ဂျာနယ်ကျော် မမလေး ရဲ့ သူလိုလူ စာအုပ် ကို ဖတ်ပြီး သတင်းစာဆရာ ဂျာနယ်ကျော် ဦးချစ်မောင် ကို လေးစား အားကျရင်း ဆရာ ဦးဝင်းတင် ဘာသာပြန်တဲ့ ကွိ ကို စွဲလမ်းမိတယ်..
ဒေါ်ဒဂုန်ခင်ခင်လေး ရဲ့ နှစ်ပေါင်း ၆၀ ကို ဖတ်ပြီး သတင်းစာဆရာ ဗမာ့ခေတ် ဦးအုန်းခင် (ဗမာ့ခေတ် သတင်းစာ အယ်ဒီတာချုပ်၊ သခင်နု’ တို့ရဲ့ ‘နဂါးနီ’ စာအုပ် အသင်းမှာ မန်နေဂျာလုပ်ခဲ့လို့ ‘နဂါးနီ ဦးအုန်းခင်’၊ ဗမာ့ ကျန်းမာရေးလှုပ်ရှားမှုမှာ ခေါင်း ဆောင် တဦး အဖြစ်နဲ့ ‘ခြေလျင်ဦးအုန်းခင်’ လို့လဲ ကျော် ကြားခဲ့သူ၊ သတင်းစာ ဆရာကြီး ကြေးမုံ ဦးသောင်း ခေါ် ဆရာအောင်ဗလ ရဲ့ ဆရာ) ကိုတော့ အခုထိ ဘယ်လို နားလည် ရမှန်း မသိဘူး....
(အိမ်စောင့်အစိုးရခေတ်က နေ့တနေ့တွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်နေ၀င်း၏ သတင်းစာရှင်းလင်းပွဲကို စစ်ရုံးသို့ ဖိတ်သဖြင့် ပြည်တွင်းပြည်ပ သတင်းထောက် ငါးဆယ်ခန့် တက်ကြသည်။
ဝန်ကြီး အမည်မခံဘဲ ၀န်ကြီးရာထူးကို ထမ်းရွက်နေသော တာဝန်ခံစစ်ဗိုလ်ကြီးများ ကြိုဆိုပြီး တင်မောင်တို့ သတင်းထောက်များကို အစည်းအဝေးခန်းမတွင် နေရာချပေးပါသည်။ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေ၀င်း မလာသေး သဖြင့် စောင့်နေကြရသည်။ ဖိတ်ခေါ်သော အချိန်ထက် (၂) နာရီ ခန့် နောက်ကျပြီး ဗိုလ်ချုပ် နေ၀င်း ရောက်လာသည်။
ဗိုလ်ချုပ်ကြီးနေ၀င်းသည် အစည်းအဝေးခန်းမထဲသို့ မလာသေးဘဲ အတွင်းခန်းထဲတွင် သူ၏၀န်ကြီး စစ်ဗိုလ်ကြီးများ အား အော်ဟစ်ကြိမ်းမောင်းသံများကို သတင်းထောက်များ ကြားကြရသည်။ တဖြည်းဖြည်း ဒေါသတိုးတက်လာကာ စစ်ဗိုလ်ဝန်ကြီးများ အားလုံးကို အော်ကြီးဟစ်ကြီး မအေ၊ နှစ်မ ပယ်ပယ်နယ်နယ် ဆဲရေးတော့သည်။ မအေတွေ၊ နှစ်မ တွေကို ငါကိုင်တုတ်ပြီး `မင်းတို့က ဘာလို့ သတင်းစာရှင်းလင်းပွဲ လုပ်ချင်ကြတာလဲ´ လို့ ဆူပူသံကိုလည်း ကြားနေရ သည်။
(၁၅) မိနစ်ခန့် အားရအောင် ဆဲနေရာမှ အစည်း ဝေးခန်းမတွင်းသို့ ၀င်လာသည်။ စစ်ဗိုလ်ကြီးများ ခမျာတို့မှာ ရှက်ပြုံးကိုယ်စီနှင့် မချိုမချဉ်၊ လက်များကို နောက်သို့ ပစ်ကာ နောက်မှ လိုက်လာကြသည်။
ဗိုလ်ချုပ်ကြီးနေ၀င်းက စင်မြင့်ပေါ်ရှိ သူ၏ ကုလားထိုင်မှာ နေရာယူသည်။ မိန့်ခွန်းတပါဒမှ မချွေဘဲ ငူငူကြီးထိုင် နေသည်။ တင်မောင်တို့ သတင်းထောက်အားလုံးတို့မှာလည်း မည်သို့ မျက်နှာထားရမည်မသိ၊ အူကြောင်ကြောင်နဲ့ ငိုင်ကြည့်နေမိကြသည်။
အတန်ကြာမှ … `ခင်ဗျားတို့ကကော ဘာမေးချင်တာလဲ´ ဟု ကျယ်လောင်သော ဒေါသသံကြီးနှင့် ဗိုလ်ချုပ် နေ၀င်းက နှုတ်ဆက်သည်။ ပြည်တွင်းပြည်ပ သတင်းထောက်ငါးဆယ်ကျော်တို့မှာ နှုတ်ပိတ် သွားသည်။ မည်သူကမှ မေးခွန်းမမေး ၀ံ့ဘဲ ငြိမ်သွားသည်။ စောစောက ဆူပွက်နေသော အခန်းကြီးမှာ အပ်ကျသံကို ကြားရလောက်အောင် တိတ်ဆိတ် သွားတော့သည်။
