အခန်း(၃၈)
အချိန်အခါအားဖြင့် တစ်လကျော်မျှ ကြာရှိလျှင် သီပေါရွှေနန်းရှင်ဘုရားမှာ လုံးဝကျန်းမာတော်မူ လာပြီ ဖြစ်သောကြောင့် နေ့ည ညီလာခံသဘင်များကို အစဉ်အလာအတိုင်း ကျင်းပလျက် ထွက်တော်မူမြဲ ထွက်တော်မူလေပြီ။ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီးဖြစ်သူ နန်းမတော်စုဖုရားနှင့်လည်း နှစ်ပါးသော ရွှေချပ် ကို ဂဟေစပ်သကဲ့သို့ သင့်မြတ်ကြည်သာစွာ စံတော်မူကြလေသည်။
မောင်တော် နှမတော်များ ကံကောင်းထောက်မ၍ ငါးပါးမမှောက်ကြတော့သည်။ ဤကျွန်ယုတ်မာ တစ်စု ကိုလည်း ယခုအခါ သင်းတို့နဲ့ တိုက်တန်ရာအပြစ်ဒဏ်များကို လွှတ်တော်ဝန်ကြီးများက ပေးသနား လိုက်ကြပြီ ဖြစ်တဲ့အတွက် အနှောင့်အယှက် ကင်းကြပါပြီ။ ရွှေနန်းတော်တွင်းပြင်နှင့်တကွ နိုင်ငံတော် အရပ်ရပ်တွင် ယခင်ကကဲ့သို့ လျှို့ဝှက်သော မတရားမှုများ ဖြစ်ပွားပေါ်ပေါက်ရန် မရှိတော့ကြောင်းတို့ကို ပြောင်းပြောင်း ညံ့ညံ့ ကယုကယ အပါးတော်မှ ပြုစုယုယရင်း ရွှေနားတော် သွင်းခဲ့ခြင်း တို့ကြောင့် တစ်ကြောင်း၊ သီပေါရွှေနန်းရှင်ဘုရားသည် စိတ်ထားတော် နူးညံ့သိမ်မွေ့လျက် ရှက်စနိုးတော်မူစိတ် ရှိသဖြင့် တစ်ကြောင်း၊ ဖြစ်ပျက်ခဲ့ပြီးသော အရေးကိစ္စ အတန်တန်ကို အသစ်တစ်ဖန် ပြုတော်မမူ လိုသည် တစ်ကြောင်း တို့ကြောင့် နောက်ထပ် မေးမြန်း စိစစ်တ်ာမမူဘဲ ရှိလေသည်။ သို့သော်လည်း အဆောင် တော် ထဲတွင် တစ်ပါးချင်း စံတော်မူသော အခါမျိုးမှာကား ငေးငေးစိုက်စိုက်ကြီး စဉ်းစားတွေးဝေ နေတော်မူ တတ်ရှာသည်။
သို့ရာတွင် ထိုအခါမျိုး၌ နန်းမတော်ဖုရားသည် မောင်းမမိဿံ ခြွေရံအများနှင့် အပါးတော်တွင် ပျော်ရွှင် ဖွယ်ရာ အဆို၊ အတီး၊ အက စိတ်ကြွရွှင်လန်းဖွယ် အသွယ်သွယ်သော ပရိယာယ်တို့ဖြင့် အချော့တော် ဆက်စေခြင်းဖြင့် ရုတ်တရက် အာရုံပြာင်းတော်မူသွားစေသည်။
"မောင်တော် ကျန်းမာပျော်ရွှင်စွာသာ စံတော်မူပါ၊ နှမတော်လည်း ယခင်ကလို စိတ်လိုကိုယ်လိုက် နှင့် မောင်မောင့် အပေါ်တွင် အချစ်သ၀န်ကြောင်တော်မမူတော့ပါ၊ ညီမတော် ရမည်းသင်း စုလေးကိုလည်း မောင်တော့် ရွှေလက်တော်ရောက် ဆက်သထားပါပြီ၊ စိတ်တော်ကြည်ကြည်လင်လင် ထားပြီး စံတော် မူပါတော့" ဟု မကြာခဏ မိန့်တော်မူခြင်းကြောင့် တစ်ကြောင်း၊ ယခင်အခါက ကြင်နာတော် မူလိုကြောင်း နှင့် မှာတမ်းတော်ပို့သလျက် ကူးလူးဆက်သွယ်ခဲ့ဖူးသော ရမည်းသင်းစုဖုရားကလေးကိုလည်း နန်းမတော် ကြီး ပို့ဆက်ခြင်းအရ သိမ်းပိုက်တော်မူရပြီဖြစ်သည် တစ်ကြောင်းများကြောင့် မှိုင်မှိုင်တွေတွေနှင့် အတိတ်က အာရုံတွေ ၀င်စားလာတတ်သော စိတ်တော်များသည် တစ်နေ့တခြား ဆုတ်ယုတ် ပျက်ပြယ် သွားခဲ့ လေ သတည်း။
နိုင်ငံတော် အုပ်ချုပ်မှု စက်ယန္တရားကြီးကား လည်မြဲ လည်လျက်ပင် ရှိလေသည်။ ဆယ့်နှစ်ရာသီ ပွဲလမ်း သဘင် များမှာလည်း မှန်မှန်ကြီး ကူးပြောင်းလှည့်လည်မြဲအတိုင်း သူ့အခန်းနှင့် သူ့အကွက်၊ အလှည့် သင့်ထွက်လျက် ရှိကြလေသည်။ သို့ရာတွင် ထိုအဖြစ်အပျက်ပြီး၍ ရွှေနန်းရှင်ဘုရား ကျန်းမာတော်မူ ခဲ့သည့် နောက်ပိုင်းတွင် ကောင်းမှုကုသိုလ် အလှူတော်များ ပြုသည့်ဘက်၌ အထူး အားထုတ် တော်မူသည်၊ အနောက်တစ်လွှားရှိ နိုင်ငံရပ်ခြားတို့နှင့်လည်း ရှေးကထက် အဆက်အသွယ် ခိုင်မြဲစေရန် ရည်သန် တော်မူလျက် ရှိလေသည်။
ထို့ကြောင့် လန်ဒန်မြို့ ၀ိတိုရိယဘုရင်မနှင့် အိန္ဒိယဘုရင်ခံတို့ထံ ရာဇသံများ ထပ်မံသွားရောက်ရန် အတွင်း ၀န် ကျောက်မြောင်းမြို့စားမင်းကြီး၊ ၀န်ထောက်တော် ၀က်မစွတ်မြို့စားမင်းကြီး မင်းတင် မဟာစည်သူ၊ ၀န်ထောက်တော် သံချက်ဝန်၊ မင်းလှမဟာစည်သူကျော်တို့ကို သံကြီးသံလတ်ခန့်အပ် ရတနာ ယာဉ်ပျံ သင်္ဘောတော်နှင့် ရန်ကုန်မြို့အရောက် စုန်ဆင်းစေ၍ ရန်ကုန်မြို့ရှိ အင်္ဂလိပ် ၀န်ရှင် တော်မင်းကြီး ဘာနကကြိုယူကာ ပင်လယ်သွားမီးသင်္ဘောနှင့် ကာလကတ္တားမြို့ ဆင်းမလားမြို့များသို့ မြန်မာ သံတော် အရာရှိ များကို မဟာမိတ်စာချုပ်အတွက် စကားကမ်းလှမ်းရန် အရောက်ပို့စေလေ၏။
နိုင်ငံတော် ရှမ်းပြည်နယ်တလွှားရှိ ပဒေသရာဇ် နယ်ပယ်တို့အနက်မှ မိုးနဲစော်ဘွားသစ္စာဖောက်ဖျက် ပုန်ကန် တော်လှန်လျက် ရှိသောအရေးမှာ တစ်ဆင့်တက်၍ မအေးမငြိမ်းဖြစ်လာပြန်သောကြောင့် စစ်ဗိုလ် စစ်ကဲ ကြီးများကို ထပ်မံစေလွှတ် နှိမ်နင်းရစေကာမူ နိုင်ငံတစ်ဝန်းလုံး ဆူပူလောက်သော ကိစ္စမျိုး မဟုတ်သဖြင့် နေပြည်တော်မှာ တစ်စုံတစ်ရာ ချောက်ချားခြင်း မရှိပေ၊ အလှူတော်ရေစက် လက်နှင့်မကွာ ထူးခြားစွာ ပြုလုပ်နေမြဲ နေခဲ့လေသည်။
ခမည်းတော် မင်းတုန်းမင်းတရားကြီး၏ အနွယ်တော်များဖြစ်သော ညီတော် နှမတော်များကို မင်းခမ်း မင်းနား ကြီးစွာဖြင့် သျှောင်ထုံးနားထွင်းမင်္ဂလာများ ပြုလုပ်ချီးမြှောက်တော်မူသည်။ သီပေါ ရွှေနန်းရှင် ဘုရား နံတော်သင့် နန်းမတော်စုဖရားလတ်၏ နံတော်သင့် အရပ်များတွင် စေတီပုထိုးများ တည်ထား ကိုးကွယ်စေသော ကုသိုလ်တော်များ လောကမာရဇိန်ဘုရား၊ မဟာမြတ်မုနိဘုရားများတွင် ထီးတော်သစ် တင်လှူ သော ကုသိုလ်တော်များ ကျောင်းတိုက်တော် ကြီးများ ဆောက်လုပ်လှူဒါန်းသည့် ကုသိုလ်တော် များကိုလည်း မရပ်မနား နေ့ရက်မခြား ပြုတော်မူလျက် ရှိလေသည်။
သာသနာရေး ဆိုင်ရာမှာလည်း ဆရာတော်၊ သံဃာတော်ကြီးများကို သာသနာပြု အပ်နှင်းသော အလှူတော် နန်းတွင်းနန်းပြင် မင်းမှုထမ်းကြီးငယ်များအား ပရိတ်တော်တရား စာပေကျမ်းဂန်များကို အာဂုံပြန်ဆိုနိုင်သူတို့ကို ရွှေဖလား၊ ငွေဖလား၊ ထည်မျိုးစုံ၊ အုပ်မျိုးစုံ စုပုံဆုပေးအပ်ပွဲကြီးမှာလည်း ရွှေနန်းတော်ဦးတွင် သုံးလတိုင်တိုင် ခြိမ့်ခြိမ့်မွှမ်းမျှ ကျင်းပထားလေသည်။
ရွှေနန်းတော်ကြီး၏ မှန်နန်းဆောင်ထဲတွင်လည်း ပွဲလမ်းသဘင် ကြီးကျယ်စွာ ဆင်ယင် ခင်းကျင်းပြီး သမီးတော် ထိပ်စုမြတ်ဖုရားကြီးအား မြပုခတ်တင် မင်္ဂလာအခမ်းအနားဖွင့်၍ ချီးမြှင့်တော်မူလေသည်။
