူးကိုယက်တဲ့ အပျိုတော် မယ်ကွန်းဟာ အင်းဝဘက်မှာ ဖြင့် သူ့လက်ရာမီတဲ့လူ အရှားသားလို့ ပြောသံကြားဖူးတယ်၊ ငါ့အပျိုတော် ဟင်္သာတသူ ကလေး ခင်မှုန်လို ရုပ်စုံဖော်နိုင်ရင် သည့်ထက်ကျော်စောမှာပဲ၊ အဲလေ ... ဒီနေရာမှ အင်းဝသူထက် ဟင်္သာတသူက သာတာ ထင်ရှားပေပြီ"

(* ယိုးဒယား ဒက်ဆိုသည်မှာ ဥသျှောင်ထုံး ဒက်ဒယက်ဆင် အခမ်းအနားတွင် မင်းသား မင်းသမီးများ ၀တ်ဆင်ရသော ကနှပ်ခါးထောင်များနှင့် ရွှေခြည်ထိုး ချုပ်ထားသည့် သိုရင်း အင်္ကျီ မဟာလ္လတာတန်ဆာ စသည်တို့ကို အတိုချုပ် 'ဒက်' ဟုခေါ်သည်။ ယိုးဒယားပန်း ခက်တွင် ဗမာကနုပ်ပန်းခက် ဖော်ထားသည်ကို နန်းတော်အတိုကော်က ယိုးဒယားဒက် ခေါ်သည်။)

မိန့်တော်မူလျှင် အပျိုတော်ငယ်မျှဖြစ်သော ခင်မှုန်မှာ အရှင်သခင်၏ ချီးမွမ်းတော်မူခြင်း ခံရသဖြင့် ရွှေထုပ်ကြီး ကောက်ရသကဲ့သို့ ၀မ်းသာအားရမဆုံး ဖြစ်သွားလေ၏။
သမီးတော်သုံးပါးလည်း မယ်တော်အပါးမှာ ရှိသည့်အားလျော်စွာ ရက်လက်စ တစ်ပိုင်း တစ်ပျက်နှင့် ဖြစ်သော ရွှေသင်ဖြူးကို ရှုစားတော်မူနေကြရာမှ စုဖုရားကလေးတို့က ခပ်အေးအေးပင် စံနေတော်မူ ကြသော်လည်း စုဖုရားလတ်မှာ ရွှေသင်ဖြူးကို လက်နှင့် ကိုင်တွယ်ရှုစားတော်မူပြီး-
"ခင်မှုန်ရယ် ဒီလောက် လက်ရာကောင်းသည်မှာ ဘယ်ဆရာနှင့် သင်ထားသည်တုံး"
မေးတော်မူသောကြောင့်-

"ဖျကျွန်မတို့ ဟင်္သာတမြို့မှာ သင်ဖြူးဖျာများ အများအပြားထွက်ရာ အရပ်ဖြစ်တဲ့အတိုင်း မိန်းမမှန်က ဗိုင်းဝါ၊ ရက်ကန်းမှုကို တတ်မြောက်သကဲ့သို့ ဖျကျွန်မတို့ ဟင်္သာတသူများမှ လည်း ဆင်းရဲချမ်းသာမရွေး ဆိုသလို သင်ဖြူးများကို ရက်တက်ကြပါတယ်ဘုရား၊ ဆင်းရဲသူ မိန်းကလေးများက အငှားလက်ခံယူ၍ ၀မ်းရေးအတွက် ရက်လုပ်ကြသော်လည်း ပစ္စည်းဥစ္စာ ကြွယ်ဝသူတို့ရဲ့ သမီးပျိုများမှာ မိမိတို့ အိမ်သုံးရန်နှင့် ရဟန်းသံဃာတို့ကို လှူဒါန်းရန်အတွက် ဖျာ၊ သင်ဖြူးတို့ကို အိမ်မှာပင် ရက်ကြတဲ့အလေ့ ရှိပါတယ်။