`မေးချင်တာ မေးကြလေ´ ဟု သူက နောက်တခွန်းထပ်ပြီး ဟောက်ပြန်သည်။ မေးခွန်းထုတ်ဝံ့သော သတင်း ထောက် တယောက်မှ ထွက်မလာ။
ဤသို့ လိပ်ခဲတည်းလည်း ဖြစ်နေချိန်တွင် ရှေ့ဆုံးတန်း၌ ထိုင်နေသူ ဗမာ့ခေတ် ဦးအုန်းခင်က ယဉ်ကျေးစွာ ထိုင်နေရာမှ ခြေထောက်တဖက်ကို ကုလားထိုင်ပေါ် တင်လိုက်သည်။ လုံချည်လျောကျသဖြင့် ပေါ်လာ သည့် သူ၏ ဒူးကို တဖျပ်ဖျပ် ဖြည်းဖြည်းလေး ပုတ်လေသည်။ ဖျပ်ဖျပ်နှင့်၊ စည်းဝါးမှန်မှန်နှင့် ဒူးပုတ် သံကြီးက ခန်းမကို လွှမ်းမိုးသွား သောအခါ ဗိုလ်ချုပ်နေ၀င်းက ဦးအုန်းခင်ကို စိုက်ကြည့်တော့သည်။
`ဗိုလ်နေ၀င်း´ ဟု ဦးအုန်းခင်က စတင်ခေါ်လိုက်သည်။ တွေ့ဖူးသူများ သိကြသည်။ ဦးအုန်းခင်က အသံ အောင်သည်။ ဗိုလ်ချုပ်ကြီး သို့မဟုတ် ၀န်ကြီးချုပ်ဟု ခေါ်ဆိုခြင်း မပြုသည်မှာ ဦးအုန်းခင်က သူ့ကို စိန်ခေါ် လိုက်သည်ဟု ဗိုလ်ချုပ်နေ၀င်းနှင့် တကွ တခန်းလုံးက သိလိုက်သည်။ နားလည်လိုက်ကြသည်။
`ကျုပ်တို့ တတွေ လာကြရတာက ခင်ဗျားတို့က ပြောချင်တာရှိတယ်ဆိုပြီး ဖိတ်လို့လာကြတာ၊ မေးစရာ မရှိဘူး။ ခင်ဗျား ပြောချင်တာရှိရင် ပြောပါ။ မရှိရင် ပြန်ရုံပဲ။ ကျုပ်တို့ အချိန်ကုန်မခံနိုင်ဘူး´ ဦးအုန်းခင်က အသံကျယ်ကျယ်နှင့် ပီပီသသ တလုံးချင်း၊ တလုံးချင်း ပြောတော့သည်။
သူက ဒေါသမီးတောက်လာသော မျက်လုံးကြီးများနှင့် ဦးအုန်းခင်ကို စိုက်ကြည့်သည်။ လင်ရှိမယားနှင့် မင်္ဂလာဆောင် သောနေ့က ဓာတ်ပုံရိုက်မိသူ နေးရှင်းသတင်းထောက်၏ ကုပ်ပိုးကို တချက်တည်းနှင့် အလဲ အုပ်ပြီး ကင်မရာကို ရိုက်ခွဲ သည်ကို မြင်ဖူးကြသော တင်မောင်တို့ သတင်းထောက်များမှာ ဦးအုန်းခင် အတွက် စိုးရိမ်မိကြသည်။ ပွဲကြီးပွဲကောင်း တခု ကြည့်ရတော့မည်ဟုလည်း ထင်မိကြသည်။
ဗိုလ်ချုပ်နေ၀င်းက ဦးအုန်းခင်၏ စကားလုံးများကို စဉ်းစားနေဟန်နှင့် (၅) မိနစ်ခန့် ထိုင်နေသေးသည်။ နောက်ဆုံးတွင် ဒေါသအိုး ဗိုလ်ချုပ်ကြီးသည် စကားတခွန်းမှ နောက်ထပ် မထွက်နိုင်ဘဲ စင်မြင့်ပေါ်မှ ဆင်းပြေး လေတော့သည်။
တပ်မတော် စစ်သေနာပတိ `၀န်ကြီးချုပ်´ ကြီး၊ ဗိုလ်ချုပ်ကြီးနေ၀င်းအဖို့ ရှမ်းနှင့်ဆင် လယ်ပြင်တွင် တွေ့ သော အခါ၌ သတင်းစာဆရာဦးအုန်းခင်ကို အညံ့ခံ အရှုံးပေးရရှာလေသည်။)
(ဒါက ကျနော်ဖတ်ဘူးတဲ့ ဗမာ့ခေတ် ဦးအုန်းခင် အကြောင်းတပိုင်းတစပါ)
(စာရေးဆရာမကြီး နှစ်ယောက်လုံးကတော့ သူတို့ ခင်ပွန်းတွေ အကြောင်း ကို သူတို့ ရေးခဲ့ကြတာဘဲ..)
(နှစ်ပေါင်း ၆၀ ကတော့ ဆရာမကြီး ရဲ့ ဘဝဖြစ်စဉ် အားလုံး ပါဝင်တဲ့ အပြင် ဖတ်ဘူးသူ
သူလိုလူ ထက် နည်းမယ် ထင်တဲ့ အတွက် နှစ်ပေါင်း ၆၀ ကိုဘဲ တင်ပေးလိုက်ပါတယ်..)