ဆင်ဖြူတော်သိမ်း အခမ်းအနားမှာလည်း အရှင်နှစ်ပါးလုံး မင်းမြောက်တန်ဆာငါးပါး ဆင်ယင်လျက် ထွက်တော်မူလေရာ ညီမတော် ရမည်းသင်းစုဖုရားကလေးမှာလည်း မိဖုရားတစ်ပါးအဖြစ် အခြံအရံ မင်းခမ်းမင်းနားနှင့်ပင် ပါဝင်ထွက်တော်မူရလေသည်။ သီပေါရွှေနန်းရှင် ဘုရား၏ ညီမတော် မိတ္ထီလာ စုဖုရားကလေးအားလည်း ညီမတော် ရမည်းသင်းစုဖုရားနှင့် ရွယ်တူထားလျက် ရှေးကထက် အခွင့်အရေးပေးကာ သဒ္ဓါတော်မူလာလေသည်။ ထို့ကြောင့် ရွှေနန်းတော်သူ ရွှေနန်း တော်သားများ ပျော်ပျော်ပါးပါး ဖြစ်လာကြပြန်တော့သည်။
ဤနည်းနှင်နှင် ရေအယဉ်စီးသကဲ့သို့ ရွှေနန်းတော်ကြီး ပတ်ဝန်းကျင်၌ ပွဲသဘင် အခမ်းအနားနှင့် ဗြောသံစည်သံများ ခြိမ့်ခြိမ့်မွှမ်း လွှမ်းခြုံရစ်သိုင်း၍ ထားလေသတည်း။
ကျဉ်းမြောင်းလုံခြုံသော အခန်းငယ်တွင် ကောက်ရိုးမျှင်တို့ကို အဖော်ပြု၍ နေ့ရှိသမျှ ဆင်းရဲငြိုငြင်စွာ နေခဲ့ရရှာသော ခင်ခင်ကြီးမှာ တိတ်ဆိတ်ငြိမ်သက်သော ညဥ့်အချိန်များ၌ လေအလိုက်သင့်သောအခါ အတူရောနှော ပါလာသော ဗြောသံစည်သံများ၊ ပစ္စဉ်တံမြွာ တူရိယာသံများကို သာယာဆူညံစွာ ကြားရလျှင် မိမိ ခံစားတွေ့ကြုံနေရသော ဆင်းရဲဒုက္ခများကို မေ့လျော့ကာ အားရ၀မ်းသာ ဖြစ်မိရှာသည်။ ရွှေနန်းရှင်ဘုရား ကျန်းမာတော်မူနေပါပြီ။ ဒါကြောင့်သာ ပျော်ပွဲရွှင်ပွဲ သဘင်ပွဲတွေ ခံလို့နေသည်။ "ရွှေနန်းရှင်ဘုရားရယ် ... ခင်ကြီးကို အမေးတော်များ မရှိလေဘူးလားဘုရား၊ ရွှေနန်းရှင်ဘုရားကသာ မေးတော်မူလျှင် မိခင်ကြီးရဲ့ ဖြစ်ကြောင်း ကုန်စင်ကို လျှောက်တင်ချင်တဲ့သူတွေလည်း မနည်းဘဲ ရှိရစ်ပါလိမ့်ဦးမယ်ဘုရား၊ ခင်ကြီးတစ်ယောက်ကို မေ့ပျောက်တော်မူနိုင်ရက်ပါပေ့ ကျေးဇူးရှင်ဘုရားရယ်၊ ကြင်နာတော်မူလှပါတယ် ဆိုတဲ့ အမိန့်တော် စကားများ၊ မုသားဖြစ်ကုန်ပေါ့လားဘုရား"ဟု အမှောင်လောကထဲသို့ ရော်ရမ်းမျှော်မှန်းပြီး မျက်ရည်ချောင်းစီးအောင် သွန်ချနေရှာသည်။
"ရွှေနန်းရှင်ဘုရားမှာ မင်းစည်းစိမ်နှင့် ရိပ်ငြိမ်ချမ်းသာ စံစားတော်မူရာမှ သတိတော် မရသော်လည်း ဒုက္ခသည် ခင်ကြီးမှာတော့ အားကိုးကြီးနှင့် မျှော်လင့်မိပါတယ်၊ ခင်ကြီးရဲ့ အသက်နှင့် ကိုယ်ခန္ဓာ ယခုလို မြဲနေရသည်မှာလည်း ရွှေနန်းရှင်ဘုရား၏ သွေးတော်သားတော် ကလေးကို သန္ဓေဆောင်ထားရသေးလို့တဲ့ဘုရား၊ ဖြစ်သမျှ ကိုယ်တော် မသိရှာဘူးထင်ပါရဲ့၊ ခင်ကြီးအပေါ်မှာ ရက်စက်တော်မူမဲ့ ကိုယ်တော် မဟုတ်ရှာပါဘူး" ဟု လူးလှိမ့်ကာ ပြင်းပြင်း ထန်ထန်ကြီး ကြိတ်၍ ငိုရတော့သည်။
ငှက်ကလေးပမာ အတောင်ပေါက်ကာ ပျံနိုင်လျှင်လည်း ရွှေနန်းရှင် စည်းစိမ်တော် ယစ်မူးရာသို့ အမြန်သွားပြီး အနင့်သား ပြောလိုက်ချင်လှသည်။ လိုရာကို မသွားနိုင်ဘဲ အခန်းကျဉ်းကလေးထဲမှာ လက်ပြန်ကြိုးတစ်ထပ် ချည်ထားခြင်းခံရသော မိမိဘ၀ကို ပြန်ကြည့်လျက် အံကြီးစိတ်ပေါက်မိပြန်တော့သည်။
ဒိုင်းခင်ခင်မှာ ဤသို့နှင်နှင် နေ့စဉ်ရက်ဆက် မျက်ရည်နှင့် မျက်ခွက် ဆင်းရဲဒုက္ခခံလျက်ပင် သီပေါ ရွှေနန်းရှင်ကို စိတ်တွင် တမ်းမှန်းပြီး အားကိုးမျှော်လင့်ခြင်းကြီးစွာ နေခဲ့ရှာသည်။ ထိုညအဖို့မှာလည်း အခါတိုင်းကဲ့သို့ပင် နေ၀င်ဖျိုးဖျ အချိန်လောက်ကစ၍ လေးလံလှသော စိတ်များ၊ အားငယ်ကြောက်ရွံ့သော လှုပ်ရှားမှုများကို ခံစားနေကျအတိုင်း ရှစ်ခွင်သိုင်း၍ မှိုင်းမှောင်လာသော ညမီးထွန်းချိန်အထိ မိမိဖြစ်အင်ကို စဉ်းစားဆင်ခြင်လျက်ရှိသည်။ အကျဉ်းထောင်မှ ထုတ်ယူလာပြီး ဤအခန်းကျဉ်းကလေးထဲသို့ ပြောင်းလာရသည်ပင် တစ်လကျော်ကျော် နှစ်လနီးပါးသို့ ရောက်ခဲ့လေသည်။ တိုင်တားမင်းကြီးကိုလည်း ပထမအကြိမ် တွေ့မြင်လိုက်ပြီးနောက် ယခုတိုင် တစ်ကြိမ် တစ်ခါမှ မတွေ့ရ၊ နေ့စဉ် အာဟာရပို့လာသူ အဒေါ်ကြီးကလည်း မျက်နှာကြီးစွာထား၍ စကားလည်းမဆို မေးလိုရာကို မမေးဝံ့၊ ကြောက်ရွံ့လျက်သာ နေ့ရက်ကုန်လွန်ခဲ့ရာ ကြာသော် ထိုမိန်းမ ကြီးအား ခင်ခင်ကြီး စိတ်များက လူသားဟူ၍ပင် မမှတ်ထင် အကြင်နာတရားနည်းပါးလှသော ဘီလူး သရဲကြီးပမာ မြင်လိုက် သည့် တစ်ခဏ၌ ကြက်သီးများထ၍ လာမိရှာသည်။
ယင်းသို့ နုနယ်ငယ်ရွယ်သူ မိန်းမသားကလေးမှာ ဆင်းရဲဒုက္ခ အသွယ်သွယ်နှင့် ပြည့်နှက်သော နေ့ရက် တည်း ဟူသော ကန္တာရခရီးကြမ်းကြီးကို အားငယ်စွာ လွန်မြောက်လာခဲ့ရာ ယနေ့အဖို့ကား အားအငယ်ဆုံး စိတအလေး ဆုံးသာ ဖြစ်ပါလေတော့သည်။ နေ၀င်စက ညစာအပို့လာသော မိန်းမကြမ်းကြီးမှာ အကြောင်း မသိ ခါတိုင်းထက် ထူးခြားသော စကားတစ်ခွန်းကို ဆို၍ သွားလေ သည်။
တံခါး ဖွင့်လျက် ထမင်းခွက်ကို ချထားပြီး ခါတိုင်းကဲ့သို့ ဣနြေ္ဒကြီးနှင့် ပြန်ဆင်းမသွားဘဲ
"ရော့ စား နက်ဖြန် ငါ မပို့ရတော့ဘူး "
ထူးခြားစွာ ဆိုသွားသော သူ့စကားမှာ ဘာကိုရည်၍ ပြောလိုက်ခြင်းဟု မစဉ်းစားတတ်အောင် ရှိလေသည်။ ထိုကြောင့်လည်း ပို၍ စိတ်လေးမိသည်။
မှောင်ရည်သန်းစအချိန်မှ အစပြု၍လည်း မြင်းဇောင်းတဲတန်းကြီး၏ နောက်ပိုင်းဆီမှ ကြည်ကွဲရှည်လျားစွာ အူလိုက်သော ခွေးအူသံကြီးမှာ မကြာခဏ ကြားနေရတော့သည်။ အတောင်တဖျပ်ဖျပ်ခပ်၍ ပြတ်သည် မရှိအောင် ပျံသန်းကူးသွားနေကြသော လင်ကောင်ပိုးခေါ်သည့် ငှက်ဆိုးသံမှာလည်း နားမခံနိုင် လောက်အောင် စူးရှကျယ်လောင်စွာ ထိုး၍ ထိုး၍ သွားတတ်သည်။ အားငယ်ကြောက်ရွံ့တတ်သော မိန်းမသား ပီပီ ဤအခြင်းအရာများကြောင့် တုန်လှုပ်ချောက်ချားနေမိသည်။ ခါတိုင်းနှင့်မတူ ဆိတ်ငြိမ်သော မြင်းဇောင်းအနီးအပါးမှာ တစ်ခါ တစ်ခါ ဖြတ်သွားသော လူခြေသံလိုလိုလည်း တရှပ်ရှပ်ကြားရသည်။ ခင်ခင်ကြီးမှာ ထိုအခြင်းအရာများကို မသင်္ကာသလို ဖြစ်လာပြီး ၀ါးထရံအနီးသို့ တိုးကပ်ကာ သေးငယ် သော အပေါက်ကလေးမှ အသာတရ ချောင်း၍ ကြည့်လိုက်မိသည်။
