Monday, January 11, 2010
ဒဂုန်ခင်ခင်လေး စာဆိုတော် အခန်း(၂၄)
အခန်း(၂၄)
မောင်မောင်ငယ်တို့ လူစုလည်း ဗီရိုလှည်းကလေးတစ်စီးနှင့် တပျော်တပါးကြီး ပြန်ခဲ့ကြလေရာ ရွှေမြို့တော် အတွင်း ဒိုင်းဝန်မင်းအိမ်ဝင်းသို့ ညဥ့်မီးခွက်ထွန်းစ အချိန်လောက်တွင် ပြန်ရောက်လာ ကြလေ၏။ ၀န်ကတော်ကြီးမှာ သားနှင့်သမီး အချိန်နှောင်းနေသဖြင့် စိတ်မချတချ ဖြစ်နေသော ကြောင့် မကြာခဏ မျှော်၍ နေမိရှာလေ၏။ ထိုနေ့အဖို့ ရွှေနန်းတော် အနောက်ဆောင်တစ်ဝိုက်သို့ အခစားဝင်ရာတွင် နန်းတော် ၀င်စဉ်က ဒိုင်းဝန်မင်းနှင့် အတူဝင်ကြသော်လည်း တံခါးနီတော် အလွန်တွင် ၀န်မင်းနှင့် ၀န်ကတော်ကြီးသို့ အသီးသီး လမ်းခွဲကာ ဒိုင်းဝန်မင်းမှာ လွှတ်တော်ကိစ္စ နှင့် ဗြဲတိုက်အရာရှိများရှိရာ ဗြဲတိုက်ဆောင်သို့ ၀င်၍ ဒိုင်းဝန် ကတော်ကြီးမှာလည်း မင်းမိဖုရားများ စံစားတော်မူရာ အနောက်ပိုင်းသို့ အတွဲအပို့ မိန်းမငယ်ဖြစ်သူ မယ်ဆုံ၏ ပခုံးကို တွဲကိုင်ကာ ဆင်ဖြူမရှင် အဆောင်တော်၊ စလင်းစုဖုရားအဆောင်တော်၊ တောင်ဆောင် တော်ဘုရား အဆောင်တော် စသည်များသို့ တစ်ဆောင်ပြီးလျှင် တစ်ဆောင် သွားရောက် ခစားပြီး အပြန်တွင် ဒိုင်းဝန်မင်းမှာ အမိန့်တော်ခံရန် ကိစ္စတစ်ခုရှိ၍ ညညီလာခံအထိ စောင့်ဆိုင်းရမည် ဖြစ်သော ကြောင့် ၀န်ကတော် ကြီးနှင့်တူ မပြန်နိုင်ဘဲ ရွှေနန်းတော်ထဲတွင် ကျန်ရစ်လေရာ ၀န်ကတော် ကြီးမှာ တစ်ယောက်တည်း အိမ်တော်သို့ ပြန်ရောက်လာရာတွင်လည်း သားနှင့် သမီးတို့ မရောက်သေး သည်နှင့် တစ်ကိုယ်တည်း မျှော်နေရှာချိန် ဖြစ်လေ၏။
ထိုအခိုက် မောင်မောင်ငယ်တို့ တရုတ်ကတ် ဗီရိုလှည်းကလေး ဆိုက်ရောက်လာပြီး ခင်ခင်ကြီးနှင့် မောင်မောင်ငယ်တို့ ဆင်းလာကြလျက် ၀န်ကတော်ကြီး အပါးသို့ အားရ၀မ်းသာ ရောက်လာကြသည်တွင်မှ မျှော်ရသည့်ကိစ္စ ငြိမ်းသွားကာ ချိုသာသော မျက်နှာဖြင့်။
"သြော် ... သားနှင့် သမီတို့ ပြန်လာကြပြီလား၊ မေဖုရားဖြင့် နေမ၀င်မီ အချိန်က စပြီး မောင်တို့ မောင်နှမကို စိတ်မချ၍ မျှော်နေရတယ်။ ယခုမှပင် စိတ်အေးရတော့တယ် မောင်မောင်ရဲ့။ ဘယ့်နှယ်လဲ မောင်မောင်တို့ မောင်နှမ အတော်ပျော်ကခဲ့ကြသလား"
ဆီး၍ မေးလေ၏။
မောင်မောင်ငယ်ကလည်း ၀န်ကတော်ကြီးအနီးတွင် ထိုင်လိုက်တာ။
"ပျော်ကြပါတယ် မေမေဖုရား။ ခင်အကြီးလည်း အတော်ပဲ ပျော်ရှာပါသည်။ ရေချိုးကြ၊ ကြာပန်း တွေခူးကြ၊ လှေစီးကြနှင့် ခင်အကြီးဖြင့် ပျော်ရှာလွန်းလို့ မေဖုရားရဲ့၊ နို့ပြီး မောင်တို့ ညနေမစောင်း တစောင်းမှာ ဇောင်းကလော ကန်ဦးက ဘုရားတွေကို စေ့စုံအောင် လိုက်ဖူးပြီး နေ့လယ်က ဆွတ်ခူး ထားတဲ့ ကြပန်းများ၊ လှူကြပါတယ်။ အမျှယူတော်မူပါတော့  မေဖုရား"
"အင်း ... သာဓုတော် ... သာဓု၊ လိမ္မာတဲ့ သားသမီးများတော့ သွားလေရာရာမှာလည်း ရတနာ သုံးပါးကို ဦးထိပ်ထားရှာကြပေရဲ့။ ကဲ ... ကဲ သမီးကလေး ခင်ကြီးကော၊ မေဖုရားအပါး တိုးစမ်း ပါဦး၊ အတော်ပျော်ခဲ့ရှာမှတ်တယ်"
"ပျော်လိုက်တာမှ လွန်ပါရော မေဖုရားရဲ့၊ ခင်အကြီးကလေး တောင်သမန်အင်းကို ရောက်လျှင်ရောက်ချင်း ရေချိုးမယ် ဆိုတာကို အစ်ကိုက နေပူကလာစမို့ မချိုးရသေးဘူး ဆိုလို့ ခဏတဖြုတ် အမောဖြေ နားနေကြပြီးမှ နံနက်ထမင်းကို ကြာဖက်ကလေးတွေ ခင်း၍ စားကြပါတယ်။ ပျော်လိုက်တာ မေဖုရားရယ်။ မေဖုရား တို့များ ပါလာမယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ၊ ခင်ကြီး အစ်ကို့ကို ပြောမိပါသေးတယ်။ ထမင်းစား ပြီး တအောင့်တနား ကြာတော့မှ ခင်ကြီးတို့ ရေဆင်း၍ ချိုးပါတယ် မေဖုရားရဲ့။ ဒါနှင့် အစ်ကို ကလေ မေဖုရားရဲ့။ ခင်ကြီးက ရေချိုးရအောင် ခေါ်တာကို တော်တော်နှင့် မလာဘူး။ သူ ဘာတွေတွေပြီး တုံ့နှေးနှေး ကြီး လုပ်နေမှန်း မသိဘူး မေဖုရားရဲ့။ နောက် ခင်ကြီးက အတင်းရော အဓမ္မပါ ရေချိုး ရမယ်ဆိုတော့မှ စိတ်မပါ လက်မပါနဲ့ ချိုးပါလေရော။
ဒါတောင် မှ ခင်ကြီးတို့ အနားမှာ မချိုးပါဘူး။ ဟို ... အဝေးကြီးမှာသွားပြီး ခင်ကြီးမလိုက်နိုင်တဲ့ ရေနက်ကြီးထဲ သွားချိုးတယ် မေဖုရားရဲ့။ အစကတော့ ခင်ကြီးကလည်း ရေထဲဆင်းရမှာ ကြောက်တာနှင့် အစ်ကို့ လက်ကို တစ်ဖက်၊ အနန်းရဲ့လက်ကို တစ်ဖက် ဆွဲကိုင်ထားတယ်။ ဒါကို အစ်ကိုကလေ ခင်အကြီး ဒါလောက်ကြောက်ရသလားတဲ့။ အနန်းကလည်း ၀င်ပြီး ခင်ခင် ဒါလောက်ကြောက်လျှင် ကန်ပေါင်ရိုး ပေါ်မှာ ချိုးပါလေ။ အနန်း ရေသယ်လောင်း ပါမယ်လို့ လှောင်ကြတယ် မေဖုရားရဲ့။ ဒါနှင့် ခင်ကြီးလည်း အစ်ကို့ လက်ကို လွှတ်ပြီး တစ်ယောက်တည်း ရေချိုးလိုက်ပါတယ်။ နောက်တော့ အစ်ကိုတို့ကလည်း ကြာပန်း တွေ အများကြီးပဲ ခူးပေးပါတယ် မေဖုရားရဲ့"
မောင်မောင်ငယ်မှာ ခင်ခင်ကြီး အမောတကော စကားအလျဉ်မပြတ် ရှိုက်ခါရှိုက်ခါ လောဘတကြီး ပြောနေရှာ သည်ကို ခပ်ပြုံးပြုံးနှင့် အသာငြိမ်၍ နားထောင်လျက်ရှိရာ ၀န်ကတော်ကြီးကလည်း သမီး ကလေး ပြောသမျှကို သဘောကျ နားဝင်ချိုပြီး အလိုလို ပြုံး၍ နေရှာလေတော့၏။
ခင်ခင်ကြီးကား စကားအဆက်မပြတ်သေးဘဲ ...
 "ကြာပန်းတွေကလည်း ပေါလိုက်တာ မေဖုရားရယ်၊ ခင်ကြီးတို့ ရေချိုးတဲ့အနားမှာတော့ ကြာညိုပန်းတွေ ပေါတယ်။ ရေလယ်ဆီမှာတော့ ပဒုမ္မာကြာတွေ ပေါလိုက်တာ၊ တောကြီး ကို ဖြစ်နေတာပဲ မေဖုရား။ ခင်ကြီးတို့ဖြင့်လေ လှေကလေးနဲ့ သွားပြီး ကြာပန်းတွေ အားရ ပါးရ ခူးကြပါတယ်။ ပျော်လိုက်တာလည်း လွန်ပါရေ။ ကိုနွဲ့ကြီးကလည်း သီချင်းဆို အကောင်းသား မေဖုရားရဲ့။ ဒါပေတဲ့ အစ်ကို နောက်ထပ် ဆိုလိုက်တဲ့ အမရပူရ ရွှေမြို့ တော်ဘွဲ့ သီချင်းကြီးလောက်တော့ မကောင်းပါဘူး။ ဒါနှင့် ခင်ကြီးတို့ ပျော်ပျော် ပါးပါး သီချင်းတကျော်ကျော်နှင့် လှေလှော်လိုက်ကြတာ ညနေစောင်းတော့ ဇောင်းကလောကန် ထိပ်ကို ရောက်ကြပါရော၊ လှေကလေးလည်း ငယ်တော့ လူတွေလေးနေမှာ စိုးရိမ်တာနဲ့ အနန်းကို ထားခဲ့ရပြီး ခင်ကြီးရယ်၊ အစ်ကိုရယ်၊ ကိုနွဲ့ကြီးရယ်သာ ဘုရားတွေ လည်ဖူးရပါ တော့တယ်။ ဒါနှင့် အပြန်တော့ မေဖုရားရယ် အင်မတန် မုန်းစရာကောင်းတဲ့ ဆူးလေ၊ ဆူးတစ်ခုဟာ ခင့်ကို လာစူးပါရော မေဖုရားရဲ့။ အစ်ကိုက နုတ်ပေးတာတောင် နာလွန်းလို့ လမ်းမလျှောက်နိုင်တာနှင့် အစ်ကို ပွေ့ချီပြီး လှေပေါ် ခေါ်လာရတယ် မေဖုရားရယ်။ အစက ပျော်ခဲ့သလောက် ဆူးစူးလို့ နာတာနှင့် စိတ်ညစ် သွားပါ ရော"
တွေ့ခဲ့ ကြုံခဲ့သရွေ့ ခရေစေ့တွင့်ကျ အပ်ကျမတ်ကျ တစ်လုံးတစ်ပါဒမကျန် ပြန်ပြော နေသည်တွင် ၀န်ကတော်ကြီးမှာလည်း ခေါင်းတညိတ်ညိတ်နှင့် နှစ်သိမ့်ကျေနပ်၍ နေရ ရှာတော့၏။
တစ်လမ်းလုံး တွင် စိတ်တွင်းသူပုန်ထ၍ အမျိုးမျိုး အထွေထွေ စိတ်ရှုပ် စိတ်လေတွေနှင့် ဖောက်ပြန် လာခဲ့မိသော မောင်မောင်ငယ်မှာ မိမိသိက္ခာကို မိမိ မလုံမလဲဖြစ်သည့် အားလျော်စွာ တစ်ချက်တစ်ချက် မျက်နှာ မလုံနိုင် ရှိရာမှ အနိုင်နိုင် ဟန်လုပ်ကာ။
"အင်း ... ခင်အကြီးတို့ကတော့ တွေ့သမျှ မြင်သမျှ ခရေစေ့တွင်းကျ မေဖုရားကို စကား ဖောက်သည်ချ၍ ကောင်းနေမှတ်တယ်"
ပြုံးကာ ရယ်ကာနှင့် ပြောလိုက်သဖြင့်။
"ဟင်း ... အစ်ကိုကလည်း မေဖုရားက မေးတော်မူတာကိုး၊ ပြောမှပ၊ အစ်ကိုကဖြင့် မပြော ချင်ဘဲနဲ့ ခင်ကြီး ပြောတာကိုပဲ အပြစ်တင်ချင်ပြန်ပြီ"
"အမယ်လေး ... အစ်ကိုက အပြစ်တင်တယ် မဟုတ်ပါဘူး ခင်ရယ်၊ စကားတွေ အဆင် မပြတ်တော့ ခင် မောနေမှာ စိုးရိမ်လို့ပါ"
ဆိုမှ ၀န်ကတော်ကြီးကလည်း ပြုံး၍ နားထောင်နေရင်း ...။
"ကိုင်း ... ကိုင်း သားနှင့်သမီးများ မောလာကြ၊ ဆာလောင်လာကြထင်ပ။ ယခုလောက်ရှိ အမောများလည်း ပြေလောက်ပါပြီ။ ထမင်းအုပ်ပြင်၍ ယူခဲ့ပစေတော့"
အတွင်းခန်းသို့ လှမ်း၍ အမိန့်ပေးလိုက်ရာ နန်းခုံလည်း "တင်ပါဖုရား" ဟု ဆိုကာ နောက်ဆောင်ထဲသို့ ကူးသွားလေ၏။
ထိုညအဖို့ ထမင်းများ စားသောက်ပြီးကြ၍ အသီးအသီး လသာဆောင်သို့ ထွက်လာကြ ကာ စကား ၀ိုင်းဖွဲ့ ကြပြန်လေ၏။ ဒိုင်းဝန်မင်းမှာ ညညီလာခံဝင်ရာမှ ညီလာခံ မကွဲသေး သဖြင့် အိမ်ပြန် မရောက်လာ သေးသောကြောင့် လသာဆောင် သင်ဖြူးချောကလေးပေါ် တွင် ၀န်ကတော်ကြီး၊ မောင်မောင်ငယ်နှင့် ခင်ခင်ကြီး တို့ သုံးဦးသားသာ စကားလက်ဆုံ ၀င်လျက် ရှိကြပြီး၊ မောင်မောင်ငယ်ကား ၀န်ကတော်ကြီးနှင့် စကား အဆက်မပြတ် ပြောနေ ရသည်တိုင်အောင် စိတ်တွင်းတွင် နေ့လယ်က တွေ့ကြုံဖြစ်ပျက်ရသော မိမိ စိတ်ထား ပြောင်းလဲချို့ယွင်းမှု အတွင်းရေးများကိုသာ ထပ်ဖန်တလဲလဲ ပေါ်နေရှာတော့၏။ ခင်ခင် ကြီးက ရိုးသား စင်ကြယ်လှသော အမူအယာကလေးနှင့် ကလေးသဖွယ် ဘယ်ဝယ် ဘယ်သို့ ပြောနေရှာ သော်လည်း မောင်မောင်ငယ်၏ စိတ်ထဲတွင် အစဉ်သဖြင့် သာယာ တိမ်းညွှတ်၍သာ နေရှာတော့၏။
ဝန်ကတော်ကြီးမှာ မိမိကို ဖြူစင်သန့်ရှင်းသော စေတနာနှင့် သားရင်းပမာ အထူးချစ်ခင် နေရှာသူ ဖြစ်သောကြောင့် မိမိအလိုဆန္ဒကို ဖွင့်ဟတိုင်ပင် ခွင့်ပန်ခြင်းအမှု ပြုပါက ဘယ်နည်းနှင့်မျှ ငြင်းဆန်ကန့်ကွက်ပုံ မရဟု ယူဆမိသည်တိုင်အောင် မိမိနှုတ်က ပြော မထွက်ရက်ဘဲ အထူးသဖြင့် အဖွင့် ခက်နေပြီးလျှင် ခင်ခင်ကြီးကလေးမှာလည်း အမိန့် သက်တော်မျှ မစင်သေးသည့် အရွယ်ကလေးတွင် ရှိနေသေး သဖြင့် မပြောအပ် မပြောထိုက်သေးကြောင်း ကောင်းစွာ စဉ်းစားမိလေတော့၏။
မိမိမှာ ဤအခွင့်အရေးမျိုး၌လည်း အခြားသူများထက် တစ်ပန်းသာနေရုံမက ၀န်ကတော် ကြီးကလည်း သားအရင်းတမျှ ချစ်ခင်၊ ခင်ခင်ကြီးနှင့်ကလည်း မောင်ရင်းနှမကဲ့သို့ အတွင်း ကျကျ အရောတ၀င် ရင်းနှီးပြီး ဖြစ်ရကား၊ နောင်ရေးအတွက် ဘာမျှ အကြံခက်စရာ အကြောင်းမရှိ၊ ပွင့်ချိန်တန်သော တစ်နေ့သ၌ မိမိခူးဆွတ်ရမည့် စပယ်ငုံကလေးသာ ဖြစ်ပေသည်တကားဟု သပိတ်ဝင် အိတ်ဝင် စိတ်ဘ၀င်ချပြီး အယုံကြည်ကြီး ယုံကြည် ထားလိုက်မိသောကြောင့်လည်း ၀န်ကတော်ကြီးအာ အရိပ်အမြွက် ပြောတော့ အံ့ဟု လောလောဆယ်  ပြင်ဆင်ထားမိသော စိတ်ကူးကလေးများကိုပင် ရုပ်သိမ်းလိုက်လေ တော့၏။
မောင်မောင်ငယ်မှာ မိမိစိတ် ပရမ်းပတာ ဖြစ်နေရှာသလောက် တစ်စုံတစ်ရာ မသိရှာ မရိပ်မိရှာတတ်သော ခင်ခင်ကြီးအား တစ်ပဟိုရ်ထက် တစ်ပဟိုရ်၊ တစ်ဗီဇနာထက် တစ်ဗီဇနာ ချစ်ခင်ကြင်နာစိတ်တို့သာ တဖိတ်ဖိတ် လျှံတက်၍လာပြီး သဒ္ဓါချစ်ပေါ်တွင် ဘယာချစ် အဆစ်ဝင်လျက် မျက်စိအောက်က အပျောက် မခံအောင်ပင် ဖြစ်နေမိရှာတော့ ၏။
ဝန်ကတော်ကြီးကား စကားပြောရင်းက တစ်စုံတစ်ရာ ငေးစိုက်တွေဝေသွားသော မောင်မောင်ငယ်ကို အကဲခတ်ကာ။
"အလို ... မောင်မောင် ဘာဖြစ်သတုံး။ တစ်နေ့လုံး လှည်းစီးရ၍ ခရီးပန်းလာသလား မောင်မောင်ရဲ့"
မေးလိုက်မှ ...