ယုဝတီနေ့စဉ် သတင်းစာကို ဗမာ့ခေတ်နှင့် ယုဝတီအလုပ်သမားများ ၀မ်းရေးအတွက် ၁၉၆၁-ခုနှစ် မေလ ၁-ရက် အလုပ်သမားများနေ့တွင် သတင်းစာတိုက်စတင်ဖွင့်လှစ်ခဲ့ပြီး မေလ၁၅-ရက်နေ့တွင် သတင်းစာ ထုတ်ဝေခဲ့ပါသည်။ စတင်ထုတ်ဝေခဲ့သောနေ့မှစ၍ ကျမ၏ဘ၀ဖြစ်စဉ် အရပ်ရပ် အထုပ္ပတ္တိတို့ကိုမသေမှီက ရေးသားခဲ့မည်ဟု မူလရည်ရွယ်ချက်ရှိခဲ့သည်အတိုင်း နှစ်ပေါင်း ၆၀-အမည်ဖြင့် ရေးသားခဲ့ပေသည်။
ထိုသို့ရေးသားခဲ့ရာ ယုဝတီသတင်းစာကို အားပေးကြည့်ကြသော စာဖတ်ပရိသတ်တို့မှာ နေ့စဉ် စောင့်၍ စောင့်၍ ပြတ်တောင်း ပြတ်တောင်းဖတ်လာခဲ့ရသဖြင့် မ၀တ၀ဖြစ်ရသည်။ တခါတရံ သတင်းစာပို့သူတိုက အကြောင်း မညီညွှတ်၍ မရောက်လာလျှင် နေမထိ ထိုင်မထိပင် ဖြစ်နေကြရ ပါသည်။ ထို့ကြောင့် တထိုင်တည်း အားပါးတရဖတ်နိုင်ခွင့်ရစေရန် အမြန်ဆုံးစာအုပ်ရိုက်ထုတ်ပေး ပါဟူသော တိုက်တွန်း နှိုးဆော်ချက်အရ အလိုဆန္ဒဖြည့်သောအနေဖြင့် ဤနှစ်ပေါင်း ၆၀-ကို စာအုပ်ကြီးတအုပ်အဖြစ် ရိုက်နှိပ် ထုတ်ဝေဖြန့်ဖြူးလိုက်ရပါသည်။
ဤနှစ်ပေါင်း ၆၀-မှာ ကျမ၏ဘ၀ဖြစ်စဉ်အထုပ္ပတ္တိကို အပိုအလိုမရှိ တိတိကျကျတွေ့ကြုံ ခံစားရ သမျှသော အကောင်းအဆိုးအရပ်ရပ်တို့ကို ဟုတ်တိုင်းမှန်ရာမကွယ်မထောက် ရေးသား ထားခြင်း ဖြစ်ရာ မည်သူ တစုံတဦးကိုမျှ သာစေ နာစေ ရည်သန်ခြင်းမရှိသော်လည်း တိကျမှန်ကန် သောကိုယ်တွေ့ခံစားချက် ကိစ္စ အရပ်ရပ် များကို သိုသပ်ချန်လှပ်ထား၍မဖြစ်သဖြင့် ကျမဘ၀ဖြစ်စဉ် တွင် အကျုံးဝင်နေသော အခြားသူ တို့၏အမည်နာမများကို ထည့်သွင်းရေးသားရခြင်းဖြစ်ပါသည်။
၎င်းပြင် ကျမဘ၀တလျှောက် ယနေ့အထိလောကဓံလှိုင်းလုံးများအကြား၌ တလိမ့်လိမ့် တွေ့ကြုံ ခံစားခဲ့ရ သမျှတို့ကို ရေးသားရခြင်းဖြစ်၍ အစပျိုးခဲ့သော ပထမပိုင်းတွင် တွေ့မြင်ဖတ်ရှုရ သောအခါ မောင်ရင်လောင်း ဖြစ်စဉ်က ရွှေထီးဆောင်းရခြင်းကို ၀ါကြွားနေသည်ဟု မယူဆမိစေရန် ကြိုတင် တောင်းပန် ပါကြောင်း။
ဇာတိအနွယ်
ဟိုလွန်ခဲ့သောနှစ်ပေါင်း ၆၀ကျော်အချိန်က ရန်ကုန်မြို့ရှိ အင်္ဂလိပ်ပညာတော်သင် ကျောင်းသား များမှာ (F.A)အက်(ဖ)အေဆိုသော အတန်းတွင်ဆုံးခမ်းရောက်ရှိသည်။ အချို့ ၅-တန်း ၆-တန်း ၇-တန်း အောင်ရုံ နှင့်ရုံးစာရေးကြီးအလုပ်မှအစ အလှည့်သင့်သလို ရရှိလုပ်ကိုင်ကြသည်။
F.A အတန်း ကိုလူတိုင်းမအောင်မြင်နိုင်ပါ။ အထက်မြန်မာပြည်ရှိ မင်းဆွေစိုးမျိုးသူဋ္ဌေးကုန်သည် သားများက မန္တလေးဝက်စလီယန်ကျောင်း၊ သံတဲကျောင်းခေါ် အက်စပီဂျိ၊ နောက်အေဘီအမ်ခေါ် သာသနာပြု ကျောင်းများ၌နေကြရသည်။ ၇-တန်းအောင်လျှင် အတန်းကုန်၍ အစိုးရလခစားများ၊ စာရေး ကြီး များ လုပ်ကြရသည်။ (ဟိုက်စကူး)ခေါ် ၁၀တန်းကျောင်းများမပေါ်သေးပေ။