တန်ဆောင်တိုင်ပွဲ၊ ကထိန်ပွဲများ သံဃာတော်အရှင်မြတ်များ လှူဒါန်းရန် သင်ဖြူးချောများ ကို တစ်ဦးနှင့် တစ်ဦး မသာလျှင် သာအောင် ဆန်းဆန်းကြယ်ကြယ် ပန်းနွယ်၊ ပန်းခက်များ နှင့် ပစ္စည်းဥစ္စာ ချမ်းသာ ကြွယ်ဝသူတို့၏ သမီးပျိုများက လုံ့လ၀ီရိယစိုက်ပြီး အရေးတကြီး ရက်တက်ကြပါသည်။ ပရိသတ် အလယ်မှာ ဘယ်အပျိုကလေးရဲ့ သင်ဖြူးဟာ ပန်းဖော်ပုံ သာတယ်ဆိုတဲ့ စကားကို များများကြီး ခံယူ လိုကြပါတယ်ဘုရား၊ ဒါကြောင့် ဖျကျွန်မလည်း အများနည်းတူ သင်ဖြူးရက်တတ်နေရာက အစစ အရာရာမှာ သူများတကာထက် ထူးချွန် အောင် ကြိုးစားလိုတဲ့ ၀ါသနာအတိုင်း သင်ဖြူးများကို ဆန်းကြယ်သော ပန်းနွယ်၊ ပန်းခက် နှင့် ရုပ်လုံးများ ဖော်ရက်တတ်လာရခြင်း ဖြစ်ကြောင်းပါဘုရား၊ ရွှေသင်ဖြူးတော် ပိုမို၍ လှပ နုယဉ်လာသည်မှာလည်း ပန်းတိမ်တော်များ လုပ်ပေးသည့် ရွှေသား ရက်ပြားငယ်များမှာ မြေမှပေါက်သော 'သင်ပင်' ထက် ပိုမိုနူးညံ့ပျော့ပျောင်း၍ ဆွဲလို့၊ ငင်လို့လည်း ကောင်းပြီး လိုရာကို လွယ်လွယ်ကူကူ ပြုပြင်လို့ရတဲ့အတွက် ရက်ရာတွင် ပိုပြီး လွယ်လှခြင်းဖြစ်ကြောင်း ဘုရား"

စုလတ်။      ။"သြော် ... ဒါကြောင့် ခင်မှုန် တော်ပေတာကိုး၊ ဒါနှင့် မယ်မယ်ဖျား စုစုလည်း ဒီလို ရွှေရက်ပြားသင်ဖြူးတော်တစ်ခုလောက် ရက်ခိုင်းပေးတော်မူပါလားဖျ"
မယ်တော်။      ။[ ပြုံးတော်မူလျက်] "သမီးတော် စုလတ်က ရွှေသင်ဖြူး လိုတော်မူလျှင် မယ်ဖျားကလည်း သနားတော်မူချင်ပါရဲ့၊ သို့ပေမဲ့ ရွှေသင်ဖြူးဆိုတာ လူတိုင်း ထိုင်ခွင့်ပြု တော်မူတာ မဟုတ်ဘူး စုလတ်ရဲ့"
စုလတ်။       ။"လူတိုင်း ထိုင်ခွင့်မပြုပေတဲ့ စုစုလို ဘုရင့်သမီးတော်များတော့ ထိုင်တော် မူနိုင်သည် မဟုတ်ပါလား မယ်မယ်ဖျားရဲ့"
မယ်တော်။       ။"ခက်တဲ့ လုံကလေးပါကလားနော်၊ သမီးတော်တွေလည်း ရွှေသင်ဖြူး တော်ကိုတော့ အသုံးပြုခွင့် မပေးဘူး စုလတ်ရဲ့"
စုလတ်။       ။"ဘာပြုလို့ပါလဲ မယ်မယ်ဖျ၊ စုထား သိတော်မူအောင် မိန့်တော်မူစမ်းပါ ဘုရား"

မယ်တော်။        ။"သြော် ... ရွှေနန်းတော်ပေါ်ကြီးတဲ့ သမီးတော်တစ်ပါးဆိုပြီး ရွှေနန်းတော်၏ စည်းကမ်းဥပဒေကိုမှ သိတော်မမူသေးဘူးလား သမီးတော်ရဲ့"
စုလတ်။        ။"ဟာ ... ဘုရား၊ စုစုက ကိုယ့်ဘာသာကိုယ်၊ ကိုယ့်အဆောင်တော်ထဲမှာ အထိန်းတော်ကြီး သစ်သစ်နှင့်သာ ကစားပျော်ပါးပြီး နေတော်မူတာကပဲ၊ ဒါမျိုးတွေကို ရှာရှာဖွေဖွေ မေးမြန်းမှတ်သား နေတော် မမူတဲ့အတွက် သီတော်မမူပါဘူး မယ်ဖျားရဲ့"
မယ်တော်။       ။"ကိုင်းတော် ... စုလတ် သိတော်မမူရင် ဟောဒီက အစ်မတော် စုကြီးက ညီမတော် သိရအောင် အမိန့်ရှိတော်မူလိုက်ပါဘိ"

