အစီအစဉ်မကျသော အသံများ
ပဉ္စမံဒီရိုင်း
ပဉ္စမံဒီရိုင်း
ဟဲ့ ဝေဖူးခိုင်မထသေးဘူးလား။ ညကနင့်ယောက်ျား ဆိုက်ကားနင်းတာ ငါနဲ့တွေ့လို့ခေါ် သွားတာ အခုမှနင့်ဆီခေါ်လာတာ နင်တစ်မျိုးထင်မှာစိုးလို့။ ဝေဖူးခိုင်မျက်နှာမြန်မြန်သစ်၊ ကျောင်းနောက်ကျရင် တံခါးပိတ်လို့ ပြန်လာရဦးမယ်။ ဟောဒီကပဲ....ပြုတ်လာပါဦး..... လာပြီဟေ့။ ဟဲ့မြရီနင်ဟာလေ ကလေးနဲ့ အပြိုင်အိပ်တာ လွန်ရောကြည့်စမ်း။ ကလေး အနီးမှာသေးတွေရွှဲနေတာပဲ။ ငါစောစောစီးစီး အကုသိုလ် မဖြစ်ချင်ဘူး။ အဘွားနုရေ.... မုန့်ဟင်းခါးရပြီလား။ အကြော်တော့ မရသေးဘူး။ သွားယူနေလို့။ အိမ်ရှေ့မှာ ဘယ်သူက အမှိုက်ထုတ်လာချသွားတာလဲ။ ဒါအိမ်အမှိုက်ပုံ မဟုတ်ဘူး..... ဟလို တက်စတင်း ၀မ်း.... တူး....သရီး....အို....အို.....အို တစ်ခါတစ်ခါဆီက ပုဂံရာဇ၀င်....ရွှီ...ရွှီ...ရွှီ...ဟလို တက်စတင်.... ၀မ်း...တူး...သရီး မှတ်တမ်းတင်ခဲ့ ရွှီ...ရွှီ ကိုဝင်းမြင့်....တိုးတိုးအသံစမ်းပါ ဘေးအိမ်တွေက ရှင့်ထီလှည်း ကို ခဲနဲ့ပေါက်ဦးမယ်။ ဟေ့သောင်းတင် ညနေ၀ိုင်းနာမှာ ဘယ်လောက်နိုင်လဲ။ ဘာနိုင်ရမှာလဲ။ မသာအိမ်က အကောက်စားသွားတာ....။
...............................
...............................
ဝကြီးရေ သွားအသုပ်တစ်ရာဖိုး နှစ်ပွဲလို့ အမေလာပေးမယ်လို့ ဟဲ့ဟင်းခါးပိုတောင်းခဲ့နော်။ မတင်မြ ဈေးသွားတာ စောလှချည်လား။ စောဆိုဟိုဘက်ဈေးမှာက ဟင်းရွက်တွေက ဈေးပေါတယ်လေ။ ခြံထွက် တွေပဲ။ ဒါကြောင့် စောစောသွားတာ အဘိုးကြီးဘယ်ကပြန်လာ တာလဲ။ ဘုရားပေးကွင်းဘက်က လမ်းလျှောက်ပြန် လာတာ။ မင်ကဘယ်လဲ။ ဒီနေ့လူကြီး ရောက်မယ်ဆိုလို့ ရုံးကို စောစော ပြေးရမှာ။.........."အမေဒီနေ့ကျူရှင်လခ နောက်ဆုံးတဲ့။ ငါသိတယ်ရော့။ ဟဲ့ဆရာမကိုပြောလိုက်ဦး။ နေ့လယ်ကျရင် လက်ဖက်သုပ်လာပေး မယ်လို့။ ကိုရေအီကြာကွေးက ကြွပ်ကြွပ်.....ဆိုင်သောက်ပါဆယ် အကြီးမ အတွက် စမူဆာနှစ်ခု။ မာမီဘာချက်မလဲ။ ပုဇွန်ပေါရင် ပုဇွန်ဝယ်။ မပေါရင် ငါးဖယ်ခြစ် တစ်ဆယ်သား ပဲဝယ်။ အကြီးမအတွက်က ၀က်သားကြော်ရှိတယ်။ ဟဲ့ကောင်နင်ကမိုးမလင်းသေးဘူး သောက်ပြန်ပြီ။ နင်ဘယ်အချိန်အလုပ်လုပ်မလဲ။ အလုပ်တော့မလုပ်။ ဒါတွေပဲသောက်နေ။ ငါစောစော စီးစီး မတုတ်ချင်ဘူး။ နင်ဘာဖြစ်နေတာလဲ။
အသံ တိုးတိုးပြောဟာxxxတိုးတိုး ပြောရအောင် နင့်လုပ်စာထိုင်စားနေလို့လားxxx ကိုသန်းမြင့်ရေ ဖုန်းလာ တယ်။ လာပြီဟေ့ ရွာထင်တယ်။ မစန်းကလေးတွေအတွက် မုန့်ထွက်ဝယ်တာလား။ ဟုတ်တယ်။ ဟဲ့ညက မင်းသားလေး ကား ဘယ်လိုဖြစ်သွားလဲ။ မီးပျက်တော့မကြည့်ရဘူး။ ကျွန်မလည်းအဲဒါ ဒေါသထွက်တာ။ အင်ဘက်တာ အပြည့်သွင်းထားပါဆိုတာ အိမ်ကဟာကသီချင်းနားထောင် ဗွီဒီယိုကြည့်ပြီး မေ့နေတယ် လေ။ မကြည့်လိုက်ရဘူး။ ကိုရီးယားကားတွေကြည့်ချင်လို့ အင်ဖက်တာဝယ်ထားပါရဲ့။ အိမ်ကဟာ တွေနဲ့တင် အပတ်မလည်ဘူး။ ကိုကြည်ဝင်းမနေ့ က နှစ်လုံးဇယားရှင်ငါးထောင်တောင်ဆို။ ကိုကျော်ဝင်း ကကျွန်မကို ပြောလိုက်တယ်။ ရှင်ဘာလို့ဒါတွေလျှောက်လုပ်နေတာလဲ။ ပေါက်တာလည်းမဟုတ်ဘဲနဲ့။ မင်းမသိပါဘူး ကွာ။ ပြောလိုက်ရင်ဒါပဲ ရှင်ကတော့....ရှင့်ဘာသာရှင်ပေး၊ ကျွန်မနဲ့မဆိုင်ဘူး။ တီ.....တီ... တီ....တီ ဘိန်းမုန့်....ထောပတ်ဘိန်းမုန့်xxxမစန်းတင့် ဒီနေ့ဘာပေါလဲ။ ငါးဘဲဖြူပေါ တယ်။ လတ်လည်း လတ်တယ်။ ဒီမှာကြည့်ပါလား။ ဆီပြန်ချက်ပြီး ဒညင်းသီးပြုတ်နဲ့စား မယ်။ အရှိကို အရှိတိုင်း ဖွင့်ပြောချင်တာ။ မညာတော့ဘူးမင်းကို ချစ်သည်။ ဒီနေ့အခွေဆိုင် ဖွင့်တာ စောလှချည်လား။ ဆိုင်ပြင် စရာရှိလို့။.......... ဆွမ်းတော်။
ဟဲ့ဆွမ်းခံကြွလာပြီ။ ကျက်တာသာ လောင်းလိုက်တော့။ ဟုတ်ကဲ့အဖေ။ ပုလင်းတွေဝယ်ဒယ် သတင်းစာ၊ ဂျာနယ်တွေ ၀ယ်ဒယ်။ ဒန်တွေဝယ်ဒယ်ကြေးတွေဝယ်ဒယ်....။ လာဦးဟေ့ ဇေပုလင်း ဘယ်လောက် လဲ...နားဆပ်ပါ အစ်ကို...ဒါဆိုခဏလေးနေဦး။ ကိုမောင်ကျော် ညက ဟိုဘက်လမ်းက ဘာဖြစ်တာလဲ။ အလကား ပါဗျာ။ သူတို့ဘာသာအချင်းချင်းမူးပြီး ရန်ဖြစ် တာကျုပ်ကို လိုက်ခေါ်လို့။ ဟိုရောက်တော့ လည်း ဘာမှ မဟုတ်ဘူး။ အမူးသမားဆိုတာ စောက်ရူးတွေပဲဗျာ။ အလကားအိပ်ပျက်တယ်။ ဘေးဘယာ ခပ်သိမ်းကင်းကွာရေး... အေးငြိမ်းကြပါစေ။ ကိုယ်ရောစိတ်ဖြာလမ်းလမ်းမာ.... ကျန်းမာကြပါစေ။ ဒါနရှင် များ မေတ္တာရပ်ခံပါတယ်။ ကန်တော့ပါသေးရဲ့။ ကိုထွန်းဖေ ဖုန်းလာတယ်။ အေး...အေး...ဟဲ့ မတင် နင့်သား ဆီက ထင်တယ်။ ကိုထွန်းဖေ နှစ်ရာတန်ယူသွားဦးxxx..............
ညကားငှားလာတာလဲ။ နေတိုးနဲ့ အိနြေ္ဒကျော်ဇင်လေ။ ဟိန်းဝေယံကားက ညနေရမယ် တဲ့။ မီးမှမလာတာ။ မီးလာမှကြည့်မှာပေါ့ဟ။ ဟုတ်ကဲ့ခင်ဗျာ။ ရောင်းပေးနေပါပြီ။ ကျွန်တော်တို့ရဲ့ ကားနောက်ခန်း မှာဆရာတော်များရဲ့ တရားခွေစီဒီတွေ ပါပါတယ်။ တစ်ခွေတည်းနဲ့ တရားခွေအပုဒ် ငါးဆယ်ကျော်ပါတာ တွေလည်း ပါပါတယ်။ သပိတ်အိုင် ဆရာတော် ဒေါက်တာဥာဏိသရ တရားခွေအသစ်ကော ဦးသုမင်္ဂလရဲ့ တရားခွေ အသစ် တွေ ဓမ္မစေတီ ဦးကောသံလရဲ့ တရားခွေတွေလည်း ပါပါတယ်။ ကျွန်တော်တို့ ကားပေါ်က ဖွင့်ပြတဲ့ တရားခွေကို နမူနာအမြန်နာယူရင်း လာရောက်ပြီးဝယ်ယူလို့ ရပါတယ်။ ရှီ..ရှီ..ရှဲ.. ရှဲ အဲဒီတော့ ပရိသတ်ဘာလဲ။ ရှင်းလား။ ဗုဒ¨ဘာသာကု ကိုးကွယ်ပါတယ်ဆိုတဲ့ ခင်ဗျားးတို့က ပြန်ဖျက်ဆီး နေတာ။ ဟိုဟာဆိုလည်း ယုံ၊ ဒီဟာဆိုလည်း ယုံနဲ့ ရှင်းလား။ ကဲပြော...။ အိမ်ရှင်တို့မီတာဖတ်မယ်။ လာပါ ခေါင်းရင်းမှာ....။ မောင်လေးဒီလ ဘယ်လောက်ကျမလဲ...။ နှစ်ထောင်လောက်တော့ရှိမယ်။ ကျေးဇူးပါပဲ မောင်လေးရယ်။ ဟဲ့မီတာဖတ်မယ်တဲ့ တံခါးဖွင့်ပေးလိုက်ဦး။
အုန်းသီးတွေခူးတယ်။ အုန်းပင်တွေပြင်တယ်။ အုန်းသီးတွေခုးတယ်။ မြင့်မြင့်မွန် နင့်အဖေတောင်ငူက ပြန်မလာသေးဖူးလား။ လကုန်ရင် ပြန်လာမယ်ပြောတာပဲ ဟိုမှာကအစ်မက အိမ်အသစ်ဆောက်တော့ အဖေမရှိလို့မရဘူး ဟဲ့။ ဥမ္မာချိုညီညီမင်းထက်အပြင် ထွက်သွားပြီလိုက်ခေါ်ဦး။ တော်ကြာ စက်ဘီး တိုက်မိမယ်။ ညီညီမင်းထက် သား...လာ...လာ တီတီ့ဆီလာ။ ဂက်စ်ထည့်တယ်။ ဂက်စ်မီးခြစ်ပြင်တယ်။ ဂက်စ်ထည့်တယ်။ .................... မုန့်စိမ်းပေါင်းသာကူ။ လာပါဦး။ ကျောင်းလွှတ်တော့ မယ်ထင်တယ်။ သမီးကို သွားကြိုဦးပေါ့။ စားပွဲခုံပေါ်က အလဲဗင်းဂျာနယ် ဘယ်သူယူသွား လဲ။ အကြီးကောင် လက်ဖက်ရည် ဆိုမှာ ဖတ်မလို့ဆိုပြီး ယူသွားတာ။ မိသင်းဒီလမ်းထဲမှာ အိမ်ငှားဖို့ရှိလား။ ငှားဖို့ တော့မရှိဘူး ရောင်းမယ့် အိမ်နှစ်အိမ်တော့ရှိတယ်။ အမယ်လေး မ၀ယ်နိုင်ပါဘူးဟယ်။ သူသူဖူးအောင် ကျောင်းက ပြန်လာပြီ။ တိုးတိုးအာလူးကြော်ပေးလိုက် ဦး။ သမီးဘာသင်လဲ အမေ့ကို ပြစမ်း။ အမယ်ဒီနေ့ ထဆင့်ထူး သင်တာပဲ။ ဟယ် ဂွဒ်တဲ့။ အမှတ်ကြီးက ဆရာမခြစ်ပေးတာ အကြီးကြီးပဲ။...........။
ကလေးတွေဘောလုံးကန်တာ ခြံစည်းရိုးကိုမထိနဲ့နော်။ ကျိုးမယ့်ဝါးတွေက ဆွေးနေတာ။ ဟေ့ကောင် ဘောလုံးကို မင်းသွားကောက်။ ရေမြောင်းထဲမှာချည်းပဲ။ မကောက်ဘူးဗျာ။ မြန်မြန်ကောက်ကွာ။ ဆိုက်ကားတွေမလာခင် ကန်ရတာ။........." ဦးရှင်ကြီးတင်မယ့် ဘကြီးဘယ်အချိန်လာမှာ လဲ ကိုရီးယားကားပြီးမှ လာမယ်တဲ့။.......မီးလာပြီဟေ့ ရေစက်ဖွင့်။ သမီးရေပေါင်းအိုး ခလုတ်ကိုနှိပ်လိုက်xxx။ သံယောဇဉ်...။ မင်္ဂလာပါ။ ဒီသီချင်းကို ဘယ်သူရေးသလဲသိတယ် မဟုတ်လား...xxx ဂီ...ဂီ...ဂီ....ဂီ....ဟဲ့ မော်တာကို ပိတ်ဦး...မီးအားတွေ များနေတယ်။ တော်ကြာသွားမယ်။ မြ၀တီက ဘာလာနေပြီလဲ။ ဖွင့်စမ်း။ ငါလုပ်ရရင်သေတော့မယ်။ အတန်းထဲမှာစာညံ့လို့ ဆရာမကျုရှင်တော့ အပြင်မှာပါထားတာ။နင့်အဆင်က သုံးဆယ် ကမတတ်ဘူး။ နင်ဥာဏ်တုံးလှချည်လား။ ငါလုပ်လိုက်ရ နင်တော့လေ။ ကိုခင်အေး မီးကင်းဖိုး တစ်ရာ။ ကိုကျော်ရေမိန်းမ အပြင်သွားနေလို့ ပြန်လာမှလှည့်ဝင်ခဲ့။ မနှင်းဆီ နေပြည်တော်က ဖုန်းလာ တယ်။ လာပြီအဒေါ်ရေ။ တော်သေးတယ်။ မင်းသားလေး ကားလာခါနီး မီးပြန်လာလို့၊
ကောင်းထက်ကျော်...ဒီကောင်လေးမိုးက ချုပ်နေပြီအိမ်ပေါ် ခုထိမတတ်သေးဘူး။ ငါမင်းကို မပြောချင်လို့ ကြည့်နေတာ။ မင်းလုပ်ပုံကောင်းလား။ မင်းက ငါ့အယောင်ဆောင်ပြီး ဒီလိုဘာမှမသိတဲ့ ကောင်မလေးကို ခေါ်လာတာမင်းတရား လား။ ဟဲ့နင်တို့ငှားလာတဲ့ဗွီဒီအခွေက ငါတို့ငယ်ငယ်တုန်းက ကြည့်ရတဲ့ ကောလိပ်ဂျင် နေ၀င်းနဲ့ ခင်သန်းနုပါတဲ့။ စိန်ကဲကျောက်ကဲ ပတ္တမြားခဲ ရုပ်ရှင်ကိုပြန်ခိုးချထားတာပဲ။ ရိုက်စရာမရှိဘူးဖူးလား။ မသိဘူး။............စံပယ်ပန်းတွေ စံပယ်ပန်းတွေ။ ဟဲ့သတင်းလာ နေတာလား။ စက်ပူနေပြီ ခဏပိတ်လိုက်ဦး။ မင်္ဂလာပါ ဟောဒီကျက်သရေရှိတဲ့ လမ်းမဟာ ကို မိုးယံရွှေလမင်းနဲ့ မြတ်ဆုကုဋေထီဆိုင်မှ ကံထူးရှင်ရွေးချယ်မယ့် ကားလေး ရောက်လို့ လာပါပြီ။ သိန်းတစ်ထောင်ပေါက်ခဲ့ရာ အပိုဆုငွေ သိန်းငါးရာရမှာမို့ မိမိရဲ့ ကံကြမ္မာကို လာရွေးခြယ်လှည့်ပါလို့။ ဒုက္ခပါပဲ။ ထီကားက အိမ်ရှေ့မှာ အော်နေတာ ကလေးကအခုမှ မနည်းသိပ်ရတာ။ နိုးရင်တော့ဒီကလေးအိပ်တော့မှာ မဟုတ်ဘူး။ ဝေဖူးခိုင်စာကျက်ဦးလေ နင်ကြည့်ချင်တဲ့ ကိုရီးယားကားပြီးတာနဲ့ စာကိုအယောင်ပြကျက်ပြီး ကုလားသေကုလား မောအိပ်တော့မယ်။ ကျက်...အခုကျက် အောင်စိုး... နင့်သမီးကိုနင်ပြောဦး။ ဟဲ့ဟိုနားက ကျူရှင်ကျောင်းဒီနေ့ လွှတ်တာနည်းနည်းစောသလိုပဲ။ ဟောဒီကပြောင်းဖူးပြုတ်...။ ငါ့ပိုက်ဆံ နဲ့ ငါသောက်တာ ဘာမှမလာမပြောနဲ့။ ငါ့ဘာသာငါမူးရင် အိပ်မယ်...ဝေါ့...ဝေါ့ အန်အန်ဖတ်ဆို့ပြီး သေအောင်အန်..။ သမီးရေတီဗွီကို အသံနည်းနည်းတိုးလိုက် ဘေးအိမ်က စာကျက်နေတယ်။
ဒူ...ဝေ..ဝေ..ဝေ...ဒူ..ဝေ...ဝေ...ဝေ။ သမီးနင့်အဘွား ဘုရားရှိခိုးပြီးလို့အိပ်ရင် ခြင်ထောင်ကို သေသေ ချာချာ ညှပ်နော်....။...... ခြင်ဆေးထွန်းဟေ့ နှစ်ခွေလောက်ထွန်း။ တော်ကြာ သားလေး သွေးလွန် တုပ်ကွေး ဖြစ်ဦးမယ်။ ကိုရေ ဆီချက် ဆိုင်ဖွင့်သေးလား။ တစ်ပွဲလောက်ဝယ်ကွာ သမီးလည်း စားရ တာပေါ့။ အေး....ဧည့်စာရင်းစစ်မလို့....
ပဉ္စမံဒီရိုင်း
ပေဖူးလွှာ
ဇန်နဝါရီ ၂၀၁၀
အဖိုးကြီး ပေါက်စ တယောက် ရဲ့ နေရေးမုန်တိုင်း
မောင်ရန်ပိုင်
မောင်ရန်ပိုင်
နောက်ထပ် သုံးလကြာတယ်ဆို ကျွန်တော်မှီခိုနေထိုင်တဲ့ အိမ်ကလေးနေ ကျွန်တော်မှီခိုနေ ထိုင်တဲ့ အိမ်လေးကနေ ကျွန်တော်ဆင်းပေးရတော့မယ်။ ကိုခင်ဝမ်းသီချင်းထဲကလို "နှုတ်ဆက်ခဲ့ပါတယ်၊ ကျွန်တော် သွားရတော့မယ်" ဆိုတဲ့အနေအထားပေါ့။ ကိုယ့်အပေါ်စိတ်စေတနာကြီးမားစွာနဲ့ အခမဲ့ဆယ်နှစ်ကျော် နေထိုင်ခွင့်ပေးခဲ့တဲ့ အခြေအနေကနေ စိတ်ပြောင်းသွားပြီး နှင်ချတဲ့ အဆင့် ရောက်လာရမှာ တရားခံကတော့ တခြားသူမဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင် ဖြစ်ပါတယ်။ အိမ်ရှင်ဖြစ်သူ ရဲ့စိတ်ထဲမှာ ကြည်ဖြူခြင်းဖြစ်လောက်အောင် မိမိကိုယ်မိမိ ထိန်းသိမ်းဆောက်တည်ခြင်းကို ခုနောက်ပိုင်း မှာ ကျွန်တော်မထမ်းရွက်နိုင်ခဲ့ပါဘူး။ ပေါ့လျော့တာတွေ၊ မေ့လျော့တာတွေ၊ ချွတ်ချော်တာတွေ များလာခဲ့ ပါတယ်။ ကဲဒီတော့။ 'ချက်ချင်းတော့ မဆင်းပါရစေနဲ့။ နောက်ထပ်နေစရာရှာဖို့ အခက်အခဲရှိနေလို့ပါ။ သုံးလတော့ ဆက်နေခွင့်ပေးပါ'လို့ ရှိခိုးတောင်းပန်၊ အောက်ကျို့ပြောဆိုခဲ့ရပါတယ်။ ကျွန်တော် သူတစ်ပါးရဲ့ ဂုဏ်သိက္ခာကို ရိုသေတဲ့လူတစ်ယောက်ပါ။ ဘယ်သူ့ကိုဖြစ်ဖြစ်၊ အနိမ့်ဆုံးအားဖြင့် အမေ တွေက မွေးဖွားပြီး ပခုံးနှစ်ဖက်ကြားခေါင်းပေါက်ရုံမျှဖြင့် အခြေခံလေးစားမှုထားတတ်တဲ့သူ တစ်ယောက် ပါ။ ကိုယ်ပိုင်ငွေကြေးနဲ့ ကိုယ်ပိုင်နေရာလေးတစ်ခုကို မဖန်တီးနိုင်လို့ သူများအိမ်မှာနေခွင့်ရဖို့ အရေး မျက်နှာ အောက်ချပြောဆိုရတာကို ရှက်လှပါတယ်။
ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်တိုင် ပြန်ပြီးခြေနဲ့နင်းသလိုခံစားရပါတယ်။ ကျွန်တော်ဘယ်သူ့ဘယ်ဝါကိုမှ အခြေခံ ဂုဏ်သိက္ခာ စော်ကားတာမျိုးမလုပ်ဖူးပါဘူး။ ခုတော့ကျွန်တော်ဟာ ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်ပြန် စော်ကား နေပါတယ်။ ကိုယ့်အထွတ်အမြတ်ကို ကိုယ်တိုင်ပြန်ပြီးစွန်းပေအောင် လုပ်နေရပါ တယ်။ စေတနာ၊ မေတ္တာနဲ့ ကိုယ့်ကိုနှစ်ရှည်လများ အခမဲ့နေခွင့်ပေးခဲ့တဲ့ အိမ်ရှင်ကနေပိုင် ခွင့်ရုပ်သိမ်း လိုက်တယ်ဆို အိမ်ပေါ်ကတန်းဆင်းဖို့ သင့်ပါတယ်။ သို့သော်သင့်တာကို ကျွန်တော်မလုပ်နိုင်ခဲ့ပါဘူး။ ချက်ချင်း တန်းဆင်း၊ ချက်ချင်းနေစရာ အသစ်ရှာဆိုတာမျိုးကို ကျွန်တော်မစွမ်းနိုင်တော့ပါဘူး။ အချိန်ယူ ရသေးတယ်။ အစီအစဉ်ချရသေးတယ်။ ကျွန်တော်ဝန်ခံပါတယ်ဗျာ။ ပျိုတုန်းရွယ်တုန်းကလို ဖြစ်လာတဲ့ ခံစားမှုနဲ့ တန်းပြီးရဲရင့်နိုင် စွမ်းမရှိတော့ပါဘူး။ ဒါကိုသတ္တိကြောင်သွားပြီလို့ မြင်သူတွေမြင်ကြပါ။ နောက်တစ်မျိုး အား ဖြင့် စိတ်ကိုထိန်းနိုင်တယ်။ ရှေ့နောက်တိုင်းထွာတတ်တယ်လို့ ထင်ချင်သူတွေလည်း ထင်ကြပါ။ 'လွတ်လပ်ပွင့်လင်းစွာ ရှိစေသတည်း'ပေါ့ဗျာ။
ခက်နေတာက အသက် ၆၃နှစ် ကျော်သွားပြီဖြစ်တဲ့ အဘိုးကြီးအို ပေါက်စတစ်ယောက်ရဲ့ စိတ်ထဲမှာ မြင်ယောင်နေတဲ့ မြင်ကွင်းတွေပါပဲ။ ခွေးတစ်ကောင်ခြံပေါက်ဝ တစ်ခုမှာခြံထဲဝင် ဖို့ ယောင်လည်လည် လုပ်နေတယ်။ ခြံစောင့်က မောင်းထုတ်လိုက်တယ်။ ခွေးဟာယောင် လည်လည်နဲ့ ဟိုဘက်ကို ထွက်သွားတယ်။ နောက်ထပ်ခြံဝကို ယောင်လည်လည် ပြန်ရောက်လာပြန်တယ်။ ခြံစောင့်က မောင်းထုတ်ပြန်တယ်။ တ၀ဲလည်လည်ဖြစ်နေတယ်။ နောက်ဆုံးခြံစောင့်က တုတ်နဲ့ထရိုက်တော့မှ ခွေးဟာ ကိန်ကိန် အော်ပြီး ထွက်ပြေးတော့ တယ်။ မြင်ယောင်မိတဲ့မြင်ကွင်းကြောင့် စိတ်ထဲမှာလူးနေအောင် ခံရတယ်။ ရင်ဝကို မီးစနဲ့ ဆောင့်ဆောင့်ထိုးလိုက်သလို ခံစားရတယ်ဗျာ။ ကျွန်တော်က စိတ်ခံစားမှုနဲ့ ပတ်သက်ရင် ထွေပြားတတ်တဲ့ သဘောရှိတယ်။ ဒါကိုစိတ္တဇလက္ခဏာတစ်မျိုးလိုမြင်တဲ့ သူမျိုးရှိနိုင်တယ်။ ဒါကို နောက်တစ်မျိုး အားဖြင့် ခံစားမှုပညာရေးအားကောင်းခြင်းရဲ့ သင်္ကေတလို့ ထင်သူမျိုး လည်းရှိနိုင်သပေါ့။ ဒီအမြင်နှစ်မျိုး မှာ ကျွန်တော်ကကြားနေပါပဲ။ ဒီနေရာလေးမှာကြားနေရ တာလေးကို အလွန်နှစ်သက်မိ ပါတယ်။
ကျွန်တော်တွေးကြည့်မိပါတယ်။ စာပေ၊ အနုပညာလောကမှာ အနည်းဆုံးနှစ်ပေါင်း လေးဆယ်ကျော် ထက်ထက်မြက်မြက်ရှိတဲ့ သြဇာအရှိန်အ၀ါကို မထူထောင်နိုင်ခဲ့တာ မှန်သော်လည်း၊ ရင်ထဲမှာ စိမ်ပြီး ယုံကြည်ချက်ဒဿနနဲ့ အကြိမ်ကြိမ် စစ်ဆေးထားတဲ့ စာမျိုးတွေ ရေးခဲ့သူတစ်ယောက်ပါ။ မြင်သာ ထင်တာနဲ့ သက်ရောက်သော အာနသင်နည်း ကောင်းနည်းမည်ဖြစ်သော်လည်း ဘ၀ကြီး တစ်ခုလုံး ပေးဆပ်ပြီး ကြိုးစားလျှောက်ခဲ့တဲ့ ဘ၀ခရီးပါဗျာ။ ဒိုင်းခနဲဆို ကိုယ်ပိုင်ဘော်ဒါဆောင်အခန်းလေး တစ်ခန်း တောင် ဌားမနေနိုင် လို့ မှီခိုခွင့်ပေးထားတဲ့ အိမ်ရှင်ထံမှာ အရေးရှိခိုးတောင်းပန်ပြောဆိုရတဲ့ အခြေ အနေ အတွက်ကျွန်တော့်မှာ အပြစ်ရှိပါသလား။ မိဘအိမ်အရိပ်ကိုခွာ၊ ကိုယ့်ဘ၀ခရီး ကိုယ်နှင်တဲ့ အချိန်ကစပြီး ငွေရှာတဲ့အလုပ်ကို လုံးဝမလုပ်၊ ပညာရှာတဲ့အလုပ်၊ ပညာပွားစီးတဲ့အလုပ်၊ ပညာ ထုတ်ဖော်တဲ့ အလုပ်ကိုသာ အထူးပြုလုပ်ကိုင်ခဲ့တာ ကျွန်တော်အပြစ်လား။ ငွေကို ကျွန်တော်က ပစ်ပယ်လို့ငွေက ကျွန်တော့်ကိုပြန်ပစ်ပယ်ခံရကာ အပြစ်လား။ ခုနေခါမှာ ကျွန်တော့်အတွက် အပြစ်လား ဆိုတဲ့ ပြဿနာဟာ အရေးမကြီးတော့ပါဘူး။ ကျွန်တော့မှာ အပြစ်ရှိတယ်လို့ မြင်ချင်သူတွေလည်း မြင်ကြပါ။ ခြားနားတဲ့ထောင့်တစ်ထောင့်ကနေ ကောက်ချက်ချချင်သူတွေလည်း ကောက်ချက်ချကြပေါ့။ ကျွန်တော်ဘက်ကတော့ အငြင်းအခုံမဲ့စွာ 'လွတ်လပ်ပွင့်လင်းစွာ စီးဆင်းစေသတည်း' ကို ထူထောင် အပ်ပါသည်။ ငြင်းနေဖို့ကျွန်တော့်အတွက် အချိန်မရတော့။ မသေမချင်းပညာဆက်လက်ပွားစီးရန်နှင့် နိုင်သရွှေ့ အားလေးနဲ့ ထုတ်ဖော်တင်ပြခြင်းသည်သာ ကျွန်တော်တို့အလုပ်ဖြစ်တော့ တယ်။ ဒါတောင် ကျွန်တော် သေဆုံးတဲ့အခါ ကျွန်တော်ရဲ့တစ်နိုင်စာ၊ စိတ်ယဉ်ကျေးမှု စီမံကိန်းတွေတစ်ပိုင်းတန်းလန်းနဲ့ များစွာ ကျန်ခဲ့လိမ့်မယ်။
စာရေးနေရင်း ဇက်ကျိုးကျသွားလိမ့်မယ်။
လက်ထဲမှာကိုင်ထားသော ဘောပင်စာရွက်ပေါ် ပြုတ်ကျသွားမယ်။
ဆင်ခြင်တွေးခေါ်ခြင်းအလုပ်ကို လုပ်နေတဲ့ ဦးနှောက်ဟာပွဲချင်းပြီး ရပ်တန့်၊ သေဆုံးသွား လိမ့်မယ်။
ယုံကြည်ချက်၊ ဒဿနနဲ့ ကိုယ်လုပ်ရမယ့် အလုပ်ကိုဘယ်အရာကမှ တားလို့မရတာ မှန်သော်လည်း အဘိုးကြီး အိုပေါက်စဘ၀ ရောက်ပြီးကျန်းမာရေးတွေ ပွစာတက်ပြိုဆင်း လာတဲ့အခါ၊ ယုံကြည်ချက် ခရီးလျှောက်လှမ်းနေရင်း သံခြေချင်းခတ်ထားတဲ့ ခြေထောက်နဲ့ လမ်းလျှောက်သလို ခံစားလာရပါတယ်။ ပျိုရွယ်ချိန်၊ ကျန်းမာရေး ကောင်းတုန်းက ဒီလို ဘယ်ဟုတ်ပါ့မလဲ။ နုပျိုသောဘ၀နဲ့ ကျန်းမာရေး ကောင်းခြင်း ဟာ မဟာခွန်အားဖြစ်နေ တယ်။ မြင်းပြိုင်ပွဲ တာလွှတ်စပြိုင်မြင်းတစ်ကောင်လိုပါပဲ။ ယုံကြည်ချက် ဒဿန ရဲ့ ခွန်အား၊ ကိုယ်လုပ်နေတဲ့အလုပ်ရဲ့ ခွန်အား၊ နုပျိုခြင်းနှင့် ကျန်းမာခြင်းရဲက ခွန်အား တွေ ပေါင်းပြီပင်လယ်ထဲက ပြေးတက်လာတဲ့လှိုင်းတွေကို ပါးစပ်ထဲကလေးနဲ့မှုတ်ထုတ်လိုက် ရင် နောက်ပြန်လှည့် ပြေးသွားရမယ်လို့ ကြုံးဝါးခဲ့ဖူးတယ်။
နာဂစ်လို အများနဲ့မသက်ဆိုင်ပေမယ့် တစ်ကိုယ်တော် 'နေစရာအိမ်မုန်တိုင်း'၀င်တော့မယ့် ကျွန်တော်အတွက်အားကောင်းဝင်းလက်တဲ့ နုပျိုသောလူငယ်ဘ၀အတိတ်ကို ပြန်မြင် ယောင်ရတာ အလွန်အရသာရှိလှပါတယ်။
ဟိုတုန်းကလို မဟုတ်တော့ပြီဆိုတဲ့အသိနဲ့ အားငယ်သွားတာမျိုးမရှိပါဘူး။ ဟိုတုန်းက 'ဒီလိုအစဉ်အလာ ရှိခဲ့တယ်'ဆိုတဲ့ အသိနဲ့အရှိန် မြင့်ဘ၀အမောတွေကြားက၊ ဘ၀အမောတွေကြားက၊ ဘ၀အမော တွေကြားက၊ ဘ၀ အမောအတန်ငယ် ပြေပျောက်ရပါတယ်။ ထမင်းဖိုးမရှိ၊ လက်ထဲမှာပိုက်ဆံတစ်ပြားမရှိ ဖြစ်နေချိန် မှာ စာအုပ်ပုံ၊ စာအုပ်ဟောင်း တစ်အုပ်ကြားကနှစ်ရာတန်လေး တစ်ရွက်ပြန်တွေ့ ရသလိုပါပဲ။ နုပျို တက်ကြွသော လူငယ်ဘ၀ရဲ့ အရှိန်ဟပ်ရိုက်ခတ်သော ကောင်းမှုအာနိ သင်လို့ နားလည်သဘော ပေါက်မိပါတယ်။
ကျွန်တော်တို့ရဲ့ မွေးရပ်မြေမြို့ပုသိမ်ရဲ့ သင်္ကြန်ရက် ဆယ်ကျော်သက်အရွယ်တုန်းက ကျွန်တော်တို့ မှာအလေ့ တစ်ခုရှိပါတယ်။ အဲဒီတုန်းကကျွန်တော်တို့ရေပက်တာ နို့ဆီခွက် အလွတ်နဲ့ ရေထည့်ပတ်တာ။ နို့ဆီခွက်ထဲရေထည့်ပြီး၊ လက်ကိုတအားလွှဲပြီး ခွက်စောင်းခုတ်ပတ်တာ။ အဲဒီတုန်းက အဲဒီလို ရေပက်တာ ကို ခွက်စောင်းခုတ်တယ်လို့ ခေါ်ကြတယ်။ ကိုယ့်ကိုတခြားလူက ခွက်စောင်းခုတ်ပတ်တာကို ခံရတဲ့ အချိန်မှာ ပက်တဲ့ လူကလက်သံပြင်းရင် ကျောတော့သွားအောင် ခံရတယ်။ အဲဒီလိုခံနေရပေမယ့် နှုတ်ကတော့ အလျှော့မပေးဘူး။ 'ခွက်စုတ်ကလေးနဲ့ ပက်တာလောက်တော့ ရယ်တာပေါ့၊ ရယ်တာပေါ့' လို့ ကုန်းအော်လေ့ရှိတယ်။ ရုပ်နာပေမယ့် စိတ်အရှုံးမပေးဘူးဟေ့ ဆိုတဲ့ ကျွန်တော်တို့လူငယ်ဘ၀ရဲ့ အမှတ် သင်္ကေတ တစ်ခုပါပဲ။
ကျွန်တော်ရဲ့ ရန်ကုန်မြို့ကို နောက်ခံထားတဲ့ လူငယ်စာပေအနုပညာသမားဘ၀မှာ ချမ်းချမ်း သာသာ နေရတဲ့အချိန်ဆိုတာ နည်းနည်းမျှသာရှိပါတယ်။ များသောအားဖြင့် ကတော့ ထမင်းလေး နပ်မှန်အောင်စား၊ လက်ဖက်ရည်လေး တစ်နေ့နှစ်ခွက်လောက် သောက်ပြီး ညနေချမ်းမှာ 'ဖြူစကီး' ခေါ်အရက်ဖြူ လေး သောက်ခွင့်ရတဲ့နေ့များနဲ့ စားရမဲ့မဲ့၊ သောက်ရမဲ့မဲ့နေ့ရက်များ အားပြိုင် နေခြင်း သဘောက အဓိက ကြီးစိုးပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ လူငယ်ဘ၀မှာ သေချာတာ တစ်ခု ကတော့ 'ယုံကြည်ချက်၊ ဒဿနနဲ့ စာပေအနုပညာရည်မှန်းချက်အတွက် အစွမ်းကုန်ကြိုးစားခဲ့တယ်ဆိုတဲ့ အချက်ပါပဲ။ ဆင်းရဲ၊ ချမ်းသာ၊ ထမင်းငတ်၊ ထမင်းနပ်မှန်၊ လက်ဖက်ရည်ဖိုးရှိ၊ လက်ဖက်ရည်ဖိုးမရှိ ဆိုတာတွေဟာ ဘ၀ခရီး အတွက် ကုန်ကြမ်းတွေဖြစ်သွားခဲ့ပါတယ်။ လူငယ်ဘ၀မှာ ကုန်ကြမ်းတွေကို အသုံးချပြီး ထုတ်လုပ်ခဲ့တဲ့ ကုန်ချော တွေကတော့ ယုံကြည်ချက်အတွက် အစွမ်းကုန်ကြိုးစားခြင်းပါပဲ။'
အဲဒီနေ့ရက်တွေတုန်းက ဘော်ဒါဆောင်အခန်းတစ်ခန်း ဌားနေဖို့လည်း ငွေမရှိ၊ သူငယ်ချင်းတွေ အိမ်လိုက် အိပ်ရမှာလည်း အားနာမိတဲ့နေ့ရက်တွေဖြစ်ပါတယ်။ မြောက်ဥက္ကလာမှာရှိတဲ့ ဆွေမျိုးရင်းတစ်ယောက်အိမ် သွားအိပ်ဖို့လာခဲ့ပါတယ်။ ဒီကိစ္စကို ပေါ့ပေါ့ပါးပါးလို့ထင်ထားခဲ့ပါတယ်။ ထင်သလိုဖြစ်မလာပါဘူး။ ညအိပ် လက်ခံရန် မဖြစ်နိုင်ကြောင်းသာ တုံ့ပြန်ခဲ့တယ်။ ဒါအသေးအဖွဲပါပဲ။ လက်မခံနိုင်တဲ့ ဆွေမျိုးသား ချင်းကို အားရပါးရ တစ်ချက်ပြုံးပြလိုက်တယ်။ ပြီးတော့ 'ကျေးဇူးတင်ပါတယ်' ဆိုတဲ့ စကားကို လေသံအေးအေး လေးနဲ့ ပြောလိုက်တယ်။
လမ်းပေါ်ကို ကျွန်တော်ပြန်ရောက်လာပါတယ်။ ငယ်ငယ်တုန်းက မြီု့ပုသိမ်ရဲက သင်္ကြန်ရက်တွေမှာ ရေပက်ခံရင်း အော်ခဲ့တဲ့ 'ခွက်စုတ်ကလေးနဲ့ ပက်တာလောက်တော့ ၇ယ်တာပေါ့'ဆိုတဲ့ အသံတွေကို စိတ်ထဲမှာ ပြန်လည်ကြားယောင်လာရပါတယ်။ မြောက်ဥက္ကလာကနေ ဗဟန်းဘက် ရန်အောင် ဘုန်းကြီးကျောင်းမှာနေတဲ့ ကဗျာဆရာ မောင်မောင်နီထံသွားရန် ဆုံးဖြတ်လိုက်တယ်။ သူ့ထံရောက်အောင် လမ်းလျှောက်မယ်။ လမ်းမှာမိုးလင်းသွားလည်းအကြောင်းမဟုတ်ဘူး။ ခြေတံရှည် ဘုန်းကြီးကျောင်း အောက်မှာ ရှိတဲ့ ကဗျာဆရာမောင်အောင်နီရဲက အခန်းကျဉ်းလေးမှာ ရောက်တဲ့အချိန်၊ အိပ်ရေး ၀အောင် အိပ်ပစ်လိုက်မယ်။ ဘာဖြစ်သေးလဲ။ ခြေသလုံးကြွက်သားတွေ ဒေါင်ဒေါင် မြည်သန်စွမ်း နေသေးတယ်။ ဘာမှတ်သလဲ။ ဘောလုံးကောင်းကောင်းကန်ခဲ့တဲ့ကောင်။ မာရသွန်ပြေးခဲ့တဲ့ကောင်။ မြောက်ဥက္ကလာကနေ ဗဟန်းအထိလမ်းလျှောက်တာ လောက်ကို 'ခွက်စုတ်ကလေးနဲ့ ပက်တာ လောက်တော့ ရယ်တာပေါ့' လုပ်လို့ရပါတယ်။
လူငယ်ဘ၀ရဲ့နုပျိုကျန်းမာခြင်း၊ ယုံကြည်ချက်ဒဿနနဲ့ စာပေအနုပညာအတွက် အထူး ပြုကြိုးစားခြင်း ဆိုတဲ့ စွမ်းရည်ဟာဘ၀၇ာသီ ဥတုအနေအထားအရပ်ရပ်ကို အလံမလဲ စတမ်းရင်ဆိုင်နိုင်စွမ်းရှိခဲ့တယ်။ အဆင်မပြေမှုတွေ အရှိန်ကြာမြင့်စွာ ကြုံရမလား။ အသံ အကျယ်ကြီးအော်ငိုရဲတယ်။ ပေါက်ကွဲမှုနဲ့နံရံကို လက်သီးနဲ့ထိုးရဲတယ်။ ပြီးတော့လည်း လုပ်သင့်လုပ်ကောင်းတာတွေဆက်လုပ်ပေါ့။ ဘ၀ရဲ့ အဆင်ပြေ သာယာမှုတွေ အားကောင်း စွာ ကြုံရမလား။ မြေကြီးပေါ်ကနေ ခြေထောက်နှစ်ဖက်လုံး လွတ်ထွက် သွားအောင် ထခုန်ရဲတယ်။ အသံကျယ်ကြီးဟက်ဟက်ပက်ပက် ရယ်မောပြီးထကရဲတယ်။ ဘာဖြစ်သေး လဲ။ ဘာဖြစ်သေးလဲ။ အဆင်သင့်ပဲဟေ့။ လမ်းမှာလမ်းလျှောက်နေရင်း တားခွင့်သာ တဲ့ကား တွေ့ရင် တားကြည့်မယ်။ လိုင်းကားက စီးဖို့လည်းမရှိတော့ဘူး။ တက္ကစီစီးဖို့ လည်းမတတ်နိုင်ဘူး။ ကားတား ကြည့်မယ်။ တင်ခေါ်တော့ လိုက်သွားမယ်။ မလိုက်ရတော့ လမ်းဆက်လျှောက်မယ်။ ခွက်စုတ်ကလေးနဲ့ ပက်တာ လောက်တော့ ရယ်တာပေါ့။
ရုပ်ကျန်းမာရေးတွေ ပွစာတက်လောက်အောင် ပြိုဆင်းလာခြင်း၊ ငွေကြေးရှားပါးချို့တဲ့ခြင်း စတာတွေကယုံကြည်ချက်၊ ဒဿနနဲ့ဘ၀လမ်းကြောင်းကို သွေဖည်သွားလောက်အောင် ပြုလုပ်နိုင်စွမ်း မရှိပါဘူး။ ဒါပေမဲ့ ခုနေခါအဘိုးကြီးအိုပေါက်စရဲက ဘ၀မှာကိုယ်လုပ်သင့်တာ တွေလုပ်နေရတာ၊ တွင်းနက်ကြီး ထဲကရေကို ရေပုံးနဲ့ခပ်တဲ့အခါ သံဆူးကြိုးကို ကြိုးအဖြစ် အသုံးချပြီး ရေငင်နေရသလိုပါပဲ။ ထွန့်ထွန့်လူးလောက်အောင် ခံရတယ်။ လက်ဖ၀ါးတွေ သွေးအချင်းချင်းနီကုန်တယ်။ ရေပုံးကို ဆွဲတင်တဲ့လက်က မြန်လာသလောက် အသည်း ခိုက်လောက်အောင် နာကျင်လွန်းတယ်ဆိုတဲ့ သဘောပါပဲ။ အလင်းရောင် ရဖို့အရေး ဖယောင်းတိုင်မှ ဖယောင်းရည်အပျော်ခံရသလို ဘ၀မှာအဆင့်ဆင့်အခိုးအငွေ့ ဖြစ်ခြင်း ကို ခံစားရတယ်။
ရုပ်ဒဏ်ရာရမှာကို ကြောက်လို့၊ ရုပ်နာကျင်မှာကိုကြောက်လို့ဆက်ပြီး သုံးလနေခွင့်ရဖို့ အရေး ရှိခိုးတောင်းပန် လုပ်လိုက်ရတာလား။ ကျွန်တော်အမြင်က ဒီလိုမဟုတ်ပါဘူး။ ဒီအိမ်လေးမှာ ကျွန်တော့် အတွက် ရင်တွင်းငြိမ်းချမ်းရေးဆိုင်ရာ တရားထိုင်ရတဲ့အခါ အလွန်အဆင်ပြေတယ်။ စာရေး၊ စာဖတ်လုပ်တဲ့ အခါမှာလည်း ထို့အတူပါပဲ။ ဒီအိမ်လေးနဲ့ ကျွန်တော်မခွဲချင်ဘူး။
ကျွန်တော့အတွက်တော့ ယုံကြည်ချက်အရေးမှာ အခွင့်သာနေတဲ့ ဒီအိမ်ကလေးကို မခွာချင်ဘူး။ ဒါကြောင့်ဒီအိမ်လေးမှာ ဆက်လက်နေလို့ရသရွှေ့လေး နေခွင့်သာအောင် သုံးလနေခွင့်တောင်းခဲ့တာပါ။ ချက်ချင်းအိမ်ပေါ်က တန်းဆင်းသွားလို့ တည်တည်ငြိမ်ငြိမ်အစားထိုးနေစရာမရှိလို့၊ တရားထိုင်တဲ့အခါ ဆူးလေပေါ်တက်ပြီး တရားထိုင်၊ စာဖတ်လုပ်၊ အိပ်တော့ အိမ်လမ်းဘေးမှာ အိပ်ဆိုတာမျိုးအထိ ကျွန်တော် ရင်ဆိုင်ရဲပါတယ်။ ဆက်လက်ပြီး ဆင့်ပွားဖြစ်လာမှာကိုလည်း မစိုးရိမ်ပါဘူး။ ကိုယ့်ဘက်က အမှန်အတိုင်း တင်ပြမယ်။ ဖြစ်စရာအကြောင်းရှိတာတွေ ဆက်ဖြစ်ပေါ့။ ကျွန်တော့ကဗျာ ဆရာ၊ စာရေးဆရာ မောင်ရန်ပိုင် ဖြစ်ပါတယ်။ တခြားမဟုတ်ပါဘူး။ ကိုယ့်ဘ၀အတွက် ယုံကြည်ချက်အရေးမှာလုပ်လမ်း၊ လုပ်ခွင့် သာတဲ့ နေရာလေးမှာ လုပ်ခွင့်သာတဲ့နေရာလေး မှာ တွယ်လို့ရသရွှေ့ တွယ်ကပ်နေတာပါ။ တွယ်ထားရင်း လက်မမြဲလို့ ပြုတ်ကျသွားတော့ လည်းဘာတတ်နိုင်မှာလဲ။ အလွန်အမင်းနက်တဲ့ ကျင်းနက်နက် ကြီးထဲ ပြုတ်ကျသွား တယ်ဆို ကျင်းအောင်ခြေမြေသားနဲ့ ကိုင်အရိုက်မခံရသေးခင် 'အား'ဆိုတဲ့ အော်သံ ရှည်ရှည်ကြီးဖြစ်သွားဦးမယ်။ လူဆိုတာဘယ်အတိုင်းအတာအထိ အမြင့်မားဆုံး ဒုက္ခ ဖြစ်နိုင် သလဲ။ သေတာထက်မပိုပါဘူးဗျာ။
နောက်ထပ်တစ်ခေါက်မေးလိုက်ပါဦးမယ်။ လူဆိုတာ ဘယ်အတိုင်းအတာအထိ အမြင့်မားဆုံး ဒုက္ခ ဖြစ်နိုင်သလဲ။ အမောဖောက်၊ ချွဲလိုက်ပြီး စကားမေးမရတဲ့အဆင့်ထက် မပိုပါဘူး။ ဒါတွေအားလုံးအနိစ္စ၊ ဒုက္ခ၊ အနတ္တပါပဲဗျာ။ ဘာဝနာအတွေ့နဲ့ဒီအသိအမြင်ကိုကြည်ကြည်လင်လင် နက်နက်ရှိုင်းရှိုင်း မြင်တတ် ပြီလား။ မြတ်တတ်၊ မမြင်တတ် ဆိုတာထက်မြင်နိုင်အောင် ကျွန်တော်ကြိုးစားခဲ့တာ နှစ်ပေါင်းသုံးဆယ် ကျော်ခဲ့ ပါပြီ။
နောက်သုံးလဆို ကျွန်တော်စွန့်ခွာရတော့မယ့် အိမ်လေးဟာ ကျွန်တော့အပေါ်ကြင်နာ နွေးထွေးခဲ့တဲ့ အိမ်လေးဖြစ်ပါတယ်။
ကိုယ်ဝတ်တဲ့ အ၀တ်အစားကို ကိုယ်တိုင်လျှော်ဖွပ်နိုင်တဲ့ ကိုယ်တိုင်လျှော်ဖွပ်နိုင်တဲ့ ကျန်းမာ ရေးအခြေ အနေမရှိ၊ ပင်မင်းပေးနိုင်တဲ့ ငွေကြေးအခြေအနေလည်းမရှိ၊ အဲဒီလိုမရှိနှစ်မျိုးနဲ့ ကျွန်တော့်ကို အ၀တ် အစား လေးတွေ လျှော်ဖွပ်ပေးတာ ဒီအိမ်လေးဖြစ်ပါတယ်။
ဘော်ဒါဆောင်အခန်းလေးတစ်ခန်း သို့မဟုတ် မြို့စွန်မြို့ဖျားက တဲငယ်လေးတစ်လုံး လောက်ကိုတောင် ဌားမနေနိုင်တဲ့ ကျွန်တော့်ကို ဆယ်နှစ်ကျော် အခမဲ့ နေခွင့်ပေးခဲ့တာ ဒီအိမ်လေးဖြစ်ပါတယ်။
ကျွန်တော်နှစ်ညလောက် အိမ်ပြန်မရောက်ဘူးဆို ကျွန်တော်တို့ စာပေအနုပညာ သမားတွေရဲ့ ဆုံစည်းရာ ၃၃ လမ်း အထိ ထွက်စုံစမ်းတတ်တာ ဒီအိမ်လေးဖြစ်ပါတယ်။
ဒီအိမ်လေးဖြစ်ပါတယ်။
ဒီအိမ်လေးဖြစ်ပါတယ်။
လောဘ၊ ဒေါသ၊ မောဟကို အပြီးတိုင်ပယ်နိုင်ခြင်းရှိတဲ့ စင်းလုံးချောမဟုတ်တော့ ဒီအိမ်လေးအပေါ်မှား၊ ဆိုမှားတွေရှိခဲ့ပါတယ်။ မေ့လျော့၊ ပေါ့တန်၊ ချွတ်ချော်၊ တိမ်းပါးတာ တွေရှိခဲ့ပါတယ်။ ၀န်ခံခဲ့ပါတယ်။ တောင်းပန်စကား ဆိုခဲ့ပါတယ်။
အဘိုးကြီးအိုပေါက်စ တစ်ယောက်ရဲ့ နေရေးမုန်တိုင်းဝင်ဖို့ နီးလာပြီ။
'ခွက်စုတ် ကလေးနဲ့ပတ်တာလောက်တော့ ရယ်တာပေါ့' ဆိုတဲ့အသံကို ပြန်ကြားနေရတယ်။ ခွေးတစ်ကောင် ခြံဝမှာ ယောင်လည်လည်လုပ်နေတာ မြင်ယောင်နေမိတယ်။ လူမျိုး၊ ဘာသာ၊ နိုင်ငံမရွေး၊ မြေကမ္ဘာ ပေါ်က အိုးမဲ့အိမ်မဲ့လူမျိုးတွေကို ကိုယ်ချင်းစာနာနေမိတယ်။ စိတ်ချင်းစေတနာနေမိတယ်။ ကိုခင်ဝမ်းရဲ့ နှုတ်ဆက်ခဲ့ပါတယ်။ ကျွန်တော်သွားတော့မယ် သီချင်းသံကို ကြားယောင်မိပါသေး။
မောင်ရန်ပိုင်
ရွှေအမြူတေ
ဇန်နဝါရီ ၂၀၁၀
ပန်းသတင်း (ဇန်နဝါရီ ၆) မှာ ၂ပုဒ် တင်ပေးလိုက်ပါတယ်
No comments:
Post a Comment