ထိုအချိန်က ရန်ကုန်မြို့၌ F.Aကိုဝင်ရောက်ဖြေဆိုမည့် ကျောင်းသားတစ်ဦးမှ အခြား ကျောင်းသားများ ကဲ့သို့ မဟုတ်ဘဲ ကျောင်းတက်ရာ၌ ကိုယ်ပိုင်ဒေါက်ကပ်ကိုစီး၍ ကျောင်းတက် လေ့ရှိပါသည်။ (ဒေါက်ကပ် ဆိုသည်မှာ မြင်း၁-ကောင်၊ သို့မဟုတ် ၂-ကောင်ဆွဲသော အမိုးအဖွင့်အပိတ်လုပ်နိုင်သည့် ယဉ်တစ်မျိုး ဖြစ်ပါသည်။ မော်တော်ကားမပေါ်သေးသော ခေတ်တွင်ဖြစ်၍ ဒေါက်ကပ်စီးနိုင်သူများက အတော်စရိတ် ကုန်ခံနိုင်မှစီးရပါသည်)။
အမှာစာ
နှစ်ပေါင်း(၆၀)
ကျောင်းသွားရာ၌ ဒေါက်ကပ်စီးရုံမကသေး။ ထမင်းချက်အဖြစ် အိမ်မှထည့်လိုက်သော မြန်မာတဦးအပြင် အင်္ဂလိပ်အစာနှင့် ကုလားအစာကို ချက်တတ်သော မဒရာစီလူမျိုးထမင်းချက်နှင့် တရုပ်ထမင်းချက် တယောက်ပါ၊ သုံယောက်မျှငှါးထားပြီးလျှင် အင်္ဂလိပ်အစာစားသောနေ့၌ ဇွန်းခရင်းအသုံးအဆောင်များ၊ တရုပ်အစာစားသော နေ့တွင်တရုပ်အမျိုးသားသုံး ပန်းကန်နှင့်တူများ၊ ကုလားအစာစားသောနေ့၌ ကြေးလင်ပန်းကြေးပန်းကန်စသော အသုံးအဆောင်များနှင့် စံနစ်တကျပြင် ဆင်ကျွေးမွေးကြရသဖြင့် အသုံး အဖြုန်း၌ တရားလွန်သူတစ်ဦးဟူ၍ မှတ်ချက်ချကြပါသည်။
ထိုကျောင်းသား၏ အမြဲတွဲဘက်အရင်းနှီးဆုံး ကျောင်းသားသူငယ်ချင်းသုံးဦးမှာ ကိုထွန်းမင်း ကိုလှဘော်နှင့် ကိုဘိုးသဲတို့ဖြစ်ကြပါသည်။ ကိုထွန်းမင်းနှင့် ကိုလှဘော်မှာ လွန်ခဲ့သောနှစ်သုံးဆယ်ကျော်ခန့်က အနိစ္စရောက်သွားကြသော ဟိုအချိန်ကအခေါ် ရာဇ၀တ်ဝန်ထောက်ကြီး (ယခုခေတ်ရဲ့ဝန်ကြီး)များဖြစ်၍ ကိုဘိုးသဲ မှာလည်း ကွယ်လွန်ရှာပြီဖြစ်သော ရှေးခေတ်အရေးပိုင် မင် ဦးဘိုးသဲ၊ ယခုတရားလွှတ်တော် တရားဝန်ကြီး ချုပ်ဟောင်း ဦးချန်ထွန်းအောင်၏ ယောက္ခမ ဖြစ်ပါသည်။
ထိုအဖြုန်းအသုံးအားကြီးသော ဒေါက်ကပ်နှင့်ကျောင်းသား၏အမည်မှာ မောင်မောင်ကျော်ဟု သူ့မိဘက မျိုးရိုး အလိုက်ပေးထားသော်လည်း ကိုမြတ်ကျော်ဟူသော သာမညအမည်ကို ကျောင်းစာရင်းတွင် သွင်းလိုက်သည်။ ကိုမြတ်ကျော်တို့မှာ ညီမအစ်ကို မောင်နှမ၄-ယောက်ရှိသည်။ အကိုနှစ်ယောက်က လူအေး များဖြစ်၍ အငယ်ဆုံးကိုမြတ်ကျော်သာ ထက်မြက်သူဖြစ်သည်။ အထွေးဆုံးတယောက်က မိန်းမ။
ကိုမြတ်ကျော်မှာ သတ္တိကောင်းသူဖြစ်၍ ၁၃နှစ်သားက သူ့ဖခင်နှင့်အတူ ပုပ္ပါး ကျောက်ပန်းတောင်း နယ်တ၀ိုက်ရှိ သောင်းကျန်းလှသော တောင်ပန်နီ တောပုန်းဒမြများကို တူမီးသေနတ်တလက်ဖြင့် ခံချခဲ့ သည်။ အထက်ဗမာပြည်အင်္ဂလိပ်သိမ်းပြီ သုံးလေးနှစ်အထိပုပ္ပါး၊ ကျောက်ပန်းတောင်း၊ တောင်တွင်း ကြီး၊ နတ်မောက် စသောနယ်များမှာ အုပ်ချုပ်၍မရအောင် တောင်ပန်နီတောပုန်းဒမြ များရန်ကြောင့် တနယ်လုံး ကျီလန့်စာစားနှင့်ဒုက္ခကြီးတွေ့နေကြရသည်။