မိန့်တော်မူလျှင် အစ်မတော် မိုင်းနောင်စုဖုရားကြီးမှာ ညီမတော်ကို ပြုံး၍ရှုစားတော်မူလျက် လက်တော်နှင့် ယုယကြင်နာစွာ ကျောလက်သပ်ပြီး-
စုကြီး။       ။"စုလတ် သိတော်မူချင်လျှင် မယ်ဖျားကိုယ်စား မဖုရား မိန့်တော်မူပါမယ်၊ နားဆင်တော်မူပါ၊ ရွှေသင်ဖြူး၊ ငွေသင်ဖြူးဆိုတာ ဘုရင်မင်းဧရာဇ်နှင့် မဟေသီအခေါင် တောင်ညာစံစားရသည့် ဘိသိက်ခံဖက် မိဖုရားကြီးများ သာလျှင် ရွှေသင်ဖြူး၊ ငွေသင်ဖြူး များ ထိုင်တော်မူရသည့် ရွှေနန်းစဉ် ထုံးတမ်းရှိသည် ညီမတော်ရဲ့၊ အကယ်၍ အခြားတစ်ပါး သော နန်းရ၊ ဆောင်ရ မိဖုရားလတ်၊ မိဖုရားငယ် များသည် ရွှေနန်း ထုံးစံလွန်ကျူး၍ ရွှေသင်ဖြူး၊ ငွေသင်ဖြူးတို့ကို မိမိတို့ရာထူးနှင့် မထိုက်တန်ဘဲ ရက်လုပ်သုံးစွဲသည်ကို တွေ့ရှိပါက ဘုရင့်အာဏာတော်နှင့် ရွှေနန်းအစဉ်အလာတော်ကို ကျူးကျော် ဖောက်ဖျက် သူအဖြစ်နှင့် ကြီးစွာသော ရာဇ၀တ်အပြစ်တော် ပေးရသည်တဲ့ ညီမတော်ရဲ့၊ သို့အတွက် ရွှေသင်ဖြူးဆိုတာ သမီးတော်များလည်း အသုံးပြုတော်မူခွင့် မရှိပေဘူး"
စုဖုရားလတ်မှာ အစ်မတော် မိုင်းနောင်စုဖုရားကြီး မိန့်တော်မူသော စကားကို နားစိုက် စဉ်းစားတော်မူလျက် ရှိရာမှ ခင်မှုန်၏ လက်ထဲက ရွှေသင်ဖြူးတော် တစ်ပိုင်းတစ်စကို ရှုစားတော်မူပြီး-
စုလတ်။     ။"ဒါလိုဖြင့် ယခု မယ်မယ်ဖျားကတော့ ဘိသိက်ခံသည့် တောင်နန်းစံ မဟေသီကြီး မဟုတ်သေး ပါဘဲလျက် ဘယ်အတွက် ရွှေသင်ဖြူးတော် အပြစ်ပေးတော်မူ မှာ စိုးရိမ်တော်မမူလို့ဟာလား အစ်မတော် ဘုရားရဲ့"