အင်္ကျီမပါ ဗလာကိုယ်လုံးတွင် မဲပုဆိုးနွမ်းကို ခါးထောင်းမြှောင်အောင် ကျိုက်ထားသော လူကြီးနှစ်ယောက် မှောင်ထဲမှ ပေါ်လာသည်။ ကွမ်းတွေ တဗျစ်ဗျစ်ဝါးလျက် မျက်ထောက်ကြီးများ နီနေအောင် ထန်းရေတွေ အ၀ သောက်ထားသည်ကို သူတို့လက်မှ ယိမ်းထိုးနေသော ရေနံချေးမီးခွက်အရောင်တွင် အတိုင်းသား မြင်နေ ရသည်။
တစ်ယောက်ကား လက်မောင်းခန့်ရှိသည့် ရှားသားနှစ်တုတ်ကြီးကို မီးခွက်နှင့် တစ်ဖက်စီ ကိုင်ထားသည်။ တစ်ဦးကား ဖျင်နီအိပ်ထောင်ရှည်တစ်ခုနှင့် ၀ါးလုံးနှစ်ခု၊ လူသေကောင်တင် ၀ါးကပ် တစ်ခုတို့ကို စု၍ ကိုင်ထား ရာမှ ဖုတ်ခနဲ မြေပေါ်သို့ ပစ်ချလိုက်လေသည်။
ခင်ခင်ကြီးကား ဖျင်းခနဲ ကြက်သီးထ၍ သွားမိသည်။ ရင်သွေးတော် ဖွားမြင်မှုကိစ္စမပြီးသေးသောကြောင့် ငါ့အသက်ကို ဆိုင်းငံ့ထားခြင်းဖြစ်သည်။ ဤလူတွေဟာ ငါ့ကို သတ်ဖို့ လာတာမဟုတ်ပါဘူးဟု ကြက်သီး မွေးညင်း ထမိသော မိမိစိတ်ကို ကြိတ်၍ ဖြေလိုက်ရသည်။
ထိုခဏ၌ မိမိကို ထမင်းပို့နေကျ မိန်းမကြမ်းကြီးမှာ အာဏာပါးကွက်နှင့်တူသူ နှစ်ဦးအား တီးတိုးပြောဆို ခေါ်ငင်သွားလေသည်။ များမကြာမီ မိမိနေထိုင်ရာ အခန်းမှ တံခါးကို တစ်စုံတစ်ယောက်က လာ၍ ဖွင့်သဖြင့် ပွင့်သွားသည်။ လူရည်သန့်သန့်တစ်ယောက် ၀င်လာပြီး လက်က မီးခွက်နှင့် ခင်ခင်ကြီးအပါး ရောက်လာ လေ၏။
"ခင်ခင်ကို မင်းမင်းဘုရားက တွေ့တော်မူလို၍ အခေါ်ခိုင်းပါသည်။ တဆိတ် အပြင်လိုက်ခဲ့ပါ" ဆိုကာ လက်ပြန်ကြိုးလျှော့လျှော့နှင့် တစ်ဆက်တည်း ထရံတွင် ချည်နှောင်ထားသော ကြိုးကိုဖြတ်၍ အပြင်သို့ ခေါ်လာသဖြင့် ခင်ခင်ကြီးမှာ ဒယီးဒယိုင်နှင့်ပင် ကြိုးစားလိုက်ပါလာခဲ့ရလေသည်။
အပြင် ရောက်လျှင် ယခင်တွေ့ရသော ၀ါးကပ်ပစ္စည်းများအနီးရှိ ငုတ်တိုင်တစ်ခုတွင် ကြိုးစကို ချည်ခဲ့ပြီး အဆိုပါလူသည် မနီးမဝေးမှ ဖယ်နေလိုက်စဉ် အိမ်ကြီး၏ နောက်ဖေး လှေကားမှ အလင်းရောင်တစ်ခု ပေါ်လာလေသည်။ ထို့နောက် မီးခွက်ငယ်၏ အလင်းရောင်ကို အားပြုဆင်းလာသော တိုင်တားမင်းကြီးကို လှမ်းမြင်ရသောအခါ အားတက်၍ လာမိလေသည်။ မိမိကို သည့်ထက်ကောင်းတဲ့နေရာများ ပြောင်းထား မယ်လို့လား၊ သို့တည်းမဟုတ် ရွှေနန်းရှင်ဘုရား သိတော်မူသွားလို့များ အချုပ်အနှောင်ထားရာက လုံးဝ လွှတ်ပစ် တော့မယ်လို့လား စသော အားထားမျှော်လင့်ချက်များမှာ တိုင်တားမင်းကြီး မိမိအနီးသို့ ရွေ့လျား လာနေသော ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း တဖွားဖွား တိုးတက်ပေါ်ပေါက်လျက် ရှိလေ တော့သတည်း။
တိုင်တားမင်းကြီးသည် ခင်ခင်ကြီးအနီးသို့ ရောက်လာလေ၏။ မင်းကြီး၏ မျက်နှာမှာ ကြင်နာရောင် သန်း လျက် ရှိလေသည်။
"သြော် ... ခင်ကြီး ... ခင်ကြီး" ဟု လေးလေးကြီး မြည်တမ်းရေရွတ်ခါ ခေါင်းတညိတ်ညိတ်နှင့် စဉ်းစား လျက်ရှိလေ၏။
"တိုင်တားဘိုးဘိုးဘုရား၊ ခင်ကြီးအကြောင်း၊ ရွှေနန်းရှင်ဘုရား သိတော်မူသွားပါပြီလား ဘုရား"
ခင်ခင်ကြီးက မေးသော်လည်း တိုင်တားမင်းကြီးထံမှ အဖြေမရပေ။
"အခု ဘိုးဘိုးဘုရား ကြွတော်မူလာတာ ခင်ကြီးကို လွှတ်ဖို့လားဘုရား၊ ရွှေနန်းရှင် ဘုရားက အပါးတော် ၀င်စေ တဲ့လားပါဘုရား"
အားမလိုအားမရ ထပ်ခါလော၍ စိတ်ဇောကြီးစွာ မေးမြန်းပါလည်း တိုင်တားမင်းကြီးမှာ နှုတ်လေးလျက်သာ တစ်ခါ တစ်ခါ ရေနံချေးမီးစာကို လေမှုတ်သဖြင့် လှုပ်ရှားဖြတ်သန်းလာသော အလင်းရောင်၌ တစ်ခြမ်းမည်း တစ်ခြမ်း မှောင်နေသည့် တိုင်တားမင်းကြီး၏ မကြည်လင်လှသော မျက်နှာကို ခင်ခင်ကြီးက အကဲမခတ် နိုင်ရှာ အောင် ဖြစ်နေလေသည်။
တိုင်တားမင်းကြီးလည်း မပြောလျှင် မပြီးတော့သဖြင့် -
"ခင်ကြီးရယ်၊ နင့်ကံကလည်း ဆိုးလှသကွယ်၊ ဘိုးဘိုးလည်း တတ်နိုင်သလောက် အထောက် အထား ရသမျှနှင့် အကြောင်းပြလို့ ဆိုင်းထားပေမဲ့ အရှင့်အာဏာ ကျွန်မှာတည်စေဆိုတဲ့ စကားအတိုင်း ဘိုးဘိုး ခေါ်လို့ မထားနိုင်တော့ဘူးကွယ်၊ ဒါကြောင့် ငါ့မြေးကို ဒီညပဲ အာဏာပါးကွက်များလက်ထဲ အပ်ရ တော့မယ်" ဟု ၀မ်းနည်းသံကြီးနှင့် ပြောရတော့သည်။
"ဘုရား ... ဘုရား သွေးတော်သားတော်ကလေးကို ငဲ့ညှာတော်မမူတော့ဘူးတဲ့လား ဘိုးဘိုးဘုရား"
"အေး ဘိုးဘိုးက ခင်ကြီးကို သနားတာထက် ထီးဆက်နန်းဆက် ပြတ်သွားတတ်တယ် ဆိုတဲ့ အစဉ်အလာ အယူအဆကြောင့် ဖွားမြင်ပြီးတဲ့ အချိန်ကျအောင် ဆိုင်းငံ့ထားပရစေဦးလို့ အခါခါ ပြောသော်လည်း သဘောတော် မတွေ့၊ နေ့ရှိသရွေ့ ဘာပြုမဲ့ ရာဇ၀တ်ကောင်ကို သိုလှောင်ထိန်ဝှက်ထားရသလဲလို့ မေးတော် မူနေတော့ ကြာလျှင် ကိုယ်ပါ ရာဇ၀တ်မကင်း ဖြစ်မလာရအောင် ထောင်မှူး အာဏာသား တို့လက်သို့ ငါ့မြေးကို ၀ကွက်အပ်ရပေါ့ကွယ်၊ ၀ိပါက ၀ဋ်မကင်းလို့ မင်းတို့မှာ ယခုလို အသတ်ခံရသည်လို့ တွေးပြီး ဘ၀ကူးကောင်းအောင်သာ စိတ်ဖြောင့်ဖြောင့်ထားပေတော့ ခင်ကြီးရယ်၊ ဘိုးဘိုးတော့ မကယ်နိုင် ဘူး"
"အမယ်လေး ... ရက်စက်ကြပါပေရဲ့ တိုင်တားဘိုးဘိုးဘုရားရယ်၊ ဆိုးဝါးတဲ့ ကြမ္မာသည်ကို မကယ်နိုင် လျှင်လည်း ရှိပါစေတော့ ဘိုးဘိုးဘုရား၊ ကိုးပါးရတနာ ခြယ်မွစီစဉ် သီလ၀င်နဲ့ လျှင်မကြာပိုင်းရင်လည်း စိတ်တိုင်း ကျ အသေခံရန် အသင့်ပါပဲဘုရား၊ မသေခင်သာ ရွှေနန်းရှင် မောင်မောင်ကို အားရအောင် တစ်ကြိမ် လောက်ဖူးမြင်လို့ ဦးတင်သွားပါရစေ၊ ဒါမှ ခင်ကြီး သေလို့ ဖြောင့်ပါလိမ့်မယ် ဘိုးဘိုးဘုရား"
တိုင်တား မင်းကြီးကား ခေါင်းကို ဖြည်းညှင်းစွာ ရမ်းခါလျက်ရှိသည်။ ခင်ခင်ကြီးမှာ တိုင်တားမင်းကြီး ဒူးကို ဖက်ကာ မသေခင် ဖူးမြင်ချင်လှသော ဆန္ဒကို မရမရ ပူဆာလျက် ရှိတော့၏။
"ဘိုးဘိုး မတတ်နိုင်ဘူးမြေးရယ်၊ ဘုရင့်သွေးသား လွယ်ပိုးထားရသော မိဖုရားများကို သတ်မိလျှင် ထီးစဉ်နန်းဆက် ပြတ်သွားတတ်တဲ့အတွက် ဘိုးဘိုး၏ ရာထူးစည်းစိမ် မငဲ့ကွက်ဘဲ အချိန်ဆွဲထားခဲ့မိတယ်၊ ယခင် မင်းညီ မင်းသားများ သတ်စဉ်ကလည်း အမှုမဲ့ အမှတ်မဲ့ မြေကျင်းကြီးထဲမှာ တူးမြှုပ်ထားမိတဲ့အတွက် မိုးသုံးနှစ် ဆက်၍ ခေါင်ကာမှ မဟာဆီ မဟာသွေး မြေမကျရဆိုတဲ့ အစဉ်အလာကို သိရပြီး အရေး တကြီးဖော်ယူလို့ ဧရာဝတီမြစ်ထဲ ချပစ်ကြရသေးတယ်၊ ယခုအခါမှာလည်း အဲဒီကိစ္စကို သတိရမိတာနှင့် ကုန်းဘောင်နန်းရိုး မုဆိုးဆက်ပြတ်သွားမည်စိုးသဖြင့် ဘိုးဘိုးလက်မှာ ခင်ကြီးကို မီးဖွားပြီးသည်အထိ တာဝန်ယူကာ ဆိုင်းထားမိတယ်၊ တခြားသော ၀န်ကြီးများဆိုလျှင် ကိုယ့်အရေးထက် သူ့အရေးကို ငဲ့ကွက်ဝံ့မည် မဟုတ်ရှာဘူး၊ ဘိုးဘိုးမှာ အထူးသဒ္ဓါ ယုံမှတ်သူမို့သာ ရာဇ၀တ်မရောက်ရသည် မှတ်ပါ၊ ဒီတော့ကာ ဘိုးဘိုးလည်း ဘာမှထပ်ပြီး မပြောနိုင်ဘူး၊ ငါ့မြေးတို့ ကုသိုလ်သာ အောက်မေ့ကြပေတော့" ဟု ဖြည်းဖြည်း ချင်း ပြောဆိုနားချရှာတော့သည်။
ခင်ခင်ကြီးကား မျက်ရည်များ မထွက်နိုင်လောက်အောင် ခန်းခြောက်ကုန်ပြီဖြစ်၍ သေနေ့စေ့သူဟု မိမိကိုယ်ကို ပိုင်းဖြတ်လိုက်ကာ သွေးပူပြင်းပြီး စိတ်တင်းတင်းကြီးထားလျက် ရှိလေ၏။ ငိုနေ၍လည်း သေဘေး မှ ချမ်းသာရာရမည် မဟုတ်၊ ကြောက်ရွံ့ တွန့်ဆုတ်နေ၍လည်း မဖြစ်၊ ထပြေးနိုင်စေကာလည်း မလွတ်၊ ၀ဋ်နှင့်ကြမ္မာ မလွှဲသာ၍ လည်စင်းကာခံရန်သာ ရှိကြောင်း ကောင်းစွာနားလည်တော့သည်။
"တိုင်တားဘိုးဘိုးဘုရား၊ ခင်ကြီးအတွက် ဤမျှငဲ့ကွက်တော်မူခဲ့တဲ့ ကျေးဇူးတော်တွေ၊ သေရာအထိ မမေ့နိုင်တော့ ပါဘူးဘုရား၊ နောက်ဆုံးတစ်ခုကို ဘိုးဘိုးဘုရားကို ခင်ကြီး တောင်းပန် အသနား ခံသွားလိုသည်မှာတော့ ရွှေနန်းရှင်ဘုရား စိတ်တော်ပျော်ရွှင် ကြည်သာတော်မူခိုက်များ ဘိုးဘိုးဘုရားနှင့် စကား စပ်မိပါလျှင် ခင်ကြီးအဖြစ်အပျက်များ လျှောက်ထားပေးတော်မူပါ၊ ခင်ကြီးဟာ သေရာ အချိန် အထိပင် ရွှေနန်းရှင်ဘုရားရဲ့ ရာဇ၀တ်ကို ဦးညွတ်ခံရင်း တစ်ကြိမ်လောက်မျှ မဖူးရလေခြင်းလို့ ယူကျုံး မရ ဖြစ်လျက် သေသွားတယ်ဆိုတဲ့ အကြောင်းနောက်နောင် ဖြစ်လေရာ ဘ၀သံသရာတွင် ရွှေနန်းရှင်ဘုရားနှင့် ငှက်ဖြစ်သော်မှ တစ်ကိုင်းတည်း နားပါရစေလို့ သေမဲ့ဆဲဆဲ အံခဲပြီး ဆုတောင်းဆုယူပြုသွားပါတယ်လို့ သံတော်ဦး တင်ပါတော့ဘုရား"
"အေးအေး ... အမေးတော်ရှိလျှင် လျှောက်တင်လိုက်ပါမယ် မြေးရယ်၊ ဘိုးဘိုး မျက်နှာလွှဲတော့ မယ်နော်"
"အို ... ချက်ချင်းပင် မျက်နှာတော် လွှဲတော့မလား တိုင်တားဘိုးဘိုး၊ ကံဆိုးတဲ့ ခင်ကြီးက သေခါနီး ကန်တော့ လိုက်ပါရစေ ခဏနေတော်မူပါဦး" ဟု ပြောကာ ဦးသုံးကြိမ်ချလေသည်။ ထို့နောက် "ဘုန်းတော် အလွန်တရာ ကြီးမြတ်တော်မူလှသော ရေမြေ့သခင် ခင်ကြီးရဲ့ လင်၊ ရွှေနန်းရှင်ကို ဦးတင်ညွတ်ကာ ကန်တော့လိုက်ပါပြီ၊ ဤဘ၀မှစ နိဗ္ဗာန်မရသေးသမျှ ဖြစ်လေရာ ဘ၀တို့တွင် ရွှေနန်းရှင် မောင်မောင်နှင့် ကြင်နာ ပေါင်းဖက် ရေစက်ဆုံစည်းရပါစေသား၊ ကံ ကံ၏ အကျိုးပေးမှုအားကြောင့် လူ့ဘ၀ကို မရသော အလှည့်များမှာပင်လည်း ငှက်ဖြစ်သော်မှ တစ်ကိုင်းတည်းနားရပါလို၏ဘုရား၊ မြတ်စွာဘုရားအား ရည်စူး၍ ဆုထူးပန်ရာတွင် ထက်သန်သော အဓိဋ္ဌာန်စိတ်ထားနှင့် မှန်ကန်သောစကားကြောင့် တိုင်တားဘိုးဘိုးကို သက်သေ ထား၍ ယခု တောင်းလိုက်သော ဆုများ ပြည့်စုံရပါလို၏ဘုရား"
"ခင်ကြီး တောင်းတဲ့ဆုနှင့် ပြည့်စုံပါစေကွယ်၊ ကိုင်း ဘိုးဘိုး သွားတော့မယ်"
"ခင်ကြီး နောက်ဆုံးကန်တော့လိုက်ပါပြီဘုရား" ဟု ပြောသော်လည်း အဓိဋ္ဌာန်စိတ်နှင့် မှိတ်ထားသော မျက်လုံးကို မဖွင့်တော့ဘဲ လက်အုပ်ချီကာ ဘုရားအာရုံပြုနေရှာတော့သည်။ တိုင်တားမင်းကြီးမှာ စိတ်မကောင်း စွာနှင့်ပင် အိမ်တော်ကြီးရှိရာ မှောင်ထုထဲသို့ ၀င်ရောက် ပျောက်ကွယ်သွားလေ၏။
မြင်းဇောင်းထဲမှ အာဏာပါးကွက်ကြီး နှစ်ယောက်လည်း ခင်ခင်ကြီးအနီးသို့ ရောက်ခဲ့လေသည်။ မနီးမဝေးမှ လေထဲတွင် ယိမ်းထိုးလှုပ်ရှားနေသော ရေနံချေးမီးခွက်၏ အလင်းရောင် ပျောက်ကြားတွင် မလှုပ် မရှား ဘုရားအာရုံပြုလျက်ပင် ရှိနေသေးသူ ခင်ခင်ကြီးအား အာဏာသားတစ်ဦးက ခေါင်းမှဆံပင်ကို စုဆွဲလျက် မျက်နှာကို နောက်လှန်ချလိုက်သောအခါ ပြေပြစ်သော လည်တိုင်ကလေးကို မော့ပေးသကဲ့သို့ ဖွေးခနဲဝင်းခနဲ ပေါ်လာတော့သည်။ အာဏာသားတစ်ယောက်ကား ရှားနှစ်တုတ်ကြီးကို တယုတယသုတ်၍ လက်ထဲတွင် ဆုပ်ကိုင်ချိန်ဆနေလေရာ မျက်လုံးကိုမှိတ်ထားပြီး ဘုရားအာရုံပြုနေသူ ခင်ခင်ကြီးမှာ အာဏာ သားတို့၏ ကြောက်ရွံ့ဖွယ်အသွင်ကို လုံးဝမမြင်ရ မတွေ့ရတော့ဘဲ စွဲလမ်းထင်မြင် အာရုံ ကောင်းဝင်ဖို့ရာ ရောင်ခြည်တော်ခြောက်ဖြာ ကွန့်မြူးဟန် ဘုရားရှိခိုးကို တီးတိုးရွတ်ဆိုလျက် ရှိလေ သည်။
တိတ်ဆိတ်မည်းမှောင်သော ပတ်ဝန်းကျင်မှာ စူးရှစွာ ထိုးမြည်သွားသော ငှက်ဆိုးသံတစ်ချက် ပေါ်လာပြီး အသံနက်ကြီးနှင့် တစ်ချက်လွှတ်ထ၍ အော်လိုက်သော ခွေးအူသံအဆုံးတွင် ဗြုန်းခနဲ အိပ်တန်းမှ လန့်ဖျပ် ပျံသန်းသွားကြသော ကျီးပြိုသံများ ဆူညံသွားသည်။ ထိုအခိုက် အတန့်မှာ စိတ်မကြည် လင်လှသော တိုင်တားမင်းကြီးသည် ဘုရားခန်းတွင် ပုတီးစိပ်၍ ပရိတ်မေတ္တာဘာဝနာများ ပွားနေဆဲ ဖြစ်လေ၏။ တိုင်တားမင်းကြီးမှာ ဘုရားအာရုံပြုရာ ဘုရားစင် ၀ရန်တာမှ အိမ်ကြီးနောက်ပိုင်းဆီသို့ အမှတ်မထင် မျက်စိရောက်သွားမိ၏။ လူနှစ်ယောက်သည် ရှည်လျားသော အိတ်ထောင်ကြီးကို ၀ါးလုံး နှစ်ချောင်းနှင့် ထမ်းသယ်လျက် နောက်ဖေး ၀င်ပေါက်မှ ထုတ်ယူသွားသည်ကို မှုန်မှုန်မွှားမွှား မြင်လိုက်ရသောအခါ " အင်း... ကုန်းဘောင်ဆက်တော့ ပြတ်ပါပြီ" ဟု တစ်ကိုယ်တည်း ရေရွတ်လိုက်မိပြီး သက်ပြင်းကြီး ချပစ် လိုက်ရှာတော့သတည်း။
တောင်ခိုးတောင်ငွေ့တွေ တဝေေ၀လွှမ်းလျက်ရှိသော ကျောက်တောင်ခါးပန်းကြီးများ ကြားတွင် တသွင်သွင် ဖြတ်သန်းစီးသွယ်နေသော မြစ်ကျဉ်းငယ်မှာ ကြည်လင်အေးမြသော စမ်းရေယာဉ်တို့ အစဉ် ပြည့်လျှံ နေမြဲဖြစ်သည်။ ကြည်ကြည်လဲ့လဲ့ ရေအဟုန်ရစ်သွဲသော မိုးကောင်းမြစ်ကမ်းခြေမှာ သာယာ စိမ်းစိုသော သဘာဝသစ်ပင်ပျိုနှင့် လျှိုမြှောင်ခင်တန်း ပန်းမျိုးစုံလွှမ်းလျက် ရှိစေကာမူ မိုးကောင်း မြို့နှင့် တောတောင်ရေမြေ သာယာပုံတွေကို ရှုမျှော်မိလေလေ အချုပ်ထောင်ကြီးအတွင်းမှ ရင်တွင်း လှိုက်လှဲကြေကွဲဆွေးမြည့်ရလေလေ ဖြစ်လျက်ရှိသူမှာ ဘုရင့် စာဆိုတော် ရာဇ၀တ်အကျဉ်းသားကြီး မောင်မောင်ငယ် သာ ဖြစ်လေသည်။
ရွှေဘုံရွှေနန်း ရွှေကြငှန်းနှင့် ရွှေနန်းကြီးသခင် ကျေးဇူးတော်ရှင်ဘုရားကို အားကိုး တသမှုသည် လည်းကောင်း၊ စေတနာရေယဉ်စီးသဖြင့် ကြိုးကြိုးစားစားကြီး ဆောင်ရွက်ပေးမိသည့် ခင်ခင်ကြီးအတွက် သူကလေး မှာ အပြစ်ရာဇဒဏ် လွတ်မြောက်ခါ စည်းစိမ်ချမ်းသာမပျက် နေထိုင်လျက် ရှိပြီဆိုသော သတင်းကို မိမိ မသေမီအတွင်း ကြားသိသွားလိုသော ဆန္ဒသည်လည်းကောင်း ထိုအကြောင်း နှစ်ရပ်အတွက်သာ ပြင်းပြင်းပြပြ တောင့်တမျှော်လင့်နေမိခြင်းမှ တစ်ပါး မောင်မောင်ငယ်မှာ အခြားသော စိတ်အာရုံဝင်စားမှုဟူ၍ မရှိတော့ပေ။ မိုးကောင်းဝန်မင်းက ထောင်အတွင်းပင် ဖြစ်သော်လည်း ချမ်းသာစွာ နေထိုင်ရန် ခွင့်ပြုထားသဖြင့် အနေအစား ချမ်းသာလျက် ရှိနေသည်ကိုပင် စိတ်မ၀င်စားနိုင်အောင် ဖြစ်ရ တော့သည်။ မိုးကောင်းဝန်မင်း မကြာမကြာ လာရောက်ကာ စားသောက်နေထိုင်မှု စိတ်တိုင်းကျရှိမရှိ မေးမြန်း စုံစမ်းကာ အစစအရာရာ အားပေးစရာများ ပြောကြားလာတိုင်းပင် မိမိအရေးထက် နေပြည်တော်မှ ဒိုင်းခင်ခင်ကြီး၏ သတင်းကို ကြားလိုကြောင်းသာ ပြောကြားလျက်ရှိတော့သည်။
မိုးကောင်းဝန်မင်းကလည်း "ကျွန်တော် ကြိုးစားလျက်ပါပဲ ကိုကြီးဖေ၊ ကိုကြီးဖေသိလိုတဲ့ ကိစ္စအရပ်ရပ်ကို ညီမောင်ကိုယ်စား ထပ်တူထပ်မျှ စိတ်ချရတဲ့လူတစ်ဦးအား စေလွှတ်ထားပါတယ်၊ လွှတ်လိုက်တဲ့ရက်များ အတန် ကြာသဖြင့် ပြန်လာချိန်လည်း နီးပါပြီ" ဟူသော အဖြေနှင့် မောင်မောင်ငယ်ကို နှစ်သိမ့် စေခဲ့ လေသည်။
မိမိကိုယ်ရေးကိုယ်တာ ဒုက္ခရောက်နေရာတွင် မိမိအရေးထက် သူတပါးအတွက် ပူပင် ကြောင့်ကြလျက် ရှိသည်ကို မောင်မောင်ငယ် အပေါ်တွင် မိုးကောင်းဝန်မင်းကပင် အားမလိုအားမရရှိလှသည်။ အကယ်၍သာ နေပြည်တော် က သတင်းရောက်လာလျှင်လည်း ခင်ခင်ကြီးအကြောင်း မကောင်းသတင်း ပါလာက လျှို့ဝှက်ဖျောက်ဖျက်ပြီး သတင်းကောင်းအဖြစ်နှင့် သူ၏ စိတ်သက်သာရာရရန် ကြံဖန် လီဆယ်၍ ပြောရ တော့ မည်ဟု စိတ်ကူး စီစဉ်ထားမိလေ၏။
သို့နှင့်ပင် တစ်နေ့သောအခါ၌ မိုးကောင်းမြို့ ကမ်းခြေသို့ လှေကြီးတစ်စင်း ဆိုက်ကပ်လာလေသည်။ ထိုလှေမှာ နေပြည်တော်မှ ဆန်တက်လာသော လှေဖြစ်၍ မိုးကောင်းဝန်မင်း စေလွှတ်လိုက်သူမှာ ထိုလှေ နှင့်ပင် လိုက်ပါလာလေသည်။ လှေမှာ နေပြည်တော်မှ ခါတိုင်းကဲ့သို့ အရပ်ရပ်ဆင့်ဆိုရသော မင်းကိစ္စနှင့် စပ်လျဉ်းသော စာချွန်တော်များ ရာဇ၀တ်ကောင်များ စားနပ်ရိက္ခများပါလာသည့်အပြင် ဗန်းမော်မြိ့မှ အထူး ကိစ္စ တာဝန်နှင့် လိုက်ပါလာကြသော မင်းလုလင်များနှင့် အရာရှိတစ်ဦးပါ မိုးကောင်းဝန်မင်း အိမ်တော် သို့ ရောက်လာတည်းခိုကြလေသည်။
နေပြည်တော်မှ သတင်းများကို စိတ်ထက်သန်စွာ ကြားသိလိုသူ မောင်မောင်ငယ်အဖို့ အကောင်းမရှိ အဆိုးချည်း သက်သက်ဖြစ်သော သတင်းနှစ်ရပ်မှာ ထိုလှေကြီးနှင့် ထက်ကြပ်ပါခဲ့လေပြီ။ မိုးကောင်းဝန်မင်း စေလွှတ်သူ သည် နေပြည်တော်ရှိ မိုးကောင်းဝန်မင်း၏ ဆွေမျိုး မိသင်္ဂဟတို့ထံမှ စုံစမ်းကြားသိရသော သတင်းများအရ ဒိုင်းအတွင်းဝန်မင်းနှင့် အတွင်းဝန် ကတော်တို့ ကွပ်မျက် လိုက်ပြီဖြစ်ကြောင်းကို လည်းကောင်း၊ ရနောင်မြို့စား မောင်မောင်တုတ်မှာ အကျဉ်းထောင်ထဲတွင် သူ့ကိုယ်သူ ကတ်ကြေးပျက် နှင့်ထိုး၍ သေဆုံးသွားပြီ ဖြစ်ကြောင်းကိုလည်းကောင်း၊ ရနောင်မင်းသား ညီပင်းသာ မောင်မောင်ဗျောင်းမှာ ကံအား လျော်စွာ သတ်ရာတွင်မပါ၊ မိုးကောင်းပို့ရာတွင်လည်း မလိုက်ရ၊ နေပြည်တော် အကျဉ်းထောင်မှာ ကျန်ရှိ နေခဲ့ရသေးကြောင်းတို့ကိုလည်းကောင်း၊ ဒိုင်းခင်ခင်ကြီးကိုလည်း ကွပ်မျက်စေရန် အမိန့်ချပြီး၍ ယခုအချိန်၌ ကွပ်မျက်ပြီးလောက်ပြီဖြစကြောင်းကို လည်းကောင်း၊ ရွှေနန်းရှင်ဘုရားမှာ ကျန်းမာတော် မူလျက် ရှေးအထက်ကကဲ့သို့ အရှင်နှစ်ပါး ဆယ့်နှစ်ရာသီ အလှူတော်များ ပျော်ပွဲသဘင် မင်းပွဲသဘင် အခမ်းအနား များ ထွက်တော်မူမြဲအတိုင်းပင် ထွက်တော်မူနေပြီ ဖြစ်ကြောင်း၊ ညီမတော် ရမည်းသင်း စုဖုရားကိုလည်း ဘုန်းတော်ကြီးဘုရားက သိမ်းပိုက်တော်မူကာ ကြည်သာရွှင်လန်းစွာ စံတော်မူလျက် ရှိကြောင်းများကို တစ်ဆင့်ပြောပြသော အခါ မိုးကောင်းဝန်မင်းမှာ မောင်မောင်ငယ်အတွက် ကြားရချက် မသက်သာလှသော သတင်းများသာ ဖြစ်သောကြောင့် ပြောရမည်ကို စိတ်မကောင်းဖြစ်ရပြန်သည်။ ထို့ကြောင့် မူလစီစဉ် စိတ်ကူးထားချက်အရ ထိုသတင်းများကို ဖုံးဖိထားပြီး နားဝင်ချမ်းသာစေမည့် စကားလောက် ကိုသာ မုသားလွတ်ပြောကြားပါတော့မည်ဟု ပိုင်းဖြတ်ထားလေ၏။
သို့ရာတွင် ထိုထက်ဆိုးသော သတင်းတစ်ရပ်မှာကား ဗန်းမော်မြို့မှ မင်းမှုထမ်းများ ရောက်လာကြသော ကိစ္စဖြစ်လေ၏။ မိုးကောင်းဝန်မင်းသည် ၄င်းအရာရှိများ လာရောက်ကြသည့် ကိစ္စကို ၀တ္တရားအရ မေးမြန်း စုံစမ်းသော အခါ -
နေပြည်တော်ကြီးမှ ဗန်းမော်ဝန်ထံသို့ သံကြိုးနှင့် ပို့လိုက်သော အမိန့်တော်အရ ဗန်းမော်ဝန်က မိမိတို့ကို စေလွှတ်လိုက်သဖြင့် မိုးကောင်းမြို့သို့ ရောက်လာရကြောင်း၊ လာကြသော အကြောင်းကိစ္စမှာ နေပြည်တော်မှ မိုးကောင်းအကျဉ်းထောင်သို့ လွန်ခဲ့သော သုံးလေးလခန့်က ပို့လွှတ်ထားသော ရာဇ၀တ်သား များအနက်မှ သုတ်သင်ကွပ်မျက်ရန် ပါလာသော ရာဇ၀တ်သား ငဖေငယ်အား သုတ်သင် ကွပ်မျက်ခြင်း ပြုပြီးကြောင်းများ ယခုတိုင် အစီရင်ခံစာ မရသေးသဖြင့် ဗန်းမော်ဝန်က တာဝန်ခံ၍ သွားရောက်ခေါ်ယူပြီးလျှင် ဗန်းမော်စစ်တပ်၌ အပြီးပိုင်သတ်ဖြတ် သုတ်သင်ရမည်ဟူသော အမိန့်တော်အရ ရာဇ၀တ် အကျဉ်းသားကို ခေါ်ယူရန် လာရောက်ကြရကြောင်းများ၊ ပြောပြကြသောအခါ မိုးကောင်း ၀န်မင်းမှာ မိမိပါ ရာဇ၀တ်မကင်း ဖြစ်ရတော့မည်လားဟု တုန်လှုပ်ခြင်း ဖြစ်သွားမိလေသည်။
သို့ရာတွင် ကျေးဇူးရှင် မောင်မောင်ငယ်အတွက် မိမိတတ်နိုင်သည့်ဘက်မှ ကျေးဇူးပြုရခြင်းကြောင့် မင်းပြစ် မင်းဒဏ် ခံရသည်တိုင်အောင် ကျေးဇူးဆပ်ရန် စေတနာသန်လျက် ရှိသဖြင့် စိုးရိမ်သင့်သလောက် စိုးရိမ်ခြင်း မဖြစ်တော့ပေ။ ဤသတင်းဆိုးတွေကို မောင်မောင်ငယ်အား အဘယ်ပုံ ပြောကြားရမည်ဆိုသော အရေး ကိုသာ တွေး၍ စိတ်မချမ်းသာဖြစ်မိရှာသည်။ လာရောက် တည်းခိုသော မင်းမှုထမ်းများကိုလည်း များစွာ လောက၀တ်ကျေစေလျက် ၄င်းတို့ နှစ်သက်သော အရာများနှင့် လေးစားစွာ ဧည့်ဝတ်ပြုလေလျှင် မိုးကောင်း ၀န်မင်းမှာ အာဂန္တုမင်းမှုထမ်းတို့၏ ချစ်ကြည်လေးစားခြင်း ခံရရုံမက အကြောင်းပေါင်းများစွာ သင့်သွား ကြတော့သည်။
"အစ်ကိုတို့ကလည်း ဒီရာဇ၀တ်ကောင်ကို စီရင်ဖို့ကိစ္စနဲ့ နေပြည်တော်က အမိန့်တော်များ နောက်ထပ် ရောက်လာ ဦးမလားလို့ စောင့်စားနေမိတာနဲ့ ယခုလောက် ကြန့်ကြာသွားရပါတယ်။ မောင်တို့ အထင် မမှားပါနဲ့၊ ဗန်းမော်မြို့ဝန်ဖြစ်တဲ့ နောင်ကြီးထံသို့ အစ်ကိုပါ မောင်တို့နဲ့အတူ လိုက်လာပြီး ဒီရာဇ၀တ်သား ကို အပ်ပါမည်" ဟု ပြောဆိုထားပြီးလျှင် မိုးကောင်းမြို့မှ ဗန်းမော်မြို့ စုန်ဆင်းရန် လှေသဗ္ဗာန်များ အလျင် အမြန် ပြင်ဆင်ကြရန် မင်းမှုထမ်းများရှေ့တွင် ဆင့်ဆို စီမံထားလေ၏။
မိုးကောင်းဝန်မင်းမှာ ဧည့်သည်များကို စားဖွယ်သောက်ရန် စီမံခင်းကျင်း ကျွေးမွေးခြင်း ပြုထားခဲ့ပြီး အကျဉ်းထောင် ထဲသို့ အမှတ်မထင် ထွက်လာခဲ့လေသည်။
"ကိုကြီးဖေရေ နေပြည်တော်ကလွှတ်လိုက်တဲ့လူ ပြန်ရောက်လာပြီ ကိုကြီးဖေရဲ့"ဟု ၀မ်းသာရွင်ပြသော မျက်နှာနှင့် ကြိုးကြိုးစားစား ဟန်လုပ်ကာ ပြောလိုက်ရတော့သည်။
"ပြောစမ်းပါဦး ညီမောင်ရယ်၊ ဘယ်လိုသတင်းများ ပါလာသလဲ" ဟု စိတ်အားထက်သန်စွာမေးလျှင် -
"ကိုကြီးဖေ ထင်သလို သူတို့ ဒုက္ခရောက်ပုံမရပါဘူး၊ ရွှေနန်းရှင်ဘုရားလည်း ကျန်းကျန်းမာမာနဲ့ အလှူတော် ကြီးများပေးလျက် မင်းပွဲသဘင်၊ ပျော်ပွဲသဘင်များ ထွက်တော်မူနေပါသည်တဲ့၊ နောက် တစ်ချက် ထူးခြားတဲ့ ကိစ္စတစ်ရပ်ကတော့ ရွှေနန်းရှင်ဘုရားနှင့် မိဖုရားခေါင်ကြီးများ ပွဲသဘင် အခမ်း အနား ထွက်တော်မူလေတိုင်း အင်မတန် ချောမောပြေပြစ်တဲ့ မိဖုရား အသစ်ကလေးတစ်ပါးလည်း အရှင်နှစ်ပါး ၏ အပါးတော်က အမြဲပါလျက် တွေ့မြင်ကြရပါသည်တဲ့၊ ကိုကြီးဖေ ပြောပြောနေတဲ့ ဒိုင်းခင်ခင်ကြီး ဆိုတာနှင့်ပဲ တူပါရဲ့" ဟု အမှတ်မဲ့ အရေးမကြီးသလို ပြောလိုက်လေသည်။
မိုးကောင်းအကျဉ်းထောင်သို့ ရောက်လာသည့်နေ့ကစ၍ ရာဇ၀တ်မှု ရောက်နေရသော ဒုက္ခသည် ပီပီ ဘယ်ဆီဘယ်အခါမှ ရွင်ပျသာယာစွာ မရှိခဲ့ဖူးသော မောင်မောင်ငယ်၏ မျက်နှာမှာ မိုးကောင်းဝန်မင်း ပြောလိုက်သော မုသားလွတ်သတင်းစကားကြောင့် ဘွားခနဲ မျက်နှာရွှင်လန်းလာလေသည်။
"အို ... ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ ချောချောလှလှ မိဖုရားကလေးဆိုသည်မှာ ကိုကြီးနှမကလေး ဖြစ်မှာပါပဲ၊ ရွှေနန်းရှင်ဘုရားလည်း ကျန်းမာတော်မူလာပြီတဲ့လား ညီမောင်ရဲ့၊ ၀မ်းသာလိုက်တာ ညီမောင်ရယ်၊ သြော် ... ခင်ခင်ကြီး ခင်ခင်ကြီး ယခုလို တင့်တင့်တယ်တယ် ဖြစ်သွားသည်လို့ ကြားရတော့ အစ်ကိုတို့ ကြိုးစား ရကျိုး နပ်တာပါပဲ၊ အစ်ကိုတော့ သေမယ်ဆိုလည်း သေပျော်ပါပြီ ခင်ကြီးရယ်" ဟု ၀မ်းသာဝမ်းနည်း မျက်ရည် လည်ရွဲကြီးနှင့် လွှတ်ခနဲ ပြောလိုက်သည်။
အနီးအပါးက မိုးကောင်းဝန်မင်းသည် စိတ်တွင်းက မကောင်းလှဘဲ မောင်မောင်ငယ်၏ အကဲကို ခတ်လျက် ရှိလေ၏။ သေရမဲ့ဆဲဆဲ ခမျာမှာ ၀မ်းသာတဲ့စိတ်နှင့်သာ သေရှာပါစေတော့လေဟု သေရာမှာ အယူ မဖြောင့်မည့် သတင်းဆိုးများကို ကြိုးကြိုးစားစား ထပ်မံဖုံးအုပ် ထားလိုက်လေသည်။
"သတ္တ၀ါတစ်ခု ကံတစ်ခုဆိုတဲ့ စကားအရှိသားပဲ ကိုကြီးဖေရယ်၊ ကောင်းစားထိုက်တဲ့ ကုသိုလ်ကံ ပါလာသူ များဟာ မကောင်းစားဘဲနဲ့ မသေနိုင်ပါဘူး၊ ကိုင်း ... ကိုင်း စိတ်အေးလက်အေးထားပြီး ကိုကြီး အတွက်သာ စိတ်ချမ်းသာ အောင်နေပါ" ဟု သက်သာအောင် ဖြည့်စွက်လိုက်ပြန်သည်။
"ညီမောင်ရယ် ကိုကြီးသိလိုတဲ့ သတင်းကို ဆောင်ကြဉ်းပေးတဲ့အတွက် ညီမောင့် ကျေးဇူးကြီးပါပေတယ်၊ ဘယ်တော့မှ မမေ့ပါဘူး" ဟု ၀မ်းသာဖွယ်သတင်းကို ဆောင်ကြဉ်းပေးသည့် အတွက်ပင် ကျေးဇူးတင် စကား ပြောကြားလိုက်ပြန်ရာ မိုးကောင်းဝန်မင်းမှာ ကြာလျှင် ဣနြေ္ဒပျက်မည်စိုးသောကြောင့် ချက်ချင်းပင် ပြန်လာ ချင်တော့သည်။ သို့ရာတွင် အမျှင်မပြတ် သေးသော ကိစ္စတစ်ရပ်က ကျန်နေသေးသည်။ မောင်မောင်ငယ် ကို နက်ဖြန်ပင် ဗန်းမော်သို့ ပို့ရတော့မည်ဖြစ်ရာ ထိုသတင်းကိုလည်း တစ်လက်စတည်း ပြောထား လိုက်ချင်သေး သည်။ ဟုတ်မှန်သည့်အတိုင်း ဖွင့်ပြောရမည်မှာ နှုတ်မှ စကားမထွက်ရက်အောင် ရှိသော်လည်း သူသွားရမည့်ခရီးကို ကြိုတင်အသိပေးထားခြင်းဖြင့် စိတ်သက်သာမှု ရရှိစေခြင်းငှာ -
"ဒါနဲ့ ကိုကြီးဖေကို နက်ဖြန် ဗန်းမော်မြို့ကို ပို့ရပါမယ်တဲ့၊ ကျွန်တော့်သဘောတော့ ဗန်းမော်မြို့မှာ မိုးကောင်း မြို့ထက် နေပြည်တော်ကြီးနဲ့နီးတဲ့အတွက် အဆက်အသွယ် သတင်းစကားများကို ပိုမို လျင်မြန် စွာ ကြားနိုင်ပါတယ်၊ နေပြည်တော်နှင့် သတင်းအပေးအယူပြုရန် သံကြိုးကြေးနန်းများ သွယ်တန်း ထားရှိသော မြို့ဖြစ်သည့်အတွက်လည်း ပို၍ နှစ်သက်ဖို့ ကောင်းတယ် ထင်ပါတယ်"
ဟု ပြောလိုက် လေသည်။
"အို ... ညီမောင်ရယ်၊ ကိုကြီးဖေ ဘယ်မှာနေရသည်ဖြစ်စေ အရေးမကြီးပါ၊ ခင်ခင်ကြီး ကောင်းမွန် ချမ်းသာ စွာ နေရတဲ့ သတင်း ကြားရပြီးတဲ့နောက် အဖို့မှာတော့ ဘာမှ မလိုပါဘူးလေ၊ ခေါ်လိုရာ ခေါ်ထားပါစေ"
ဟု ကျေကျေနပ်နပ် ပြောလေသည်။
"ဗန်းမော်ထောင်ကို ပြောင်းရတဲ့အတွက် ကိုကြီးဖေ စိတ်မကောင်းမည် စိုး၍ ပြောပါသည်။ ညီမောင် ကလည်း ကိုကြီး တစ်ယောက်တည်း မလွှတ်ပါဘူး၊ အတူလိုက်လာခဲ့ပါဦးမယ်" ဟူသော မယုတ်မလွန် စကား ဖြင့် အသိပေးထားလိုက်လေ၏။
မိုးကောင်းဝန်မင်းမှာ မောင်မောင်ငယ်အား မသေမီ နားမချမ်းသာဖွယ်ဖြစ်သော စကားများကို မကြာစေခြင်းက သူ့အဖို့ ဘ၀ကူးဖြောင့်ရှာမည်။ သူ့ကျေးဇူးကို ဤနည်းနှင့်သာ ဆပ်စရာရှိတော့သည်ဟု ရည်ရွယ် ထားသည်။ ထို့ကြောင့်ပင် မိုးကောင်းမြို့မှ ဗန်းမော်မြို့သို့ စုန်ဆင်းလာသည်အထိ မောင်မောင်ငယ် မှာ ခင်ခင်ကြီး မိဖုရားဖြစ်နေရှာပြီ ဟူသော ယုံကြည်မှုကြောင့် နှစ်သိမ့်ကျေနပ်နေသော မျက်နှာထား ကိုသာ တွေ့မြင်လာရလေသည်။
မိုးကောင်းမြစ်ရေယဉ်သည် လျင်လျင်စီးလျက်ရှိသောကြောင့် လှေသမ္ဗာန်များ ဆန်တက်ရာ၌ အင်တိုက် အားတိုက် ကြိုးစားရသလောက် ရေစုန်မြောရသောအခါမူကား ဒရောသောပါး လှိမ့်ချလာသည်နှင့်မခြား ရက်တိုတို နှင့် ဗန်းမော်မြို့ကို ရောက်ခဲ့လေပြီ။
ဗန်းမော်ဝန်မင်းလက်သို့ မိုးကောင်းဝန်မင်းကိုယ်တိုင် မောင်မောင်ငယ်ကို ပို့အပ်ရောက်လာ၍ မျက်နှာစုံညီ ရှိနေသောအခါမှာမှ မောင်မောင်ငယ်မှာ မိမိကို သုတ်သင်ကွပ်မျက်ရန် ဗန်းမော်မှ လာယူကြကြောင်း သိရတော့ သည်။ သို့ရာတွင် မောင်မောင်ငယ်ကား ပူပင်ထိန်လန့်မှုများ မဖြစ်ဘဲ ရှိလေ၏။ မိမိ အကြံအစည် အောင်မြင်၍ ခင်ခင်ကြီးကို ချစ်စေတနာအလျောက် ချီးမြှောက်လိုက်ရပြီးသော နောက်အနာဂတ် အဖို့မှာမူကား မိမိအတွက် လောကကြီးအတွင်းတွင် အသက်ရှင်လျက် နေရပါငြားလည်း သေသူနှင့် မခြားတော့ဟု မှတ်ထင်ထားပြီး ဖြစ်သဖြင့် သံကြိုးနှင့် အမိန့်ချသောကြောင့် ဗန်းမော် အကျဉ်းထောင် က သုတ်သင်ကွပ်မျက်ရန် လာရောက်ခေါ်ယူသည်ဆိုသော စကားကို မောင်မောင်ငယ်က အရေး မထားတော့ပေ။
"ကောင်းပါပြီလေ၊ အမိန့်အတိုင်းသာ ပြုပါလေတော့၊ သို့ရာတွင် ကိုကြီးဖေ သေခါနီးမှာ ညီမောင် အနားက ရှိစေ ချင်ပါတယ်၊ မှာလိုရာကလေး မှာခဲ့ပါရစေ" ဆိုသော လိုလားချက်တစ်ခုကိုသာ တောင်းပန်သဖြင့် ဗန်းမော် ၀န်မင်းက ခွင့်ပြုလိုက်ရလေသတည်း။
ဗန်းမော်မြို့ ပတ်ဝန်းကျင်ကား လားဝန်တင်တို့ဖြင့် ကူးသန်းသွားသခြင်းဖြင့် ပရိယေသနရှာဖွေ လုပ်ကိုင် စားသောက်သူများ နေထိုင်ရာဌာန ဖြစ်သောကြောင့် နေထွက်က နေ၀င် တချွင်ချွင်မြည် သောဝန်တင်လား တိရစ္ဆာန်တို့၏ ချူဆည်းလည်းသံ ခလောက်သံများမှာ ငြိုးငြိုးညံမျှ ကြားနေရတော့သည်။
တောတောင် စိမ့်စမ်းများလည်း ထူပြော၍ အေးချမ်းစိုစွတ်လျက်ရှိသော ရာသီဥတု၏ ဖုံးလွှမ်းမှုကို အမြဲလိုလို ခံနေရသော ဌာနဖြစ်သဖြင့်လည်း မြို့သူမြို့သားတို့မှာ ထူထဲသော ဂွမ်းအင်္ကျီ၊ ဖျင်အင်္ကျီ ၀တ်စုံများကိုသာ ၀တ်ရုံ အားပြုထားကြရလေသည်။ မြန်မာနှင့် မိုင်းသာ၊ လီရှော၊ ရှမ်းတရုတ်တို့ ရောနှောနေထိုင်ကာ အေးချမ်းငြိမ်သက်စွာ လုပ်ကိုင် ရောင်းဝယ်စားရာ ဒေသဖြစ်သော်ငြားလည်း နယ်ခြားဒေသနှင့် နီးစပ်သဖြင့် မြန်မာဘုရင်၏ ခံတပ်ကြီးများ ဆောက်လုပ်ထား၍ များစွာသော စစ် တန်းလျား များတွင် စစ်သည်ရဲမက်တော်၊ အမှုထမ်းတွေ အများအပြား နေထိုင်ရာ မြို့ကြီးတစ်မြို့လည်း ဖြစ်လေ၏။ ဗန်းမော်ခံတပ်ကြီးမှာ နေပြည်တော်နှင့်လည်း သံကြိုးကြေးနန်းများ သွယ်တန်းထားရှိခြင်းဖြင့် တစ်နေ့တည်းနှင့် အရေးကြီးသော သတင်းများ၊ အမိန့်များကို ကြားသိစေရလျက် သွက်လက် ကျင်လည် သော မင်းမှုထမ်းများအပေါ်တွင် ဗန်းမော် ၀နမင်းဦးဆောင်ကာ စစ်ဗိုလ်စစ်ကြပ်တို့ ကွပ်ကဲအုပ်ချုပ်ခြင်းဖြင့် နယ်စပ်နယ်ခြားတို့မှ ရိုသေခံ့ညားခြင်းကို ခံယူရလေ၏။
နေစက်ဝန်းသည် အနောက်သို့ ယွန်းစပြုနေချိန် ဖြစ်လေသည်။ အနောက်မှ ရောင်ပြန်ဟပ်လျက်ရှိသော နေခြည်တန်းမှာ အရှေ့ဘက်ဆီမှ မြူမင်းလွင်ဆိုင်းလျက်ရှိသော ကုန်းမို့မို့ ဒေသရှိ ကြီးမားသော စကြာသုံးထပ်နှင့် အဆောက်အဦးကြီးများကို ပိုမိုထင်ရှားအောင် ညွှန်ပြထားကဲ့သို့ ရှိလေသည်။ တစ်ခါ တစ်ခါမှာလည်း အဆောက်အဦးကြီး၏ အထက်တွင် တပ်ဆင်ထားသည့် ဒုယင်စွန်းများမှ ၀င်းဝင်းဝါ၀ါ ရွှေရောင်များ ဖြာထွက်နေသော မြန်မာဘုရင်၏ ခံတပ် စစ်တန်းလျားကြီးများကို တွေ့ရသောသူများမှာ ရွှေနန်းတော်ကြီးကို ပြေး၍ ထင်မြင်မိစေတော့သည်။
ကုန်းပြင်မြင့်ရှိ ခံတပ်ကြီးပတ်လည်တွင်လည်း ကျင်းမြောင်းခလုတ်၊ ကတုတ်ရင်တားများနှင့် လက်နက် ခဲယမ်း မီးကျောက်ထားသိုရာ လက်နက်တိုက်များ စစ်မှုထမ်းတို့ နေထိုင်ရန် တဲအိမ်ကန္နား အဆောက် အဦးများလည်း ခံတပ်ကြီး၏ အနီးတစ်ဝိုက်တွင် အလိုက်သင့် အစီအရီ တည်ရှိနေကြလျက် အဆိုပါ ခံတပ်ကြီး၏ မြောက်ဘက် ခင်တန်း အဆွယ်ကလေးအပေါ်တွင်မူကား ယနေ့ နေမ၀င်မီ သုတ်သင် ကွပ်မျက်ရမည့် ရာဇ၀တ်သင့်သူ အကျဉ်းသား ဘုရင့်စာဆိုတော် တောင်သမန် လယ်စားကြီး စီးတော်မြင်းဝန်၊ ရွှေတိုက်စိုး စသော ရာထူးဂုဏ်ထူးဟောင်းများ စွန့်လွှတ်ခဲ့ရသော မောင်မောင်ငယ် (ဦးဖေငယ်) အား လက်မရွံ့ အာဏာသားတစ်စုတို့ သုတ်သင်ကွပ်မျက်တော့မည်ဟု ၀ိုင်းရံနေပြီ ဖြစ်လေ၏။
မိုးကောင်း ၀န်မင်းမှာ သံယောဇဉ် မကင်းတရားကြောင့် မောင်မောင်ငယ် အပါးတွင် မှာထားလိုသော စကားများ နားထောင်ရန် ရောက်နေလေရာ သေရမည့်ဆဲဆဲ ဖြစ်နေသူ မောင်မောင်ငယ်ထက်ပင် မျက်နှာ ညိုးနွမ်း နေလေတော့သည်။ "ညီမောင် ကိုကြီးဖေအတွက် စိတ်မကောင်းမဖြစ်ပါနဲ့ တစ်ဘ၀ တစ်ခါ သေရမည့် သူချည်းဖြစ်ပါတယ်၊ ကိုကြီးဖေကို ညီမောင် သနားကြင်နာပါက ကိုကြီးဖေ သေခါနီး မှာကြား ခဲ့သမျှကိုသာ ဆောင်ရွက်ပါလေတော့"ဟု ပြန်၍ ဖျောင်းဖျ လိုက်ပေသေးသည်။
စီရင်မည့် ထောင်မှူးအာဏာသားတို့ကား အနီးအပါးမှ ဓားတသသ ဖြစ်နေကြသည်။
"ညီမောင်ရယ်၊ ပုရပိုက်ငယ်တစ်လွှာနဲ့ ကန့်ကူဆံတစ်ချောင်းသာ အမြန်ရှာပေးပါ၊ ကိုကြီးဖေ ရေးသားလိုရာ ရေးခဲ့ပါရစေ" ဟု တောင်းဆိုမှုကြောင့် မိုးကောင်းဝန်မင်းက မောင်မောင်ငယ် အလိုရှိသော အရာကို အမြန်ရှာ၍ ပေးရလေသည်။ မောင်မောင်ငယ်မှာ လောလောဆယ်ဆယ် မိမိ သေရမည့်အရေးကို မတွေး မိသည့် အလား အေးချမ်းငြိမ်သက်သော မျက်နှာထားနှင့် ရေးလိုသောမှာစာများကို ရေးသား နေလေ သည်။
နေမင်းသည် အနောက်စကြာဝဠာတွင် မေးတင်လျက်ရှိလေသည်။ ထောင်မှူးနှင့် ငယ်သားတို့သည် မောင်မောင်ငယ်အား ဆွဲငင်လျက် သူသတ်စင်သို့ တင်ထားလေပြီ။ မိုးကောင်း ၀န်မင်းမှာ နောက်ဆုံး အဖြစ်အပျက်ကို မကြည့်ရက်ရှာတော့သဖြင့် မောင်မောင်ငယ်ပေးခဲ့သော ပုရပိုက်လွှာကလေးကို ယူကာ မျက်နှာလွှဲခဲ့ပြီး ခံတပ်ကြီးဆီသို့ ပြန်တက်လာလေ၏။
ကညင်ဆီ မီးတိုင်အလင်းတွင် လက်တွင်းကပါခဲ့သော ပုရပိုက်လွှာကို အသာငုံ့ကြည့်မိသည်။ "ညီနာင် ကိုကြီးဖေအတွက် နောက်ဆုံးဆောင်ရွက်ခြင်းအဖြစ်နဲ့ သည်အလွာကလေးကို မိဖုရားဖြစ်သူ အစ်ကို နှမချစ် ကလေး ဒိုင်းခင်ခင်ကြီးလက်သို့ ရောက်တဲ့နည်းနဲ့ ပို့ပေးပါ ညီမောင်ရယ်" ဟု ထောင်သားများ ဆွဲယူ သွားရာမှ လှည့်ကာလှည့်ကာ အထပ်ထပ် မှာခဲ့ရှာသော မောင်မောင်ငယ်၏ အသံကို အပြန်ပြန် အခါခါ ကြားယောင်ကာနေတော့သည်။
ယခုအခါ ဒိုင်းခင်ခင်ကြီးမှာ လူ့လောကကြီးတွင် အသက်ရှင်လျက် ရှိရှာတော့သည် မဟုတ်ကြောင်း၊ မိုးကောင်းဝန်မင်း ကောင်းစွာ ကြားသိပြီးဖြစ်သည်။ ငါသည် သေမည့်ဆဲဆဲ လူကို လိမ်မိခြင်းမှာ မှားလေပြီလား၊ ဒီစာလွှာကို ငါ တကယ်မပို့နိုင်ပါဘဲနှင့် ယူလိုက်မိခြင်းမှာ သာ၍ အပြစ်လေးနေမည်လားဟု စဉ်းစား ကာ ကြက်သီးဖြာခနဲ ထလာမိလေသည်။ သူ့ခမျာ ဘယ်လိုများ ရေးသားမှာ ကြားခဲ့ လေသည်မသိဟု စာလွှာကို ငုံ့၍ ဖတ်ကြည့်မိသောအခါ -
တေးထပ်
ချစ်ရသူခင်ခင်ငဲ့၊ ဘ၀င်မြင့်သည်ညှာ၊ ဆင်မသင့်ခက်ပါသည်၊
သက်သာရာမ့ရ ။ ။ သည်ကိုဖြင့် တိမ်းခဲ့ချော်ပြီ၊ စိမ်းနဲ့နော်
ဘုန်းခင့်လာပ။ ကလာပ်စုရုပ်ကြွင်းကို ပြုတ်ယွင်းယိုကာလ။ ။ ဖုတ်
သင်္ဂြိုဟ်ဈာပန၊ ပြာကျမှပြန်ပါ။ ။ ၀ဇီရာစိန်သံလျှင်းငယ်နှင့်
တရှိန်ချင်း လှမ်းချင်လို့မှာ ။ ။ ၀င်္တံဆင်း နန်းကိန္နရာလို လျှမ်း
ထိန်ဝါေ၀၀င်းနှင့်၊ ရွှေပယင်းငွေလက်တော်၊ ဘုန်းကိုင်ခဲ့နော် ။ ။
အသုဘကမ္မဋ္ဌာန်းတော်ကို ကြဋ္ဌာန်းပျော် အိုရှုလှည့်လေး။
ဟူ၍တွေ့ရလေသည်။ မိုးကောင်းဝန်မင်းက သာ၍စိတ်မချမ်းမသာ ဖြစ်ပြန်သည်။ မိမိက သေမည့် ဆဲဆဲ လူကို စိတ်မချမ်းသာမှု ထပ်၍ မဖြစ်စေရန် စေတနာကောင်းနှင့် ကြံဖန်လှည့်ဖျားလိုက်မိခြင်းကြောင့် မောင်မောင်ငယ်မှာ သူ၏ တစ်သက်တာတွင် ရည်ရွယ်ချက်နှင့် အကြံကြီးအောင်မြင်သွားခဲ့ပြီဟု အထင်မှား သွားရှာသည်။ သူအလွန်လျှင် ကောင်းစားကြီးပွားစေချင်သော ဒိုင်းခင်ခင်ကြီးအား သူ၏ ရည်သန်သော စေတနာ စိတ်ထားအတိုင်း မိဖုရားတစ်ပါး အဖြစ်နှင့် ပျော်ရွှင်ချမ်းသာစွာ နေရရှာလေပြီဟု ယုံကြည်မှု ရှိသွားသဖြင့်သာ သူ၏ ရုပ်အလောင်းကို ခင်ခင်ကြီးကိုယ်တိုင် ရောက်လာသင်္ဂြိုဟ်ပါရန် စာလွှာတမန် ရေးသား ၍ မှာကြားခဲ့ရှာခြင်းဖြစ်သည်။
ယခုမူ သူ၏ ဆန္ဒအတိုင်း ဤတေးထပ် မှာတမ်းကလေးကို ယူဆောင်သယ်ပို့ကာ ခင်ခင်ကြီးရှိရာသို့ သွားရောက် ပေးပို့ရန် မဖြစ်နိုင်တော့ပြီတကားဟု စဉ်းစားတွေးတောပြီး ယောက်ျား ရင့်မာကြီး ပင်ဖြစ် လျက် မျက်ရည် များ ၀ဲလာမိတော့သည်။
သို့ စိတ်ထိခိုက်မှုများကြောင့်ပင် မိုးကောင်းဝန်မင်းသည် ဘုရင့်စာဆိုတော် ပညာရှိပုဂ္ဂိုလ်တစ်ဦး သေအံမူးမူး အခါ၌ မထိတ်မရွံ့ သူရသတ္တိနှင့် ယှဉ်သော အာဇာနည်စိတ်ထားဖြင့် ရိုးသားမြင့်မြတ်စွာ ချစ်ခင်သူ တစ်ဦးအတွက် နောက်ဆုံးရေးသားပေးခဲ့သော ဤတေးထပ်မှာတမ်းကို အလဟဿ အချည်းနှီး ပျောက်ပျက် တိမ်မြှုပ်ခြင်း မဖြစ်စေရအောင် နေပြည်တော်သို့ရောက်အောင် ယူဆောင် သတင်းပို့ သွားမည်။
ဒိုင်းခင်ခင်ကြီး လက်သို့ မအပ်နိုင်လင့်ကစား ဤလောကကြီးတွင် မိမိချစ်သူနှင့် အရှင်သခင်တို့အတွက် အရှုံး ဘက်ကနေ၍ အမှုထမ်းသွားရရှာသူ စာဆိုတော် တောင်သမန်လယ်စားကြီး ဦးဖေငယ်၏ နောက်ဆုံး လက်ရာ ဖြစ်သော ဤကဗျာ အတ္တုပ္ပတ္တိကို နောင်လာနောက်သားတို့ တစ်ဆင့်တစ်နား ပြန့်ပွား တည်ရစ် စေရန် ရွှေနန်းတော်သူ ရွှေနန်းတော်သားတို့ နှုတ်ဖျားသို့ လျှို့ဝှက်စွာ သတင်းပို့ တော့မည်ဟု ခိုင်မြဲ တည်ကြည် စွာ သန္နိဋ္ဌာန် ချလိုက်လေသတည်း။ ။
ဤတွင် စာဆိုတော်ဝတ္ထုကြီး၏ ဇာတ်လမ်းဆုံးခန်းရောက် ရေးသားပြီးစီးလေပြီ။
၁၃၁၄-ခု၊ နယုန်လဆန်း ၁ ရက်၊ တနင်္ဂနွေနေ့။
အားလုံး ပြီးစီးသွားပါပြီ..
ဒဂုန် ခင်ခင်လေး ဒုတိယ အုပ် အဖြစ် နှစ်ပေါင်း ၆၀ ကို ရွေးချယ်ထားပါတယ်..မနက်ဖြန် မှ စ၍ စတင် ဖတ်တော်မူကြပါ..
စာချစ်သူ မိတ်ဆွေများ အား အထူးကျေးဇူးတင်ပါသည်
.
2 comments:
ဟင်..အမ ဒီနေရာမှာတင် ဒီလိုဇာတ်သိမ်းသွားတာလား။
ပါတော်မူတာတွေပါတော့ဘူးလား..အမ..။ ဒါဆို သီပေါပါတော်မူတာ သတ်သတ်တအုပ်ထင်တယ်နော်။
အမ ချစ်ဦးညိုလားမသိဘူး အဲလိုသမိုင်းတွေရေးတဲ့တအုပ်ရှိသေးတယ်။ နာမည်မေ့နေတယ်။ နောက် သမိုင်းနောက်ခံပီး ရီးစားဓမြထဲမှာလဲ ပါသေးတယ်ထင်တယ်။
အမရာ..ဇာတ်သိမ်းသွားမှာဆိုးနေတာ..တကယ်သိမ်းသွားပီ..
အမ...သီပေါကိုကြည့်ပီး စိတ်တိုလိုက်တာ။
တကယ်ဆို သူ့အပေါ်ဒီလောက်ကောင်းခဲ့တဲ့ မောင်ဖေငယ်ကိုတောင် သတိမရတာ တော့ ..အင်း ခုအချိန်ခုအရွယ်မှာ တွေးမိတာတော့ ...အာဏာ..အာဏာ....ရာထူးးးး
နောက်တချက်ကျတော့ ..ကဲ ရာထူးအာဏာ...ကြောင့်ထားပါတော့ ဒိုင်းခင်ခင်ကြီး ကိုကျတော့ရော စုဖုရားလေးကို မြင်တာနဲ့ အရင်က သိပ်ချစ်ပါတယ်ဆိုတဲ့ ခင်ကြီးကို မေ့ပစ်ရက်တယ်။ ခြေထောက်နဲ့ကြီး လှိမ့်ကန်ဖို့သင့်တယ်။ အမြင်ကပ်လိုက်တာ.
နောက်တချက် ..အဲဒီခေတ်ထဲကရှိခဲ့တာပဲနော်။ သူတို့ဒီလောက်မကောင်းမှုလုပ်ထားတာကို ဘုရားတည်ပီးကောင်းမှုတွေလုပ်ကြသေးတယ်။ ဟားဟား
သူတို့တွေ အပေါ်ယံပဲ လိမ်လို့ရမယ်။ စိတ်အတွင်းက အခြေအနေတွေကိုတော့ လိမ်လို့ရမှာမဟုတ်ပါဘူးလေ..။
အမကို ..ကျေးဇူး အများကြီး..အများကြီး တင်ပါတယ်။
မိုးမင်းကြီးရေ..ဗမာဘုရင်တွေက သိတ်စိတ်မနှံ့ကြဘူး
သာသာဝတီ(သီပေါဘ်ုးအေ)။ပုဂံမင်း..အားလုံးရူ့းပီးသေကြတာ၊ မင်းတုန်းမင်းက တဏှာရူး၊
မောင်နှမခြင်းတွေပြန်ယူမှတော့ဘယ်မှာလာပြီးကောင်းနိုင်တော့မှာလဲ
Post a Comment