"သြော် ... မဟုတ်ပါဘူး မေဖုရား၊ အိမ်တော်ပြန်ရမည့်အချိန်ကို စဉ်းစားလိုက်မိလို့ပါ။ နို့ ... ဒါနှင့် သည်ကနေ့ မေဖုရား ရွှေနန်းတော်ထဲ အခစားဝင်ခဲ့တယ် မဟုတ်ပါလား။ မောင် အလိုရှိတဲ့ မြတ်လေးပန်း ကလေးများမှ ရခဲ့ပါလေစ"
ဖာထေးကာ ပြောမိပြောရာ ပြောလိုက်ရစေကာမူ မောင်မောင်ငယ်မှာ အိမ်တော်ကိစ္စနှင့် မြတ်လေးပန်း ကိစ္စကို လုံးဝ မေ့လျော့နေမိရာ ယခုမှ ကောက်ခါ ငင်ခါ စကားဖာလိုက်ရရင်း မှ သတိရလာခြင်း ဖြစ်လေ၏။ ၀န်ကတော်ကြီး ပြုံးကာ ...
"အင်း ... မေဖုရား အခစား ၀င်ပါတယ် မောင်မောင်ရဲ့။ ခရီးရောက်မဆိုက် စကားကောင်း နေ၍ မပြောဘဲနေတာ။ မောင်မောင် အလိုရှိတဲ့ မြတ်လေးပန်းများ တောင်ဆောင်တော် ဘုရားအဆောင်မှ တစ်ကုံးစာ မျှ ရခဲ့တယ် မောင်မောင်ရဲ့၊ မောင်မောင် အင်မတန် ကံကောင်းတယ်။ အခါရာသီ မဟုတ်၍ ရှားပါး သော်လည်း လိုတခဏနှင့် ရခဲ့တယ်။ မြတ်လေးငုံကလေးများကို မေဖုရား ကရမက် သေတ္တာတွင် ထည့်ထားတယ်။ နံနက် စောစောမှ ပွင့်ဖတ်ကလေးများ ငုံအာပွင်လာပါလိမ့်မယ်။ မောင်မောင်  သီပေါမင်းသား ထံ နံနက်စောစောပြန်၍ ဆက်ပါလေတော့"
မောင်မောင်ငယ်လည်း ဤတွင်မှ ၀န်ကတော်ကြီးအိမ်မှာ နံနက်စောစော ပြန်ရတော့မည် ကို သတိရလျက် ရုတ်တရက် နှမငယ် ခင်ခင်ကြီးကလေးနှင့် ခွဲခွာရမည်ကို အတွင်းကျိတ် ၀မ်းနည်းပူဆွေးမိသယောင်ယောင် ရှိလေတော့၏။ သို့နှင့်လည်း မိမိမှာ မူလ လာစဉ်အခါ ကပင် တာဝန်နှင့် လာရသည် ဖြစ်သောကြောင့် မပြန်ချင် ၍လည်း မနေသာသေးကြောင်း စဉ်းစားမိလေ၏။
မိမိအရှင် သီပေါကိုယ်တော်ကလေးအတွက်လည်း ၀န်ကတော်ကြီး၏ လုံ့လကြောင့် မြတ်လေးပန်းများ ရခဲ့သဖြင့် အိမ်တော်အပြန် မျက်နှာပြရန် အခွင့်သာကြောင်း တွေးမိကာ ဤကိစ္စမှာလည်း မိမိနှင့် မောင်မောင်တုတ်တို့ လျှို့ဝှက်သော အတွင်းဥာဏ်နှင့် သီပေါမင်းသား၏ အလိုဆန္ဒတော်ကို ဖျက်လို ဖျက်ဆီး ပြုမူခြင်းမျှသာဖြစ်၍ မိမိပြန်သွား၍ မြတ်လေး ပန်းများကို ဆက်နိုင်ခဲ့သော သီပေါကိုယ်တော်သည် နှမတော် စုဖုရားလတ်အတွက် စကား မဆက်သာဘဲရှိကာ နောက်ထပ် မိမိတို့အား စုဖုရားအတွက်နှင့် မေးတော် မူချင်သေးပါက ယခုကဲ့သို့ ဥပါယ်တံမျဉ်ဖြင့် သွယ်ဝိုက်ခြင်း မပြုနိုင်တော့ဘဲ အတိအလင်းသာ ဖွင့်ထွက် မိန့်တော်မူလာအောင် ပိုက်တန်းထောင်သည့် သဘောနှင့် ကြံစည်ခဲ့သော ကိစ္စဖြစ်သဖြင့် အတွင်း ကျိတ် ပြုံးမိပြန်လေရော။
"လိုတော်မူတဲ့ မြတ်လေးပန်းများအတွက် မေဖုရားကို အားကိုးစွာ ရောက်လာခဲ့သည့် အတိုင်း မောင့်တာဝန်ကိစ္စ ပြေကုန်တော့မည် ဖြစ်တဲ့အတွက် အလွန်တရာမှ ၀မ်းသာလှပါ တော့သည် မေဖုရားရဲ့။ မောင့် အစွမ်းအစအတိုင်းသာဆိုလျှင် မြတ်လေးပန်းကို မဆိုထား နှင့် မြတ်လေးပင်ကိုပင် မြင်ရဖို့ အခက်သားပါ။ မေဖုရားကြောင့် သက်သောင့်သက်သာနှင့် ရလာရပေတယ်"
တော်။    "အင်း ... မောင်မောင်နှင့်စာလျှင် မေဖုရားက အလွယ်တကူ ရတယ်လို့ ဆိုရမှာ ပ။ သို့သော်လည်း မော်ငမောင်ထင်သလောက် လွယ်ကူလှသည် မဟုတ်ဘူးကွဲ့။ တောင်ဆောင်တော်ဖုရား အဆောင်တော်ကို တမင်တကာ သွား၍ ခစားပြီး တောင် ဆောင်တော် ဖုရားထံမှာ အခွင့်ပန် အမိန့်တော်ရ ခူးခဲ့ရတေယ်။ ကံအား လျော်စွာ အပျိုတော်များ ပန်းတော်မဆွတ်မီ ရောက်သွား၍သာ ရခဲ့တာ။ စလင်းစုဖုရား အဆောင်တော် ရောက်သွားတဲ့အခါလည်း။ ပန်းခုံတော်ထဲက မြတ်လေးပင်များမှာ နံနက်ပွင့်မယ့် အဖူးဆို ၍ တစ်ဖူးမျှ မကျန်ဘူး။ စုဖုရားက ညနေစောင်းတိုင်း ရွှေတကောင်းနှင့် သမ္ဗုန္ဓေ ပန်းတော် ရှစ်သောင်း ရေစက် သွန်းချ လှူဒါန်းတော်မူတဲ့အတွက် အပျိုတော်ကလေးများမှာ စောစော စီးစီးပင် ပန်းခုံတော် ထဲဆင်း၍ တစ်နေ့အဖို့ ပွင့်သမျှ ပန်းပွင့်, ပန်းဖူးတို့ကို သိမ်းကျုံး၍ ခူးရှာကြတယ် မောင်မောင်ရဲ့။ ဆင်ဖြူမရှင် မိဖုရားကြီး အဆောင်တော် ရောက်ပြန်တော့ လည်း ဆင်ဖြူမရှင်ဖုရားကို အထက်က တစ်ကြိမ် တစ်ခါ မျှ အခစား မ၀င်ဖူးသေးလေတော့ အလျှောက်အတောင်း မပြုဝံ့ပေဘူး။
အသနား ခံသည်တိုင်အောင်လည်း ရခဲ့မည် မဟုတ်ဘူး မောင်မောင်ရဲ့၊ မေဖုရား အပြန်မှာလည်း အဆောင်တော် နားက မြတ်လေးရုံ များကို ကြည့်ခဲ့ပါတယ်။ အပွင့်နှင့် အငုံရင့်များကို အပျိုတော်တွင် ခူးယူ သွားကြပြီ မောင်ရဲ့။ ဒါနှင့် စကားမစပ်မိလို့ ဆက်ပြောရဦးတော့မယ်။ ဆင်ဖြူမရှင်ဖုရား အဆောင်တော်သို့ အခစား ၀င်ရတာ မေဖုရား အလန့်သာ မောင်မောင်ရဲ့။ မောင်မောင် မိန့်ဖူးတဲ့အတိုင်း ယခုအခါ ဆင်ဖြူမရှင် ဖုရားမှာ အနောက်ပိုင်းတွင် သြဇာအာဏာ လွှမ်းမိုး၍ ဘုန်းတန်ခိုး တောက်တော်မူနေဆဲ ဖြစ်၍ တစ်ခါ တစ်ခေါက်မျှ ၀င်ရောက်ခစားခြင်း မပြုပြန်လျှင်လည်း မတော်သင့်ပေဘူး။ အခစား ၀င်ပြန်တော့လည်း စိတ်တော်နည်းနည်း ထက်တယ်ဆိုတဲ့ သတင်းနဲ့ အရှင်သခင်ချင်းလည်း အကြောင်း မသိကျတော့ မတော်တဆ အမှားအယွင်း များ ပါသွားလျှင် သူ၏စိတ်တော်တွင် အခန့်မသင့်ပါက အမျက်တော် ရာဇမာန်ရှမှာလည်း အကြောက် ရသားမို့ သွားသာသွားရတယ် စိတ်တထင့်ထင့်နဲ့ပဲ မောင်မောင်ရယ်၊ မောင်မောင့် မြတ်ပန်းလေး ကိစ္စ ကလည်း ရှိနေသေးတော့ ရောက်လို့မှ အဆောင် တော်ဝင် ပြီး ရှိဦးမတင်ဘူး ဆိုလျှင် မတော်တာနှင့် တစ်လက်စာတည်း အခစား ၀င်ခဲ့ရတော့တယ်"
ငယ်။    "နို့ ... ဖူးမြင် ကန်တော့ပန်းဆင်ရတော့ ဘယ်လိုများ ထူးခြားပါသေးလဲ မေဖုရားရဲ့ အထင်နဲ့ အလကား လန့်ကြောက်နေကြတာနှင့် တူပါတယ်။ သို့ကလောက်လည်း ဟုတ်မယ်မထင်ပါဘူး မေဖုရားရဲ့"
တော်။      "အဲလေ ... ရောက်တော့လည်း သို့ကလောက် ကြောက်စရာ မဟုတ်ပါဘူး၊ စိတ်သဘောတော် အလွန် ကောင်းပုံ ရပါတယ်။ မဟုတ်မခံ လမ်းမှန်မှန် သွားတော်မူပုံ လည်း ရပါတယ်။ သို့ရာတွင် ဘယ်သူမဆို ကိုယ့်ကိုယ်ထက်တော့ သူများအဖို့ကို မကြည့် နိုင်ကြဘူးပေါ့  မောင်မောင်ရဲ့။ မိန့်တော်မူပုံ အသံနေ အသံထားလည်း များစွာ သိမ်မွေ့ နူးညံ့တော်မူပါတယ်"
"မေဖုရား အခစားရောက်သွားတော့ တစ်ကြိမ်တစ်ခါမှ အခစား မလာဖူးတဲ့သူမို့လား မသိ၊ အတော်ကလေး ဂရုတစိုက် မေးမြန်း ပြောဆိုတော်မူလိုက်ပါတယ်။ မေဖုရားကလည်း နတ်ပြည်စံ အရှင်နန်းမတော်ဖုရားကြီး အဆောင်တော်မှာ မှန်နန်းပျိုတော်များနှင့် အတူ တကွ ၀င်ထွက် ခစားခဲ့ရဖူးတဲ့ မှန်နန်းတော်ကြီး အရိပ် အငွေ့ မကင်းသူတစ်ဦး ဖြစ်လေ တော့ ယခုလို မေဖုရား ၀င်ရောက်ခစားသည်ကို ဆင်ဖြူမရှင်ဖုရား၏ စိတ်တော် ထဲမှာ အတော်ကျေနပ်နှစ်သက်တော်မူလာပုံ ရပါတယ် မောင်မောင်ရဲ့"
ငယ်။     "သည့်နှယ်ဖြင့် မေဖုရားကို ဆင်ဖြူမရှင်ဖုရားက အရေးတယူ ကြည်ဖြူစွာ လက်ခံ လိုက်သည် ဆိုပါတော့"
တော်။     "ဟုတ်ပေသပေါ့ မောင်မောင်။ တေ့တေ့ဆိုင်ဆိုင် တွေ့မြင်ခစားရတဲ့ တစ်နေ့မှာ ယခင်က စိုးရိမ် ကြောက်ရွံ့ ခဲ့သလောက် မဟုတ်ပေဘူးဆိုတာ သိရပေပြီ။ 'မင်းလိုလိုက် မင်းကြိုက်'တဲ့ စကားလို  သူတို့ ဘုန်းတောက် သည့်အခါ အထိုက်အလျောက်ဆိုသလို ကိုယ့်ကို အပြစ်လွတ်အောင် နေထိုင်ခစားတတ်မှ တော်ရုံ ကျတယ် မောင်မောင်ရယ်။ 'မင်းခစား ကမ်းနားသစ်ပင်'တဲ့၊ မင်းနှင့် နီးစပ်လျှင် ပါးရတဲ့ မင်းမှုထမ်း ဆိုတာ ရှေ့နောက် မြော်မြင်နိုင်မှ မောင်ရဲ့။ ဒီတော့ အထွက်အ၀င် အခစား လွယ်ကူစေချင်ရင် ဆင်ဖြူမရှင် ဖုရား၏ အလိုတော်လိုက်၍ အကြိုက်ကို သိထားသည့်အခါ ယခုထက် ပိုမိုလွယ်ကူလာ စရာ ရှိပါတယ်"
ငယ်။      "ယခုလောက် အရိပ်အကဲ ခတ်မိလျှင်  နောင်ရေးအတွက် ထွက်ဝင်ခစားဖို့ တက်" ဆိုသလိုမို့ ကြုံရာကို အလိုက်အထိုက် ခစားရမယ့် ၀တ္တရားဟာ မောင်တို့၊ မေဖုရား တို့ရဲ့ မင်းခစားများ တာဝန်သာ ဖြစ်ပါ တော့တယ် မေဖုရား"
ယင်းသို့ မောင်မောင်ငယ်နှင့် ၀န်ကတော်ကြီးတို့ စကားပြောဟောနေကြစဉ် ခင်ခင်ကြီးမှာ မောင်မောင်ငယ်အနီးတွင် ပူးတွဲယှဉ်ကပ် ပွတ်သီးပွတ်သပ် ထိုင်လျက် မောင်မောင်ငယ်၏ ပေါင်ပေါ်သို့ တံတောင်ကလေး တစ်ဖက်နှင့် ထောက်မှီထားပြီး လူကြီးစကားပြောသည်ကို အပါးမှ ထိုင်နားထောင် နေရှာသော အကလေးငယ်ကလေးနှင့်မခြား အငေးသား နားထောင်နေရာမှ အတန်ကြာသော် ပျင်းရိ ငြီးငွေ့ လာသည် တစ်ကြောင်း၊ နေ့လယ်က ခရီးပန်းသဖြင့် ပင်ပန်းနွမ်းနယ်လာသည် တစ်ကြောင်း တို့ကြောင့် လက်ကလေးနှင့် ထောက်မှီထားသော မောင်မောင်ငယ်၏ ပေါင်ပေါ်တွင် ခေါင်းတင်ကာ အိပ်ပျော် သွားလေ ၏။
မောင်မောင်ငယ်ကား ခင်ခင်ကြီး ပခုံးကလေးတစ်ဖက်ကို အမှတ်မထင် လက်တင်ထား သော်လည်း ထိုအချိန် အခါ၌ ၀န်ကတော်ကြီးနှင့် စကားပြောရာတွင် အတော်ကလေး စိတ်ဝင်စားနေခိုင် ဖြစ်သော ကြောင့် ခင်ခင်ကြီးကို သတိမရ အမှတ်တမဲ့ နေမိရာ နောက်ဆုံးအချိန် စကားတစ်စ ပြတ်အသွားတင်မှ မိမိပေါင် ပေါ်တွင် ခေါင်းကလေးတင် လျက် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နေရှာသော ခင်ခင်ကြီးကို ရုတ်တရက် သွား၍မြင်လိုက်မှ။
"ဟင်း ... ခင်အကြီး အိပ်ပျော်နေရှာပြီ မေဖုရား၊ မောင်တို့ စကားကောင်းနေတာနှင့် ပျင်းရိ ငြီးငွေ့ပြီး အိပ်ပျော် သွားရှာတာနှင့် တူရဲ့"
ဆိုမှ ၀န်ကတော်ကြီးကလည်း ...