ရွာငယ်ကလေးများ ခြံရံသော ကျောက်ပန်းတောင်း မြို့ငယ်ကလေးမှာလည်း ရွာစည်းရိုးအလုံကာ၍ လင့်စင်ထိုးစောင့်ပြီး ၀ိုင်းလာသော တောင်ပန်နီ ခေတ်ပျက်ဒမြများအား ဖြိုခွင်းနှိမ်နင်းခြင်းဖြင့် သေဆုံး သူဒမြဗိုလ်အ လောင်းများမှ ခေါင်းတွေ ကို မြို့ရှေ့မန်ကျည်းပင်တွင် ဆွဲ၍ ဆွဲ၍ ပြထားမှ နောက်လိုက် ဒမြငယ်သား တွေငြိမ်ဝပ်ပိပြား သွားသည်။ နယ်သူ နယ်သားတွေ အေးချမ်းစွာ လုပ်ကိုင် စားသောက်နိုင်တော့သည်။ ဤအခါ အင်္ဂလိပ် အစိုးရ ကြက်တောင်ဗိုလ် ခေါ် (ဦးထုပ်တွင်ငှက်မွေးကြီးများ ထိုးစိုက်ထားသဖြင့် ရှေးဗမာတို့အခေါ်) ကိုယ်တော်ကြီးများ ကြွရောက်လာပြီး ကိုမြတ်ကျော်၏ဘခင် ဦးဘိုးဆွေကို မြို့အုပ်မင်းလုပ်ပါဟုပြောပြီး ကြက်သရေ ဆောင် ရွှေစလွယ် ကြီးကိုပေးသဖြင့် အထက်ဗမာပြည် အတွင်းကျသောနယ်မှ ရှေးဦးစွာ ကေအက်စ်အမ် ခေါ် ရွှေစလွယ်ရမြို့အုပ်မင်း ဖြစ်ရပါ တော့သည်။
စင်စစ်အားဖြင့် ဦးဘိုးဆွေမှာ မြန်မာဘုရင်သီပေါလက်ထက်က သြာဇာအာဏာဂုဏ်သိက္ခာနှင့် ပြည့်စုံ ခဲ့သော မြို့သူကြီးဖြစ်၏။ သူ့တို့မြို့သူကြီးမျိုးရိုးကလည်း ပုဂံပြည်နော်ရထာမင်း လက်ထပ် မတိုင်မီက စခဲ့သော မျိုးရိုးဖြစ်သည်။ နော်ရထာမင်းသည် ပုဂံပြည်ကိုသိမ်းဘို့ကျောက်ပန်းတောင်း မြို့ရှိ ကျောက်တောင် များနှင့် ပုပ္ပါးတောင်ခြေတွင် ခိုအောင်းရင်းမြို့သူကြီးတွေနှင့် စီးဝါးရိုက်၍လူစု ခဲ့စဉ်က မျိုးရိုး အတိုင်း ယခုထက်ထိ အနွယ်မပျက်ခဲ့သေးပေ။
ဦးဘိုးဆွေရွှေစလွယ်ရ မြို့အုပ်ကြီးဖြစ်သည့်တိုင်အောင်မြို့သူကြီး မျိုးဆက်မပြတ်ရလေအောင် သားအကြီးဆုံး မောင်မောင်ဝင်းက မြို့သူကြီးရာထူးဆက်ခံရပြန်ပါသည်။ ကိုမြတ်ကျော်ကိုတော့ သတ္တိ ကောင်းသော သားဟု သူ့ဖခင်ကထူးခြားစေချင်လွန်းသဖြင့် ရန်ကုန်အင်္ဂလိပ်ကျောင်းသို့ ပို့၍ပညာ သင်စေ ခြင်း ဖြစ်သည်။ ရန်ကုန်ပို့ရသည်မှာလည်း မန္တလေးမြို့တွင် ၇-တန်းအထိသာ သင်နိုင်သေး သောခေတ် ဖြစ်၍ F.A ၀င်နိုင်အောင် ရန်ကုန်ကိုမှ သားအားထူးထူးခြားခြားစရိတ် အကုန်ခံ ၍ပို့ခြင်း ဖြစ်ပါသည်။
သားကိုရန်ကုန်ကျောင်းပို့ရသည်မှာလည်း မသက်သာလှပါ။ ညောင်ဦးမြို့ကို တဆင့် သွားပြီး ဧရာဝတီ ဖလိုတီလာကုမ္ပဏီပိုင် မီးသင်္ဘောကိုစီးပြီးမှ ရန်ကုန်မြို့ သို့စုန်ဆင်းလာကြရသည်။ တပည့် တပန်းချွေရံ သင်းပင်း အစုံအလင်နှင့် လာရသဖြင့် စရိတ်ကုန်၊ နေ့ရက်ကုန်များပြီးမှ ရန်ကုန်သို့ ရောက်ရသည်။ ကျောင်းသားအဖြစ်ထားခဲ့ပြီးသည်အထိ ငွေဒင်္ဂါး များကို (ထောင်အိတ်များနှင့်) သယ်ပိုး လာခဲ့သည် (ထိုခေတ်ကငွေစက္ကူမပေါ်သေးဘဲ ၀ိတိုရိယ ဘုရင်မခေါင်း ငွေဒင်္ဂါးများသာသုံးစွဲရသဖြင့် ကွန်ခြာ အိတ်နှင့်ထည့်ထားသော ငွေဒင်္ဂါးတထောင် ဆိုလျှင် လူတယောက်နင့်နေအောင် ထမ်းရပါသည်)။
မိဘများပြန်သွားပြီးနောက် သားကျောင်းသားကလည်း မိဘ အားပေးခဲ့သော အရှိန်နှင့် နေရေး ထိုင်ရေး အဆင်းရဲ မခံဘဲသူ့စိတ်ကြိုက်နေထိုင်ရင်း အင်္ဂလိပ်စာကိုသင်ကြားပါသည်၊ အဆိုပါ ရန်ကုန်ကျောင်းသား ကိုမြတ်ကျော် မှာ ကျမ၏ဘခင်ဖြစ်လာမည့် ပုဂ္ဂိုလ်ပင်ဖြစ်ပါသည်။
သို့ဖြင့်ရန်ကုန်ကျောင်းသား ကိုမြတ်ကျော်သည်နောက်ဆုံးနှစ် စာမေးပွဲဖြေဆိုဘို့ အချိန်နီးကပ် လာသော အခါ အင်္ဂလိပ်လူမျိုးကျောင်းဆရာများနှင့် ကျောင်းသားသူငယ်ချင်းများကို စာမေးပွဲ ဖြေပြီးလျှင် ဒင်းနား ပါတီ ဧည့်ခံပွဲတခုကျွေးမွေးရန် ရည်ရွယ်လျက် အိမ်သို့ကြိုကြိုတင်တင် ငွေပို့ရန်မှာလိုက်သည်။
ထိုအချိန်တွင် ဖခင်ဖြစ်သူဦးဘိုးဆွေသည် ရန်ကုန်ရှိသားအကြောင်းကို မိတ်ဆွေများထံမှ သန့်သန့် ကြား ထားသည်၊ ထိုသတင်းမှာ ဗသျှူးမြန်မာကပြားအမျိုးသမီးတဦးနှင့် သမီးရည်းစား ဖြစ်နေသော ကိစ္စပင်၊ သို့ကြောင့်ယခုမှာသောငွေမှာလည်း ခါတိုင်းထက်များနေသဖြင့် မိန်းမကိစ္စ နှင့်သုံးဖြုန်း ပစ်ရန်မှာ သည်ထင်၍ တကြောင်း၊ သူ့သားအား သာမညမိန်းမနှင့် မပေးစားလိုသော ရည်ရွယ်ချက် ကြောင့် တကြောင်း မှာသောငွေကို ရှောရှောရှူရှူမပို့ဘဲ ရပ်ဆိုင်းထားလိုက်သည်။ ကိုမြတ်ကျော်ကတော့ ငွေမရောက် မခြင်း ညစာဧည့်ခံပွဲကို ထုတ်ဖေါ်ဖိတ်ကြားခြင်းမပြုဝံ့သေး၊ နောက်ဆုံး စာမေးပွဲ ဖြေရမည့် နေ့အထိ ငွေအိတ်ထမ်းလာပို့သူ မရောက်သောကြောင့် အလွန် စိတ်ဆိုး သွားသည်။
"ကိုမြတ်ကျော်သေပြီအမြန်လာ"ဆိုသော သံကြိုးစါကို သူ့မိဘများလက်သို့ရောက်လာသောအခါ ရင်ထု ၍ငိုကြသည်၊ တဆွေတမျိုးလုံးအုံးအုံးကြွက်ကြွက် ပူဆွေးဒုက္ခဖြစ်ကာ ရန်ကုန်သို့ လိုက်လာကြသည်။ သို့သော ခရီးရောက်မဆိုက်ခပ်ပြုံးပြုံးထိုင်နေသော သားကိုတွေ့ကြရ၍ မသေဘဲ တွေ့ရသည်ကိုပင် ၀မ်းသာ သွားကြသည်။၊ ဘာကြောင့်လူကြီးတွေ စိတ်မကောင်းဖြစ် အောင်လုပ်ရသလဲဟု ပြောသောအခါ လူကြီး တွေက သူ့ရည်ရွယ်ချက်ကို ဖျက်ဆီးပစ်လိုက်သည့် အတွက်စာမေးပွဲလည်း ၀င်မဖြေတော့ဘဲ သေပြီ ဟု သံကြိုး ရိုက်လိုက်ခြင်းဖြစ်ကြောင်း ခပ်အေးအေး ဘဲပြန်ပြောလိုက်လေသည်။
စာမေးပွဲဖြေနိုင်လျက် အရွဲ့တိုက်ပြီး ၀င်မဖြေသည်ကိုဘခင်ဖြစ်သူက ယူကြုံးမရဖြစ်သွားသည်။ သားကို ဆက်၍ ရန်ကုန်မှာထားနေလျှင် မိန်းမယူသွားမည်စိုးသဖြင့် ပြန်ခေါ်သွားရန် ပိုင်းဖြတ်လိုက် သည်၊ အင်္ဂလိပ် အစိုးရများ အပေါ်တွင် နာမည်ကြီးနေသူရွှေစလွယ်ရ မြို့အုပ်မင်းဖြစ်သည်နှင့် လျှော်ညီစွာ ရန်ကုန် ရောက်သော အခါ (လက်ဖတင်နင်ဂေါ်ဝါနာခေါ် ထိုအခါကဗမာပြည်မှာ အိန္ဒိယပြည် ၏ လက်အောက် ခံဖြစ်သည်) ဒုတိယဘုရင်ခံနှင့်မင်းကြီးများကို ၀င်နှုတ်ဆက်ရင်း သားအတွက် လာရကြောင်း၊ ယခုတော့ ကျောင်းဆက် မထားဘဲ ပြန်ခေါ်သွားတော့မည် ဖြစ်ကြောင်းပြောပြသည်။
ထိုအချိန်က ဒုတိယဘုရင်ခံနှင့် မျက်နှာဖြူဝန်ရှင်တော်မင်းကြီးများမှာ လက်ညှိုးညွှန်ရာရေဖြစ်တော့ မလောက် တန်ခိုးအာဏာ တောက်ပသူများဖြစ်သဖြင့် ဦးဘိုးဆွေအား "သားအတွက်မပူပါနှင့် ယခု ချက်ခြင်းပင် မြို့အုပ်ခန့်လိုက်ပါမည်၊ နောက်မှမြို့အုပ်စာမေးပွဲကို အဆင့်ဆင့်ဖြေဆိုပါစေ"ဟု ပြော၍ သဲတော ဝမ်းတွင်း ၂-မြို့တွဲ၍ ရုံးထိုင်ရသောမြို့အုပ် ရာထူးကိုရရှိလာခဲ့ပါသည်။
ကိုမြတ်ကျော်မြို့အုပ်ရာထူးကို အလွယ်တကူနှင့်ရခဲ့သည်မှာ အင်္ဂလိပ်ပညာတတ်တဦးဖြစ်သော ကြောင့် မထူးဆန်း လှပါ၊ ထိုခေတ်က လူဆိုးဒမြခေါင်းဆောင်အချို့ကိုပင် ရာဇ၀တ်အုပ်၊ ရာဇ၀တ် ကြပ်၊ ပုလိပ် စသော ရာထူးများကို ထိုးပေးလိုက်ခြင်းဖြင့် လူဆိုးကိုလူဆိုးချင်းက နှိမ်နင်းအုပ်ချုပ်၍ တိုင်းပြည် အေးချမ်းမှု ကို ရှေ့ရှုပြုလုပ်ခဲ့သည်၊ အချို့ပုလိပ်အရာရှိများမှာ ဗမာစာကိုလက်မှတ်ပင် မထိုးတတ်သဖြင့် နောက်မှ ကိုယ့်ဗမာစာကို ကြိတ်သင်ယူရသော ခေတ်ဖြစ်ပါသည်။
မြို့အုပ်ကြီးဦးဘိုးဆွေသည် သားမြို့အုပ်မင်းကလေးအတွက် ဇနီးရှာရန်တာဝန်တခုတိုးလာ ပြန်သည်၊ သားကို သည်အတိုင်း ပစ်ထားလျှင်သူထင်ရာယူလိုက်မည်စိုးသည်၊ သို့ကြောင့်အားလပ် သောအခါ သားကို မန္တလေးမြို့သို့ခေါ်လာပြီး ဆွေကြီးမျိုးကြီးမင်းမျိုးစိုးနွယ်ထည်းက သ္မီးပျိုများနှင့် စေ့စပ်ပေးရန် ကျောက်ပန်းတောင်း သခင်ခေါ် မှန်နန်းအပျိုတော်ကြီး ကျောက်ပန်းတောင်းမြို့စား အိမ်သို့ ၀င်ထွက် သွားလာ ခဲ့ကြသည်။
မင်းတုန်းမင်းလက်ထက်မှ သီပေါမင်းလက်ထက်တိုင် ကျောက်ပန်းတောင်းမြို့သူကြီး ဘ၀က ဦးဘိုးဆွေ သည် သဿမေဓ အခွန်တော်ငွေများဆက်ရန် ရတနာပုံနေပြည်တော်သို့ တနှစ်တကြိမ် လာရမြဲဖြစ်သည်၊ လာသော အခါတိုင်း ကျောက်ပန်းတောင်းသခင်၏ မိဘများအိမ်မှာ ၀င်ထွက် တည်းခို၍ ဆွေမျိုးကဲ့သို့ ခင်မင်ရင်း ရှိသည်၊ မြို့အုပ်ကြိးဦးဘိုးဆွေ ကိုယ်တိုင်လည်းအိမ်ထောင်ဘက် ဇနီးကို ကျောက်ပန်းတောင်း သခင်၏ မိဘများကဆက်သွယ်၍ ရရှိခဲ့သူဖြစ်ရာ သားမြို့အုပ် ကလေး ကိုမြတ်ကျော်အဘို့လည်း ဇနီး ရွေးရန် ဤဌာနသို့ လာရပြန်ပါသည်။
မြို့အုပ်ကလေး ကိုမြတ်ကျော်၏မိခင် ဦးဘိုးဆွေ၏ ဇနီးမှာမမသက်ဖြစ်လေသည်။ မမသက်၏အ ကြောင်းကို မသိသူများက မင်းတုန်းဘုရင်မင်းကြီး၏ မိဖုရားတဦးဖြစ်သူ သီပေါမိဖုရား၏ လက်ပါးစေ သာမည ရှမ်းအမျိုးသ္မီးတဦးဟု ယူဆ၍ဦးဘိုးဆွေ၏ မိဘများနှင့်အဘိုး ကျောက်ပန်းတောင်း မင်းကြီး ဦးရွှေကြူ တို့က မကျေမနပ်ဖြစ်ခဲ့ဘူးသည်၊ သို့သော်နောက်ပိုင်းအဖြစ်မှန်သိသောအခါ လည်း ဗမာရှင် ဘုရင်များ လက်ထက်တော်၌ ထုတ်ဖေါ်မပြောဝံ့သော ကိစ္စဖြစ်၍ မမသက်၏မျိုးရိုး ကိစ္စကို ပြည်ဖုံးကား ချထားလိုက် ကြရသည်ဟု သိရှိရသည်။