မေးတော်မူလျှင် သလွန်တော်တစ်ဖက်တွင် စံနေတော်မူသော မယ်တော်ဘုရားက သမီးတော် စုဖုရားလတ်၏ စကားကို ပြုံးရယ်နားဆင်တော်မူပြီး သမီးတော်ကြီး မိုင်းနောင် စုဖုရားအား-
မယ်တော်။     ။"သမီးတော်စုကြီးရဲ့ စုလတ် နားရှင်းတော်မူသွားအောင် စိတ်ရှည်ရှည် ထားပြီး မိန့်တော်မူလိုက်ပါ၊ စုလတ်ကတော့ ကပ်ကပ်သပ်သပ် စစ်စစ်ပေါက်ပေါက်တွေကို မကြောက်မလန့် မေးတော် မူ ပါလိမ့်မယ်"
ခပ်ပြုံးပြုံးပင် မိန့်တော်မူလိုက်လျှင် စုဖုရားကြီးက-
စုကြီး။       ။"တင်ပါဘုရား၊ ညီမတော် စိတ်တိုင်းကျ သိရအောင် ပြောလိုက်ပါမည်ဘုရား"
လျှောက်တင်ပြီး ညီမတော် စုဖုရားလတ်ဘက်သို့ လှည့်တော်မူကာ-

"မယ်မယ်ဖျား ရွှေသင်ဖြူးတော် ရက်စေတာက ဒီလို ညီမတော်ရဲ့၊ မဘုရားတို့၊ စုလတ် တို့ရဲ့ မိကြီးတော် စကြာဒေ၀ီရှင် မိဖုရားခေါင်ကြီး ရှိတော်မမူသည့်နောက် သည်နေရာကို မယ်ဖျားမှတစ်ပါး အခြားသော မိဖုရားများ၊ မယ်ဖျားကိုလွန်ပြီး မိဖုရားကြီး ဖြစ်ထိုက်သည့် အရည်အချင်း ရှိကြသလား စုထားရဲ့"

စုလတ်။      ။"ခမည်းတော်ဘုရားနှင့် ၀မ်းကွဲနှမတော်လည်း ဖြစ်သည်တစ်ကြောင်း၊ အဂ္ဂ မဟေသီ မိဖုရားခေါင်ကြီးမှ ရွှေနန်းထက်တွင် ရွှေလင်ပန်းနှင့် အချင်းသန့်စင် ထီးဖြူရိပ်၌ ဖွားမြင်တော်မူတဲ့ သမီးတော်ကြီး တစ်ပါး ဖြစ်တဲ့အတွက် ယခုရှိတဲ့ မိဖုရားထဲမှာဖြင့် မယ်ဖျားသာ အထိုက်အတန်ဆုံးပါပဲ မဘုရား"

စုကြီး။      ။"အဲ ... ဟုတ်ပြီ၊ စုလတ်တောင်မှ ကလေးအဖြစ်နှင့် တွေးတော်မူတတ်သေး တာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တော်မူနေတဲ့ ခမည်းတော် ရွှေနန်းရှင်ဘုရားမှာတော့ ပြောဖွယ်မရှိ၊ အတိုင်းမသိသားလို့ပင် သိမြင်တော်မူထားမှာပေါ့၊ ဒီတော့ သည်မဟေသီ တောင်နန်းမတော်ကြီး ရာထူးကို မယ်ဖျားကို သနားတော့မှာ 'မြေကြီး လက်ခတ်မလွဲအပ် တဲ့' ကိစ္စတော်ကြီးပဲ စုလတ်ရဲ့၊ ဒါကြောင့် မယ်မယ်ဖျား မှာ ထိုက်ထိုက်တန်တန် မကြာ မတင် သုံးတော်မူရမည့် ပစ္စည်းဖြစ်လို့ ကြိုတင်ပြီး ရှေးရှေး မိဖုရားကြီးတွေ၏ အသုံး အဆောင်တော်ဖြစ်တဲ့ ရွှေသင်ဖြူးများထက် ပန်းနွယ်၊ ပန်းခက် ယိုးဒယား ဒက်မှစပြီး နေစကြာ၊ လစကြာပုံများပါ အစစ လှသည်ထက်လှ ခန့်သည်ထက်ခန့်အောင် စီမံရက်လုပ် တော်မူထားစေခြင်းဖြစ်တယ် စုလတ်ရဲ့"