"အလိုကြည့်ပ၊ ခင်ကြီး အိပ်ပျော်နေပြီ။ မောင်မောင် ညောင်းနေရော့မယ်။ နန်းခုံကို ပွေ့၍ အိပ်ရာပေါ် တင်ပေးပစေ မောင်မောင်"
"အို ... နေပါစေ၊ အိပ်ရှာပါစေ၊  မေဖုရားရဲ့၊ မောင် မညောင်းပါဘူး၊ သူ့ခမျာ ခရီးပန်းလာ ရှာလို့ပါ၊ အိပ်ပျော်စ ကလေးမှာ လှုပ်ရှားလိုက်လျှင် နိုးသွားပြီး အိပ်ရေးပျက်နေတတ်ပါ တယ်"
"အင်း ... မောင်မောင်တော့လေ မောင်မောင့်နှမကလေးကို အိပ်ပျော်ရာမှပင် အလိုလိုက် တော့တယ်။ ခင်ခင်ကြီးကလည်း မောင်မောင်က အလိုလိုက်မှန်း သိလို့ထင့်။ မောင်မောင့် အပေါ်များဖြင့် အင်မတန် ဆိုးချင်နွဲ့ချင် ဟန် ရှိတယ်။ ကြည့်စမ်းပ ... သည်အရွယ်ရောက် သည်တိုင်အောင် သူ့ကိုယ်သူ အင်မတန် အငယ်ကလေးရှိသေးတယ် ထင်ပြီး ရင်ခွင်ထဲ ၀င်အိပ်ရှာတော့တယ် မောင်မောင်ရဲ့။ နည်းနည်းကလေးမှ မသိတတ် ရှာသေးဘူး"
"မှန်ပါတယ်။ ယခုလို ကလေးသဘောအတိုင်း နေရှာတာပဲ ကောင်းပါတယ် မေဖုရား။ မောင်ကလည်း ခင်အကြီးများဖြင့် အသက်ကလေး ကြီးလာသည်ဟုပင် မထင်နိုင်ဘဲ ကလေးငယ်ကလေးပဲလို့သာ အမြဲစိတ်မှာ စွဲမှတ်နေမိပါတယ်။ ထင်သည့်အတိုင်းလည်း နေ့လယ်က အင်းထဲမှာ ရေကူးပြီး မြူးထူးရှာ ပုံကလေးမှာ ဘာမှန်းမှ မသိတတ်သော ကလေးငယ်အတိုင်းပင် ရှိရာသေးတာကို တွေ့မြင်ရပါတယ်"
"အဲ ... မောင်မောင်ကလည်း သည်လို သဘောထားမှတော့ မေဖုရာူးလည်း မပြောတတ် တော့ပြီဘူး၊ သို့သော်လည်းလေ မေဖုရားမှာတော့ မောင်မောင်နှင့် ခင်ကြီး၊ ဒီသားနှင့် ဒီသမီး နှစ်ယောက်တည်းသာ ချစ်စရာ ခင်စရာ သံယောဇဉ်ကလေးများ ဖြစ်လေတော့ မောင်မောင်က နှမငယ်ကလေးကို ယခုလို ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနှင့် အစစ အရာရာ အလိုလိုက်နေတာ မြင်ရတဲ့အခါ နောင်ရေးအတွက် အင်မတန်မှ အားရ၀မ်းသာ ဖြစ်မိတယ်။ခင်အကြီးဟာ ဘာလိုလိုနှင့် အဆိုး၊ အတေ၊ အပေ၊ အနွဲ့မ ကလေးတစ် ယောက်  ဖြစ်မှန်းမသိ ဖြစ်နေတယ်မောင်မောင်ရဲ့။ဒီတော့နောင်ခါရေး တွေးလိုက်ပါလား ဆိုရင် သူ့ကိုအလိုလိုက်နိုင်တဲ့သူ၊ သူသည်းညည်း၊သူ့ဇွဲမျိုး၊ အနွဲ့အဆိုးကို ခံနိုင်မည့်သူမှ တွေ့ပါ့မလားလို့  တွေးပူ မိတယ်။သည်ကလေးမလေး ဤရွေ့ ဤမျှ ဆိုးတတ်နွဲ့တတ်နေ သညမှာလည်း မောင်မောင်သာလက်သည်တရားခံ ဖြစ်တော့တယ်။ သည်တော့ မောင်မောင်တင်တဲ့ စစ်ကဲကို မောင်မောင်ဆွဲလို့ မချနိုင်သည့်အတူတူ မောင်မောင်ခင်းတဲ့ ဇာတ်ကို မောင်မောင်သာ ၀င်ကစေရမှာပဲ။
ခင်ကြီဟာလည်း မောင်မောင်က သူ့အလိုလိုက်ပြီး အကြိုက်ကို ပြုနေမှန်းသိလို့လည်း ချစ်အားကိုးနှင့် နွဲ့ဆိုး ဆိုးမည့်သာ ဆိုးရှာတယ်၊ မောင်မောင့်ကို ချစ်လိုက်သည်မှာ တုန်လို့ နေရှာတယ် မောင်မောင်ရဲ့။ မေဖုရားက သူ့အကြောင်းသိလို၍ ကစားပြီး မောင့်မောင့်ကို ဘယ်သို့လား၊ ဘယ်ညာလားနှင့် ပြောလိုက်သည့်အခါ မေဖုရားမို့ ခုခုခံခံ မပြောဝံ့ရှာသည့် တိုင်အောင် မျက်နှာကလေးညိုညိုနှင့် ငိုမလို မဲ့၍ နေတတ်ရှာပါတယ်။ အတန်ကြာ မေ့သလောက် ရှိကာမှ မေဖုရားအနီးသို့ ပွတ်သီးပွတ်သပ်နှင့် လာ၍ချော့ပြီး မောင်မောင့် အတွက် ပြေရာပြေကြောင်း အကျိုးအကြောင်း တောင်းပန်ပါတော့တယ်။ တစ်ခါတစ်ရံများ မေဖုရားပြောမိသည့် စကားကိုပင် မေဖုရား အမှတ်မရတော့သည့် အချိန်အခါတိုင်အောင် သူ့မှာတော့ မမေ့သေးဘဲ တအုံးနွေးနွေးနှင့် စိတ်မအေးရှာလို့ထင့်၊ မောင်မောင့်ဘက်က လျှောက်လဲချက် လာ၍ ပေးကာမှ မေဖုရားဖြင့် ကိုယ့်စကားကိုယ် အတော် စဉ်းစား ယူလိုက်ရတယ်မောင်ရဲ့"
စီကာပတ်ကုံး ပြောပြနေသောအခါ မောင်မောင်ငယ်မှာ နဂိုက အချစ်မိုး အုံ့ဆိုင်း ညှို့မှိုင်း နေရာတွင် ၀န်ကတော်ကြီး ၏စကားက လှုံ့ဆော်ပေးသော မိုးသက်မုန်တိုင်းအလား အချစ် တည်းဟူသော မိုးရေများ ကို တားမနိုင် ဆီးမရ ဖြိုင်ဖြိုင်သွင်းရွာ၍ ချစေလေတော့၏။
ထို့ပြင်လည်း ၀န်ကတော်ကြီး ပြောနေသော စကားအရိပ်နိမိတ်များမှာ လူမမယ် ခင်ခင်ကြီး ကလေး၏ နောင်ရေးအတွက် မိမိလက်သို့ပင် ပုံအပ်ချင်သယောင် အဓိပ္ပာယ်ဆောင်နေပြန် လေရာ ဤအရေးနှင့် ပတ်သက်၍ ၀န်ကတော်ကြီး၏ စကားအလာကို ထောက်ရှုရခြင်း အားဖြင့် မိမိက စကားစရန်ပင်မလိုဘဲ အချိန်အခါ သင့်လျော်သော ကာလတွင် ရေကန် အသင့် ကြာအသင့်၊ ဗိမာန်အသင့် ဘုံအသင့် ဆိုသလို အလိုလိုဖြစ်လာရမည်ဟုသာ ၀မ်းမြောက်စွာ အတွေးပေါ်လာမိလေ၏။ သို့ကြောင့်လည်း ခင်ခင်ကြီးကို ချစ်ခင်ကြင်နာ သော အမူအရာနှင့် ချစ်သည့်အလျောက်ပင် အခါခပ်သိမ်း ကယုကယနှင့် ကြင်ကြင်နာနာ ရှေးကကဲ့သို့ အလိုလိုက်အကြိုက်ဆောင် အရေးပေးနေရုံမှတစ်ပါး မိမိတာဝန် အခြားမရှိ တော့ပြီဟု ပိုင်းဖြတ်ကာ ...
"မောင်ကလည်း ခင်အကြီးကို ဘယ်ပုံဘယ်နည်းဖြင့် ချစ်မိသည့်ဟုပင် အဆုံးထိအောင် မပြောနိုင်ပါ။ တစ်ခါတစ်ခါတော့လည်း ခင်အကြီးနှင့် မောင့်မှာ တစ်အူထုံ့ဆင်း၊ တကယ့် သွေးသားစပ်ကြသည့် မောင်နှမအရင်း မဖြစ်ရဘဲ တစ်မိတစ်ဝမ်းစီ ကွဲပြီးမှ မေဖုရားထံတွင် မောင်နှမလာ၍ တော်ရပြန်သည်ကို ၀မ်းနည်း လိုက်မိပါသေးသည် မေဖုရား"
ပြောဆိုကာ အိပ်ပျော်နေရှာသော ခင်အကြီး၏ နဖူးဆံစကလေးများကို အသာအယာ ယုယကြင်နာစွာ သိမ်းဆည်းသပ်ရပ်ပေးနေမိလေ၏။ တစ်ခါတစ်ခါလည်း အပြစ်မဲ့သော ကလေးငယ်ပမာ လောကကြီး အရေးကို ဘာမျှ မတွေးတတ်၊ မသိတတ်ရှာသေးသော ခင်ခင်ကြီး၏ အတွင်းချော အပြင်ချော စင်းလုံးပြည့် ချောမောသန့်ရှင်းနေရာသော မျက်နှာ ၀ါဝင်းဝင်းကလေးကို တစိမ့်စိမ်ကြည့်ကာ မရိုးမဖြောင့် အမှောင့် ပယောဂ ၀င်နေသော မိမိစိတ်ထားကြောင့် ကိုယ်စောင့်နတ်များကိုပင် ရှက်ကြောက်မိတော့ကာ အသည်း နှလုံး အတွင်း၌ တဖြန်းဖြန်း ကြက်သီးထ၍ လာမိလေ၏။
"အင်း ... ငါ မတရားစိတ်တွေ ပွားများလှချေရဲ့နော်၊ သြော် ... ခင်အကြီး၊ ခင်အကြီး၊ တစ်ခါတစ်ခါ ဖြူစင်ဝါ၀င်း အပြစ်ကင်းတဲ့ ခင်အကြီးရဲ့ မျက်နှာကလေးဟာ အစ်ကိုရဲ့ ညစ်နွမ်းနောက်ကျိတဲ့ စိတ်ထားတွေကို တရားပြပြီး ဆုံးမနေသလိုပါပဲကလား ခင်အကြီး ရယ်။ အစ်ကိုဟာ ခင်အကြီးအပေါ်တွင် တိတ်တိတ်ခိုး အုံ့ပုန်းတရားပျက်နေပြီ။ ခင်အကြီး သည် အကြောင်းတွေ သိလျှင် အစ်ကို့ကိုမှ ချစ်မှ ချစ်ချင်ပါတော့မလား"
တရားနှလုံးသွင်းသလိုလို၊ သံဝေဂရသလိုလို၊ ခင်ခင်ကြီးကလေးကို တစ်ဖက်သတ် သနား နေမိသလိုလို၊ ထိုထို ဤဤနှင့် မတည်မကြည် မငြိမ်မသက် စိတ်ကယောက်ကယက် ဖြစ်နေရှာမိလေ၏။
ဝန်ကတော်ကြီးကား အတွေးအခေါ် အစဉ်းအစားများနေသော မောင်မောင်ငယ်က တစ်ချက်တစ်ချက် ငြိမ်သက်စွာ နှင့် စကားဖြတ်ထားသည်ကိုပင် ညောင်းညာထင်သော ကြောင့်။
"ကိုင်း ... မောင်မောင်၊ မောင်မောင် ညောင်းညာလှရော့မည်၊ ခင်ကြီးကို သူ့အိပ်ရာ ခန်းဆီ သို့ နှိုး၍ ပို့ပါစေတော့လား၊ ညဥ့်လည်းနက်ပါပြီ"
ဆိုကာ ၀န်ကတော်ကြီးကိုယ်တိုင် ခင်ခင်ကြီး၏ ပခုံးကလေးကို ကိုင်၍ နှိုးတော့မည်ပြုလျှင် မောင်မောင်ငယ် မှာ ကပျာကယာ ကာဆီးလျက်။
"အို ... နေပါစေ မေဖုရားရဲ့၊ မနှိုးပါနဲ့၊ မောင် မညောင်းပါဘူး"
"မောင်မောင် မေဖုရားကို သူ့နှမကလေးအတွက်နှင့် မုသားသုံးပြီး ထင်သည်။ အချိန် ကြာရှည်လှပြီ မောင်မောင်ရဲ့။ မောင်မောင်က မညောင်းပါဘူးဆိုသည်တိုင်အောင် မေဖုရား မယုံကြည်နိုင်ပါဘူး၊ နှိုးပါရ စေတော့"
ထပ်ခါထပ်ခါ ပြောနေသောကြောင့် မောင်မောင်ငယ်မှာ မနေသာတော့ဘဲ။
"ကဲ ... ဒါဖြင့်လည်း ခင်အကြီး မနိုးအောင် မောင်ကိုယ်တိုင် ပွေ့ချီ၍ သွားသိပ်ပါမည်။ နိုးအောင်ဖြင့် နှိုးတော်မမူပါနှင့် မေဖုရား"
ဆိုကာ မိမိပေါင်ပေါ်တွင် ကလေးပမာ နှစ်ခြိုက်စွာနှင့် အပူအပင်မရှိ အိပ်နေရှာသော ခင်ခင်ကြီးကို ယုယကြင်နာစွာနှင့် အသာအယာ ပွေ့ချီပြီး ခင်ခင်ကြီး အိပ်ရာရှိသော အခန်းထဲသို့ ယူသွားသည်တွင် မလှမ်းမကမ်းက စောင့်စားနေသော နန်းခုံလည်း ခင်ခင်ကြီးကို ညဥ့်လွှာရုံ ထွေးခြုံပေးရန် မောင်မောင်ငယ် နောက်ပါးမှ တစ်ဖ၀ါးမကွာ လိုက်ပါသွားလေ၏။