စင်စစ်အားဖြင့် မမသက်သည် ရှမ်းအမျိုးသမီး၏ ရုပ်ရေမျိုးမဟုတ်၊ ရှမ်းပြည်သူလို အသားမဖြူ၊ ကိုယ်လုံး မထွား၊ အသားညိုညိုကိုယ်လုံးသေးသေးအရပ် ပြတ်ပြတ်နှင့်ယိုးဒယားသူ တဦး၏ရုပ်ရေ မျိုးဖြစ်သည်၊ သူ၏ဖခင် နှင့်မိခင်တို့မှာ ယိုးဒယားဘုရင့်ညီတော်ဇင်းမယ်မြို့စားဖြစ်သည်။၊ ဘကြီးတော်ဘုရား လက်ထက် စစ်ရေးနိမ့်၍ ထွက်ပြေးကြရာ မမသက်မှာ မိခင်၏၀မ်းဗိုက်တွင်ရှိသေးသည်၊ ကျိုင်းတုံ စော်ဘွား ထံ၌ ရုပ်ဖျောက်ခိုအောင်းစဉ် ဘွားမြင်လေသည်၊ ရှေးမြန်မာမင်းတို့သည် စစ်ရှုံး သူများကို ကျုပင်ခုတ် ကျုငုတ်ပါမကျန် မြေလှန်၍ရှာဖွေဖမ်းဆီးမြဲဖြစ်ရာ ကျိုင်းတုံစော်ဘွားထံ၌ ခလေးငယ် ကိုအပ်ခဲ့ပြီး မင်းသား ဇနီးမောင်နှံမှာ ယိုးဒယားနယ်စပ်တလျောက် ရုပ်ဖျောက်ပြေးလွှား ရင်းမှ ဖမ်းဆီး ကွပ်မျက် ခံရှာကြရသည်။
ကျိုင်းတုံစော်ဘွားသည် ခလေးငယ်ကို ယိုးဒယားနယ်စပ်နှင့် အလှမ်းဝေးစေခြင်းငှါ သူ၏နှမဖြစ်သူ သီပေါစော်ဘွားကြီး၏ မဟာဒေ၀ီထံသို့ပို့အပ်လိုက်ပြန်သည်၊ သီပေါမဟာဒေ၀ီမှာလည်း သ္မီးငယ် တပါးရှိသည်၊ ထိုသ္မီးငယ် အရွယ်ရောက်သောအခါ မင်းတုန်းဘုရင်မင်းကြီးအား သ္မီးကညာ အဖြစ် ဆက်သ လိုက်သည်၊ မင်းတုန်းဘုရင်ကြီးသည် ထိုသ္မီးကညာအား သီပေါမိဖုရားဟူသော အမည်ဖြင့် သိမ်းပိုက်တော် မူသောအခါ မိဘုရား၏ရံရွေတော်ငယ်ဘ၀နှင့် မမသက်ကအတူပါလာပြီး နန်းတော် ကြီးထဲတွင် ရှမ်းမငယ် လက်ပါးစေ အပျိုတော်ကလေးအဖြစ် အများ၏ ထင်စားယုံကြည်ခြင်းဖြင့် ရာဇ၀တ် ကြွေးဟောင်း မြေဟောင်း တို့ကို ချေရှင်းလိုက်ရသူဖြစ်သည်၊ သူ့အကြောင်းကို သူကိုယ်တိုင်ပင် မသိရှာပေ၊ သီပေါ စော်ဘွားကြီး ၏ ဆွေမျိုးတော်စပ်သူ ကျောက်ပန်းတောင်းသခင်တို့ မိသားစုများသာလျှင် အတွင်း ကျကျ သိခဲ့ရသူများ ဖြစ်ပါသည်။
ထီးငွေ့နန်းသက်မပျက်စဉ်လာ မနက်ဖြန်.
.
3 comments:
အမ ..ညစာစား၇င်းဖတ်၏
ဖတ်မ၀ဖြစ်၏
သို့သော်..ကျေနပ်၏
ကျေးဇူးတင်၏
သူလိုလူလည်းကြိုက်၏
ဖတ်သွားပါတယ်။ကျေးဇူးပါ။
မရွှေစင်ဦးရေ ...
နှစ်ပေါင်း ၆၀ တင်ပေးတာ အရမ်းကျေးဇူးတင်တယ်။
ငယ်ငယ်တုန်းက ဖတ်ခဲ့ပြီး ကြိုက်ခဲ့တဲ့ စာအုပ်ကြီးပါ။ (စာအုပ်က ထူလွန်းလို့) အဲဒီအဖုံးကိုလည်း ခုထိ မှတ်မိနေတုန်းပဲ။
ကျမလည်း ဒဂုန်ခင်ခင်လေးရဲ့ စာတွေကြိုက်ပေမဲ့ ဂျာနယ်ကျော်တို့ ဇနီးမောင်နှံကို ပိုသဘောကျပြီး ပိုလေးစားတယ်။ ဦးချစ်မောင် စိတ်ဓာတ်နဲ့ ဦးအုံးခင် စိတ်ဓာတ်က အကွာကြီးကွာပါတယ်။ လုပ်ရပ်ရော ဆိုပါတော့။ စာနယ်ဇင်းသမား၊ နိုင်ငံရေးသမားချင်း အတူတူ ကျမကတော့ ဦးချစ်မောင်ကို အရမ်းလေးစားတယ်။ သူတို့ မောင်နှံကိုလဲ အားကျမိပါတယ်။ ဦးချစ်မောင်ကတော့ တကယ့်ကို သူလိုလူပါပဲ။
ငယ်ငယ်က နှစ်ပေါင်း ၆၀ ဖတ်ပြီးတော့ အဲဒီဦးအုန်းခင်ကြီးကို ပိုအမြင်ကပ်မိသေးတယ်။ ဒါနဲ့သူက မိုးကြိုး (သတင်းစာလား ဂျာနယ်လား) အဲဒါ ထုတ်ဖူးလို့ မိုးကြိုးဦးအုန်းခင်လဲ ခေါ်တယ်မဟုတ်လား။
Post a Comment