စုလတ်။      ။"သြော် ... ခမည်းတော်ဘုရားက မယ်ဖျားကို တောင်ညာစံ မဟေသီရာထူး မြှောက်စားတော့မှာ အမှန်သေချာနေတဲ့အတွက် ရွှေသင်ဖြူးများကို ရက်လုပ်တော်မူစေ တယ် ဆိုပါတော့ မဘုရားရယ်၊ နို့ ... ဟိုတစ်လော မိကြီးတော် စကြာဒေ၀ီဘုရား နတ်ရွာစံ ကံတော်ကုန်တော် မူပြီးစဆီကတော့ ခမည်းတော်ဘုရားက "ငါ၏ ရှင်မိဖုရားကြီး ရွှေရုပ် ကိုယ်စားကို နန်းမတော် ဆောင်မှာ ရွှေသလွန်နှင့် ကောင်းမွန်စွာထားပြိး အသက်ထင်ရှား ရှိတော်မူစဉ်ကလို မှန်နန်း အပျိုတော်ကြီးများက ခစားမြဲ ခစားကြစေ၊ မဟေသီရာထူးကို လည်း မည်သည့်မိဖုရား တစ်ဦး တစ်ယောက် ကိုမျှ သနား တော်မမူဘူး၊ တစ်ဦးတစ်ယောက် က မိဖုရားက မဟေသီရာထူးကို သနားတော်မူပါလို့ လျှောက်တင်ခဲ့သော် လျှောက်တင်သူ မိဖုရားကို သူပုန်ဟု အသိအမှတ် ပြုတော်မူ မည်လို့ပင် အထင်အရှား မိန့်တော်မူ၍ ထားဖူး သည်မဟုတ်ပါလား အစ်မတော်ဘုရား"

စုကြီး။     ။" ဟို ... အခါတုန်းကတော့ ဟုတ်ပါတယ် စုလတ်ရယ်၊ သို့ပေတဲ့ ယခုတော့ မိကြီးတော် ရှိတော်မမူသည်မှာလည်း ကာလအတန်ကြာလာတဲ့အတွက် ခမည်းတော် ဘုရား၏ အပရိက နှုတ်မိန့်တော် ပျက်ပြယ်တော်မူပါပြီ"
စုလတ်။     ။"ခမည်းတော်ဘုရား၏ နှုတ်မိန့်တော် ပျက်ပြယ်ပါပြီဆိုတာ မဘုရား တတ်အပ်သိတော် မူထားလို့ မိန့်တော်မူခြင်းပါလား"

စုကြီး။      ။"မဘုရားသာ မဟုတ်ဘူး စုလတ်ရဲ့၊ မယ်ဖျားနှင့်တကွ ရွှေနန်းအတွင်း ရှိသမျှ သော ပုပုရွရွ မင်းမိဖုရား၊ သားတော်၊ သမီးတော်တွေနှင့် တကွ မောင်းမမိဿံ အခြွေအရံ မှန်သမျှပါ သိရှိလို့နေကြပါပြီ၊ 'ချိန်ကောင်းခါသင့် ဘုန်းပန်းပွင့်' ဆိုသလို မယ်ဖျားမှာ လောက၏ အထွတ်အမြတ်သို့ ရောက်ဖို့အချိန်အခါ ကျလာပြီဟု သိတော်မူဖို့ပဲ စုလတ်တဲ့"
စုဖုရားလတ်သည် အစ်မတော် မိုင်းနောင်စုဖုရားကြီး မိန့်တော်မူသော စကားများကို ငြိမ်သက်စွာ စဉ်းစားတော်မူလျက် ရှိ၏။ မယ်တော်ကြီးကား သမီးတော်နှစ်ပါး အချီအချ ပြောတော်မူနေသည်ကို ပြုံးရယ် ရှုစားတော်မူရာမှ-

မယ်တော်။      ။" ကိုင်း ... ကိုင်း ... မယ်မယ်ဖျားတို့ သားမယ်တော်လေးပါး ပျော်ပျော် ပါးပါး ပွဲတော်စာများ သုံးဆောင်တော်မူရမယ်၊ ပွဲတော်ဖိုက ပွဲတော်အုပ်များ ရောက်ကြပြီ လား"
အပျိုတော်များကို မိန့်တော်မူလိုက်လျှင် အပျိုတော်များလည်း အသီးသီး ပြင်ဆင်နေကြ လေ၏။ ခင်မှုန်လည်း သမီးတော်မျာ အပါးမှ ရိုသေစွာ ထရပ်ပြီး အတွင်းမှန်ဆောင်ထဲတွင် ရွှေသင်ဖြူးကို ဆက်လက် ရက်လုပ်နေလေ၏။
 
အခန်း (၂၁) နက်ဖြန်နော်

No comments: