Saturday, January 16, 2010

ဒဂုန်ခင်ခင်လေး စာဆိုတော် အခန်း(၂၈)

အခန်း(၂၈)

    အထိန်းတော်ကြီး ခင်ဘွားသစ်လည်း ရေကြည့်စံနန်းတော်အနီးသို့ ရောက်လျှင် စုဖုရား နှင့် သီပေါ မင်းသား တို့ စံတော်မူရာမှ မြင်သာအောင် တောင်ယောင်ယောင် မြောက်ယောင်ယောင် နှင့် ကိုယ်ယောင် ပြလျက် ရှိလေ၏။
    မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့လည်း စကားဖြူပင်ရပ်ရင်း၍ ပျင်းပျင်းရိရိ အိပ်လျက်ရှိသော မောင်မောင်နွဲ့ကလေးအနီးသို့ ရောက်လာပြီး မိမိတို့သခင် သိတော်မူလေမည် လားဟု နားတစွင့်စွင့်နှင့် စောင့်၍ နေလေသတည်း။

    သီပေါမင်းသားနှင့် ထိပ်စုဖုရားလတ်တို့ အီတာလျှံ ကျောက်သလွန်ထက်တွင် နှစ်သက် ကြည်ဖြူ၊ သစ္စာ ပန်းဆင်တော်မူပြီး နှစ်ပါးအတူ ဇမ္ဗူဒီပါ စကြ၀ဋ္ဌာနယ်အနှံ့မျှ ကျယ်ပြန့်လှသော မေတ္တာတော်အဟုန်နှင့် ချစ်လျား လှုံ့တော်မူလျက်ရှိရာ အထက်နန်းအာကာ ၀တိံသာမှ သူရိယာ ဖေလ်ဝန်း အနောက်စွန်းသို့ ယွန်းစ ပြုစဉ်တွင် မေတ္တာဒန်းဆင်၍ အချစ်ယာဉ်ကြီး စီးတော်မူနေရာမှ သတိရပြီး မနီးမဝေးက အရိပ် အယောင် ပြနေသော ခင်ဘွားသစ်အားလည်း စုဖုရားက လှမ်း၍ ရှုစားတော်မူမိသည်တွင်...

    “အလို... မောင်မောင်၊ နေတောင်အတော်စောင်းသွားပါပြီ သည်ဥယျာဉ်တော်စခန်း ဖြန့်မြန်း ထွက်ချီ တော် မူချိန် သင့်လောက်ပြီ ထင်ပါရဲ့”
    မိန့်တော်မူလျှင် သီပေါမင်းသားလည်း ယုယကြင်နာစွာ ကိုင်တော်မူထားသော စုဖုရား၏ လက်တော်ကို လွှတ်ခါ ညှိုးငယ်နွမ်းလျသော မျက်နှာတော်နှင့်....

    “သြော်...စုစုနှင့် မတွေ့ရခင်ကတော့ တွေ့တော်မူချင်လှသည့် အာသာကြောင့် အလွန်တရာ စိတ်မောတော်မူခဲ့ရပါတယ်၊ ယခုလို တစ်ပါးနှင့် တစ်ပါး နှုတ်စကား လှစ်ကြူ၍ ဘယ်မျှလောက် ချစ်တော် မူကြ သည့်အကြောင်း ပြန်ပြောင်းမိန့်ကြား သစ္စာတော်ထားပြီး နီးနီးနားနား စံတော်မူ ရပြန် တော့လည်း တွေ့တော်မူရသည့် အချိန်ကာလ လွန်စွာ တိုတောင်းလှပါကလား စုစုရယ်၊ ဘယ်နေ့ဘယ်ရက် ရောက်ခါမှ သော်တာ လစန်း ကြူအိမ်နန်းကဲ့သို့ တင့်ရွှမ်းတဲ့ အသရေနှင့် မောင်မောင့်ဘ၀င်ကို ကြည်လင်အေးမြစေတဲ့ စုစုရဲ့ ရွှေမျက်နှာတော်ကလေးကို မခွဲမခွာ အမြဲရှုစားပြိး အားရအောင် ချစ်တော်မူရပါမလဲ။

မောင်မောင့်စိတ်တော်ထဲမှာဖြင့် ယခုနေအခါ စုစုအပါးမှာ တစ်ဖ၀ါးမှ ခွာတော်မမူချင်တော့ဘူး စုစုရဲ့။ (ရွှေမျက်နှာ တောင် လှစ်ကြာလျှင် ရှစ်ကမ္ဘာ ထင်မိရဲ့လေး)ဆိုတဲ့ တေးထပ်က ဥပမာဟာ မောင်မောင့်မှာ လာ၍ထင် တော်မူနေပြီ။ ယခုအတိုင်းနှင့် အိမ်တော်ရောက်သွားပါလျှင် စုစုကို ထင်မြင်တမ်းတ၍ နွမ်းလျ အောင် စိတ်မောပြီး အချစ်ကြောဝေဟင်မှာ လေဆင်လို့မွှေ့သလို ဆွေ့ဆွေ့ခုန်ဖြစ်ရချည် တော့မယ်။ အစက တွေ့တော်မမူရလျှင်လည်း အကောင်းသားနော်” ခွဲခွာတော်မူရခါနီးတွင် ရိုးရိုးကြီး ညည်းညူတော် မူမိရှာသည်။

    ထိပ်စုဖုရားလတ်မှာလည်း ချစ်ခင်တော် မူစ တွေ့ရသည့်အချိန်က နည်း၍ ခွဲခွာတော်မူရခါနီးတွင် သီပေါ မင်းသားက မျက်နှာထား ညှိုးညှိုးငယ်ငယ်နှင့် အကယ်စိတ်တွင် ရှိသမျှမိန့် ဟ ညည်းညူတော် မူရှာ သောအခါ ကြော့နှောင်ရစ်ပတ်ခဲ့သော အချစ်ဓာတ်ပေါင်းကူး၍ အထူးထိခိုက် ညှိုးနွမ်းနေ တော်မူမိရှာလေ ၏။

    စု။     “စုစုကလည်း မောင့်မောင့်လိုပင် မခွာမခွဲဘဲနဲ့ အမြဲအတူ စံတော်မူချင်လျက် ငဲ့ကွက်ရမည့်အခါ ဖြစ်နေပါတယ်။ သို့ရာတွင် အခါအခွင့်မသင့်သေးတဲ့အတွက် အကြောင်း အကြောင်းကို ငဲ့ကွက်ရမည့်အခါ ဖြစ်နေပါသည်။ အချစ်နှင့်မေတ္တာဇောကြောင့် စကားတပြောပြောနှင့် နေရသော်လည်း အချိန်အခါကဖြင့် ခွဲခွာတော် မူသင့်ကြောင့် သတိပေး၍ နေတော်မူပါပြီ  မောင်မောင်ရဲက။ နောင်အခွင့်အခါ သင့်ပါလျှင်လဲ ယခုလိုပဲ စုစုနှင့် မောင်မောင် တွေ့ဆုံတော်မူကြရအောင် အခွင့်အရေးက ဖန်တီးလို့ ပေးပါလိမ့်မယ် ထင်ပါတယ်။ ယခုဖြင့်သည် စခန်းက လမ်းခွဲတော်မူကြဦးမှ ဖြစ်တော်မူပါလိမ့်မယ် မောင်မောင်”

    မင်းသား။    “အဲသည်လို မကြာခဏစုစုနှင့် တွေ့ဆုံတော်မူမှပင် မောင်မောင်ဖြင့် နေသာထိုင်သာ ရှိတော်မူတော့မှာပဲ စုစုရယ်။ မကြာမကြာ တွေ့ဆုံတော်မူရအောင်သာ စုစုက ကြံစည်တော်မူပါတော့၊ မောင်မောင် တော့ဖြင့် စုစုထံမှာ အမှာတော်ရောက်မည့်နေ့ကို မျှော်လင့်၍ နေရတော့မှာပဲ။ စုစု အဆောင် တော်ထဲသို့ အရဲစွန့်လို့ ကြွလာရမှာတော့ဖြင့် လွယ်ကူတဲ့အလုပ် မဟုတ်ဘူးစုစုရဲ့။ သည်တော့ စုစု ကသာ ဟောဒီ ဥယျာဉ်တော်ကို မကြာမကြာ ထွက်တော်မူ၍ မောင်မောင့်အပူကို သီတဂူရေချမ်းနှင့် ပက်ဖြန်း တော်မူလို့ပါ ပက်ဖြန်းတော်မူပါလို့ အချစ်ကို ရှေ့ထားပြီး ရှေ့ထားပြီး များများကြီး တောင်းပန် လိုက်ပါရစေတော့ စုရယ်။ မောင်မောင့်အသည်း ဟာဖြင့် စုစုကို စွဲလမ်းပြီး အမြဲ ကျွမ်းလောင် နေရှာတယ်လို့သာ အခါမပြတ်တွေး၍ သနားတော်မူနေပါတော့”

    စု။     “ကောင်းလှပါပြီ။ စုစုတတ်အားတော်မူသရွှေ့တော့ မောင်မောင့်အလိုတော်ကို ဖြည့်တော်မူမယ်ဆိုတာ ယုံကြည်စိတ်ချတော်မူပါ။ သစ်သစ်ကိုလည်း အခွင့်ကိုကြည့်၍ အလိုတော်ဖြည့်ပါ စေမယ် မောင်မောင်ရဲ့။ ကဲ.... တွေ့တော်မူကြရတာကလည်း တစ်ခဏ၊ စကားပြောတော်မူလို့လည်း အားမရ နှင့် အချိန်ကလည်း နှောင်းလှပါပေါ့ မောင်မောင်”
    မင်းသား။    “မောင်မောင်ကလည်း မခွဲချင်သော်လည်း အချိန်က နှင်နေပြီဆိုတော့ ခွဲတော်မူကြဖို့ ရှိတာပေါ့ စုစုရဲ့၊ နောက်တစ်ကြိမ် ဘယ်နေ့ဘယ်ရက်ကို စုစု ဥယျာဉ်ထွက်မည် ဆိုတာကလေးဖြင့် မောင်မောင် မျှော်လင့်အားထား တော်မူနေစရာရက် အချိန်းကလေး ပေးတော်မူစေခဲ့လိုပါတယ်”

    စု။   “ရက်မကြာမီ ထွက်တော်မူစရာ ရက်ချိန်းပြီး အထိန်းတော်ကြီးသစ်ကို မောင်မောင့်ထံ တော်သို့ စေလွှတ်လျှောက်ထားပါစေမယ်။ ဒီအတွက်ကို စိတ်လက်ချချ နေတော်မူပါမောင်မောင်”
    ပြောနေစဉ် အထိန်းတော်ကြီးခင်ဘွားသစ် အပါးတော်သို့ ရောက်လာကာ အဆောင်တော် သို့ ပြန်ချိန်သင့်ကြောင်း လျှောက်ထားလာသဖြင့် သီပေါမင်းသားနှင့် စုဖုရားတစ်ပါးနှင့် တစ်ပါး ခပ်ခွာခွာ စံတော်မူကာ..

    “ကိုင်း... ကိုင်း အချိန်နည်းလှပြီ။ မောင်ကြီးပြန်တော့မယ် စုစုရဲ့”
    နှုတ်ခွန်းဆက်တော်မူသောကြောင့် စုစုကလည်း....
    “မှန်လှပါ၊ ကြွချီတော်မူပါတော့ မောင်မောင်”
    ဖွဲ့နှောင်သော မေတ္တာနှင့် ယုယကြင်နာစွာ လျှောက်တင်လေသည်။
    သီပေါမင်းသားလည်း စုဖုရားအပါးမှ ခွာ၍ စံတော်မူရာ ကျောက်သလွန်ပေါ်က ထတော်မူရင်း အထိန်း တော်ကြီး ခင်ဘွားသစ်အား...

    “အထိန်းတော်ကြီးရဲ့ စုစုနဲ့ ကိုယ်တော်တို့မှာ ရှေးရှေးသံသရာ အတိတ်အခါက ချဖူးသောရေစက်၊ ပန္နက်ဖူး သော သစ္စာကြောင့် ယခုဘ၀မှာ မြင်ကာမျှနှင့် တစ်ဦးကိုတစ်ဦး အထူးသဖြင့် ချစ်သဒ္ဓါလွန်ကဲ၍ မခွဲနိုင် မပစ်သာ၊ သစ္စာအောင်ပန်း ဆင်မြန်း ပန်ဆင်တော်မူမိကြ ပါပြီ။ ဒီအချိန် ဒီနေ့မှစ၍ စုစုကို တွေ့မြင်ပြီး နေ့စဉ်ပင် နီးနီးနားနား ခစားလို့ တစ်ပါးမျက်နှာ တစ်ပါးကြည့်လျက် ရွှေမေတ္တာဖွဲ့နှောင်၍ သည် ညောင်မြင့် ကြာကတ္တီတွင် သာကြည်တော်မမူရသေး သမျှ ယခုလို ဝေးဝေးကွာကွာကြီး အိမ်တော် သီးခြားနှင့် စံထားတော် မူနေရမည့် ၀ဋ်ဒုက္ခဟာလည်း ဘယ်အခါမှ ကင်းရှင်းလွတ်မြောက် တော်မူ ရဦးမည်မသိရသေးတဲ့အတွက် ကိုယ်တော်ရဲ့ ဆန္ဒကို အထိန်းတော်ကြီးက မကြာခဏဖြည့်စွမ်းကူပြီး ဟောသည် ဥယျာဉ်တော်ကြီးထဲသို့ စုစုတို့မကြာ ခဏ ထွက်တော်မူနိုင်ရန် အခွင့်အလမ်းရှာကြံ၍ ဆက်လိုက် ပါ ဆိုတဲ့အကြောင်း ကိုယ်တော်က ထပ်လောင်းပြီး တောင်းပန်တော်မူခဲ့ပါရစေ”

    မိန့်တော်မူသောအခါ ခင်ဘွားသစ်ကလည်း အားတက်သရောနှင့်ကင်...
    “စိတ်ချတော်မူပါဘုရား။ ကိုယ်တော်ဖျားနှင့် စုထားဖုရားတို့ အကျိုးတော်ကို ဆောင်ရမည့်အရေးဆိုလျှင် သေဘေး ကိုပင် အမှုမထား အရှင်သခင် အားရတော်မူအောင် ကြိုးကြိုးပမ်းပမ်းနှင့် အမှုတော်ထမ်းပါသည်။ ဥယျာဉ်တော် သို့ ထွက်တော်မူစရာလည်း မကြာမကြာ အခွင့်အရေးပေါ်အောင် လမ်းစဖော်၍ ဆက်ပါမယ် ဘုရား”
    လျှောက်တင်သောကြောင့် သီပေါမင်းသားလည်း.....

    “အင်း.... ကောင်းလှပေါ့ အထိန်းတော်ကြီးရဲ့၊ အထိန်းတော်ကြီးရဲ့ စေတနာကိုလည်း ကိုယ်တော်သိရှိတော်မူပါပြီ။ ကိုယ်တော်နှင့်စုစုတို့ အချစ်မှုကိစ္စကြီး ပြီးစီးငြိမ်းအေးသွားသည့်အခါ အချစ် ဆိုတဲ့ စစ်မြေပြင်မှာ အသက်ဘေးကို “ထီမထင်ဘဲ” ရင်မြေကတုတ်ထားပြီး စွန့်စွန့်စားစား အကျိုးတော် ဆောင်ခဲ့တဲ့ အချစ်မှူးကြီး သစ်သစ်ကို မဟာသေနာပတိကြီးအလား ထင်ထင်ရှားရှား လောကီ စည်းစိမ်ကြီး ခံစားရအောင် ကိုယ်တော်တို့ နှစ်ပါးဟာ များများကြီး မြှောက်စား သူကောင်းပြု တော်မူ ထားပါမည်။ အရေးတော် မပြီးခင်သာ ဆိုင်ရာဆိုင်ရာ ကျကျနန အမှုတော်ထမ်းပေတော့ အထိန်းတော်ကြီး။ သြော်... ဒါနှင့် ပြောရင်း ဆိုရင်း အချိန်ကလည်း နည်းလှပြီ၊ကိုယ့်တော့ဆီကပါတဲ့ လူပျိုတော်ကလေးများလဲ ဘယ်ဆီ သို့ သွားနေကြသည်ကို မသိပါကလား”

    မိန့်တော်မူတဲ့အခါ ခင်ဘွားသစ်က လက်ယှက်ခါ...
    “မှန်လှပါ ရေကြည့်စံနန်းတော် အနီးအပါးမှာပင် ခစားလျက် ရှိကြပါကြောင်း။ ယခုပင် ဖျာ့ကျွန်မ သွား၍ အကြောင်းကြားလိုက်ပါမယ် ဘုရား”
    ဆိုကာ ရေကြည့်နန်းအဆောင်စွန်း တစ်ဘက်သို့ ထွက်လာပြီး စကားပြူပင်အောက်၌ နှစ်ယောက်သား ထိုင်နေ ကြသော မောင်မောင်တုတ်တို့လူစုကိုလည်းကောင်း၊ တတိုင်းမွှေးရုံ အပါးမှ အထိန်းတော်ကြီး အခေါ် ကို စောင့်မျှော်နေသော ခင်မကြီးနှင့် ခင်ဘုန်းတို့ကိုလည်း ကောင်း။ အချက်ကြလက်ပြ၍ ခေါ်လိုက်သည်တွင် အပျိုတော်၊ လူပျိုတော်များအားလုံး ရေကြည့် စံနန်းပေါ်တွင် စုရုံးခစားမိကြပြီးနောက် သီပေါမင်းသားလည်း နောက်ပါ လူပျုတော်များနှင့်အတူ နှုတ်ခွန်းဆက်သကာ အိမ်တော်သို့ ညှိုးငယ် နွမ်းနယ် သော မျက်နှာဖြင့် ခွဲခွာကြွမြန်းတော် မူရှာသည်ကို စုဖုရားလတ်သည် ကျောက်သလွန်ထက်မှာ မျက်စိ တစ်ဆုံး ရှုမျှော်ကျန်ရစ်တော်မူ လေသည်။

    ဆယ့်နှစ်ရာသီ ငွေဖလားကြီး အပြည့်အမောက်ထည့်ထားသော တတိုင်းမွှေးပွင့်များကို ရှေ့ထားလျက် ငြိမ်ငြိမ် သက် တုပ်ပျပ်ဝပ်ကာ ခစားနေရှာသော အပျိုတော်ခင်ဘုန်းနှင့် ခင်မကြီးတို့မှာ စုဖုရား မျက်နှာတော် မသာ မယာနှင့် ကြွတော်မူသွားသော သီပေါမင်းသားကို လွမ်းဆွတ် တမ်းတတော် မူနေရှာသည်ကို မြင်ရသည် တစ်ကြောင်း။ အထိန်းတော်ကြီးအား မောင်မောင်တုတ်တို့ မည်သို့ မတရား အစစ်ခံ သွားသည်ကို မသိရသောကြောင့် တစ်ကြောင်း။ အထိန်းတော်ကြီးအား မောင်မောင်တုတ်တို့ မည်သို့ မတရားအစစ်ခံသွားသည်ကို မသိရ သောကြောင့် တစ်ကြောင်း။ ခစားရာမှ ခေါင်းမဖော်ဝံ့ အောင် အရွံ့ ဖတ်၍ နေကြလေသည်။ အထိန်းတော်ကြီး ခင်ဘွားသစ်မူကား မောင်တော် ကြွသွားတော်မူရာသို့ တမ်းမှန်း မျှော်ခေါ် လွမ်းဆွတ်တော်မူခြင်းဖြင့် မျက်နှာတော်ညိုညိုနှင့် ငိုမလို ဖြစ်နေတော်မူသော စုဖုရား၏ အပါးသို့ ဖြည်းညင်းသာယာစွာ တိုးကပ်ခစားကာ စုဖုရားမှာ စိတ်တော်ပြောင်းလဲသွားပါစေတော့ဟူသာ ဆန္ဒနှင့်...

    “အမေ့ထိပ်စုဖုရားရဲ့ ရွှေကိုယ်တော် ကြွသွား၍ လွမ်းကြွယ်တော်မူမူနေပါသလား၊ သစ်သစ် ကြိုးစားပြီး နောက်တစ်ကြိမ် ဥယျာဉ်တော်သို့ ထွက်တော်မူစရာ လမ်းစရှာ၍ ဆက်ပါမည်။ ဖြေဆည်း သိမ်းဆည်း တော်မူပါ။ အချိန်ကလည်း နည်းလှပြီဖြစ်ပါ၍ အဆောင်တော်သို့ ပြန်ကြွတော်မူရန်သင့်ပါပြီ။ နို့ပြီးတော့ လည်း အရှင်ထိပ်စုဖျား ယခုကဲ့သို့ မင်းသားငယ်အသွင် ၀တ်ဆင်၍ ဥယျာဉ်တော်အတွင်း ဆင်းပြန်ကြောင်း ကို မယ်တော်ဖုရား ကြားသိတော်မူသွားပြန်လျှင် လည်း သစ်သစ်ကိုပဲ အပြစ်တင်တော်မူပါလိမ့်ဦးမယ်”
    လျှောက်တင်လေရာ စုဖုရားမှာ စိတ်ထားက အထိန်းတော်ကြီးအား ဓားစာခံပြုလုပ်ခါ ဆိုးနွဲ့ ကတော်မူ လာချင်ပြန်သည်နှင့်....

    “အို.... စုစုဟိုအလျင်တုန်းကလည်း မင်းသားလေးကို ဆင်တော်မူပြီး သည်ဥယျာဉ်တော် ထဲမှာ လည်ခဲ့တာ ရိုးလို့ပင်နေပါပြီ။ နောက်တော့ သစ်သစ်ကြီးပဲ မင်းသမီးဆိုတာ မင်းသမီးနဲ့ တူအောင်နေမှ ကြည့်လို့ လှတယ်လို့ မယ်မယ်ဖျားက ပြောတယ်ဆိုပြီး ထဘီတွေ ၀တ်ပေး ဆံထုံးထုံးပေးနဲ့၊ နို့ပြီးတော့ လည်း မင်းသမီးနဲ့တူအောင် သူပဲ သီပေါမောင်မောင်နဲ့ အောင်သွယ်ပေးသေးရဲ့။ အခုလည်း သူပဲ မင်းသားကလေးလို ဆင်ပြီး စုစုကို ဥယျာဉ်တော်ထဲ အရောက်ခေါ်လာရုံမကဘူး၊ သီပေါမောင်မောင် နဲ့လည်း တွေ့ရအောင် ဥာဏ်ဆင်ပြီး တမင် အချိန်းအချက်လုပ်ပေးတာပဲ။ စုစုတော့ ဘာတစ်ခုမှ မသိရပါဘူး။ တွေ့တော်မူရပြန်တော့လည်း မောင်မောင်က စုစုကိုမခွဲချင်ရှာဘူး။ စုစုကလည်း မောင်မောင် နဲ့ မခွဲမခွာအမြဲအတူ စ့တော်မူချင်လျက်သားနဲ့ သစ်သစ်ကြီး စပ်ကြားကပုဏ္ဍားလုပ်ပြီး ခွဲပြန်တယ်။ အခုတစ်ခါ စုစုကိုလာပြီး လွမ်းတော်မမူပါနဲ့လေး ဘာလေးနဲ့ ပြောပြန်ပြီ။ လွမ်းတော်မူတာကို မလွမ်းပါနဲ့လို့ ပြော၍ရမလား သစ်သစ်ရဲ့။
အလွမ်းတော်ပြေသွားအောင် မောင်မောင့်ကို ပြန်ခေါ်ပေးဖော်ဖြင့် မရဘဲနဲ့၊ မေဖုရား အပြစ်ဆိုတော် မူလိမ့်မယ်ဆိုတဲ့ စကားနဲ့ လူများကို လာ၍ ခြောက်လှန့်ပြန်တယ်။ ဘယ်မှာသစ်သစ်စကား ယုံစားစရာ ရှိသလဲ”

    အပြစ်မရှိ အပြစ်ရှာ၍ ခင်ဘွားသစ်ကိုသာ နွဲ့ဆိုးဆိုးပြီး ငွေဖလားထဲက တတိုင်းမွှေးပွင့်များ ကို အငြိုးနှင့် ဆုတ်ချေ၍ မြေပေါ်သို့ လွှင့်ပစ်နေတော်မူလေသည်။
    ခင်ဘွားသစ်ကြီးမှာ ယခုမှ မိမိဓားစာခံ ဖြစ်လာရကြောင်းကို ရိပ်မိပြီး အတွင်းကျိတ်ပြုံး မိတော့လျက်...
    “စုထားဖုရားရယ်... အမေသစ်ကိုတော့ မချစ်ပြင်ပြင် ငြိုငြင်တော်မမူပါဘိနှင့်၊ အဆောင်တော်ကို ထွက့်တော်မမူချင်ပါဘူး။ သည်တွင်ပဲ ညဥ့်နက်အောင် စံတော်မူချင်သည်ဆို လျှင်လည်း သစ်သစ်က အတင်းဆွဲ၍ ခေါ်ဝံ့မည်မဟုတ်ပါ။ “ကြာကြာဝါးသည့်သွား အရိုးကြည့် ရှောင်ရာသည်” ဆိုတဲ့ စကားလို အရှင်နှစ်ပါး စုလျားတော် မဆုံးသေးသမျှ အချိန်အခါ ရတော်မူသရွေ့ နှစ်ပါး ဆုံတော်မူရန် သည်ဥယျာဉ် တော်အတွင်းကို အနှောင့်အယှက် လွတ်လွတ်ကင်းကင်းနှင့် လျှောက်တင်ရခြင်း ဖြစ်ပါတယ်။ အကယ်၍ သီပေါကိုယ်တော်ဖျားကို လွမ်းအားကြွယ်တော်မူပါလျှင် နောက်ရက် မကြာခင်ပင် တွေ့ဆုံတော်မူကြရန် သစ်သစ် စီမံ၍ ဆက်သပါမည်။

ယခုဖြင့် မင်းယောက်ျားကလေးအသွင်နှင့် ဥယျာဉ်ော်သို့ ဆင်းပြန်ပြီဆိုတဲ့ သတင်းကို မယ်ဖျား ကြားသိတော်မမူသေးခင် ခပ်မြန်မြန်လေး အဆောင်တော်သို့ ၀င်တော်မူရန် သင့်ပါတယ်။ စုထားဖုရား ကိုယ်တိုင်လည်း ဆင်ခြင်တော်မူနိုင်သည့် အရွယ်တော်ဖြစ်၍ သစ်သစ်လျှောက်တင်စကားကို မှားသည် မှန်သည် ဆုံးဖြတ်တော်မူနိုင်ပါလိမ့်မယ်”

    ဖြည်းညင်းသက်သာစွာ လျှောက်တင်သည်တွင်မှ စုထားဖုရားလတ်မှာ ငြိမ်သက်စွာ ငေးမော စဉ်းစား တော်မူပြီး အတန်ကြာကြီး ခွန်းမိန့်တော်မူပြီး အတန်ကြာကြီး ခွန်းမိန့်တော်မပြန်ဘဲ နေတော် မူလေသည်။ စုဖုရား၏ စိတ်ကြိုက်ကို အလိုက်သိတတ်သော အထိန်းတော်ကြီး ခင်ဘွားသစ်ကလည်း အနီးသို့ခစားကာ ကလျော့ကလျည်း ခပ်တွဲတွဲကျ နေသော ဆံစတော်ကလေးများကို သိမ်းသွင်းပေးကာ အချစ်သွေးကြောင့် အေးစက်စက် ဖြစ်နေသော လက်ဖျားကလေးများကိုလည်း ယုယကြင်နာစွာ ဆုပ်နယ်ပေးလျက်။

    “အလိုလေး... စုစုလက်တော်ကလေးများတွေလည်း အေးစက်နေပါကလား။ လေချိုဖျန်း၍ ချမ်းတော်မူပြီထင်ပ။ ခင်မကြီးတို့ ခြုံတော်ပ၀ါများ ဆက်ကြပါတော့လား”
    ဆိုလျှင် ခင်မကြီးနှင့် ခင်ဘုန်းတင့်တို့လည်း လစက်ရောင် ဖဲဖောက်ပ၀ါကြီးကို လွှာခြင်းဖြန့်ခြုံ ဆက်လာကြလေသည်။ စုဖုရားလည်း အထိန်းတော်ကြီး ခင်ဘွားသစ်ကို နွှဲမှီ တော်မူကာ အကလေးကဲ့သို့ နွဲ့စိတ် မပြေသေးသော လေသံသာနှင့်....

    “ဒီဟာ သစ်သစ်ကြောင့်ပါ။ အစက စုစု ဒီဥယျာဉ်တော်ကို ထွက်တော်မူခဲ့တာ သီပေါမောင်မောင်နဲ့ တွေ့ရအောင်လို့ တမင်ထွက်တော်မူလာခဲ့တာလည်း မဟုတ်ဘူး။ သစ်သစ်က ဥာဏ်ဆင်ပြီး ဥယျာဉ် တော်ကို မရအရခေါ်လို့ လိုက်တော်မူခဲ့ရတယ်။ သည်ရောက်တော့ အထောက်မတန် တွေ့ဆုံတော် မူရအောင်ဖန်လို့ ကြံကြံစည်စည် တွေ့တော်မူ ကြရပြန်တော့လည်း ချစ်တော်မူသည့် စိတ်ဇွဲကြောင့် ယခုလို ခွဲခွာသွားရသည့်အခါ လွမ်းတော်မမူဘဲ မနေသာအောင် ဖြစ်တော်မူရတာပဲ။

စုစုငြဖ့် မောင်ောမင့်ကို ချစ်တော်မူမိတဲ့ အချိန်အခါ အလွှာတော်ချင်း ဆက်သွယ်တော်မူမိကတည်းက သစ်သစ်ကြီးကိုပင် စိတ်တောမှာရှိသမျှ တိကျကျ ထုတ်ဖော်တော်မမူခဲ့ဘဲ အမြဲသိုသိပ်တော် မူခဲ့ပေမယ့် ယခုတော့ဖြင့် ဖုံးဖိတော်မူလိုတဲ့ စိတ်လည်းရှိတော် မမူတော့ပါဘူး။ မောင်မောင့် မေတ္တာတော် စူးလွန်းလို့ စုစုဖြင့် အမူးအရူးဆိုသလို ချစ်တော်မူနေပါပြီ။ စုစုချစ်တော်မူသလို မောင်မောင်ကလည်း ချစ်တော် မူရှာသည်။ ခွဲခွာော်မမူချင်ရှာဘဲ အချိန်ကခွဲသည်နှင့် မလွှဲသာ လွှဲသာ ခွဲခွာတော်မူသွားရ ရှာသည်ကို စုစု မျက်စိထဲမှာ ပန်းချီတော်များ ရုပ်ပုံဆွဲထားသလို ကွင်းကွင်းကွက်ကွက်နှင့် မပျောက်မပျက် မြင်နေတော်မူ တော့တာပဲ သစ်သစ်ရဲ့”

    တီးတိုးမိန့်တော်မူလေသည်။ ခင်ဘွားသစ်ကလည်း မိမိတို့မှီနွှဲ့တော်မူနေသော စုဖုရားလတ်၏ ကိုယ်ကလေးကို ကလေးသဖွယ် သိမ်းကျုံးဖတ်ထားပြီးလျှင်....
    “စုစုထင်မြင်တော်မူသည့်အတိုင်းပင် သီပေါကိုယ်တော်ဖျားကလည်း စုစုအား ထင်မြင်မှန်းဆ, တမ်းတ လွမ်းဆွတ်တော်မူရှာမည်ပင် ဖြစ်ပါသည်။ကိုယ်တော်ဖျားနှင့် စုထားဖုရား နှစ်ပါးစုံညီ ချစ်လွမ်းကြိုး သီတော်မူနေရန် အချိန်အခါ တာမရှည်ရလေအောင် သစ်သစ် အလျင်အမြန် ကြံဆောင်၍ မောင်မောင်နှင့် စုစုခုတင် ခုနှစ်ပါးဆုံပြီး စကားကုန် ပြောတော်မူနိုင်ရန် ဖန်တီးပါမည်။ ယခုဖြင့် အချိန်သင့်ပြီမို့ သာသာကြည်ကြည်နှင့် ကြွချီတော်မူပါတော့”

    တင်လျှောက်ကာ စိတ်အာရုံ ပြောင်းစွဲစေခြင်းငှာလည်း အနီးရှိ ငွေဖလားကြီးမှ ပန်းများကိုယူ၍...
    ဟောသည်မှာ ရှုစားတော်မူစမ်းပါ စုထားဖုရား။ ခင်ကြီးနှင့် ခင်ဘုန်းတို့ နှစ်ယောက်သား စုထားဖုရား နှစ်သက်တော်မူမည်ထင်သည့် ပန်းတော်များကို အားကြိုးမာန်တက် ခူးယူ၍ ဆက်ရှာ ကြသည် နှစ်သက်တော်မူပါစ”

    ဆိုကာ တတိုင်းမွှေးပန်းများနှင့် သော်ကပန်းများကို ဆက်လျှင် စုဖုရားလည်း ယူငင်ရှုစားလျက် နှစ်ခြိုက်စွာ နမ်းရှူတော်မူပြီး ခင်မကြီးတို့ကို မလုံမလဲနှင့် မရဲတရဲ ရှုစားတော်မူကာ...
    “ပန်းတွေကလည်း တယ်များပါကလား ခင်မကြီးတို့ရဲ့။ ဥယျာဉ်တော်ထဲက ပန်းပင်များမှာ တစ်ပွင့်တလေမှ ကျန်ရစ်ပါဦးမလား။ ဥယျာဉ်တော်မှူးများကဖြင့် မင်းတို့တစ်သိုက်ကို ပန်းစားဘီလူး ယက္ခုသ်မကလေးများလေလားလို့ မှတ်ထင်သွားကြပါဦးမယ်၊ တော်သင့်ရုံ ခူးကြမှ ပေါ့”

    ခပ်ပြုံးပြုံး ကျီစယ်မိန့်ကြားလေရာ ခင်မကြီးတို့က မလျှောက်တင်မီ၊ အထိန်းတော်ကြီး ခင်ဘွားသစ်က ၀င်၍ ပြောင်လှောင်ကျီစယ်သော မျက်နှာနှင့်....
    “သြော်... သူ့ခမျာများလည်း အရှင်စုဖုရား အလိုကျရယ်လို့ တွေ့သမျှပန်းများကို ၀မ်းသာအားရ ခူးလာရှာကြထင်ပ ဘုရား။ ဥယျာ်တော်ကြီးကလည်း အကျယ်သားမို့ နယ်စား ပယ်စားဖြစ်တဲ့ ဥယျာဉ်စောင့် နတ်သားကလေးများကလည်း လှပနုနယ်တဲ့ ကုမ္မာရီအရွယ် အပျိုတော်ငယ်ကလေးများကို နတ်သားတို့ ဘ၀ နတ်မျက်စိနှင့် မြင်ကာမျှဖြင့် ချစ်မြတ်နိုး၍ ပိုးချင်တဲ့ နတ်ကာလသားတို့ ၀ါဒအတိုင်း ပန်းပင် ပန်းကိုင်းများကို ညွှတ်ညွှတ်နူးနူးနှင့် ဆွတ်ခူးလို့ လွယ်လေအောင် နတ်တို့တန်ခိုးဖြင့် တစ်မျိုးကူညီ ဆွတ်ခူးပေး လိုက်ကြတယ်လို့ ထင်ပါသည်။ သို့ရာတွင် သူတို့ဘယ်နည်းဘယ်ပုံနှင့်ရရ အဆုံးမှာတော့ သစ်သစ်တို့ စုထားဖုရားရဲ့ ဘုန်းတော်ကံတော်ကိုမှီပြီး သည်ပန်းတွေဟာ ရှေ့တော်မှောက်သို့ ကြံဖန်ပြီး ရောက်လာ ရတယ် ဆိုတာ သဘောထားလိုက်ပါတော့ဘုရား။”

    ကြားဝင်၍ လျှောက်လိုက်လျှင် စုဖုရားလတ်မှာ အကြောင်းအချင်းရာကို ဘာမျှမသိသော် လည်း နဂိုကတည်းက စိုးရိမ်တကြီးနှင့် အကြောက်ကြီး ကြောက်နေမိကြသော ခင်မကြီးနှင့် ခင်ဘုန်းတို့မှာ ခင်ဘွားသစ်ကြီး၏ ရာသီသံမကင်းသော လျှောက်တင်စကားကို ကြားရတိုင်း လျှောက်တင်စကားကို ကြားရတိုင်း နှလုံးသွေး လှိုင်းထလျက် ကျော်ထဲက စိမ့်တက်နေသည်ဖြစ်ရာ မျက်လွှာကို  အောက်သို့ ချလျက် လက်ယှက်ပျပ် ခစားနေရာမှ အသက်ပင် ပြင်းပြင်းမရှူဝံ့လောက် အောင် ငြိမ်သက် တိတ်ဆိတ်၍ နေကြလေ သည်ကို တွေ့ရလေ၏။

    အထိန်းတော်ကြီး ခင်ဘွားသစ်လည်း အစွာမကလေး ခင်မကြီး မီးရေနှင့် သတ်ထားသလို တစ်စွန်းတစ်စ မလှုပ်ရှားဘဲ ငြိမ်ချက်သားကောင်းနေသည်ကို တွေ့ရလျှင် တစ်ကိုယ်တည်း ကျိတ်ခါ ရယ်ချင်သော နှလုံးနှင့် ပြုံးပြုံးကြီး လှည့်ကာ ကြည့်လိုက်မိလေသည်။ စုဖုရားကား အထိန်းတော်ကြီးနှင့် ခင်မကြီး၊ ခင်ဘုန်း၊ မောင်မောင်တုတ်၊ မောင်မောင်ငယ်တို့၏ အတွင်းရှုပ်သပွတ်အူကို သိရှိ ရိပ်မိတော် မမူသည့် အားလျော်စွာ မိမိအနီးအပါးမှာ ခစားနေကြသည့် ပြုံးသူမဲ့သူများကို ဂရုထားတော်မမူနိုင်ဘဲ လက်ထဲတွင် ကိုင်ထားသော ပန်းများကို ရှုစားတော်မူနေရာမှ မောင်တော်ကို တမ်းတ သတိရတော်မူ လာပြန်သည်နှင့် ဟင်းခနဲ သက်ပြင်းရှူတော်မူကာ။

    “ကဲ...ကဲ သစ်သစ်ရယ်၊ စုစုတို့ ထွက်တော်မူလာတာလည်း ကြာလှပါပြီ။ အချိန်စဲလို့ ဖလ်နေ၀န်းလည်း ညိုလှပေါ့၊ အဆေင်တော်စံခန်းသို့ ဖြန့်မြန်းတော်မူကြပါစို့”
    မိန့်တော်မူသည်တွင် ခင်ဘွားသစ်လည်း အမှူးရှိသော သူတစ်စုမှာ စုဖုရားထွက်တော်မူ ရန်အတွက် သက်ဆိုင်ရာ တာဝန်များကိ အလျင်အမြန် ပြင်ဆင်ကြရလေ၏။
******
    စန္ဒာလမင်း ကြယ်စုံကျင်း၍ ထိန်းလင်းကြည်စွာ သာယာသော ညဥ့်ဦးယံအချိန်ဝယ် စံတော်အိမ် လေသာဆောင်သို့ ဖဲသဉ္စာကြာညောင်ထက်၌ လျောင်းစက်တော်မူနေသော သီပေါမင်းသားသည် အနီးအပါးတွင် ခစားနေကြသော လက်စွဲတော်ကြီးများ ဖြစ်ကြသည့် မောင်မောင်တုတ်နှင့် မောင်မောင်ငယ် တို့အားပင် တစ်စုံတစ်ရာ စကားမိန့်ခွန်းမဆင်နိုင်။ ဥယျာဉ်တော်ဗွေဆိုင်တွင် ကေခိုင်စုထားနှင့် နှစ်ပါးတူစုံ မေတ္တာတော်လှုံခဲ့သည်တိ့ကို အနုလုံ ပဋိလုံ စုချည်ဆန်ချည် အလီလီ တွေးတောကာ လွမ်းဗျာထု ကြွယ်တော်မူနေရှာခိုက်ဖြစ်လေသည်။

    အေးမြသာယာသော သီတဂူနန်း ယုန်စကြာလစန်းကို မျှော်မှန်းရှုစားတော်မူလျက် ပင့်သက်လှိုက်ဖြာပြီး “သြော်... စုစုမှာလည်း သည်အချိန်ဖြင့် စံအိမ်တော်လေသာနန်းက စိတ်မှန်းနှင့် ရည်ရော်လို့ မောင်တော်ကို လွမ်းဆွတ်တမ်းတတော် မူနေရှာမှာပဲ။ စုထား...စုထား၊ နီးနီးကပ်ကပ် ရှုစားပြီး နှစ်ပါးအတူ ခွန်းမိန့်တော်ကြူရပြန်တော့မည်း ယခင် ခပ်ဝေးဝေးက ကိုယ့်အတွေးနှင့်ကိုယ် အချစ်တော်ပိုခဲ့ရသည်ထက် ဆထက်လွန်ကဲ မခွာရက်၊ မခွဲနိုင်အောင် ရွှေသည်းခိုင်နစ်ခမန်း အချစ်ရည်လျှမ်းပြီး တမ်းတမ်းစွဲ ဖြစ်တော်မူ ရတော့သည်။ တွေ့ဆုံသော် မမူမီအခါကဖြင့် မလိမ်တမာ အမိုက်ကလေးကို အကြိုက်သွေးနှင့် အချစ်သဘောကို ဘယ်သို့ ဘယ်ပုံ ဖွဲ့နွဲ့ပြောဆို သဘောဘယ်သို့ ရှိမည်ဆိုတာ မသိရခင်မို့ တင်ကြို ကြောင့်ကြ တော်မူခဲ့ သမျှတွေလည်း ဆီနှင်းအစိုင်အခဲကြီးများ အရည်ပျော်သလို ဘယ်ဆီကို ရောက်သွား ကြသည်ဟု မသိရပါတော့ကလား။

    “တစ်ဦးမေတ္တာတစ်ဦးမှာ ဆိုသလို စုထားခမျာမှာလည်း သည်က မောင်တော်ကို အတော်ပင် ချစ်မြတ်နိုးတော်မူမှာပါပေတယ်။ ခွဲခွာတော်မူတော့မယ့် အချိန်အခါမှာ ရွှေမျက်နှာ ကလေးငယ်ငယ်တွင် မျက်ရည်စ ကလေး တလယ်လယ်နှင့် သနားသဖွယ် ကျန်ရစ်တော်မူရှာ လေတယ်။ ချစ်ကြိုးဖွဲ့နှောင် မေတ္တာတော်ဆောင်သဖြင့် သည်မယ်နှင့်သည်မေင် မြသဉ္စာကြာ ညောင်တွင် ယခုလို လရောင်ကလေး ကြည်ကြည်လဲ့မှာ ချစ်တင်းဖွဲ့ဆို ပီယ၀ါစာ ချိုသာစကားနှင့် နှစ်ကိုယ်နှစ်စား စံစားနေထိုင်တော်မူရလျှင် အင်မတန် ပျော်ရွှင်နှစ်သိမ့်ပေမှာပဲနော်။ သြော်... ဘယ်ခါမှ အလိုအတိုင်း ကိစ္စပြီး၍ ပျော်ပွဲတော်ကြီး ခံကြ ရပါမလဲ။

တစ်ဆောင်စီနေ တစ်မြေစီခြားလို့ စုစုသက်လှယ် ရှုမ၀တဲ့ လှမျက်ချယ်ကို အလွယ်တကူ တွေ့မြင်တော်မမူရပါဘဲ ကိုယ်စံဆောင်တော်ထဲကသာ အသည်းလှိုက်ဖို လွမ်းအားတော် ပိုနေရသည့် ယခုလို ဘ၀မှာ ဘယ်ခါငြိမ်း၍ သည်အပူဇာတ် သိမ်းရပါမလဲနော် ခမည်းတော်ဘုရားက သနားကြည်ဖြူ နှစ်သက်တော်မူလို့ အချစ်ရည်တူမျှတဲ့ သည်ကမောင်မယ်ကို သာကီနွယ်ဖွားချင်း တဝေတပြားနှစ်ပါးရွှေကို ဂဟေစွဲချည် ရွှေဖွဲ့သီပြီး ဆောင်နှင်းပေးတော်မူပါမည့်အရေး ဘယ်နှစ်သင်္ချေလောက်ဝေးအောင် စောင့်စားလို့ နေရဦးမည်လည်း မသိနှင့် ချစ်ဝိတက်တွေ ဖြိုးဖြိုးဝေလျက်နှင့် အချိန်နေ့ရက် ကုန်တော်မူရတော့မည် ထင်ပါရဲ့”ဟု စိတ်တော်တွင်းမှ လမင်းကို အဖော်ပြုကာ တစ်ပါးတည်း ညည်းတော်မူနေရှာလေ၏။

    အနားမှာကုပ်၍ မလှုပ်မယှက် အရှင့်မျက်နှာရိပ် မျက်နှာကဲကို အမြဲခတ်လျက်ရှိကြသော လူပျိုတော်သား နှစ်ဦးမှာလည်း လမင်းကို စိမ်းစိမ်းစိုက်စိုက် ရှုစားလျက် ချစ်ဝိတက်ပွားပြီး ငြိမ်ချက်သားကောင်းနေသော သီပေါမင်းသားကို မော်၍ကြည့်ကာ အခွင့်အရေး သိတတ်ရှာသော ကျေးကျွန်များ ဖြစ်ကြသည့်အလျောက် တစ်ယောက် တစ်ယောက် အချက်ပြကာ လသာအောက်တွင် စောင်းကောက်နှင့် ဖျော်ဖြေရန် စီမံကြလေ တော့သည်။

    မောင်မောင်တုတ်မှာ စည်းကို ဆုပ်ကိုင်လျက် စောင်းတော်တီး မောင်မောင်သက်က ဣန္ဒာဒေ၀ စောင်းတော်ကြီးကို ပိုက်ပြီး အဆိုးတော်ကြီးအဖြစ် အမှုတော်ထမ်းနေကြဖြစ်သော မောင်မောင်ငယ်က မင်းသား မောင်ကျောက်ခဲရေး ပိန်းဘုံဘွေမယ်ဘွဲ့ ပတ်ပျိုးကြီးကို ညင်းညင်းတွဲ့တွဲ့ ဖွဲ့နွဲ့သီဆိုလေ၏။
    သီပေါမင်းသားလည်း သတိတော်ရလာပြီး ပြုံးတော်မူ၍....

    “မောင်ဖေငယ်ရဲ့ မောင်မင်းကလည်း မယ်ဘွဲ့၊ မောင်ဘွဲ့တွေ အများကြီးရှိသည့်အထဲက သည်သီချင်းကိုမှ ဆွဲထုတ်ယူတတ်ပလေတယ်။ ငါ့ကို စောင်းမြောင်းတဲ့ သဘောလားကွယ်ရို့”
    မိန့်တော်မူလေရာ လူပျိုတော်များအနက်မှ မောင်မောင်ငယ်က သီဆိုမိသူ ဖြစ်သော်ကြောင့် အားတုံ့အားနာနှင့် မျက်နှာပူသွားမိကာ....
    “မှန်ပါ၊ ကျွန်တော်မျိုးလည်း ရမိရရာ ဆွဲ၍ သီဆိုလိုက်ရခြင်း ဖြစ်ပါသည်။ ကြံကြံစည်စည် တမင်ရွေးချယ်၍ ဆိုရခြင်း မဟုတ်ပါဘုရား”
    “ကဲ...ကဲ ညဥ့်နက်ပြီ၊ မောင်မင်းတို့လည်း ညောင်းကြရော့မည်။ အိပ်ချေကြပေတော့။ ကိုယ်တော်လည်း အဆောင်တော်ထဲသို့ ၀င်တော်မူတော့မည်”
    မိန့်ကာ လေသာဆောင်မှာပင် ချန်နေတော်မူရစ်သည်။ မောင်မောင်တုတ်၊ မောင်မောင်ငယ်အစရှိသော လူပျိုတော်များကား အမိန့်တော်နှင့် နှင်သဖြင့် အပါးမှ ဖယ်ခွာ ထသွားကြလေတော့သည်။

    သီပေါမင်းသားလည်း အပါးတွင် လူရှင်း၍ တစ်ပါးချင်း ရှိတော်မူသောအခါ စုဖုရားအကြောင်းကို ပိုင်ပိုင်နိုင်နိုင် မြိုင်မြိုင်ကြီး တွေးနေတော်မူအံ့ဟူသော အနေဖြင့် ခြေဆင်းလဲလျောင်းပြုကာ ညောင်သလွန်အုံးမြင့်မှ အာကာဝေဟင် ထက်ကောင်းကင်တွင် ပြောင်စင်ပ၀င်း ငွေလမင်းသို့ မျှော်တင်း ရှုစားလျှက် ပင့်သက်များ ရှူမိကာ နေ့အချိန်အခါက ကြင်နာဆပွား မေတ္တာတော် ထားကြလျက် အီတာလျံ ကျောက်သလွန်ထက်တွင် လက်တော် ကလေး အသာကိုင်၍ ချစ်မေတ္တာပန်းခိုင်ကလေး လှမ်းကိုင်ချွေယူ ဆွတ်ယူ တော်မူရာဝယ် ရှက်ကြောက်တွန့်ဆုတ် လှုပ်ရှားဝံ့သဖြင့် တရွံ့ရွံ့ ကြောက်အား ပို၍ ငိုမလို၊ မဲ့မယောင် မျက်တောင်ကလေး တဖျပ်ဖျပ်နှင့် အချစ်နတ်ဖမ်းစားတော်မူနေရှာသည့် စုစုမျက်နှာ ရွှေရောင်ဝင်းတဲ့ ဆင်းသိင်္ဂါကို မြင်လာမစဲ မျက်လုံးတော်ရှေ့နားတွင် အမြဲတစေ ၀ဲကာသာ နေတော့ သည်နှင့် သလွန်တော်ဝယ် စံလွန်တော်မူလျက်က နဖူးတော် လက်တင်လျက် စိတ်တွင်းက ထပ်မံ တမ်းတ ဖွဲ့နွဲ့ကာ “ခုနေများဖြင့် စုထားတင့်ကလျာ မိမြတ်စွာကလည်း မောင့်မောင့်ကို တမ်းတ၍ နွမ်းလျ နေတော်မူရှာလေမည်လား။

သို့မဟုတ် သီပေါမောင်ဖြင့် သူ့အဆောင်တော်ရောက်လို့ မေ့မေ့ ပျောက်ပျောက် စံတော်မူ နေပြီ ရယ်လို့များ ထင်မှတ်တော်မူ နေရှာမည်လားနော်။ သြော်.... မေ့တယ်များ မှတ်ပါနှင့်။ မီးနတ်ကဲ့သို့ ရတနာ၊ လဲ့လဲ့ဖြာကို တူနှစ်ကိုယ်ကို ယနေ့ဆုံတွေ့တော်မူသရွေ့မှာ ရွှေမေတ္တာလက်လှမ်း၍ အချစ်ပန်းသ တော်မူလို့ မ၀နိုင်ရက်၊ တွေးလို့သာခက်ရတယ် အသက်လိပ်ပြာမယ့် လက်တော်မှာပါပဲ ရန်ခါဘယ်နေ့ မောင်ကြီးဖြင့် မေ့ပါဘူး။ သုံးမွေ့ရင်ရယ်၊ မြတ်တစ်ပင်က မြင်တော်မူလား ခုတင်မှာဖြင့် ဗျာပါထောင်ထု၊ ပူးပေါင်းစုလို့၊ ချစ်သူ့ရိပ်ခြည်၊ ထင်တော့သည်နှင့် ဖြေဆည်ပိုင်ပိုင်၊ စက်တတ်ကယ်နိုင်ပါဘူး၊ နန်းမြိုင် လုံးမဟေ ကြော့မြူတေ၊ တမေသိရှာတော်မူလေဘူး ထင်ရဲ့နော်”။

    တစ်ပါးချင်း စိတ်တွင်းမှ ညည်းညူတော်မူကာ ငြိမ်သက်စွာ စံတော်မူလျက် ရှိလေ၏။ အပါးတော်မှ ခွာ၍ မောင်မင်းတို့ အိပ်ပါစေဟု အခွင့်ပေးသည့်တိုင်အောင် မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့မှာ သီပေါမင်းသား အဆောင်တော်ထဲသို့ ၀င်တော်မမူသေးသမျှ စိတ်ချလက်ချ အိပ်မရသည့် သစ္စာရှိလှသော ကေးကျွန်ရင်း၊ လက်စွဲတော်ရင်းကြီးများ ဖြစ်ကြသည့် အားလျော်စွာ အဆောင်တံခါးအကွယ်မှ အရှင်သခင် ၏ အရိပ်အကဲကို ကြည့်ကာ တိတ်ဆိတ်စွာ ခစားနေရာတွင် မောင်မောင်တုတ်က စတင် ဗွေဖောက်လာ သောကြောင့် မောင်မောင်ငယ်ကို လက်ကုတ်ကာ သီပေါမင်းသားရှိရာ မေးငေါ့ပြပြီး တီးတိုး လေသံနှင့်....

    “ဟိုမှာကြည့်စမ်းပါဦး ကိုရင်ငယ်။ ကျုပ်တို့ ရွှေကိုယ်တော်ဖျားဖြင့် ဣနြေ္ဒမဆောင်နိုင် အောင်ပင် မြတောင်စုထားဖုရားကို အစွဲကြီးစွဲလမ်းတော်မူသွားပြီဗျ၊ စကားမေးတောင် မရသလောက်ပဲ”
    ဆိုလျင်မောင်မောင်ငယ်ကလည်း တစ်ချက်ပြုံးလျက် သီပေါမင်းဘက်သို့ မှောင်ထဲမှ ခေါင်းစောင်းပြီး ကြည့်လိုက်ကာ...
    “ဒါကြောင့်လည်း တစ်ပါးတည်း တွေးချင်သလောက်တွေးပြီး ကျယ်ကျယ်လွင့်လွင့်ကြီး ဆွေးချင် သလောက် ဆွေးနေ ရအောင်လို့ ကျုပ်တို့ကို အပါးတော်က နှင်ထုတ်လိုက်တာပေါ့ဗျာ။ နေ့လယ်က ဥယျာဉ်တော် ရေကြည့်နန်းမှာ အချစ်ခန်းဖွင့်တော်မူခဲ့ကြသည့်အရေးကို အတွေးနှင့် စားမြုံပြန်ပြီး လွမ်းအား တော် သန်နေ ထင်ပါရဲ့”
    ဆိုလျှင် မောင်မောင်တုတ်က ခပ်ငေါ့ငေါ့လေသံနှင့်...

    “ဒါနှင့်များဗျာ တွေ့တော်မူဖို့ရာ တိုက်တွန်းကာစကများ ကျုပ်တို့ ပြေးပေါက်မှားရဦးတော့ မလိုလို၊ ခုပဲ မယ်တော်ဖျား သိတော်မူလိမ့်မယ် ပြောလိုပြော၊ နောက်ဆုံးပိတ် ဥယျာဉ်တော် ထွက်တော်မူ ပါဆိုတာ တောင်မှပဲ မရဲတရဲနှင့် မနည်းဆွဲ၍လာခဲ့ရသည်။ အခုတော့လည်း ဒီလိုမှန်းမသိလို့ အတွေ့ရ နောက်ကျ လေခြင်း ဆိုပြီး တစ်ပါးတည်း ကျိတ်ငိုချင်နေတယ် ထင်ပါရဲ့”
    မဲ့မဲ့ရွဲ့ရွဲ့ အတင်းပြောနေပြန်လျှင် မောင်မောင်ငယ်က ကန့်ကွက်သည့်လေသံနှင့်....
    “အို... ကိုရင်ကလည်း ကိုယ့်အရှင်သခင်ကို မထေမဲ့မြင့် လေလုံးတွေသုံးပြီး ပြောမနေစမ်းပါနှင့်ဗျာ။ အရှင်သခင် ဆိုတာ ကွယ်ရာမှာလည်း မခံ့လေးစား မပြောကောင်းပါဘူး၊ လူများကြားသွားပါ့မယ်”

    တီးတိုးကန့်ကွက်လိုက်သည့်အခါ....
    “အောင်မာ...ကိုရင်ကလည်းဗျာ။ ဒါလောက်ကလေး ပြောတာများ လွန်သလား။ ဘယ်သူမှလည်း မကြားပါဘူး။ ကျုပ်သခင်ကို ကျုပ်အင်မတန်ချစ်၊ အင်မတန်ကြည်ညိုတယ်ဆိုတာ ခင်ဗျားအသိဆုံးပါ။ ဒီလိုပြောတာတော့ ကျုပ်ဝါသနာပဲ၊ ခုလိုကွယ်ရာမှာတောင် မဟုတ်သေးဘူး၊ တစ်ခါတစ်လေ မကြားတကြားတောင် ပြောခဲ့သေးတယ်။ ကိုယ်တော်ဖျားကလည်း ကျုပ်တို့ကိုရင်တို့ကို အတော် ချစ်တော် မူ ရှာတယ်။ ဘယ်အခါမှ အသိအကြား အရေးယူတော်မမူဘဲ မကြားကျိုးကျွန်ပင် ပြုတော်မူ နေရှာ တာပဲဗျ။ ကျုပ်ကလည်း အဲဒီလို ကိုယ့်အရှင်သခင်က သဘောကောင်းပြီး မျက်နှာသာအပေးကြီး ပေးထားလို့ ရောင့်တက်နေသလားတော့ မသိနိုင်ပါဘူးဗျာ”

    “ဟုတ်တော့ဟုတ်တာပေါ့ ကိုရင်တုတ်ရယ်၊ ဒါပေမဲ့လို့ မြှောက်စားတိုင်း မရောင့်တက် လွန်းရဘူးဗျ။ ကျုပ်က ကိုရင့်အတွက် ပြောတာပါ။ ကျုပ်ရှေ့မှာ ကိုရင်က ဘာပဲပြောနေနေ ကိုယ်တော်ဖျားကို ကျုပ်ကလည်း သွားလို့ သံတော်ဦးတင်မယ့်လူ မဟုတ်ဘူး။ နောက်ဆုံး ကျုပ်တို့ နှစ်ယောက်ကပဲ အရှင့် မျက်နှာကဲကြည့်ပြီး မထိတထိပြောဦး၊ အမှတ်မဲ့ ပြုံးတော်မူပြီး သည်းခံ တော်မူရှာရာပဲ။ ဒါပေမဲ့ဗျာ တခြား လူပျိုတော်သား ကလေးများ ရှေ့မှာဆိုရင် မင်းသားကြီးတို့ရဲ့ ရာဇဣနြေ္ဒကို ထိခိုက်ရာရောက်မယ်။ ကျုပ်တို့ ပမာမခန့်ပြောတဲ့ စကားကို တစ်ယောက်ယောက်က ကြားလို့ ကိုယ်တော်ဖျားကို သွား၍ သံတော်ဦး တင်လိုက်လျှင် အရေးယူတော်မမူချင်ပေတဲ့ တိုင်ကြား သံတော်ဦးတင်တဲ့လူရဲ့ မျက်နှာကို ထောက်ထားပြီး အရေးယူတော်မမူချင်ပေတဲ့ တိုင်ကြား သံတော်ဦးတင်တဲ့လူရဲ့ မျက်နှာကို ထောက်ထားပြီး အရေးများယူလိုက်လျှင် ကျုပ်တို့မှာသာ ဂုဏ်သရေထိခိုက်မယ်။ ငယ်သားတွေအပေါ်မှာ သြဇာ အာဏာမပြနိုင်ဘဲ နေမယ်။ ဒါတွေကို စဉ်းစားပြီး နည်းနည်းပါးပါး သတိထားဖို့ပေါ့ ကိုရင်ရာ”

    အေးလေ... ဒါတော့ ကိုရင်သတိပေးတာ မမှားပါဘူး။ ကျုပ်ကလည်း အပါးကြီးပါဗျာ။ အရှင်သခင် မျက်နှာသာမှ တစ်ခါတလေ ဖြစ်မိတာပါ”
    “ကဲ...ရှိပါစေတော့လေ။ ကိုရင်တုတ် ကျုပ်တို့ ခုလိုချည်းပဲ ငငုတ်တုတ်နေရတော့မှာလား။ ကိုယ်တော်ဖျားလည်း အဆောင်တော်ထဲ ယခုတောင် ၀င်တော်မမူသေးဘူးဗျ”
    “ကျုပ်တို့ကို သွားကြတော့လို့ နှင်ထုတ်ထားမှ အပါးတော်သွား ခစားကြလို့တော့ မဖြစ်ဘူးဗျ။ ဒီကခေတ္တစောင့် ခစားလိုရင် ခစား၊ ဒါမှမဟုတ်ဘဲ တုံးလု့းပက်လက် လဲချင်ရင်လည်း ကိုယ့်အခန်းထဲ ကိုယ်သွားရုံပေါ့”

    “ကိုယ်တော်တစ်ပါးတည်း အပြင်မှာ စံတော်မူနေတာ စိတ်မချပါဘူးဗျ။ ဒီကပဲ အိပ်ပျက်ခံပြီး စောင့် ခစား နေကြတာပေါ့”
    ယင်းသို့ ပြောဆိုကာ  လူပျိုတော်ကြီးနှစ်ယောက် အတန်ကြာ ခစားနေကြသော်လည်း သီပေါမင်းသားမှာ စဉ်းစားငေးမောတော်မူနေရာမှ မထသေးဘဲ အေးဆေးစွာ စံနေမြဲ စံနေတော်မူနေသည်တွင် မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့မှာ ငိုက်မြည်းသမ်းဝေလာကြ ပြီး နောက်ဆုံးတွင် အဆောင်တံခါးခုံအနီးတွင် နှစ်ယောက်သားလုံး အိပ်မောအကျကြီး ကျသွားကြလေသတည်း။

    ညဥ့်သုံးယံ လွှဲပြောင်းသာ၊ ရွှေမောင်းက ညံညံဆော်၊ ပျော်နိုင်ပေါင်မှိုင်းရက်ကယ်လင်း” ဟူသော သီချင်းကြီးအသွားပမာ သီပေါမင်းသား ချစ်မြတ်နိုးတော်မူလှသော နှမတော်စုထားအား လွမ်းအားတော် ပိုလှသည်နှင့် တစ်ပါးတည်း တမ်းတရည်မှန်းတော်မူနေသည်မှာ အချိန်မည်မျှ ကြာလေမသိ နာရီတော် အတန် ညောင်း၍ ရွှေမောင်းအကြိမ်ကြိမ် ဆော်ခဲ့လေပြီ။ ယုန်စံန္ဒီလည်း နောက်ခွင့်သို့ယိမ်းကာ သန်းခေါင် လေပြည်ကလေးများ တသုန်သုန်ဖြန်း၍ ချမ်းစိမ့်စိမ့်ဖြစ်လာသည် တွင်မှ ၀င်တော်မူရန် သတိရတော် မူလေတော့သည်။

    ယင်းသို့ သတိရတော်မူသည်တွင်လည်း အနီးအနား၌ မည်သူများ ခစားလျက်ရှိမရှိ သိတော်မူလိုသဖြင့် လှည့်ကြည့်တော်မူရာ တစ်ဦးတစ်ယောက်မျှသော လူပျိုတော်သားများကို တွေ့မြင်တော် မမူရတော့သည့် အပြင် အိမ်တော်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်၍ အိပ်ပျော်နေကြသော လူပျိုတော်သား၊ လက်စွဲတော် သား၊ အဆောင်ကိုင်သားတို့ အဆောင်ဆီမှ ဟောက်သံများကိုသာ ကြားရလျှင် မည်မျှ ညဥ့်နက် လှသည်ဟု အချိန်ကို ချင့်တွက်မှန်လးဆကာ ကျေးကျွန်များကို အပြစ်တော်မထားမိသည့်အပြင် ခပ်စောစော အချိန်ကပင်လည်း လက်ရင်း လူပျိုတော်ကြီးများဖြစ်သော မောငမောင်တုတ်နှင့် မောင်မောင်ငယ်တို့ ကိုပါ အပါးတော်မှ ထွက်သွားကြစေရန် အမိန့်တော်ရှိပြီူးဖြစ်ကြောင်း သတိရတော် မူသောကြောင့် တစ်ပါးတည်းပင် အဆောင်ထဲသို့ ၀င်တော်မူရန လေသာဆောင်မှ ထွက်ကြွတော် မူခဲ့လေသည်။

    ယင်းသို့နှင့် အဆောင်ထဲသို့ ၀င်မည်ဟု ဖ၀ါးခုံကို ခြေတော်တစ်ဖက်ကျော်၍ နင်းလိုက်မိလျှင်ပင် သီပေါမင်းသားသည် တစ်စုံတစ်ခုကို နင်းတော်မူမိသဖြင့် မည်သည့်အရာဝတ္ထု များပေနည်းဟု သတိထား၍ ကြည့်တော်မူလိုက်သောအခါ ခေါင်းအုံးနတ္ထိ အခင်းမရှိနှင့် တံခါးခုံကို ခေါင်းဆိုက်ကာ မိမိတို့၏ လက်မောင်းကလေးများကို ခေါင်းအုံးပြုလျက် ပုဆိုးခါးပုံစ တစ်ဖက်ကို ကွေးခြုံကာ အရှင်သခင်ကို စောင့်ရင်း အိပ်မောကျနေရှာကြသော ကျွန်တော်မျိုးနှစ်ယောက်ကို တွေ့တော်မူရလျှင် သီပေါမင်းသားမှာ မိမိ၏ ငယ်ကျွန်တော်ရင်း နှစ်ယောက်သည် အရှင်သခင်၏ အကျိုးကို မည်မျှလိုလား၍ မည်မျှချစ်ခင်ပြီး၊ မည်ရွေ့ မည်မျှလည်း သစ္စစောင့်သိရှာကြသည်ဟု တွေးတော စဉ်းစားတော်မူမိကာ တစ်ယောက်ကလည်း မှူးသားမတ်သား၊ တစ်ယောက်မှာအား ထီးသွေးနန်းသွေး၊ ကိုယ့်အိမ်ကိုယ့်ရာတွင် ကိုယ့်စည်းစိမ်ချမ်းသာနှင့် ကိုယ်နေထိုင်နိုင်ကြသူများ ဖြစ်ရှာပါလျက် အရှင်သခင်အတွက် လက်မောင်းကို ခေါင်းအုံးပြုကာ ကြမ်းပြင်ပေါ်တွင် ကွေးကွေးကလေး အိပ်နေရှာသည်ကို တစိမ့်စိမ့် သနား၍ မဆုံးနိုင်အောင် ဖြစ်တော်မူမိရှာသည်။ “သခင်ဘုန်းကြီး၊ ကျွန်ဓားပြီး”ဆိုသလို အကယ်၍များ မိမိဤ အခြေအနေထက် တိုးတက်ကောင်းစားရန် ခမည်းော်ဘုရား မြှောက်စား သူကောင်း ပြုတော်မူမည်ဆိုပါက သည်ကျွန်ရင်း နှစ်ယောက်ကိုလည်း ကြီးကြီးကျယ်ကျယ် မြှောက်စား ချီးမြှင့်တော်မူလိုက်မည်ဟု စိတ်တော် တွင် ရွယ်စူးထားတော်မူလိုက်မိလေ၏။

    သို့ရာတွင် သည်ကျွန်ရင်းနှစ်ယောက်မှာ နဂိုမူလကတည်းက အရေးပေးမြှောက်စား လက်ရင်းကျကျ ထားတော် မူရခြင်းအားဖြင့် သခင့်အချစ်ကို ယုံစားကာ ရောင့်တက်ချင်လှသော ၀ါသနာကြောင့် သီပေါမင်းသား မှာ သနားချစ်ခင်တော်မူမိသလောက် သင်းတို့ မရိပ်မိလေအောင် အမြဲပင် ဣနြေ္ဒ ဟန်ဆောင် တော် မူခဲ့သည့်အတိုင်း ကိုယ့်အိပ်ရာ ကိုယ်သွားအိပ်ကြရန် ကိုယ်တော်တိုင် နှိုးတော်မမူဘဲ အဆောင်တော် တံခါးရွက်ကို လက်နှင့်ဆွဲ၍ ခပ်ပြင်းပြင်း ပိတ်လိုက်ကာ စံတော်မူရာ အဆောင်တွင်းသို့ တစ်ပါးတည်း ၀င်တော်မူသွားလေတော့သည်။ တံခါးရွက်ခတ်သံကို ကြားရ၍ မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့ နှစ်ယောက်သားလည်း ဘွားခနဲ အိပ်ရာမှ လန့်နိုးကာ ကပျာကယာ ခေါင်းထောင်၍ ကြည့်လိုက် လျှင် အဆောင်တော်ထဲသို့ ၀င်တော်မူသွားသော မိမိတို့အရှင်ကို တွေ့မြင်လိုက်ရသည်တွင်မှ စိတ်ချ လက်ချနှင့် မိမိတို့ နေထိုင်ရာ လူပျိုတော်ဝဲဆောင်ထဲသို့ ပြောင်းရွှေ့အိပ်စက်လိုက်ကြလေတော့ သတည်း။

    ကျောက်ဖြူအခင်းဖြင့် သန့်ရှင်းပျံ့သင်းသော မှန်ခုံငယ်ရှေ့တွင် ပုလဲသွယ်ကြိုးကြီးကို ဆွဲဆင်လျက် မျက်နှာကလေး မော့ကာ လည်တိုင်ကလေးကြော့ကာနှင့် မိမိ၏ အလှအရိပ်အယောင်ကို မျက်တောင် မခတ်နိုင်အောင် စူးစိုက်ကြည့်ရင်း စိတ်တွင်းက ကျေနပ်လေအောင် ကော့ထောင်သော မျက်တောင် ကလေး ကိုပင့်ကာ မှန်ရိပ်ကို ပြုံးချိုရွှင်လန်းသော မျက်နှာပန်းကလေးနှင့် ကြည့်နေရှာသူမှာ ဒိုင်းဝန်မင်းနှင့် ၀န်ကတော်တို့၏ ရင်နှစ်သည်းချာ အလှဝန်ရည်ပေါင်းစုရာ နုဂေါရီရွယ်သာသာမျှ ရှိရှာသေးသော မိန်းမပျိုကလေး ခင်ခင်ကြီး ဖြစ်လေ၏။

ခင်ခင်ကြီးသည် လှပသော ပုလဲသွယ်ကြိုးကြီးကို ဆွဲဆင်ထားခြင်းဖြင့် မည်မျှ ချောမောလှပသွား ကြောင်းကို နုနယ်ပျိုရွယ်သူကလေးပီပီ မှန်ခုံတွင် ပြုံးရယ် ကြည့်နေမိလေရာ သန္တာနီ ကြုတ် အတွင်းမှ ၀င်းခနဲ၊ လက်ခနဲ ပေါ်ထွက်လာသည့် ပုလဲရတနာနှစ်သွယ်အလား နီထွေးသော နှုတ်ခမ်း ကလေးအတွင်းမှ ဖြူဝင်းလဲ့ပြာ ကနုကမာရောင် ပြေးနေသော သွားကလေးတွေမှာ ရွှေလည်တိုင် ကြော့ကြော့တွင် ကလျော့ ကလျည်း ဆင်ထားသော ပုလဲသွယ်ကြီးနှင့် အရှုံးအနိုင် ဂုဏ်ပြိုင်ဝင့်ဝါနေလေတော့သည်။

ဆပ်သ၀ါနုကဲ့သို့သော ၀ါရွှေရွှေ အသားအရေကလေးပေါ်တွင် ကြောင်မျက်ရှင်၏ သက်တံ့ပမာ စိမ်းလဲ့ နီထွေးသော အကြောမျှင်ကလေးများ ကွန့်ဆိုင်းဖြာယှက်လျက်ရှိသော လက်ချောင်းကလေးများနှင့် ပုလဲကြိုးကို စမ်းကာသပ်ခါ အရိပ်ကြည့်နေရာမှ မှန်ခုံရှေ့ငွေကလပ်ပေါ်တွင် တင်ထားသော ရွှေဟင်္သာ ရုပ်ကလေးကို သွား၍ မြင်မိသည်တွင် မောင်မောင်ငယ်ကို ဘွားခနဲသွား၍ သတိရရုံမက အစ်ကိုကြီး မကြာမီ ပြန်လာခဲ့ပါမည်ဟု အလီလီ ကတိခံသွားသော စကားများကို တွေးမိလာကာ ရုတ်တရက် မျက်နှာကလေးညှိုးလာပြီး ...

" ဟင် .. အစ်ကို မြန်မြန်ကြီး ပြန်ခဲ့ပါမည်ဆိုပြီး ယခုထက်ထိလည်း မကြွလာသေးဘူးနော်"
တစ်ယောက်တည်း ညည်းညူကာ ရွှေဟင်္သာရုပ်ကလေးကို ကိုင်လျက် မိခင် ၀န်ကတော်ကြီးရှိရာသို့ ထွက်လာခဲ့လေ၏။
ဝန်ကတော်ကြီးသည် ရှုမငြီးစဖွယ် လှပစွာ ပြင်ဆင်ဖြီးလိမ်းလာသော ခင်ခင်ကြီးကို ရင်သွေးတည်း ဟူသော မရောင့်ရဲနိုင်သည့် ချစ်ခြင်းဖြင့် ကြည့်ကာပြုံးပြီး ...
"အလို ... ခင်အကြီးရဲ့။ မျက်နှာကလေး ငိုမဲ့မဲ့နှင့် ဘာဖြစ်၍ လာရပြန်သတုံး၊ တစ်ကိုယ်လုံး ပြင်ဆင် ဖြီးလိမ်း ထားလိုက်သည်ကတော့ ကြော့လို့နေတော့တယ်၊ ခင့်ဟာ အမြီးအမောက် မတည့်သေး ပါကလားကွဲ့"

ဆီးတဲ့၍ မေးလေ၏။ ခင်ခင်ကြီးလည်း မိခင် ၀န်ကတော်ကြီး ရင်ခွင်အနီးတွင် ခပ်နွဲ့နွဲ့ကလေး မှီထိုင်လိုက်ပြီး လက်ထဲက ရွှေဟင်္သာရုပ်ကလေးကိုပွတ်သပ်ကိုင်တွယ်ကာ မဲ့တော့မယောင် ယောင် မျက်နှာ ကလေးနှင့် ...
"မေမေဖျား ... မေမေဖျား၊ သားတော်မောင် လူညာကြီးက ခင့်ကို လိမ်ညာသွားတာကိုဖျ။ ဟောသည် ရွှေဟင်္သာရုပ် ကလေးကို မှန်ခုံပေါ်မှာမြင်တော့ အစ်ကို လိမ်ပြောသွားတာတွေ သတိရလာတာနှင့် မေမေဖျား ကို တိုင်မယ်လို့ အခုလာခဲ့တာဖျ"

ကနွဲ့ကလျအသံကလေးနှင့် နွဲ့တတ်သော ကလေးပမာ နီထွေးသော နှုတ်ခမ်းကလေးကို မစူ့မစူထား၍ ပြောရှာလျှင် ၀န်ကတောကြီးမှာ ခင်ခင်ကြီးပခုံးကလေးကို သိမ်းဖက်ပြီး ပြုံးပြံးကြီး ကြည့်ကာ ...
" သြော် ... သမီးကို မောင်မောင်က ဘယ်လိုများ လိမ်ညာသွားပြန်သတုံး ခင်ရဲ့၊ မေဖျား သိစမ်းပါရစေဦး"
"ဒီတစ်ခါ အစ်ကိုကြီး မြန်မြန်ပြန်လာခဲ့ပါ။ အရင်တုန်းကလို အကြာကြီး အကြာကြီး မနေပါနှင့်လို့ ခင်က မှာလိုက်တော့ကာ အစ်ကိုက မောင်ကြီး ကြာကြာမနေပါဘူး၊ ဒီတစ်ခါ မြန်မြန်ကြီး လာခဲ့ပါမယ်၊ ခင်ခင်ကြီး မျှော်သာနေပါတဲ့။ နောက်ပြီးတော့ ဟောဒီလို ရွှေရုပ်ကလေးတွေမျိုးလည်း အများကြီးပဲ ယူခဲ့ပါမယ်တဲ့ မေမေဖျားရဲ့။ အဲ ... အဲဒီလိုပြောသွားပြီး အခုတော့ အစ်ကို မပေါ်လာဘူး။ ဘယ်လောက်ကြာပြီလဲ၊ ဒီဟာ ညာသွားတာပဲ မဟုတ်ပါလား၊ မေမေဖျား စဉ်းစား ကြည့်ပါဦး"

ပြောရင်း စိတ်ဆိုးလာသလို ငိုသံကလေး ပါလာသောအခါ ၀န်ကတော်ကြီးမှာ အသံထွက်အောင် ရယ်လိုက်ပြီး ...
"သြော် ... သြော်၊ သမီးကို မောင်မောင်က လိမ်သွားတယ်ဆိုတာ ဒီဟာကို ပြောနေတာလား။ နို့ ... မောင်မောင်ပြန်သွားတာ ဘယ်နှစ်ရက်များ ရှိသေးလို့လဲ ခင်အကြီးရဲ့။ ဟိုမှာ သူ့အရှင်သခင် အလိုတော်ကျ ခစားနေထိုင် နေရှာရတာကလား၊ သူ့သခင် မျက်နှာတော်ကြည်သာမှ လာဖို့ရာ အမိန့်တော်ခံဝံ့မှာကိုး ခင်ရဲ့။ ဟိုတစ်လောက တစ်ခါလာ၊ အခုတစ်ခါ အမိန့်တော်ခံပြန်ရမှာလည်း နည်းနည်း ငြိုတော်မူများသွားမလားလို့ စဉ်းစားနေသည် ထင်ပါတယ်။ သည်လို မဟုတ်ရင်လည်း သူတို့ သခင်ရဲ့ အိမ်တော်မှာ အမှုကိစ္စဆောင်ရွက်စရာတွေ ရှိနေသည်လားမှ မပြောနိုင်တာကဘဲ ခင်အကြီးရယ်။ ညာမယ် လိမ်မယ်တော့ မဟုတ်ရှာပါဘူး"

"အို ... မေဖျားကလည်း မေဖျားသားဖက်က ကာကွယ်တော်မူလိုက်ရတာ လွန်ပါရော။ ခင်အကြီးကလည်း အရမ်းမဲ့ အပြစ်တင်တာမဟုတ်ပါဘူး။ အစ်ကို မြန်မြန် ပြန်လာခဲ့မယ်ဆိုပြီး တစ်သီတင်းလောက် ကြာနေလို့ ပြောတာပါ မေဖျားရဲ့"
"ဟုတ်ပါပြီလေ၊ မေဖျား ပြောပါပြီကော။ ခင်အကြီးကို အမြန်လာခဲ့မယ်ဆိုပြီး ဟိုမှာ အရေးကြီးတဲ့ကိစ္စတွေ ရှိနေလို့ မလာသာသနှင့် ကြန့်ကြာနေရတာ ဖြစ်မှာပါပဲ။ မောင်မောင်ကလည်း ကိုယ့်နှမကလေးကို အင်မတန်မှ ချစ်ရှာတာလားခင်အကြီးရဲ့။ ခုနှယ် သူ့ခမျာလည်း မလာသာသေးတဲ့အတွက် အတော်ပဲ အခက်ကြုံနေရှာရော့မယ်။ ဟော ... အိမ်ရှေ့က လူသံတွေ ကြားတယ်။ ခင့်ဘဘဘုရားများ ပြန်လာပလား။ သွားလို့ ကြည့်စမ်းပါဘိ ခင်အကြီးရဲ့"

    ဆိုသဖြင့် ခင်ခင်ကြီးလည်း ၀န်ကတော်ကြီးအနီးမှ သွက်လက်စွာ ထလာပြီး အိမ်ဦးခန်းကြီးသို့ ထွက်ခဲ့လေ၏။ ထင်သည့်အတိုင်း ဒိုင်းဝန်မင်း ဤယနေ့အဖို့ စောစော ပြန်ရောက်လာလေရာ ခင်ခင်ကြီးသည် ၀န်မင်းအနီးသို့ ကလေးပမာ သုတ်သုတ်ကလေး ပြေးသွား ကာ ...
"ဘဘဘုရား ဒီနေ့ စောစောစီးစီး ပြန်ကြွလာပါကလား ဘုရား"
ဆိုလျက် ၀န်မင်း၏ လက်ကို တွဲခို ကိုင်တွယ်ထားကာ ၀န်မင်းလည်း သမီးကလေး ခင်ခင်ကြီးကို ချစ်ခင် ကြင်နာစွာ ခေါင်းကလေးကိုသပ်လျက် ...
"ဘဘဘုရား လွှတ်တော်ကြီးမှာ ကိစ္စနည်းတာနှင့် သည်နေ့ စောစောစီးစီး အမိန့်ခံပြီး ပြန်ခဲ့တယ် ခင်အကြီးရဲ့၊ ဒါနှင့် ခင်ကြီးမေဖျားကော ညည်ကနေ့ နေလို့ ထိုင်လို့ ကောင်းရဲ့လား၊ ဆေးဝါးများရော သောက်ရဲ့လား"

နေ့စဉ် ၀တ္တရားအတိုင်း မေးမြန်းလေလျှင် ခင်ခင်ကြီးကလည်း ...
"မေဖုရားအိမ်ထဲမှာ ရှိပါလေရဲ့ ဘဘဘုရား။ နေ့လယ်က ဆေးတစ်ခွက်သောက်ပါသေးတယ်။ ဒီနေ့ အတော်နေလို့ လန်းလန်းရွှင်ရွှင်ရှိတာ မြင်ပါတယ်ဘုရား"
ပြောရင်း ဖခင် ဒိုင်းဝန်မင်းနှင့်အတူ အတွင်းဆောင်ရှိ ၀န်ကတော်ကြီးထံသို့ ရောက်လာကြလေ၏။

"ဘယ်နှယ့် ၀န်ကတော်၊ သည်ယနေ့ တော်တော်နေသာပါရဲ့လား။ ခင်အကြီးပြောတာ ကြားရတော့ အတော်နေလို့ လန်းနေတယ်ဆိုပါကလား"
ပြောပြီး ၀န်မင်းလည်း ၀န်ကမတော်ကြီးအနီးတွင် ၀င်၍ထိုင်လေ၏။ ၀န်ကတော်ကြီးလည်း သမီးနှင့် ၀န်မင်းကို ခင်ပြုံးပြုံး တစ်လှည့်စီကြည့်ကာ ...
"သြော် ... ခင်အကြီးက သည်လိုတော့လည်း အသိတတ်သားပါကလား။ သူ အမှတ်တမဲ့ နေလေမိသလား ထင်ပါတယ်။ နို့ပြီးတော့ ခုကလေးတင်ပဲ မောင်မောင့်အကြောင်း ပြောရာက မောင်မောင် မလာကောင်း လားဆိုပြီး ငိုမဲ့မဲ့ လုပ်နေလို့ ချော့နေရပါသေးတယ်။ ခင်ကြီးတို့ ဘဘရယ် ..."

"အင်း ... သည်လိုအထဲက သူ့အမေအကဲကို ခတ်နိုင်တာက အလိမ္မာသားနဲ့ အလကား နွဲ့ဆိုးဆိုးနေတာပေါ့ ၀န်ကတော်ရဲ့။ သြော် ... ဒါနှင့် ဒီကနေ့ လွှတ်တော်တံခါးနီးအထွက်မှာ သီပေါမင်းသားကလေး ကြွတော်မူလာရာနှင့် အဆင်သင့်ပဲ မောင်မောင်ငယ်နှင့် တွေ့ခဲ့ရတယ် ၀န်ကတော်ရဲ့"
"သြော် ... ဟုတ်ပါရဲ့လား၊ ဘာများ ပြောခဲ့ရပါသေးသလဲ ခင်ကြီးတို့ဘဘရဲ့"
"ဘဘ ဘုရား အစ်ကိုက ခင့်ကို ဘာများ မှာလိုက်သေးသလဲ။ ဘယ်တော့ လာမယ်လို့ ပြောလိုက် ပါသေးသလဲဖျ"
လျှာထက်တံတွေးမတင် ၀င်၍မေးလျှင် ၀န်မင်းနှင့် ၀န်ကတော်တို့မှာ အပြုံးချင်းဆိုင်သွားကြကာ ...