မောင်မောင်ငယ်လည်း ခင်ခင်ကြီးကို စက်မွေ့ရာတွင် အသာတင်၍ သိပ်ပြီး စိမ်းစိမ်းလဲ့လဲ့ ကြည့်ကာ အပြင်သို့ ပြန်ထွက်လာခဲ့သည်တွင် ညညီလာခံစဲသဖြင့် ဒိုင်းဝန်မင်း ပြန်ရောက် လာသည့်အတွက် အတွင်းတော်က ကိစ္စများကို သားအမိသုံးဖော် အကျိုးအကြောင်း စကားဆက်ကြရပြန်လေ၏။
ဒိုင်းဝန်မင်းမှာ ခေါင်းပေါင်းဖြူ ဖော့လုံးနှင့် ပုဆိုးရှည်ကြီးကို ဖြုတ်ကာ တရုတ်အင်္ကျီ ရင်ဖုံး နှင့် နံငယ်ပိုင်းကို လဲလှယ်လျက် သင်ဖြူးချော်၏ ခေါင်းရင်းဘတ်တွင် ထိုင်ပြီး။
"၀န်ကတော်ကြီးရေ ... ဘုန်းတော်ကြီးလှသော ဘုရားဖြင့် သားတော်ကြီးများအတွက် ရှေ့ရေးခက်တော်မူပုံပဲ။ ယနေ့ ညီလာခံမှာ သားတော်များနှင့် ပတ်သက်၍ အတော်အရေး ကြီးတဲ့ ကိစ္စများကို တိုင်ပင်တော်မူတယ်"
တော်။     "သြော် ... ဟုတ်ကဲ့လား ၀န်မင်းရဲ့။ ယခုတိုင်ပင်တဲ့ ကိစ္စများဟာဖြင့် အတော် ထူးခြားပေလိမ့်မယ်။ ဘယ်သားတော်များ အရေးကိစ္စပါလဲ ခင်ကြီးတို့ ဘဘရဲ့"
ဝန်။    "သားတော်ကြီးများအတွက်ပေါ့ ၀န်ကတော်၊ ကျုပ်တို့ ဘ၀ရှင်မင်းတရားကြီး ဘုရားမှာ သားတော်ငယ်များ အရေးထက် သားတော်ကြီးများ အရေးက အတော်ကြီးလေး တော်မူနေရှာတယ်"
ငယ်။     "ဒီကိစ္စထဲမှာယ မောင်တို့ သီပေါကိုယ်တော်ကလေးများတော့ ပါမထင်ပါဘူး ဘဘ ဘုရားရဲ့"
ဝန်။       "ဟာ ... မောင်မောင်ငယ်တို့ မင်းသားကလေးမပြောထားနှင့် မင်းသားလတ်များ တောင် သည်အရေးမှာ ထည့်၍ မတွေးကြပါဘူး မောင်ရယ်၊ ဒါနှင့် အတွင်းတော်က စကား ဆိုတာ အပြင်ကို ပေါက်ကြားရမြဲ မဟုတ်ဘူးနော်။ ငါ့သားက မင်းသားတစ်ဦး၏ အမှုတော် ထမ်း ဖြစ်နေတော့ သတိပေးရတယ်။ သည်ကဲ့သို့ အတွင်းရေးများကို မောင်မောင်တို့ သီပေါစံအိမ်တော်သို့ ဆောင်ကြဉ်မသွားပါလေနှင့်ကွယ်"
ငယ်။    "စိုးရိမ်တော်မမူပါနှင့် ဘဘဘုရား။ သည်အရေးမျိုးကို မောင် နားလည်ပါတယ်"
ဝန်။      "အကြောင်းက သည်လိုကွဲ့၊ အမည်ကို မဖော်သော်လည်း အရိပ်ပြလျှင် အကောင်း ထင်နိုင်ကြပါလိမ့်မယ်လေ။ ယခုရှိတဲ့ သားတော်ကြီးတွေထဲမှာ ဗိုလ်စွဲနေတဲ့ သားတော်ကြီး သုံးပါး ရှိတယ်"
"ထီးမွေးနန်းလျာ ဆိုလို့လည်း ယနေ့အထိ တစ်ဦးတစ်ယောက်ကိုမျှ လျာထားပြီးမရှိ၊ နတ်ပြည်စံ မိဖုရားခေါင်းကြီး ဖုရားကလည်း သားတော် သမီးတော် မထွန်းကားလေတော့ ယခုရှိကြတဲ့ သားတော်များ အနက်က အပြိုင်အဆိုင် ဖြစ်ကြတဲ့ သားတော်ကြီး သုံးလေးပါး မှ တစ်ပါးဘုန်းတော်ကြီးလှသော ဘုရား၏ ထီးမွေနန်းမွေများ အနည်းဆုံး ခံစားတော်မူနိုင် ရန် မရှိကြ ဘူးဆိုတာ အားလုံးအသိပဲ မဟုတ်လား။ အဲသည်လို အနည်းဆုံး ဆက်ခံထိုက် တဲ့ သားတော်များကလည်း တစ်ပါးမက သုံးလေးပါး ဖြစ်နေပြန်တော့ ဘယ်သူ့ကို သီးသန့် ရွေးပြီး နန်းမွေပေး ထိုက်တယ်ဆိုတာ ဝေခွဲတော် မမူနိုင်ရှာဘူး။ နို့ပြီးတော့ ဘ၀ရှင်ဘုရား၏ ရွှေစိတ်တော်မှာလည်း အဲသည် သားတော်ကြီး သုံးလေးပါးကို ညီတူညီမျှ ချစ်ခင်အား ထားတော်မူထားပြန်တော့ ဘယ်သားတော်ကိုမျှ ရွေးချယ်တော် မမူနိုင်ဘဲ ရှိတဲ့အပြင် အကယ်၍ တစ်ပါးပါးကို ရွေးချယ် ကန့်သတ်လိုက်ပြန်ပါလျှင် ကျန်တဲ့သားတော်များက အမှန်ပင် စိတ်ညှို့ကွက်သွားပြီး ခမည်းတော်ဘုရားကို ဂတိလိုက်စားသည်ဟု စွပ်စွဲခံတော် မူရတော့မယ်"
"အဲသည်လို စွပ်စွဲခံတော်မူရပြီး သားတော်များက အာဃာတထား၍ ရှေ့ဆောင်လမ်းပြ ရှိထားသော မြင်ကွန်း မြင်းခုံတိုင် မင်းသားများအလား ပုန်ကန်ခြင်းနားကြပါလျှင် ပြည်ရွာ စနောင့်စနင်းဖြစ်မှာလည်း စိုးရိမ်တော်မူမိပြန်လေတယ်။ အထူးပြုတဲ့ ကိစ္စတစ်ချက်မှာ လည်း ဘ၀ရှင်မင်းတရားကြီးဘုရားဟာ ဘယ်သို့သော ကိစ္စခြင်းရာမဆို ရွှေဥာဏ်တော်နှင့် မျှော်ခေါ်စဉ်းစားတော်မူတတ်တဲ့အလေ့ ရှေ့နောက် ချင့်ချိန်တော်မူနိုင်တဲ့ ၀ါသနာ ရှိတော် မူတဲ့အတိုင်း သည်ကိစ္စမှာလည်း မှူးတော် မတ်တော်ကြီးများကို နှီးနှောတိုင်ပင်တော်မူပြီး အတိုင်ပင်ခံ အမတ်ကြီးများရဲ့ လိုလားချက်, ထောက်ခံချက်ကိုလည်း သိတော်မူတဲ့ အတွက် ယနေ့ည ညီလာခံမှာ စုံစမ်းတော်မူတာပဲ ၀န်ကတော်ကြီးရဲ့"
"ဘုန်းတော်ကြီးလှသောဘုရား အဲဒီလိုလည်း စုံစမ်းတော်မူလိုက်ပါရော တစ်ခါတည်း ဘာမှ မပြောနဲ့ ၀ိုင်းတည့်၍ လျှောက်တင်လိုက်ကြသည်မှာ လက်မလည်နိုင်အောင် ဖြစ်သွားတော့ တာပဲ"
"တချို့ကလည်း မက္ခရာမင်းသားကြီးကို ကြိုက်ညီကြတဲ့အတွက် မင်းသားကြီးရဲ့ သတ္တိ ဗျတ္တိ ဂုဏ်အရည်အချင်းများကို အားပါးတရ လျှောက်တင် ထောက်ခံကြတယ်။ အချို့က တော့လည်း သုံးဆယ်မင်းသားကို အားရပါးရ ချီးမွမ်းညွှန်ပြတယ်။ အချို့ကလည်း ညောင်ရမ်းမင်းသားအတွက် ထီးနန်းအမွေ ဆက်ခံထိုက်ကြောင်း လျှောက်တင်ကြတယ်။
"အချိုကတော့လည်း ကိုယ့်ဆိုင်ရာဆိုင်ရာ လိုလားတဲ့ မင်းသားများကို ရွှန်းရွှန်းဝေအောင် ဂုဏ်အရည်အချင်းတွေ လျှောက်လိုက်ကြသပေါ့။ ခေါ်သန္တီမင်းသား၊ ငရနဲမင်းသား၊ မိုင်းရင်းမင်းသား၊ ပင်လယ်မင်းသား၊ ရနောင်မင်းသား၊ မိုင်းတုန်မင်းသာ၊ ရွှေဂူမင်းသား၊ တောင်ညိုမင်းသား၊ မိုးလှိုင်မင်းသား၊ ကသာမင်းသား၊ သာဂရမင်းသား၊ ညောင်အုပ် မင်းသား စုံလို့သွားပါရော။ အချို့ကလည်း နတ်ရွာစံ အိမ်ရှေ့ဘုရားသားတော်၊ ထန်းတပင် မင်းသားတို့၊ မလွန်မင်းသားတို့ကို ခမည်းတော်အရိုက်ရာ ဆက်ခံသင့်တယ်ဆိုပြီး လိုသလို လျှောက်ထား သံတော်ဦးတင်ကြတယ်"
"အဲသည်လို သူတစ်မျိုး၊ ငါတစ်ဖုံ ၀ိုင်းဝန်းပြီး သံတော်ဦးတင်လိုက်ကြတော့ နဂိုကမှ စိတ်တော်ဝေခွဲမရနိုင်တဲ့ ရွှေနန်းရှင်ဘုရားမှာ သာ၍ စိတ်ရှုပ်ထွေးတော်မူသွား ထင်ပါရဲ့ ၀န်ကတော်ရယ်"
"ကဲ ... ကဲ တော်ကြ၊ တော်ကြ။ မောင်မင်းတို့စကားတွေဟာ မိုးမဆုံး မြေမဆုံး ဘယ်တော့ မှ ဆုံးတော့မယ်မဟုတ်ဘူး။ သားတော်တွေ ရှိသလောက် မကုန်မချင်း စာရင်းနှင့် လျှောက် နေကြလျှင် ဒီရာဇ၀င်မဆုံးဘူး မောင်မင်းတို့။ မောင်မင်းတို့ကို တိုင်ပင်တော်မူမှ သာလို့ ရွှေစိတ်တော် ပွေရပြန်တယ်။ သည့်လောက်များပြားတဲ့ သားတော်တွေထဲမှ ရွေးထုတ်ထား တဲ့ သားတော်ကြီးမျာကိုပင် ဘယ်သူမျှ ခေါင်းကောက်၍ မရွေးတတ်ရသည့်အပေါ်မှာ မြို့စား၊ နယ်စား၊ ဘုရင်ခ့အရာ ထားရမည့် သားတော်ငယ်များကိုပါ ပြည်လည်ထည့်သွင်း စဉ်းစားနိုင်တော့မည် မဟုတ်ဘူး မောင်မင်းတို့ရဲ့"
စိတ်ပျက်တော်မူသံကြီးနှင့် ညည်းညူတော်မူလိုက်တော့မှ စောစောက အာပေါင်အာရင်း သန်သန်နှင့် စကားတန်ရှည်နေသည့် လူကျယ်တစ်စုဟာ တစ်ခါတည်း ငြိမ်ဝပ်သွားကြပါ တော့တယ်။
တော်။      "ဒီအရေးကလည်း တဖြည်းဖြည်းနှင့် ရှုပ်ထွေးသည်ထက် ရှုပ်ထွေးလာတော့မှာ ထင်ပါရဲ့၊ ခင်ကြီးတို့ ဘဘရယ်။ အနို့ ... နောက်ဆုံး ဘယ်လိုများ ... "
ဝန်။        "ဘိုးတော်ဘုရားရဲ့ မင်းကွန်းပုထိုးတော်ကြီး အပြီးမသတ်နိုင်သလို သည်အရေး ကို အဆုံးမသတ်နိုင် ဖြစ်သွားပြန်တာပဲ၊ သို့သော်လည်း ဘ၀ရှင်ဘုရား ရွှေစိတ်တော်အကဲ ခတ်ရသဖြင့် အဲသည် သားတော်ကြီး သုံးပါးအနက်က (......) ကို အတော်ကလေး ကျေနပ်တော်မူပုံ ရတယ် ၀န်ကတော်ရဲ့"
မင်းသား၏ အမည်ကို ၀န်ကတော်ကြီးနှင့် မောင်မောင်ငယ်တို့ နှစ်ဦးသား ကြားလောက်ရုံ လေသံနှိမ့်၍ ပြောလိုက်လေ၏။ ၀န်ကတော်ကြီးမှာ အနည်းငယ် အံ့အားသင့်သလို ဖြစ် သွားပြီးမှ ...
"အလို ... ဒါဖြင့် ဟိုကိုယ်တော်လည်း ဆတ်ဆတ်ကြဲ၊ အင်အားကလည်း မနည်းလှဘူး၊ ခင်ကြီးတို့ ဘဘရဲ့"
ပြန်ပြောမိရာ ၀န်မင်းမှာလည်း စိတ်ရှုပ်သလိုနှင့် ...
"အို ... ၀န်ကတော်ရယ်၊ တွေးလေတွေးလေ နောင်ရေးမအေးစရာတွေ ပေါ်လေပါပဲ။ ဒီမင်းသားကြီး သုံးပါးဟာ သတ္တိဂုဏ်၊ ဗျတ္တိဂုဏ်၊ ပညာဂုဏ်နှင့်လည်း အင်အားက ညီလျက် ရှိလေတော့ တစ်ယောက်တက်လျှင် နှစ်ယောက်က ဖျက်မည် အမှန်ပဲ။ ဒါကြောင့် လည်း ဘ၀ရှင်ဘုရားက မိမိအလိုတော်ကို ထုတ်ဖော်ခြင်း မပြုသေးဘဲ စကားနည်း ရန်စဲ လုပ်တော်မူနေတာပေါ့။ နို့ပြီးတော့ အနာက်ပိုင်းကလည်း ဆင်ဖြူမရှင်မိဖုရားကြီးက တစ်စခန်းထနေပြန်ပြီလို့ အတွင်းစကား သဲ့သဲ့ကြားရပြန်သည် ၀န်ကတော်ရဲ့"
စကားဦး လှည့်သွားပြန်သည်တွင် မောင်မောင်ငယ်က တစ်လှည့်ဝင်၍ အံ့သြသော အမူ အရာနှင့် ...
"အလို ... ဆင်ဖြူမရှင်မိဖုရားကြီးက ဘယ်နည်းဘယ်ပုံ တစ်စခန်း ထတော်မူပြန်သတဲ့တုန်း ဘဘဘုရားရဲ့"
ဝန်။        "သည်မိဖုရားကြီးဟာ ယခုအခါမှာဆိုတော့ ရှိသမျှ မိဖုရားတွေထဲတွင် အဆင့် အတန်းက လည်းရင့်၊ သြဇာအာဏာကလည်း ကြီးမြင့်နေတဲ့ အခိုက်အခါ လောက်လောက် လားလား သားယောက်ျား ရယ်လို့လည်း မထွန်းကားဘဲ သမီးတော်သုံးပါးသာ ရှိလေတော့ မိမိတစ်ဦးတည်း အထွပ်အထိပ်ရောက်သည့် တိုင်အောင် နောင်အရှည်သဖြင့် သမီးတော် များအတွက် မျက်နှာမငယ်ရအောင် စီမံဖန်တီးရန် အတွက်များ ဖြစ်နေမလား မသိနိုင်ဘူး။ ဦးကောက်တို့၊ ဦးဘိုးတို့ တစ်တွေနှင့် အတော် ရင်းရင်း နှီးနှီး အဆက်အသွယ်ပြုပြီး အစေ အပါးများ အ၀င်အထွက် အင်မတန် များနေသည်လို့ ကြားရ တယ် မောင်မောင်ရဲ့။ ဘယ်လို အရေးကိစ္စရယ်လို့ အကဲမခတ်နိုင်သော်လည်း အကြံအစည်တစ်စုံတစ်ခုနှင့် ပတ်သက်ပြီး အဆက်အသွယ် ရှိနေတယ်လို့ တွေးနေကြရတာပဲ။ ဘဘထင်သလို သမီးတော်သုံးပါး အတွက် ဖြစ်ပါလိမ့်မယ်။ သူကိုယ်တိုင်အတွက်လည်း ရှေ့သည့်ထက် အတန်းတက်စရာ မရှိဘူး မဟုတ်လား မောင်မောင်ရဲ့။ သည်တော့ သူ၏သမီးတော်များအတွက်သာ ဖြစ်မည် ဆိုတာ ဘဘဘုရား အတတ် တွေးမိသည်"
ငယ်။      "မှန်လှပါတော့သည်။ ယခုအခြေအနေအတိုင်းသာ ဆိုပါလျှင် ဘဘဘုရား စောစောက မိန့်တော်မူသွားသလို ဘ၀ရှင်မင်းတရားကြီးဘုရားက ဘယ်သားတော်ကိုမျှ ယခုထက်တိုင် ထီးမွေနန်းမွေကို ရည်ညွန်းတော် မူချက် မရှိသေးတဲ့အတွက် မင်းတရားကြီး ဘုရား သက်တော်ထင်ရှား ရှိတော်မမူတဲ့ တစ်နေ့မှာ ရွှေနန်းတော်ကြီးတစ်ခုလုံး မီးဟုန်း ဟုန်းတောက်ပြီး သားတော်ကြီးတွေ နန်းလုပွဲခင်း၍ သူတစ်မင်း ငါတစ်မင်းနှင့် စစ်အင် ကျင်းနေကြတဲ့အခါ ဘေးက၀င်လာမည့် အပြင်အပ ရန်သူ့လက်သို့ ပါ၍ဖြစ်စေ၊ သားတော် အချင်းချင်းမှ နိုင်ရာစား နိုင်သူလက်သို့  ရောက်၍ဖြစ်စေ သည်မီး ငြိမ်းအေးမည် မှန်ပါ တယ်။ သို့အတွက် အရာရာက စိတ်ချလောက်အောင် မိမိတို့အင်အား တောင့်တင်းအောင် နောင်ရေးအတွက် ပြုပြင်စီမံထားနိုင်ခြင်းက သင့်လျော်ပါတယ် ဘဘဘုရား။ သူတို့မှာ ထီးရှင် နန်းရှင်တွေဖြစ်၍ မောင်တို့၊ ဘဘတို့ထက် ရန်သူဝိုင်းလျက် ရှိပါသည်။ အင်မတန် ရင်းတဲ့ သွေးသားချင်း ဖြစ်ပေမယ့်  ရန်သူကဲ့သို့ ဓားတ၀ဲဝဲ လည်ပင်းတကဲကဲနှင့် နေကြ ရှာပါတယ်။ မောင်တို့ မင်းခစား ကျေးကျွန်အမှုထမ်းများကမှ ဆွေရယ်၊ မျိုးရယ်၊ သွေးသား ရင်းချာချင်းရယ်လို့ စိတ်မ်းချချနှင့် ချစ်ခင်စွာ နေထိုင်နေတဲ့ သတ္တိရှိကြသေးတယ် ဘဘ ဘုရား။ သို့အတွက်ကြောင့် သူ့ခမျာများလည်း နောင်ခါ နောင်ရေးကို ကြိုကြိုတင်တင် စီမံ ကြခြင်း ဖြစ်ပါလိမ့်မယ်။
ဝန်။     "အင်း ... မောင်မောင် ပြောသလိုလည်း မှန်ပါရဲ့လေ၊ ယခုနေအခါဆိုတော့ အချိန် ရှိခိုက် လုံ့လစိုက်ရမှာပလေ။ သို့ပေတဲ့ အဲဒီလို ကိုယ့်အရေးအတွက် ကြံစည်တဲ့ အစီအမံ ထဲမှာ သူတစ်ထူးမှာ ဒုက္ခရောက်ဖို့၊ ထိခိုက်ဖို့၊ အကျိုးယုတ်ဖို့ မပါပါစေနဲ့ ဆိုတာ ဆုတောင်းရတော့မှာပဲ"
တော်။     "သြော် ... သူ့ဘာသာသူ ကြံစည်ပြုပြင်တော်မူပါတဲ့ဟာကို ခင်ကြီးတို့ ဘဘက ဘာကြောင့် 'သူများ တကာအတွက် င၀က်ကပူ' ဆိုတာလို ပူစောင့်ပန်းပင်နဲပ စပ်ကြားက ၀င်၍ ဆုတောင်း ချင်ရပါသတုံးလို့"
ဝန်။     "ကျုပ်တို့ ၀န်ကတော်က တစ်မြင်ကလေးကြည့် မပြောနဲ့နော်။ တစ်မျှော်တစ်ခေါ် ကြည့်၍ ပြောမှပ။ ဒီမိဖုရားကြီးဟာ နတ်ရွာစံလွန်တော်မူသွားတဲ့ စကြာဒေ၀ီရှင် မိဖုရား ခေါင်ကြီး မဟုတ်ဘူးဗျ။ ရတနာပူရ စတုတ္ထနန်းစံ ဘကြီးတော်ဘုရားကို ဒိုးကလေးကဲ့သို့ မွှေ့ယမ်းကစားသွားတဲ့ နန်းမတော်မယ်နုဆိုတဲ့ မိဖုရားကြီး၏ရင်သွေး တစ်ဦးတည်းသော သမီးတော်ဗျ။ သည်တော့ 'ဘအမျိုး ဘိုးတူ' ဆိုသလို ကိုယ်ကျိုးသက်သက်လောက် ကြည့် ပြီး တစ်ဖက်သား လားလားမှ မထောက်ဘဲ ဈေးကြောင်းပေါက် စီမံခဲ့သော် မခက်ပါလား ၀န်ကတော်ရဲ့"
တော်။      "ဘုန်းတ်ာကြီးလှသော ဘ၀ရှင်ဘုရား ရွှေလက်ထက်တော်မှာတော့ ကမောက် ကမ ဖြစ်နိုင်ကြဖို့ မရှိပါဘူး၊ ခင်ကြီးတို့ ဘဘရဲ့"
ဝန်။       "အနို့ ... ကျုပ်ကလည်း ဘုန်းတော်ကြီးလှသော ဘ၀ရှင်မင်းတရားကြီးဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ် ဖြစ်လိမ့်မယ်လို့မှ မပြောပါဘဲကလား ၀န်ကတော်ကြီးရဲ့။ ရွှေမျက်နှာတော် လွှဲတဲ့အခါကို ရည်ရော်ပြီး ပြောခြင်းပါကလား"
တော်။       "အဲသည်အခါမှာလည်း ဆင်ဖြူမရှင်မိဖုရားကြီး တစ်ပါးတည်းရဲ့ သဘောတော် အတိုင်း ပြုပြင် တော်မူနိုင်မည် မထင်ပါနှင့်။ ဘုန်းနှင့် ကံနှင့် သတ္တိဗျတ္တိနှင့် ပြည့်စုံတဲ့ သားတော်ကြီး သုံးလေးပါးက အလကား ငြိမ်၍နေမည်လား ခင်ကြီးတို့ ဘဘရဲ့"
ဝန်။       "အင်းလေ ... သည်လိုအရေးတွေကို ဆင်ဖြူမရှင်မိဖုရားကြီးက ပြေးကြည့်သည် ထက် ပို၍ မြင်တော်မူပြီးဖြစ်လို့ ယခုက စ၍ ကြံလို့ဖန်လို့နေပြီ။ နောင်ခါ ဘယ်နည်းဘယ်ပုံ စခန်းစဉ်ထွက် လာမည်ဟုသာ မပြောနိုင်သေးတာကိုး။ ကိုဘိုးတို့၊ ဦးကောက်တို့နဲ့ အတော် ပလဲနံပ သင့်နေတယ်။ မုချ အတွင်းရေး အကြံ တစ်ခုခုကို တိုင်ပင်ကြခြင်း ဖြစ်မှာပဲ ၀န်ကတော်ရဲ့"
ငယ်။      "ယခုကြားရသည့်အတိုင်း ဆိုပါလျှင် ဘဘဘုရား မိန့်တော်မူသည့်အတိုင်းလည်း အခြားသော် သားတော်ကြီးများ အခံရှိတော်မူသေးသဖြင့် ထိုသားတော်ကြီးများက မသင့် သော အကြံဆိုလျှင် အမှန်ပင် ကန့်ကွက် တိုက်ဖျက်တော်မူကြပါလိမ့်မယ်။ သည်အရေး ထဲမှာ မောင်တို့သခင် သီပေါကိုယ်တော်ကလေးတော့ နဂိုကလည်း ခပ်အေးအေးမို့ ဘေးမရှိ ရန်မခဘဲ ကြားထဲက အနေချောင်ကောင်းပါရဲ့။ နောက်တစ်ချက်မှာလည်း သမီးတော် စုဖုရားလတ်နှင့် ဆက်သွယ်တော် မူထားတဲ့အတွက် မျှော်လင့်ဖွယ် အချက် ကလေးများ ရှိကောင်းရှိမယ်လား မပြောတတ် ပါဘူး ဘဘဘုရား။ မောင်တို့မှာတော့ "အရှင်မြင့်၊ ကျွန်တင့်" ဆိုတဲ့ စကားလို ကိုယ့်အရှင်သခင် ကြီးပွား ပါစေဆိုတာ အမြဲ ဆုတောင်းလျက် နေရတော့တာပါပဲ"
ဝန်။       "သြော် ... မောင်မောင်တို့ကလည်း ကိုယ့်သခင် ဖြစ်နေတော့ ကြီးပွားစေချင် ပေမှာပ။ သို့သော် ဘဘဘုရား တော့ဖြင့် သည်မင်းသားကလေးက ငယ်ငယ်ရွယ်ရွယ် ဖြစ်နေသေးတာ တစ်ကြောင်း၊ စိတ်သဘော တော်ကလည်း အင်မတန် နူးညံ့ပျော့ပျောင်း၍ စာပေပိဋကတ်ကို တစ်ဖက်ကမ်းခပ် တတ်မြောက် တော်မူရှာတဲ့ ဂုဏ်တစ်ခုကို အကြောင်း ပြုပြီး တ်စနည်းတစ်လမ်းတော့ ကြီးပွား ထွန်းကား စရာ လမ်းရှိပါရဲ့။ သိုပေမဲ့ မြွေပွေး၊ မြွေဟောက်တွေနေတဲ့ တောထဲမှာ မြက်လျှောကလေး မစွာနိုင်ရှာသလို ဖြစ်နေတယ် မောင်မောင်ရဲ့"
ငယ်။      "ဒါလည်း မှန်ပါတယ် ဘဘဖုရား၊ သို့ရာတွင် ရွှေကိုယ်တော်ဖျား၏ ဘုန်းကံပါရမီ က ရှိပါသေးတယ်။ တိတ်နိမိတ်များကလည်း အတော်ပဲ ထူးခြားလျက် ရှိပါတယ်။ ဟိုတစ်လောဆီက သီပေါ ကိုယ်တော်၏ ဇာတာတော်ကို ကျီးငှက်တစ်ကောင်က ကိုက်ချီသွားပြီး ရွှေနန်းတော် ထုပိကာကြားမှာ ပျံသန်းနေပါတယ်။ ဒိကိစ္စဟာ အံ့သြဖွယ်သရဲ ထူးကဲတဲ့နိမိတ်တော်ပဲ။ အနို့ ... ပြီးတော့ သီပေါကိုယ်တော် ကလေး ပွဲတော်တည်ရန် မယ်တော်ဆောင်က ပို့လိုက်သည့် မုန်လာချဉ်ဖက် အိုးအတွင်းက မုန်လာချဉ် များဟာ လတ်လတ်ဆတ်ဆတ် အတက်အလက် အခက်အညှေက်တွေပေါက်လို့ နေပါတယ်"
ဝန်။      "အလို ... ဟုတ်ကဲ့လာ၊ အင်း ... အင်း သည်အတိုင်းမှန်လျှင်တော့ အတန်ပင် ကံထမ်းလာတာကို မမြင်ရဘူးဆို မဟုတ်လား။ ပုဂံရာဇ၀င်မှာ ဘာမျှ ထီးငွေ့နန်းငွေ့ မစပ်မဆက်ဘဲ ဆင်းရဲသားစင်စစ် တောင်သူကြီးအဖြစ်က ဘုရင်ဖြစ်လာရတဲ့ တောင်သူကြီးမင်း တို့လည်း ဘယ်တုံးအခါကမှ မျှော်လင့်ချက် မရှိခဲ့ပါဘဲ ဘွားခနဲ ထီးနန်းစည်းစိမ် ရရှိခဲ့ဖူး တယ်။ တစ်ဖန် ကွမ်းဆော်မင်း ဆိုတာမှာလည်း အသက်အရွယ် နုနယ်စဉ်အခါကပင် ရာဇ၀တ်ရေး၊ အသက်ဘေးကို ပြေးလွှားရှောင်ပုန်းခဲ့ရ၍ ကွမ်းတောင်းကို ပခုံးထမ်းပြီး ကိုယ့်ဝမ်းကိုယ်ကျောင်း နေရလေတော့ ကိုယ့်ကိုယ်ကိုယ်ပင် မဟာသွေးဖြစ်သည်ကို သတိ မရရှာတော့ဘဲ ဆင်းရဲသားအဖြစ်နှင့် နေရစဉ်အခိုက်မှာ မင်းဖြစ်ထိုက်တဲ့ ကံဇာတာပါလာတော့ မင်းလောင်းအကြည့် သွားရာမှာ သူကိုယ်တိုင် မင်းလောင်းဖြစ်မှန်းမသိ ဖြစ်လာပြီး နန်းတော်ထဲရောက်ခါမှ "အလို ... ရှင်ဘုရင်ဖြစ်မှန်းမသိ ဖြစ်နေပါပေါ့လား"လို့သိရတယ်။ အလွန်တရာ ဘုန်းတန်ခိုးကြီးတဲ့ နော်ရထားမင်းစော ဆိုတဲ့ သားထူးသားမြတ်တစ်ပါးကိုပင် ထွန်းကားခဲ့ပေသေးတယ်။ နို့ပြီး တစ်တန် အဲသည် ပုဂံရာဇ၀င်မှာပဲ မင်းယဉ်နရသိင်္ခဆိုတဲ့ မင်းသားကလေးလိုပဲ သားတော်တွေထဲမှာ အသက်လည်း အငယ်ဆုံး၊ အရွယ်လည်း အနု ဆုံး၊ စိတ်သဘောတော်ကလည်း နူးညံ့သိမ်မွေ့ဆုံး ဖြစ်တယ်။
ခမည်းတော် ဘုရင်းမင်းကြီး မှာလည်း ယခု ဘဘဘုရားတို့ရဲ့ ကျေးဇူးတော်ရှင် ဘ၀ရှင်မင်းတရားကြီးကဲ့သို့ သားတော် ကြီးတွေ အများရှိတော်မူတော့ ထီးမွေ နန်းမွေကို တရားသဖြင့် ရစေလိုသော စေတနာ ကြောင့် ကနက္ကဒဏ် ထီးဖြူတော် ညွတ်ရာကို ပေးမည်ဟု သားတော်ကြီးများ အလှည့်တွင် မညွတ်ဘဲ သားတော်အထွေးဆုံးဖြစ်တဲ့ မင်းယဉ်နရသိင်္ခ အလှည့်ရောက်မှ ထီးဖြူတော် ညွတ်ကိုင်းသဖြင့် ထိုမင်းသားကလေးမှာ မမျှော်လင့်ဘဲနှင့် ဘုရင်ဖြစ်လာပြီး ထီးရောက် မင်းရော လိုလားသဖြင့် (ထီးလို, မင်းလို) ရယ်လို့တောင် တွင်ပေသေးတယ်။ သူ့ဘုန်းသူ့ကံ ပါလာတော့ ကြံဖန်ပြီး စြဖ်ရပေမှာပဲလေ။ ဒါကြောင့် ဒီလို တိတ်နိမိတ် ဆိုတာမျိုးဟာလည်း ကမ္မနိမိတ် အကျိုးပေးဖို့ အတိတ်နိမိတ်ရယ်လို့ ဆိုနိုင်ပါပေတယ် မောင်မောင်ရဲ့"
တော်။      "သြော် ... ကိုယ့်သားနဲ့ ပတ်သက်၍ သံယောဇဉ်ကလေး ငြိလာမိတဲ့အတွက် ဖြစ်ချင်းဖြစ်လျှင် သီပေါမင်းသားကလေးပဲ ဖြစ်စေချင်ပါတယ်လေ။ နိမိတ်တွေ အားရစရာ ကြီးပဲ မောင်မောင်ရဲ့"
ငယ်။        "မောင်တို့လည်း ကိုယ့်သခင်ကိုသာ ကြီးပွားစေလိုတဲ့ စေတနာရှိတာပါပဲ မေဖုရားရယ်၊ မောင့်အထင်ဖြင့် ရွှေကိုယ်တော်ဘုရားဟာ နောင်ကိုမမျှော်လင့်ဘဲ ကြီးပွားလာရမည့် ကံကုသိုလ်တော် ထူးက ထက်ကြပ်ပါလာတော်မူ၍လား မသိ၊ မင်းသား, မင်းသမီးတွေ အများကြီး ရှိပါလျက်က သည်စုဖုရားနှင့်မှ လာတွေ့တော်မူတယ်၊ လှပလေတယ်လို့ တွေးမိပါတယ်။ ယခု ဘဘဘုရား မိန့်တော်မူတဲ့ စကားအရ ဆင်ဖြူမရှင်ဘုရားနှင့် လယ်ကိုင်းမင်းကြီး ဦးကောင်းတို့၊ ဦးဘိုးတို့နှင့် တိုင်ပင်နှီးနှောတော်မူ နေတဲ့ ကိစ္စဟာ သမီးတော်များ အရေးနှင့် ပတ်သက်ပါက မောင်တို့ သီပေါရွှေကိုယ်တော်ဘုရားကို ဘယ်လိုနည်းနှင့်မျှ ချန်ထားလို့ ရတော်မူမည် မထင်ပါ။ တစ်နွယ်ငင်ရုံနှင့် တစ်စင်လုံး ပါရတော့မည်သာ ဖြစ်ပါသည်"
ဝန်။     "ဟုတ်ပေရဲ့ ... ဟုတ်ပေရဲ့၊ 'ဘုန်းကောင်းချိန်သင့်၊ ပန်းနှယ်ပွင့်' ဆိုသလို သူ့ဘုန်း သူ့ကံ ပါရင်တော့ အခါအခွင့်ကောင်းမျိုးဆိုတာ အလိုအလျောက် ပေါ်ပေါက်လာရမြဲ ဓမ္မ တာပေါ့လေ။ ကံအကျိုးပေး ဆန်းကြယ်မှုတွေကို ဘဘတို့ ရှင်တော်ဘုရား ကိုယ်တော်တိုင်ကပင် ကြံစည်ရည်ရွယ်သော်လည်း မဖြစ်နိုင်။ မကြံမရွယ်သော်လည်း ဖြစ်မြောက်နိုင်တယ် လို့ ဟောတော်မူခဲ့ပေသားပဲ"
ငယ်။     "ရွှေကိုယ်တော်ဖျား၏ ကံအခွင့်အရေးက နှိုးဆော်ပေး၍လား မသိ၊ ဆင်ဖြူမရှင် ဘုရား၏ သမီးတော် စုဖုရားလတ်နဲ့ ဖက်စပ်တွေ့ဆုံ မေတ္တာငွေ့လှုံမိကြရာမှာ မောင်တို့က ၀မ်းသာအားရ ဖြစ်နေသလောက် ရိုးသားတော်မူလှတဲ့ ရွှေကိုယ်တော်ဘုရားက နောက်ဆုတ် နောက်ဆုတ်နှင့် နှေးနှေးဆေးဆေး လေးလေးလံလံ လုပ်တော်မူနေတာကို မောင်တို့က တယ်ပြီး အားမလို အားမရ ဖြစ်နေကြရပါတယ်။ မူလကမှ အေးအေးဆေးဆေး  လေးလေးလံလံ ပြုတော်မူနေရသည့်အထဲ မယ်တော်လောင်းရှည် မိဖုရားက မကြာခဏ ကြွလာပြီး အရာရာ ဆုံးမစကား ပြောကြားတော်မူသွားတဲ့အခါ သာလို့ ဆိုးသွားပါသေးတယ်။ ရည်ငံချစ်ခင်တော်မူခဲ့တဲ့ အချိန်အခါ အတော်ပင် ကြာလာ သည့်တိုင်အောင် ကိုယ်တော်ဖျားကဖြင့် ရှေ့တိုးသွားတော်မူဝံ့သေးတယ်မရှိ၊ မြုံစိစိနှင့် အချိန်တွေ ကုန်ခဲ့ရသည်မှာ အတန်ကြာပါပြီ။ မောင်နှင့် မောင်မောင်တုတ်တို့က အားမရ လွန်း၍ စပ်ကြားက လှော်လှယ်ခပ်ကြသည်ပင် ရွှေကိုယ်တော်က အင်တင်တင်၊ ကြောက် ဆုတ်ဆုတ် လုပ်နေတော်မူပါသေးတယ်။
တစ်ခါတစ်ခါလည်း ရွှေကိုယ်တော်ဖျား ရိုးသား တော်မူလှလို့ ကျိတ်၍ ရယ်ပင် ရယ်မိကြပါတော့တယ်။ ဘဘဘုရား မိန့်တော်မူသည့် ရေမြွေက စွမ်းသည့်နေရာ စွမ်းစွမ်းတမံ ရှိပါလိမ့်ဦးမယ်။ သည်နေရာမျိုးမှာ မက္ခရာ ကိုယ်တော်ကြီးတို့ စိတ်တော်မျိုးနဲ့ လဲလို့ရကောင်းသည့်အရာ ဖြစ်ပါက ခဏခေတ္တဖြစ်စေ လဲလှယ်လို့ ပေးလိုက်စမ်းချင်ပါဘိုလို့ မောင်မောင်တုတ်နှင့် ညည်းမိကြပါတော့တယ်"
တော်။      "မောင်မောင့်သခင်က ရိုးတော်မူရှာလွန်းတယ်။ သြော် ... လောကီ အတွေ့ အကြုံကလည်းနည်း၊ အရွယ်တော်ကလည်း ငယ်တော်မူရှာသေးသကိုး မောင်မောင်ရဲ့" ထိုသို့ သားအမိ သားအဖ သုံးယောက်သား ထိုင်၍ စကားကောင်းနေကြစဉ် ပဟိုရ် နှစ်ချက်တီးသံ ကြားလိုက်ရသဖြင့် ၀န်ကတော်ကြီးက။
"ဟော ... နှစ်ချက်တီးပြီး။ ညဥ့်နက်လှပါပြီကော၊ ကဲ ... မောင်မောင် အိပ်ခန်းသို့ ၀င်ပေ တော့လ။ နံနက် မြတ်လေးပန်းတော်ဆက်ရန် အိမ်တော်ပြန်ရမည့် ကိစ္စကလည်း ရှိသေး တယ်။
ပြောလိုက်မှ ဒိုင်းဝန်းမင်းကလည်း ...
"အလို ... ဟုတ်ပါလေရဲ့။ စကားကောင်းနေလိုက်ကြသည်မှာ ညဥ့်နက်လာသည်ကိုပင် သတိမရကြဘူး။ ကဲ ... ကဲ မောင်မောင်လည်း အိပ်ပေတော့။ ဘဘတော့ ဘုရားရှိခိုး ပရိတ် မေတ္တာပို့ပြီး ပုတီးပါ စိပ်ရဦးမယ် ရှိသေးတယ်"
ဆိုကာ ထိုင်ရာမှ ထ၍ အညောင်းများ ဆန့်ပြီး အိမ်ရှေ့ဘုရားခန်းထဲသို့ ၀င်သွားသည်နှင့် ၀န်ကတော်ကြီးကလည်း ...
"ကဲ ... ကဲ မောင်မောင် အိပ်ပါချေတော့။ မေဖုရားလည်း အိပ်ရာဝင်၍ အနှိပ်ခံရဦးမည် မောင်မောင်"
ဆိုကာ အတွင်းဆောင်သို့ ၀င်သွားသဖြင့် မောင်မောင်ငယ်လည်း မိမိအတွက် ပြင်ဆင် ခင်းကျင်းထားသော စက်မွေ့ရာထက်သို့ တစ်ကိုယ်တည်း လျောင်းစက်ကာ ကလီကမာ တီတီတာတာနှင့် ပီယ၀ါစာ ပြောတတ်ရှာသော ချစ်မငြီးသည့် ခင်ခင်ကြီး၏ ရူပါရုံကလေး ကိုသာ အနုလုံ ပဋိလုံ တွေးရင်း နေ့ခင်းက ဖိနှိပ်နှိမ်နင်းထားလိုက်ရသော စာဆိုတို့ ၀ါသနာ အရ ပေါ်ပေါက်ထကြွပြန်သောကြောင့် စကားလုံးကလေးများသည် တသီတတန်းကြီး တားမနိုင် ဆီးမရ နိုးကြွလာပြန်သောကြောင့် နောက်ဆုံး၌ လက်လျှော့ အရှုံးပေးကာ အိပ် ရာဘေးတွင် ရှိသော ပုရပိုက်နှင့် ကံ့ကူဆံကို ကောက်၍ အောက်ပါ တေးထပ်တစ်ပုဒ်ကို ရေးချလိုက်မိလေ၏။
"ကလေးလို ဘူတုန်းဟေ့လို့၊ မြူပြုံးနေစဉ်၊ ယုကျုံးပွေ့ချင်တယ်၊ ငွေ့ရွှေရင်လှုံလို့။ နုပါး  တော် မွှေးအဆီကို၊ သွေးနီအောင် နမ်းချင်ငဲ့ကိုယ့်။ ရွှေရင်လွမ်းပြည့် တပြည်ကို မီ တမီအို တို့။ သီကရီကိုယ် မရို့ပါနှင့်၊ ညိုတိုတို့မျက်နှာ။ သေတတ်တာ အိုမဟုတ်ပါဘူး၊ ကိုယ်ဆုတ် ဆုတ် ဘာပြုဆိုရှာ။ လိမ်ကော့လို့ ရွံ့မဲ့ဟာရယ်၊ တွန့်တဲ့ကာ တယ်မရုန်းပါနှင့်၊ စပယ်ကုံး လှသော်မော်၊ ဘုန်းနှင့်ပျော်ပျော်၊ ယနေ့ဖြင့် အချက်ပေါ်ပြီ၊ မရှက်တော်မူနှင့်ကွယ့်လေး။"
စာဆိုတို့ ၀ါသနာကြောင့် လက်သရမ်းလိုက်ရသော်လည်း ရှက်ခမန်းလိလိ အဓိပ္ပာယ်ကို စိတ်ဝယ်တွေး၍ ရွံ့မိတော့သည်။ ၀ိပရိနာမ ဖောက်ပြန်ထကြွလျက်ရှိသော မိမိ၏ အတွင်း သန္တာန်ကိုလည်း မည်သို့ ဖြစ်နေသည်ဟု မိမိလျှင် ရိပ်စားမိသည်။ နှမအရင်းပင် မဟုတ်စေ ကာမူ သူ့ခမြာ ကလေးမှာ ဖြူစင်သန့်ရှင်း ခြောက်ပြစ်ကင်းသော စိတ်ထားနှင့် မောင်ရင်း အစ်ကိုရင်းပမာ ချစ်ခင်ဆိုးနွဲ့ရှာသည်။ ငါကား တရားလက်လွတ် စိတ်ညွတ်တိုင်း ပြစ်မှား နေမိသည်ကို သိရှိသွားပါက မည်မျှရှိချိမ့်မည်နည်းဟု ရှေးတိုးမယောင်ယောင်၊ ရှောင်ဖယ် ရမလိုလိုနှင့် စိတ်ကစားရင်း မျက်တောင်စင်းပြီး တဖြည်းဖြည်း အိပ်ပျော်ခြင်းသို့ ရောက် သွားရှာလေသတည်း။
အလွန်တရာ သာယာလှသော ပန်းမြိုင် ပန်းတော်ကြီးကား မျှော်၍မဆုံး၊ ကြည့်၍မဆုံး၊ ကျေးငှက်သာရကာအပေါင်းတို့ ခြိမ့်ခြိမ့်အုန်းအုန်း ဘာသာဘာဝ မောင်မယ်ခေါ်ထူး ပျော်မြူးရွှင်ပြုံးလျက် ရှိလေ၏။
တသင်းသင်း တပျံ့ပျံ့ ရနံ့လှိုင်သော ပန်းခိုင် ပန်းနွယ် ဆန်းတကြယ်တို့လည်း အသွယ် သွယ် အ၀၀ ဘယ်ညာလှည့်၍ ကပြသည့်နှယ် အခိုင်အဖူး အထူးတလီ နီနီတချို့ ညိုညို တဖြာ၊ ၀ါဝါတကိန်း၊ စိမ်းစိမ်းတထွေ၊ ရွှေရွှေတခန်း၊ မရမ်းတစ်ကွက်၊ သက်မတစ်မျိုး၊ ပိုးစုန်းကြူတစ်ဖြာ၊ ကြည်ပြာရောင်တစ်နည်း၊ မည်းမည်းဖြူဖြူ၊ ရွှေတူ ငွေတူ မဉ္ဇူသက ပန်းများတော်ဝင်၊ သဇင်ဂမုန်း၊ တောလုံးတောင်းလုံးပြည့် ရှုမဆုံး ကြည့်မနိုင် အချင်းချင်း ဂုဏ်ပြိုင်လျက် ရှိကြပေ၏။
ပင်ခြေစိပ်စိပ် အရိပ်အေးအေး စမ်းရေကလေး တသွင်သွင် ကြည်လင်သာယာလှသော ပန်းတောကြီးအလယ် ပန်းမွေ့ရာကြီးကျယ်ကျယ်တွင် ရောက်ရှိနေသူ မောင်မောင်ငယ်မှာ ပန်းဝတ်လုံကို ခြုံရုံထွေး၍ ချစ်ရေးဖွဲ့သီ ပြုံးနွဲ့ကြည်ပြီး ကိန္နရီမယ်လျ ပန်းသူယောင်မ ကလေးပမာ တီတီတာတာ ညင်းလေးနွဲ့၍ နေရှာသော ခင်ခင်ကြီးကလေးအား မိမိရင်ခွင် ထက်တွင် တင်းကျပ်စွာ ပိုက်ဖက်၍ စိတ်ရှိလက်ရှိ ကလိကစား ချစ်ခင်အားဖြင့် ချော့မြူ ကျီစယ် ချစ်ကြိုးသွယ်လျက် ရှိလေ၏။
နွဲ့နွဲ့လျလျ၊ ခါးကျရင်ချီ၊ ရွှေင်္သိကဲ့သို့၊ တပီ့တပီ၊ နုဂေါရီရွယ်၊ မိန်းငယ် ခင်ခင်ကြီးမှာလည်း အစ်ကိုကြီး၏ လည်တိုင်ကို တင်းကျပ်စွာ ဖက်ကိုင်တွဲမှီလျက် ပီယ၀ါစာ ချစ်သံသာနှင့် ပလီ ပလာ ဆိုးနွဲ့၍ နေရှာလေ၏။
မောင်မောင်ငယ်ကား ခင်ခင်ကြီးအား ကလေးလိုမြှူ၍ ကလူကျီစယ် အသွယ်သွယ် ချော့ မော့ရင်း ခင်ခင်ကြီးက ချစ်အားကိုးနှင့် ဆိုးတိုင်း နွဲ့တိုင်း မူတိုင်း ခရာတိုင်း သာယာ ကြည်နူး ပီတိပင်လယ်တွင်းဝယ် လက်ပစ်ကူး၍ နေလေရာ တစ်ခါတစ်ခါ မောင်မောင်ငယ် ရင်ခွင်တွင် နွဲ့မှီကျီစယ်နေရှာသော ခင်ခင်ကြီးမှာ ပန်းမွေ့ရာပေါ်တွင် ဟိုမှသည်မှ လှည့်ပတ်ပြေးလွှား ပြေးခုန်တမ်း ကစား၍ မောင်မောင်ငယ်မှာ မရမက လိုက်ဖမ်းရသည် မှာလည်း ပျော်၍မဆုံး ပြုံးပြုံးကြည်ကြည် ရယ်ရယ်ရွှင်ရွှင်နှင့် ပန်းဝတ်ယှက်သုံးသော လိပ်ပြာမောင်နှံတို့အလား၊ ပန်းမွေ့ယာ ပန်းပြဒဏ်များ အလယ်တွင် တစ်ယောက် တစ်ယောက် ပန်းဖူး, ပန်းပွင့်တို့ဖြင့် ပစ်ပေါက်ကစားကြရသည်လည်း တမော၊ ပန်းကိုင်း, ပန်းနွယ်တို့ အလယ်တွင် တစ်ယောက်တစ်လှည့် တူပုန်းကြရင်း အပျင်းဖြေသည့်အခါ ဖြေလျက် ကိန္နရာ ကိန္နရီမောင်နှံတို့ ဟိမ၀န္တာတောင်ယံတွင် တောင်ပံယှက်နွဲ့ ပျော်ပွဲကျင်း ဘိအလား၊ အချစ်၏ စည်းစိမ်ကို ခံစား၍မဆုံး တပြုံးပြုံး တရွှင်ရွှင်နှင့် ရှိကြလေ၏။
အလွန်မြင့်မားသော သစ်ကိုင်းကြီးတစ်ကိုင်းမှ ပန်းနွယ်ကြီး နှစ်စမှာ အောက်သို့ တွဲရရွဲ ကျလျက် လေထဲတွင် ဘယ်ညာယိမ်းနွဲ့၍ နေလေ၏။ အပွင့်အဖူး ပေါင်းစုံတို့ဖြင့် တင့်ထူး ဝေဆာလှသော ပန်းနွယ်ကြီး နှစ်စကို တွေ့မြင်ရသော မောင်မောင်ငယ်မှာ ပန်းနွယ်ကြီး တစ်စနှင့်တစ်စကို အလယ်က ထုံးချည်ပြီး ဒန်းနွယ်ကြီးအဖြစ် အသုံးပြုကာ နွဲ့နှောင်း သေးသွယ်သော ခင်ခင်ကြီး၏ ကိုယ်ကလေးကို နွယ်ဒန်းပေါ်သို့ ပွေ့တင်ပေးပြီး မိမိနှင့် အတူ ယှဉ်၍ ထိုင်ကာ ငြိမ့်ငြိမ့်ကလေး သီချင်းကလေး တကြူကြူနှင့် ဒန်းပေါ်တွင် နှစ်သိမ့် ကြည်ဖြူလျက် ရှိကြပြန်လေ၏။
တစ်ခါတစ်ခါ မောင်မောင်ငယ်မှာ ဒန်းပေါ်မှ အောက်သို့ဆင်းလျက် ခင်ခင်ကြီးတစ်ယောက် တည်း အသည်းအေးလောက်အောင် မကြာခဏ ဒန်းလွှဲ၍ ပေးနေရှာလေ၏။ တစ်ခါတစ်ခါ လည်း မိမိပါစီး၍ တစ်ခါတစ်ခါလည်း ခင်ခင်ကြီး တစ်ယောက်တည်းကို ငြိမ့်ငြိမ့်လေးလေး ဒန်းလွှဲ၍ ပေးနေလေ၏။ ခင်ခင်ကြီးကလေးမှာ မျက်နှာကလေး တပြုံးပြုံးနှင့် ပျော်၍မဆုံး နိုင်ရှာတော့ပြီ။ ခင်ခင်ကြီး ပျော်သည်ကိုပင် မောင်မောင်ငယ်မှာ ၀မ်းမြောက်ဝမ်းသာ ဖြစ်ရ ရှာလျက် နွယ်ဒန်းကလေးကို အဆက်မပြတ် ပန်းဧယင်ကျူးပေးပြီး ကလေးငယ်ကို ရေးဆိုး ၍ ချော့သည့်အလား ချစ်အားကိုးနှင့် ဆိုးချင်တိုင်း ဆိုးစေရန် စီမံဖန်တီးထားရကား ခင်ခင် ကြီးမှာ မောင်မောင်ငယ် လွှဲပေးသလောက်နှင့် မကျေအေးသေးဘဲ။
"အစ်ကိုရဲ့ ... ဟို မြင့်မြင့်ကြီးရောက်အောင် လွှဲပေးပါဆိုနေ၊ အစ်ကိုလွှဲတာက နိမ့်နိမ့် ကလေးပဲ၊ ခင့်အသည်းထဲ အေးသွားအောင် လွှဲပေးစမ်းပါ အစ်ကိုရဲ့"
ကနွဲ့ကလျအသံလေးနှင့် ပူဆာရှာပြန်လျှင် ပြုံးပြုံးရွှင်ရွှင်နှင့် ဒန်းလွှဲနေသော မောင်မောင် ငယ်လည်း ချစ်သူကလေး ခင်ခင်ကြီး၏ အလိုကိုလိုက်ကာ မသိမသာ တိုး၍ လွှဲပေးနေလေ ၏။ သို့သော် ခင်ခင်ကြီးကား ဤမျှနှင့် မကေနပ်သေးဘဲ။
"အို ... အစ်ကိုလည်း မြင့်မြင့်ကြီးရောက်အောင် လွှဲပေးပါ အစ်ကိုရဲ့။ ခင်က နိမ့်နိမ့်ကလေး မနေချင်ဘူး။ မြင့်မြင့်ကြီးမှ ဟို ထိပ်ခေါင်ဖျားရောက်အောင် လွှဲပေးရမယ်"
ခြေကလေးဆတ်ကာ စိတ်တိုင်းမကျဟန်နှင့် ပြောနေပြန်လေ၏။
"အို ... ခင်ကလည်းကွယ်၊ သိပ်မြင့်မြင့်ကြီး ရောက်သွားလို့ မတော်တဆ လိမ့်ကျမှဖြင့် အကျနာရော့မယ်။ ဒီအနေပဲ စီးပါတော့ ခင်ရဲ့" ဟု ချော့မော့ပြောသည့်တိုင်အောင် "အို ... ခင် မြဲမြဲ ကိုင်ထားမှာပေါ။ မကျစေရပါဘူး အစ်ကိုရဲ့၊ ခင့်အတွက် မပူပါနှင့်။ မြဲမြဲကြီး ကိုင် ထားပါမယ်။ လွှဲသာလွှဲပါ အစ်ကိုရဲ့" ဟု ထပ်မံ နားပူဆာနေပြန်သည်တွင် မောင်မောင်ငယ် မှာ မနေသာတော့ဘဲ "ကဲ ... မြဲမြဲကိုင်ထားနော် ခင်၊ အစ်ကို မြင့်မြင့်ကြီးရောက်အောင် လွှဲ ပေးတော့မယ်" ဟု ဆိုကာ အားအင်စိုက်၍ လွှဲပေးလိုက်သောကြောင့် ခင်ခင်ကြီး စီးနေ သော  ပန်းဖြင့်ပြီးသည့် နွယ်ဒန်းကလေးမှာ လေထဲတွင် မြင့်ခနဲ မြောက်၍ သွားရကား ခင်ခင်ကြီးမှာ အားရကျေနပ်သော မျက်နှာကလေးဖြင့် ပန်းနွယ်ဒန်းကို မြဲမြဲစွာကိုင်လျက် တခစ်ခစ်ရယ်ရင်းပင် နွယ်ဒန်းဆောင်ကြဉ်းရာသို့ လိုက်ပါနေရှာလေ၏။
မောင်မောင်ငယ်ကား ဒန်းလွှဲပေးရင်းမှာပင် တစ်ချက်တစ်ချက် အထက်သို့ မြောက်ကြွသွား သော ခင်ခင်ကြီးကို တစိမ့်စိမ့်ကြည့်လျက် ပီတိတသက်သက် ဖြစ်နေလေ၏။ ရှည်လျား မြင့်မားသော ပန်းနွယ်ဒန်းကြီးပေါ်တွင် တောပန်း တောင်ပန်းတွေ အဝေသားပန်ဆင်လျက် ပြုံးရွှင်သော မျက်နှာကလေးနှင့် တခစ်ခစ် ရယ်လိုက်သည့် ချိုအေးသော ခင်ခင်ကြီး၏ အသံကလေးကို ကြားရသည်မှာ ပန်းတောကြီးအလယ်တွင် ပန်းလိပ်ပြာမကလေး မြူးထူး ပျော်ရွှင်နေဘိသကဲ့သို့လည်းကောင်း၊ ပုပ္ပါယန ပန်းဂနိုင်ကြီးအတွင်း ပန်းဝတ်ရက်တို့ဖြင့် ပျော်ပွဲကျင်းပနေသော နတ်ကိန္နရီကမလေးကဲ့သို့လည်းကောင်း၊ အချစ်ရည်ဖြင့် ပြည့်ဝ သော အချစ်မျက်လုံးထဲတွင် ကြည့်ရင်း, ကြည့်ရင်းပင် အဆင်ခွဲ၍ အနည်းနည်းလှလာ သကဲ့သို့ အထင်ရှိနေသောကြောင့် နွယ်ဒန်းကို အဆက်မပြတ်လွှဲကာ စိမ်းလဲ့လဲ့ စိုက်ကြည့် နေမိရှာလေ၏။
ယင်းသို့ လွှဲသူက လွှဲ၍ စီးသူက စီးလျက်ရှိနေကြစဉ် ဒန်းကလေးမှာ မြင့်သည်ထက် မြင့် လာပြီး ဒန်းနွယ်ချည်ထားသော သစ်ကိုင်းကြီးမှာလည်း အဆုပ်အဆုပ် အခိုင်အခိုင်အပွင့် တွေ မြိုင်မြိုင်နှင့် တအိအိ တညွတ်ညွတ်နှင့် ရှိသည်ကို တွေ့ရကာ နောက်ဆုံးအကြိမ် ဒန် လွှဲလိုက်သောအခါမူကား ဒန်းနွယ်တွင် ပါသွားသော ခင်ခင်ကြီးမှာ အဆိုပါ သစ်ကိုင်းကြီး ပေါ်တွင် တင်ပါးလွှဲထိုင်လျက် ကျန်နေရစ်သည်ကို တွေ့ရကာ မောင်မောင်ငယ်ထံသို့ကား ဒန်းနွယ်ကြီးသာလျှင် ပြန်လာတော့၏။ မောင်မောင်ငယ်လည်း ခင်ခင်ကြီး သစ်ကိုင်းပေါ် တွင် ကျန်ရစ်သည်ကို မြင်ရသောအခါ အထိတ်တလန့် စိုးရိမ်ကြီးစွာနှင့် ရင်ဘတ်စည်တီး ဖြစ်နေပြီးလျှင် "အို ... ခင်အကြီးနှယ်၊ ဘယ့်နှယ့်ကြောင့် သစ်ကိုင်းပေါ် ထိုင်နေရစ်သည် တုံး။ အဆင်းရ ခက်တော့မယ်။ မတော်လို့ လိမ့်ကျမှဖြင့် ခက်ရချရဲ့" ဟု အောက်မှနေ၍ ပြောသော်လည်း ခင်ခင်ကြီးမှာ ပြုံးစိစိ မျက်နှာထားကလေးနှင့် အရေးမကြီး လှသည်သဏ္ဍာန် မထေမဲ့မြင် ပြုနေသောကြောင့် "အို ... ခင်အကြီးနှယ်၊ အပြောရ ခက်လေခြင်းနော်၊ အပင်ပေါ်က ဘယ့်နှယ် လုပ်၍ ဆင်းမတုံးခင်ရဲ့" ဟု နောက်တစ်ကြိမ် ပြောသည်တွင် ခင်ခင်ကြီးမှာ ခပ်မှုန်မှုန် မျက်နှာလေးဖြင့် "အို ... မဆင်းဝံ့ပါဘူး၊ နောက်ပြီး တော့မှ အစ်ကို လာခေါ်ပါလား။ ခင် အခု ဒီသစ်ကိုင်းပေါ်မှာ ရှိတဲ့ ပန်းတွေကို အားရ အောင် ခူးနေဦးမည် အစ်ကိုရဲ့" ဟု မကြောက်မရွံ့ ပြောလိုက်သည်တွင် မောင်မောင်ငယ် လည်း အသည်းတထိတ်ထိတ်နှင့် စိတ်မျှော်ကြည့်ရင်း စိတ်မောနေရှာလေ၏။
ခင်ခင်ကြီးကား သစ်ကိုင်းဖျားကလေးသို့ လျှောက်သွားပြန်ကာ အဆုပ်လိုက်, အခဲလိုက် ပြွတ်သိပ်ထိုးပွင့်နေကြသော ပန်းများကို အားပါးတရ ဆွတ်ခူးနေကာ တစ်ခါတစ်ခါလည်း အောက်မှ မော့မော့ စောင့်စားနေရရှာသော မောင်မောင်ငယ်ထံသို့ အချို့သော ပန်းခက် များကို ချိုးချပေးလျက်ရှိပြီး၊ တစ်ခါတစ်ခါလည်း ၀မ်းသာအားရနှင့် သစ်ကိုင်းပေါ်တွင် ခုန်ဆွခုန်ဆွလုပ်ကာ ပျော်ရွှင်နေရှာလေ၏။ မောင်မောင်ငယ်ကား ခင်ခင်ကြီး မကြောက် မရွံ့ လှုပ်ရှားတိုင်း နှလုံးသွေးတွေ လှိုင်းထနေရှာလေ၏။ "အို ... ခင်အကြီး၊ မတော်တဆ ခြေချော်လက်ချော်နှင့် လိမ့်ပြုကျပါမယ်။ ငြိမ်ငြိမ်သက်သက် နေစမ်းပါ၊ နေစမ်းပါဘိ" ဟု ရင်တဖိုဖိုနှင့် သတိပေးနေရသော်လည်း ခင်ခင်ကြီးမှာ မြူးရွှင်ခုန်ပေါက်မြဲ ခုန်ပေါက်နေရှာ သောကြောင့် မောင်မောင်ငယ်မှာ ကြံရာမရဖြစ်နေတော့၏။
ထိုအခိုက်အတန့်တွင် ကောင်းကင်တိမ်တိုက်ထဲမှ ပန်းယာဉ်ပျံ ရထားတစ်စီးသည် ခင်ခင်ကြီးနှင့် မောင်မောင်တို့ရှိရာ ပန်းတော ပန်းဂနိုင်ကြီးဆီသို့ တဖြည်းဖြည်း ရွေ့လျား ပျံသန်းလာသည်ကို တွေ့မြင်ရလေ၏။
"ခင်ရေ ... ခင်ရေ၊ ဟောဟိုအပေါ်မှာ မော့ကြည့်စမ်း၊ သစ်ကိုင်းကိုလည်း မြဲမြဲကိုင်ထား နော်။ တိမ်တိုက်ထဲက ပန်းယာဉ်ပျံရထားကြီးတစ်ခု ပျံလာနေတယ် ခင်ရဲ့"
တအံ့တသြ ပြောဆိုပြသလေရာ ခင်ခင်ကြီးလည်း သစ်ကိုင်းကို မြဲမြံစွာ ကိုင်ထားရာမှ ကောင်းကင်သို့ မျက်နှာကလေး မော့ကြည့်လိုက်လျက် မိမိတို့ဘက်သို့ တရွေ့ရွေ့ လာနေ သော ပန်းယာဉ်ပျံကြီးကို မြင်ရသည်တွင် ပျော်ရွှင်မြူးခုန်လိုက်ကာ ...
"အို ... ဟုတ်ပါရဲ့ အစ်ကို။ အင်မတန် လှပထူးဆန်းတဲ့ ပန်းယာဉ်ပျံ ရထားကြီးပဲနော်။ အလို ... ပြောရင်းဆိုရင်း ခင်တို့ရှိရာကို တဖြည်းဖြည်း လာနေပါကလား အစ်ကိုရဲ့။     ဟော ... ဟော နီးလာပြီ။ အို ... ပန်းယာဉ်ပျံ ရထားပေါ်မှာ မင်းသားကလေးတစ်ပါး လည်း လှပါဘိနဲ့နော်။ ခင်တို့ဆီကို သူ ဘာလို့လာရှာတာပါလိမ့်"
မိမိမြင်ရသည့် အခြင်းအရာများကို မောင်မောင်ငယ် ကြားအောင် တစ်ဆင့်ပြောကြား နေရှာပြန်တော့၏။
မောင်မောင်ငယ်ကား တရွေ့ရွှေ့ နီးကပ်လာသော ပန်းယာဉ်ပျံရထားကြီးကို စေ့စေ့ ကြည့်နေရာက ပန်းယာဉ်ပျံရထားပေါ်တွင် မင်းသားတစ်ပါး ပါလာသည်ကို တွေ့ရသော အခါ ပိုမိုအံ့သြနေလေ၏။ သို့နှင့် ပန်းယာဉ်ပျံမှာ တဖြည်းဖြည်း နီးကပ်လာပြီး ခင်ခင်ကြီး နေသော သစ်ကိုင်းဘက်သို့ တစ်စတစ်စ သက်လျှောကျလာသည်ကို တွေ့ရပြီးလျှင် နောက်ဆုံးတွင် ပန်းယာဉ်ပျံမှာ ခင်ခင်ကြီးနေသော သစ်ကိုင်းပေါ်တွင် အသာအယာ ငြိမ်သက်စွာ တင်နေမှ ပန်းယာဉ်ပျံတွင် စီးနင်းပါလာသော မင်းသားမှာ အခြားသူမဟုတ်ဘဲ မိမိအရှင်သခင် သီပေါမင်းသားကလေးဖြစ်နေကြောင်း သိရသဖြင့် အတိုင်ထက်အလွန် ၀မ်းမြောက်ဝမ်းသာ ဖ်ြစမိကာ။
"အလိုလေး ... ရွှေကိုယ်တော်ဖျားပါလား။ ကျွန်တော်မျိုးမှာ တခြားတစ်ပါးက မင်းသားများ လို့၊ ဤမျှ ထူးဆန်းသော ပန်းယာဉ်ပျံရထားနှင့် ကောင်းကင်လမ်းမှ ကြွမြန်းတော်မူနိုင် သည့် ဘုန်းရှင် ကံရှင်မှာ ကျွန်တော်မျိုးတို့၏ သခင်ဖြစ်မှန်း သိရလို၊ ၀မ်းမြောက်လို့ မဆုံး နိုင်အောင် ရှိပါတော့သည်ဘုရား" ဟုဆိုကာ သစ်ပင်အောက်မှနေ၍ ရှိခိုးဦချနေရှာပြီ။
"ခင်အကြီးရေ ... သည်ကိုယ်တော်က သစ်ကိုင်ကြီးပေါ်တွင် တင်ပါးလွှဲထိုင်လျက်ကာ သီပေါမင်းသားကို ဦးချကန်တော့လေ၏။
ပန်းယာဉ်ပျံရထားပေါ်မှ သီပေါမင်းသားလည်း မောင်မောင်ငယ်နှင့် ခင်ခင်ကြီးတို့အား တစ်လှည့်စီ ပြုံးရွှင်စွာ ကြည့်ရှုတော်မူပြီး တစ်ဖန်လည်း ခင်ခင်ကြီးအား နီးနီးကပ်ကပ် ရှုစား တော်မူရာမှ ...
"သည်ကလေးမဟာ မောင်ဖေငယ်နှင့် ဘာတော်သည်" လှမ်း၍ မေးတော်မူလိုက်သည် တွင် သစ်ပင်အောက်တွင် ခစာနေသော မောင်မောင်ငယ်က ...
"သည်ကလေးမဟာ ကျွန်တော်မျိုး၏ နှမငယ် ဖြစ်ပါတော့သည်။ ဒန်းစီးရင်းက သစ်ကိုင်း ပေါ် ရောက်သွားပါတော့သည်ဘုရား" ဟု လျှောက်ထား၍ သီပေါမင်းသားကလည်း "အင်း ... အင်း" ဟု ခေါင်းညိတ်ကာ ခင်ခင်ကြီးကို စိမ့်စိမ့်လဲ့လဲ့ ထပ်မံရှုစားနေတော်ပြန်ရာမှ ...
"မောင်ဖေငယ်ရဲ့ နှမကလေးက အင်မတန် လှပါဘိတော့တယ်။ ဟဲ့ ... ကလေးမ မင်းအမည် ဘယ့်နှယ်ခေါ်သတုံး"
ခပ်ပြုံးပြုံး မေးတော်မူလိုက်ရာ ခင်ခင်ကြီးက ရိုသေစွာ ရှိခိုးလက်ယှက်လျက် "ဘုရာ့ ကျွန်မ အမည် ခင်ကြီးလို့ ခေါ်ပါတယ်ဘုရား"ဟု တိုးတိုးသာသာ လျှောက်တင်လိုက်လျှင် သီပေါမင်းသားက ယယယ
"အင်း ... အမည်နှင့် ရုပ်ရည်ရူပကာ လိုက်လျောလှပေတယ်" ဟဲ့ ... ခင်ကြီးရဲ့၊ နင် ကိုယ်တော်ဖျားနှင့်အတူ ပန်းယာဉ်ပျံ ရထားစီး၍ လိုက်ခဲ့မည်လား"
မေးတော်မူလျှင် ခင်ခင်ကြီးမှာ အင်မတန် ထူးဆန်းလှပသည့် တိမ်ယာဉ်ပျံပန်းရထားနှင့် စီးနင်းလိုက်ပါသွားချင်ဟန်ဖြင့် မောင်မောင်ငယ်ကို တစ်ဖန် စောင့်ငဲ့ကြည့်ပြန်ကာ ...
"အစ်ကို ထည့်လျှင် လိုက်ချင်ပါသည်ဘုရား" ပြန်၍ လျှောက်ထားလေ၏။ သိပေါမင်းသား လည်း မောင်မောင်ငယ်ကို စောင်းငဲ့ ရှုစားတော်မူပြီးလျှင် ...
"ဘယ့်နှယ် မောင်ဖေငယ်ရဲ့၊ ခင်ကြီးက ကိုယ်တော်နှင့်အတူ လိုက်ချင်ပါသည်တဲ့" မိန့်တော်မူသောအခါ မောင်မောင်ငယ်မှာ နှမငယ် ခင်ခင်ကြီးကို စိတ်လည်းမချ၊ မထည့်လို ပါဟု ပြောရမည်လည်း မ၀ံ့ရှာ။ ခင်ခင်ကြီးကိုယ်တိုင်မှာလည်း ပန်းယာဉ်ပျံရထားနှင့် လိုက်ပါသွားချင်သည်ကို သတိရပြန်သောကြောင့် ခင်ခင်ကြီး၏ လိုအင်ဆန္ဒကို လိုက်လျော ရတော့မည်ကဲ့သို့ ရှိနေပြီးလျှင် ထူးခြားသော ပန်းယာဉ်ပျံရထားကို စီးဖူးစေချင်ရှာသော စေနာက အရင်းခံလျက်ရှိသောကြောင့် စိတ်မချတချနှင့်ပင်။
"ခင်အကြီး လိုက်ချင်ရင် ကျွန်တော်မျိုး ထည့်ရပါတော့မယ် ဘုရား"
လျှောက်ထားလိုက်ရပြီး ခင်ခင်ကြီးသို့လည်း ...
"ခင်ရေ ... ရွှေကိုယ်တော်ဖျားနှင့် ကောင်းကောင်းမွန်မွန် လိုက်သွားပါဘိ၊ ဟိုကြည့် သည်ကြည့်နှင့် ဆော့၍ မမနေလေနဲ့နော်၊ မတော်တဆ အမြင့်က လိမ့်ပြုကျနေပါဦးမယ်"
လှမ်း၍ မှာထားရှာဖေ၏။ သီပေါမင်းသားလည်း မောင်မောင်ငယ်ကို ပြုံးရယ် ရှုစားကာ ...
"မယ်မင် ... မောင်မင်းနှမက ကလေး ... ကလေးမ မဟုတ်ပါဘူး၊ ငါကိုယ်တော် မြတ်လည်း အပါသားနဲ့ အလကား စိတ်ပူနေတော့တယ်"
ဆိုကာ ...
"ကိုင်း ... ခင်ကြီး၊ လာဟဲ့၊ ငါနဲ့ လိုက်ခဲ့ပေတော့"
ဆိုကာ ခင်ခင်ကြီး၏ လက်ကလေးကို လှမ်းလင့်ပြီး ပန်းယဉ်ပျံရထားပေါ်သို့ တင်ယူ ခေါ်ဆောင်ကာ အဇဋာတိမ်တိုက်အထိ ပန်းယာဉ်ပျံရထား ယူဆောင်သွားလေတော့၏။ ခင်ခင်ကြီးလည်း ပန်းယာဉ်ပျံရထား တက်မှ မောင်မောင်ငယ်ရှိရာသို့ လက်ကလေးတပြပြနှင့် ပျော်ရွှင်စွာလိုက်ပါသွားရှာလေရာ မောင်မောင် ငယ်ကား ချစ်လှသော နှမကလေးအား စိတ်မချတချနှင့် အောက်မှမျက်စိတဆုံး မျှော်ကြည့်လျက် ရှိလေတော့၏။
ပန်းယာဉ်ပျံကလေးကား တဖြည်းဖြည်း မြင့်တက်သွားသည်တိုင်အောင် ခင်ခင်ကြီးမှာ လက်ကလေး တပြပြနှင့် တွေ့ရလေသေး၏။ သီပေါမင်းသားမှာလည်း မိမိနှင့်အတူ ပါလာသော ခင်ခင်ကြီး၏ ပခုံးကလေးကို ဖက်ကာယုယကြင်နာစွာ ခေါ်ယူသွားရှာသည်ကို မြင်ရသဖြင့် မောင်မောင်ငယ်မှာ ၀မ်းသာသလိုလို ၀မ်းနည်းသလိုလို ရင်တဖိုဖိုနှင့် ကောင်းကင်တွင် ပျံဝဲနေသော ပန်းယာဉ်ပျံရထားကိုသာ စူးစိုက်ကာ မျက်တောင်မခတ် ကြည့်နေမိစဉ် အနောက်ဘက် တိမ်တောင်ကြားစီမှ ဂဠုန်ငှက်ကြီး တစ်ကောင်သည် တောင်ဟုန်ပြင်းစွာ ခတ်လျက် ရုတ်တရက်ထွက်ပေါ်လာပြီး ရှေ့ကသွားနေသော ပန်းယာဉ်ပျံရထားကလေးနောက်သို့ လျင်မြန်စွာလိုက်လျောရှိသည်ကို တွေ့မြင်ရလေ၏။ မောင်မောင်ငယ် ၏ ရင်မှာကား တဒိန်းဒိန်း ခုန်လာလေ၏။ ဘုရား ... ဘုရား ... ဟု ဘုရားကိုသာ အခါခါ တရင်း ကောင်းကင်တွင် ဘယ်ပုံ စစ်ခင်းမည်ကို အသည်းတဖိုဖိုနှင့် ကြည့်နေရတော့၏။
ပန်းယာဉ်ပျံရထားကလေးမှာ နောက်မှ လိုက်လာသော ငှက်ဂဠုန်၏ ရန်ကိုမခုခံနိုင်သကဲ့သို့ ရှိပြီး ခင်ခင်ကြီးလည်း ကြောက်အားနှင့် သီပေါမင်းသားကို တအားဖက်၍ ထားရှာ၏။ သီပေါမင်းကား ငှက်ရန်ကို စိုးရိမ်သည်ကတစ်ဖက်၊ ခင်ခင်ကြီးကိုမကြောက်ရန် အားပေးနေရသည်က တစ်တန်၊ အမျိုးမျိုးပူပန်သောက ရောက်နေရှာသည် တွေ့ရလေ၏။
မာန်ဟုန်ကြွကြွ ဒေါမာန်ထလျက် အတောင်ကြီး တမမနှင့်လိုက်လာသော ငှက်ဂဠုန်ကြီးမှာ ပန်းယာဉ်ပျံ အထွတ်ကို ခြေဖြင့် ကုတ်မိသည်နှင့် တစ်ပြိုင်နက် ချွန်ထက်လှသော နှုတ်သီးကြီးဖြင့် သီပေါမင်းသားနှင့် ခင်ခင်ကြီးတို့အား ထိုးနှစ်ကာ တစ်လှည့်စီ ညှဉ်းဆဲနေ ရာမှ နောက်ဆုံးတွင် သနားစဖွယ် အသွယ်သွယ် ဟစ်အော် ငိုကြွေးနေရှာသော ခင်ခင်ကြီး အားနှုတ်သီးဖြင့် တအားပေါက်ကာ ပန်းယာဉ်ပျံထက်မှ မြေပြင်သို့ ပစ်ချလိုက်သည်တွင် သီပေါမင်းသားလည်း မကြည့်ရက်သကဲ့သို့ မျက်နှာကို လက်နှင့်ပိတ်ကာ တစ်ဖက်သို့ လှည့်သွားရှာလျက် ဖက်ရွက်ခြောက်ကလေး လေထဲတွင် လွင့်လာဘိသလား၊ ကောင်းကင်တိမ်တိုက်ကြားမှ တလိမ့်လိမ့် ဟစ်အော်ရင်းကျလာသော ခင်ခင်ကြီးကို မင်လိုက်ရသည်နှင့် တစ်ပြိုင်နက် မောင်မောင်ငယ်မှာ အသည်းထဲတွင် အေးခနဲ ဖြစ်သွား ပြီး "အမယ်လေး ... ခင်အကြီးသေပါပြီ" ဟု လန့်ဖြန့်ဟစ်အော်ကာ မိမိရှေ့ရှိ ချောက်ကမ်း ပါးကြီးကိုပင် မိုးမမြင် လေမမြင် ပူပင်သောဇောနှင့် တစ်အား ခုန်ချလိုက်မိရကား ရင်ထဲ တွင် ဟာခနဲဖြစ်၍ သွားရှာတော့၏။
ဗြုန်းခနဲ စက်မွေ့ရာပေါ်မှ လိမ့်ကျသဖြင့် အိပ်ရာမှ လန့်နိုးလာသည်တွင် မောင်မောင်ငယ်မှာ အိပ်မက်အတွင်းက အဖြစ်အပျက်များကို မှုန်ဝါးဝါးနှင့် မရှင်းမလင်း အကယ်ဖြစ်ပျက် ပူပန်နေမိရှာသေး၏။ ထို့နောက်မှ အိမ်ဦးခန်းဆီမှ ကြေးစည်သံကလေး တစ်ချက်ကြားပြီး ဒိုင်းဝန်မင်းအသံဖြင့် အမျှအတန်း ဝေနေသည်ကို နောက်ထပ်ကြားရမှ မိမိအနီးအပါးရှိ စက်မွေ့ရာကြီးကို ပြန်လှည့်ကြည့်မိကာ အိပ်ရာပေါ်မှ အရှိန်နှင့် လိမ့်ကျလာကြောင်း သတိရလာပြီး မကြာသေးမီက အရေးတကြီး ပူပင်သောက ဖြစ်ခဲ့ရသမျှ တို့လည်း အကယ်မဟုတ်ဘဲ အိပ်မက်ထဲတွင် တွေ့ကြုံဖြစ်ပျက်နေကြောင်း ရှင်းလင်းစွာ သိရရှာလျက် အသက်ရှူချောင် သွားပေတော့၏။
 တစ်ဖန်လည်း အိပ်မက်၏ အခင်းသွားကို စဉ်းစားမိသောအခါ မိမိအတွက်နှင့် ခင်ခင်ကြီး အတွက်မှာ အားမရစရာ နောင်ရေး မအေးနိုင်စရာဖြစ်မည့် အတိတ်နိမိတ်များပေလောဟု တွေးတောစိတ်ပူမိရှာလေ။ တိမ်တိုက်ထဲမှ ခင်ခင်ကြီးကြောက်လန့်တကြား အော်ကာဟစ်ကာ ကျလာရှာပုံကလေးကို တရေးရေးမြင်ပြီး သနား၍ မပြီးနိုင်အောင် ဖြစ်နေရှာပြန် လေ၏။
ပြန်အိပ်ဦးမည်ဟု အိပ်ရာပေါ်တွင် လှဲလိုက်သော်လည်း မျက်လုံးများ ကြောင်လျက် စိတ်ရ တက်ပွေ၍သာ နေမိရှာတော့၏။ အရှေ့ဘက်ကို ကြည့်ပြန်ရာ လင်းရောင်ခြည်များ ထွန်း လာနေပြီး ဒိုင်းဝန်မင်းကြီးလည်း ဘုရားပုထိုး ရှိခိုး၍ပင် ပြီးစီးနေသည်ကို သိရသောကြောင့် အိပ်ရာမှ ထ၍ မျက်နှာသစ်ပြီး ဘုရားရှိခိုး၊ ပရိတ်ရွတ်၊ မေတ္တာပို့၊ အမျှဝေနှင့် အိပ်မက်ဆိုး ဖြစ်က ပြေပျောက်ရာ ပြေပျောက်ကြောင်း ဘုရားတွင် ဆုတောင်းနေမိရှာလေ၏။ ယင်းသို့ ဆုမွန်ကောင်းတောင်းရင်းပင် မိုးစင်စင်လင်းခဲ့လျက် အိမ်သားများ လူစုံနိုးကြသည်တွင် မောင်မောင်ငယ်လည်း ၀တ်လဲပြင်ဆင်၍ အပြင်သို့ ထွက်ခဲ့ရာ အိပ်ရာမှ ထစဖြစ်သော ခင်ခင်ကြီးနှင့် တွေ့ရပြီး။
"အလို ... အစ်ကို စောစောစီးစီး အ၀တ်အစားများ လဲထားလို့၊ ဘယ်များ ကြွတော်မူမတုံး"
ခပ်ပြုံးပြုံးကလေး ဆီး၍ မေးသည်တွင် မောင်မောင်ငယ်မှာ ညဥ့်က အိပ်မက်ကို တွေး၍ ခပ်ငေးငေးကလေး ကြည့်နေမိသောကြောင့်။
"ကြည့်စမ်း ... အစ်ကို၊ ခင်ကြီးမေးနေသည်ကို မကြားဘူးထင်ပ"
ထပ်ပြောလိုက်မှ သတိရပြီး ...
"သြော် ... ခင်အကြီး နိုးလာမှကိုး။ အစ်ကို အိမ်တော်သို့ ပြန်ရတော့မယ် ခင်ရဲ့"
ဒါကြောင့် စောစောထ၍ အ၀တ်လဲလှယ်ထားရတယ်"
ပြောလိုက်လျှင် ခင်ခင်ကြီးမှာ မျက်နှာကလေး ညှိုးသွားရှာပြီး ...
"အစ်ကိုကလည်း အကြာကြီး မလာဘဲနေပြီး လာပြန်တော့လဲ ခဏကလေး နေတာပဲ"
ညည်းညည်းတွားတွား ပြောရှာသောကြောင့် မောင်မောင်ငယ်မှ ကျောသပ်၍ ချော့မော့ ကာ ...
"အစ်ကို နောက်တစ်ခါလာမှ ကြာကြာနေပါမည် ခင်ရဲ့။ ယခုတစ်ခါတော့ အိမ်တော် ပြန်စရာ ကိစ္စက ရှိသေးလို့ ခင်နဲ့ ကြာကြာ မနေရတာဘဲကွယ်။ အစ်ကို မြန်မြန်ပြန်လာခဲ့ ပါမယ်"
ပြောနေစဉ် ၀န်ကတော်ကြီး ထွက်လာပြီး ...
"သြော် ... မောင်မောင် ပြန်တော့မယ်လား" ဟု ဆိုကာ မြတ်လေးငုံများ ထည့်ထားသော ကရမက်သား သေတ္တာကလေးကို နန်းခုံအား ယူပေးစေပြီး ...
"ကိုင်း ... မောင်မောင် ပန်းတော်များ စောစောစီးစီး ဆက်ချေပါဘိ၊ နေမြင့်လျှင် ရနံ့ပြယ် တော့မယ် မောင်မောင်ရဲ့"
ဆိုသည်တွင်မှ မောင်မောင်ငယ်လည်း ပန်းငုံများ ထည့်ထားသည့် ကရမက်သားသေတ္တာ ကလေးကို လှမ်းယူကာ ...
"ဒါဖြင့် မောင် သွားလိုက်ပါဦးမယ် မေဖုရား"
ဆိုကာ ၀န်ကတော်ကြီးကို ဦးချကန်တော့သည်တွင် ...
"အင်း ... ဘုန်းကြီးပါစေ၊ သက်ရှည်ပါစေ၊ အန္တရာယ်ကင်း၍ ဘေးရှင်းပါစေတော်။ ဒါနဲ့ မောင်မောင် ဘယ်တော့ဆီလောက် မေဖုရားတို့ထံ လာဦးမယ် ကြံသတုံး။ အရင်ကလို တော်တော်နှင့် မပေါ်လာဘဲလည်း မနေနဲ့ဦးနော်"
ဆိုသည်တွင် ...
"သည်တစ်ခါ မောင် ကြာကြာမနေပါဘူး မေဖုရားရဲ့၊ အမိန့်ခံပြီးမှ မကြာမီ ရောက်လာပါဦး မယ်၊ ခင်အကြီးကလည်း အမြန်ပြန်လာဖို့ မှာနေရှာပါတယ် မေဖုရားရဲ့"
ဆို၍ ၀န်ကတော်ကြီးအနီးမှ ခင်ခင်ကြီးကို လက်ဆွဲ၍ ထလာပြီး အိမ်ဦးခန်းတွင် ပုတီးစိပ် လျက်ရှိသော ဒိုင်းဝန်မင်းထံ ၀င်ရောက်ဦးချကာ။
"ဘဘဘုရား မောင် ပြန်ပါဦးမယ်" ဟု နှုတ်ဆက် ကန်တော့သည်တွင် ၀န်မင်းကလည်း "အေး ... အေး ဘုန်းကြီးပါစေ၊ သက်ရှည်ပါစေ၊ အရာအထူး တိုးတက်ပါစေဗျား။ ဘဘ ဘုရားတို့ထံကို မကြာမကြာ အမိန့်ခံ၍ ပြန်ခဲ့ပါ မောင်မောင်ရယ်။ ကဲ ... ကဲ နေမြင့်ရော့ မယ် ကြွပေရော့"
ဆိုသည်နှင့် မောင်မောင်ငယ်လည်း ...
"မှန်လှပါ" ပြောကာ အိမ်ရှေ့ လှေကားသို့ ဆင်းသက်လာပြီး လှေကားရင်းအထိ လိုက်ပို့ ရှာသော ခင်ခင်ကြီးကို ချစ်ခင်ယုယစွာ ကျောလက်သပ်လျက် ...
"ကဲ ... ခင်ကြီး အစ်ကို သွားတော့မယ်နော်"
ဝမ်းနည်းသံနှင့် နှုတ်ဆက်၍ ခင်ခင်ကြီးကလည်း ...
"အစ်ကို မြန်မြန်ကြီး ပြန်ခဲ့ပါနော်၊ ခင်ကြီး မျှော်နေမယ် အစ်ကိုရဲ့"
ကနွဲ့ကလျ နှုတ်ဆက်မှာထားရှာလေရာ ...
"စိတ်ချပါ ခင်ရယ်၊ အစ်ကို မလာဘဲ မနေနိုင်ပါဘူး"
ပြောလျက် နှုတ်ဆက်ခွဲခွာလာခဲ့ရှာသည်တွင် ခင်ခင်ကြီးက လှေကားကိုမှီရင်း လက်ပြ ကျန်ရစ်ရှာသည်ကို မောင်မောင်ငယ်မှာ နောက်ဆံ တငင်ငင်နှင့် သံယောဇဉ် အမြစ် တွယ်၍ အချစ်နယ်ကျယ်သည်ထက် ကျယ်ကာ လှည့်ကြည့် လှည့်ကြည့်နှင့်ပင် လမ်းချိုး တစ်ခုတွင် ပျောက်ကွယ်သွားရှာလေတော့သတည်း။
အခန်း (၂၅) ဆက်ရန်
3 comments:
ShwunMi- said...
မျှော်နေပါသည်
ShwunMi- said...
မျှော်နေပါသည်
Anonymous said...
အမ..အမြဲတော့လာဖတ်ပါတယ်။ ထမင်းစားချိန်နဲ့မအိပ်ခင်လေးတွေ..
ဒီတော့ ကော်မန့်မပေးဖြစ်တာ.. တခြားဆီမသွားရင်သာနေမယ်။အမဆီအမြဲလာဖတ်တယ်..အမရ.
နေလဲမကောင်းဘူး
စာလဲလုပ်နေရလို့ပါ..အမ။
လာလည်တဲ့အတွက် ကျေးဇူး။
အမဆီက စာတွေက ဖတ်လို့တောင်မနိုင်ဘူး..တကယ်..
အိပ်ယာဝင်ကာနီးလဲ အိပ်ပီးဖတ်ရတယ်။
ကျေးဇူးအများကြီးတင်ပါတယ်။စာအုပ်ကောင်းလေးတွေ တင်ပေးလို့..
အမ.. ဗညားရှိန်း ..ဂျာနယ်ကျော်မမလေးထင်တယ်။
နောက်ပီး နွမ်ဂျာသိုင်းရဲ့ ဒေါင်းယာဉ်ပျံဘုံနံဘေးမှာ စာရေးလို့ထားချင်တယ်..
နောက် ဒဂုန်ခင်ခင်လေးရဲ့ ဘ၀အကြောင်းစာအုပ်တွေ ဖတ်ချင်ပါသေးတယ်။
စာတွေရိုက်ပေးတဲ့အမသမီးတွေကိုရော.. စာတွေတင်ပေးချင်တဲ့အမဆန္ဒလေးကိုရော ကျေးဇူးအများကြီးတင်ပါတယ်။
ဂျပန်ကိုလာလည်ရင်အလကား တည်းပီး အလကားစားလို့ရပါတယ်။ လာလည်ပါ ဖိတ်ခေါ်ပါတယ်..။