"အံမယ်မင်းဟဲ့ ... သမီးနှယ်၊ ဘဘဘုရား ပြောစမ်းပါဦးမယ်။ ခင်ကြီးတို့ အစ်ကိုကြီးကလည်း အရေးတကြီးပဲ မှာလိုက်ပါတယ်။ သူ့အရှင်သခင်ထံမှ တာဝန်ခံ ရွက်ဆောင်စရာ ကိစ္စတွေများနေလို့ မလာ နိုင်ပါတယ်တဲ့။ ခင်အကြီး စိတ်ကောက်မနေပါနဲ့တဲ့။ ကိစ္စပါးလျှင် ပါးချင်း အမိန့်တော်ခံပြီး မြန်မြန်ကြီး လာခဲ့ ပါမယ်တဲ့ဗျာ"
ဆိုလိုက်သောအခါမှ ခင်ခင်ကြီးမှာ ပြုံး၍ လာတော့ကာ ...
"သြော် ... အစ်ကိုက ဒီလိုပဲ မှာလိုက်ပါသလားဘုရား၊ သူ့သီပေါမင်းသားကလည်း အလကားနေရင်း ကိစ္စများနေတာပဲ ထင်ပါရဲ့။ သည်မင်းသားတွေကို အမှုရှုပ်ပါတယ် မေမေဖျားရယ်။ သူတို့ အမှုရှုပ်တိုင်း အစ်ကိုမှာ ပင်ပန်းနေရှာတော့တာပဲ"

ညည်းညူလိုက်ရာ ၀န်ကတော်ကြီးက ...
"အလို ... ဟဲ့ ခင်အကြီး၊ ဘယ်နှယ့်ပြောလိုက်သတုံး၊ မင်းညီမင်းသားတွေဆိုတာမျိုးဟာ အမှုကိစ္စများကြတာပေါ့ သမီးရဲ့။ ဒီမင်းသားကလေးမို့ ဒီလောက် နားအေးတာကလား။ ဒီ့ပြင် လူရည် လည်တဲ့ မင်းသားကြီးတွေများသာဆိုလျှင် မေဖျားရဲ့ သားကလေး အသက်တောင် အေးအေး ရှူနိုင်မှာ မဟုတ်ဘူး"
" ဟင်... ဒီ့ပြင် မင်းသားတွေက သာဆိုးသေးတယ်ဆိုရင် ခင်ကြီးအစ်ကို့ကို ဘာခစားစေမလဲ မေဖျား။ တစ်ခါတည်း သွားဆွဲခေါ်လာမှာပေါ့ဖျ။ အခု သီပေါမင်းသားက အေးတယ်ဆိုလို့သာ ခင်ကြီး အသာကလေး ငြိမ်နေတာပါ"

ဆိုလျှင် ၀န်မင်းမှာ ချစ်ခင်မူယာနှင့် ခင်ခင်ကြီးကို ပြုံးကြည့်ကာ ...
"အင်း ... ငါ့သမီးကတော့ သူ့အစ်ကိုများထိလျှင် မချိအောင် နာနေတော့တာပဲ"
"နာတာပေါ့ ဘဘဘုရားရဲ့၊ ခင်ကြီးအစ်ကိုကို ခင်ကြီး အရိပ်ကြည့်နေချင်တာပဲ။ အခုတော့ သူများထံမှာ မလွှဲသာလို့ ကျွန်တော်မျိုးခံနေရတာ ကြည့်နေရပါတယ်။ ခင်ကြီးသာ တတ်နိုင်လျှင် ဘယ်ရှင်ဘုရင်သော၊ ဘယ်မင်းသားသော ..."

စကားမဆုံးခင် ၀န်ကမတော်ကြီးက ခင်ခင်ကြီး၏ ပါးစပ်ကလေးကို လှမ်းပိတ်လိုက်ကာ ...
"ဟဲ့ .. လုံမလေးရဲ့ ဘာတွေပြောပြောနေရသတုံး။ ကြမ်းကြား လေကြား မင်း နားတစ်ထောင် မင်းမြှောင်တစ်သိန်းတဲ့၊ တွေ့ကရာရှစ်သောင်းတွေ လျှောက်ပြောမနေပါနှင့်သမီးရယ်"
ဆိုကာ အသာအယာ ရင်ခွင်ထဲသို့ ပွေ့ယူထားလိုက်သည်တွင်မှ စကားပြတ်သွားသောကြောင့် ၀န်မင်းနှင့် ၀န်ကတော်တို့လည်း အခြားသော အိမ်တွင်းရေးစကားများကို ဆက်လက်ပြောဆိုကာ နေကြလေ၏။

မောင်မောင်ငယ်မှာလည်း ခင်ခင်ကြီးအား "အစ်ကို မြန်မြန်ပြန်လာခဲ့ပါမည်" ဟု မှာထားခဲ့ပြီးနောက် အရှင်သခင် ဖြစ်သော သီပေါမင်းသားနှင့် စုဖုရားလတ်တို့၏ ဥယျာဉ်တော် ထွက်ရသည့် အရေးတကြီး အမှုတော်တို့ကြောင့်တစ်ကြောင်း၊ မကြာမီရက်အတွင်း တစ်ကြိမ် ပြန်ခဲ့သည်တို့ကြောင့်တစ်ကြောင်း၊ မောင်မောင်တုတ် အလှည့်ကလည်း ရှိသေးသည်တစ်ကြောင်း တို့ကြောင့် မလျှောက်တင်ရဲအောင် စိတ်တွင်း ကသာ ကျိတ်၍ ပူလောင်နေရရှာလေ၏။

ထိုအတွင်း မောင်မောင်တုတ်ကလည်း နှစ်ရက်၊ သုံးရက်မျှ အမိန့်တော်ကို ခံလျက် မြို့ပြင်သို့ ထွက်သွားပြန်လေရာ မိမိအတွက် အမိန့်တော်ခံစရာသော အခွင့်အရေး မလွယ်ကူလေသးအောင် ရှိလေ၏။
မောင်မောင်တုတ်သည်လည်း မြောက်ပြင်ထန်းတောအစ မြို့တော်တောင်ပြင်၊ အနောက်ပြင်၊ အရှေ့ပြင် စသော ရပ်ကွက်တို့ကို နှစ်ရက်နှင့် စေ့စေ့ငှငှ လည်ပတ်ခါ အိမ်တော်သို့ ပြန်ရောက် လာပြီး မိမိလုပ်ခဲ့ ကိုင်ခဲ့သမျှတို့ကို တီးတိုးတီးတိုးနှင့် မောင်မောင်ငယ်အား ခရေစေ့တွင်းကျ စာရင်းချ၍ နေလေရာ မောင်မောင်ငယ်မှာ မိမိအပြင်ထွက်ရန် အမိန့်တော်ခံချိန်မရအောင် ဖြစ်လာရပြန်လေသည်။ ထိုအတွင်း အထိန်းတော်ကြီး ခင်ဘွားသစ် သီပေါမင်းသားအပါးတော်သို့ ခစားရန် ရောက်လပြီး မင်းသားနှင့် တီးတိုးလျှောက်ထား ပြောဆိုသွားပြီးနောက် နှစ်ရက် မြောက်သောနေ့တွင် သီပေါမင်းသားသည် နှမတော် မြတောင်စုဖုရားလတ်နှင့် တွေ့ဆုံတော်မူရန် ပထမအကြိမ်ကဲ့သို့ တောင်ဥယျာဉ်တော်သို့ ထွက်ကြွတော် မူပြန်၍ မောင်မောင်ငယ်မှာ မောင်မောင်တုတ်နှင့်အတူ အရှင်သခင်၏ နောက်တော်မှ ပါရ ပြန်လေ၏။

သီပေါမင်းသားနှင့် စုဖုရားလတ်တို့လည်း မေတ္တာနွယ်ညွန့်၊ မြူးကွန့်စည်ဖြာ၊ ချစ်သဒ္ဓါမိုး သွန်းဖြိုးရွာသည်ထက် ရွာလျက် ရှိတော်မူကြလေရာ မင်းနှစ်ပါးတို့မှာ အချစ်၏ လုံ့ဆော်တိုက်တွန်းမှုဖြင့် ဒုတိယ အကြိမ် တောင်ဥယျာဉ်တော်အတွင်း မေတ္တာချင်း ယှက်ကူး၍ အချစ်ခိုင် အချစ်ဖူးတို့ကို ဆွတ်ခူး ချွေယူတော်မူကြပြီးနောက် ရက်များမကြာမီအခါမှာလည်း တတိယအကြိမ်၊ အချစ်ရှိန် နိုးကြွလျက် ထွက်တော် မူရန် အချိန်အခါကောင်း ရပြန်သည်တွင် နှစ်ပါးအတူ ကြည်ဖြူစွာ တွေ့ဆုံတော် မူကြပြန်လေ၏။

ယင်းသို့ တစ်လအတွင်း သုံးကြိမ်မျှ တောင်ဥယျာဉ်တော်သို့ သီပေါမင်းသား ဆက်ကာဆက်ကာ ထွက်တော်မူရာသို့ လိုက်ပါနေရပြန်သည်နှင့်လည်း မောင်မောင်ငယ်မှာ ခင်ခင်ကြီးထံသို့ မရောက်တဲ့ နိုင်ခဲ့သဖြင့် ကြာသော် စိတ်အလိုဆန္ဒ မပြည့်ဝနိုင်ရှာသော လူတို့၏ ဓမ္မတာ မျက်နှာတွင် ညှိုးနွမ်းလျသော အရိပ် အယောင်တို့ ဖုံးမရနိုင်အောင် ပေါ်လွင်ထင်ရှားလာတော့သည်။
သီပေါမင်းသား အပါးတော်တွင် ခစားနေရသော အချိန်တို့မှာလည်း မောင်မောင်ငယ်၏ စိတ်ထဲတွင် ခင်ခင်ကြီး၏ အကြောင်းလောက်ကိုသာ တွေးမှိုင်စဉ်းစားနေမိတော့လျက် မိမိ မလာနိုင်သည့်အတွက် နေ့စဉ်ရက်ဆက် ခင်ခင်ကြီး မည်သို့မည်ပုံ မျှော်နေရှာမည့်အရေးကို တွေးမိတိုင်း သက်ပြင်းချမိတော့သည်။ ယင်းသို့ မောင်မောင်ငယ်ဣနြေ္ဒမဆောင်နိုင်အောင် ညှိုးငယ်နွမ်းနယ်နေသည်တို့ကို မောင်မောင်တုတ်က အကဲခတ်မိလျှင် တီးတိုးကျိတ်ကာ "နေစမ်းပါဦးကိုရင်ငယ်ရဲ့၊ အခုတစ်လော ကိုရင့်ကြည့်ရတာ မျက်နှာ တနွမ်းနွမ်းနဲ့ မှိုင်ခန်းတယ်ဖွင့်ပါကလား။ ကျုပ်တော့ အတွင်းပူများ ရှိနေရော့သလားလို့ တွေးချင့်ပြီး သည့်ကလောက် ရင်းနှီးချစ်ခင်နေကြတဲ့ လူချင်းပဲ မှန်ရာကို လင်းကျင်းစမ်းပါဦး ကိုရင်ရဲ့"

မေးလျှင် မောင်မောင်ငယ်တွင် ရုတ်တရက် အဖြေမပေးသာဘဲ ငေးမှိုင်ကာသာနေမိသည်။ မောင်မောင်တုတ်မှာ မောင်မောင်ထံမှ အဖြေစကားကို မကြားရလျှင် မအေးအောင် အပူတိုက်ကာ အမျိုးမျိုး အဖုံဖုံ လှည့်ပတ်မေးမြန်းပါသော်လည်း မောင်မောင်ငယ်မှာ မှန်သရွေ့ကို ဖန်စေ့ငယ်ရေရေ မပြောရှာ တော့ပေ။ သို့ကြောင့်ပင် ...
"ဘာကြောင်းကြောင့်မှ မဟုတ်ပါဘူး ကိုရင်တုတ်ရယ်၊ ခုတလော ကျုပ်တယ်ပြီး နေထိုင် မကောင်း ချင်သလိုလို ဖြစ်နေတယ်။ ဒါကြောင့် ကိုယ်တော်ဖျားထံမှာ အခွင့်တောင်း အမိန့်တော်ပန် အိမ်ပြန်ပြီး တစ်လကိုးသီတင်း ဆိုသလို အပန်းဖြေ နားနေချင်တာပါပဲ။ အဲဒါ ရွှေကိုယ်တော်ကို ဘယ်လို အမိန့်တော်ခံရမယ်ဆိုတာ စဉ်းစားမရတိုင်း စိတ်ရှုပ်နေမိလို့ပါ။ နို့ပြီးတော့ အခုတလောမှာလည်း ကျုပ်တို့ကိုယ်တော်ဖျား စုဖုရားကိစ္စနဲ့ ပတ်သက်လို့ မပြတ်အောင် အခွင့်အရေးပေါ်နေတဲ့အတွက် ကျုပ်က အရေးထဲမှာ အရာပေါ်နေရာ ရောက်မှာ စိုးတာတစ်ကြောင်း၊ ရွှေကိုယ်တော် မျက်နှာ ကြည်သာတော် မူသော်လည်း မလျှောက်တင်ရဲ ခွင့်မပန်ရဲအောင် ဖြစ်နေတာပဲ ကိုရင်ငယ်ရဲ့"

လေးလေးတွဲ့တွဲ့ ညည်းတွားပြောဆိုသည်တွင် မောင်မောင်တုတ်က မယုံကြည်လှသော မျက်နှာနှင့် တွေဝေကာကြည့်ပြီး ...
"အိမ်း ... ဟုတ်မှလည်းပြောပါ ကိုရင်၊ ကျုပ်စိတ်ထင်တော့ မဟုတ်ကမှ လွဲကရော့မည်။ မအီမသာ နေထိုင်မကောင်းတာလောက်နှင့် ယောက်ျားမဟုတ်သလို ကိုရင့်မျက်နှာ သည်ကလောက် မှိုင်တွေ မနေတန်ရာဘူး၊ ဧကန္တ ထူးတဲ့အကြောင်းတစ်ခုတော့ ရှိရမယ်ဗျာ၊ ကျုပ်ကို ယုံကြည်သဖြင့် ရဲရဲသာ ဖွင့်ပြောပါ။ ဘယ်အရာမဆို ကျုပ်တတ်နိုင်သလောက် ကူညီစောင့်ရှောက်ပြီး အကျိုးဆောင်ကြီး လုပ်ပေးပါ့မယ်။ မဖွက်မကွယ် မှန်ရာကို ဖွင့်စမ်းပါ။ ကျုပ်လို ရင်းနှီးတဲ့လူတစ်ယောက်လုံးကိုမှ မယုံချင် ဘူးလား ကိုရင်ရ"

အတင်းအဓမ္မ မေးမြန်းလျှင် မောင်မောင်ငယ်လည်း ဘယ်နည်းနှင့်မျှ မိမိစိတ်တွင်း ရှိသမျှကို ဖွင့်မပြောရက် တော့အောင် ဖြစ်နေသဖြင့် ယုံစားခချစ်ခင်သူချင်းအပေါ်တွင် မိမိဖက်မှ ၀တ္တရား ပျက်ကွက်ကာ လင်းလင်းကျင်းကျင်း ဖွင့်ဟထုတ်ဖော်ခြင်း မပြုနိုင်သည့်အတွက်ပင် ၀မ်းနည်းပက်လက် ဖြစ်ရပြန်တော့၏။

သွေးသားမစပ်သော်လည်း ပညတ်အားဖြင့် မောင်နှမတော်ခဲ့ရာတွင် ငယ်စဉ်က စ၍လည်း နှမငယ် အရင်းကလေးအား ချစ်အားသန်သန်နှင့် အဆိုးအနွဲ့ခံကာ အလိုလိုက်လာခဲ့ပြီး ယခုကဲ့သို့ အရွယ်ကလေး အတန်ကြီးလျက် ဂေါရီရွယ်နယ်နိမိတ်သို့ တစ်စိတ်တစ်ဒေသ ကူးပြောင်းလာသော အခါတွင်မှ မောင်မောင်ငယ်မှာ ခင်ခင်ကြီးအပေါ်တွင် အချစ်နယ် အတန်ကျူး၍ ထူးထွေပြောင်းလဲလာမိရာ ဤသို့ မိမိစိတ်များထူးခြားပြောင်းလဲ၍လာသော အရေးနှင့် စပ်လျဉ်း၍လည်း မိမိကိုယ်ကို မိမိပင်လျှင် အပြစ်အတန်တန် တင်မိကာ မကြာမကြာ တက်ကြွ ပုန်ကန်လာသော စိတ်များကို ကြိုးစားဖိနှိပ်ရှာလျက် မပြစ်မှားရက်သလောက်ရှိရာမှ ဇက်မနိုင်၍ ပုံတိုက်ချလိုက်ရသည့်တိုင်အောင် ခင်ခင်ကြီးအတွက် အချစ်စိတ် ချောက်ချား၍ ၀ိတက် ၀ိစာရ ဤမျှလောက် များနေရပါသည်ဟူ၍ကား အချစ်ဆုံးသော မိတ်ဆွေရဲဘော်၊ ကျွန်တော်ခံဖက် မောင်မောင်တုတ်အားပင် ဖွင့်ဟတိုင်ပင်ခြင်း မပြုရက်နိုင်အောင် နှမငယ် ကလေးအတွက် အသည်းနာမိကာ အစိုးမရသော မိမိ၏ ပြောင်းလွဲမှုဆန်းကြယ်သော စိတ်များ ကိုသာ အကြိမ်ကြိမ် အခါခါ ကြိတ်မှိတ်ကာ အပြစ်နာနာတင်လိုက်မိတော့သတည်း။

တုတ် ။  "ဘယ့်နှယ်တုံး ကိုရင်၊ ပြောလည်းပြောချင်ရဲ့၊ မပြောလည်းမပြောချင်ဘူး ဆိုသလို ကိုယ့်ဟာကိုယ် ဝေခွဲလို့ မရနိုင်သေးဘူးထင်တယ် ဟုတ်စ။ ပြောစရာရှိရင် အောင့်မထားနှင့် ကိုရင်။ ဘွင်းဘွင်းရှင်းရှင်း အတိအလင်းသာ ဖွင့်လိုက်ပါ။ ဒါမှလည်း ကိုရင့် အခက်အခဲကို ဘယ်သို့ဘယ်ပုံ လုပ်ရမယ်ဆိုတာ အကြံအစည် အကူအညီပေးနိုင်မှာပေါ့ဗျ"
ငယ် ။  "သြော် ... ကိုရင်တုတ်ကလည်းဗျာ၊ ခက်လို့နေပါပြီ။ ကျုပ်မှာ ဘယ်လိုအတွင်းပူမှ မရှိပါဘူးဗျ။ ရိုးရိုး ကိုယ်လက်မအီမသာတာကြောင့် အိမ်ပြန်ချင်တာပါပဲ။ တကယ့်တကယ် အကြောင်း ရှိလာပြီဆိုတဲ့ တစ်နေ့တော့ ကိုရင့်ကို မတိုင်ပင်ဘဲ ရှိပါ့မလား။

ကျုပ်အရေးဆိုလျှင် ကိုရင်တုတ်ကို အခါပေးဆရာကြီးအဖြစ်နဲ့ အမြဲ ရှေ့ကထားပြီး အမိန့်ပေးသမျှ နားထောင်လုပ်ကိုင် သွားမှာပေါ့ဗျ"
တုတ် ။  "အင်းပြောလို့သာ ကြားရတယ်။ ကျုပ်တော့ တယ်မယုံချင်ပါဘူး ကိုရင်ရယ်။ ကိုရင့်မှာ အဖွင့်ခက်တဲ့ အချက်တစ်ခုကြောင့် လူမသိအောင် အုံ့ပုန်းပူမိနေသလိုကြီး မြင်နေရတာ ကျုပ်တော့ တယ်သနားသဗျာ။ ကျုပ်တို့လို လည်လည်ဝယ်ဝယ်နဲ့ ဒီအရာမျိုးမှာ "သုံးဆယ့်ခုနစ်မင်း ပန်းမကိုင်ဘဲနဲ့ကျရတယ်"ဆိုတဲ့ လူစားမျိုးမှာတော့ အသက်တစ်ရာမှာ အမှုတစ်ရာမကလို့ တစ်ထောင် တစ်သောင်းပဲ တွေ့ရတွေ့ရ "ခွေးလေးခုန်လို့ ဖုန်မထဘူး: ဆိုသလို တယ်မဖြုံဘူး။ ကိုရင်တို့လို မကြုံဖူးတဲ့ လူရိုးလူအေးတစ်ယောက်က ဒီလိုကိစ္စမျိုး ကြုံလာရင် အပြင်လူမသိအောင် ဘယ်လိုပင် ဖုံးဖိသော်လည်း ငုံးတိတိကြီး ပေါ်နေတယ်။ "တစ်ခါခိုး၊ တစ်ခါမိ" ဆိုတဲ့ စကားလိုပဲ မျက်နှာရိပ် မျက်နှာကဲက အမြဲသက်သေခံနေတာပဲ ကိုရင်ရဲ့"

ငယ် ။   "ဟာ ... သည်ကိစ္စမှာတော့ တစ်ဆိတ်ကလေးမှ အထင်မလဲလိုက်ပါလေနှင့် ကိုရင်တုတ်။ ကျုပ် အိမ်ပြန်ပြီး ခင်အေးအေး အနားယူချင်နေတဲ့ ဆန္ဒကလွဲလို့ နည်းနည်းကလေးမှ အပို မပါပါဘူး။
တုတ် ။  "အင်း ... ဒါဖြင့်လည်း ရှိပါစေတော့ဗျာ။ ဒါနှင့် အိမ်ပြန်ချင်တယ် ဆိုတာက ဘယ်အိမ်ကို ပြန်ချင်တာတုံး ကိုရင်ရဲ့။ အမရပူရ ရွှေခဲရပ်က အိမ်ကိုလား၊ သို့မဟုတ် ကိုရင့် ကိတ္တိမ မိဘများ နေအိမ်ကိုလား၊ ပြောစမ်းပါဦး"

ငယ် ။  "ရွှေခဲရပ်က အိမ်မှာတော့၊ အစ်ကိုကြီးတစ်ယောက်တည်း နေရှာတဲ့အတွက် အနှောင့်အယှက် မပေးချင်တာလည်းတစ်ကြောင်း၊ ရွှေမြို့တော်ကြီးနဲ့ ခရီးက အလှမ်းဝေးတာ တစ်ကြောင်းကြောင့် ကိတ္တိမ မိဘများဖြစ်တဲ့ ဒိုင်းဝန် ဘဘဘုရားတို့အိမ်ကို သွားမှာပါပဲ"

တုတ် ။ " ဟား ... ဟား ... ဟား၊ အရင်တုန်းကများဖြင့် အဲသည် ခင်ဗျားပြောတဲ့ ဘဘဘုရားတို့ အိမ်ကို သုံးလေးလနေလို့ တစ်ခေါက်သွားဖို့ သတိမရခဲ့ဘူး မဟုတ်လား၊ ကျုပ်လည်း သိတန်သလောက် သိပါတယ်ဗျာ။ ကိုရင် ဟိုအရင်တစ်ခေါက် မြတ်လေးပန်း အရှာထွက်ပြီး ပြန်လာကတည်းက ကိုရင့်မှာ အမှောင့်ပယောဂအစွဲတစ်ခု အသည်းမှာ စူးပြီး ပူးဝင်လာတယ်ထင်ပါရဲ့။ အဲသည်ကတည်းက ကိုရင့် မျက်နှာဟာ တစ်ခါတစ်ခါ စိတ်တွင်းက အတွေးနဲ့ စိုက်စိုက်ငေးနေတာ တွေ့မြင်ရတယ်။ အခုတော့ ရက်ကလည်း ကြာလာတဲ့အတွက် "နေမြင့်လေ အရူးရင့်လေ" ဆိုသလို အတွင်းရှိတော့ အပမဆောင်နိုင်အောင် ဖြစ်မယ်ဆိုလည်း ဖြစ်ထိုက်ပါတယ်လေ"

မောင်မောင်ငယ်သည် အချက်မိနေသောကြောင့် အဖြေ မပေးသေးဘဲ ခပ်ငေးငေး နားစိုက်ထောင် နေသည်။ မောင်မောင်တုတ်က အမေ့ကောက်ကာ စကားဖြတ်လျက် တစ်စုံတစ်ခု သတိရသော လက္ခဏာနှင့် ...
"သြော် ... ဒါထက် စကားမစပ်၊ ဒိုင်းဝန်ဘဘကြီး သမီးကလေး ခင်ကြီးလည်း အတော်ကလေး ထွားလာပြီထင်ပါရဲ့နော်။ ခုနေ သူ့အသက်ကလေး ဆယ့်နှစ်နှစ်ကျော်ကျော် ဆယ့်သုံးနှစ်လောက်တော့ ရှိပေတော့မယ်။ အရင် ကျုပ်မြင်တုန်းကတော့ ကလေးမ ခပ်ညှက်ညှက် ခပ်သေးသေးကလေးပဲ"

ပြောလိုက်လျှင် ငေးနေမိသော မောင်မောင်ငယ်မှာ ရုတ်တရက် ထိတ်ထိတ်ပျာပျာလို ဖြစ်ပြီး မောင်မောင်တုတ်ကို အရေးတကြီး လှည့်ကြည့်မိရာမှ ရုတ်တရက် ပျက်သွားသော မိမိမျက်နှာကို ကပျာကယာ ဣနြေ္ဒဆယ်လိုက်ကာ တည်တံ့သောလေသံနှင့် ...
ငယ် ။  "အင်း ... ခင်ကြီးကတော့ တယ်မထွားလှသေးပါဘူးဗျာ။ အရင်အတိုင်း ကလေးပဲရှိရှာပါသေးတယ်။ ကျုပ်ရောက်တိုင်း အိုးပုတ် ချိုးရုပ်ကလေးတွေနဲ့ ကစားနေတာ မြင်ခဲ့ပါရဲ့"
တုတ် ။  "ကလေးပေမယ့် ကလေးချောကလေး ကိုရင်ရဲ့၊ ဟဲ ... ဟဲ ကိုရင်ငယ်တို့က တယ်ကံကောင်းဗျာ"

ငယ် ။  "အို .. အရင်းမရှိ အဖျားမရှိ။ ကိုရင့်စကားက ဘာများ ရည်ရွယ်လိုက်တာလဲဗျ။ ကျုပ်ကို ဘာဖြစ်လို့ ကိုရင်က ကံကောင်းတယ်လို့ ဆိုရတာတုံး"
တုတ် ။  "အမယ်လေး ... မျက်လုံးကြီးပြူးပြီး ရှူးရှူးရှားရှားနဲ့ မလုပ်ပါနဲ့ဦးဗျာ၊ ကျုပ်ဆိုလိုတာက တခြားမဟုတ်ပါဘူး၊ ရုပ်ရည်ချောမောလှပတဲ့ ကလေးမလေးတစ်ယောက်နဲ့ ကောက်ခါငင်ကာ မောင်နှမတော်ရတာကို ကံကောင်းတယ်လို့ ချီးမွမ်းတာပါ။ ကျုပ်တို့ကတော့ ဘယ်ကနှမမှ တော်စရာ မပေါ်လာပါဘူး ကိုရင်ရယ်"
ငယ် ။  "ဟာ ... ကိုရင်တုတ် ကျုပ်ကို ချစ်ရင် ဒီလို ခနဲ့တဲ့တဲ့ စကားမျိုးကို ဘယ်တော့မှ မပြောပါနဲ့ဗျာ။ ဒါတစ်ခုတော့ ကျုပ်နည်းနည်းမှ မခံသာဘူး"
တုတ် ။  "ဟား ... ဟား၊ ကဲ ... ကဲ ခင်ဗျားမကြိုက်လည်း မပြောပါဘူးဗျာ။ ကိုင်း ... ကိုရင့်အတွက် ကျုပ် ဘာများ ကူညီပေးရမလဲ ပြောပါ"

ငယ် ။  "အိမ်ပြန်ဖို့ ကိုယ်တော်ဖျားကို စကားအချက်ရှာပြီး ရှေ့နေတော်လိုက်ပေးစေချင်တာပဲဗျာ။ ကျုပ်ကိုယ်တိုင်စပြီး အမိန့်တော်ခံရမှာ အားတုံ့အားနာကြီး ဖြစ်နေတဲ့အတွက်ပါပဲ"
တုတ် ။  "ကဲ ... ကဲ ကောင်းပြီ။ ဒီကိစ္စကို ကျုပ်နေရာကျအောင် ဆောင်ရွက်ပေးလိုက်ပါ့မယ်။ ပြန်တဲ့အခါသာ ကျုပ်အတွက် ကိုရင်ရဲ့ လက်ဆောင်တစ်ခုခု ပါလာပါစေ။ ဟော ... ပြောရင်းဆိုရင်း ကိုယ်တော်ဖျား စက်ရာထတော်မူပြီ။ အတွင်းဆောင်ကို ၀င်ကြစို့။ လာ ... လာ ၊ အချက်ရလျှင် ဒီကနေ့ပဲ သံတော်ဦးတင်ပေးပါမယ်"

ငယ် ။  "သက်သက်မဲ့ ပြန်ချင်တယ်လို့တော့ မထင်လိုက်ပါနဲ့ဗျာ။ ကိုရင့်ပေါင်းရတာလည်း တစ်ခါ တစ်ခါတော့ ကြောက်စရာအကောင်းသား"
တုတ် ။  "အမယ်မင်းဗျာ ... ကျုပ်ကို ဒါလောက် သိဒ္ဓိတင်မနေစမ်းပါနှင့်။ ကိုရင်နေထိုင်မကောင်းလို့ မျက်နှာညှိုးနွမ်းနေတာကစပြီး တင်ပါ့မယ်။ ကဲ ... လာ ၀င်ကြစို့"
ဆိုကာ မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့သည် သီပေါမင်းသား အဆောင်တွင်းသို့ ၀င်ခဲ့ကြလေ၏။ အတွင်းသို့ ရောက်ကြလျှင် သီပေါ်မင်းသားသည် စံတော်မူရာမှ အရေးတကြီး စိတ်ဝင်စားဖွယ်ဖြစ်သည့် အလွှာတော်စာ တစ်စောင်ကို ကိုင်ကာ စိတ်အားထက်သန်စွာ ရှုစားတော်မူနေရာမှ မောင်မောင်ငယ်ကို ခေါင်းညိတ်၍ အပါးတော်သို့ ခေါ်တော်မူကာ လက်တော်ထဲမှ အင်္ဂလိပ်စက္ကူလွှာကို လှမ်းပေးတော် မူသည်နှင့် မောင်မောင်ငယ်လည်း အရေးတကြီးနှင့် အလွှာတော်စာကို ဖတ်၍ ကြည့်လိုက် သောအခါ ...

    မယ်မယ်အကြောင်း စကား မှာကြားတော်မူလိုက်သည်။ မောင်ရင် သည်ယနေ့ မောင်ရင် လွှတ်တော်က ပြန်လျှင် မယ်မယ့်ထံသို့ ၀င်လာတော်မူခဲ့စေလိုသည်။ သားတော်ရှိရာသို့ မယ်မယ်ကိုယ်တိုင် လာတော်မူချင်သော်လည်း အနည်းငယ် မအီမသာရှိ၍ လာတော်မမူနိုင်သဖြင့် မောင်ရင့်အား တိုင်ပင်ခွင့်ရှိသော အရေးကိစ္စ ထူးထွေသည့် စကားများ သတိပေးတိုင်ပင်ရန် ခေါ်ရခြင်းဖြစ်ပါသည်။ လွှတ်တော်အပြန်ကို ဆက်ဆက်လာတော်မူခဲ့ မောင်ရင်"
                                    လောင်းရှည်ဖုရား
ဟူသော စာကို ခဲဆန်ဖြင့် အင်္ဂလိပ်စက္ကူလွှာတွင် မယ်တော်လောင်းရှည် မိဖုရားကြီး၏ ကိုယ်တော်တိုင် လက်ရေးဖြင့် မပီမသ ခပ်မှိန်မှိန် ရေးသားထားသည်ကို တွေ့ရလေလျှင် မောင်မောင်သည် သီပေါ မင်းသား ကို မော့၍ ခစားမိလေ၏။

မင်းသား ။  "ဘယ့်နှယ်တုံး မောင်မင်းတို့။ မယ်ဖျားထံတော်က အမှာတော်စာကတော့ ရောက်လာပြီ။ ဘယ်လိုအကြောင်းကိစ္စထူးများ တိုင်ပင်တော်မူမယ် ထင်သလဲ"
တုတ် ။  "ကျွန်တော်မျိုးတော့ မဟုတ်မှလွဲရော" ကိုယ်တော်ဖျားနှင့် စုထားဖုရားတို့ အကြောင်း သတင်းကောင်းကြားတော်မူလို့ မေးမြန်းတော်မူဖို့ ခေါ်တော်မူကြောင်းပါ"
ငယ်။ "မှန်လျပါ မောင်မောင်တုတ် လျှောက်တင်သည့်အတိုင်း ဟုတ်မှန်လိမ့်မည် ထင်ပါသည်။ ဒါမှမဟုတ်လျှင်လည်း ယခင်တုန်းကလို ရွှေလွှာတော်များနှင့် ကမျွန်တော်မျိုးအား အပြုအမူအပြောအဆို အနေအထိုင် အသွားအလာ ဆင်ခြင်ဖို့၊ အစစ အရာရာ ဆုံးမသွန်သင် သတိပေးတော်မူဖို့ ခေါ်တော် မူတယ်လို့ ထင်ပါကြောင်းဘုရား"

    မင်းသား။    "ကိုယ်တော်တော့ မောင်မင်းတို့ ထင်သလို တွေးတော်မမူဘူး။ အတွင်းတော်က နန်းတွင်းရေး အကြောင်းတစ်ခုခုဖြစ်ရမယ်ကြားလို့ တွေးတောပူမိတယ်။ ခမည်းတော်ဘုရား အတွက် ပေလား။ သို့မဟုတ် စုစုတို့ မယ်တော်ကြီးအတွက်ပေလော။ သည်အကြောင်း နှစ်ခု တစ်ခုခုဖြစ်မှာပဲ"

    တုတ် ။     "ကောင်းပြီ၊ သည်ကနေ့ လွှတ်တော်ကအပြန် အရှင့်မယ်တော်ဖျား ထံ ၀င်ရောက်ခစားမှ ဘာအကြောင်းဆိုတာ သိသာကွဲပြားမည် အမှန်ဖြစ်ကြောင်းပါ"
    မင်းသား။     "ကောင်းပြီ၊ သည်ကနေ့ လွှတ်တော်ကအပြန် မယ်ဖျားထံတော် ခေါ်တော်မမူချင်ဘူး မောင်မင်းတို့ကို မယ်ဖျားမြင်တော်မူလျှင် အရင်တစ်ခါလို တောင်ဟာမြောက်ဟာတွေ သတိရတော်မူပြီး ဆုံးမစကားတွေ ကြာရှည်ကြီး မိန့်တော်မူနေမှာ စိုးရသကွဲ့၊ သည်တော့ မောင်မင်းတို့ မလိုက်ကြနှင့် လွှတ်တော်ကခွဲပြီး အိမ်တော်သို့ ပြန်ကြရမည်"

    တုတ်။        "မှန်ပါဘုရား။ ဒါဖြင့် ကျွန်တော်မျိုးများ လွှတ်တော်ဆင်းချိန်မှစ၍ အားလပ်ခွင့်ရမည့် အတူ မြိုကထဲသို့ ခေတåသွားခွင့် ပေးသနားတော် မူစေလိုကြောင်းပါ ဘုရား"
မင်းသား။    "အင်း …….. မောင်မင်းတို့သွားလိုက သွားကြပေရော့။ သို့သော် အချိန် ညည့်နက်အောင် မနေကြနှင့်။ မယ်ဖျားကလည်း ဘာများ မိန့်တော်မူ တော်မူပြီး ဘယ်ကိစ္စမျိုး စေခိုင်းတော်မူမည်ဆိုတာ မသိရသေးဘူးကွယ်တို့"

တုတ်။        "မှန်လှပါ။ ဖျားကျွန်တော်မျိုး နေမငြိမ်းမီ အိမ်တော်ခစားစေမည် ဖြစ်ကြောင်းပါ။ သို့ရာတွင် ဟောသည်က မောင်မောင်ငယ် တစ်ယောက်ကတော့ ကိုယ်လက် မအီမသာဖြစ်နေတာနှင့် သူ့အိခေတ္တပြန်ပြီး ဆေးဝါးစား အနားဖြေရပါမည့်အကြောင်း အခွင့်တောင်းပေးရန် ပြောနေပါသည်ဘုရား"
မင်းသား။    "မောင်မောင်ဖေငယ် နေထိုငမကောင်းလျှင် စောစောကအ ကြောင်းကို ဖွင့်လျှောက် ပါဘိတော့လား။ ငါကိုယ်တော်လည်း မောင်မင်းမျက်နှာ ယခုတလော ညှိုးညှိုးငယ်ငယ် ဖြစ်နေသည် ကို မြင်တော်မူရတယ် "

ငယ်။         "ကျွန်တော်မျိုးလျှောက်တင် အခွင့်တောင်းမည် ကြံစည်လျက်ပါ ဘုရား။ သို့သော်လည်း ရေအကိုယ်တော်ဖျားမှာ စုထားဖျားအတွက် တောင်ဥယျာဉ် တော်သို့ ထွက်တော်မူနေရတဲ့ ကိစ္စတွေက ရှိနေတော့ နောက်တော်ပါး ကျွန်တော်မျိုးတို့ နှစ်ယောက်သားမှ မပါလျှင်လည်း မဖြစ်တာသိရတဲ့အတွက် တော်တော်နှင့် အခွင့်မတောင်းဝံ့ပါသောကြောင့် မောင်မောင်တုတ်ကို တစ်ဆင့် လျှောက်တင်ပေးရန် တောင်းပန်ရခြင်းဖြစ်ကြောင်းပါဘုရား"

မင်းသား။    "ဖြစ်ရလေ ….. မောင်မင်း၊ ရောဂါအန္တရာယ်ကို ဘယ်နှယ့်ကြောင့် ကာကွယ်ဖုံးဖိထားရသတုံး။ ကိုင်း…….. ကိုင်း ပြောနေလျှင် ကြာရော့မည် သားတော်ကိုတောင် မောင်မင်းမလိုက်လာပါလေနှင့်တော့။ ယခုပင် အိမ်ကိုပြန်ပြီး သင့်လျှော်မည့် ဆေးဝါးများ စားချေပါဘိ"

အရေးတကြီးဂရုတစိုက် မိန့်တော်မူကာ အမြန်သွားရန် နှင်တော်မူလျက်ရှိ သောကြောင့် မောင်မောင်ငယ်မှာ ရင်တွင်းမှ အလွန်အမင်း ၀မ်းသာလှသဖြင့် "အတွင်းရှိက အပမဆောင်နိုင်" ဆိုသလို ပြုံးချိုရွှင်လန်းသော မျက်နှာဖြင့် မောင်မောင်တုတ်ကို မသိမသာ "ကျေးဇူးတင်ပါသည်"ဆိုသော အထိန်းအမှတ်ဖြင့် လှမ်းကြည့်လိုက်မိရာ မောင်မောင်တုတ်က မျက်မှောင်ကုတ်၍ ထလိုက်မှ ရုတ်တရက် သတိရပြီး……

ငယ်။    "တင်ပါ၊ အမိန့်တော်အတိုင်း ဖျကျွန်တော်မျိုး ယခုပင် သွားပါတော့မယ် ဘုရား"
ဆိုကာ ဦးချလေ၏။ သီပေါမင်းသားလည်း မောင်မောင်ငယ်အား ကရုဏာသံဖြင့်….
    "အေး… အေး၊ သွားတော့ မောင်မင်း၊ ကျန်းမာပျောက်ကင်းပြီး ရောဂါဝေဒနာရှင်းမှ ပြန်ခဲ့တာပ။ ကိုယ်တော့ကို ကြောင့်ကြပြီး အရေးတကြီး ပြန်မလာခဲ့လေနှင့်ဦး။ ကြားလားမောင်မင်း။ အော်…. ဒါနှင့် ဆေးဖိုးဝါးခ  ဆုတော်သနားလိုက်ရသေးတာပ"

    မိန့်တော်မူကာ စံနေတော်မူရာ အနီးအနားရှိ လယ်ခြားယွမ်းကလပ်ကြိးအတွင်းမှ ၀င်းဝင်း ပြောင်ပြောင်း နာရဏီရွှေရောင်ဖြင့် လျှမ်းလျှက်ရှိသော ရွှေချူလုံး, ရွှေမန်းကျည်းတောင့်၊ ရွှေခြင်္သေ့ရုပ်၊ ရွှေဒေါင်းရုပ် စသည်တို့ကို လက်တော်နှင့် ပါသမျှ ကျုံးယူ၍ပေးသနား ပေးသနားတော်မူ လိုက်လေ၏။

    မောင်မောင်ငယ်ကား သနားတော်မူလိုက်သော ရွှေရုပ်လုံးကလေးများကို လက်ဝါးနှစ်ဖက်နှင့် ရိုသေစွာ ခံယူရင်း တီတီတာတာ ချစ်စရာစကားလေးများ ပြုံးတတ်í မပြတ်အောင်လည်း နွဲ့ဆိုး ဆိုးတတ်သော အချစ်ကလေး ခင်ခင်ကြီး၏ မျက်နှာကလေးကို ကက်ခနဲ ပြေး၍ မြင်လိုက်မိလေ၏။ ခင်အကြီးတော့ ဒီအ၇ုပ်ကလေးတွေ မြင်လျှင် အင်မတန်ဝမ်းသာရှာမှာပဲ။ ရိုသွော ထွက်လာခဲ့လေ၏။ ခင်အကြီးတော့ ဒီအရုပ်ကလေးတွေ မြင်လျှင် အင်မတန်ဝမ်းသာရှာမှာပါ်။ အခန့်သင့်လည်း သင့်လွန်းလှတယ်ဟု စိတ်အတွင်းမှ တွေးတောပြီး သီပေါမင်းသားအနီးမှ ရိုသေစွာ ထွက်လာခဲ့လေ၏။ မိမိနေထိုင်ရာ လူပျိုတ်ာဆောင် အခန်းအတွင်းသို့ ရောက်သောအခါလည်း ထွက်ခွာ အမိန့်တော်ရပြီးဖြစ်သည့် အားလျော်စွာ အချိန်များစွာ အကုန်မခံတော့ဘဲ ပုဆိုး၊ ပ၀ါများ အရေးတကြီး လဲလှယ်ဝတ်ဆင်နေစဉ် မောင်မောင်တုတ် ရုတ်တရက် ၀င်ရောက်လာပြီး...

    "ဘယ့်နှယ်တုန်း ကိုရင်။ ကိုယ့်အလိုကလေး ပြည့်တယ်ဆိုရင်ပဲ ကျုပ်ကို သတိမရ ချင်တော့ဘူး ဆိုပါတော့၊ ကျေးဇူးမတင်ဘဲ 'ဘုရားပြီးရင် ငြမ်းဖျက်ချင်'တဲ့ ၀သီကလေးက ပေါ်လာပြီလား"
ခပ်တည်တည် မျက်နှာထားနှင့် မေးလိုက်သောအခါ ပုဆိုးခါးပုံစကို ပြင်နေသော မောင်မောင်ငယ်မှာ ရုတ်တရက် အံ့အားသင့်သွားတော့လျက် မောင်မောင်တုတ်၏ မျက်နှာ ကို အံ့သြ၀မ်းနည်းစွာ စိုက်ကြည့်လိုက်မိပြီး...

"ဟင် ... ကိုရင်တုတ်နှင့် ဘယ်လိုပြောလိုက်ပါလိမ့်။ ခင်ဗျားနဲ့ ကျုပ်ဟာ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီဆိုတာလို တစ်ယောက်ရဲ့ အခက်အခဲကို တစ်ယောက်က အမြဲကူညီလာကြ တဲ့ လူချင်းမဟုတ်လား"
လေအေးနှင့် ပြန်ပြောလျှင် မောင်မောင်တုတ်က ရုတ်တရက် မျက်နှာထားပြင်၍ ခပ်ရွှင်ရွှင် ဟားတိုက် လိုက်ကာ...
"ကိုယ့်လူကလည်း ရိုးလိုက်တာ လွန်ပါရောဗျာ။ ခင်ဗျား သိပ်ဝမ်းသာသွားမှန်း သိလို့ ကျုပ်က လှန့်လိုက်တာပါ။ ဟဲ ... ဟဲ အတော်သည်းတုန်သွား ထင်ပါရဲ့"
"တယ်ခက်တဲ့လူကိုး၊ ခင်ဗျားက မျက်နှာထားကြီးနဲ့ဆိုတော့ ကျုပ်ရင်ထဲ ဖိုသွားတာပေါ့"

ဝတ်လက်ဝ ပုဆိုးခါးပုံစကို ကျကျနနရှိအောင် ညှပ်ရင်း ပြောလိုက်လေ၏။ မောင်မောင် တုတ်က မထိတထိ ပြုံးစိစိလုပ်ကာ ...
"ဒါပေမဲ့ ကိုယ့်လူကို တစ်ခုတော့ အပူကပ်လိုက်ချင်တယ်ဗျာ"
ငယ်။   "တစ်ခုမဟုတ်ပါဘူး၊ ဘယ်နှစ်ခုကပ်ကပ် ကျုပ်က ကျေကျေနပ်နပ် ဆောင်ရွက် ခဲ့ပါမယ်။ ပြောသာ ပြေလိုက်ပါ။
တုတ်။    "တကယ်နော်၊ နောက်တော့ ကိုရင် ယီးတီးယားတား မလုပ်နဲ့"

ငယ်။    "ကျုပ် ကတိမဖျက်ပါဘူး"
တုတ်။    "ကောင်းပြီး ... ဒီလိုဆိုရင် ကျုပ်ပြောမယ်၊ ဒါထက် မပြောခင် တစ်ခုကိုလည်း ကြိုတင်ပြီး မေးစမ်းပါရစေဦး"
ငယ်။   "ရှည်လိုက် ဝေးလိုက်တာ ကိုရင်တုတ်ရာ်၊ ဘယ်လိုမေးခွန်းများ မေးချင်သေးလို့ ပါတုံး"
တုတ်။    "ကျုပ်ပြောရမယ့် စကားက ခင်ဗျားကို အရင်မေးပြီးမှ ပြောထိုက်တဲ့ စကားမို့ပါ ဗျာ။ ကိုင်း ... ကိုင်း  နားထောင်စမ်းပါ။ ကိုရင်နဲ့ ကိတ္တိမ နှမကလေး ခင်ကြီး အချိန်အရွယ် ရောက်တဲ့အခါ ဘယ်သူ ဘယ်ဝါနဲ့ မှန်းထားတာများ ရှိပါသလဲ။ အကယ်၍ ရည်စူးချက် မရှိသေးဘူးပဆိုရင် ကိုရင့်ကို ကျုပ်ပြော ချင်တာ တစ်ခု ရှိပါတယ်"

ငယ်။   "အမယ်မင်း ... ကိုယ့်လူ ဒီအပူကိုမှ ကျုပ်ကို ကပ်မယ်လို့ပါလား။ ဒါဖြင့် တိတိ လင်းလင်း ကျုပ် ရှင်းပြောမယ်။ ဘဘဘုရားနှင့် မေမေဖုရားက ကျုပ်နောင်အခါ သွေးမကွဲ အောင် ဖိတ်ချင်းဖိတ် အိတ်ထဲ ဖိတ်ဖို့ ကျိတ်ပြီး စီမံကြတယ်။ သို့သော်လည်း ခင်အကြီး ကလည်း ငယ်ရှာသေးလို့ ဒီအရေးခပ်နှေးနှေး အချိန်ဆိုင်း နေကြတာဗျ"
မောင်မောင်တုတ်က လက်ခုပ်လက်ဝါးတီး၍ ရယ်လိုက်ကာ ...

"အမယ်မင်း ... ခုမှပဲ ဘူးပေါ်သလို ပေါ်လာတော့တယ်။ ကိုရင့်အမူအရာကို ကျုပ်က အကဲခတ်မိပါတယ်။ ခင်ဗျား ဘာကြောင့် ညှိုးညှိုးငယ်ငယ် ဖြစ်နေသလဲလို့ အစ်အောက် မေးစဉ်အခါတုန်းကတော့ ဖုံးလိုက် ဖိလိုက်နှင့် ကသိကအောက် အတော်လုပ်တဲ့လူပဲ"
ငယ်။   "အချိန်အခါ ဝေးသေးလို့ မပြောသေးတာပါ ကိုရင်ရယ်။ ဖုံးတယ်၊ ဖိတယ်လို့လည်း  ဘယ်ဟုတ် မှာလဲ။
တုတ်။   "ကဲလေ ... ဒါဖြင့်လည်း ကျုပ်စကားကို ဆက်စရာမလိုတော့ပါဘူ။ ခင်ဗျားဖို့ ရွယ်စူးတဲ့ အချစ်ဖူးကလေးရှိရာ မြန်မြန်သာ ကြွတော်မူပါတော့။
ငယ်။   "အို ... ကျုပ်က ညီမငယ်ကလေးလို သဘောထားတုန်းမို့ ဗြုန်းခနဲ ဒီလိုပြော လိုက်တော့ ကျောထဲ စိမ့်သွားမိတယ်"

တုတ်။   "အမယ် ... ဖြစ်ပဲဖြစ်ရ ပြန်ချည်သေးတယ်။ တော်စမ်းပါ ကိုရင်ရာ၊ ကဲ ... ကဲ ကြွတော်မူပါ"ဟု ပြောလျက် မောင်မောင်ငယ်၏ ပခုံးကို ဖက်၍ အဆောင်အပြင်ဘက်သို့ ပို့လိုက်သောကြောင့် မောင်မောင်ငယ် လည်း အိမ်တော်၏အပြင်သို့ အမှတ်မထင် ရောက်ခဲ့ သေး၏။
သီပေါမင်းသား သနားတော်မူလိုက်သော ဆုတော်များမှာ ရွှေချူလုံး၊ ငွေချူလုံး၊ ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးနှင့် ရွှေင်္ဟသာ၊ ရွှေခြင်္သေ့ရုပ်ကလေးများချည့် နှင်နှင် ဖြစ်သဖြင့် နှမငယ်ခင်ခင်ကြီး အတွက် မျက်နှာပန်း လှသော လက်ဆောင်ကောင်း ကလေးတွေ ဖြစ်နေသောကြောင့် မောင်မောင်ငယ်မှာ လမ်းတစ်လျှောက် လုံး တပြုံးပြုံး ကျေနပ်၍လာခဲ့လေ၏။

မြင်းကုန်းနှီးထိပ်တွင် ပိုးအိတ်ကလေးနှင့် ထုပ်၍ ချည်နှောင်လာသော ထိုလက်ဆောင် ရွှေရုပ်၊ ငွေရုပ် များပါသော အထုပ်ငယ်ကို ကြည့်လျက် တစ်ချက်တစ်ချက်မှာလည်း မောင်မောင်တုတ်ကို ကြိုတင် လှည့်စား ပြောလိုက်မိသော မိမိ၏စကားမျာကို သွား၍ သတိ ရမိလျှင် အင်မတန် ချစ်ခင်သော ရောင်းရင်း ဖက် ဖြစ်သူကို ယခုလို တစ်ကြိမ်တစ်ခါမျှ လှည့်ဖြားပြောခဲ့ဖူးသည် မဟုတ်သောကြောင့် ၀မ်းနည်းသလိုလို ရှိလိုက်မိသည်။ သို့ရာတွင် မောင်မောင်တုတ်၏ ပင်ကိုဝါသနာ စရိုက်မှာ မိန်းမမြင်လျှင် မရှောင်တမ်း ကြိုက်တတ်သူ ဖြစ်သောကြောင့် ချစ်နှမငယ်၏အရေးကို ကြိုတင်ကာကွယ်ပေးလိုက်မိခြင်း မျှ ဖြစ်တော့ သည်။

မောင်မောင်တုတ်သည် မိမိနှင့် ခင်ခင်ကြီးကို မကြာမီ ဆုံစည်းကြမည့် ရှေးရေစက်ရှင် များဟု ပုံသေကားချ ယုံမှတ်သွားပေမည်။ အကယ်စင်စစ်အားဖြင့် ယခုအချိန်အထိ ဒိုင်းဝန်းမင်း အရေးပေးပြီး မိမိကိုလည်း သားကြီးတစ်ယောက်အနေဖြင့် ခင်နေရှာသည် ကို တွေးမိ၏။ သို့နှင့် ဤတစ်ကြိမ်မှာ ကြာကြာနေရန် အမိန့်တော်လည်း ပါခဲ့သဖြင့် ပွင့်ပွင့် လင်းလင်း ရှိအောင် ကြံဆောင်ကြိုးစားခဲ့တော့မည်ဟု စိတ်ပိုင်း ဖြတ်ကာ စိတ်အေး လက်အေးပင် မြင်းညိုကြီးကို အသားကျစီး၍ ခရီးဆက်လက်ခဲ့လေ၏။

အခန်း (၂၉) မျှော်
.

No comments: